Part 10 (U+Z)

5.6K 415 35
                                    

#Unicode

ချစ်ခြင်းနဲ့အစပြုတဲ့ နံနက်ခင်းတိုင်းက လှပတယ်ဆိုရင် ကျွန်တော့အတွက်တော့ မလှပခဲ့တာကြာပါပြီ။ ဒါပေမဲ့ ဒီနေတော့ ထူးထူးခြားခြားလှပနေခဲ့ပါတယ်။

မနက်စောစော ဗိုက်ကို အကန်ခံနေရတာမို့ ခွန်ဦးဝေဆိုတဲ့ ကျွန်တော်ဟာ အိပ်ရာက နိုးလာခဲ့ရတယ်။  အခွန့်ဗိုက်ကို ခြေထောက်နဲ့ ကန်ထားသူက တခြားသူမဟုတ် ကျွန်‌တော့်ရဲ့ချစ်လှစွာသော အမျိုးကောင်းသားလေး ရေးငယ်ပါ။ ရေးငယ်လေးက ဟိုးအရင် အိမ်ထောင်ကျခါစကတော့ အအိပ်အ‌နေ ကြမ်းခဲ့ပေမယ့် သားတွေရလာပြီးနောက်ပိုင်းတော့ သတိလေးထားပြီး အိပ်တာကြောင့် အအိပ်မကြမ်းတော့ပေ။ ခုတော့ အတိတ်မေ့ပြီးနောက်ပိုင်း အအိပ်ကြမ်းလာခဲ့ပြန်တယ်။

ရေးငယ်ရဲ့ ကန်ချက်ကြောင့် အခွန်အိပ်ရာကနိုးလာတဲ့အချိန် ချူတူးလေးက ရေးငယ်ရဲ့ ရင်ဘတ်ပေါ် ခြေထောက်တင်ပြီး အိပ်ပျော်နေပါတယ်။ ချူတူးလေးရဲ့ ခြေထောက်ကို ဆွဲမပြီး ခန္ဓာကိုယ်ကို တည့်တည့်လေး ရွှေ့ပေးလိုက်ရတယ်။ ရှူတူးလေးကတော့ အိပ်ပျော်နေတဲ့ ရေးငယ်ရဲ့ ခြေသလုံးလေးကို ဖက်လုံးသဖွယ်ဖက်ကာ အိပ်‌ပျော်နေပါတယ်။ အိပ်မောကျနေတဲ့ သားအဖသုံးယောက်က ကျယ်ဝန်းလှတဲ့ကုတင်ကြီးကို အပိုင်သိမ်းထားကြတယ်။ သားတွေကလည်း အဖေတူလေးတွေမို့ အအိပ်ကလေးတော့ မဆိုသလောက်လေး ကြမ်းကြတယ်။

အနေအထားအမျိုးမျိုးနဲ့ အိပ်ပျော်နေကြတဲ့ ကိုယ့်ရဲ့ ကလေးတွေကို ငေးကြည့်ပြီး သဘောတကျပြုံးမိပြန်တယ်။ မနက်ခင်းရဲ့ အလှတရားက သားတွေနဲ့ရေးငယ်လေးဆိုရင် စိတ်ကြည်နူးမှုက သားတွေနဲ့ရေးငယ်လေး အိပ်ပျော်နေတာကို ငေးကြည့်ရခြင်းပါ။ ဒါဟာကျွန်တော့်အတွက်တော့ ပြီးပြည့်စုံတဲ့ မနက်ခင်းတစ်ခုပါပဲ။

ရေးငယ်နဲ့သားတွေ နိုးလာတဲ့အခါ စားဖို့ရာ မနက်စာအတွက် ထမင်းကြော်နဲ့ကြက်ဥကြော် ကြော်လိုက်တယ်။ ရေးငယ်က ခုနောက်ပိုင်း မေမေတို့အိမ်ဘက်ကို မသွားချင်တော့သလို ဖြစ်နေတာမို့ ဒီနေ့တော့ အိမ်မှာပဲ ချက်ပြုတ်ကျွေးဖို့ စီစဉ်လိုက်တယ်။

