ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၈ )
Chapter-14
"အစစ်အမှန်အသိဟုတ်လား… မင်းက အစစ်အမှန်အသိကို နားလည်သွားခဲ့တယ်လို့ ပြောလိုက်တာလား….." လန်ပေ၏အကြည့်က ထက်ရှသွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။
"ဘာလဲ… မင်းက အဲဒါကို မယုံကြည်ဘူးလား… မင်းက လာပြီးစမ်းကြည့်နိုင်တယ်….." ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောခဲ့၏။
လန်ပေ၏မျက်လုံးများက အရောင်ပြောင်းသွားခဲ့သည်။ အစစ်အမှန်အသိက မည်သည့်အရာကို ဆိုလိုသည်အား သူကောင်းစွာသိရှိပေ၏။
အစစ်အမှန်အသိကို နားလည်ရန်ခက်ခဲမှုကိုလည်း သူကသေချာသိထားခဲ့သည်။
နေ့တစ်ဝက်အချိန်အတွင်း ယီယွမ်က အစစ်အမှန်အသိတစ်ခုကို အမှန်တကယ် နားလည်သွားခဲ့၏။ ဤအရာက သူ့အတွက် အလွန့်အလွန် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
သူက ယီယွမ်၏နောက်သို့ ခုနှစ်ရက်ကြာလိုက်လာခဲ့ပြီး အဆုံးသတ်တွင် ဤသို့သော ရလဒ်တစ်ခုက ထွက်ပ်ါလာခဲ့၏။ ဤအရာကို လက်ခံရန် သူက အဆင်သင့်မဖြစ်သေးပေ။
သို့ဖြစ်၍ သူကထိုအရာကို မယုံကြည်ရန် ရွေးချယ်လိုက်သည်။
"ဟမ့်… ဒါဆိုရင်လည်း ငါကမင်းကို တိုက်ခိုက်ကြည့်ရမှာပေါ့… ငါ့ရဲ့တိုက်ခိုက်မှုကို ကံကောင်းထောက်မပြီး တစ်ခါလောက် ရှောင်တိမ်းနိုင်တာနဲ့ ငါ့ကိုကြောက်ရွံ့သွားစေမယ်လို့ ထင်နေတာလား… အစစ်အမှန်အသိ ဟုတ်လား… ဟီးဟီး… အစစ်အမှန်အသိက နားလည်ဖို့ ဒီလောက်လွယ်ကူတာလား….." လန်ပေက အေးစက်စွာဖြင့် လှောင်ပြောင်ခဲ့၏။
စကားအဆုံးတွင် နောက်ထပ်
လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။
လက်သီးချက်ကို သူကပထမဆုံး ထုတ်ဖော်လိုက်သည့် အချိန်အတွင်း ယီယွမ်၏ ခန္ဓာကိုယ်က စက္ကူစတစ်ခုကဲ့သို့ လွင့်မျောသွားခဲ့၏။ လက်သီးချက်က လေဟာနယ်ကိုသာ ထိုးမိသွားခဲ့သည်။
လန်ပေ၏မျက်နှာက ပျက်ယွင်းသွားခဲ့၏။ ယီယွမ်၏ လှုပ်ရှားမှုများက သူဘာတွေးနေသည်ကို သိရှိနေသည့်ဟန်ဖြင့် အလွန်ထူးခြား ဆန်းကြယ်နေခဲ့သည်။
စောစောလေးက ထိုလက်သီးချက်ကို ယီယွမ်က သူ၏တိုက်ခိုက်မည့်စိတ်ကို တိတိကျကျ ခန့်မှန်းမိဟန်ဖြင့် ချက်ချင်းတုံ့ပြန်လိုက်၏။
လန်ပေ၏ အမြန်နှုန်းက အလွန့်အလွန် ပေါ့ပါးမြန်ဆန်လှ၏။ ဤအရာက အချိန်တိုအတွင်း ဆုံးဖြတ်ချက်ချပြီး ချက်ချင်းတိုက်ခိုက်မှု
ဖြစ်သည်။ ယီယွမ်၏ အမြန်နှုန်းက မမြန်သော်လည်း သူကဤတိုက်ခိုက်မှုကို ချက်ချင်းတုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်၏။
"ငါအခုထိ မယုံကြည်နိုင်သေးဘူး….."
