Part 5 (U+Z)

6.1K 512 17
                                    

#Unicode

"ရှူတူးလေး ဖေဖေ ရုံးသွားပြီနော်။ ပါးပါးက မနိုးသေးဘူးဆိုတော့ ဖွားဖွားကြီးတို့အိမ်မှာ သွားနေလိုက်နော်"

"ဟုတ် ဖေဖေ"

ရေးငယ်ကတော့ ညက သောက်ထားတာ တော်တော်လေး များတာမို့ ခုထိအိပ်နေတုန်းပင်။ ကိုယ်လည်း ဒီနေ့ အိပ်ရာထနောက်ကျသည်မို့ ဟိုဘက်အိမ်မှာ မနက်စာ သွားမစားတော့ဘဲ ရုံးကို အမြန်ပြေးခဲ့ရတယ်။

လွမ်းပါတယ် အရင်က ရေးငယ်ကို။ မနက်ခင်းတိုင်း ကိုယ့်ထက်အရင် အိပ်ရာထပြီး ကိုယ်ရုံးသွားဖို့ အဆင်သင့် ပြင်ဆင်ပေးထားတတ်တဲ့ ရေးငယ်လေး။ ကိုယ်နဲ့သားသားတွေအတွက် မနက်စာ အဆင်သင့် ပြင်ပေးထားတတ်တဲ့ ရေးငယ်လေး။ ကိုယ့်ရဲ့နေ့တစ်နေ့တာကို အနမ်းနဲ့ အစပြုစေခဲ့တဲ့သူလေး။

မနက်စောစောထပြီး သားသားတွေနဲ့ကိုယ့်အတွက် ဝေယျာဝစ္စအားလုံး ပြင်ဆင်ပြီးတာနဲ့ ကိုယ့်ကို မနက်ခင်း နှုတ်ဆက်အနမ်းလေးနဲ့ အိပ်ရာနှိုးတတ်တဲ့သူလေးပါ။ ရုံးသွားတော့မယ့် ကိုယ့်ကို ရေးငယ်က ကားနားအထိ လိုက်ပို့ပေးတဲ့အခါ ကိုယ်က သူ့ကို အနမ်းလေးပေးပြီးမှ ရုံးသွားတတ်ခဲ့တာ။ ညနေ ပြန်လာတိုင်း ကားဟွန်းသံပေးလိုက်တာနဲ့ အိမ်ရှေ့ကို ထွက်လာကြိုတတ်တဲ့ ရေးငယ်လေးက အနမ်းလေးပေးရင်းလည်း ဆီးကြိုခဲ့ပါသေးတယ်။ ခုတော့ ဒါတွေက မနေ့တနေ့က မက်ခဲ့တဲ့ အိပ်မက်လိုပါပဲ။

လွမ်းတယ် ရေးငယ်ရဲ့ Morning Kiss လေးကို။ လွမ်းတယ် ရေးငယ်ပြင်ဆင်ပေးနေကြ မနက်စာကို။ လွမ်းတယ် ရေးငယ် ချက်ပြုတ်ကျွေးမွေးခဲ့တဲ့ အိမ်ထမင်း အိမ်ဟင်း လက်ရာတွေကို။ လွမ်းတယ် ကိုယ်နဲ့သားသားအပေါ် ဂရုစိုက်နွေးထွေးပေးခဲ့တဲ့ ရေးငယ်ကို။ လွမ်းတယ် ရုံးက ပြန်လာတိုင်း အိမ်ရှေ့ကို အပြေးလေးလာပြီး ထွက်ကြိုပေးခဲ့တဲ့ ရေးငယ်လေးကို။ လွမ်းတယ် ကျွန်တော့်ကို သိပ်ချစ်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အမျိုးကောင်းသားလေးကို။

"ကိုခွန် ဒီနေ့ရုံးနောက်ကျတယ်နော်"

"ဟုတ်တယ် မြသွေး ညက အိပ်ရာဝင်တာ တော်တော်လေး နောက်ကျသွားလို့"

"ဒီနေ့ အစည်းဝေးရှိတယ် ကိုခွန်။ နည်းနည်းလေးတော့ အရေးကြီးတယ်။ ဈေးကွက်ထဲကို ပစ္စည်းသစ် ဖြန့်ချီမှာဆိုတော့လေ"

"Ok ဘယ်အချိန်လဲ မြသွေး"

"၁၀နာရီခွဲ ကိုခွန်။ ကိုခွန်မလာသေးတာနဲ့ ဖုန်းဆက်ပြီး ၁၁နာရီကို အချိန်ပြန်ရွှေ့ပေးထားတယ်"

"အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီ မြသွေးရယ်။ အစည်းအဝေးရှိတာကို ကိုယ်တကယ် မေ့သွားတာ"

"ရပါတယ် ကိုခွန်ရဲ့ Local အစည်းအဝေးပဲဆိုတော့ နားလည်ပေးကြပါတယ်"

"Ok Ok မြသွေး။ ကိုယ်တကယ် တောင်းပန်တယ်နော်"

"အာ မဟုတ်တာ ကိုခွန်ရယ်။ မလိုပါဘူး။ ပြောစရာလူတွေမှ မဟုတ်တာ"

"ကျေးဇူးပါဗျာ"

"ဒါနဲ့ ကိုခွန် မနက်စာ စားခဲ့ရလား"

"မစားရသေးဘူး မြသွေး"

"မြသွေး မှာပေးရမလား ကိုခွန်"

"အဆင်ပြေရင် မှာပေး‌ပါနော် မြသွေး"

"ဟုတ် မြသွေးမှာလိုက်ပါ့မယ်"

"ကျေးဇူးပါဗျာ"

မနက်ကတည်းက ဘာမှ မစားရသေးတာမို့ ဗိုက်တော်တော်ဆာနေပါပြီ။ အစည်းအဝေးကလည်း ကြာမှာမို့ တစ်ခုခု ကြိုပြီး စားထားဖို့ လိုပါတယ်။

ရေးငယ်ဆိုင်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းတွေပါ လချုပ် စာရင်းချုပ်ရမှာမို့ ဒီနေ့ နည်းနည်းလေးတော့ အလုပ်များပါမယ်။ ညနေကြရင်လည်း ရေးငယ်ရဲ့ဆိုင်ကို ပြေးရဦးမယ် မဟုတ်လား။

တကယ်တော့ လူက တော်တော်လေး ပင်ပန်းသလို ခံစားနေရတယ်။ ညကလည်း အိပ်ရေးပျက်ထားတာဆိုတော့ လူက နည်းနည်းလေး နုံးချိနေပါပြီ။ ဖြစ်နိုင်ရင် အိပ်ရာပေါ်လေးမှာ ပစ်ခွေပြီး လှဲလိုက်ချင်တာပါ။

ခဏကြာတော့ မြသွေးမှာပေးထားတဲ့ မနက်စာရောက်လာတယ်။ အလုပ်တစ်ဖက်နဲ့ စားလိုက်ရတာမို့ အရသာကို လျှာကမသိလိုက်ပေ။ စားသာစားလိုက်ရတယ် ဘယ်လိုဝင်ပြီး ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။

၁၁နာရီ ထိုးတဲ့အခါ အစည်းအဝေးခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ ကုန်ပစ္စည်း အသစ်ကြော်ငြာဖို့နဲ့ Promotion ကိစ္စတွေကို ဆွေးနွေးပြီးတဲ့အခါ ဈေးကွက်ထဲမှာ ပစ္စည်း ဖြန့်ချီဖို့ ထပ်ပြီး ဆွေးနွေးရပြန်တယ်။

"ကျွန်တော့် ဖြန့်ချီမယ့်ရက်ကို နောက်မှ သေချာလေး ပြန်ပြောပေးပါ့မယ်။ ကျွန်တော့်ရဲ့ Secretary မြသွေးခက်ကနေ တစ်ဆင့် အကြောင်းကြားခိုင်းလိုက်ပါ့မယ်။ ပြီးတော့ . . ."

အခွန်စကားပြောနေရင်းက ဖုန်းက အချက်ပြမီးလေး လင်းလာတာမို့ ကြည့်လိုက်တော့ ချူတူးလေး ဖုန်းခေါ်နေတာကို တွေ့လိုက်တယ်။

"ကျွန်တော့်ကို ခဏလောက် ခွင့်ပြုပါဦးခင်ဗျာ"

အားလုံးကို ခွင့်တောင်းကာ အစည်းအဝေးခန်းအပြင်ကိုထွက်ပြီး ချူတူးလေးဖုန်းခေါ်တာကို ကိုင်လိုက်တယ်။

"ဖေဖေ"

"ချူတူးလေး ပြော"

"ပါးပါးရယ် နိုနေရယ်"

"ဟင် ဘာလို့လဲ"

"ဒေါင်းတိုက်ရို့တဲ့"

"ဖွားဖွားကြီးကို သွားပြောထားသေးလား"

"ပါးပါးက မကြောနဲ့ရို့ပြောရို့ မကြောရပူး"