"ဦးဝေ"

"ရေးငယ် နိုးလာပြီလား"

"အင်း ချူတူးက ကျွန်တော့်ကို အရမ်းကန်တယ်"

"ကိုယ်လည်း ရေးငယ်ကန်လို့ နိုးလာတာပဲလေ"

"တကယ်"

"အင်း"

အိပ်ချင်စုံမွှားနဲ့ ထမင်းစားပွဲမှာ လာထိုင်တဲ့ ရေးငယ်ကို နှပ်ထားတဲ့ကော်ဖီလေး ခွက်ထဲထည့်ပြီး ကမ်းပေးလိုက်တယ်။

ဦးဝေကမ်းပေးလာတဲ့ ကော်ဖီလေးကို တစ်ငုံသောက်ကြည့်လိုက်တယ်။

"ရှယ်ပဲ ဦးဝေ"

"ရေးငယ် မျက်နှာမသစ်ရသေးဘူးမို့လား"

"ဟုတ်"

"မျက်နှာ သစ်ပြီးရင် မနက်စာစားရအောင်"

"ဒါနဲ့ ဦးဝေ ရုံးမသွားဘူးလား"

"ကိုယ့်ကို အိမ်မှာ မမြင်ချင်‌ဘူးလား"

"ဟင် ဘာလို့လဲ"

"ဒီနေ့ရုံးပိတ်ရက်လေ"

"အာ ဟုတ်သား။ အိမ်မှာပဲ ၁၀၉/၁၁၀ လုပ်နေတော့ ရက်စွဲတောင် မေ့နေတယ်"

"အင်း . . . သွား . . . မျက်နှာသွားသစ်ချေ"

"ဟုတ်"

ရေးငယ်မျက်နှာသစ်နေတုန်းမှာ ချူတူးနဲ့ရှူတူးကို နှိုးရပါဦးမယ်။

"ချူတူး ရှူတူး ဟေးးး ဖေဖေ့ကလေးတွေ"

ချူတူးနဲ့ရှူတူးရဲ့ တင်ပါးလေးကို ပုတ်လိုက်တော့ ကလေးနှစ်ယောက်လုံး မျက်လုံးလေးတွေ ပွင့်လာကြတယ်။

"ဖေဖေ"

"ဗျာ"

"Morning Kiss"

"မွ"

ကလေးနှစ်ယောက်လုံးရဲ့ နှုတ်ခမ်းလေးတွေကို အနမ်းလေးပေးလိုက်တော့ သားနှစ်ယောက်လုံးက အခွန့်ပုခုံးကိုသိုင်းဖက်ပြီး ပါးနှစ်ဖက်ကို တစ်ယောက်တစ်ဖက် အနမ်းတွေအဆက်မပြတ်ပေးကြပါတော့တယ်။

"ညစ်ပတ်ကောင်လေးတွေ မျက်နှာလည်း မသစ်ရသေးဘဲနဲ့ နမ်းကြတယ်ကွာ"

"ဖေဖေ့ကို အဲ့ရိုနမ်းချင်တာ ကြာနေပီ။ ဖေဖေက အရှောကြီးထပီး ရုံးတွားတော့ မနမ်းရတာ"

"ဖေဖေ့ အသဲနှလုံးတွေက တစ်နေ့တခြား ပိုပိုတတ်လာပါ့လားကွာ ဟင်"

"ပါးပါးနဲ့တူရို့"

"ဟုတ်ပါပြီဗျာ။ ခင်ဗျားလေးတို့ ပါးပါးနဲ့တူတာပါ။ လာပါ မျက်နှာသစ်ရအောင်ပါ ခင်ဗျာ"

သားတွေကို မျက်နှာသစ်ပေးပြီးတဲ့အခါ ထမင်းဝိုင်းလေးမှာ မိသားစုစုံလင်စွာနဲ့ မနက်စာ စားခဲ့ကြတယ်။ ဒီနေ့တော့ ရုံမသွားရတာမို့ သားတွေနဲ့ရေးငယ်ကို အခွန်ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးဖို့ စီစဉ်လိုက်တယ်။

