Unicode
ရှီရှန်းက ခေါင်မိုးပေါ်မှာထိုင်ချလိုက်ပြီး ဘာလုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားကြည့်လိုက်တယ်။ သူမ,တွေးတောပြီးနောက် ယခုလေးတင်ထွက်သွားခဲ့တဲ့ချင်းဟန်က နောက်တစ်ကြိမ်ပြန်ရောက်လာပြန်တယ်။
‘သူ့ရဲ့အရပ်မျက်နှာမသိတဲ့ရောဂါက ကုသလို့မရတော့ဘူးပဲ..’
ရှီရှန်းလည်း လမ်းမပေါ်မှာ ယောင်လည်လည်ဖြစ်နေတဲ့ချင်းဟန်ကို ငုံ့ကြည့်လိုက်တယ်။ သူ့ခမျာ အကြိမ်ကြိမ်ကြိုးစားနေပေမယ့် ဒီနေရာကိုပဲပြန်ရောက်လာပြန်တယ်။ ရှီရှန်းလည်း အူတက်နေတော့တယ်။
‘တိုက်ခိုက်နေရင်း လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲမသိဘူး..’
ရှီရှန်းက နောက်ဖေးလမ်းကြားဘက်ကိုခုန်ဆင်းလိုက်ပြီး မိစ္ဆာနယ်မြေကိုပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ လူသားတွေနဲ့တိုက်ပွဲပြင်းထန်နေတာကြောင့် မိစ္ဆာနယ်မြေမှာလည်း စစ်ဆေးရေးထူထပ်နေခဲ့တယ်။ ရှီရှန်းတစ်ယောက် အဝင်ပေါက်ရောက်တာနဲ့ တားဆီးခံလိုက်ရတယ်။
“မင်းက လူသားပုံစံဘာလို့မပြောင်းထားတာလဲ..?”
အဝင်ပေါက်ကိုစောင့်ရတဲ့မိစ္ဆာက ရှီရှန်းကိုစစ်ဆေးလိုက်တယ်။
“ငါကမိစ္ဆာလေ.. ဘာကိစ္စ လူသားအသွင်ပြောင်းရမှာလဲ..? မိစ္ဆာဆိုမှတော့ မိစ္ဆာတွေရဲ့ဂုဏ်သိက္ခာကို စောင့်ထိန်းသင့်တာပေါ့..”
ရှီရှန်းလည်း ပေါက်ကရတွေ စပြောတော့တယ်။
“ဘာပဲဖြစ်ဖြစ် မိစ္ဆာနယ်မြေထဲဝင်မယ်ဆိုရင် လူသားအသွင်ပြောင်းပြရမှာပဲ..”
လူသားအသွင်မပြောင်းနိုင်တဲ့မိစ္ဆာတွေကို မိစ္ဆာနယ်မြေပြင်ပကို ထွက်သွားခွင့်မပြုဘူး။ ထွက်သွားဖို့ပဲဖြစ်ဖြစ်၊ ပြန်လာဖို့ပဲဖြစ်ဖြစ်၊ အရင်ဆုံးလူသားအသွင်ပြောင်းနိုင်ဖို့ လိုအပ်တယ်။
“ငါကယွီရီ..”
မိစ္ဆာလေးရဲ့မျက်နှာက ရှုံ့မဲ့သွားပြီး..
“မင်းကများ မင်းသမီးလေးလိုဟန်ဆောင်ရဲတယ်..? ငါတို့မင်းသမီးလေးက အမြီးသုံးချောင်းရှိတယ်..”
“ငါက တကယ့်ယွီရီပါဟ..”
‘အမြီးပျောက်သွားလို့ ငါ့ကိုအပြစ်တင်ချင်နေတာလား..? ဟုတ်ပြီ ငါ့အမှားပါ..’
မိစ္ဆာလေးရဲ့မျက်နှာက ပိုမိုရှုပ်မဲ့လာခဲ့ပြီး..
“အဓိပ္ပါယ်မရှိလိုက်တာ.. အခုချက်ချင်း လူသားအသွင်ပြောင်းစမ်း.. ငါတို့မင်းသမီးလေးအဖြစ်ဟန်ဆောင်ရဲတဲ့အကောင်ကို ကြည့်ရသေးတာပေါ့..”
