ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၃၀ )
Chapter7
(အဲဒါက နည်းနည်းလောက် ပိုကောင်းမှာလား)
ပင်လယ်လေးခု အဆောက်အဦး၏ ဒုတိယအလွှာ…..
ရှောင်ရူယန်က သူမ၏နှုတ်ခမ်းကို ဖွဖွလေးကိုက်ထားခဲ့ပြီး သူမ၏ဆံသားများ အဖျားစွန်းတွင် ချွေးစက်များက အချိန်မရွေး ပြုတ်ကျတော့မည့်ဟန်ဖြင့် တွဲလဲခိုနေခဲ့ရာ သူမက အလွန်ကြိုးစား
အားထုတ်နေရဟန် ပေါ်နေခဲ့သည်။
"ဖွတ်"ဟူသောအသံဖြင့် အစိမ်းရောင်အခိုးအငွေ့ အစုအဝေးတစ်ခုက ဆေးအိုးအတွင်း၌ ပေါ်ပေါက်လာခဲ့၏။ သိသာစွာပင် အသုံးမဝင်သော ဆေးအိုးတစ်ခု ဖြစ်သွားခဲ့ပေသည်။
"ဘာလို့လဲ… ပြဿနာက
ဘယ်နေရာမှာလဲ….."
ရှောင်ရူယန်က သူမ၏လက်ဖမိုးဖြင့် နဖူးပြင်မှ ချွေးစက်များကို ဖယ်ရှားလိုက်ပြီး သူမက စိုးရိမ်မှုဖြင့် အနားမယူနိုင်ဘဲ ကြည့်ရှုနေခဲ့၏။
"ဒုတိယသခင်မလေး… အဲဒါကို အတင်းအကြပ်
ဖိအားမပေးတာ ပိုကောင်းပါတယ်… ဒီကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း
ဆေးလုံးက ဖော်စပ်လို့မရတဲ့ဆေးလုံး တစ်မျိုးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေတယ်လေ… မိသားစုခေါင်းဆောင် ကိုယ်တိုင်တောင် အဲဒီဆေးလုံးကို ဖော်စပ်နိုင်ခြင်းမရှိပါဘူး… ဒုတိယသခင်မလေး….." တာဝန်ခံထုံက ဘေးမှနေ၍ သူမကို နှစ်သိမ့်ပေးလိုက်သည်။
ရှောင်ရူယန်၏ မျက်လုံးများက မျက်ရည်များ လည်လာခဲ့သော်လည်း ထိုမျက်ရည်များက ခိုင်ခိုင်မာမာဖြင့် မကျမဆင်း ရှိနေခဲ့ပေ၏။
"ဒီကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း ဆေးလုံးက ပေါ်ထွက်လာခဲ့တယ်ဆိုတော့ အဲဒီဆေးလုံးကို ဖော်စပ်လို့မရတာက မဖြစ်နိုင်ဘူးမဟုတ်လား… တစ်ခုခုမှားယွင်းနေတာပဲ ဖြစ်မှာပါ… ကျွန်မ နောက်တစ်ခါ ကြိုးစားကြည့်မယ်… ကျွန်မက သေချာပေါက် အောင်မြင်နိုင်မှာပါ….." ရှောင်ရူယန်က ခေါင်းမာစွာဖြင့် ပြောလိုက်သည်။
တာဝန်ခံထုံက သက်ပြင်းတစ်ချက်ကို လေးပင်စွာချ၍ ပြောခဲ့၏။ "ဒုတိယသခင်မလေးက မဟာဆေးလုံးအစည်းအဝေး မစတင်ခင်မှာ ပထမသခင်လေးရဲ့ ခန္ဓာကိုယ်ပြန်ကောင်းလာဖို့ လုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်… ဒါပေမဲ့ ဒုတိယသခင်မလေး… တကယ်လို့ သခင်မလေးရဲ့ စိတ်ဝိညာဉ်ခွန်အားက ဒီနှစ်ရက်အတွင်းမှာ လွန်ကဲစွာဆုံးရှုံးရမယ်ဆိုရင် အဲဒီကိစ္စက အလုံးစုံအခြေအနေမှာ ပိုပြီး သက်ရောက်မှုတွေ ရှိလာတော့မှာ မဟုတ်လား….."
