Arc 17.8

2.1K 325 0
                                    

Unicode

နောက်တစ်ရက် ရှီရှန်းအပြင်သွားတော့ မနေ့ညကသေဆုံးမှုအကြောင်း လူတွေဆွေးနွေးနေတဲ့အသံကို ကြားလိုက်ရတယ်။

“လူသတ်သမားကို အခုချိန်ထိ ဖမ်းလို့မမိသေးဘူး.. ငါဆို အိပ်တောင်မအိပ်ရဲတော့ဘူး.. လူသတ်သမားက ဘယ်ချိန်ပေါ်လာမလဲမှမသိတာ”

“ယွဲ့ရန်ဂိုဏ်းကလူတွေတောင် အခုထိမဖမ်းနိုင်သေးတာ.. ငါတို့က ဘာများတတ်နိုင်မှာလဲကွာ…”

“ငါ့မိသားစုဆို ညတိုင်းကောင်းကောင်းမအိပ်နိုင်ဘူး.. ညတိုင်းစိုးရိမ်တထိတ်ထိတ်နဲ့.. ငါတော့ ဒီမြို့ကနေ လအနည်းငယ်လောက် တိမ်းရှောင်နေဖို့ ဆုံးဖြတ်လိုက်ပြီ…”

ထိုအခိုက်အတန့် အသံလေးတစ်ခုက ကြားဖြတ်ဝင်လာခဲ့တယ်…
“အစ်ကိုတို့.. ဘာအကြောင်းများပြောနေကြတာလဲ?”

ရှီရှန်းလှည့်ကြည့်လိုက်တော့ လုံးကြီးပေါက်လှမိန်းမငယ်လေးတစ်ယောက်က လူတစ်ယောက်ရဲ့လက်ကိုတွဲထားပြီး လူသေမှုအကြောင်း အကြိတ်အနယ်ဆွေးနွေးနေခဲ့တဲ့လူတွေကို မေးမြန်းနေတာတွေ့လိုက်ရတယ်။ သူမက အရမ်းချစ်စရာကောင်းလွန်းတော့ ထိုလူတွေလည်း သေသေချာချာ ပြန်ပြောပြလိုက်တယ်။

“မိန်းမငယ်လေး.. မင်းကြည့်ရတာ ဒီနယ်ကမဟုတ်ဘူးထင်တယ်.. မင်းမြန်မြန်ထွက်သွားတာ ကောင်းလိမ့်မယ်..”
တစ်ယောက်က သူမကို အကြံတောင်ပေးလိုက်သေးတယ်။

ကောင်မလေးက ပြုံးပြလိုက်ပြီး…
“အခုလိုသတိပေးတာ ကျေးဇူးတင်ပါတယ်ရှင်.. ကျွန်မတို့ကလည်း ဒီကို လူလာရှာတာဆိုတော့ အခုလောလောဆယ် ထွက်သွားလို့ မရသေးဘူး..”

“ဟေ…”

ကောင်မလေးက ကျေးဇူးတင်စကားပြောပြီးတာနဲ့ သူမဘေးနားကလူကိုဆွဲခေါ်ပြီး အဝေးကိုထွက်သွားတော့တယ်။

“ရွှမ်ဖုန်း၊ ရှင်ကြားတယ်မလား.. မြေခွေးမိစ္ဆာတစ်ကောင်က ဒီမှာ လူတွေကိုသတ်နေတယ်…”
ယွီရှောင်ချီ သူမရဲ့အသံကိုနှိမ့်ပြီး ပြောလိုက်တယ်။

“ငါတို့ အလုပ်မှမဟုတ်တာ…”
ရွှမ်ဖုန်းက အေးစက်စက်မျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။

“အဲ့တာက အရမ်းရက်စက်လွန်းတယ်လို့ ရှင်မထင်ဘူးလား??”