‘ငါသာ လူသားအသွင်ပြောင်းနိုင်ရင် နင်နဲ့ဘာလို့ သောက်အဓိပ္ပါယ်မရှိတာတွေ ပြောနေဦးမှာလဲဟဲ့..?’
ရှီရှန်းတစ်ယောက် နံရံကြီးကိုကုတ်ခြစ်ချင်လာတော့တယ်။
‘ငါ့ကို ကောင်းကောင်းမွန်မွန် နေခွင့်ပေးစမ်းပါ..’
မိစ္ဆာလေးက ရှီရှန်းကိုပေးမဝင်ခဲ့ဘူး။ ရှီရှန်းလည်း မိစ္ဆာလေးကို လက်သည်းတွေနဲ့ကုတ်ပစ်မလို့ပြင်လိုက်တဲ့အချိန် မြေခွေးဘုရင်ကြီးနားမှာခစားရတဲ့ မိစ္ဆာတစ်ကောင်က အပြင်ကနေပြန်လာခဲ့တယ်။ ရှီရှန်းခမျာ သူနဲ့အတော်ကြာအောင်စကားပြောလိုက်ရပြီး နောက်ဆုံးတော့ အထဲကိုခေါ်ဆောင်သွားပေးခဲ့တယ်။
မြေခွေးဘုရင်ကြီးက ရှီရှန်းကိုမြင်တာနဲ့ ကြိမ်လုံးလိုက်ရှာတော့တယ်။
“မျိုးမစစ်လေး.. ဘယ်လိုလုပ် သေပြီလို့ဟန်ဆောင်ရဲတာလဲ..? အပြင်မှာဘာလို့မသေသွားတာလဲ..ဟမ်..? ဘာလို့ပြန်လာနေသေးလဲ..? မင်းရဲ့အမြီးတွေဘယ်ရောက်သွားတာလဲ..? တခြားနှစ်ခုကို စားပစ်လိုက်တာလား..?”
ရှီရှန်းခမျာ မြေခွေးဘုရင်ရဲ့ကြိမ်လုံးဒဏ်ကိုရှောင်ရှားနိုင်ဖို့ ပုလ္လင်ပေါ်ကိုတက်ပြေးရတော့တယ်။
“ဘယ်ရောက်သွားတာလဲဆိုတာ ကျွန်မလည်းမသိဘူးလေ..”
“ဘယ်ပျောက်သွားမှန်းမသိရအောင် မင်းအမြီးတွေက တခြားလူပေါ်မှာရှိနေတာလား..? မင်းကိုယ်မင်း ဘယ်သူလဲဆိုတာရောသိသေးရဲ့လား..?”
“တကယ်မသိတာပါဆို..”
ရှီရှန်းလည်း အပြစ်ကင်းစွာပြန်ဖြေလိုက်တယ်။
မြေခွေးဘုရင်က အံကြိတ်ကာပင့်သက်ရှိုက်လိုက်ပြီး..
“လာခဲ့.. ငါ့ကိုပြကြည့်..”
ရှီရှန်းက တုံ့ဆိုင်းနေဟန်ဖြင့်..
“ကျွန်မကို ထပ်ရိုက်ဦးမလို့လား..?”
“ငါသာတကယ်ရိုက်ချင်ရင် မင်းထွက်ပြေးလို့ရမယ်ထင်လား..?”
မြေခွေးဘုရင်ကြီးက ဒေါသတကြီးပြောလိုက်တယ်။
‘ငါမရိုက်ချင်လို့သာပေါ့.. ငါသာရိုက်ချင်ရင် ဒီကောင်မလေး ပြေးလို့လွတ်မလား..?’
