ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၉ )
Chapter-10
(ကြင်ယာတော်ရှာဖွေရန် သိုင်းပြိုင်ပွဲကျင်းပခြင်း)
ကမ္ဘာနှစ်ခုကြား နယ်မြေလမ်းကြောင်းက စိတ်ဖိစီးမှုကြီးမားလွန်းသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့သည်။ လူများက အမြဲမပြတ် ကင်းလှည့်နေခဲ့ကြ၏။
လန်ယုက လန်ဟူနှင့်အတူတူ လှည့်ပတ်ကြည့်ရှု စစ်ဆေးနေခဲ့ကြချိန်တွင် လန်ယုက ရုတ်တရက် ပြောလိုက်သည်။ "လန်ပေထွက်သွားတာ ဒီလောက်အထိ အချိန်ကြာနေခဲ့ပြီကို ဘာသတင်းမှ မကြားရသေးဘူး… ငါက နည်းနည်းတော့ စိုးရိမ်မိနေပြီ….."
လန်ဟူက ထိတ်လန့်သွားခဲ့ပြီး ပြောဆိုခဲ့၏။ "မဖြစ်နိုင်ဘူး… မဟုတ်ဘူးလေ… အစ်ကိုကြီးလန်ပေရဲ့ ခွန်အားက တော်တော်ကြီးမားတယ်… စောစောလေးကမှ စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို တက်ရောက်ထားခဲ့တဲ့ ငချွတ်ကလေး တစ်ယောက်ကို သူက ရှုံးနိမ့်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား….."
"ငါလည်း အဲဒီလို မဖြစ်နိုင်ဘူးလို့ ထင်တယ်… ဒါပေမဲ့ သူက အဲဒီယီယွမ်နဲ့ တိုက်ခိုက်ပြီးပြီဆိုရင် သူက ပြန်လာတာ ကြာနေလောက်ပြီ မဟုတ်လား….." လန်ယုက မျက်မှောင်ကုတ်၍ ပြောလိုက်သည်။
"ဒါမှမဟုတ် သူက လမ်းခရီးမှာ ကိစ္စအချို့ကြောင့် နှောင့်နှေးနေတာများ ဖြစ်နေမလား….."
လန်ယုက သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့၏။ "ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး… ငါတို့က အရှင်လေအင်ပါယာကို သတိပေးနိုင်ဖို့အတွက် ဗဟိုမြို့တော်ကို လူလွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်… ခေါင်းဆောင်ကြီးက ဗဟိုမြို့တော်ကို ရောက်သွားပြီလို့ ငါထင်တယ်… အဲဒီကျွန်တစ်အုပ်လုံးကို ရောင်းချခဲ့ပြီး ဖြစ်လိမ့်မယ်… လန်ဟူ… ငါကမင်းကို ဒီခရီးအတွက် ဒုက္ခပေးရလိမ့်မယ်….."
လန်ဟူက အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှ ခေါင်းညိတ်၍ ပြောလိုက်သည်။ "ကောင်းပါပြီ… အရှင်လေအင်ပါယာကို ကျုပ်ကတွေ့ရတဲ့အခါ ဘာပြောရမလဲ….."
"အမှန်အတိုင်းပြောလိုက်… ဒါပေမဲ့ မင်းက အဲဒီကောင်လေးရဲ့ စွမ်းရည်တွေကို အရှင်လေအင်ပါယာ သိသွားအောင် ပြောပြပေးရလိမ့်မယ်… အရှင်လေအင်ပါယာရဲ့ ဉာဏ်ပညာနဲ့ဆိုရင် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ငချွတ်ကလေးကို ဖမ်းဆီးဖို့ဆိုတာ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုပဲ….."
"ကောင်းပြီလေ… ဒါဆိုရင်တော့ ကျုပ်အခုချက်ချင်း သွားလိုက်ပါ့မယ်….." လန်ဟူကလည်း အချိန်ဆွဲနေခြင်းမရှိတော့ဘဲ ထိုသို့ပြောပြီးသည်နှင့် ထွက်ခွာသွားခဲ့၏။
. . . . . .