"Ok Ok ဖေဖေပြန်လာခဲ့မယ်နော် သားသား"

"ဟုတ် ဖေဖေ။ ဖုန်းချရိုက်တော့နော်"

"Ok သား"

အစည်းအဝေးခန်းထဲကို ပြန်ဝင်ပြီး အိမ်ပြန်ဖို့တောင်းပန်လိုက်တယ်။

"ဆောရီးပါဗျာ။ ကျွန်တော့်မှာ အရေးကြီးကိစ္စလေးပေါ်လာလို့ ဒီအစည်းအဝေးကို မြသွေးခက်က အဆုံးသတ်ပေးပါလိမ့်မယ်။ ပြောချင်တာတွေ တောင်းဆိုချင်တာတွေရှိရင် မြသွေးခက်ကို ပြောထားပေးပါ။ သူကကျွန်တော့်ကို တစ်ဆင့်ပြန်ပြီး တင်ပြပေးပါလိမ့်မယ်။ ကျွန်တော် တောင်းဆိုချက်တွေကို သေချာဖတ်ပြီး Approve ပေးပါ့မယ့်။ ကျွန်တော့်ကို သွားခွင့်ပြုပါဦးခင်ဗျာ"

အားလုံးကို တောင်းပန်ပြီး အိမ်ကို အမြန်ပြန်ပြေးလာခဲ့တယ်။ မေမေတို့လည်း မသိသေးဘူးဆိုတော့ သားတွေပဲရှိတာမို့ ရေးငယ် အဆင်မပြေဖြစ်နေပါလိမ့်မယ်။

"ပါးပါး"

"အင်း"

"ဒေါင်းအရမ်းတိုက်နေရား"

"အင်း"

"မနိုနဲ့တော့နော် ဖေဖေ ကျန်ရာနေပီ"

"အင်း"

အိမ်ရှေ့ဧည့်ခန်းက ဆိုဖာလေးပေါ်မှာ လှဲနေတဲ့ ရေးရဲ့ခေါင်းလေးကို ရှူတူးလေးက လာနှိပ်ပေးတယ်။ ကလေးလက်သေးသေးလေးတွေနဲ့ နှိပ်ပေးတာမို့ အိစိအိစိ ရွတရွတနှင့် တမျိုးလေးပင်။ ချူတူးကတော့ ရေးရဲ့ခြေရင်းမှာထိုင်ကာ ရေးခြေထောက်ကလေးတွေကို လက်ကလေး သေးသေးလေးတွေနဲ့ နှိပ်ပေးနေရှာတယ်။

ကလေးတွေက ပေးတဲ့မေတ္တာကို ခံစားရတော့ သူတို့လေးတွေကို မေတ္တာမပေးမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှက်သွားရတယ်။ ကလေးလေးတွေပေမဲ့ မိဘအပေါ် သိတတ်ပြီး နားလည်လိမ္မာလွန်းကြတယ်။

ကုမ္ပဏီကနေ အမြန်ပြန်လာခဲ့ပြီး အိမ်ရှေ့ကို အခွန်ရောက်တဲ့အချိန် တံခါးတွေ သော့ခတ်ထားတာမို့ သော့ကို အရင်ဆင်းဖွင့်ရတယ်။

ခြံတံခါးဖွင့်ပြီး အိမ်ထဲကို ဝင်လာတဲ့အခါ ဧည့်ခန်းထဲမှာ ရေးငယ်ကို သားသားတို့က နှိပ်ပေးနေကြတာကို တွေ့လိုက်ရတယ်။ ရေးငယ်ကတော့ ကလေးတွေ နှိပ်ပေးတာကို ငြိမ်သက်စွာ ခံယူလို့ပေါ့။

"ရေးငယ်"

"ပါးပါး ဖေဖေ ကျန်ရာပီ"

"ဖေဖေ့"

"ဗျာ့"

"ပါးပါးက ဒေါင်းတိုက်ရို့တဲ့"

"အရမ်းကိုက်နေသေးလား ရေးငယ်"

"ဟုတ်"

"ခြံတံခါးတွေကို ဘာလို့သော့ခတ်ထားတာလဲ ရေးငယ်။ ခြံနှစ်ခြံကူးတဲ့ တံခါးပါ သော့ခတ်ထားတာ တွေ့လိုက်လို့"

"မေမေ လာဆူမှာ ကြောက်လို့"

ရေးငယ်ကို စကားပြောရင်း ရေနွေးပူပူလေးထဲကို ပျားရည်ထည့်မွှေကာ ဖျော်လိုက်တယ်။

"ထမင်းရော စားပြီးပြီလား"