"သားတို့"

"ဂျာ"

"ဖေဖေ ထမင်းဟင်းချက်မှာမို့ အိမ်ထဲမှာ ငြိမ်ငြိမ်လေး ကစားနေပေးနော်"

"ဟုတ် ဖေဖေ"

"ကျွန်တော် ဘာကူရဦးမလဲ ဦးဝေ"

"ရေးငယ်က ကိုယ့်ကို ကြက်သွန်ခွာပြီး ကြိတ်ပေးနော်"

"ဟုတ်"

မီးဖိုချောင်ထဲမှာ အခွန်နဲ့ရေးငယ်က ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်နေပြီး သားသားတို့ကတော့ အိမ်ထဲမှာ ဖန်လုံးပစ်ကာ ကစားနေကြတယ်။ အိမ်လေးက သိပ်မကျယ်ပေမယ့် သားနှစ်ယောက် ဖန်ဒိုးကောင်းကောင်း လှိမ့်လို့တော့ ရပါတယ်။

ခဏ‌လောက်ကြာတဲ့အခါ အနားမှာထိုင်ကာ ကြက်သွန်ခွာပေးနေတဲ့ ရေးငယ်ကို ကြည့်လိုက်တော့ မျက်ရည်တွေကျနေပါပြီ။ ရေးငယ်ရဲ့ပါးပေါ်က မျက်ရည်စလေး‌တွေကို လက်ကလေးနဲ့ ဖွဖွလေးသုတ်ပေးလိုက်တယ်။

"ရေးငယ် ငိုနေတာလား"

"အင်း"

"ဘာလို့လဲ"

"Park Shin Hyeကို မရလို့"

"ကိုယ်လိုက်တောင်းပေးမှာပေါ့ ရေးငယ်ရဲ့"

"ဦးဝေ လိုက်တောင်းပေးလည်း မရ‌ဘူး"

"ဘာလို့လဲ"

"Park Shin Hyeမှာ Choi Tae Joon ရှိတယ်လေ"

"ဒါဆို ရေးငယ် ကျန်ရစ်ဖြစ်ပြီပေါ့"

"အင်းပါဆို"

ရေးငယ်နဲ့အတူ ဒီလိုလေးစနောက်ကာ နေရတော့လည်း အရင်အချိန်တွေလိုပဲ ပျော်စရာကောင်းသည်ပင်။

"အ"

"ဘာလို့လဲ ရေးငယ်"

ရေးငယ်က အော်သံနှင့်အတူ မျက်ရည်လေးတွေပါ ဝဲလာတယ်။ ထိုင်နေရင်းက ရုတ်တရက်ထအော်ပြီး မျက်ရည်တွေဝဲလာတာမို့ စိတ်ပူသွားရတယ်။

"ကျွန်တော့်ကို ဖန်လုံးလာမှန်တယ်"

"ဟင်"

ထမင်းစားခန်းထဲမှာ ကြက်သွန်ထိုင်ခွာပေးနေတဲ့ ရေးငယ်ရဲ့ခေါင်းကို ကလေးတွေပစ်လိုက်တဲ့ ဖန်ဒိုးလေး လာမှန်သွားခြင်းပါ။

"ဘယ်သူပစ်တာလဲ ဒီဖန်လုံးကို"

စိတ်တိုတဲ့အသံနဲ့ ရေးငယ်ကမေးတော့ သားနှစ်ယောက်က ခေါင်းလေးတွေငုံ့ကာ ငြိမ်ကျသွားကြတယ်။

"ဘယ်သူပစ်တာလဲလို့ ငါ . . . ပါးပါး မေးနေတယ်လေ"

"ဘယ်သူပစ်လိုက်တာလဲ သားသား။ လူကြီးကမေးရင် ဖြေရမယ်လို့ ဖေဖေပြောထားတယ်လေ"