လေထုမြင့်တက်ခြင်းမြို့…..
ထိုမြို့က ဗဟိုမြို့တော်ကို ဝန်းရံ၍ ကာကွယ်ပေးနေကြသော မြို့ကြီးလေးမြို့အတွင်းမှ မြို့တစ်မြို့ဖြစ်သည်။
ပထမမုန်တိုင်းနယ်မြေကို ဝင်ရောက်လာပြီးနောက် မြို့အများအပြား တည်ရှိနေသည်ကို တွေ့နိုင်ပေ၏။
မြို့တစ်မြို့စီတိုင်း၌ မုန်တိုင်းကိုတိုက်ထုတ်ခြင်း ဝင်္ကပါများ ရှိနေကြသည်။ မြို့များထဲတွင် နေထိုင်ကြသော သိုင်းပညာရှင်များက အဆုံးမဲ့ကမ္ဘာကြီးနှင့် အများကြီး ခြားနားခြင်း မရှိပေ။ သို့ရာတွင် မြို့ထဲ၌ မြေတစ်လက်မက ရွှေတစ်လက်မကဲ့သို့ တန်ဖိုးကြီးမားပေ၏။ ပုံမှန်သိုင်းပညာရှင်များက မြို့ထဲရှိ ကုန်ကျစရိတ်များကို တတ်နိုင်စွမ်းမရှိကြပေ။
အစွန်အဖျားရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အားလုံး၏ နောက်ဆုံးခရီးပန်းတိုင်က ဤမြို့ကြီးလေးမြို့ ဖြစ်သည်။
လေထုမြင့်တက်ခြင်းမြို့ အထဲရှိ စားသောက်ဆိုင်တစ်ခုတွင် လူငယ်လေးတစ်ယောက်က စားသောက်နေရင်း ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များ ပြောဆိုနေကြသည့် စကားများကို နားထောင်နေခဲ့၏။
"မင်းတို့အားလုံး ကြားပြီးကြပြီလား… နှစ်ပေါင်းလေးထောင် ကြာပြီးတဲ့အချိန်မှာ ငါတို့ရဲ့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးနဲ့ အဆုံးမဲ့ကမ္ဘာကြီးတို့အကြား နယ်မြေလမ်းကြောင်းက ပွင့်သွားခဲ့ပြီတဲ့….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်တစ်ယောက်က သူ၏အဖော်များကို ပြောလိုက်ပေသည်။
အမှန်တကယ်ပင် သူကထိုသို့ ပြောလိုက်သည်နှင့် လူတိုင်း၏ စိတ်ဝင်စားမှုက မြင့်တက်သွားခဲ့၏။ "အဆုံးမဲ့ကမ္ဘာကြီး
ဟုတ်လား… အဲဒါက ဘယ်လိုနေရာမျိုးလဲ….."
"ညံ့လိုက်တာ… အဲဒီနေရာကို ကမ္ဘာကြီးတစ်ခုလို့ ခေါ်နေခဲ့မှတော့ အဲဒါက ငါတို့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးလို ကမ္ဘာငယ်လေး
တစ်ခုပေါ့ကွ….."
"အာ… အဲဒီလိုမျိုး တကယ်ရှိနေတာလား… ဒါဆိုရင် အဲဒါက ငါတို့တွေ အနာဂတ်မှာ ဒီမုန်တိုင်းပြင်းထန်တဲ့ သဲတောထဲမှာ ထပ်ပြီးတော့ မနေရတော့ဘူးလို့ ဆိုလိုတာလား….."