"ဟင့်အင် မစားရသေးဘူး။ မေမေတို့အိမ်ကို သွားမစားရဲဘူး"

"ဘာလို့လဲ"

"မေမေက ပါးပါး ငမိုက်သားနိုးပြီးလားလို့ သားသားတို့ကို မေးတယ်တဲ့။ ညက ကျွန်တော် နောက်ကျမှ ပြန်လာတာကို မေမေတို့သိပုံပဲ။ ပြီးတော့ ကျွန်တော် ညက အော်ဟစ်ဆူညံနေလို့ မေမေက စိတ်တိုနေတယ်လို့လည်း ကြီးငွေက ဖုန်းဆက်ပြောတယ်"

"အင်း အဲ့ဒါနဲ့ ဟိုဘက်အိမ်လည်းမသွား ထမင်းလည်းမစားနဲ့ ခြံတံခါးတွေကို အကုန်သော့ခတ် ထားတယ်ပေါ့လေ"

"ဟုတ်"

"သားသားတို့ရော စားပြီးကြပြီလား"

"ဟုတ် ဖေဖေ။ တားတို့ထမင်းစားပီး ကျန်လာမှ ပါးပါးက အိပ်ရာနိုးတာ"

"ဪ . . . ရော့ရေးငယ် ဒါလေးသောက်လိုက်"

"ဘာတွေလဲ"

"ပျားရည်နဲ့ရေနွေးနဲ့ ဖျော်ထားတာ"

ဦးဝေကမ်းပေးတဲ့ ပျားရည်လေးကို ယူသောက်ပြီး ဆိုဖာပေါ်မှာ ပြန်လှဲလိုက်တယ်။

"ကိုယ် ရေးငယ်စားဖို့ တစ်ခုခု ပြင်ပေးမယ်။ ကိုယ့်ကို ခဏစောင့်နေပေးနော်"

"ဟုတ်"

ထမင်းပေါင်းအိုးနဲ့ ထမင်းလေးတည်ထားပြီး ရေခဲသေတ္တာထဲမှာရှိနေတဲ့ ဟင်းနုနယ်ရွက်လေးတွေကို ကိုင်လိုက်တယ်။ တော်သေးတယ် မနေ့ကမှ ရေခဲသေတ္တာထဲကို လိုအပ်တာ မှန်သမျှ ကြီးငွေက လာဖြည့်ပေးသွားလို့။

ထမင်းအိုးတည်ထားတုန်းမှာ ဟင်းနုနယ်ရွက်လေးကြော်ပြီး ဘဲဥလေးပါ ကြော်ထားလိုက်တယ်။ ထမင်းအိုး မကျက်သေးတာကြောင့် ခဏတော့ စောင့်ရဦးမှာပါ။

ဆေးပုံးထဲက ခေါင်းကပ်ပလာစတာလေးကို ကပ်ကြေးနဲ့ညှပ်ကာ ယူလာပြီး ရေးငယ်ရှိရာကို လာလိုက်တယ်။

"ချူတူးလေးနဲ့ ရှူးတူးလေး တော်တော့။ ပါးပါးကို ဖေဖေဆက်နှိပ်ပေးလိုက်မယ်။ သားသားတို့ TV အေးဆေးကြည့်တော့ သွား"

"ဟုတ်ဖေဖေ"

ကလေးနှစ်ယောက်က ရေးငယ်နားက ထွက်သွားတော့မှ ရေးငယ်ရဲ့ ခေါင်းရင်းဘက်မှာ အခွန်ဝင်ထိုင်လိုက်ပြီး ရေးငယ်ရဲ့ခေါင်း‌လေးကို ဖွဖွလေး မ'ကာ ပေါင်ပေါ်ကို တင်လိုက်တယ်။

"ခေါင်းကိုက်နေတုန်းပဲလား"

"ဟုတ်နည်နည်း"

ယူလာတဲ့ ပလာစတာလေးတွေကို ခွာကာ ရေးငယ်ရဲ့ နားထင်မှာ ကပ်ပေးလိုက်ပြီး ခေါင်းလေးကို ခပ်ဖွဖွလေး နှိပ်ပေးလိုက်တယ်။

"ခင်ဗျားသားတွေက အရမ်းလိမ္မာတာပဲ ဦးဝေ"

"ရေးငယ်ရဲ့ သွန်သင်ဆုံးမမှုကြောင့်ပါ"