နာလွန်းလို့ ဒေါသသံပါနေတဲ့ ရေးငယ်က စိတ်ဆိုးကာမေးနေသည်မို့ သားတွေပြန်ဖြေဖို့ရာ အခွန်ကပဲ ဝင်မေးပေးလိုက်ရတယ်။

"ချူတူးကျစ်တာ ဖေဖေ"

"ဟုတ်လား ချူတူး"

"ဟုတ်ဖေဖေ"

"နောက်တစ်ခါ ဒီလိုလျှောက်မပစ်ရဘူးနော်"

"ဟုတ် ဖေဖေ"

"သွား သားသား . . . ခြံထဲမှာ ဆင်းကစားနော်။ ဖေဖေချက်ပြုတ်ပြီးရင် လာခေါ်မယ်"

"ဟုတ်ဖေဖေ"

"ခြံပြင်ကို မထွက်ရဘူးနော် သားသားတို့"

"ဟုတ်"

ရေးငယ်ရဲ့အရှေ့ကနေ သားသားတို့ကို ပ'ထုတ်လိုက်တော့ သားသားတို့က ခြံထဲကို ပြေးဆင်းသွားကြပါတော့တယ်။ သားတွေထွက်သွားတော့မှ ရေးငယ်ရဲ့ခေါင်းကို ကြည့်ပေးဖို့ပြင်လိုက်ရတယ်။

"ရေးငယ် တော်တော်နာသွားလား"

"ဟုတ်"

"မှန်း ကိုကိုကြည့်ပေးမယ်။ ဘုသီးများ သီးသွားပြီလားမသိဘူး"

ရေးငယ်ရဲ့ခေါင်းလေးကို ဆွဲယူပြီးကြည့်လိုက်တော့ ချူတူးလေးရဲ့ လက်အားက တော်တော်များတယ်ဆိုတာကို သိလိုက်ရတယ်။ ဘာ့ကြောင့်ဆို ရေးငယ်ရဲ့ နောက်စိမှာ အာလူးသီးလေးထွက်နေပြီ မို့လို့ပါ။ အချက်အပြုတ်ကို ခဏရပ်ထားပြီး ရေးငယ်ရဲ့ဘုသီးကို ကြပ်ထုတ်‌ထိုးပေးလိုက်တယ်။

*********

"ဟေး ကလေးလေး"

"ဂျာ"

"ဒီနားလေး ခဏလာပါဦး"

ခြံထဲမှာ ကစားနေကြတဲ့ ကလေးလေးနှစ်ယောက်ကို ကိုကိုးလှမ်းခေါ်လိုက်တော့ ကလေးလေးတွေက ခြံတံခါးနားကို ရောက်လာကြတယ်။

"သားသားတို့ ခြံထဲကို ကိုကို့ရဲ့ ကျောက်ဒိုးလေးကျသွားလို့ ရှာပေးပါ့လား"

"ကျောက်ဒိုးက ဘယ်ရိုရဲ တိုတို"

"ဒါမျိုးလေးလေ"

ကိုကိုးက လက်ထဲမှာရှိတဲ့ ကျောက်ဒိုးလေးကို ကလေးလေးနှစ်ယောက်ကို ပြလိုက်တယ်။

"ဪ ဖန်ရုံးကျစ်တဲ့ ဖန်းရုံးအကြီး"

"အင်း ဟုတ်တယ် သားသားတို့ပြောတဲ့ဟာ။ ကိုကို့ကို ရှာပေးနော်"

"ဟုတ်"

ကိုကိုးခိုင်းတဲ့အတိုင်း ကလေးတွေက ခြံထဲမှာ လိုက်ရှာပေးကြပါတော့တယ်။ ကလေးလေးတွေက ချစ်ဖို့တော့ ကောင်းကြသား။

"တိုတို့ ချာရို့တွေ့ပူး"

"ဟုတ်လား"

"ဟုတ် တိုတို။ ခဏရေး နေအုံးနော်"

"အင်း"