လန်ပေက အံကိုတင်းတင်းကြိတ်ပြီး ယီယွမ်၏ ခန္ဓာကိုယ်ဆီသို့ လက်သီးချက်များကို
အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာသော မိုးသက်မုန်တိုင်းကဲ့သို့ ထိုးနှက်လိုက်သည်။
သို့သော် ယီယွမ်၏ ခန္ဓာကိုယ်က လေအဝှေ့တွင် ကျဆင်းလာခဲ့သော သစ်ရွက်တစ်ရွက်ကဲ့သို့ လွင့်မျောနေခဲ့၏။ လန်ပေ၏ လက်သီးချက်က ပို၍ပြင်းထန်လာလေလေ ယီယွမ်ကို ထိမိရန် ပို၍ခက်ခဲလာလေလေပင် ဖြစ်သည်။
လန်ပေ၏ လက်သီးချက်များက လေထုကို အတင်းအကြပ် တွန်းအားပေးနေခဲ့၍ ယီယွမ်ကို အဝေးသို့ လွင့်သွားစေရန် တွန်းပေးနေသည်နှင့် တူနေခဲ့၏။ ထို့ကြောင့် လန်ပေက မည်သို့ပင် တိုက်ခိုက်နေစေကာမူ သူကယီယွမ်ကို မထိခိုက်စေနိုင်ပေ။
မျက်စိတစ်မှိတ်အချိန်အတွင်း သိုင်းကွက်တစ်ရာကျော် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သို့သော် လန်ပေက ယီယွမ်၏ အင်္ကျီထောင့်စွန်းကိုပင် မထိနိုင်ခဲ့ပေ။
ဤအချိန်တွင်တော့ ယီယွမ်က ပတ်ဝန်းကျင်ရှိ လေပြင်းများနှင့် အတူတကွ ပေါင်းစပ်သွားခဲ့ပြီး သူကမုန်တိုင်းတစ်ခုလုံးကို တိုက်ခိုက်နေရသည်နှင့် တူနေသော ခံစားချက်တစ်ခုကို လန်ပေက အနည်းငယ် ခံစားနေခဲ့ရ၏။
ဤသို့သော ခံစားချက်မျိုးက အလွန်အမင်း မဖြစ်နိုင်သည့်ဟန် ပေါ်နေခဲ့သော်လည်း ထိုအရာက အမှန်ဖြစ်နေသော အရာတစ်ခုဖြစ်သည်။
"လက်လျှော့လိုက်တော့… မင်းကငါ့ကို မထိခိုက်စေနိုင်ဘူး… တကယ်လို့ မင်းမှာခွန်အားပြည့်ရှိနေမယ် ဆိုရင် ငါကနည်းနည်းလောက် စိုးရိမ်နေဦးမယ်… ဒါပေမဲ့ အခုလက်ရှိမှာ မင်းကငါ့ကို လုံးဝမထိနိုင်ဘူး….." ယီယွမ်က အသာအယာပင် ပြောလိုက်၏။
"မင်းပါးစပ်ကို ပိတ်ထားစမ်း… ငရဲကို သွားလိုက်တော့….." လန်ပေက ရူးသွပ်နေသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့ပြီး ယီယွမ်၏စကားများကို လုံးဝပင် မကြားခဲ့သလို သဘောထားခဲ့သည်။
သို့မဟုတ် သူကဤအချက်ကို လက်ခံရန် လုံးဝစိတ်ကူးမရှိခြင်းလည်း ဖြစ်နိုင်ပေ၏။
"ဟူးးးးး….." ယီယွမ်က သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်သည်။ သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး လန်ပေ၏ လက်သီးအရိပ်များအတွင်းမှ ပျောက်ကွယ်သွားခဲ့၏။
သူပြန်ပေါ်လာသောအချိန်တွင် ပေတစ်ရာကျော် ဝေးကွာသောနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
"မင်းရဲ့တိုက်ခိုက်မှုတွေက ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေခဲ့တဲ့ လေဓားပါးတွေနဲ့ ယှဉ်လိုက်ရင် အများကြီး
အဆင့်နိမ့်နေတယ်… အဲဒီလေဓားပါးလေးတွေက ငါ့ကိုထပ်ပြီးတော့ ဒဏ်ရာမရစေနိုင်တော့ဘူး… ဒါဆိုရင်မင်းက ငါ့ကိုဘာလို့ အန္တရာယ်ပေးနိုင်မှာလဲ….."
