CHAPTER 31 (U)

608 30 3
                                    




အခန်း (၃၁)

တရားမျှတမှုမရှိသည့် ကမ္ဘာမှာ
ရူးမိုက်စွာ ရှင်သန်ကြခြင်း []

လွန်ခဲ့သော ရက်အနည်းငယ်က ပန်ရာတွင် ဖြစ်သည်။ နေဟန်မှိုင်းက ဘရဏီ၏တောင်းဆိုမှုဖြင့် သျှန်ဝေး၏လျှို့ဝှက်စံအိမ်တော်သို့ ရောက်လာခဲ့သည်။ အိမ်တော်ရှေ့မှောက်သို့ သူတို့ရောက်သော် ခြံတံခါးသည် AI Sensorစနစ်နှင့် ပြုလုပ်ထားသောကြောင့် လက်ဝါးဖြင့် နှိပ်ဖွင့်မှရသည်။ ယခင်တစ်နှစ်လောက်က သျှန်ဝေးအနေဖြင့် သူ့ခြံတံခါးကို ရိုးရိုးသော့ခလောက်နှင့်မလုပ်ထားတော့ဘဲ အဆင့်မြင့်နည်းပညာကို အသုံးပြုကာ လုံခြုံရေးတိုးမြှင့်ထားခဲ့ပေသည်။

ရှန်ဟိုင်းကနေ သျှန်ဝေး အလျင်စလိုထွက်ရတော့မည့်ဆဲဆဲ ဘရဏီလေးကို ဦးမိုက်ကယ်ထံ အပ်ခဲ့ပြီး ပန်ရာသို့ ပြန်သွားကြရန် မှာကြားခဲ့သည်။ ထို့နောက် ဦးမိုက်ကယ်လည်း ပန်ရာသို့ပြန်ရောက်လာသည်။ ဘရဏီလေးက နေဟန်မှိုင်းတို့လင်မယားနှင့် အတူတူနေထိုင်ခဲ့သည်။ ယခုတွင်မူ သူမ၏ပါးပါး သျှန်ဝေးနှင့်အတူနေခဲ့သည့်အိမ်လေးကို လွမ်းလာသဖြင့် ခဏအလည်လာရောက်ခြင်းပင်။ တစ်လက်စတည်း ဘရဏီက သျှန်ဝေး၏အိပ်ခန်းနှင့်စာအုပ်စင်များမှ သူမလေး လိုချင်သော အသုံးအဆောင်ပစ္စည်းတချို့၊ စာအုပ်တချို့နှင့် အရုပ်လေးများကို ရွေးယူနေခဲ့လျက်။

"ဒီအိမ်က ပါးပါးသျှန်မရှိတော့ ပိုတောင်ကြောက်ဖို့ ကောင်းသလို ခံစားရတယ်"

"ဘာဖြစ်လို့လဲ သမီးရဲ့"

"ဦးဦးမှိုင်းကို ပါးပါးသျှန်က မပြောပြထားဘူးလား။ ဒီအိမ်မှာ သရဲခြောက်တဲ့ အကြောင်းကိုလေ။ "

"အမလေး...ဒီကမ္ဘာမှာ ဘာသရဲမှ မရှိပါဘူးကွာ။ သမီးပါးပါးက သမီးကိုစနေတာဖြစ်မှာ။"

"ဟင့်အင်း...မဟုတ်ဘူးနော်။ ပါးပါးသျှန်က သရဲတွေရှိနေမှန်း သူယုံတယ်။ ဒါပေမဲ့ သူမကြောက်ဘူးတဲ့။ သမီးကိုလည်း မကြောက်ရဘူးဆိုပြီး သင်ပေးထားတာ။ ဘာပဲဖြစ်ဖြစ် ညညဆို ဘယ်ကပေါ်လာလို့ ပေါ်လာမှန်းမသိတဲ့ အရိပ်မည်းကြီးတွေရယ်...အော်သံတွေ၊ ငိုသံတွေကြားရရင်တော့ အိပ်မရဖြစ်တာပေါ့ ဦးဦးမှိုင်းရယ်။ တစ်ခါတလေ အခန်းထောင့်ကနေ သမီးတို့ကို အုပ်စုလိုက် ဝိုင်းကြည့်နေကြတဲ့ ခံစားချက်ကြီးရတာ။ ပါးပါးကတော့ပြောတယ်။ သမီးစိတ်ညစ်လာရင် ဒေါသထွက်လာရင် အဲ့သရဲတွေကိုပဲ ဆဲဆိုပြီး စိတ်ဖြေ၊ ဘာမှကြောက်စရာမလိုဘူးတဲ့။ ပါးပါးကလည်း အဲဒီလိုပဲ လုပ်တတ်တယ်လေ။ သူစိတ်တို၊ စိတ်ဆိုးနေတဲ့အချိန်တိုင်း မြေအောက်ခန်းကိုသွားပြီး ဝုန်းဒိုင်းကြဲရင်း ဆဲဆိုအော်ဟစ်နေတတ်တာ။ သမီးလည်း နောက်ပိုင်း ပါးပါးလိုပဲ လုပ်တော့တယ် ဟီးဟီး။"

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now