part 41

24.5K 3.4K 249
                                    

မနက်ခင်း စောစောစီးစီးမှာ ဆူညံစွာမြည်လာသော ဖုန်းသံကြောင့် ဒေါန အိပ်ချင်မူးတူးဖြင့် ဖုန်းကိုဆွဲယူလိုက်ရသည်။

"Hello..."

ဗလုံးဗထွေး မပီမသဖြင့် အိပ်ချင်မပြေစွာ ထူးမိတော့ တစ်ဖက်မှချက်ချင်း မတုံ့ပြန်လာပဲ တိတ်ဆိတ်နေပြီးမှ....

"အိပ်နေတုန်းပဲလား..ကျွန်တော် ရဲဇင်ပါ.."

တဖက်မှရဲဇင်၏ အသံကြောင့် ဒေါန၏ မျက်လုံးတို့ပွင့်ဟ သွားရသည်။သူတို့တွေ အဆက်အသွယ်မရှိခဲ့တာ ကြာလှပြီမဟုတ်လား။ပြီးတော့ သူတို့ကြားမှာ အထူးတလည် ဆက်သွယ်စရာ အကြောင်းအရင်း တစ်စုံတစ်ရာသည်လည်း ရှိမနေပေ။

"အင်း....ပြော.."

"ဆရာဟန်စစ်နိုင်း ကားအက်စီးဒင့်ဖြစ်ပြီး အခု ဆေးရုံရောက်နေတာ သိပြီးပြီလား.."

"ဘာ..!"

ရဲဇင်၏စကားကြောင့် ဒေါန၏ အိပ်ချင်မူးတူးစိတ်တို့ လွင့်ပါးသွားကာ မျက်လုံးတွေပါ ပြူးကျယ်သွားလျှက် အိပ်နေရင်းမှ ဝုန်းကနဲ ထထိုင်မိသည်။

"ဟုတ်တယ် အမြန်လမ်းအထွက်မှာ ဖြစ်တာ အခုအော်ပရေးရှင်းဝင်နေရတယ် သူမိဘတွေလည်း ရောက်နေတယ် ဒဏ်ရာလည်းနည်းနည်းပြင်းထန်တော့ အခြေအနေက နည်းနည်းစိုးရိမ်ရတဲ့ သဘောမှာရှိတယ်."

ဖုန်းထဲကနေ ရဲဇင်ဆက်ပြောနေတဲ့ စကားတွေကိုတောင် ဆုံးအောင်နားမထောင်နိုင်တော့ပဲ ဒေါန ဆေးရုံသို့ အပြေးထွက်ခဲ့မိသည်။မျက်နှာသစ်ဖို့လည်း သတိမရတော့သလို ဘယ်သူ့ကိုမှလည်း အကျိုးအကြောင်းပြောဖို့ပင် သတိမရတော့ပဲ အလျှင်စလို ကားမောင်းထွက်ခဲ့တာ ဆေးရုံသို့ ဘယ်လိုဘယ်ပုံ ရောက်ခဲ့မှန်းပင်မသိတော့ချေ။"စိုးရိမ်ရတယ်" ဆိုသော စကားတစ်ခွန်က သူ့၏ တစ်ကိုယ်လုံးကို လောင်မြိုက်စေသည်။ဘယ်လောက်အထိ စိုးရိမ်ရတာလဲ ဘယ်အခြေအနေအထိ စိုးရိမ်ရတာလဲဆိုတာကို သူစဉ်းတောင်မစဉ်းစားရဲပေ။အခု သူ့ရင်ထဲကနေဆုတောင်းနေမိတာက ဟန်စစ်နိုင်းတစ်ယောက် ဘာမှပြင်းပြင်းထန်ထန် ထိခိုက်မသွားဖို့ပဲ ဖြစ်သည်။မနေ့ကအထိ စာတိုတတောင်တောင်ပို့၍ အကောင်းအတိုင်းရှိနေတဲ့သူက ဒီနေ့မနက်ကျ အော်ပရေးရှင်းဝင်နေရပြီဆိုတဲ့ အခြေအနေက သူ့အတွက်တော့ လက်မခံချင်လောက်အောင် ထိတ်လန့်ဖို့ကောင်းလွန်းလှသည်။

Green Eye(complete)Where stories live. Discover now