ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၃၁ )
Chapter-6
(ငါနောက်တစ်ကြိမ် လုပ်ပြီးသွားပြီ)
ဆေးလုံးသုံးလုံးက ယီယွမ်နှင့် ထုံယုံချန်တို့၏ ရှေ့သို့ အသီးသီးရောက်ရှိလာခဲ့သည်။
ထိုမှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်က ပြိုင်ပွဲစတင်ရန် ပြင်ဆင်ပြီး ပြောဆိုတော့မည့်အချိန်တွင် ထုံယုံချန်က ကြားဖြတ်ပြောဆိုလိုက်သည်။
"တစ်မိနစ်စောင့်ပါဦး….."
မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်က မျက်မှောင်ကုတ်သွားခဲ့ပြီး မေးမြန်းခဲ့၏။ "ဘာကိစ္စလဲ….."
ထုံယုံချန်က ယန်ရှို့ကို ဂါရဝပြု၍ ပြောဆိုလိုက်သည်။ "အကြီးအကဲယန်… ဆေးလုံး၁၀မျိုးရဲ့ ဖွဲ့စည်းပုံကို ပြိုင်ဆိုင်ကြဖို့ ကျွန်တော် တောင်းဆိုပါတယ်… ပြီးတော့ အဲဒီအထဲမှာ အဆင့်(4)တစ်ပိုင်းအဆင့် ဆေးလုံး၃မျိုး ပါဝင်စေချင်ပါတယ်….."
ယန်ရှို့က ထိုစကားကိုကြားသော် သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သိသာစွာပင် သူကထုံယုံချန်၏ အဆိုပြုချက်ကို ချင့်ချိန်နေခဲ့ပေသည်။
ထုံယုံချန်၏ ဤတောင်းဆိုမှုက ဆေးလုံးများ ဖွဲ့စည်းခြင်းတွင် ခက်ခဲမှုက အကြီးအကျယ် တိုးပွားလာမည်မှာ
သံသယဖြစ်ဖွယ်ရာမရှိပေ။
မှော်ဆေးပညာရှင် ဂရန်းမာစတာများအတွက် သူတို့က အဆင့်(3) ဆေးလုံးများကို ရင်းနှီးမှုအရှိဆုံးဖြစ်၏။
မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်သို့ ချိုးဖျက်တက်ရောက်ခြင်း မပြုခင်အချိန်၌ အဆင့်(4) ဆေးလုံးများကို လေ့လာခြင်းက အဓိပ္ပါယ်မရှိသော အရာတစ်ခုသာ ဖြစ်ပြီး သူတို့အဆင့်ထက် ကျော်လွန်သော အပြုအမူတစ်ခုသို့ ရောက်ရှိသွားခြင်းသာ ဖြစ်ပေသည်။
ထုံယုံချန်ကိုယ်တိုင်ကလည်း မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်သို့ တက်ရောက်ထားသည်မှာ မကြာသေးပေ။ အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးများအပေါ် သူ၏ကျွမ်းကျင်မှုကလည်း မြင့်မားခြင်းမရှိသေးပေ။
ဤတောင်းဆိုမှုက နှစ်ဖက်စလုံးအတွက် ခက်ခဲမှုများ မြင့်တက်လာမည်မှာ သံသယရှိနေစရာပင် မလိုပေ။
အချိန်အနည်းငယ်ကြာ စဉ်းစားနေခဲ့ပြီးနောက် ယန်ရှို့က ဖြည်းဖြည်းချင်း ပြောဆိုလိုက်ပေ၏။ "ငါကတော့ ဘာမှငြင်းပယ်စရာမရှိဘူး.. ဒါပေမဲ့ မင်းရဲ့ဒီတောင်းဆိုမှုက ရှောင်မိသားစုရဲ့ သဘောတူညီမှုရဖို့ လိုအပ်သေးတယ်… ဘယ်လိုပဲဖြစ်ဖြစ် ဒီယှဉ်ပြိုင်ပွဲက မင်းတို့မိသားစု နှစ်စုအကြား ယှဉ်ပြိုင်တာပဲလေ….."
