Chapter-79

14.4K 2.2K 171
                                    

~Unicode~

ထိုသတင်းအား ကြားလိုက်ရပြီးနောက်တွင် လျန်ကျွယ်က အခန်းဆီသို့ အမြန်ဆုံး ပြန်ပြေးသွားခဲ့သည် ။

ရုံးခန်းမှနေ၍ အခန်းထိအောင် ခြေလှမ်းအနည်းငယ်မျှ အကွာအဝေးအတွင်းတုန်းက လျန်ကျွယ်၏ အတွေးတို့မှာ အကောင်းဖက်၌ ရှိနေဆဲဖြစ်သည် ။

ရှန်ထင်ဝေ့က နိုးလာခဲ့ပြီး အခန်းထဲ၌ ဘယ်သူ့ကိုမှ မတွေ့ရသောကြောင့် သူ့ဘာသာ သန့်စင်ခန်းသွားခြင်းမျိုး တစ်ခုခု လုပ်နေခြင်း ဖြစ်လောက်မည်ပင် ။

ဒါမှမဟုတ် နိုးနိုးချင်း၌ မိမိအား မတွေ့ရသောကြောင့် ရှာဖွေရန်အတွက် အလျင်စလို အပြင်ထွက်သွားခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်လောက်ပေမည် ။

သို့သော်လည်း ထိုစိတ်ကူးယဉ်အတွေးများက အခန်းထဲသို့ ရောက်ပြီး ဘာကိုမှ မတွေ့ရသည့်အချိန်၌ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ရပါ၏ ။ ဆေးရုံတစ်ခုလုံးရှိ ဝန်ထမ်းများအားလုံးကလည်း လုပ်လက်စအလုပ်များအား ချထားကာ ကုတင်အောက်ဖက်များသာမက လူတစ်ကိုယ် မဝင်ဆန့်နိုင်ပါသော လော့ကာခန်းများမကျန် ပိုက်စိပ်တိုက် လိုက်ရှာခဲ့ကြရသည် ။

ရှန်ထင်ဝေ့က ဆေးရုံခန်းထဲ၌ မရှိတော့ပါသော်လည်း သူ့အား ခြုံပေးခဲ့ပါသော စောင်အပါးလေးမှာ ကုတင်ထက်၌ ရှိနေဆဲဖြစ်ပြီး အသုံးပြုရန် အချိန်မကျသေးပါသော်လည်း လျန်ကျွယ်ပြင်ဆင်ပေးထားခဲ့ပါသော ဖိနပ်အပါးအသစ်မှာလည်း ကုတင်ခြေရင်း၌ ရှိနေဆဲဖြစ်ပေသည် ။ အသစ်ဝယ်ထားခဲ့သော အဝတ်အစားများမှာလည်း ဗီရိုထဲ၌ ရှိနေဆဲဖြစ်ပြီး လုံးဝပျောက်ဆုံးသွားခဲ့ပါသော ရှန်ထင်ဝေ့မှတစ်ပါး အရာရာတိုင်းက ခြေရာလက်ရာ မပျက်ယွင်းနေခဲ့ပါချေ ။

လျန်ကျွယ်က ချက်ချင်းပဲ စီစီတီဗီတာဝန်ရှိသူအား လှမ်းခေါ်လိုက်ပြီးနောက် သူအခန်းထဲမှ ထွက်လာခဲ့ချိန်မှစ၍ ပြန်ရောက်ချိန် အတောအတွင်း ဆေးရုံတစ်ခုလုံး၏ ထောင့်တစ်နေရာမကျန် စစ်ကြည့်ခိုင်းခဲ့သည် ။

ကနဦးတုန်းကတော့ လျန်ကျွယ်၏ စိတ်အခြေအနေမှာ တည်ငြိမ်ကာ ရှင်းလင်းနေဆဲဖြစ်ပြီး ရဲကိုပါ လှမ်းခေါ်လိုက်ရင်း ဆေးရုံပတ်ပတ်လည်ရှိ ဈေးဆိုင်များနှင့် လမ်းမထက်မှ စောင့်ကြည့်ကင်မရာများအား ရှာဖွေစစ်ဆေးကြည့်ခိုင်းနေခဲ့သေးပါသော်လည်း သဲလွန်စတစ်စုံတစ်ရာမတွေ့ရပဲ တစ်ညပတ်လုံး ကြာသွားခဲ့ချိန်တွင်တော့ စိတ်ဖိစီးနှိပ်စက်ခံရမှုဒဏ်ကြောင့် ယုံမှားသံသယလွန်ကဲမှုတို့ ဖြစ်ပေါ်လာခဲ့ရပါရင်း သူ့ဘေးပတ်ပတ်လည်ရှိ မည်သူ့ကိုမှ ယုံကြည်နိုင်စွမ်း မရှိပါတော့ ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now