ယွီရှောင်ချီက ဒေါသထွက်သွားပြီး..
“ ငါတို့မြေခွေးမျိုးနွယ်မှာ စည်းမျဉ်းတွေရှိပြီးသား… ဒီလိုမျိုးလူသားတွေကို အကြောင်းပြချက်မရှိဘဲ သတ်လို့မရဘူး”

“လူသားတွေနဲ့မိစ္ဆာတွေဆိုတာ ဟိုးအရင်ကတည်းက ရန်သူတွေပဲလေ…”

ရွှမ်ဖုန်းက ယွီရှောင်ချီကို သူ့လက်မောင်းတွေကြား ပွေ့ဖက်လိုက်ပြီး
“နေရာတကာ ဝင်မပါစမ်းနဲ့… မဟုတ်ရင် ငါမင်းကို ဆက်ပြီးမကူညီပေးနိုင်တော့ဘူး”

ယွီရှောင်ချီက မပျော်မရွှင်ဖြစ်သွားပြီး ပြန်လည်ချေပလိုက်တယ်..
“ရှင်အခုထိ ကျွန်မကိုအားကိုးနေရတာပါနော်….”

ရွှမ်ဖုန်းရဲ့မျက်နှာက ချက်ချင်းဆိုသလို မဲမှောင်သွားတယ်…
“မင်းဘာပြောလိုက်တယ်…???”

ပတ်ဝန်းကျင်လေထုအခြေအနေကလည်း အပူချိန်ကျဆင်းသွားပြီး အေးစက်စက်အနေအထားဖြစ်သွားတယ်…

“မဟုတ်… မဟုတ်ဘူး…”

ယွီရှောင်ချီက ခေါင်းကိုခါပြီး လက်ကိုဝှေ့ရမ်းလိုက်ကာ…
“ရှင်က အရမ်းကို စွမ်းအားကြီးပါတယ်…”

သူမရဲ့စကားကိုကြားတာနဲ့ ရွှမ်ဖုန်းရဲ့မျက်နှာက အနည်းငယ်ပြန်လည်ကြည်လင်သွားခဲ့တယ်..

“ရှောင်ရီ.. ဒီမှာ ဘာလုပ်နေတာလဲ?”

ဝူချန်က ရုတ်တရက်ရောက်လာပြီး ရှီရှန်းရဲ့ပုခုံးကို ပုတ်လိုက်တယ်။ ဝူချန်က ရုတ်တရက်ထွက်ပေါ်လာပြီး ရှီရှန်းရဲ့မြင်ကွင်းကို ပိတ်လိုက်သလိုဖြစ်သွားခဲ့တယ်။ ခေါင်းစောင်းကြည့်လိုက်တော့ ဇာတ်လိုက်နှင့်ဇာတ်လိုက်မက ထွက်သွားခဲ့ချေပြီ။

ရှီရှန်းက ဝူချန်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး…
“ရှင်သတ်ပေးရမယ့်လူ ဒီကို ရောက်နေပြီ”

“… ရွှမ်ဖုန်း???”
သူမက သူ့ကို လူသတ်ပေးဖို့ခြိမ်းခြောက်ထားခဲ့တာပဲ။ မေ့လုဆဲဆဲတောင်ဖြစ်နေပြီ။

“ရှင် သူ့ကို ကြောက်နေတာလား?”

အရင်ကတော့ ရှီရှန်းက ဝူချန်ကို စွမ်းအားကြီးပြီး မြင့်မြတ်တဲ့လူလို့ထင်ထားခဲ့တာ။ တကယ်တမ်းတော့ ဒီလူက သူရဲဘောကြောင်နေတဲ့လူပဲ။ သူ့ထက်အားနည်းတဲ့လူတွေကိုပဲ အနိုင်ကျင့်တတ်တာ။ အားကြီးတဲ့လူကိုကျတော့ ကြောက်တတ်လိုက်တာ လွန်ရော။ ပြီးတော့လည်း ခပ်မိုက်မိုက်ပုံစံက ဖမ်းချင်သေးတယ်…

ဝူချန်က ချက်ချင်းပဲ ပြန်လည်ချေပလိုက်တယ်..
“ကိုယ်က ဘာလို့ သူ့ကို ကြောက်ရမှာလဲ?? သူဘယ်မှာလဲ ပြောလိုက်.. ကိုယ်သူ့ကို လူသားတွေအတွက် သုတ်သင်ပစ်ရမယ်…”

ရှီရှန်းက အရှေ့မှာရှိနေတဲ့လူအုပ်ကို လက်ညှိုးထိုးပြလိုက်ပြီး…
“အဲ့လူအုပ်ကြားကနေ ဖြတ်သွားတယ်..”