"ငါသဘောမတူဘူး… မဟာဆေးလုံးအစည်းအဝေး ကျင်းပတဲ့ ဓလေ့ထုံးတမ်းက အမြဲတမ်း အဆင့်(3) ဆေးလုံး၃မျိုးနဲ့ ယှဉ်ပြိုင်ကြတာပဲ… ထုံယုံချန်လို ဂျူနီယာတစ်ယောက်က စည်းမျဉ်းတွေကို ပြောင်းလဲခွင့် ဘယ်တုန်းက ရသွားတာလဲ….." ရှောင်ချန်ဖုန်းက ချက်ချင်းပင် ပယ်ချခဲ့သည်။
ထုံယုံချန်က လှောင်ပြုံးပြုံး၍ ပြောလိုက်၏။ "ဟမ့်… ရှောင်မိသားစုက လူတွေအားလုံး ငကြောက်တွေပဲ… မျှတပြီး ရိုးရှင်းတဲ့ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ရဲခြင်းမရှိဘဲနဲ့ လှည့်စားမှုနည်းနည်းလောက် လုပ်ဆောင်ဖို့ပဲ စဉ်းစားနေတာပါလား… ဒီလူရမ်းကားလေးက အဖြေတွေ အများကြီးကို ရေးနိုင်ခဲ့တယ်ဆိုတော့ ဆေးလုံး၁၀မျိုးရဲ့ ဖွဲ့စည်းပုံကို လေ့လာတဲ့ကိစ္စက သူ့အတွက် ခက်ခဲမှရှိမှာမဟုတ်ဘူးလို့ ယုံတယ်… ခင်ဗျားကဘာလို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို မမေးခဲ့တာလဲ….."
စကားအဆုံးတွင် ထုံယုံချန်က ယီယွမ်ကို လှောင်ပြောင်လိုသည့် အကြည့်များဖြင့် ကြည့်၍ ပြောဆိုခဲ့သည်။ "ကောင်လေး… မင်းက ရှောင်မိသားစုမှာရှိတဲ့ လူကြောက်တွေနဲ့ မတူဘူးမဟုတ်လား….."
ယီယွမ်က ထုံယုံချန်ကို အပြုံးမဟုတ်သောအပြုံး တစ်ခုဖြင့် ကြည့်၍ မေးခွန်းတစ်ခု မေးမြန်းလိုက်၏။ "မင်းက တကယ်ပဲ ယှဉ်ပြိုင်ချင်တာလား….."
မည်သည့်အတွက်ကြောင့်မှန်း မသိရသော်လည်း ထုံယုံချန်က ယီယွမ်၏ အပြုံးကိုမြင်သော် ရုတ်တရက်ပင် ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။
သို့သော် သူ၏စကားများကို ပြောကြားခဲ့ပြီးဖြစ်သည်။ ထိုစကားများကို ပြန်လည်ရုတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။ ထိုသို့မဟုတ်ပါက သူ၏အရှက်ကို သူ့ဘာသာ ခွဲမိပေလိမ့်မည်။
ထို့ပြင် ထိုလူရမ်းကားက ပို၍အစွမ်းထက်နေခဲ့လျှင်ပင် အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးများ၏ ဖွဲ့စည်းပုံကို လေ့လာနိုင်စွမ်း ရှိမည်မဟုတ်ပေ။
"တကယ်ပေါ့… ငါ,ထုံယုံချန်ကိုယ်တိုင် ပြောခဲ့တဲ့စကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး… မင်းပြောရမှာက ပြိုင်ရဲလား မပြိုင်ရဲဘူးလား ဆိုတာကိုပဲ….."
