ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၂၈ )
Chapter-10
ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသော အဝါရောင်သဲများထဲတွင် လူတစ်ယောက်နှင့် လင်းယုန်ငှက်တစ်ကောင်တို့က လေထုကိုဖြတ်သန်း၍ ခရီးသွားနေခဲ့ကြ၏။ သူတို့၏အမြန်နှုန်းက အလွန့်အလွန် မြန်ဆန်လှပေသည်။
လေပြင်းမုန်တိုင်း
လင်းယုန်ငှက်များက အဆုံးမဲ့ကမ္ဘာကြီးတွင် မွေးဖွားခဲ့ကြသည့် ဒေသခံမိစ္ဆာသားရဲများ ဖြစ်ကြ၏။ သူတို့က လေပြင်းမုန်တိုင်းများထဲတွင် ပျံသန်းနိုင်ရုံသာမကဘဲ ခြေရာခံလိုက်ရာတွင် ထူးချွန်ကြပေသည်။
လေပြင်းမုန်တိုင်း
လင်းယုန်ငှက်များက အလွန်ရှားပါး၏။ လန်မိသားစုမျိုးနွယ်တွင် လေပြင်းမုန်တိုင်းလင်းယုန် နှစ်ကောင်သာရှိနေပြီး ဤအကောင်က တစ်ကောင်
အပါအဝင်ဖြစ်သည်။
ထိုလင်းယုန်ငှက်က ယီယွမ် စောစောကရပ်နေခဲ့သော နေရာကို နှစ်ကြိမ်ပတ်ဝဲနေခဲ့ပြီးမှ စတုတ္ထမုန်တိုင်းနယ်မြေဆီသို့ ချက်ချင်း ဦးတည်ပျံသန်းသွားခဲ့၏။ စောစောကအခြေအနေကို လန်ယုမှန်းဆခဲ့သည်နှင့် ကွက်တိပင် ဖြစ်နေခဲ့ပေသည်။
လန်ပေက လေပြင်းမုန်တိုင်း လင်းယုန်ငှက်၏ ကျောပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏မျက်လုံးတစ်စုံက ပတ်ပတ်လည်နေရာတိုင်းကို သိမ်းငှက်တစ်ကောင်ကဲ့သို့ လိုက်ကြည့်နေခဲ့ပြီး ယီယွမ်ကို ရှာဖွေနေခဲ့၏။
သူကယီယွမ်ကို သုံးရက်ကြာ နေ့မနားညမနား ရှာဖွေနေခဲ့သော်လည်း သဲလွန်စ တစ်ခုတစ်လေမှပင် မတွေ့ခဲ့ရပေ။
သို့သော် လေပြင်းမုန်တိုင်း လင်းယုန်ငှက်က ဤနေရာ၌
ရှိနေသည့်အတွက် ယီယွမ်က လွတ်မြောက်သွားမည် မဟုတ်ကြောင်း သူက သိရှိထားပေသည်။
ဤသုံးရက်အတွင်း နေ့မနားညမနားပင် လေပြင်းမုန်တိုင်း လင်းယုန်ငှက်က အကြိမ်ပေါင်း များစွာကြာအောင် ကင်းလှည့်နေခဲ့၏။ နောက်ထပ် အကြိမ်အနည်းငယ်ခန့်ဆိုလျှင် သူကယီယွမ်ကို တွေ့ရတော့မည်ဖြစ်သော်လည်း သေးငယ်သောအခွင့်အရေး တစ်ခုဖြင့် လွတ်သွားပုံရပေသည်။
သိသာစွာပင် သူ့ကိုတစ်စုံတစ်ယောက်က ခြေရာခံလိုက်နေကြောင်း ယီယွမ်က နားလည်သိရှိခဲ့၏။
သို့သော် ဤကိစ္စကြောင့်ပင် လန်ပေ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒက ပို၍ပင် ပြင်းထန်လာခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် ယီယွမ်၏လွတ်မြောက်မှုက ကြိုတင် တွက်ဆထားခဲ့ပုံရ၏။ သူက လေပြင်းမုန်တိုင်း လင်းယုန်ငှက်ကို လမ်းကြောင်းလွဲသွားစေရန် အလွယ်တကူ သွေးဆောင်နိုင်ခဲ့သည်။
