"ကျွန်တော့်ကို ခဏလောက် လွှတ်ထားပေးပါ မာမီရာ နောက်ကျနေပြီ သွားတော့မယ်.."

စစ်နိုင်း တစ်ယောက် စိတ်မရှည်သံဖြင့် ခပ်ဆတ်ဆတ် ပြောရင်း ကားပေါ်တက်ကာ မောင်းထွက်သွားသည့်အထိ ဒေါ်နီလာတင့် အံ့သြမှင်သက်နေမိသည်။သားဖြစ်သူရဲ့ အပေါ်မှာ သူမရဲ့သြဇာသက်ရောက်မှုဟာလည်း တဖြည်းဖြည်း မှိန်ဖျော့လာတယ်လို့ ခံစားလာမိသည်။ကိုယ်မွေးထားတဲ့သား မူပျက်နေတာ မသိပဲနေမယ်တဲ့လား။အသဲကွဲလို့ လေလွင့်ရင်း ရှုပ်ထွေးနေတဲ့ အမူအယာတွေနဲ့ ယိုယွင်းနေတဲ့ပုံစံက ဗုန်းဗုန်းလဲကျမတက် ဖြစ်နေလေသည်။ဒေါနနောက်ကို တကောက်ကောက် လိုက်နေတယ်ဆိုတာလည်း ပြန်သိရသည်။ဟိုတယ်က ပြဿနာဖြစ်ပြီးထဲက ဒေါနက ရုတ်တရက်ပျောက်သွားတော့ သူမ တစ်ဝက်စိတ်အေးသလို ရှိရပေမဲ့ စစ်နိုင်း မူပျက်နေတာကိုတော့ သတိပြုမိသည်။အခု ရုတ်တရက်ကြီး ပြန်ပေါ်လာတော့ စစ်နိုင်း၏ အခြေအနေက ပို၍ဆိုးလာကာ ဘေးကနေ တချက်ကြည့်ရင်တောင် သိသာနေလေသည်။

!ဒါတွေအားလုံးဟာ ဟိုသတ္တဝါကြောင့်...!

ဒေါ်နီလာတင့် တွေးနေရင်းဖြင့် ဒေါသတွေ တဖျဉ်းဖျဉ်း ဖြစ်လာရကာ ခြေလှမ်းတို့ဟာ တဖက်ခြံဆီသို့ ဦးတည်သွားရတော့သည်။ဘာပဲဖြစ်ဖြစ် ကိုယ့်ဖက်က ဘယ်လိုသဘောထားရှိသည် ဆိုတာကို အခုထဲက ပြတ်ပြတ်သားသား ပြောထားရမည်။မလောင်ခင်က သတိမပြုမိခဲ့တဲ့ မီးတောက်ကို အခုအချိန်မှာ ဘယ်လောက်ပဲ အားကောင်းနေပါစေ ဆက်လက်တောက်လောင်ခွင့် မပြုနိုင်။သူမကတော့ ရတဲ့နည်းနဲ့ ငြိမ်းသတ်မှာပဲ ဖြစ်သည်။ဟိုဖက်ခြံထဲ ရောက်တော့ ပန်းပင်တွေကြား တကုပ်ကုပ်ရှိနေသာ ဒေါ်ချိုမာဇင်အား အသင့်တွေ့လိုက်ရတော့သည်။

"မနီလာပါလား လာလေ ဘာကိစ္စရှိလို့ ကိုယ်တိုင်ရောက်လာရတာလဲ အထဲဝင်ပါအုံး.."

ဒေါ်ချိုမာဇင် လက်ထဲမှ ပန်းညှပ်ကတ်ကြေးအား အထွေး၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီးတော့မှ အံ့သြခြင်းတစ်ဝက်ဖြင့် ဒေါ်နီလာတင့်အား ပျူပျူငှာငှာပင် ခရီးဦးကြိုပြုလိုက်တော့သည်။အံ့သြဆို သူမ ဒီအိမ်ပေါ်ကို ရောက်တဲ့အချိန်ကစ၍ ဒေါ်နီလာတင့်ဆိုတာ ဒီဖက်ခြံကို အကူးအသန်းလုပ်တက်တဲ့ အလေ့အကျင့်မှ မရှိတာ။အကြောင်းကိစ္စရှိရင် စစ်နိုင်းဖြစ်ဖြစ် အလုပ်သမားတွေကို ဖြစ်ဖြစ် စေခိုင်းတက်တာသာ ဖြစ်လေသည်။

Green Eye(complete)Where stories live. Discover now