ဝူချန်က ရှီးရှန်ညွှန်ပြတဲ့အတိုင်းထွက်သွားပြီး ခြေလှမ်းအနည်းငယ်ကြာတော့ နောက်ပြန်လှည့်လာခဲ့တယ်။

“ရွှမ်ဖုန်းရဲ့လက်ရှိစွမ်းအားက ဘယ်အဆင့်လောက်ရှိလဲ?”

ရှီရှန်းတစ်ယောက် မျက်လုံးသာလှိမ့်လိုက်မိတော့တယ်…
“ကျွန်မက ဘယ်လိုလုပ်သိမှာလဲ? အရင်က သူနဲ့ တိုက်မှ မတိုက်ဖူးတာ”

မူလကိုယ်က ဇာတ်လိုက်ကောင်ရိုက်နှက်သမျှကိုပဲ ခံခဲ့ရတာ။ သူမက ပြန်လည်တိုက်ခိုက်ခဲ့တာမျိုးမရှိခဲ့ဘူး။ အဲ့တော့ ရွှမ်ဖုန်းရဲ့လက်ရှိစွမ်းအားက ဘယ်အဆင့်ရှိတယ်ဆိုတာကို ဘယ်သူသိဦးမှာလဲ..?

“မင်းက ဘာလို့ သူ့ကိုသတ်ချင်ရတာလဲ?”

ရှီရှန်းက ခနတွေးတောနေဟန်ပြုလိုက်တယ်…
“ ဒါက ငါတို့ကြားကအမုန်းတရားပဲ… သူ,မသေမချင်း ငါသက်သောင့်သက်သာနေနိုင်မှာမဟုတ်ဘူး”

‘ဘယ်လိုအမုန်းတရားမျိုးလဲ..? သူက သူမရဲ့အဖေကို သတ်ခဲ့လို့များလား..? ဒါမှမဟုတ် သူမရဲ့အမေကို ပြန်ပေးဆွဲခဲ့ဖူးလို့ များလား..?’

ဝူချန်က ရှီရှန်းကို နားမလည်လေ ပိုပြီးစိတ်ဝင်စားလာလေပဲ…

‘သူမက တခြားမူယာမာယာများတဲ့မိန်းမတွေနဲ့ တခြားစီပဲ’

……………………………………..

ရှီရှန်းလည်း ဇာတ်လိုက်နှစ်ယောက်ကို ရှာမတွေ့လိုက်ပေ။

ဒါပေမဲ့ သူတို့တွေ ဒီကိုရောက်နေပြီဆိုမှတော့ ဒီဖြစ်ရပ်မပြီးမချင်း ထွက်သွားဦးမှာမဟုတ်သေးဘူး။ ဇာတ်ကြောင်းအရ ရှီရှန်းက သူတို့နဲ့ ကျိန်းသေပြန်ဆုံရလိမ့်မယ်။ အဲ့တာကြောင့် ရှီရှန်းကတော့ နည်းနည်းလေးတောင်မစိုးရိမ်ဘူး…

သေချာတာပေါ့။ ညနေလည်းရောက်ရော ဇာတ်လိုက်နှင့်ဇာတ်လိုက်မ ရှီရှန်းရှိနေတဲ့တည်းခိုဆောင်ကို ရောက်ချလာခဲ့တယ်။
ရေယူမလို့အပြင်ထွက်တဲ့အချိန် ရှီရှန်းက တည်းခိုဆောင်ရဲ့ခန်းမထဲမှာ စားဆောက်နေတဲ့ထိုနှစ်ယောက်ကို တွေ့သွားခဲ့တယ်။

ယွီရှောင်ချီက ပေါက်ပေါက်ဖောက်သလို တရစပ်စကားပြောနေပြီး ရွှမ်ဖုန်းက စိတ်မရှည်သလိုပြန်ကြည့်တတ်ပေမယ့် သူမ,စကားပြောနေတာကို အနှောင့်အယှက်မပေးခဲ့ဘူး။ ရှီရှန်းက သူတို့တွေကို စူးစိုက်ကြည့်နေခဲ့တော့ ရွှမ်ဖုန်းကသတိထားမိသွားပြီး သူမကို ပြန်လည်စိုက်သည့်လာခဲ့တယ်။

နှစ်ယောက်သား အပြန်အလှန် အကြည့်ချင်းစစ်ခင်းနေကြတော့တယ်။ ရှီရှန်းရဲ့မျက်ဝန်းတွေကို စိုက်ကြည့်မိလိုက်တဲ့အချိန် ရွှမ်ဖုန်းတစ်ယောက် အမှီအခိုမရှိတော့သလို အားနည်းသွားသလိုပဲ။

‘ဒီမိန်းမက တစ်ခုခုပဲ… “
ဒါက ရွှမ်ဖုန်းရဲ့ပထမဆုံးတွေးမိလိုက်တဲ့အတွေး….

