ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၃၀ )
Chapter10
(ထျန်းဂျိ၏မြင်းပြိုင်ခြင်း ဗျူဟာ)
ထုံယုံချန်က ယီယွမ်ကို အရှက်ခွဲလိုသည့် ရည်ရွယ်ချက်ရှိနေခဲ့၏။ ဖမ်းဆုပ်သည့်အပြုအမူကို ဆက်လက်
လုပ်ဆောင်နေခဲ့သည်။
သို့သော် သူ၏မျက်စိရှေ့တွင် မှုန်ဝါးသွားခဲ့ပြီး ယီယွမ်က အရိပ်ပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့၏။
ထုံယုံချန်က တိတ်တဆိတ်ပင် ထိတ်လန့်သွားခဲ့ပြီး သူ၏နောက်မှ အန္တရာယ်တစ်ခုက တိတ်တဆိတ်
ဝင်ရောက်လာခဲ့သည်ကို အာရုံခံမိခဲ့သည်။ နောက်ကိုဆတ်ခနဲ လှည့်ကြည့်လိုက်သော်လည်း မည်သူမှရှိမနေခဲ့ပေ။
နောက်မှ အန္တရာယ်
အငွေ့အသက်က နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏ ။
ထုံယုံချန်က နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ သို့သော် မည်သူမှ သူ၏နောက်တွင် မရှိခဲ့ပေ။
လူတိုင်းက သူ့အား ထူးဆန်းသော
အကြည့်များဖြင့် ကြည့်နေခဲ့ပြီး ရယ်ချင်နေသော်လည်း မရယ်နိုင်ခဲ့ကြပေ။
ရယ်ချင်ကြခြင်းမှာ ထုံယုံချန်က သူ၏အရိပ်ကို သူကိုယ်တိုင် ကြောက်ရွံ့နေခဲ့ပုံနှင့် တူနေခဲ့၍ဖြစ်ပြီး အလွန်
ဟာသမြောက်နေခဲ့၏။
သူတို့က မရယ်နိုင်ကြခြင်းမှာ ယီယွမ်၏ လှုပ်ရှားမှုများက မှင်စာသူရဲများကဲ့သို့ ဖြစ်နေခဲ့ပြီး စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သိုင်းပညာရှင်များ ရှိသင့်သည့် လှုပ်ရှားမှုများနှင့် လုံးဝပင် ကွာခြားနေခဲ့သည်။
ထုံယုံချန်က မှော်ဆေးပညာရှင် တစ်ယောက်ဖြစ်သော်လည်း သူကပုံမှန်အားဖြင့် ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ သူက အမှန်တကယ်ပင် ယီယွမ်ကို မထိနိုင်ခဲ့ပေ။
"ခင်ဗျားက ကျုပ်ကိုရှာနေတာလား….." သူ၏ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်ရာ ယီယွမ်က ထုံယုံချန်၏ရှေ့တွင် နောက်တစ်ကြိမ် ပေါ်ပေါက်လာခဲ့သည်။
ထုံယုံချန်၏မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး သူကကစားခံလိုက်ရသည့် ခံစားချက်တစ်ခု ရရှိခဲ့၏။ ဤမြို့တော်အတွင်း သူ့ကို ကစားရဲသောလူ အများကြီးမရှိခဲ့ပေ။
"ကောင်းတယ်… အကောင်းဆုံးပဲ… မင်းကငါ့ကို ဒေါသထွက်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်… ငါကရှောင်မိသားစုကို ကြောက်စရာကောင်းစွာနဲ့ သေဆုံးရအောင် လုပ်ဆောင်ပေးမယ်… အချိန်ကျရောက်လာတဲ့အခါ သူတို့ရဲ့ကိုယ်စား မင်းက ယှဉ်ပြိုင်ပေးခဲ့တာကို ကျေးဇူးတင်ရမဲ့အစား သူတို့ကို မျှော်လင့်ချက် တစ်စုံတစ်ရာတောင် မရှိတော့သလို ဖြစ်သွားစေခဲ့လို့ မင်းကို
မုန်းတီးသွားလိမ့်မယ်လို့ ဘယ်သူသိနိုင်မလဲ….." ထုံယုံချန်က အေးစက်စွာဖြင့် ရယ်မော၍ ယီယွမ်ကို ပြောလိုက်သည်။
