လျန်ကျွယ်က တစ်ဖက်လူပို့လာသည့် စာကြောင်းများအား ဖတ်ကြည့်နေခဲ့ရင်းပင် သူ၏မျက်လုံးတို့က " မိသားစုဝင် " ဆိုသည့် စကားလုံးထက်၌ တစ်ခနမျှ တန့်သွားခဲ့ပါ၏ ။ သူ့ကိုယ်သူ ရှန်ထင်ဝေ့၏ မိသားစုဝင်ဟု သတ်မှတ်လို့ ရသလားဟု တွေးမိနေဆဲမှာပင် အတွေးတစ်ခုက ဝင်လာခဲ့သည် ။ ရှန်ထင်ဝေ့ရဲ့ ဆွေမျိုးတွေကရော ?

လျန်ကျွယ်မှာ ရှန်ထင်ဝေ့နှင့် ပထမဆုံးအကြိမ် စတွေ့ဖူးချိန်ကတည်းက တစ်ဖက်လူမှာ သူ၏ဆွေမျိုးများအကြောင်း ထုတ်ပြောလာခြင်းမရှိသည်အား ဂရုတစိုက် ပြန်တွေးမိလိုက်ပါ၏ ။ ရှန်ထင်ဝေ့အား မင်္ဂလာပွဲ လိုအပ်သလားဟု မေးခဲ့ချိန်တုန်းကလည်း တစ်ဖက်လူ၏ ပုံမှန်မဟုတ်သော အပြုအမူတို့က သူ့အား သံသယမဝင်ပဲ မနေနိုင်အောင်ပင် ဖြစ်စေခဲ့ရသည် ။

အတွေးထဲ နစ်မြုပ်နေဆဲမှာပင် သူ၏ WeChat မှ မက်ဆေ့ခ်ျတစ်စောင် တက်လာခဲ့ပါ၏ ။ Friend request တစ်ခု ပေးပို့လာခြင်းပင် ။

လျန်ကျွယ်မှာ တစ်ဖက်လူက မည်သူဖြစ်ကြောင်း ချက်ချင်းပင် ခန့်မှန်းမိလိုက်နိုင်သည် ။

ရှန်ထင်ဝေ့၏ WeChat profile မှာ ယနေ့ခေတ်လူငယ်များ အသုံးပြုရသည်ကို သဘောကျသော အိမ်မွေးတိရစ္ဆာန်ပုံဖြစ်ပြီး အမည်မှာတော့ လျန်ကျွယ်တောင်မှပင် နားမလည်နိုင်သည့် သင်္ကေတအနည်းငယ်ဖြစ်သည် ။ ကြည့်ရသည်မှာ ကျပန်းရရှိသည့် ကုဒ်တစ်ခုလိုမျိုးပင် ။

Friend request အား လက်မခံရသေးခင်မှာပင် ရှန်ထင်ဝေ့က request ပေးပို့ရခြင်း၏ မှတ်ချက်နေရာ၌ စာတစ်ကြောင်းထပ်ပို့လာခဲ့သည် ။

" လူကြီးမင်းလျန်... ကျွန်တော် ရှန်ထင်ဝေ့ပါ "

WeChat ၌ အပ်ပြီးသွားချိန်တွင် ရှန်ထင်ဝေ့က အတော်လေးယဉ်ကျေးသောအသံဖြင့် အသံမက်ဆေ့ခ်ျတစ်ခု ပေးပို့လာခဲ့သည် ။

" လူကြီးမင်းလျန်... ဒီလောက်နောက်ကျမှ အနှောက်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်တော့်အခန်းထဲက ရေပူစက်က ပျက်သွားတဲ့ပုံပဲမို့ ဒီနေ့ည ခင်ဗျားအခန်းက ရေချိုးခန်းကို ငှားသုံးလို့ ရနိုင်မလားလို့ပါ "

လျန်ကျွယ်က အချိန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည် : နောက်မကျသေးပါဘူး

ယစ်မူးပျော်ဝင်ခြင်း║မြန်မာပြန် 『Completed 』Where stories live. Discover now