အရင်က သူ့ကိုမြင်တိုင်း အချစ်ရူးတစ်ယောက်လို ခုန်အုပ်တော့မတတ် စိုက်ကြည့်နေတတ်တဲ့သူမက အခုတော့ အရမ်းတည်ငြိမ်နေတယ်။ ပြီးတော့ သူမရဲ့အရှိန်အဝါက အရင်လိုမဟုတ်တော့ဘူး။ သူမကို လူတွေအများကြီး ဝန်းရံခစားနေကြသလို ပြင်းထန်ပြီးဂုဏ်သိက္ခာကြီးမားတဲ့ ခံစားချက်မျိုးပဲ…

အရင်ကသူမကိုမြင်ရင် အတော်လေးစိတ်ရှုပ်မိတယ်။ အခုတော့ ကြောက်ရွံ့သလို ခံစားနေရတယ်။

‘လူတစ်ယောက်က အချိန်အနည်းငယ်အတွင်း ဘယ်လိုလုပ်ပြောင်းလဲသွားနိုင်ရတာလဲ?’

“ရွှမ်ဖုန်း.. ရှင်ဘာတွေကြည့်နေတာလဲ?”

ယွီရှောင်ချီက ရွှမ်ဖုန်းတစ်ခုခုကို အချိန်အကြာကြီးစိုက်ကြည့်နေတာကို သတိထားမိသွားတာကြောင့် သူမလည်း လှည့်ကြည့်လိုက်တယ်။ သူမမြင်လိုက်ရတာက ဝါးရွက်သဏ္ဍာန်ပန်းမွှားလေးတွေလို ကျောက်စိမ်းအဆောင်တစ်ခုကို ခါးမှာ ချိတ်ဆွဲထားတဲ့ အစိမ်းရောင်ကျောပြင်တစ်ခု…

“ဝမ်ရှန်းဂိုဏ်းကလူတွေ ဒီကိုဘယ်လိုလုပ်ရောက်နေကြတာလဲ?”

ယွီရှောင်ချီက အန္တရာယ်ကို ခံစားမိလိုက်ပြီး
“ရွှမ်ဖုန်း.. တခြားနေရာပြောင်းကြရအောင်..”

ဝမ်ရှန်းဂိုဏ်းသားတွေ ရွှမ်ဖုန်းကိုဘာလို့ဖမ်းချင်နေကြမှန်း ယွီရှောင်ချီ,မသိဘူး။ ဒါပေမဲ့ အခုအချိန်မှာ သူမနဲ့ရွှမ်ဖုန်းက တစ်လှေတည်းစီးတာဆိုတော့ သူ့ကို လုံးဝအဖမ်းမခံနိုင်ဘူး။

“မလိုဘူး…”
ရွှမ်ဖုန်းက သူ့အကြည့်ကိုပြန်လည်ရုတ်သိမ်းပြီး ပြောလိုက်တယ်…

“ဘာလို့လဲ?”
‘ဝမ်ရှန်းဂိုဏ်းသားတွေက ဒီမှာလေ…. ငါတို့ကို တွေ့သွားရင် ဘယ်လိုလုပ်မလဲ?’
ယွီရှောင်ချီတစ်ယောက် ပိုပြီးစိုးရိမ်လာတော့တယ်…

“စားစရာရှိတာသာ စားစမ်းပါ…”

ရွှမ်ဖုန်းက ယွီရှောင်ချီရဲ့ခေါင်းကို အသာပွတ်သပ်လိုက်ပြီး ပုံမှန်အသံမျိုးနဲ့ပြောလိုက်တယ်။ ယွီရှောင်ချီလည်း အထွန့်တက်ချင်ပေမယ့် ရွှမ်ဖုန်းရဲ့မျက်နှာက မလိုမကျသလိုပြောင်းလဲသွားပြီး အေးစက်စက်စိုက်ကြည့်လာတာကြောင့် ရပ်တန့်လိုက်ရတယ်။ ပါးစပ်ပိတ်ကာ ခေါင်းငုံ့ပြီး ထမင်းစားနေလိုက်တော့တယ်။

ထိုအခါမှ ရွှမ်ဖုန်းရဲ့မျက်နှာလည်း မူလအတိုင်း တည်ကြည်တဲ့အသွင်ကို ပြန်ပြောင်းသွားတော့တယ်။

………………….