"ဟားဟား… အနိုင်ရပြီးမှ အဲဒီစကားပြောပါ… အခုဒီနေရာမှာ စကားကြီးစကားကျယ်တွေ ပြောနေတာက ဘာအသုံးဝင်မှာလဲ….." ယီယွမ်က အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။
ထုံယုံချန်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဒူချန်နှင့် ထုံမိသားစုအဖွဲ့ဝင်များကို ဦးဆောင်ပြီး အစည်းအရုံး အဆောက်အဦးထဲသို့ ဝင်ရောက်သွားခဲ့၏။
ယီယွမ်က နောက်သို့
လှည့်မကြည့်ခဲ့သော်လည်း မျက်လုံးအနည်းငယ်က သူ့အား စူးစိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။ တစ်ချက်
လှည့်ကြည့်လိုက်သောအခါ ရှောင်ရူယန်က သူ့အား ရက်စက်သော အမူအရာဖြင့် ကြည့်ရှုနေသည်ကို မြင်လိုက်ရပေ၏ ။
"ဒါဆိုရင် ရှင့်ရဲ့လှုပ်ရှားမှုတွေက တကယ်ပဲ ဒီလောက် မြန်နေတာကိုး… လွန်ခဲ့တဲ့နှစ်ရက်က ရှင်ကျွန်မကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလား….." ရှောင်ရူယန်က ပြောလိုက်သည်။
ယီယွမ်က ရယ်မော၍ ပြောခဲ့၏။ "ငါက ဟာသလုပ်လိုက်တာပါလို့ ပြောပြီးပြီလေ… ဘာလို့အဲဒါကို အလေးအနက် ထားနေရတာလဲ….."
"ရှင်က ရယ်နိုင်သေးတယ်ပေါ့… စောစောလေးက ထုံယုံချန်ကို ရှင်က ဒေါသထွက်သွားစေခဲ့ပြီ… ဒီတစ်ကြိမ်မှာ သူကအစွမ်းကုန်ထုတ်ပြီး ယှဉ်ပြိုင်လာမှာ သေချာသွားပြီ… ကျွန်မတို့က အခု အခွင့်အရေးတစ်ခု ထပ်လျော့သွားခဲ့တာပဲ….." ရှောင်ရူယန်က ငြီးတွားလိုက်သည်။
"ရူယန်… ဒီအချိန်မှာ ရှောင်မိသားစုက တစ်စုတစ်စည်းတည်း ဖြစ်နေအောင် ပိုပြီးစည်းလုံးသင့်နေပြီ… မင်းက ညီလေးဂျိကို ဘယ်လိုလုပ်ပြီးတော့ အပြစ်တင်နိုင်တာလဲ… ညီလေးဂျိက အလှည့်အပြောင်းကာလမှာ ရှောင်မိသားစုကို ဝင်ရောက်လာခဲ့တယ်… အဲဒါက သူ့ရဲ့ စိတ်အခြေအနေကို ပြသဖို့ လုံလောက်နေပြီ… တကယ်လို့ရှောင်မိသားစုက ဒီနေ့ ရှုံးနိမ့်ခဲ့မယ်
ဆိုရင်တောင် ငါတို့က ညီလေးဂျိကို ကြင်ကြင်နာနာနဲ့ သဘောထားကြီးကြီး ဆက်ဆံရလိမ့်မယ်….." ရှောင်ရူဖုန်းက ကပျာကယာပင် တားဆီးလိုက်ပြီး ရှောင်ရူယန်ကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်ပေ၏။
"ရူယန်က မသိနားမလည်သေးလို့ပါ… ကျေးဇူးပြုပြီးတော့ စိတ်မဆိုးပါနဲ့ ညီလေးဂျိ….." ရှောင်ရူဖုန်းက ယီယွမ်ကို တောင်းပန်ခဲ့သည်။
ယီယွမ်က သူ၏လက်ကို ခါယမ်း၍ ပြောဆိုလိုက်၏။ "ဟားဟား… အစ်ကိုရှောင်က တော်တော်ကြင်နာတာပဲ… အစကတော့ နေစရာတစ်ခုရရှိဖို့ ကျွန်တော်က ရှောင်မိသားစုကို ဝင်ရောက်လာတာပါ… ဒီလောက်အထိ အများကြီး
တွေးမထားခဲ့ဘူး… ဒါပေမဲ့ ကျွန်တော်က ဝင်ရောက်ပူးပေါင်းလာခဲ့ပြီ ဆိုတော့ ကျွန်တော့်ရဲ့ စကားတွေကို ပြန်ရုတ်သိမ်းဖို့ အကြောင်းမရှိပါဘူး….."