"ဟီးဟီး… ဒါပေါ့ကွာ… အရှင်လေအင်ပါယာက အဆုံးမဲ့ကမ္ဘာကြီးကို အပြီးသတ်သိမ်းယူဖို့ အင်အားစုတွေအားလုံးကို အစွမ်းကုန် ပြင်ဆင်နေခဲ့ပြီ… အဲဒီအချိန်ကျရင် ငါတို့က ဒီမုန်တိုင်းပြင်းထန်တဲ့ သဲတောထဲမှာ ထပ်ပြီးတော့ မနေရရုံတင်မကဘူး… အလှအပတွေနဲ့ သဘာဝသလင်းတုံးတွေ မရေမတွက်နိုင်အောင်ရှိတဲ့ နေရာမှာ ပျော်ပျော်ပါးပါးကြီး နေထိုင်ရတော့မှာ….." လူလတ်ပိုင်းအရွယ် လူကြီးက သာယာလှပသောဘဝကို ကြိုတင်စိတ်ကူးယဉ်နေခဲ့ပြီ ဖြစ်သည်။
"မင်းက ဒီသတင်းကို ဘယ်ကရလာတာလဲ… အဲဒါက အမှန်တကယ် ဟုတ်လို့လား….."
"တကယ်ကို မှန်ကန်တဲ့သတင်းပါ… ငါ့ရဲ့အစ်ကိုကြီးက ဗဟိုမြို့တော်မှာရှိတဲ့ ရှောင်မိသားစုမှာ လုံခြုံရေးတစ်ယောက်လေ… လွန်ခဲ့တဲ့နှစ်ရက်က လေထုမြင့်တက်ခြင်းမြို့ကို ကိစ္စအချို့ လာလုပ်တဲ့အခါမှာ ငါ့ကိုဒီသတင်း ပြောကြားခဲ့တယ်… သေချာပေါက် မမှားနိုင်ဘူး… ငါ့အစ်ကိုကြီး ပြောတာကတော့ ရှောင်မိသားစုက အဆုံးမဲ့ကမ္ဘာကြီးရဲ့ ကျွန်နှစ်ယောက်ကို ဝယ်ယူခဲ့တယ်တဲ့… သူတို့တစ်ယောက်ချင်းစီက အလွန်နူးညံ့ပျော့ပျောင်းပြီး ငါတို့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက လူတွေထက် ကြည့်ရပိုကောင်းတယ်တဲ့…" လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ကြွားဝါပြောဆိုခဲ့၏။
ဤစကားများကို ကြားလိုက်ရချိန်တွင် ဘေး၌စားသောက်နေသော လူငယ်လေး၏ မျက်လုံးများက အလိုအလျောက်ပင် ဝင်းလက်သွားခဲ့သည်။
ဤလူငယ်လေးက မကြာသေးခင်အချိန်မှ မြို့ထဲသို့ ဝင်ရောက်လာခဲ့သော ယီယွမ်ပင် ဖြစ်ပေ၏။
တိမ်တိုက်မြူးထူးခြင်း မျိုးနွယ်စုမှ ထွက်လာပြီးနောက် ယီယွမ်နှင့်လန်ဖုန်းတို့က နောက်ထပ်တစ်ကြိမ် ခရီးဝေးသွားခဲ့ကြရပြီး လေထုမြင့်တက်ခြင်းမြို့သို့ ယမန်နေ့ကမှ ရောက်ရှိလာခဲ့သည်။
စားသောက်ဆိုင်များက သတင်းပေါင်းစုံ စုဝေးနေသော နေရာများဖြစ်ကြောင်း ယီယွမ်က သိရှိပေ၏။ သို့ဖြစ်၍ သူက ယနေ့ မိန်ကျန်းနှင့်တကွ အခြားလူများနှင့် ဆက်စပ်နေသော သတင်းအချို့ကို ရရှိနိုင်မည်ဟု မျှော်လင့်လျက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သူက အမှန်တကယ်ပင် အသုံးဝင်သော သတင်းကို ရရှိခဲ့ပုံ ရပေ၏။
ယီယွမ်အတွက် ဤသို့သော သတင်းမျိုးက အလွန်တန်ဖိုးရှိနေခဲ့သည်။