"ကလေးလေးတွေနဲ့ မတူဘဲ လူကြီးလေးတွေလိုပဲ အလိုက်သိကြတယ်"

"ရေးငယ်ရဲ့သားတွေဆိုတော့ ရေးငယ်နဲ့တူကြတာပေါ့။ ရေးငယ်လိုပဲ လိမ္မာပြီး အလိုက်သိကြတယ်‌လေ။ တကယ့်ကိုပဲ အဖေတူသားလေးတွေ"

ဦးဝေနှုတ်က အဖေတူသားလေးတွေလို့ ဆိုလာတော့ ရင်ထဲကို အမျိုးအမည်မသိတဲ့ ခံစားချက်လေးတစ်ခု ဖြတ်ပြေးသွားတယ်။ ရေးအရင်က ဒီကလေးလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ခဲ့ပါလိမ့်။

ဦးဝေနှိပ်ပေးတာကို ငြိမ်သက်စွာခံယူရင်း မှိန်းနေမိတယ်။ ညက ဦးဝေကို ဘာတွေပြောလိုက်မိလဲဆိုတာကို ပြန်စဉ်းစားနေလိုက်တယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ရေးရေးလေးတောင် မမှတ်မိတော့ပေ။

"ဦးဝေ"

"ဗျာ"

"ကျွန်တော်ညက ဦးဝေကို ဘာတွေပြောမိသေးလဲ"

"ဘာမှ မပြောပါဘူးဗျာ။ အသံဗြဲကြီးနဲ့ အော်ငိုတာကလွဲရင်ပေါ့"

"ကျွန်တော့်အသံ ဘယ်လောက်တောင် ကျယ်လို့လဲဟင်"

"ဘေးအိမ်က မေမေတို့တောင် ကြားတယ်ဆိုတော့ ဘယ်လောက်ကျယ်လဲ တွေးသာကြည့်ပေတော့"

"ကျွန်တော် ဦးဝေကို လွန်လွန်ကျူးကျူး ပြောမိသေးလား"

"မပြောပါဘူးဗျာ"

"တကယ်လို့ ပြောမိခဲ့ရင် တောင်းပန်ပါတယ်။ ညက ကျွန်တော် အရမ်းမူးနေလို့ပါ"

"မူးမှ အမှန်တရားပေါ်တာတဲ့ ရေးငယ်။ ထန်းရည်မူးရင် ကျွဲခိုးပေါ်တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား"

"ဒါပေမဲ့ . . ."

"စိတ်ချ ညကရေးငယ် ကိုယ့်ကို ဘာမှ လွန်လွန်ကျူးကျူး မပြောဘူး တစ်ခုပဲ . . ."

အခွန်ပြောနေရင်း စကားရပ်‌လိုက်တော့ ရေးငယ်က မျက်လုံးလေးဖွင့်ကာ မော့ကြည့်လာတယ်။

"ဘာလဲဟင်"

"ကိုယ့်ကိုချစ်တယ်တဲ့"

"ဟမ်"

ရေးငယ်မျက်နှာလေး ပန်းရောင်သမ်းသွားတာ မြင်လိုက်တော့ အခွန် ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်တယ်။

ဦးဝေ ဒီလို ဟက်ဟက်ပက်ပက် ရယ်တာကို တစ်ခါမှ မမြင်ဖူးတာမို့ ရေး ငေးခနဲ ဖြစ်သွားရတယ်။ ဦးဝေ ရယ်လိုက်ရင် မြင်ရတဲ့သူကို အေးချမ်းစေတယ်။ အရယ်အပြုံးနည်းတဲ့ ဦးဝေရဲ့ အပြုံးက တော်တော်လေး ကြည့်လို့ကောင်းတယ်။ ပြီးတော့ ဦးဝေ ရယ်မောနေတာလေးက ကျွန်တော့်ကိုပါ ပျော်ရွှင်ကြည်နူးလာစေတယ်။ ဦးဝေရယ်လိုက်တာကို ကျွန်တော် သဘောကျတယ်။ ဦးဝေ ရယ်နေတာကို မော့ကြည့်ရင်း ကိုယ်ပါ ပြုံးလိုက်မိတဲ့အထိပါပဲ။

"ကျွန်တော် တကယ်ကြီး အဲ့လိုပြောလိုက်မိတာလား"

"အင်း တကယ်ပါဆို"

"ဦးဝေ ညာနေတာ ကျွန်တော်သိတယ်။ ညာနေတာမို့လား"

"ဟောဗျာ တကယ်ပါဆို။ ကိုကို့ကို ကျွန်တော်ချစ်တယ်လို့ ကိုယ့်မျက်နှာကို ဒီလိုစိုက်ကြည့်ပြီး ပြောလာတာ"