လန်ပေ၏ မျက်နှာအမူအရာက ရုပ်အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့၏။ ယီယွမ်က လေအလျဉ်အစစ်အမှန်အသိ ဟုခေါ်သည့် အရာကို အမှန်တကယ် နားလည်သွားခြင်း ဖြစ်နိုင်ကြောင်း သူသိရှိသွားခဲ့သည်။
သူကယီယွမ်ကို သတ်ဖြတ်ရန် ကျရှုံးခဲ့သည်သာမကဘဲ ယီယွမ်ကို အလွန်ကြီးမားသော အကျိုးကျေးဇူးတစ်ခုကို ရိတ်သိမ်းသွားနိုင်အောင် ကူညီပေးမိသွားခဲ့၏။ ယခု လန်ပေ၏ စိတ်ဓာတ်ကျမှုကို ခန့်မှန်းကြည့်၍ ရနိုင်ပြီဖြစ်သည်။
"မင်းရဲ့လက်သီးက ဘယ်လောက်အထိ မြန်ဆန်နေပါစေ မင်းစတင်လှုပ်ရှားလိုက်တာနဲ့ လေထုက မင်းလှုပ်ရှားမှုနဲ့ အတူတူပဲ လှုပ်ရှားကြတယ်လေ… မင်းကျေးဇူးကြောင့်ပဲ ငါက ဒီပဉ္စမမုန်တိုင်းနယ်မြေမှာရှိတဲ့ လေစီးဆင်းမှုနိယာမကို ဆုပ်ကိုင်နိုင်ခဲ့ပြီး လေအလျဉ်အစစ်အမှန်အသိကို နားလည်ခဲ့တာပါ….." ယီယွမ်က ပြောခဲ့၏။
"ဟမ့်… မင်းက အစစ်အမှန်အသိကို ဆုပ်ကိုင်နိုင်တော့ရော ဘာအရေးလဲ… ငါတို့လန်မိသားစုမျိုးနွယ်က နယ်မြေလမ်းကြောင်းကို စောင့်ကြပ်ဖို့ အင်အားအများကြီး ချထားခဲ့တယ်… မင်းက အဆုံးမဲ့ကမ္ဘာကြီးကို အသက်ရှင်ရက် ပြန်လည်
လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား….." လန်ပေက အေးစက်စွာဖြင့် လှောင်ပြောင်လိုက်သည်။
ယီယွမ်က အားရပါးရပြုံးပြီး ပြောခဲ့၏။ "မင်းကအဲဒီကိစ္စကို ငါ့အစား စိတ်ပူနေစရာ မလိုအပ်ဘူး… ငါ့ရဲ့အဖွဲ့ကလူတွေကို ကယ်ဆယ်ပြီးတာနဲ့ သူတို့ကိုပြန်ခေါ်သွားလို့ရတဲ့ နည်းလမ်းတွေရှိတယ်… မင်းရဲ့ကိုယ်ပိုင်ကိစ္စတွေကိုပဲ စိုးရိမ်တာအကောင်းဆုံးလို့ ငါထင်တယ်….."
"တကယ်လို့ ငါကမင်းကို ဘာမှမလုပ်နိုင်ရင်တောင် မင်းကငါ့ကို တစ်ခုခုလုပ်နိုင်ပြီလို့ မင်းတွေးနေတာတော့ မဟုတ်ပါဘူးနော်… မမေ့နဲ့… မင်းက အဆင့်(1) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်မှာပဲ ရှိနေသေးတာလေ….."