ယီယွမ်က ဤနည်းလမ်းများကို သိရှိနေရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သူက ထိုအရာများကို လန်ဖုန်းဆီမှ သိရှိထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤကောင်လေးက အမှန်တကယ်ပင် လန်ဖုန်းကို ထိုအကြောင်းအရာများ သိရှိရန်အတွက် ကျေးကျွန်အဖြစ် ဆက်ဆံခဲ့ခြင်းဖြစ်ပေမည်။
"ငချွတ်ကလေး… စောင့်နေစမ်းပါ… ငါကမင်းကို ရှာတွေ့ခဲ့မယ်ဆိုရင် မင်းက သေမယ်ရှင်မယ်ဆိုတာတောင် မဆုံးဖြတ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိသွားအောင် လုပ်ပေးလိုက်မယ်… မင်းရဲ့ သဘာဝစွမ်းအင်တွေ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာ ဆက်ကြည့်လိုက်ဦးမယ်… ဒါမှမဟုတ် မင်းက ပဉ္စမမုန်တိုင်းနယ်မြေကို ဝင်ပြေးဖို့ ကြိုးစားကြည့်နိုင်တယ်….." လန်ပေက အေးစက်စွာဖြင့် ပြောဆိုလိုက်၏။
ထိုအခိုက်အတန့်တွင် လန်ပေ၏မျက်နှာက ပြောင်းလဲသွားခဲ့သည်။
မည်သည့်အချိန်တွင် ရောက်ရှိနေခဲ့မှန်း မသိရသော မရေမတွက်နိုင်သည့် ပန်းပွင့်ဖတ်များက ကောင်းကင်ထက်တွင် လန်ပေကို တစ်လွှာပြီးတစ်လွှာ ဝန်းရံလာခဲ့၏။
ဤပန်းပွင့်ဖတ်များက အမှန်တကယ်ပင် စတုတ္ထမုန်တိုင်းနယ်မြေအတွင်း ပျံ့နှံ့ဝင်ရောက်ခြင်း လုံးဝမရှိခဲ့ဘဲ လန်ပေဆီသို့ ဦးတည်ဝင်ရောက်လာခဲ့သည်။
ဤမြင်ကွင်းကိုမြင်သော် လန်ပေက တုန်လှုပ်သွားခြင်းမရှိဘဲ စိတ်ကျေနပ်သွားခဲ့၏။ "ဟီးဟီး… နောက်ဆုံးမှာတော့ လှုပ်ရှားချင်စိတ်ကို ထိန်းချုပ်လို့မရတော့ဘူးကိုး… ကြည့်ရတာ မင်းရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီထင်တယ်… တကယ်လို့ မင်းကဆက်ပြီး ထွက်ပြေးနေဦးမယ်ဆိုရင် ပြန်လည်တိုက်ခိုက်ဖို့ အင်အားမရှိတော့ဘဲ ဖြစ်သွားမှာမဟုတ်လား… ဒါပေမဲ့….."
လန်ပေ၏ အကြည့်က ပြင်းထန်ထက်ရှသွားခဲ့ပြီး တည်ငြိမ်နေသောအသံဖြင့် ပြောဆိုလိုက်သည်။ "အခုမှ စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို ချိုးဖျက် တက်ရောက်ထားခဲ့တဲ့ ကောင်လေးတစ်ယောက်က တကယ်ပဲ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစွမ်းအင်တွေကို စုစည်းနိုင်ခဲ့တယ်… အဲဒီအရာက တကယ်ပဲငါ့ကို အံ့အားသင့်စေခဲ့တာပဲ… လန်ဖုန်း… မင်းကဒါကြောင့် ကျရှုံးသွားခဲ့ရတာပဲ မဟုတ်လား….."
ပြောရမည်ဆိုလျှင် လန်ပေ၏ တိုက်ပွဲဝင်စွမ်းရည်က အလွန်သန်မာပေ၏။
ဤပွင့်ဖတ်တစ်ထောင် စီးဆင်းခြင်း
တိုက်ကွက်မှတစ်ဆင့် သူက လန်ဖုန်းရှုံးနိမ့်ခဲ့ရသည့် အကြောင်းပြချက်ကို သိရှိသွားခဲ့သည်။
"ဒီတိုက်ကွက်ကိုပဲ ငါနဲ့ရင်ဆိုင်ဖို့ အသုံးပြုတာလား… ဟီးဟီး… မင်းက နည်းနည်းလေးကို မဟုတ်တော့ဘဲ တော်တော်လေး အတွေ့အကြုံမရှိတာပဲ….."