"ဟမ့်… ဂျိချင်က အဲဒီသုံးယောက်ကို သူတစ်ယောက်တည်းနဲ့ ယှဉ်နိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား… သူ့ကို တစ်ယောက်တည်း သွားခိုင်းလိုက်လေ….." ရှောင်ရူယန်က စိတ်ပျော့သွားခြင်း မရှိသေးပဲ ဦးတည်ရာကို ယီယွမ်ဆီသို့ ပြောင်းလဲပစ်လိုက်၏။
သိသာစွာပင် ယီယွမ်၏ ကျီစားလိုက်သော အပြုအမူကို သူမက အလွန်မကျေမနပ် ဖြစ်သွားစေခဲ့သည်။
"မိန်းကလေးရူယန်… မိန်းကလေးက ကျွန်တော့်ကို မြှောက်ပင့်ပေးနေတာလို့ ယူဆလိုက်ရမလား….." ယီယွမ်၏အသံက ရုတ်တရက်ပင် ထွက်ပေါ်လာ၏။
ရှောင်ရူယန်က ယီယွမ်ကိုမြင်သော် သူမက ပို၍ပင် ဒေါသထွက်သွားခဲ့ပြီး စိတ်တိုစွာဖြင့် ပြောဆိုလိုက်သည်။ "ရှင်ကတကယ်ကို အရေထူတာပဲ… ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားမှုတွေကို မသိသေးတဲ့ ငချွတ်ကလေး တစ်ယောက်ပဲ… ရှင်က ထုံယုံချန်ရဲ့ခွန်အား ဘယ်လောက်သန်မာတယ် ဆိုတာကို သိလို့လား… ရှင်က ကျောက်စိမ်းနဂါး နှလုံးငြိမ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်နေပြီလို့ ထင်နေတာလား… ရှင်က ထုံယုံချန်ရဲ့ရှေ့မှာ ဘာမှမဟုတ်ဘူးနော်….."
ယီယွမ်က ပခုံးတွန့်၍ ပြောခဲ့၏။ "မိန်းကလေးရူယန်ပြောတဲ့ ထုံယုံချန်ဆိုတာက ထုံမိသားစုရဲ့ ဂျူနီယာမျိုးဆက် နံပါတ်တစ်ဂျီးနီးယပ် လို့နာမည်ကြီးတဲ့ မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့် တစ်ယောက်ကို ပြောတာလား… ဒီလိုဆိုရင်ကော ဘယ်လိုလဲ… မဟာဆေးလုံးအစည်းအဝေး ကျင်းပတဲ့အခါ ကျွန်တော်က သူနဲ့ရင်ဆိုင်မယ်… ကျန်တဲ့သူတွေကို မိန်းကလေးတို့နဲ့ လွှဲအပ်ထားခဲ့မယ်… မိန်းကလေးရူယန်က ဘယ်လိုသဘောရလဲ….."
"ရှင့်ကိုလွှဲပေးခဲ့ရမှာလား… ရှင့်ရဲ့ကိုယ်ပိုင် စွမ်းရည်တွေကို တကယ်အထင်ကြီးလွန်း နေခဲ့တာပဲ… တော်လောက်ပြီ ပေါက်ကရတွေကို… ကျွန်မ ဆေးလုံးတွေဖော်စပ်နေတာ မနှောင့်ယှက်ပါနဲ့….."