"ဒီလိုဆိုရင်တော့ နည်းနည်းလောက် ပိုကြီးမားတဲ့ကိစ္စနဲ့ ယှဉ်ပြိုင်ကြရအောင်… ဆေးလုံး ၁၀မျိုးလုံးကို အဆင့်(4)တစ်ပိုင်းအဆင့် ဆေးလုံးတွေနဲ့ အစားထိုးလိုက်မယ်လေ… ဘယ်လိုလဲ….."
ယီယွမ်က အလွန်အေးဆေးနေခဲ့၏။ အဆင့်(4)တစ်ပိုင်းအဆင့် ဆေးလုံးများက သူ့အတွက် သကြားလုံးများဖြစ်နေဟန်ဖြင့် စကားများကို ငှက်မွေးသဖွယ် ပေါ့ပါးစွာ ပြောဆိုလိုက်သည်။
ထုံယုံချန်၏မျက်နှာက နက်မှောင်သွားခဲ့ပြီး ယီယွမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့၏။
"ဒီလူရမ်းကားလေးက ငါ့ကို အတင်းအကြပ် ဖိအားပေးနေတာ မဟုတ်ဘူးလား… အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံး ၁၀မျိုး….."
ယီယွမ်၏စကားများက လူတိုင်းကို အကြီးအကျယ် ပွက်လောရိုက်သွားစေခဲ့သည်။
အလယ်အလတ်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက်က အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးများ၏ ဖွဲ့စည်းပုံကို အမှန်တကယ် လေ့လာလိုနေခဲ့၏။ ထို့ပြင် ဆေးလုံး ၁၀မျိုး ဖြစ်သည်။
ယီယွမ်၏ စောစောလေးက လှုပ်ရှားမှုမှာ အလွန် မွန်းစတားဆန်နေခဲ့သော်လည်း လူတိုင်းတွေးကြသည်မှာ သူက အဆင့်(3) ဆေးလုံးများကိုသာ ကောင်းကင်၏အလိုကို အလွန်ဆန့်ကျင်နေသည့် အတိုင်းအတာအထိ ရင်းနှီးနေခဲ့ခြင်း ဖြစ်မည်ဟုသာ ထင်မြင်နေခဲ့၏။
ထိုအရာကြောင့် အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးများကို ရင်းနှီးသည်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။
သိရမည့်အချက်မှာ ယီယွမ်က အသက်၁၆နှစ်အရွယ်သာ ရှိနေပေသေးသည်။
ထပ်ကာထပ်ကာ လေ့ကျင့်ခြင်းမရှိဘဲ တစ်စုံတစ်ယောက်က မည်သည့်အတွက် ထိုအဆင့်အထိ ဆေးလုံးများကို ရင်းနှီးနိုင်မည်နည်း။
ထုံယုံချန်က အံကြိတ်၍ လေသံပြင်းပြင်းဖြင့် ပြောလိုက်၏။ "၁၀မျိုးဆိုလည်း ၁၀မျိုးပေါ့… ငါလိုအစွမ်းထက်တဲ့ မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်က အလယ်အလတ်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက်ကို ဘာလို့ ကြောက်နေရမှာလဲ….."
ယန်ရှို့ကလည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည့် အကြည့်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဂျိချင်၏ အကန့်အသတ်က မည်သည့်နေရာတွင် ရှိနေသည်ကို သူလည်း သိချင်နေခဲ့၏။
"ကောင်းပြီလေ… မင်းတို့နှစ်ဖက်စလုံးက သဘောတူလိုက်ပြီဆိုတော့ အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးတွေရဲ့ ဖွဲ့စည်းပုံကို လေ့လာပြီး ပြိုင်ကြရမယ်….." ယန်ရှို့က ပြောလိုက်သည်။
. . . . . .
အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံး ၁၀မျိုးက ထုံယုံချန်၏ ရှေ့မှောက်သို့ ရောက်လာချိန်တွင် သူ၏အမူအရာက အလွန်ရုပ်ဆိုးသွားခဲ့၏။
ဆေးလုံးများ၏ ဖွဲ့စည်းပုံကို လေ့လာရာတွင် အဓိကပစ္စည်းများက ပုံမှန်အားဖြင့် လေ့လာရန်လွယ်ကူသည်။ သို့သော် အထောက်အကူပြု ပါဝင်ပစ္စည်းများကိုမူ လေ့လာရန် လွယ်ကူခြင်း မရှိတော့ပေ။
သူက ယီယွမ်ကို ကြည့်ရှုချင်စိတ်အား ထိန်းမရတော့ဘဲ ကြည့်ရှုလိုက်ပြီး ကူရာကယ်ရာမဲ့စွာဖြင့် နောက်ထပ်တစ်ကြိမ် မှင်တက်သွားခဲ့ရပြန်၏။
ယီယွမ်က သူ၏မျက်လုံးများကို မှိတ်၍ နောက်တစ်ကြိမ် အနားယူနေခဲ့သည်။
ထုံယုံချန်က စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားခဲ့၏။ ဤကောင်လေး၏ ယုံကြည်မှုက မည်သည့်နေရာမှ ရောက်ရှိလာခဲ့သနည်း။
ဤအရာများက အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးများ ဖြစ်ပေသည်။
သူက ဒီအဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးတွေကို ချက်ချင်း ဖြေဆိုနိုင်တာများ ဖြစ်နေမလား…..
"ဒီလူရမ်းကားက ငါ့ရဲ့စိတ်ကို အာရုံထွေပြားအောင် သေချာပေါက် လုပ်ဆောင်နေတာပဲ… သူ့ကိုနောက်ထပ် မကြည့်တော့ဘူး… ငါက ငါလုပ်ရတဲ့အပိုင်းကို ကောင်းကောင်းမွန်မွန်
လုပ်ဆောင်ခဲ့ရင် အဲဒါက အလုပ်ဖြစ်လိမ့်မယ်….." ထုံယုံချန်က သူ၏အကြည့်ကို အားတင်း၍ ပြန်လည် ရုတ်သိမ်းလိုက်ရ၏။
သို့သော် သူက ပထမဆုံး ဆေးလုံးကို စတင်လေ့လာပြီး အဓိကပါဝင်ပစ္စည်းတစ်မျိုးကို ဆုံးဖြတ်၍ပင် မရသေးချိန်တွင် ယီယွမ်၏ အိပ်မက်ဆိုးမက်စေနိုင်သည့် အသံက ထွက်ပေါ်လာခဲ့သည်။
"ငါနောက်တစ်ကြိမ် လုပ်ပြီးသွားပြီ….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။
ဤတစ်ကြိမ်တွင် အသုံးပြုခဲ့သည့်အချိန်က ယခင်တစ်ကြိမ် အသုံးပြုခဲ့သည်ထက် ပို၍ပင် တိုတောင်းနေခဲ့သည်။
ထုံယုံချန်၏ နှုတ်ခမ်းက ပွင့်လာခဲ့သော်လည်း သူ၏လည်ချောင်းက အလွန်ခြောက်သွေ့နေဟန်ဖြင့် နောက်တစ်ကြိမ် ပြန်ပိတ်သွားခဲ့၏။
ယီယွမ်က သူ၏ကျောက်စိမ်းပြားကို မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်ထံသို့ ပေးအပ်လိုက်သည်ကို ကြည့်ပြီး ထုံယုံချန်က စိတ်ဓာတ်ကျ လဲပြိုလုမတတ် ဖြစ်သွားခဲ့သည်။
သို့သော် သူ၏စိတ်မရှည်မှုကို သည်းခံထိန်းချုပ်ပြီး ဆေးလုံး၁၀မျိုးစလုံးကို လေ့လာမှုပြီးဆုံးစေရန် ကြိုးစားလိုက်၏။
"ဘယ်လိုမျိုး… ဂျိချင်က ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား… ဟုတ်တယ်… သေချာပေါက် အဲ့လိုမျိုးပဲ ဖြစ်လိမ့်မယ်….."
