Chapter - 38

2.2K 132 19
                                    

Unicode >>>

ညသည်ကား တိတ်ဆိတ်နေ၏။ ပတ်ဝန်းကျင်၌ အမှောင်ထုကြီးစိုးနေကာ ရံဖန်ရံခါပေါ်လာတတ်သည့် ကားအချို့မှလွဲ၍ အရာရာတိုင်းသည် ကျောချမ်းစရာကောင်းလောက်အောင်ပင် ငြိမ်သက်လျက်ရှိသည်။

ဩမံ နာရီလှမ်းကြည့်တော့ သန်းခေါင်ယံအချိန်ကျော်လွန်ပြီးနောက် 1နာရီထိုးတော့မည်။ သူ့နံဘေးရှိလူသည် ခေါင်းအနည်းငယ် စောင်းလျက် အသက်ရှုသံမှန်မှန်ဖြင့် အိပ်မောကျနေပေပြီ။ ရှန်ဝိုင်းနေလသည် အမြဲလိုလို ဒီအတိုင်းဖြစ်သည်။ ဩမံ မည်မျှပင် အနိုင်ကျင့်နှိပ်စက်သော်ငြား သူ့အနားတွင်နေလျှင် သတိလွန်ကဲခြင်းမရှိ။ စိတ်အေးလက်အေးသာ နေသည်။ ထို့အတွက်ကြောင့်လည်း ဩမံဆီမှ အသတ်ခံရမလိုဖြစ်တာ အကြိမ်ကြိမ်ပင်။

ဩမံ မသိလိုက်ဘာသာပဲ ကားကိုအရှိန်လျှော့လိုက်ကာ လက်ဆန့်ထုတ်လိုက်ပြီး ထိုလူ့နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်တို့ကို သပ်တင်ပေးလိုက်သည်။ အအိပ်ဆတ်သည်ကြောင့်ထင့်။ သေးငယ်သော လှုပ်ရှားမှုလေးကပင် ရှန်ဝိုင်းကို နိုးသွားစေသည်။

နိုးခါစမို့ ရှန်ဝိုင်း၏မျက်ဝန်းများသည် ရီဝေဝေဖြစ်နေကာ အသံသည်လည်း အက်ကွဲနေ၏။

" ကိုကို ပင်ပန်းနေပြီလား "

ဩမံ ရှန်ဝိုင်းဆီက အကြည့်လွှဲလိုက်သည်။

" ပင်ပန်းတော့ရော မင်းက ဘာလုပ်ပေးနိုင်မှာမို့လို့လဲ "

ရှန်ဝိုင်း ခေတ္တမျှ အသံတိတ်သွားပြီးနောက် လေသံလေးဖြင့်‌ ပြောလာသည်။

" ကျွန်တော် မောင်းပေးမယ်လေ။ ကိုကို အိပ်ချင် အိပ်လိုက် "

ဩမံ မျက်‌လုံးစွေကြည့်လိုက်ကာ

" မောင်းတတ်လို့လား? "

ရှန်ဝိုင်း လက်ညှိုးလေးဖြင့် နားထင်ကို ကုတ်လိုက်ကာ အရှက်ပြေ ရယ်လိုက်သည်။ ပြီးမှ

" ကိုကို မောင်းတာကြည့်ရင်း နည်းနည်းတော့ နားလည်ပါတယ်။ အဲ့လောက်ကြီး ခက်တာ မဟုတ်ဘူး "

သြမံ စိတ်ထဲ၌ ဘုရားတလိုက်မိသော်လည်း ရှန်ဝိုင်း လိမ်ပြောနေတာ မဟုတ်မှန်း သူသိသည်။ ထိုသူက နားလည်သည်ဟုပြောလျှင် တကယ်နားလည်တာဖြစ်ပြီး လုပ်နိုင်သည်ဟုပြောလျှင်လည်း အမှန်တကယ် လုပ်နိုင်သောကြောင့်ပင်။

HELOT (ကျေးကျွန်)Where stories live. Discover now