အခန်း - ၃၀

35.5K 4.1K 714
                                    

UNICODE

မြတ်စွာဘုရားကို ပန်း၊ ဆီမီး ဆပ်ကပ်ပြီးနောက် ထိခြင်းငါးဖြာနဲ့ ရိုသေစွာ ဝတ်တွားပြီး ဘုရားခန်းက အထွက်၊ အနားကို ရောက်လာတဲ့ မယ်စိမ့်က ဟန်းဖုန်းလေး ကိုင်ထားပြီး...

"ဘွားဘွားကြီး"

"ဟေ"

"ဒီမှာ ဦးဦးဆီက ဖုန်း"

"အေး... ပေးစမ်းပါကွယ်၊ သားကြီးနဲ့ ဖုန်းမပြောရတာ တစ်ပတ်လောက် ရှိနေပါကော"

ဝမ်းသာစိတ်နဲ့ ဖုန်းကိုင်လိုက်တဲ့အခါ ဆီးကြိုသံက...

"မေမေ"

"အမယ်လေး သားရယ်၊ မေမေဖြင့် လွမ်းနေတာကွယ်"

"မေမေ နေကောင်းရဲ့လား"

"ကောင်းပါ့ သားရယ်၊ ထုံးစံအတိုင်း စိတ်ပူစရာ ဘာမှမရှိတဲ့ ဘဝမှာ သားမေမေက ကျန်းမာလျက်ပါ"

"ဝမ်းသာပါတယ် မေမေ၊ မေမေ အမြဲကျန်းမာပါစေ"

ဖုန်းပြောကြတိုင်း မိခင်အိုကို မေတ္တာပါးခြင်းနဲ့ ဒီလို စတင်ပါတယ်။ သို့ပေမဲ့ သားအသံက တစ်မျိုးမို့ ခံ့ဒေဝီ ရင်ထဲ ထိတ်ခနဲ။ သားသည်အမေ တစ်ယောက်မို့ မျက်နှာလေး မမြင်ရတောင် အသံလေး ကြားရုံနဲ့ ဒီသား ဘာဖြစ်နေလဲ၊ ဒီသား စိတ်အခြေအနေ ကောင်းမကောင်း သိနိုင်တာမို့...

"သားကြီး"

"ဗျာ... မေမေ"

"မေမေ့ကို ပြောစရာ ရှိလားကွယ်"

"မရှိပါဘူး မေမေ"

ထုံးစံအတိုင်း မပြောင်းလဲတဲ့ ဖြေသံ ကြားတဲ့အခါ ခံ့ဒေဝီ သက်ပြင်းသာ ချမိတယ်။ ဒီသားအကြောင်း မိမိ အသိဆုံး မဟုတ်လား။

"မေမေက အခုထိ သားအတွက် စိတ်လက်ပေါ့ပါးစွာ ရင်ဖွင့်နိုင်တဲ့လူ မဟုတ်သေးဘူးလား သားကြီးရယ်"

ခပ်ညည်းညည်းလေး ပြောလိုက်တော့ သားက ငြိမ်သက်သွားတယ်။ သားအမိနှစ်ယောက်ကြား အတန်ကြာ တိတ်ဆိတ်နေပြီးမှ...

"အေးချမ်းနေတဲ့ မေမေ့ကို သားကြောင့် အတွေး မများစေချင်ဘူး၊ မေမေ့ကို ဒီထက် မပူလောင်စေချင်ပါဘူး၊ ဘဝတစ်လျှောက်လုံး မေမေ့ကို ဒီလောက် ဒုက္ခများစေခဲ့ရင် တော်သင့်ပါပြီ"

"Take Me Home Where I Belong" (Completed)Donde viven las historias. Descúbrelo ahora