လန်ပေက ယခုအချိန်တွင် သူ၏အထွတ်အထိပ် အခြေအနေ၌ မဟုတ်သေးသော်လည်း သူက အဆင့်(5) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ထူးချွန်သူတစ်ယောက် ဖြစ်ပေသည်။
ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက် ပိုကြီးပေ၏။ ယီယွမ်က သူ့ကိုတစ်ခုခု လုပ်နိုင်မည်ဟု သူလုံးဝမယုံကြည်ပေ။
ယီယွမ်က ပြောသည်။ "စောစောလေးက အစစ်အမှန်အသိကို နားလည်ခဲ့တဲ့အချိန်မှာ ငါကမင်းကို စမ်းသပ်ကြည့်ဖို့ အကြံအချို့ကို စဉ်းစားမိထားခဲ့တယ်… တကယ်လို့ မင်းက အဲဒါကို ရင်ဆိုင်နိုင်မယ်ဆိုရင် ငါကမင်းကို လွှတ်ပေးလိုက်မယ်….."
ယီယွမ်၏ ယုံကြည်မှုအပြည့်ရှိသည့် အမူအရာကိုမြင်သော် လန်ပေက စိတ်လှုပ်ရှားသွားခဲ့ပြီး ကိစ္စများက မကောင်းသည့်အရာများ ဖြစ်လာတော့မည်ဟု မသိစိတ်က ခံစားနေမိခဲ့၏။
လက်ရှိအချိန်တွင်သူက သွေးစွမ်းအင်ဆုံးရှုံးမှု အလွန်များပြားနေခဲ့ပြီး သူ၏ခွန်အားက အလွန်အမင်း အားလျော့နေခဲ့ပြီဖြစ်သည်။ ပဉ္စမမုန်တိုင်းနယ်မြေထဲတွင် နေ့တစ်ဝက်ခန့် နေထိုင်ခဲ့ရသည်ပါ ထည့်ပေါင်းလိုက်မည်ဆိုလျှင် သူက အရှိန်အဟုန် ကုန်ဆုံးတော့မည့် မြားတစ်ချောင်း ဖြစ်နေခဲ့ပေ၏။
အခြားတစ်ဖက်တွင်
ယီယွမ်၏ခန္ဓာကိုယ်က ဒဏ်ရာများ ပြည့်နှက်နေခဲ့သော်လည်း ဤနေ့တစ်ဝက်အချိန်အတွင်း သဘာဝစွမ်းအင်များကို အများအပြားအသုံးပြုခဲ့ခြင်း မရှိသေးပေ။ ထိုအစား ယီယွမ်၏ဒဏ်ရာများက အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပြန်ကောင်းလာခဲ့သည်။
တစ်ယောက်က အင်အား
ယုတ်လျော့နေခဲ့ချိန်တွင် နောက်တစ်ယောက်က အင်အားပြန်ပြည့်လာခဲ့ရာ ထိုအရာက သူတို့နှစ်ဦးကြား အင်အားကွာခြားမှုကို လျှော့ချပြီးသား ဖြစ်သွားခဲ့ပေ၏။
ထို့ပြင် လန်ပေက ယီယွမ်၏ ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်း ပညာရပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုပညာရပ်၏ တိုက်ခိုက်မှုစွမ်းအားက သူကိုယ်တိုင်ပင် လျစ်လျူရှုမထားရဲသည်အထိ အလွန်အစွမ်းထက်လှပေ၏။
ဤအချက်ကို စဉ်းစားလိုက်မိသောအခါ လန်ပေက မည်သည့်အတွက် ယီယွမ်နှင့် ထိပ်တိုက် ရင်ဆိုင်ရဲတော့မည်နည်း။
မျက်နှာပျက်အရှက်ရခြင်းက အသက်ဆုံးရှုံးရခြင်းထက် ပိုကောင်းပေသည်။
လန်ပေက တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး နောက်သို့လှည့်၍ ထွက်ပြေးသွားခဲ့၏။
ယီယွမ်က သူ၏အပြုအမူများကို သတိပြုမိခဲ့ပြီးဖြစ်သည်။ သူက လန်ပေကို ထွက်ပြေးလွတ်မြောက်နိုင်ခွင့် မည်သို့ပေးနိုင်မည်နည်း။