မြို့တော်သို့ နီးကပ်လာပြီးနောက် ယီယွမ်က လန်ပေကို အတူခေါ်လာရန် မသင့်တော်တော့ပေ။ ဤမြို့တွင်ကျန်ရှိနေခဲ့သော လန်မျိုးနွယ်စု အဖွဲ့ဝင်များက အခွင့်အရေးရရှိသွားပြီး သူတို့ကို တွေ့သွားသည်နှင့် ပြဿနာက ကြီးမားသွားပေလိမ့်မည်။
ယီယွမ်က လက်ဖက်ရည်တစ်ငုံကို အရသာခံသောက်လိုက်ပြီး အတော်ကလေး မျက်နှာမသာမယာ ဖြစ်နေခဲ့၏။
ဤဗဟိုမြို့တော်တွင် ထူးချွန်သူများက တိမ်တိုက်များကဲ့သို့ များပြားလှပေသည်။ သူ၏အဖွဲ့သားများကို ကယ်ဆယ်ရန်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို တက်ရောက်ခြင်းကဲ့သို့ ခက်ခဲလှ၏။
သို့သော် လေအင်ပါယာအတွက် ကမ္ဘာနှစ်ခုကြား စစ်ပွဲတစ်ခုကို ဆင်နွှဲရန်မှာ ထူးချွန်သူအရေအတွက် အလွန်များပြားစွာ ရွှေ့ပြောင်း စုစည်းရန်
လိုအပ်ပေသည်။ ဤအရာက ယီယွမ်အတွက် အခွင့်အရေးတစ်ခု ဖြစ်ပေ၏။
ယီယွမ်က သူ့စိတ်ထဲတွင် မှိုင်တွေနေခဲ့ချိန်၌ ထိုစားပွဲမှ လူများက နောက်တစ်ကြိမ် ပြောဆိုနေခဲ့ကြသည်။
"ရှောင်မိသားစုအကြောင်း ပြောရမယ်ဆိုရင် မင်းတို့ကြားပြီးကြပြီလား… ရှောင်မိသားစုရဲ့ မင်းသမီးငယ်လေး ရှောင်ရူယန်က ခင်ပွန်းတစ်ယောက်ရှာဖွေဖို့ သိုင်းပြိုင်ပွဲ ကျင်းပတော့မယ်တဲ့… ငါတို့ လေထုမြင့်တက်ခြင်းမြို့မှာ စာရင်းသွင်းဖို့နေရာတစ်ခု ရှိတယ်… ရှောင်ရူယန်က ကောင်းကင်ဘုံရဲ့ နတ်သမီးတစ်ယောက်လို လှပတယ်လို့ ငါကြားဖူးတယ်… တကယ်လို့ ငါကသူမနဲ့ နီးစပ်နိုင်မယ်ဆိုရင် ငါက ကြည်ကြည်ဖြူဖြူနဲ့ သေပေးနိုင်ပါတယ်….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်ထံတွင် ရူးသွပ်နေသော အကြည့်တစ်ခု ရှိနေခဲ့ပေ၏။
"လက်လျှော့လိုက်တော့… သူတို့မိသားစုရဲ့ ကြင်ယာရှာတဲ့ သိုင်းပြိုင်ပွဲကြီးမှာ ပါဝင်ဖို့ ပထမဆုံး လိုအပ်ချက်က အသက် ၃၀အောက် ဖြစ်ရမယ်တဲ့… မင်းက အသက်လွန်သွားခဲ့ပြီ….." နောက်ထပ်လူတစ်ယောက်က
ထိုးနှက်လိုက်သည်။
"ဟူး… မင်းတို့က ဟာသလုံးဝမလုပ်သင့်ဘူး… ငါ့အစ်ကိုပြောတာက မိန်းကလေးရှောင်ရူယန်ကို သူတစ်ခါ မြင်ဖူးတယ်တဲ့… မြင်လိုက်ရတဲ့အခါ သူမရဲ့ နတ်သမီးလို လှပတဲ့အလှအပကြောင့် နေရာမှာတင် မှင်တက်သွားခဲ့တယ်တဲ့လေ… ဒီလိုမျိုး အလှပဂေးလေး တစ်ယောက်ကို မင်းတို့က မလိုချင်ကြဘူးလား….."