ခဏလေးနေဦးဆိုကာ အိမ်ထဲကို ပြေးဝင်သွားတဲ့ ကလေးလေးကို ကိုကိုးစောင့်ပေးနေလိုက်တယ်။ ခဏကြာတော့ ကလေးလေးနှစ်ယောက်က အပြင်ကိုပြန်ပြေးထွက်လာပြီး အနားကို ရောက်လာကြတယ်။

"တိုတို့ ရော့"

ကလေးလေးကမ်းပေးလာတာလေးကို လှမ်းယူပြီးကြည့်လိုက်တော့ ကျောက်ဒိုးလေး ဖြစ်နေတယ်။

"ဒါကိုကို့ဟာ မဟုတ်ဘူးလေ"

"ဟုတ်တယ်ရေ တိုတို့ဟာ မဟုတ်ပူးရေ။ တားတားတို့ဟာ"

"အင်း ကိုကို့ကို ပေးတာလား"

"ဟုတ်"

"ကျေးဇူးနော်။ ကိုကို ကစားပြီးရင် ပြန်ပေးမယ်နော်"

"ဟုတ် တိုတို"

တိုတိုလို့ မပီကလာ ပီကလာခေါ်နေတဲ့ကလေးလေးတွေက ချစ်ဖို့လည်းကောင်းသလို သဘောလေးတွေလည်း ကောင်းကြတယ်။

"ကိုး ဘာလုပ်နေလဲ လာလေ။ ဒိုးရှာလို့ရလား"

"မရဘူးဂိုး။ အိမ်ထဲက ကလေးတွေက သူတို့ဒိုးလေးတွေပေးလို့ ယူလာခဲ့တယ်"

"ဟာ ကလေးတွေဟာကို ယူလာရလား"

"ကစားပြီးရင် ပြန်ပေးမှာပေါ့ကွ"

"မင်းကတော့ ပါးပါးစကားကို နားမထောင်ပြန်ဘူး။ သူများပေးတိုင်း မယူရဘူးလို့ မှာထားတာကိုကွာ"

"သူများမဟုတ်ပါဘူး။ ကလေးလေးတွေပေးတာပါကွ"

"ထားတော့ လာ။ ကစားကြမယ်"

"အင်း"

ချူတူးနဲ့ရှူတူးက အိမ်ထဲကိုပြေးဝင်လာပြီး ဖန်လုံးတွေယူကာ ပြန်ထွက်သွားပြီး ခဏကြာတော့ အိမ်ရှေ့က စကားပြောနေသံတွေကြားနေရတာမို့ ရေးနဲ့ဦးဝေတို့ အိမ်ရှေ့ကို ထွက်လာခဲ့လိုက်တယ်။

"ချူတူး ရှူတူး ဘယ်သူနဲ့ စကားပြောနေတာလဲ"

"တိုတိုနဲ့ပြောနေတာ ပါးပါး"

"ဟမ် ဘယ်ကတိုတိုလဲ"

"အိမ်ချေ့က တိုတိုလေ"

ရှူတူးပြောတဲ့ အိမ်ရှေ့က ကိုကိုဆိုတဲ့စကားကြောင့် ရေးနဲ့ဦးဝေလည်း စိုးရိမ်သွားကြရတာမို့ ခြံတံခါးကိုဖွင့်ပြီး အိမ်ရှေ့ကို ထွက်ကြည့်ရပါတော့တယ်။ အိမ်ရှေ့မှာ ဒိုးပစ်နေကြတဲ့ ကလေးတစ်သိုက်ကို တွေ့ရတော့မှပဲ စိတ်သက်သာရာ ရခဲ့ကြတယ်။

ကလေးတွေက ပိုက်ဆံထောင်ကာ ဒိုးပစ်နေကြသည်မို့ ရေးလည်း ကစားချင်သွားတယ်။

"ဦးဝေ"

"ဟင်"

"ပိုက်ဆံအကြွေပေးပါ့လား"

"ဘာလုပ်မလို့လဲ"