ရှောင်ရူဖုန်းက စကားအရ ပြောဆိုလိုက်သည်ကို ယီယွမ်က သိရှိခဲ့သော်လည်း စိတ်ထဲမထားခဲ့ပေ။
ယခုအချိန်တွင် ရှောင်ရူဖုန်း၏ စိတ်ထဲမှ စိုးရိမ်ပူပန်မှုက ရှောင်ရူယန်နှင့် နှိုင်းယှဉ်သော် ပို၍ပင် ပြင်းထန်နေခဲ့သည်။ သို့ရာတွင် သူကအခွင့်အရေးကို အသုံးချပြီး ယီယွမ်ကို လိမ္မာပါးနပ်စွာဖြင့် သိမ်သိမ်မွေ့မွေ့ သိမ်းသွင်းနေခဲ့ခြင်းဖြစ်၏။ ထိုအရာက အမှန်တကယ်ပင် ရက်စက်ပြီး ရည်မှန်းချက်ကြီးသော သူတစ်ယောက်ပင် ဖြစ်နေခဲ့ပေသည်။
ရှောင်ရူယန်က ပါးစပ်ဟလိုက်သော်လည်း အသံတစ်သံမှ ထွက်မလာခဲ့ပေ။
ထို့နောက် ရှောင်မိသားစု၏ လူအုပ်စုကလည်း အစည်းအရုံး အဆောက်အဦးထဲသို့ ဝင်ရောက်သွားခဲ့၏။
မှော်ဆေးပညာရှင် အစည်းအရုံး ဌာနချုပ်က နယ်မြေပမာဏ အကျယ်ကြီး
ရယူထားခဲ့သည်။ သူတို့အုပ်စုက ခန်းမကြီးထဲသို့ ရောက်ရှိသောအခါ ထိုနေရာတွင် အခြားဧည့်သည်များနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်၏။
ယီယွမ်က သူ၏ထိုင်ခုံပေါ်၌ ထိုင်လိုက်ပြီး အကြည့်များစွာက သူ့အား ခက်ထန်စွာ ကြည့်နေကြကြောင်း သတိထားမိသွားခဲ့ရာ သူက ကူရာကယ်ရာမဲ့စွာဖြင့် စိတ်ရှုပ်သွားခဲ့သည်။
မင်းတို့ကောင်တွေက ပြဿနာရှာနေကြတာလား… ငါကမင်းတို့ကို အကြွေးရှိနေတာနဲ့တူအောင် ဘာလို့လုပ်နေကြတာလဲ…..
ဘယ်လိုငရဲမျိုးလဲ…..