ရှီရှန်းလည်း ပုလ္လင်ပေါ်ကခုန်ဆင်းလိုက်ပြီး မြေခွေးဘုရင်ကြီးနားကို ခြေထောက်တိုတိုလေးတွေနဲ့လျှောက်သွားလိုက်တယ်။ မြေခွေးဘုရင်ကြီးက သူမကို ဂုတ်ပိုးကနေချီမ,လိုက်ပြီး ဘေးနားကကျောက်စားပွဲပေါ်တင်လိုက်တယ်။ သူမရဲ့ပန်းရောင်လက်ဖဝါးလေးတွေကို ချုပ်ကိုင်လိုက်ပြီး စစ်ဆေးကြည့်လိုက်တယ်။
ဒါပေမဲ့ မြေခွေးဘုရင်ကြီးလည်း အဖြေကိုရှာမတွေ့ခဲ့ဘူး။ မိစ္ဆာမျိုးနွယ်ထဲက ကျွမ်းကျင်တဲ့သမားတော်တွေပင့်ပြီး ရှီရှန်းကိုစစ်ဆေးကြည့်ပေမယ့် သူတို့တွေလည်း အမြီးပျောက်သွားတဲ့ကိစ္စနဲ့ပက်သက်ပြီး ရှာမတွေ့ကြဘူး။
နောက်ဆုံးတော့ ရှီရှန်းလူသားအသွင်မပြောင်းနိုင်တော့မှန်း မြေခွေးဘုရင်ကြီးသိသွားပြီး ပေါက်ကွဲတော့တယ်။ ရှီရှန်းကို အခန်းပိတ်ထားလိုက်ပြီး ဘယ်ကိုမှမသွားခိုင်းတော့ဘူး။
သူမ,သေဆုံးသွားတယ်လို့ကြားခဲ့ပေမယ့် သူမရဲ့အသက်ကျောက်ပြားမကွဲသေးတာကြောင့် ရှီရှန်းမသေသေးဘူးဆိုတာကို မြေခွေးဘုရင်ကြီးသိထားပြီးသား။ ဒါပေမဲ့ သူ,စိုးရိမ်နေခဲ့တယ်။ မိစ္ဆာနယ်မြေကထွက်ခွာသွားကတည်းက သူ့သမီးလေးအတွက် စိုးရိမ်နေခဲ့မိတယ်။ အခုပြန်ရောက်လာပြီဆိုတော့ မြေခွေးဘုရင်ကြီးလည်း အခန်းပိတ်ထားလိုက်တော့တယ်။
…………
“သူမက ဘာလို့ပြန်လာခဲ့သေးတာလဲ..? တကယ့်ကိုစိတ်အနှောင့်အယှက်ပေးလွန်းတယ်.. ဘယ်ကနေဘယ်လိုကံကောင်းသွားတာပါလိမ့်.. အရင်ကဆို လူသားအသွင်မပြောင်းနိုင်ပေမယ့် အခုတော့ လူသားအသွင်ပြောင်းနိုင်သွားပြီ.. ဒါပေမဲ့ ဒီလောက်လှလိမ့်မယ်လို့ မထင်ထားခဲ့မိဘူးနော်..”
“ဘာ..? ငါ့အထင်တော့ ငါတို့မင်းသမီးလေးကမှ ပိုပြီးလှတာကွ.. သူမက တကယ့်ကိုအလှပဂေးလေး..”
“ဟိုကောင်မလေးက ရွှမ်ဖုန်းနဲ့ပြန်လာခဲ့တာဆိုတော့ ဘုရင်ကြီးအရမ်းစိတ်ဆိုးနေတယ်.. ဒါပေမဲ့ အဲ့ကောင်က တကယ်ချောတယ်နော်..”
“ရုပ်ချောတော့ ဘာဖြစ်လဲ..? သူက.. အာ.. သူမကသေချင်နေတာပဲ..”
“ရှင်တို့ ဘာအကြောင်းပြောနေကြတာလဲ..?”
ရှီရှန်းက ပြတင်းပေါက်ကို သူမရဲ့လက်ဖဝါးလေးတွေနဲ့တွန်းဖွင့်လိုက်တော့ အတင်းတုပ်နေတဲ့မိစ္ဆာလေးတွေလည်း ထိတ်လန့်သွားခဲ့တယ်။
“မင်းသမီးလေးကတော့ ကျွန်တော်တို့ကို ခြောက်လှန့်နေပြန်ပါပြီ..”
“ရှင်တို့ ဘာအကြောင်းပြောနေကြတာလဲလို့..?”
ရှိရှန်းက ပြတင်းပေါက်ဘောင်ပေါ်မှာ မေးတင်လိုက်ပြီး မိစ္ဆာလေးတွေကိုမေးလိုက်တယ်။ မိစ္ဆာလေးတွေရဲ့ သူမရဲ့ကိုးရိုးကားရားအသွင်ကိုကြည့်ကာ ရယ်မောလိုက်ပြီး..