ခုနှစ်နေ့နှင့်ခုနှစ်ည နောက်မှလိုက်ပါလာခဲ့ခြင်းက ယီယွမ်ကို မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်သွားစေခဲ့၏။ ၁၁နာရီမြောက်တွင် ဉာဏ်အလင်းပွင့်ခဲ့ပြီး အစစ်အမှန်အသိကို နားလည်ခဲ့ခြင်းမရှိခဲ့လျှင် ယခုအချိန်၌ သူကမည်သည့်အခြေအနေကို ရောက်ရှိနေမည်ဆိုခြင်းမှာ ဒွိဟဖြစ်စရာတစ်ခု ဖြစ်ပေသည်။
ထို့ပြင် ထာဝရခမ်းနားခြင်းနန်းတော်၏ ဒုတိယအလွှာတွင် လန်ပေဆီမှ ထိုလက်သီးချက်က ယီယွမ်၏အသက်လေးကို သိမ်းယူလုနီးပါးဖြစ်သွားခဲ့၏။
ရန်ကြွေးဟောင်းနှင့် ပဋိပက္ခအသစ်တို့ကြောင့် ယခု ရန်ကြွေးအားလုံးကို ဖြေရှင်းရန် အချိန်ရောက်လာပြီဖြစ်သည်။
လန်ပေ၏အကြည့်အောက်တွင် ယီယွမ်က သူ၏အော်ရာကို ထုတ်လွှတ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်က မီးတောက်အစုအဝေးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံရပေ၏။
ယီယွမ်က လက်နှစ်ဖက်ဖြင့် တစ်စုံတစ်ရာကို ပြုလုပ်လိုက်သည်။ ပြင်းထန်သောလေပြင်း
တစ်ချက်က သူ၏ခြေထောက်အောက်မှ စတင်တိုက်ခတ်လာခဲ့၏။ ထိုမီးတောက်အစုအဝေးက အရှိန်အဟုန်ဖြင့် မိုးထိအောင် တောက်လောင်သွားခဲ့သည်။
"ပြင်းထန်သောမီးတောက် လေဓာတ်မီးဓာတ် နဂါးအသွင်ပြောင်းခြင်း… သွားစမ်း….."
ယီယွမ်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ထိုမီးတောက်များကို ပစ်ထုတ်လိုက်၏။ ဧရာမနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး အရူးအမူးပြေးနေသည့် လန်ပေဆီသို့ အရှိန်နှုန်းအပြည့်ဖြင့် တိုးဝင်သွားခဲ့သည်။
ပြင်းထန်သောမီးတောက် နဂါးအသွင်ပြောင်းခြင်းက ယန်ကိုးမျိုးဝိညာဉ်ဘရစ်စတယ် နတ်ဘုရားသိုင်းမှ လူသားအခန်း၏ တတိယမြောက် အရန်သိုင်းပညာရပ် ဖြစ်ပေ၏။
သူက ချင်နိုင်ငံတွင် ရှိနေချိန်၌ ယီဟန်က ဤသိုင်းပညာရပ်ကို တစ်ကြိမ်အသုံးပြုခဲ့ဖူးသည်။ ထိုပညာရပ်၏ အစွမ်းက ပြိုင်ဖက်ကင်းပင် ဖြစ်၏။
ဤအချိန်အခိုက်အတန့်တွင် ယီယွမ်ထုတ်လွှတ်ခဲ့သော ဧရာမနဂါးကြီးက ယီဟန်ထုတ်ဖော်ခဲ့သည်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပေသည်။
မီးနဂါးကြီး ထွက်လာပြီးသည်နှင့် ထိုမီးနဂါးကြီးက မျက်စိတစ်မှိတ်အချိန်အတွင်း လန်ပေကို လိုက်မီသွားခဲ့၏။
လန်ပေက အရှိန်အဟုန်ဖြင့် ထွက်ပြေးနေဆဲသာ ဖြစ်သည်။ ရုတ်တရက်ပင် သူ၏နောက်မှ အစွမ်းထက်သောအော်ရာ တစ်ခုက လိုက်မီလာခဲ့သည်ကို အာရုံခံမိခဲ့ပြီး ကူရာကယ်ရာမဲ့စွာဖြင့် ထိတ်လန့်သွားခဲ့၏။ သူကကပျာကယာပင် နောက်လှည့်၍ ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
"ဝရုန်းသုန်းကားပြင်းထန်လှိုင်း… ချိုးဖျက်လိုက်စမ်း….."