ရှောင်ရူယန်က ယီယွမ်၏ မောက်မာဝံ့ကြွားမှု အပေါ်တွင် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိသာနေခဲ့သည်။ သူမက ဤနေရာတွင် အငြင်းပွားနေရန် အချိန်မရှိခဲ့ပေ။
အလာ်အလတ်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက်က မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်ကို မည်သို့
ယှဉ်ပြိုင်နိုင်မည်နည်း။
ဤအရာက လူအများ၏ ဉာဏ်ပညာကို စော်ကားနေသည် မဟုတ်ပေလော။
"အို… ဒါဆိုရင် မိန်းကလေးရူယန်က အခုအချိန်မှာ ဆေးလုံးဖော်စပ်နေတာ မဟုတ်လား… ဒါကြောင့်မို့ ကျွန်တော်က ဘေးကနေ ကောင်းကောင်း လေ့လာ
သင်ယူရမယ်လေ….." ယီယွမ်က ရုတ်တရက်ပင် စိတ်ဝင်စားသွားခဲ့၏။
သူကလည်း ဤရှောင်ရူယန်က မည်သည့်အဆင့်အတန်း ရှိနေသည်ကို အမှန်တကယ်ပင် သိရှိလိုနေခဲ့သည်။
အသက်၂၀ဟူသော အသက်အရွယ်မှာ နန်ဖိန်လျှိုချင်နှင့် အတူတူသာဖြစ်သော်လည်း သူမ၏ခွန်အားက နန်ဖိန်လျှိုချင်ထက် အဓိကနယ်ပယ်တစ်ခု ပိုမိုမြင့်မားပေ၏။
ရှောင်မိသားစု၏ထောက်ပံ့မှု ပါဝင်နေခဲ့မည်ဆိုလျှင် ရှောင်ရူယန်၏ မွန်းစတားဆန်မှုက စကားထဲထည့်ပြောရန် မလိုအပ်တော့ပေ။
ဟောင်မိသားစုနှင့် ရွှယ်မိသားစုတို့က ရှောင်ရူယန်အပေါ်တွင် အရေးတယူရှိနေခြင်းမှာ မြို့တော်၏ အလှနတ်သမီး နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်နေသည့်အပြင် မှော်ဆေးပညာလမ်း၌ သူမ၏ အကန့်အသတ်မဲ့သော အလားအလာကြောင့်လည်း ဖြစ်ပေလိမ့်မည်။
အနာဂတ် မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်ကို လက်ထပ်နိုင်မည်ဆိုလျှင် မှော်ဆေးပညာရှင်ဘုရင်ပင် အိမ်၌ရှိလာနိုင်ပေရာ ဤကိစ္စက မည်သို့ပင် ကြည့်ရှုစေကာမူ အကျိုးရှိသောကိစ္စတစ်ခု ဖြစ်ပေသည်။
သို့သော် ရှောင်ရူယန်က ထိုကိစ္စကိုလက်မခံခဲ့ပေ။ "ကျွန်မနဲ့ ဝေးဝေးနေပါ….."
ယီယွမ်က မဲ့ပြုံးပြုံး၍ ပြောလိုက်၏။ "မင်းနဲ့ငါက ရင်းနှီးချင်နေတာလို့ ထင်နေတာလား… မင်းရဲ့အဖိုးကြီးက ငါ့ကိုမင်းနဲ့အတူ ပိုမိုလေ့ကျင့်ဖို့ ပြောကြားခဲ့တာကြောင့်ပဲ… သူကပြောခဲ့တယ်နော်… အဲဒီလိုလုပ်တဲ့အခါ နှစ်ယောက်စလုံးရဲ့ မှော်ဆေးပညာ အဆင့်အတန်းက တိုးတက်လာနိုင်တယ်တဲ့… ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါကအဲဒီလို မလုပ်ချင်ဘူး… ငါ့ရဲ့အဆင့်က ဒီလောက်အထိ မြင့်မားနေတာဆိုတော့ တကယ်လို့ မင်းကငါ့ဆီကနေ တိတ်တဆိတ် သင်ယူသွားရင် ဘယ်လိုလုပ်မလဲ….."
ရှောင်ရူယန်က သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
ရှင့်ရဲ့အဆင့်က မြင့်တယ်လား… ဘယ်လောက်အထိ မြင့်မားတာလဲ…..