"အမှိုက်… မိန်းမလှလေးတွေကို မနှစ်သက်တဲ့သူ ဘယ်လိုလုပ်ပြီးရှိမှာလဲ… ဒါပေမဲ့ သူနဲ့ငါတို့က ကမ္ဘာခြားနေတဲ့ လူတွေပဲလေ… ဒီလိုမဖြစ်နိုင်တဲ့ အတွေးမျိုးကို မတွေးတာ အကောင်းဆုံးပဲ… ဘာပဲဖြစ်ဖြစ် အချိန်တန်လာတဲ့အခါ ငါကလည်း လူရွေးချယ်တဲ့အထဲ ပါဝင်ဦးမယ်….."
ထိုအချိန်တွင် ယီယွမ်က အနားသို့ ရုတ်တရက် ကပ်လာခဲ့ပြီး မေးမြန်းခဲ့၏။ "ဒီကအစ်ကိုကြီး… ရှောင်မိသားစုလို အင်အားကြီးမားတဲ့ မိသားစုတစ်ခုက ဘာလို့များ သူတို့မိသားစုက မိန်းကလေး ကြင်ယာရှာဖို့အတွက် သိုင်းပြိုင်ပွဲတစ်ခု ကျင်းပတာလဲ….."
ထိုလူလတ်ပိုင်း သိုင်းပညာရှင်က ယီယွမ်ကို တစ်ချက်ကြည့်၍ အထင်သေးစွာဖြင့် ပြောလိုက်သည်။ "ဘာတုန်း… မင်းက ဒီခွန်အားလောက်နဲ့ ပြိုင်ပွဲဝင်မလို့လား… မင်းက စိတ်လျှော့လိုက်သင့်တယ်လို့ ငါထင်တယ်… ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ သူအားလုံးက အနည်းဆုံးအနေနဲ့ နှောင်းပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို ရောက်ရှိနေဖို့ လိုတယ်… မင်းက အဆင့်(2) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ခွန်အားနဲ့ သွားလိုက်မယ်ဆိုရင် အခြားသူတွေက မင်းကို သေဆုံးသွားတဲ့အထိ ရိုက်နှက်ကြလိမ့်မယ်….."
ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောခဲ့၏။ "ဟားဟား… အစ်ကိုကြီးက မှားနေပြီ… ဒီညီငယ်လေးက မြို့ကနေ အခုမှထွက်လာတာမို့ မြို့တော်ရဲ့ ကိစ္စတွေကို အများကြီး မသိသေးဘူးလေ… ဒါကြောင့် ကျွန်တော်က ပိုပြီး နားလည်ချင်တာပါ… အဲဒါက လောကကြီးကို လေ့လာကြည့်ရှုခြင်းလို့ ခေါ်လို့ရပါတယ်….."