လန်ပေက လက်သီးတစ်ချက်ကို အားကုန်ထုတ်ဖော်လိုက်ပြီး မီးနဂါးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အသုံးပြုခဲ့၏။
ဤထိပ်တိုက်တွေ့မှုကိုကြည့်၍ လန်ပေ၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ မီးနဂါးက အမှန်တကယ်ပင် သူ၏လက်သီးကို ချက်ချင်းရစ်ခွေလိုက်ပြီး အပေါ်သို့ တွန့်လိမ်တက်လာခဲ့၏။
ဤအချိန်၌ သူ၏တိုက်ကွက်ကို ပြောင်းလဲရန် မည်သည့်အတွက် အချိန်ရှိတော့မည်နည်း။ "ဘုန်း"ဟူသော အသံတစ်ခုကိုသာ ကြားလိုက်ရပြီး မီးနဂါးက လန်ပေ၏ရင်ဘတ်ပေါ်သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားခဲ့သည်။
"ဝေါ့….."
အလွန်ကြီးမားသော အပြင်ဖက်မှ အင်အားကြီးက လန်ပေကို လွင့်စင်သွားစေပြီး လေထဲမှာပင် သွေးပွက်ပွက်
အန်သွားစေ၏။ လန်ပေက မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာချိန်တွင် သူ့ကို ပြင်းထန်သော
လေပြင်းတစ်ခုက အဝေးသို့ သယ်ဆောင်သွားခဲ့သည်။
"အားးးးး….."
လန်ပေ၏ နာနာကျင်ကျင် အော်ဟစ်သံများက လေထဲမှရောက်လာခဲ့၏။ မရေမတွက်နိုင်သော လေပြင်းများက သူ၏ သဘာဝစွမ်းအင် အကာအကွယ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ဓားပါးလေးများသဖွယ် လှီးဖြတ်သွားခဲ့ကြ၏။
အသက်ရှူချိန် တစ်ဒါဇင်ခန့်ကြာပြီးနောက် လန်ပေဆီမှ နောက်ထပ် အသံတစ်ခုက်ိုမှ မကြားခဲ့ရတော့ပေ။
မူလကတည်းက သူ၏အကန့်အသတ်ကို ရောက်ရှိနေခဲ့သည့်အပြင် ယီယွမ်ဆီမှ သေစေနိုင်သည့် တိုက်ခိုက်မှုကိုပါ ခံယူခဲ့ရသည်။ သူ၏ သဘာဝစွမ်းအင် အကာအကွယ်ကို ထိန်းသိမ်းထားနိုင်စွမ်း လုံးဝမရှိတော့ပေ။
ထိုလေပြင်းမုန်တိုင်းများက သနားညှာတာခြင်း လုံးဝမရှိခဲ့ဘဲ လန်ပေကို လက်လွတ်စပယ် တိုက်ခိုက်လိုက်ပေ၏။ လန်ပေက မည်သည့်အတွက် မသေဆုံးဘဲ နေနိုင်တော့မည်နည်း။
လန်ပေက ထိုလေပြင်းမုန်တိုင်းများ၏ ဝါးမျိုခြင်းခံလိုက်ရသည်ကို ကြည့်နေရင်း ယီယွမ်ကလည်း အသက်ကို အားရပါးရ ရှူသွင်းခဲ့သည်။
ဤအခြေအနေတစ်လျှောက် ခက်ခဲမှုများကို သူတစ်ယောက်တည်းသာ သိရှိခဲ့ပေသည်။
စာစဉ်(28)ပြီးပါပြီ>>>>>
ဆက်လက်ကြိုးစားပါဦးမည်>>>>>