Chapter-25

13.2K 1.8K 71
                                    

~Unicode~

အခန်းထဲရှိ မီးရောင်များအား အဆုံးအစွန်အထိ ဖွင့်ထားခြင်းဖြစ်ပြီး လျန်ကျွယ်မှာ ပိုးသားညဝတ်အင်္ကျီတစ်ထည် ဝတ်ဆင်ထားရင်း လက်ပိုက်လျက် တံခါးဝနားတွင် ရပ်နေခြင်းဖြစ်သည် ။ သူ၏မျက်နှာအမူအရာက အတော်လေး နက်ရှိုင်းလေးလံနေခဲ့လေရာ ခံစားချက်များအား သိမြင်နိုင်ရန် မလွယ်ကူလှပါချေ ။

အိပ်ရာထက်ရှိ ကောင်ငယ်လေးက ကျွတ်မသွားသော အဖြူရောင်ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး အောက်ဖက်တွင်တော့ ဆရာဝန်မလာသေးခင်တုန်းက လျန်ကျွယ် အလျင်စလိုဝတ်ပေးထားသည့် ခဲရောင်အိမ်နေရင်းဘောင်းဘီတစ်ထည် ရှိနေခဲ့ပါ၏ ။

ရှန်ထင်ဝေ့၏မျက်နှာထက်ရှိ ရှက်သွေးဖြာမှုတို့က မပျောက်ကွယ်သွားသေးသည်ဖြစ်ပြီး ပွယောင်းသော အင်္ကျီလည်ပင်းပေါက်မှတစ်ဆင့် မြင်နိုင်နေသည့် ဖြူဖွေးသောအသားအရေပေါ်မှ ဟိုတစ်ကွက် သည်တစ်ကွက် အနီရောင်အမှတ်အသားများကလည်း ဒွိဟဖြစ်စဖွယ် အဓိပ္ပါယ်တို့အား ဖော်ဆောင်နေခဲ့လေသည် ။ သွယ်လျဖြူဖွေးသော လက်မောင်းထက်ရှိ အားဖြင့်ဆုပ်ညှစ်ခံရခြင်းကြောင့် ကျန်ရစ်ခဲ့သည့် လက်ချောင်းရာများကလည်း စိမ်းပုပ်ရောင်ဖက်သို့ သမ်းနေပြီဖြစ်ရာ အရာရာတိုင်းက လျန်ကျွယ်၏ ဆိုးယုတ်သည့် အပြုအမူများအား ကွက်ကွက်ကွင်းကွင်းကြီး မီးမောင်းထိုးပြနေတော့သည် ။

ညလယ်ကြီးမှ အပင့်ခံလိုက်ရသည့် ဆရာဝန်ဖြစ်သူမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း ဤကဲ့သို့မြင်ကွင်းမျိုးအား မြင်လိုက်ရချိန်တွင် ရှက်ရွံ့သွားရပြီး သူ၏မျက်လုံးအား ဘယ်နားထားရမှန်းတောင်မှပင် မသိပါတော့ချေ ။

ရှန်ထင်ဝေ့က ဆရာဝန်ပြောသည့်အတိုင်း သူ၏အင်္ကျီအား လှန်ပြလာသည် ။ တံခါးဝ၌ ရပ်နေသည့် လျန်ကျွယ်က တစ်ဖက်သို့ မျက်နှာလွှဲသွားခဲ့ရင်း ဝမ်းဗိုက်ထက်မှ အနီရဲရဲ လက်ချောင်းရာများအား မကြည့်လာခဲ့ ။

ဆရာဝန်က သူ၏ဝမ်းဗိုက်ထက်သို့ ငြင်သာစွာ ဖိလာသည် ။

" ဘယ်လိုမျိုး နာနေတာလဲ ? ဆက်တိုက်နာနေတာလား.. နာလိုက် ရပ်သွားလိုက်နဲ့ ပြတ်တောင်းပြတ်တောင်း နာတာလား ? စူးပြီးနာတာမျိုးလား.. လေအောင့်ပြီး နာတာမျိုးလား ?"

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Onde histórias criam vida. Descubra agora