ထုံယုံချန်က တိတ်တဆိတ်ပင် သူ့ကိုယ်သူ သတ္တိမွေးလိုက်ပြီး သူ၏ပြိုလဲလုနီးပါး ဖြစ်နေသည့် စိတ်ဓာတ်ကို အားတင်းထားလိုက်သည်။
အပြင်ဘက်တွင် လူတိုင်းက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏ အံ့အားသင့်မှုကို ဖော်ပြနိုင်သည့် စကားလုံးများကိုပင် ရှာမတွေ့ခဲ့တော့ပေ။
ဤဆေးလုံးများက အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးများဖြစ်ကြပြီး ထိုဆေးအားလုံးကို မှော်ဆေးပညာရှင် အစည်းအရုံးက တစ်ဦးတည်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထိုဆေးများထဲမှ တစ်မျိုးကိုပင် အပြင်လောက၌ အများအပြား ထုတ်ရောင်းထားခြင်းမရှိပေ။
ယီယွမ်က ထိုအရာများကို ကြည့်ရှုခြင်းပင်မပြုခဲ့ဘဲ ဆေးလုံး၁၀မျိုးစလုံး၏ ဖွဲ့စည်းပုံကို လေ့လာနိုင်ခဲ့ပေ၏။
"ဟေး… ဂျိချင်ရဲ့ အဖြေတွေက
နောက်ထပ်တစ်ကြိမ်
အားလုံးမှန်ကန်နေဦးမယ်လို့ မင်းထင်လား….."
"ဒါက… ဖြစ်နိုင်ရဲ့လား… အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံး၁၀မျိုးစလုံးကို ဒီလောက်မြန်မြန် လေ့လာနိုင်ခဲ့တယ်ဆိုတော့ မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်ကို အသာထားလိုက်ဦး… မှော်ဆေးပညာရှင်ဘုရင်
အများစုတောင် အဲဒီလို မလုပ်ဆောင်နိုင်ဘူး… မဟုတ်မှလွဲရော….."
"မဟုတ်မှလွဲရော ဆေးလုံးတွေရဲ့ ဆေးဖော်စပ်နည်းတွေကို အရင်ကတည်းက သိရှိထားလို့လား… ဒါပေမဲ့ အဲဒီဆေးလုံး ၁၀မျိုးစလုံးက မှော်ဆေးပညာရှင် အစည်းအရုံးရဲ့ သီးသန့်
ဆေးလုံးဖော်စပ်နည်းတွေပဲ…."
"ဒီတစ်ကြိမ် မဟာဆေးလုံး အစည်းအဝေးက
တကယ်ကိုပဲ အလွန်
အံ့အားသင့်စရာပါလား….."
. . . . . .
နောက်ထပ်တစ်ကြိမ် အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက်…..
ထုံယုံချန်က နောက်ဆုံးတွင် ဆေးလုံးအားလုံးကို လေ့လာပြီးဆုံးသွားခဲ့ပြီ
ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် သူက ချွေးများ ရွှဲနစ်နေခဲ့ပြီဖြစ်၏။
စိတ်ဖိစီးမှုကိုအသာထား၍ အချိန်တိုအတွင်း အဆင့်(4) တစ်ပိုင်းအဆင့်ဆေးလုံး ၁၀မျိုးကို လေ့လာခြင်းက သူ့အတွက် အလွန့်အလွန် စိန်ခေါ်မှုကြီးမားသော အရာတစ်ခု ဖြစ်ပေသည်။
မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်က ယန်ရှို့ဆီသို့ လူနှစ်ယောက်၏ ကျောက်စိမ်းပြားများကို ယူလာခဲ့သောအချိန်တွင် ယန်ရှို့က ကျောက်စိမ်းပြားနှစ်ခုကို သူ့ထံမှ ဆွဲယူလိုက်၏။
သို့သော် ဤတစ်ကြိမ်တွင် ယန်ရှို့က ထုံယုံချန်၏ ကျောက်စိမ်းပြားကို လုံးဝမကြည့်ခဲ့ပေ။ သူက ပထမဆုံးအနေဖြင့် ယီယွမ်၏ ကျောက်စိမ်းပြားအတွင်းသို့ သူ၏နတ်ဘုရားစိတ်အာရုံကို ထည့်သွင်းခဲ့သည်။
အသက်ရှူချိန်အနည်းငယ် ကြာပြီးချိန်တွင် အံ့အားသင့်မှုများက ယန်ရှို့၏ မျက်နှာတွင် ပေါ်ပေါက်လာခဲ့၏။
"အကြီးအကဲယန်… ဂျိချင်ရဲ့အဖြေက….."