“ကျွန်တော်တို့ ယွီရှောင်ချီအကြောင်းပြောနေကြတာပါ.. အဲ့မိန်းမက ရွှမ်ဖုန်းနဲ့အတူတူပြန်လာခဲ့တယ်လေ..”
‘ဇာတ်လိုက်မက ဇာတ်လိုက်ကောင်ကိုပြန်ခေါ်လာရဲတယ်..? ဇာတ်လိုက်ကောင်ကလည်း မြေခွေးဘုရင်ကြီးနဲ့တိုက်ခိုက်ခဲ့ပြီးမှ ဘယ်လိုလုပ်ပြန်လာရဲတာလဲ..?’
“သူတို့ ဘာလို့ရောက်လာကြတာလဲ..?”
မိစ္ဆာလေးတွေလည်း ခေါင်းခါရမ်းလိုက်ကြတယ်။ ယွီရှောင်ချီပြန်ရောက်လာတဲ့သတင်းကို ကြားပေမယ့် ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတော့ သူတို့လည်းမသိကြဘူး။
……
ရှီရှန်းက မြေခွေးဘုရင်ကြီးဆီကိုမသွားခင် မြေခွေးဘုရင်ကြီးက အခေါ်လွှတ်လိုက်တယ်။ သူမကို ခန်းမဆီလာခိုင်းနေတာကြောင့် ရှီရှန်းလည်း မကောင်းတဲ့အာရုံကို ခံစားမိလိုက်တယ်။
‘ဇာတ်လိုက်နဲ့ဇာတ်လိုက်မက ရုတ်တရက်ပေါ်ထွက်လာတယ်ဆိုတော့ ပြဿနာရှာချင်နေတာပဲဖြစ်ရမယ်..’
ရှီရှန်းခန်းမထဲရောက်တော့ မိစ္ဆာတွေအများကြီးရောက်နေကြပြီ။ သူတို့တွေထဲကတချို့က သူတို့ရဲ့ခန္ဓာကိုယ်ကို နာကျင်နေဟန်ဖြင့်ကိုင်ထားကြတယ်။ ခန်းမတစ်ခုလုံးကလည်းရှုပ်ပွနေပြီး တိုက်ပွဲဖြစ်ထားပုံရတယ်။
ရွှမ်ဖုန်းက ယွီရှောင်ချီအနားမှာမတ်တပ်ရပ်နေပြီး ကြောက်မက်ဖွယ်ကောင်းနေတယ်။ ရှီရှန်းလည်း ခြေထောက်တိုတိုလေးတွေကိုသုံးပြီး လူတွေကြားထဲဖြတ်လျှောက်သွားလိုက်တယ်။ သူမရဲ့အခြေအနေက ဘီလူးတွေရဲ့တိုင်းပြည်ကို ဝင်သွားတာနဲ့တူနေတယ်။
ယွီရှောင်ချီက ရှီရှန်းကိုမြင်ပြီး အံ့အားသင့်သွားသည့်ဟန်။ ဒါပေမဲ့ စက္ကန့်ပိုင်းမျှသာ။
မြေခွေးဘုရင်ကြီးရဲ့ ရှီရှန်းအပေါ်အကြည့်တွေက အရမ်းထူးဆန်းနေတယ်။ အချစ် သို့မဟုတ် အားကိုးရာမဲ့တဲ့အကြည့်မျိုးမဟုတ်ပဲ သံသယမေးခွန်းတွေနဲ့ ပြည့်နှက်နေသလိုပင်။
‘အဲ့တော့ ဒီဇာတ်ကြောင်းက ဘာကြီးလဲ..?’
မြေခွေးဘုရင်ကြီးက စကားတစ်ခွန်းမှမပြောပဲ လက်ဝှေ့ရမ်းလိုက်တယ်။ မိစ္ဆာတချို့က ရှီရှန်းအနားကို ဓားတစ်ချောင်းကိုင်ပြီး ချဉ်းကပ်လာခဲ့တယ်။
‘Fuck.. ဘယ်လိုအခြေအနေကြီးလဲ..?’
“မင်းကြီး..?”
ရှီရှန်းက မိစ္ဆာတွေကို လျင်မြန်စွာရှောင်တိမ်းလိုက်တယ်။
“ကျွန်တော်တို့က မင်းသမီးလေးဆီက သွေးနည်းနည်းပဲလိုချင်တာပါ.. မထိတ်လန့်ပါနဲ့..”