ဦးဝေက ခေါင်းငုံ့ပြီး ရေးမျက်လုံးကို စိုက်ကြည့်ကာ ပြောလာတာမို့ အနေရ နည်းနည်းခက်သွားတယ်။ ဦးဝေနဲ့ အကြည့်ချင်းဆုံတာ ကျွန်တော့်ကို ဒီလောက်ပဲ အနေရခက်စေသလား။

"ပေါင်းအိုး ခလုတ်တက်လောက်ပြီ ဦးဝေ။ ကျွန်တော် ဗိုက်ဆာနေပြီ"

"အင်း ကိုယ် သွားကြည့်လိုက်ဦးမယ်"

ဦးဝေထွက်သွားတော့မှာ ရေး သက်ပြင်းလေး ခပ်ဖွဖွ ခိုးချလိုက်တယ်။

ရေးငယ်အနားက ထွက်လာတော့ အခွန်ပြုံးလိုက်မိတယ်။ ရေးငယ်လေးက ကိုယ့်ကို ရယ်ရယ်မောမောနဲ့ ပြန်ပြီး စ'နောက်လာတာမို့ ကျွန်တော်ပျော်တယ်။ အရင်ကရေးငယ်ကို ပြန်လည်ပိုင်ဆိုင်ဖို့ဆိုရင် အချိန်လေးနည်းနည်းတော့လိုမယ်။ ကျွန်တော် စိတ်တော့ ရှည်ရမယ် မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ရေးငယ်လေးက ကိုယ်တို့သားအဖအပေါ် ရင်းရင်းနှီးနှီး ဆက်ဆံပြီး ရယ်ရယ်မောမောလေး စကားတွေ ပြောလာတာမို့ ကျွန်တော်ကျေနပ်တယ်။

ကျက်သွားပြီဖြစ်တဲ့ ထမင်းပေါင်းအိုးထဲက ထမင်းတွေကို ပန်းကန်လေးထဲထည့်ကာ အအေးခံပြီး ဆီစမ်းဆားဖြူးကာ ကြော်ထားတဲ့ ဘဲဥလေးကို ထမင်းပေါ် တင်ပေးလိုက်တယ်။ ဟင်းနုနွယ်လေးကို အပူနွေးနွေး‌ပြန်ပေးပြီး ပန်းကန်လေးထဲထည့်ကာ ဧည့်ခန်းထဲမှာလှဲနေတဲ့ ရေးငယ်ရဲ့အနားကို ယူလာပေးလိုက်တယ်။

"ရေးငယ် ထမင်းစားလို့ရပြီ"

"ဟုတ် ကျေးဇူးပါ ဦးဝေ"

"စားကြည့်ဦး တစ်ခုခုလိုရင်ပြော"

"ဟုတ်"

ကြက်ဥကြော်ရယ် ဟင်းနုနယ်ရွက်လေးရယ် ထမင်းရယ်ကိုရောကာ ပါးစပ်ထဲကိုထည့်ပြီး တစ်လုတ်အရင် စားကြည့်လိုက်တယ်။

"အင်း အဆင်ပြေပါတယ် ဦးဝေ"

"အိုကေ"

TVကြည့်နေတဲ့ သားသားတို့အနားမှာ သွားထိုင်ပြီး ရုံးကပါလာတဲ့ စာရင်းတွေကို လုပ်ဖို့ပြင်လိုက်တယ်။ ဒီလချုပ်စာရင်းတွေက အခွန့်အတွက် အရေးကြီးသည်မို့ ဒီနေ့ပြီးမှ ဖြစ်မှာပါ။

"ပါးပါး တရုတ်ရောက်"

ရှူတူးက TVကြည့်ရင်းက ရေးအနားကိုထလာပြီး ထမင်းတစ်လုတ်လောက်ဆိုကာ ပါးစပ်လေး ဟ'ပေးလာတယ်။

"ဟင်းရွက်ကြော် စားဦးမှာလား ရှူတူး"

"ကြက်ဥနဲ့ပဲ ပါးပါး"

"အိုကေ အာ"

ရှူတူးကို ထမင်းခွံ့ကျွေးတော့ ချူတူးကပါ အနားရောက်လာပြီး ပါးစပ်‌လေး ဟ'ပေးလာပါတာမို့ ချူတူးလေးကိုပါ ခွံ့ကျွေးလိုက်တယ်။