ယန်ရှို့က ခါးခါးသီးသီး ပြုံး၍ ပြောဆိုလိုက်သည်။ "မင်းက ကိုယ့်ဘာသာ စစ်ဆေးကြည့်လိုက်ပါ….."
ထိုသို့ပြောရင်း ယန်ရှို့က ယီယွမ်၏ ကျောက်စိမ်းပြားကို ထိုမှော်ဆေးပညာရှင်ဘုရင် အကြီးအကဲထံသို့ ပေးအပ်ခဲ့၏။
မှော်ဆေးပညာရှင်ဘုရင် အကြီးအကဲက ထိုအရာကို ပြီးဆုံးအောင် ကြည့်ရှုပြီးနောက် သူ့ကိုယ်သူ တစ်ယောက်တည်း ပြောဆိုလိုက်သည်။ "ဒါက… ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….."
အကြီးအကဲခုနှစ်ယောက်က ထိုအရာကို ကြည့်ရှုပြီးသည်နှင့် သူတို့၏ မျက်နှာများမှ အမူအရာများက အလုံးစုံ ချွတ်စွပ်တူညီနေခဲ့၏။
ထုံယုံချန်၏ ကျောက်စိမ်းပြားကို နောက်ထပ်တစ်ကြိမ် ထပ်မံကြည့်ရှုရန် လုံးဝမလိုအပ်တော့ကြောင်း လူတိုင်းသိရှိပေသည်။
သို့သော် ဖြောင့်မှန်သော သဘောသဘာဝကို ပြသရန်အတွက် အချိန်အတော်ကြာ တုန်လှုပ်နေခဲ့ပြီးနောက် အကြီးအကဲခုနှစ်ယောက်က ထုံယုံချန်၏ ကျောက်စိမ်းပြားကို ဆက်လက် ကြည့်ရှုလိုက်ကြ၏။
သို့ရာတွင် ထုံယုံချန်၏ ကျောက်စိမ်းပြားကို ကြည့်ရှုနေသော သူတို့၏ အမူအရာများက လုံးဝပင် အပြောင်းအလဲမရှိခဲ့ပေ။
သိသာစွာပင် ယီယွမ်၏ ကျောက်စိမ်းပြားကို ကြည့်ရှုခဲ့ပြီးနောက် သူတို့အတွက် ထုံယုံချန်၏ ကျောက်စိမ်းပြားကို ကြည့်ရှုရခြင်းမှာ အရသာမရှိတော့ပေ။
"ဒုတိယပြိုင်ပွဲ… ဆေးလုံးဖွဲ့စည်းပုံကို လေ့လာခြင်းမှာ ဂျိချင်က ဆေးလုံး၁၀မျိုးစလုံးရဲ့ ဖွဲ့စည်းပုံတွေကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့ပြီး မေးခွန်းအားလုံးကိုလည်း မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့တယ်… ဒီပြိုင်ပွဲမှာ ရှောင်မိသားစုရဲ့ ဂျိချင် အနိုင်ရရှိသွားတယ်….." ယန်ရှို့က နောက်ဆုံးတွင် ရလဒ်များကို ထုတ်ပြန်ပေးလိုက်ပေသည်။
Chapter 7 is coming…..