"ဒိုးပစ်ချင်လို့"

"ဟာ ရေးငယ်ကလည်း ကလေးတွေချည်းပဲ ကစားနေကြတာကို ဝင်မပါပါနဲ့"

"လုပ်ပါ ပေးပါနော်။ ကျွန်တော် ကစားချင်လို့ပါဆို"

ပိုက်ဆံအကြွေးတောင်းကာ ဂျီကျနေသည့်ရေးငယ်ကို အိမ်ထဲဝင်ပြီး ပိုက်ဆံအကြွေပြန်ရှာပေးလိုက်ရတယ်။

ဦးဝေဆီက အကြွေလေးတွေရတော့ ချူတူး ရှူတူးကိုခေါ်ကာ ကစားဝိုင်းနားကို သွားလိုက်တယ်။

"ဟေးကောင်လေးတွေ ငါလည်းပါလို့ရလား"

"ဟုတ် ရပါတယ်"

"ကျေးဇူးပဲ ဒါဆို ငါလည်းပါမယ်နော်"

"ဟုတ်"

ကလေးတွေက ပွဲသစ်ပြန်စတော့ ရေးလည်း ပိုက်ဆံကို ခေါက်ကာ မြေကြီးပေါ်မှာ ထောင်လိုက်တယ်။ ကျန်တဲ့ကလေးတွေကလည်း ပိုက်ဆံခေါက်လေးတွေကို ဝင်ထောင်ကြတယ်။

"တိုတို"

ကိုကိုး ဒိုးပစ်နေတဲ့အနားကို ကလေးလေးက ရောက်လာပြီး ကိုကိုးကို လာခေါ်တယ်။

"ဟေကွာ"

"ဟိုဒါ တားတို့ ပါးပါးရေ"

ကလေးလေးက ကိုကိုးတို့ဒိုးဝိုင်းထဲကို အခုမှရောက်လာတဲ့အစ်ကိုကြီးကို လက်ညှိုးထိုးပြပြီး ပြောလာတယ်။

"ဟုတ်လား သားသားတို့ ပါးပါးလား"

"ဟုတ်"

"သားသားတို့ နာမည် ဘယ်လိုခေါ်လဲ"

"တားနာမည်က ချူတူး။ တူ့နာမည်က ရှူတူး"

"အမွှာတွေလား"

"ဟုတ်"

"ကိုကို့နာမည်က ကိုကိုး။ ကိုကို့မှာလည်း သားသားတို့လို အမွှာရှိတယ်။ ဟိုမှာ သားသားတို့‌ပါးပါးဘေးမှာ ရပ်နေတဲ့ ကိုကို့ကိုတွေ့လား"

"ဟုတ်"

"အဲ့ဒါ ကိုကို့အမွှာညီလေး ဂိုဂိုး"

"တားတို့နဲ့ တူတူပေါ့"

"ဟုတ်ပါ့ဗျာ။ ဒီနားလေးမှာ ခဏထိုင်ဦးနော်။ ကိုကို ဒိုးပစ်လိုက်ဦးမယ်"

"ဟုတ်"

ကလေးတွေကို ကစားဝိုင်းဘေးမှာ ခဏထိုင်ခိုင်းပြီး ဒိုးပစ်ဖို့ အတွက် ဂိုဂိုးအနားကို လာခဲ့လိုက်တယ်။

ကိုကိုးတို့ ဒိုးပစ်ပြီး ခဏကြာတော့ ချူတူးရှူတူးလေးတို့ရဲ့ ပါးပါးနဲ့ ကိုးတို့ဂိုးတို့နဲ့ပါ ခင်သွားကြတယ်။

"ဒါနဲ့ မင်းတို့ နှစ်ယောက်က ညီအစ်ကိုတွေလား"

"ဟုတ် အမွှာတွေ"

"ကျန်တဲ့ကလေးတွေကို မြင်ဖူးပေမယ့် မင်းတို့ညီအစ်ကိုနှစ်ယောက်ကိုတော့ ငါမမြင်ဖူးဘူးနော်။ ခုမှ အိမ်ပြောင်းလာကြတာလား"