ကလေးတွေကို ထမင်းခွံ့နေတဲ့ ရေးငယ်ကို ကြည့်ရင်း အတိတ်တွေကို ပြန်သတိရလာပြီး ဒီလိုလေးသာ အမြဲဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ တွေးမိပြန်တယ်။ အရင်က ဒီလိုအချိန်လေးတွေကို နေ့ရက်တိုင်း ပိုင်ဆိုင်ခဲ့တာပါ။ ကိုယ်တို့သားအဖတွေရဲ့ပျော်ရွှင်မှုမှာ ရေးငယ်က အဓိကကျတာမို့ မြန်မြန် သတိရလာပေးပါရေးငယ်။

"ဦးဝေ ထမင်း"

ကိုယ့်ကို ထမင်းထပ်တောင်းလာတဲ့ ရေးငယ်ကိုကြည့်ပြီး ပြုံးလိုက်မိတယ်။

"အာ ဦးဝေ အလုပ်လုပ်နေတာကို မေ့သွားတယ်။ နေနေ ကျွန်တော့်ဘာကျွန်တော် ထပြီးထည့်လိုက်မယ်"

"ရပါတယ် ကိုယ်ထည့်ပေးပါ့မယ်"

"ရတယ် တကယ်ရတယ်။ ကျွန်တော်ထည့်လိုက်မယ်နော် ဦးဝေ ထမလာခဲ့နဲ့ ထိုင်နေ"

ဦးဝေအနားမရောက်ခင် ထမင်းစားခန်းထဲကို အပြေးသွားပြီး ပေါင်းအိုးထဲက ထမင်းကို ခူးထည့်လိုက်တယ်။ ကလေးတွေက တော်တော်လေး စားကြသည်မို့ ထမင်းကိုများများလေးပိုပြီး ထည့်လာလိုက်တယ်။

"ချူတူး ရှူးတူး ထမင်းစားဦးမှာမို့လား"

"ဟုတ်"

ထမင်းများများ ထပ်ထည့်လာပြီး ကလေးတွေကို ခွံ့ကျွေးရင်း ကိုယ်ပါ စားလိုက်တယ်။

ကလေးတွေကို ကြည့်ရတာ ရေးငယ် ထမင်းခွံ့ကျွေးလို့ ပျော်နေတဲ့ပုံပင်။ ဟိုးအရင်ကတည်းက ရေးငယ်ကပဲ ထမင်းခွံ့ကျွေးတာမို့ သူများထမင်းကျွေးရင် ဂျီကျကာ သိပ်မစားချင်ကြပေ။ ခုတော့ သူတို့ပါးပါး ခွံ့ကျွေးသမျှကို စားနေတာများ အားရပါးရပင်။ ရေးငယ်နဲ့ကလေးတွေ ထမင်းစားနေတာကို ကြည့်ပြီး ကိုယ်လည်း ပျော်ရွှင်ရပါတယ်။

"ဦးဝေ စားဦးမလား"

"ကိုယ်စားလာခဲ့ပြီးပြီ ရေးငယ်"

"လာပါ တစ်လုတ်လောက် စားလိုက်ပါ"

ရေးငယ်ကကိုယ့်အနားကို ရောက်လာပြီး ထမင်းကိုအတင်းခွံ့ကျွေးလာတာမို့ စားလိုက်ရတယ်။ ရေးငယ်ဘက်က ကိုယ်တို့သားအဖအ‌ပေါ် ဒီလိုလေးရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံပေးလာတာမို့ ကြည်နူးရတယ်။

"ရေးငယ်"

"ဗျာ"

"ထမင်းစားပြီးရင် ငှက်ပျောသီးလေး စားရင်စား။ ဒါမှမဟုတ် Vitamin B-6 လေး တစ်လုံး သောက်ထားလိုက်"

"ငှက်ပျောသီးတော့ မစားနိုင်တော့ဘူး။ ထမင်းစားတာ အရမ်းများသွားလို့ ဗိုက်အရမ်းတင်းနေပြီ။ B-6လေးပဲ သောက်လိုက်မယ်"

"အင်း ဆေးသောက်ပြီး ခဏအိပ်လိုက်ဦးနော်"

"ဟုတ်"

ထမင်းစားပြီးလို့ ဆေးသောက်ပြီးသွားတဲ့အခါ ရေးငယ်က အိပ်ခန်းထဲကိုဝင်သွားတယ်။ ရေးငယ်နောက်ကို သားသားတို့က ပြေးလိုက်သွားတာမို့ လိုက်ခေါ်ရတယ်။