အဆင့်(3) အဆင့်မြင့်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့တာနဲ့ ရှင့်ကိုယ်ရှင် ဆရာကြီးဖြစ်နေပြီလို့ ထင်နေတာလား…..
ရှင်က အရှက်ရှိတာလား မရှိတာလား…..
ရှောင်ရူယန်က တာဝန်ခံထုံ၏အမြင်ကို အတည်ပြုလိုက်၏။ တာဝန်ခံထုံက သူ၏ဦးခေါင်းကို အသာအယာ ညိတ်ပြခဲ့သည့်အတွက် ယီယွမ်ပြောဆိုသော စကားတစ်ဝက်က အမှန်အတိုင်းဖြစ်ကြောင်း သူမက သိရှိသွားခဲ့သည်။
ထိုအရာက သူမ၏ဖခင် စေလွှတ်လိုက်သည်ဆို၍ သူ့ကိုနှင်ထုတ်ရန်မှာ ကောင်းမွန်သောအရာတစ်ခု မဟုတ်ခဲ့ပေ။
"တစ်ဖက်မှာရပ်ပြီးတော့ အသာကြည့်နေ… ကျွန်မရဲ့ဆေးဖော်စပ်မှုကို မနှောင့်ယှက်နဲ့…
တကယ်လို့ ရှင်က ကျွန်မဆေးဖော်စပ်တာကို ပျက်စီးစေခဲ့မယ်ဆိုရင် ရှင့်ကိုကျွန်မ ဘာလုပ်မလဲဆိုတာကို စဉ်းစားကြည့်ထား….." ရှောင်ရူယန်က သတိပေးလိုက်၏။
ယီယွမ်၏လက်ကျန် စကားတစ်ဝက်ကိုမူ သူမက ချက်ချင်းပင် လျစ်လျူရှုထားခဲ့သည်။
သူမ၏ဖခင်က မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်ဖြစ်၏။
သူမကယီယွမ်ဆီမှ တိတ်တဆိတ်လေ့လာရန် လိုအပ်နေသေးသည်လော….
ဤသို့ပြောပြီးနောက် ရှောင်ရူယန်က ကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း
ဆေးလုံးကို နောက်ထပ်တစ်ကြိမ် စတင်ဖော်စပ်လိုက်သည်။
ဤကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း ဆေးလုံး၏ ဖော်စပ်ရသောလုပ်ငန်းစဉ်က စိန်ခေါ်မှုအလွန်ကြီးမား၏။ ထိုဖော်စပ်မှုက စိတ်ဝိညာဉ်ခွန်အားကို ကြီးမားစွာ သုံးစွဲရသည့်အပြင် မှော်ဆေးပညာရှင်၏ သဘာဝစွမ်းအင်ကို ဝန်အများကြီး ပိစေနိုင်ပေသည်။
ရှောင်ရူယန်က ဤအချိန်မတိုင်ခင်တွင် အသုံးမဝင်သော ဆေးလုံးနှစ်လုံး ဖော်စပ်ခဲ့မိပြီးဖြစ်၏။ သို့ဖြစ်၍ ဤဆေးဖော်စပ်မှု စတင်ပြီးမကြာခင် သူမက အလွန်ခက်ခဲစွာဖြင့် ကြိုးစားနေခဲ့ရပုံ ပေါ်နေခဲ့သည်။
သို့သော် ရှောင်ရူယန်က သူမကိုယ်တိုင်ပင် အငြင်းပွားနေဟန်ဖြင့် အံကိုတင်းတင်းကြိတ်ပြီး စိတ်အားထက်သန်စွာဖြင့် ကြိုးစားနေခဲ့၏။
ယီယွမ်က ရှောင်ရူယန်ကို တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့သည်။ ယီယွမ်၏အမြင်တွင် သူကရှောင်ရူယန်၏ နားလည်နိုင်စွမ်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နားလည်သွားခဲ့၏။
ထိုအရာက တိုတောင်းသော အချိန်ကာလလေးသာ ဖြစ်သော်လည်း ယီယွမ်က ရှောင်ရူယန်၏ အခြေခံမှာ အလွန်ခိုင်မာသည်ကို မြင်တွေ့နိုင်ခဲ့သည်။