"မဟုတ်ဘူး ကိုကြီး။ ကျွန်တော်တို့က အိမ်လည်လာတာ။ ဒီကနေ သုံးအိမ်ကျော်ကို မေခိုင်တို့ဖေချစ်တို့ အိမ်ပြောင်းလာတာ သိပ်မကြာသေးဘူးလေ။ အဲ့ဒါကြောင့် အလည်ခဏလာကြတာ"

"ဪ"

"ကိုကြီးက ချူတူးနဲ့ရှူတူးရဲ့ ပါးပါးဆို"

"အင်း ဘယ်လိုသိလဲ"

"ချူတူးနဲ့ရှူတူးပြောပြတာ"

"ဪ"

"ကျွန်တော်နာမည်က ကိုကိုး။ သူက ဂိုဂိုး။ ကျွန်တော်ကအကြီး ဂိုးကအငယ်"

"အင်း ငါ့နာမည်က ရေးခြယ်သူပါ။ ကိုရေးလို့ခေါ်ပေါ့"

"ဟုတ်"

ကလေးတွေနဲ့ရေးနဲ့စကားပြောနေတုန်းမှာပဲ အစ်ကိုကြီးနှစ်ယောက်က အနားကို ရောက်လာကြတယ်။

"ကိုး ဂိုး ပါးပါးတို့ ပြန်ရအောင်"

"နှောင်းလေး ကိုးအသဲလေး ကိုးတို့ဒီပွဲလေး ပြီးအောင်ဆော့လိုက်ဦးမယ်နော်"

"ဟေ့ကောင် ကိုကိုး ငါ့ယောင်္ကျားကို အသဲလေးလို့ မခေါ်ပါနဲ့လို့ ပြောထားတာကို ဒီကောင်လေးကတော့"

"ဖေဖေက မခေါ်ခိုင်းလို့လားမသိဘူး။ သားက ပိုပြီး ခေါ်လို့ကောင်းနေတယ်"

"အေးပါ မင်း ဖေဖေ့စကားကို နားမထောင်လို့ ခုပွဲရှုံးမှာ။ မင်းပစ်တဲ့ဒိုးက ဘယ်ဟာကိုမှမမှန်ဘဲ ချော်ထွက်သွားမှာ"

တကယ်လည်း ကိုးပစ်လိုက်တဲ့ဒိုးက ဖေဖေပြောသလို ချော်ထွက်သွားပါတော့တယ်။

"အားးးး ဖေဖေ ပါးစပ်ပုတ်ကြီးနဲ့ပြောလို့ သားချော်သွားတာ"

"မင်းက ငါ့စကားမှ နားမထောင်တာကို ကိုးရဲ့"

"အားးး ဖေဖေ ပြန်လျော်ပေး ပိုက်ဆံ"

"မင်း ပါးပါးဆီကတောင်း"

ကိုကိုးခေါ်နေတဲ့ ဖေဖေနဲ့ပါးပါးဆိုတဲ့ အစ်ကိုနှစ်ယောက်ကို ရေးငေးကြည့်နေခဲ့မိတယ်။ သူတို့လည်း ရေးတို့လိုပဲလားလို့ တွေးမိသွားရတယ်။

"ကိုရေး"

"ဟေ"

"ကျွန်တော်တို့ ပြန်တော့မယ်နော်"

"အေး"

"ဪ မပြန်ခင်လေး မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော်တို့ဖေဖေ အလင်းနစ်ပါ။ ဒါက ကျွန်တော်တို့ပါးပါး မိုးနှောင်းကမ္ဘာတဲ့"

"ဪ . . ဟုတ် . . တွေ့ရတာဝမ်းသာပါတယ်"

"ဖေဖေနဲ့ပါးပါး ဒီအစ်ကို့နာမည်က ရေးခြယ်သူတဲ့။ ဟိုနားမှာ ထိုင်နေတဲ့ ချူတူးရှူတူးလေးတို့ ပါးပါး"