"သားသားတို့ ပါးပါး လွတ်လွတ်လပ်လပ်‌ နေပါစေ။ နေလည်းမကောင်းတော့ အိပ်ချင်နေမှာပေါ့။ သားသားတို့က ဖေဖေနဲ့နေနော် လာ"

"ပါးပါးဘေးမှာ ငြိမ်ငြိမ်ရေး နေရို့မရဘူးရား ဖေဖေ"

"ပါးပါးကို လွတ်လွတ်လပ်လပ် ပေးနေလိုက်နော်။ သားသားတို့ကြောင့် ပါးပါး နေရထိုင်ရ ကျဉ်းကျပ်နေရင် ဘယ်လိုလုပ်မလဲ"

"ရပါတယ် ဦးဝေ။ ကလေးတွေနေချင်ရင် နေပါစေ။ ကျွန်တော် အဆင်ပြေပါတယ်"

"ရေးငယ် မလွတ်မလပ် ဖြစ်နေမှာဆိုးလို့။ သားသားတို့ကြောင့် အိပ်မရရင် ကိုယ်လာခေါ်ပေးနော်"

"ဟုတ်"

ကလေးတွေက ရေးငယ်နဲ့ပဲနေချင်တာမို့ အခန်းထဲမှာ ထားခဲ့ပေးလိုက်တယ်။ ကလေးတွေလည်း ရေးငယ်အနားမှာ ဒီလိုလေးနေချင်ခဲ့တာ ကြာပြီမဟုတ်လား။

"သားသားတို့ ပါးပါး အိပ်ချင်လို့ ပါးပါးဘေးမှာ ငြိမ်ငြိမ်လေးနေနော်။ ဒါမှမဟုတ် ပါးပါးနဲ့အတူတူ အိပ်ချင်လည်း အိပ်နော်"

"ဟုတ် ပါးပါး။ ပါးပါးကို ဖက်အိပ်ရို့ရရား"

"အင်း ရတယ်"

ရေးကို တစ်ဖက်တစ်ချက် ခွဖက်လာတဲ့ သားနှစ်ယောက်ကြား ငြိမ်ငြိမ်လေးနေပြီး မျက်လုံးလေးမှိတ်ကာ အိပ်ဖို့ကြိုးစားလိုက်တယ်။

ခဏလေးအကြာမှာတော့ ထမင်းဆိပ်တက်ကာ မျက်လုံးတွေလေးလံလာပြီး အိပ်မက်ကမ္ဘာထဲ အလည်တစ်ခေါက် ရောက်ရှိခဲ့ပါတော့တယ်။ အိပ်မက်ထဲမှာ ကျွန်တော့်ရဲ့ ရင်ခတ်လေးက သိပ်လှနေတယ်။

အလုပ်တွေလုပ်နေရင်းနဲ့ သားသားတို့အသံကို မကြားရတော့တာကို သတိထားမိလိုက်တယ်။ တစ်အိမ်လုံးတိတ်ဆိတ် ငြိမ်သက်နေသည်မို့ အိပ်ခန်းထဲကို သွားကြည့်လိုက်တယ်။ သားသားတို့က ရေးငယ်ကို တစ်ဖက်တစ်ချက်ခွကာ အိပ်ပျော်နေကြလေတယ်။

သားသားနှစ်ယောက်ကြား အိပ်ပျော်နေတဲ့ရေးငယ်လေးက အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းနေခဲ့တယ်။ သားသားတို့ကလည်း ရေးငယ်ကို အားရပါးရ ဖက်အိပ်နေကြသည်မို့ ကျွန်တော့်ရဲ့ရေးငယ်လေး သားနှစ်ယောက်ကြား လှုပ်တောင် မလှုပ်နိုင်ရှာလောက်ပေ။

အိပ်ပျော်နေတဲ့ ကျွန်တော့်ရဲ့ကလေးတွေနဲ့ ကျွန်တော့်ရဲ့ရေးငယ်လေးက သိပ်ကိုချစ်ဖို့ကောင်းလွန်း‌နေတယ်။ ကျွန်တော်ခွန်ဦးဝေရဲ့ကမ္ဘာက သားသားတို့နဲ့ရေးငယ်ကြောင့် ပြီးပြည့်စုံနေခဲ့တာပါ။ ကျွန်တော် တန်ဖိုးထားတဲ့ ကျွန်တော့်ရဲ့ကမ္ဘာငယ်လေး ဒီလိုလေးပဲ အမြဲထာဝရ အေးချမ်းသာယာပါရစေ။

OMG . . . My Future Husband is Him !!!Where stories live. Discover now