စိတ်ဝိညာဉ်ခွန်အား ကုန်ဆုံးမှုကြီးမားသော အခြေအနေအောက်တွင်ပင် သူမ၏ဆေးဖော်စပ်ခြင်းတွင် အနည်းငယ်မျှသော အမှားအယွင်းတစ်ခုပင် မရှိခဲ့ပေ။
ဤအချက်မှတစ်ဆင့် ရှောင်ရူယန်က အရည်အချင်းရှိသော မှော်ဆေးပညာရှင် တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေ၏။
သူတို့က အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာများ ဖြစ်ကြသော်လည်း ရှောင်ရူယန်က ချိုးကျစ်နှင့် ကျန်လူများထက် အများကြီး ပိုမိုအစွမ်းထက်နေခဲ့သည်။
သို့သော် မကြာမီအချိန်အတွင်း ရှောင်ရူယန်၏ ဆေးဖော်စပ်မှုတွင် ပြဿနာအချို့ ပေါ်ထွက်လာခဲ့သည်ကို ယီယွမ်က တွေ့ရှိလာခဲ့၏။
မီးလျှံကိုထိန်းချုပ်ခြင်းက ကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း ဆေးလုံးကို ဖော်စပ်ရာတွင် အရေးအကြီးဆုံးဖြစ်သည်။ တစ်စုံတစ်ယောက်က ဆေးလုံးအသွင်ပြောင်းစေရန် ဆေးအိုး၏ အပူချိန်ပြောင်းလဲမှုကို အမြဲမပြတ် ထိန်းချုပ်ပေးနေရန် လိုအပ်ပေ၏။
သို့သော် ရှောင်ရူယန်၏ ဆေးလုံးဖော်စပ်မှုက ထိုသို့သောပြောင်းလဲမှုမျိုး မရှိပေ။ ဆေးအိုး၏အပူချိန်က အစမှအဆုံးအထိ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။
အကယ်၍ သူမ၏ ဆေးဖော်စပ်ခြင်းနည်းလမ်း အမှားအယွင်းမရှိခဲ့လျှင် ဆေးလုံး၏အပူချိန်ကို ထိန်းချုပ်ပြောင်းလဲပေးမှု မရှိခဲ့၍ သူမကဆေးလုံးကို ဖော်စပ်နိုင်မည်မဟုတ်ပေ။
"မိန်းကလေးရူယန်… ဒီနည်းလမ်းနဲ့ အဲဒီဆေးလုံးကို ဖော်စပ်လိုက်မယ်ဆိုရင် အဲဒါက နည်းနည်းလောက် ပိုကောင်းလာမယ်လို့ ထင်လား….." ယီယွမ်က ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်၏။
သူကထိုသို့ပြောလိုက်ပြီး လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ ဆေးအိုးထဲသို့ နစ်မြုပ် ဝင်ရောက်သွားခဲ့သည်။
ရှောင်ရူယန်က လက်ရှိအချိန်တွင် ဆေးဖော်စပ်ခြင်း၌ အပြည့်အဝ အာရုံနှစ်မြှုပ်ထားခဲ့၏။ ဤလက်ဟန်က အစီအစဉ်မကျသော ဖြစ်စဉ်တစ်ခုကဲ့သို့ မမျှော်လင့်ထားဘဲ ရောက်ရှိလာသောအခါ သူမက ယီယွမ်ကို ချက်ချင်းပင် သတ်ဖြတ်ချင်ခဲ့သည်။
သို့သော် ကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း