"ဪ ဟုတ်လား ညီလေးက သားချောလေးတွေကို ပိုင်ဆိုင်ထားတာပဲ။ တွေ့ရတာ ဝမ်းသာပါတယ် ညီလေး"

"ဟုတ်အစ်ကို"

"အစ်ကိုတို့ပြန်လိုက်ပါဦးမယ်နော်"

"ဟုတ် အစ်ကို"

အသွက်ကလေး ကိုကိုးက သူ့ဖေဖေနဲ့ပါးပါးကို ရေးနဲ့မိတ်ဆက်ပေးတဲ့အပြင် ချူတူးရှူတူးလေးတို့နဲ့ပါ မိတ်ဆက်ပေးသွားပါသေးတယ်။

ပြန်သွားကြတဲ့ သားအဖလေးယောက်ကို ရေး ငေးကြည့်နေခဲ့မိတယ်။ သူတို့လည်း ရေးတို့လိုပဲ ပုံစုံတူမိသားစုလေးပါ။ ဒါပေမဲ့ ပါးပါးဆိုတဲ့အစ်ကိုကို ကြည့်ရတာ ပျော်ရွှင်နေတဲ့ပုံပါပဲ။ ရေးလို ယောင်္ကျားနဲ့သားတွေကို ပိုင်ဆိုင်ထားရလို့ စိတ်ညစ်နေတဲ့ပုံတော့ မပေါ်ဘူး။ သူတို့မိသားစုလေးကို ကြည့်ရတာ စိတ်ချမ်းသာပျော်ရွှင်နေကြသလိုပင်။

ဖြစ်တည်မှုကို လက်ခံပြီး ပွင့်လင်းစွာနေထိုင်ကြတယ်။ ယောင်္ကျားချင်းယူထားလို့ ရှက်ရွံသိမ်ငယ်ခြင်းမျိုး မရှိကြဘူး။ ကလေးတွေကလည်း ဖေဖေနဲ့ပါးပါးကို သိပ်ချစ်တဲ့ပုံပါပဲ။ ယောင်္ကျားနှစ်ယောက်ကို ဖခင်တော်ထားရလို့ ရှက်ကြတာမျိုးလည်း မရှိပေ။ အရှိကို အရှိတိုင်းလက်ခံပြီး စိတ်ချမ်းသာ ပျော်ရွှင်နေကြတယ်။ ဖေဖေနဲ့ပါးပါးကို ဒါဟာ ကျွန်တော်တို့ ဖေဖေနဲ့ပါးပါးပါလို့ ပွင့်လင်းစွာ မိတ်ဆက်ပေးရဲကြတယ်။

ပါးပါးဆိုတဲ့ အစ်ကိုရဲ့မျက်ဝန်းတွေထဲမှာ သူ့အမျိုးသားနဲ့သားတွေကို သိပ်ချစ်တာကို မြင်နေရတယ်။ ဒါဆို ရေးကရော။ ဟင့်အင် ရေးနဲ့အဲ့ဒီအစ်ကိုနဲ့ နည်းနည်းတော့ကွာခြားမှာပေါ့။ အဲ့ဒီအစ်ကိုနှစ်ယောက်က ချစ်လို့ကြိုက်လို့ ယူခဲ့ကြတာမျိုးနေမှာပေါ့။ ရေးအတွက်ကြ ဒါကြီးက ရေးလိုချင်တဲ့ဘဝမျိုး မဟုတ်ဘူးလေ။ ရေးလက်ခံပေးနိုင်တဲ့ ဘဝမျိုးမှ မဟုတ်တာ။

ဒါပေမဲ့ ကလေးနှစ်ယောက်နဲ့ ဦးဝေအပေါ်မှာ ရေးတရားရဲ့လား။ ဟင့်အင် ရေးအပေါ်မှာလည်း ကံတရားက တရားခဲ့တာမှ မဟုတ်တာ။

OMG . . . My Future Husband is Him !!!Where stories live. Discover now