သို့သော် ထိုအကြောင်းကို စဉ်းစားကြည့်မိသောအခါ ထိုလူအနည်းငယ်က ထုံမိသားစု၏ ဂျူနီယာမျိုးဆက် ဖြစ်ပေလိမ့်မည်။
သတိပြုမိသည့်အချက်မှာ ထုံမိသားစု ဂျူနီယာမျိုးဆက်များက အမှန်တကယ်ပင် ရှောင်မိသားစု ဂျူနီယာမျိုးဆက်များထက် ပိုမိုသန်မာကြပေ၏။
ယီယွမ်က သူ၏စိတ်အာရုံကို အနည်းငယ် ထုတ်လွှတ်လိုက်သောအခါ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာများ အရေအတွက်များစွာ ရှိနေခဲ့ပြီး ထိုအထဲမှ အနည်းငယ်က လက်ရှိအချိန်တွင် စင်မြင့်ပေါ်သို့ ရောက်ရှိနေခဲ့ကြသည်။
ရှောင်မိသားစုဘက်သို့ ကြည့်လိုက်မည်ဆိုလျှင် ရှောင်ရူဖုန်းနှင့် သူ၏ညီမအပြင် မှော်ဆေးပညာရှင် ဂရန်းမာစတာများ ရှိသည်ဆိုရုံမျှသာ ဖြစ်ပေ၏။ ထိုအကြောင်းကို တွေးမိလိုက်သောအခါ သူတို့၏အဆင့်အတန်းက မြင့်မားခြင်းမရှိကြောင်း သိသာနေခဲ့သည်။ ထိုသို့မဟုတ်ပါက သူတို့က ယီယွမ်ကို ဧည့်အကျိုးဆောင်အဖြစ် ခန့်အပ်ရန် လိုအပ်မည်မဟုတ်ပေ။
ယီယွမ်၏ အာရုံက ဒူချန်ထံ၌သာ ရှိနေခဲ့ပေ၏။ သူက မိုင်ပေါင်းသောင်းချီ၍ ခရီးသွားခဲ့ပြီး ရန်သူ၏ နေရာသို့ နက်ရှိုင်းစွာ ရောက်လာခဲ့ခြင်းမှာ သူ၏အဖွဲ့မှ လူအများကို ကယ်ဆယ်ရန်အတွက် ဖြစ်သည်။
ယခု သူက သေခြင်းရှင်ခြင်း အတွေ့အကြုံများကို ကြုံတွေ့ခဲ့ရပြီးနောက် သူကနောက်ဆုံးတွင် အဖွဲ့သားများထဲမှ တစ်ဦးကို မြင်တွေ့ခဲ့ရပေရာ ယီယွမ်၏ နှလုံးသားအတွင်း၌ ခံစားချက်လှိုင်းလုံး အနည်းငယ်က နစ်မြုပ်သွားခဲ့၏။
ဤအခိုက်အတန့်တွင် ခန်းမကြီးတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ အရေးပါသော လူတစ်ယောက်က ရောက်ရှိလာခဲ့သည်မှာ သိသာလှပေ၏။
ယီယွမ်က ဤနေရာတွင် လူတစ်ယောက်မှ မသိရှိခဲ့ပေ။ သူကတစ်ယောက်ကိုသာ သိထားပြီး ထိုသူမှာ ရှောင်ချန်ဖုန်းဖြစ်သည်။
သို့သော် ယီယွမ်က သူ့ကို လက်ရှိအချိန်တွင် အဖိုးကြီးတစ်ယောက်နှင့် စကားလက်ဆုံကျနေခဲ့၏။ သို့သော် ထိုအဖိုးကြီးက အလွန်အမင်း စိတ်မရှည်ခဲ့ပုံ ပေါ်ပေါက်နေသည်။
မှော်ဆေးပညာရှင်ဘုရင် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သော ရှောင်ချန်ဖုန်းက အမှန်တကယ်ပင် နှိမ့်ချလွန်းသော အပြုအမူတစ်ခု ရှိနေခဲ့ပေရာ ယီယွမ်က သက်ပြင်းတစ်ချက်ကို ခက်ခက်ခဲခဲ ချလိုက်ရပေ၏။
မိသားစုက ဆုတ်ယုတ်လာခဲ့ချိန်တွင် အကယ်၍ တစ်စုံတစ်ယောက်က မှော်ဆေးပညာရှင်ဘုရင် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နေခဲ့လျှင်ပင် သူတို့က အားမာန်တစ်ခု မရှိကြတော့ပေ။