ဆေးလုံးကို ဖော်စပ်မှုက ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့၏။ ဤအချိန်တွင် လက်လျှော့လိုက်မည် ဆိုလျှင် အရာရာတိုင်းက နောက်ဆုံးအပြီးသတ်တွင် ကျရှုံးသွားပေတော့မည်။ သူမက သူမ၏ဒေါသကို စိတ်ထဲတွင် အတင်းမျိုသိပ်ထားခဲ့ရပြီး ယီယွမ်ကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့ရုံသာ တတ်နိုင်ခဲ့သည်။
ယီယွမ်က သူ၏လျှာကို ပြူတစ်ပြူတစ်လုပ်ခဲ့ပြီး သူ၏အပြစ်ကင်းစင်မှုကို ပြသခဲ့ကာ ဘေးတစ်ဖက်သို့ပြန်ဆုတ်၍ ရပ်နေခဲ့ပေ၏။
သို့သော် ထိုအခိုက်အတန့်တွင် ရှောင်ရူယန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယီယွမ်၏ နှောင့်ယှက်လိုက်မှုကြောင့် ဆေးလုံးက ပျက်စီးမသွားခဲ့သည့်အပြင် ပို၍ခိုင်မာစွာ တည်ရှိလာခဲ့သည်ကို သူမက တွေ့ရှိခဲ့ရ၍ ဖြစ်ပေ၏။
စောစောလေးက ဆေးဖော်စပ်နေချိန်အတွင်း သူမက ဆေးလုံးကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးလာသည်ကို သေချာ
မှတ်မိနေခဲ့သော်လည်း ယခုအချိန်တွင် မည်သည့်အတွက်ကြောင့် ဆေးလုံးဖြစ်တည်လာမည့် လက္ခဏာများ ပြသလာခဲ့ရသနည်း။
ရှောင်ရူယန်က မသိလိုက်မသိဘာသာဖြင့် စောစောလေးက ဖြစ်ရပ်ကို ပြန်တွေးမိလိုက်သည်။ ယီယွမ်ထုတ်လွှတ်ခဲ့သော ထိုလက်ဟန်က ဆေးလုံးကို ပြောင်းလဲမှု တစ်စုံတစ်ရာမှ မရှိစေခဲ့သော်လည်း သူမ၏သဘာဝစွမ်းအင် အစိတ်အပိုင်းတစ်ခုကို ဖိနှိပ်သွားခဲ့၏။
ထို့ကြောင့် ဤသဘာဝစွမ်းအင် အစိတ်အပိုင်းတစ်ခုက ပြိုပျက်သွားခဲ့ရပြီး ဆေးအိုးအပူချိန်တွင် ပြောင်းလဲမှုအချို့ ပေါ်ပေါက်လာခဲ့ပုံ ရပေသည်။
ဖြစ်နိုင်တာက… ကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း ဆေးလုံးကို ဖော်စပ်တဲ့နေရာမှာ တစ်စုံတစ်ယောက်က ဆေးဖော်စပ်မှု အခြေအနေနဲ့လိုက်ပြီး ဆေးအိုးအပူချိန်ကို အချိန်တိုင်း ပြောင်းလဲပေးရတဲ့ အချက်များလား…..
ဤတွေ့ရှိမှုက ရှောင်ရူယန်ကို အံ့အားသင့်သွားစေခဲ့၏။
သူမက စတင်၍ ဆေးအိုးအပူချိန်ကို ထိန်းချုပ်ရန် သဘာဝစွမ်းအင် အစိတ်အပိုင်းတစ်ခုကို တိုးစေခြင်း လျော့နည်းစေခြင်း စသည်များကို စမ်းသပ်ကြည့်လိုက်သည်။
ဆေးအိုးအပူချိန်ကို လိုအပ်သလိုထိန်းချုပ်ခြင်း ဖြစ်ရပ်မှာ မှော်ဆေးပညာရှင် တစ်ယောက်၏ အခြေခံကျွမ်းကျင်မှုတစ်ခု ဖြစ်၏။ သို့သော် ဆေးအိုး၏ အပူချိန်ကို ကောင်းစွာထိန်းချုပ်နိုင်သော သူများမှာ အမှန်တကယ်တွင် အလွန်ရှားပါးပေ၏။
တိုတောင်းသောအချိန်လေး အတွင်း၌ ရှောင်ရူယန်က ချွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်သည်။
Chapter 8 is coming…..