ရွှမ်ဖုန်းနဲ့ယွီရှောင်ချီလည်း ဒီတည်းခိုခန်းမှာပဲ တည်းလိုက်ကြတယ်။ သူတို့ကြည့်ရတာ အရမ်းအလုပ်ရှုပ်နေသလိုပဲ။  မနက်စောစော အပြင်ထွက်သွားတတ်ပြီး ညည့်နက်မှ ပြန်ရောက်လာတတ်ကြတယ်။

ရှီရှန်းက အခန်းထဲကအပြင်ကို သိပ်မထွက်တာကြောင့် သူတို့တွေနဲ့မဆုံမိခဲ့ဘူး။ ဝူချန်ကလည်း ရှီရှန်းကသူ့ကို ရွှမ်ဖုန်းကိုသွားသတ်ဖို့ အတင်းမတိုက်တွန်းတော့ ပျော်ရွှင်နေလေတယ်။

အခုချိန် သူက အရမ်းအားနည်းနေတယ်လေ။ အဲ့လိုအင်အားကြီးမိစ္ဆာကောင်နဲ့ ရင်ဆိုင်တိုက်ခိုက်မိရင် ကျိန်းသေပေါက်ရှုံးနိမ့်လိမ့်မယ်။

တတိယမြောက်ရက်မှာတော့ တည်းခိုဆောင်ရဲ့အနောက်ဖက်ခြံဝန်းအတွင်းမှာ အစေခံတစ်ယောက် နှလုံးအထုတ်ခံရပြီး သေဆုံးသွားခဲ့တယ်။ တည်းခိုဆောင်ပိုင်ရှင်က ဘယ်သူ့ကိုမှပေးမထွက်တော့ ရွှမ်ဖုန်းနဲ့ယွီရှောင်ချီလည်း တည်းခိုဆောင်ထဲမှာပဲ နေလိုက်ရတော့တယ်။

သေဆုံးသူရဲ့ရင်ဘတ်က ဟောင်းလောင်းပေါက်ဖြစ်နေပြီး သွေးတွေနဲ့ရွှဲနင့်နေရောပဲ။ သူ့ရဲ့မျက်နှာက အရမ်းကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့ကြုံလိုက်ရသလိုမျိုး မျက်လုံးပြူးနေခဲ့တယ်။ မသေဆုံးခင် မချိမဆန့် ခံစားခဲ့ရပုံပဲ။

ညဘက်အချိန်ဆိုပေမယ့် သူ့ရဲ့အော်ဟစ်သံကို တည်းခိုဆောင်မှာရှိနေတဲ့ဘယ်သူမှ မကြားခဲ့ရဘူး။ ဒီအစေခံလေးက အနောက်ဘက်ခြံဝင်းအတွင်းမှာ တိတ်တဆိတ် သေဆုံးသွားခဲ့ရရှာတယ်။

အစောပိုင်းအသတ်ခံရတဲ့လူတွေက လူချမ်းသားတွေချည်းပဲ။ အခုတော့ သာမာန်လက်လုပ်လက်စားသမားတွေကိုပါ သတ်ဖြတ်လာခဲ့ပြီ။ ဒီဖြစ်ရပ်ဖြစ်ပျက်ပြီးနောက်မှာတော့ ဘယ်သူမှတည်းခိုဆောင်မှာ မနေရဲကြတော့ဘူး။ အလျင်အမြန် ထွက်ခွာသွားကြတော့တယ်။

ဒါပေါ့။ နေရာစတိုင်းမှာ ရဲရင့်တဲ့လူတစ်ချို့ကတော့ ရှိစမြဲပဲ။ တချို့လူတွေကတော့ တည်းခိုဆောင်မှာဆက်နေဖို့ ဆုံးဖြတ်လိုက်ကြတယ်။

………………………………………………

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now