သိုင်းပညာရှင်လောကတွင် ထိုအရာက အမြဲတမ်း ပုဂ္ဂိုလ်ကြီးများ၏ ကစားပွဲဖြစ်နေကြပေသည်။ အားနည်းသူကို မည်သူကမှ သနားကြမည်မဟုတ်ပေ။
အခြားတစ်ဖက်တွင် ရှောင်ချန်ဖုန်းနှင့် အသက်အရွယ်တူခန့်ရှိသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က နောက်ထပ်အဖိုးကြီး တစ်ယောက်နှင့် စကားပြောနေခဲ့ကြ၏။ သို့သော် သူတို့နှစ်ယောက်က ရယ်မော၍ စကားပြောဆိုနေခဲ့ရာ အဆင့်တူ ဆက်ဆံရေးဖြစ်ကြောင်း သိသာနေခဲ့သည်။
ထိုလူက ထုံမိသားစု၏ မိသားစုခေါင်းဆောင် ထုံဖန့်ရှောဖြစ်ပေ၏။
စကားအနည်းငယ်ခန့် ပြောဆိုပြီးနောက် ရှောင်ချန်ဖုန်းနှင့် ထုံဖန့်ရှောတို့က သူတို့မိသားစုများ၏ ထိုင်ခုံအသီးသီးဆီသို့ ပြန်လာခဲ့ကြချိန်တွင် အဖိုးကြီးနှစ်ယောက်က အလယ်ရှိ ထိုင်ခုံများတွင် ထိုင်နေခဲ့ကြ၏။
သို့သော် အလယ်ရှိ ထိုင်ခုံတန်း၏ အလယ်ဗဟိုရှိ ထိုင်ခုံတစ်ခုက လွတ်နေခဲ့သေးသည်။ ပို၍အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် မရောက်လာသေးသည်မှာ သိသာလှပေ၏။
ရှောင်ချန်ဖုန်းက ရှောင်ရူဖုန်းနှင့် ယီယွမ်တို့အကြားတွင် အခြားမိသားစု အကြီးအကဲများက သူတို့၏နောက်ဘက်တွင် ထိုင်လိုက်ကြသည်။
သူ၏ခုံပေါ်၌ ထိုင်လိုက်ပြီးနောက် သူက ယီယွမ်ကို ရုတ်တရက် ပြောဆိုလိုက်၏။ "ညီငယ်လေးဂျိ… ဒီပြိုင်ပွဲမှာ မင်းက ထုံယုံချန်နဲ့ ရင်ဆိုင်ရမယ်… ရူဖုန်းနဲ့ရူယန်တို့က ထုံယုံရှော့နဲ့ ထုံယုံရွှေတို့ကို အသီးသီး ရင်ဆိုင်ရလိမ့်မယ်… ထုံယုံချန်နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းက မင်းလုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါ… အနိုင်နဲ့အရှုံးက အရေးမကြီးဘူးနော် ဟုတ်ပြီလား….."
ဤစကားကိုကြားသော် ရှောင်ချန်ဖုန်းက သူ၏ခွန်အားကို မယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ ဤယှဉ်ပြိုင်ပွဲတွင် အနိုင်ရရန် ထျန်းဂျိ၏
မြင်းပြိုင်ခြင်းဗျူဟာကို အသုံးပြုလိုခြင်းဖြစ်ကြောင်း ယီယွမ်၏ စိတ်ထဲ၌ နားလည်သွားခဲ့သည်။
ရှောင်ချန်ဖုန်း၏ စီစဉ်မှုကို ယီယွမ်က ဆန့်ကျင်လိုသော အတွေးများလုံးဝမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူ့ကိုသံသယဖြစ်သွားမည့် ကိစ္စများကို လုပ်ဆောင်ရန် ဆန္ဒမရှိပေ။
ဤသို့သော သေခြင်းရှင်ခြင်း အဆုံးအဖြတ် မဟာယှဉ်ပြိုင်ပွဲကြီးတွင် ယီယွမ်ကဲ့သို့ အပြင်လူတစ်ယောက်အပေါ်
ရှောင်ချန်ဖုန်းက