ထိုသို့ပြောနေရင်း ယီယွမ်က အလယ်အလတ်အဆင့် သဘာဝသလင်းတုံးတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုသလင်းတုံးကို လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က မျက်ခုံးတွန့်သွားခဲ့ပြီး ချက်ချင်းပင် အပြုံးမျက်နှာသို့ ပြောင်းလဲသွားခဲ့ကာ ပြောဆိုခဲ့၏။ "ဟားဟား… မင်းတို့လို လူငယ်လေးတွေအတွက် လောကကြီးကို လေ့လာစူးစမ်းတယ်ဆိုတာ ကောင်းမွန်တဲ့အရာ တစ်ခုပဲ… မင်းကငါ့ကို မေးမြန်းတာက သင့်တော်တဲ့လူကို မေးမြန်းလိုက်တာလို့ သတ်မှတ်နိုင်တယ်… ရှောင်မိသားစုက မြို့တော်မှာ ဒုတိယတန်းစား မိသားစုတစ်ခုပဲ… အင်အားအရာမှာ သူတို့က ပထမတန်းစား မိသားစုတွေဖြစ်တဲ့
ဟောင်မိသားစုနဲ့ ရွှယ်မိသားစုတွေထက်
နိမ့်ကျတယ်… လွန်ခဲ့တဲ့တစ်နှစ်က ဒီရှောင်ရူယန်ကို လက်ထပ်ထိမ်းမြားချင်တဲ့ အတွက် ဟောင်မိသားစုနဲ့ ရွှယ်မိသားစုတို့က တစ်ချိန်တည်းမှာ တောင်းဆိုလာကြတယ်… ရှောင်မိသားစုကတော့ အဲဒီမိသားစုနှစ်ခုထဲက ဘယ်မိသားစုကိုမဆို မဆန့်ကျင်ရဲဘူး… သူတို့က နောက်ထပ်အချိန်ဆွဲလို့ မရတော့တဲ့အထိ အချိန်ဆွဲခဲ့ကြတယ်… ဒါကြောင့် သူတို့က နောက်ဆုံးမှာ ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ ဗျူဟာတစ်ခု ရရှိသွားခဲ့တယ်… အဲဒါက ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲဆိုပေမဲ့ အမှန်တကယ်က ဟောင်မိသားစုနဲ့ ရွှယ်မိသားစုတို့ မိသားစုနှစ်ခုကြား ယှဉ်ပြိုင်ပွဲကြီး မဟုတ်ဘူးလား… သာမန်သိုင်းပညာရှင်တွေက မိသားစုနှစ်ခုရဲ့ ပြိုင်ဖက် ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ….."
ယီယွမ်က သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီးပြောတာကနေ ကောက်ချက်ချရမယ်ဆိုရင် ဒီကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲကြီးက အပေါ်ယံပြင်ဆင်ထားတဲ့ ကိစ္စတစ်ခု မဟုတ်လား… သွားပြီးတော့ စာရင်းပေးတဲ့သူ ဘယ်သူမှ မရှိနိုင်ဘူးမဟုတ်လား….."
"ဟီးဟီး… ဒါဆိုရင် မင်းခန့်မှန်းတာမှားသွားပြီ… အဲဒီလမ်းမှာ လူငယ်တွေနဲ့ ပြည့်နှက်နေတာကို မင်းမြင်ရလား… သူတို့အားလုံးက ရှောင်ရူယန်ကို ရည်ရွယ်နေကြတာပဲ….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ရယ်မော၍ ပြောဆိုခဲ့၏။
"ဒီကိစ္စကို မင်းကနားမလည်နိုင်ဘူး မဟုတ်လား… ရှောင်ရူယန်က မြို့တော်မှာရှိတဲ့ အလှပဂေးနှစ်ယောက်ထဲက တစ်ယောက်လေ… ကောင်းကင်ဘုံအောက်မှာရှိတဲ့ ဘယ်လိုယောက်ျားမျိုးက သူမရဲ့ လှပမှုကို မလိုချင်ဘဲရှိမှာလဲ… သူတို့က နှောင့်ယှက်သူအဖြစ် လုပ်ဆောင်နေမှန်း သိနေခဲ့ရင်တောင် မှန်ကန်တဲ့ အသက်အရွယ်မှာရှိနေရင် သူတို့အားလုံးက ဘဲကျောင်းသား
တစ်ယောက်လို ကောက်ကောက်ပါအောင် လိုက်ပါကြလိမ့်မယ်… ပြီးတော့ ငါတို့လို သိုင်းပညာရှင်တွေအတွက် ရှောင်ရူယန်နဲ့ လက်ထပ်လိုက်ရတယ်ဆိုရင် တစ်ချက်တည်းနဲ့ ကောင်းကင်ကို ထိုးတက်သွားလိမ့်မယ်… ဒါဆိုရင် မင်းစဉ်းစားကြည့်လိုက်ပါ… သူတို့က ပါဝင်ယှဉ်ပြိုင်သင့်လား… မပါဝင်သင့်ဘူးလား….."
Chapter 11 is coming…..