ဓားမြှောင်ကိုကိုင်ထားတဲ့မိစ္ဆာက မြေခွေးဘုရင်ကြီးအစား ပြန်ဖြေလာခဲ့တယ်။
‘နင့်သွေးကို တစ်ယောက်ယောက်ကယူမလို့လုပ်ရင်ရော.. နင်မလန့်ပဲနေမှာလား..? ငါ့ကိုလာနောက်နေတယ်..’
ရှီရှန်းက သူမရဲ့လက်ဖဝါးတွေကို ဝှက်ထားလိုက်ပြီး..
“ဘာကိစ္စ ငါ့ရဲ့သွေးကိုလိုချင်နေတာလဲ..?”
“ဒါက..”
မိစ္ဆာလေးက မြေခွေးဘုရင်ကြီကိုလှမ်းကြည့်လိုက်ပြီး..
“မင်းသမီးလေး.. ယွီရှောင်ချီက မင်းသမီးလေးကို ဘုရင်ကြီးရဲ့သမီးမဟုတ်ဘူးလို့ ပြောလာခဲ့ပါတယ်.. ကျွန်တော်တို့စစ်ဆေးကြည့်ပြီး အတည်ပြုဖို့လိုအပ်လို့ပါ..”
မိစ္ဆာတစ်ကောင်က ရှင်းပြလိုက်တယ်။
‘ကြောက်ဖို့ကောင်းလိုက်တဲ့ဇာတ်ကြောင်း..’
မြေခွေးဘုရင်ကြီးက စကားတစ်ခွန်းမှမပြောခဲ့ဘူး။ ဒါပေမဲ့ မိစ္ဆာလေးရဲ့စကားတွေကို သဘောတူဟန်ရှိတယ်။
“မင်းသမီးလေး မစိုးရိမ်ပါနဲ့.. ဘုရင်ကြီးရဲ့သမီးဖြစ်ကြောင်းကိုသာ သက်သေပြနိုင်ခဲ့ရင် ယွီရှောင်ချီကပြစ်မှုကျူးလွန်တာပဲ.. ကျွန်တော်တို့ သူမကိုအရေးယူရလိမ့်မယ်..”
‘ဘာလို့စစ်ဆေးနေဦးမှာလဲ..? ငါက သေချာပေါက်သူ့သမီးမဟုတ်ဘူး.. ဇာတ်ကြောင်းက ဒီလိုလုပ်ထားတာကိုး.. သူတို့ဘယ်လိုစစ်ဆေးမှာလဲ သိချင်တယ်..’
တခနတွေးတောလိုက်ပြီး ရှီရှန်းက လက်ဖဝါးကိုဖြန့်ပေးလိုက်တယ်။ ဓားမြှောင်ကိုကိုင်ထားတဲ့မိစ္ဆာလေးက အနားတိုးလားပြီး သူမဆီကသွေးစက်တချို့ထုတ်ယူကာ ရေဇလုံတစ်လုံးထဲထည့်လိုက်တယ်။
‘ရေဇလုံ..
ရေ..’
ရှီရှန်းလည်း ကြောင်အ,သွားတယ်..
‘အဲ့တော့ မိစ္ဆာတွေနဲ့လူသားတွေရဲ့သွေးစစ်ဆေးပုံက အတူတူပဲလား..?’
မိစ္ဆာဘုရင်ကြီးကလည်း သွေးအနည်းငယ်ထုတ်လိုက်ပြီး ရေဇလုံထဲကိုထည့်လိုက်တော့ လူတိုင်းအသက်ရှူအောင့်ထားပြီး ရလဒ်ကိုစောင့်ကြည့်လိုက်ကြတယ်…
ရှီရှန်းရဲ့မြေခွေးအသွင်က သူမ,ဘာတွေးနေသလဲမသိအောင် ဖုံးကွယ်ပေးထားခဲ့တယ်။ ရှီရှန်းအခုဘာတွေးနေသလဲဆိုတော့…
‘နင်တို့တွေ ဒီသွေးသားစစ်ဆေးတဲ့နည်းလမ်းက သိပ္ပံနည်းမကျတာကို သိကြရဲ့လား..?’
……………………………..
Translated by Melinoe_Megami
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