သူ၏မျှော်လင့်ချက်အားလုံး ပုံအောထားရန် မျှော်လင့်နေခြင်းက အလွန်လက်တွေ့မကျသော အရာတစ်ခု ဖြစ်ပေ၏။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရှောင်ရူဖုန်းနှင့် ရှောင်ရူယန်တို့ မောင်နှမနှစ်ယောက်က သူ၏သွေးသားအရင်းအချာ ကလေးများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့က ပို၍ယုံကြည်ရပေ၏။
ယခင်အချိန်က ရှောင်မိသားစုမှာ ဧည့်အကျိုးဆောင်များကို စိတ်မရှည်တော့ဘဲ ရှာဖွေခဲ့ရခြင်းမှာ ရှောင်ရူဖုန်းက အိပ်ရာပေါ်လဲနေခဲ့၍ ဖြစ်သည်။ ရှောင်မိသားစုတွင် ရှောင်ရူယန် တစ်ယောက်တည်းသာ ကျန်ရှိနေခဲ့၏။ ယခု ရှောင်ရူယန်က ကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း ဆေးလုံးကို ဖော်စပ်နိုင်ခဲ့၍ ရှောင်ချန်ဖုန်းက သူ၏သားကို ယုံကြည်၍ရလာခဲ့ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင်
ရှောင်ရူဖုန်းက သူ၏အထွတ်အထိပ် အခြေအနေ၌ ရှိမနေခဲ့သေးသော်လည်း ထုံယုံရှော့ကို အနိုင်ရလိုခြင်းမှာ ခက်ခဲသောအရာတစ်ခု မဟုတ်ပေ။
ထုံမိသားစုက ယှဉ်ပြိုင်ပွဲသို့ လူသုံးယောက် စေလွှတ်လိုက်၏။ ထုံယုံရွှေက အားအနည်းဆုံးဖြစ်ပြီး ရှောင်ရူယန်ကို သူနှင့် ရင်ဆိုင်ခိုင်းခဲ့သည်။ အနိုင်ရရန် ယုံကြည်စိတ်ချရမှုကလည်း အများကြီး ပိုမိုမြင့်မားလာခဲ့၏။
ယီယွမ်၏ မြင့်မားလွန်းသော ခွန်အားကို ထည့်မတွက်သော အခြေအနေအောက်တွင် ထိုသို့သော စီမံခန့်ခွဲမှုတစ်ခုက ကျိုးကြောင်းဆက်စပ်မှု အရှိဆုံး ဖြစ်ပေသည်။
ယီယွမ်က ထုံယုံချန်ကို အနိုင်ယူနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်အခြေအနေတို့ကို ပြင်ဆင်ခြင်းပင် မပြုခဲ့ပေ။ သူက ပြန်လည်
ဝင်စားလာခဲ့သော မှော်ဆေးပညာရှင်အင်ပါယာ တစ်ယောက်ဖြစ်၏။ သူက မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်
ငချွတ်ကလေး
တစ်ယောက်အား မည်သည့်အတွက် ဂရုစိုက်နေရမည်နည်း။
စောစောလေးက ထုံယုံချန်နှင့် ကိစ္စမှာ သူက စကားများဖြင့် အပျင်းပြေ ဟာသလုပ်နေသည်ဟု သတ်မှတ်၍ ရပေသည်။ ယီယွမ်က ထိုမျှအထိ သဘောထားသေးသိမ်ခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ရှောင်ချန်ဖုန်းက သု့အပေါ်တွင် မျှော်လင့်ချက် မထားခဲ့ပေ။ သူက ထိုသူ့ကို အနည်းငယ် မျှားခေါ်လိုက်သည်နှင့် အလုပ်ဖြစ်သွားပေမည်။
ဤသို့အတွေး ဝင်လာပြီးနောက် ယီယွမ်က ဤမဟာဆေးလုံး အစည်းအဝေးကို ပို၍ပင် စိတ်ထဲမထည့်ခဲ့တော့ပေ။ သူ၏စိတ်ထဲတွင် ဒူချန်နှင့် နီးစပ်အောင် မည်သို့လုပ်ဆောင်ရမည်ကို အစီအစဉ်ချနေခဲ့၏။
ယီယွမ်က ခေါင်းကိုအသာညိတ်၍ သူနားလည်ကြောင်း ရှောင်ချန်ဖုန်းကို အချက်ပြလိုက်ပေသည်။
Chapter 11 is coming…..