Chapter - 14

5.3K 231 13
                                    

Unicode >>>

" ဗျာ.. အ "

ရုတ်တရက် အနားသို့ရောက်လာကာ တံခါးတွင်ဖိကပ်လိုက်ခြင်းကြောင့် ရှန်ဝိုင်း တုန့်ပြန်ချိန်မရလိုက်ပေ။ သြမံရဲ့အညိုရောင်မျက်ဝန်းများက မှိန်ပျပျအခန်းမီးရောင်အောက်တွင် တောက်ပလွန်းနေသည်မှာ တိမ်စိုင်တိမ်မဲများကင်းစင်နေသော ကောင်းကင်ရှိ ကြယ်ပွင့်များနှယ်။

စကားတစ်ခွန်းမျှမဆိုပဲ စိုက်ကြည့်၍သာနေသောကြောင့် ရှန်ဝိုင်း နေရခက်လာသည်။

" ကိုကို ဘာပြောစရာရှိလို့လဲ "

" သူ ငါ့ကိုပြောတယ် "

" ဟင်.. ဘာကြီး? "

အဆက်အစပ်မရှိသည်ကြောင့် သြမံ ဘာအကြောင်းပြောနေမှန်း ရှန်ဝိုင်းတွေးမရချေ။

" ငါက မကောင်းတဲ့ကောင်တဲ့ "

" ကိုကို ဘာတွေပြော... "

" မင်းရော.. ငါ့ကို မကောင်းတဲ့လူလို့မြင်လား? "

သြမံ ရှန်ဝိုင်း မျက်လုံးထဲသို့စိုက်ကြည့်နေသည်မှာ အဖြေရှိနှင့်ပြီးသား မေးခွန်းရဲ့အဖြေကို အတည်ပြုရန်ထက်သန်နေပုံရ၏။ ရှန်ဝိုင်း ပြန်မဖြေပဲ နှုတ်ဆိတ်၍သာနေမိသည်။ ဆိတ်ဆိတ်နေခြင်းက တိတ်တဆိတ်သဘောတူလက်ခံခြင်းပင်။

သြမံ မျက်နှာမဲ့လိုက်ကာ

" အဟက်.. ငါ့ကိုယ်ငါ လူကောင်းလို့လဲ မထင်ပါဘူး "

" ကိုကို ဘာတွေပြောနေလဲ ကျွန်တော်မသိဘူး "

" တစ်ခါတလေကျ စိတ်မကောင်းတော့ဖြစ်မိသား။ မိန်းမယုတ်ရဲ့သားက ဘယ်နေရာမဆို ငါ့ထက်လူရာဝင်နေလို့လေ "

ရှန်ဝိုင်း မျက်လုံးပင့်ကြည့်မိ၏။ ဒီလူ ဘာဖြစ်ချင်နေပြန်ပြီလဲ? သြမံ စိတ်ကို သူလုံးဝခန့်မှန်းလို့မရပေ။ မထင်ထားသည့်အချိန်တွင် မထင်မှတ်တဲ့အပြုအမူများထလုပ်လေ့ရှိသလို တစ်ခါတစ်ရံကျ သူမဟုတ်သည့်အတိုင်း အေးဆေးတည်ငြိမ်နေတတ်သည်။

" မင်း သူတော်ကောင်းယောင်ဆောင်မနေစမ်းပါနဲ့။ မင်းလဲ ငါ့ကိုမုန်းနေမှာ ငါသိတယ်။ လိမ်မာရိုးသားတဲ့ လူငယ်လေးပုံစံဖမ်းထားတဲ့ မျက်နှာဖုံးခွာချလိုက်စမ်းပါ "

HELOT (ကျေးကျွန်)Where stories live. Discover now