စကားအဆုံးတွင် လန်ပေ၏အော်ရာက ရုတ်တရက်ပင် ပေါက်ကွဲထွက်လာခဲ့၏။ အစွမ်းထက်သော အော်ရာစက်ကွင်းတစ်ခုက ကောင်းကင်၌ ပြည့်နှက်နေသော ပန်းပွင့်ဖတ်များကို အဝေးသို့ ဖယ်ရှားပစ်လိုက်သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း လန်ပေက ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအင်များကို စုစည်းနေမှုက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
သူကခြေဖျားအနည်းငယ်
ထောက်၍ ခုန်လိုက်သည်တွင် သူ၏ခန္ဓာကိုယ်က လေပြင်းမုန်တိုင်း လင်းယုန်ငှက်ပေါ်မှ လေထဲသို့ မြောက်တက်သွားခဲ့သည်ကို မြင်လိုက်ရပေသည်။
"နဂါးများ ပင်လယ်သို့ ဆင်းသက်ခြင်း….."
လန်ပေက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သောအခါ လေထုကိုခွင်းသွားသည့် အသံများအတွဲလိုက် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်၌ပြည့်နှက်နေသည့် ပန်းပွင့်ဖတ်များကို အမှုန့်ဖြစ်သွားစေသည်အထိ ရိုက်ခတ်သွားစေခဲ့သည်။
လန်ပေဆီမှ လက်သီးချက်တစ်ချက်က ယီယွမ်စုစည်းထားခဲ့သော ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်း ကိုတစ်စစီ ဖြစ်သွားစေခဲ့၏။
လက်သီးတစ်ချက်၏ စွမ်းအားက အလွန့်အလွန် အစွမ်းထက်လှပေသည်။
"ငကြောက်တစ်ယောက်လို ဆက်လုပ်နေဦးမှာလား ယီယွမ်… မင်းကငါ့ရဲ့ လက်ချောင်းငါးချောင်းတောင် ဆီကနေ လွတ်မြောက်နိုင်မယ်လို့ မင်းထင်နေတာလား….." လန်ပေက ကျယ်လောင်စွာ အော်ပြော၍ ယီယွမ်ဆီသို့ ထိရောက်စေရန် ဖိအားများ ပိုမိုထုတ်လွှတ်လိုက်၏။
ဝုန်းးးးး…..
နောက်ထပ် လက်သီးတစ်ချက်က ထွက်ပေါ်လာခဲ့သည်။ ပန်းပွင့်ဖတ်များ အများအပြားက တကွဲတပြား ဖြစ်သွားခဲ့ပေ၏။
"ဟားဟားဟား… စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်မှာတောင် ကောင်းကင်နဲ့မြေကြီးက သဘာဝစွမ်းအင်တွေကို ထိန်းချုပ်ကစားနိုင်တယ် ဆိုတော့ ငါတစ်ခါမှမမြင်ဖူးတဲ့ ဂျီးနီးယပ်တစ်ယောက်ဆိုတာ ငါဝန်ခံပါတယ်… ဒါပေမဲ့ မင်းကဒီနေ့ သေချာပေါက် သေရမယ်….." လန်ပေက လက်သီးချက်တစ်ချက်ကို ထုတ်ဖော်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝုန်းးးးး…..
နောက်ထပ်လက်သီးချက်
တစ်ချက်…..
"လန်ဖုန်းက ငယ်ငယ်လေးကတည်းကနေ ငါနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ငါ့ရဲ့ညီလေးပဲ… မင်းက တကယ်ပဲ သူ့အပေါ်မှာ ကျေးကျွန်တံဆိပ်တော်တစ်ခု ချမှတ်ရဲတယ်ပေါ့… ငါကမင်းကို သေချင်စိတ်ပေါက်သွားအောင် လုပ်ပေးလိုက်မယ်….."
လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်ချိန်တိုင်း လန်ပေက စကားတစ်ခွန်းကို ပြောဆိုနေခဲ့၏။
ထိုအရာက ယီယွမ်ထွက်လာရန် စိတ်ဆွပေးခြင်း
ဖြစ်သည့်အပြင် သူ၏စိတ်အတွင်းမှ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ရန်လည်း ဖြစ်သည်။
သို့သော် ထိုအချိန်၌ လန်ပေ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။
အကန့်အသတ်မရှိသော ပန်းပွင့်ဖတ်များက အမှန်တကယ်ပင် ရှောင်ကွင်းသွားခဲ့ပြီး လေပြင်းမုန်တိုင်း လင်းယုန်ငှက်ဆီသို့ ဝင်ရောက်သွားခဲ့သည်။
ကြည့်ရသည်မှာ ယီယွမ်၏ ရည်ရွယ်ချက်က လန်ပေလုံးဝမဟုတ်ဘဲ လေပြင်းမုန်တိုင်း လင်းယုန်ငှက်ဖြစ်နေခဲ့၏။
"လူငယ်လေး… မင်းလုပ်ရဲလား….." လန်ပေက စိုးရိမ်သွားခဲ့ပြီး ဒေါသတကြီးဖြစ်သွားခဲ့ကာ အော်ပြောလိုက်သည်။
စောစောလေးက လန်ပေ၏ လက်သီးချက်သုံးချက်က အလွန်အစွမ်းထက်ပေ၏။ လေပြင်းမုန်တိုင်းလင်းယုန်ငှက် ကထိုတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူက လေပြင်းမုန်တိုင်း လင်းယုန်ငှက်ကို ပျံသန်းစေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယီယွမ်၏ အကြံအစည်က ကျားကိုအဝေးသို့ ခေါ်ဆောင်သွားမည်ဟူ၍ ဖြစ်ကြောင်းကို သူလုံးဝမျှော်လင့်မထားခဲ့ပေ။
ယခု သူ၏လှုပ်ရှားမှုက မည်မျှပင် မြန်ဆန်စေကာမူ ထိုအရာကိုလိုက်မှီနိုင်တော့မည် မဟုတ်ပေ။
အကန့်အသတ်မရှိသော ပန်းပွင့်ဖတ်များက လေပြင်းမုန်တိုင်း လင်းယုန်ငှက်ကို ဝန်းရံထားခဲ့ကြ၏။ အကယ်၍ သူ၏လက်သီးက ပို၍အစွမ်းထက်နေခဲ့လျှင်ပင် သူကပန်းပွင့်ဖတ်အားလုံးကို အဝေးသို့လွင့်စင်စေရန် မည်သို့
လုပ်ဆောင်နိုင်မည်နည်း။
သို့သော် ယီယွမ်က လန်ပေ၏ခံစားချက်များကို မည်သည့်အတွက် ဂရုစိုက်နေမည်နည်း။
သူ၏ရည်မှန်းချက်မှာ အစကတည်းက လေပြင်းမုန်တိုင်းလင်းယုန်ငှက် ဖြစ်ပေသည်။
လေပြင်းမုန်တိုင်း လင်းယုန်ငှက်မှာ အဆင့်(3) မိစ္ဆာသားရဲတစ်ကောင်သာ ဖြစ်၏။ ထိုအကောင်က ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်း တိုက်ကွက်ကို မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
"ပွင့်ဖတ်တစ်ထောင်
စီးဆင်းခြင်း… သတ်ဖြတ်ခြင်း….." ယီယွမ်က အဝါရောင်သဲများထဲမှ ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အကန့်အသတ်မရှိသော ပန်းပွင့်ဖတ်များက မရေမတွက်နိုင်အောင် များပြားသော ဓားပါးပါးလေးများကဲ့သို့ လေပြင်းမုန်တိုင်း လင်းယုန်ငှက်ဆီသို့ ဦးတည်ထိုးခွဲသွားခဲ့၏။
"ဂီးးးးး….."
လေပြင်းမုန်တိုင်း လင်းယုန်ငှက်က အော်ဟစ်လိုက်ပြီး သူ၏တောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ကာ ပန်းပွင့်ဖတ်များထံမှ အဝေးသို့ထွက်သွားရန် ကြိုးစားလိုက်သည်။
သို့သော် ဤအရာများက သာမန်ပန်းပွင့်ဖတ်များ မဟုတ်ခဲ့ဘဲ ကောင်းကင်နှင့်မြေကြီး၏
သဘာဝစွမ်းအင်များမှတစ်ဆင့် ဖြစ်ပေါ်လာသော အရာများဖြစ်ကြ၏။
ပွင့်ဖတ်တစ်ခုချင်းစီက အလွန့်အလွန် ညှို့ယူဖမ်းစားနိုင်သည့်အပြင် အန္တရာယ်လည်း ကြီးမားလှပေသည်။
ပြင်းထန်သောလေပြင်းများ၌ ဖြတ်တောက်သံများ ထွက်ပေါ်လာသည်ကိုသာ ကြားလိုက်ရပေ၏။
ပန်းပွင့်ဖတ်များ ကွဲထွက်သွားခဲ့ချိန်တွင် ငှက်မွေးများသာ ကောင်းကင်အပြည့်ရှိနေခဲ့ပြီး လေပြင်းမုန်တိုင်း လင်းယုန်ငှက်က သွေးများစီးကျနေခဲ့ပြီး ကျန်ရစ်ခဲ့ရသည်။
လေပြင်းများတိုက်ခိုက်နေခဲ့ရာ ငှက်မွေးများက လေနှင့်အတူ မျောပါသွားခဲ့ရာ ကြည့်ရသည်မှာ အလွန်လှပခမ်းနားလှပေ၏။
ချက်ချင်းပင် မြည်သံတစ်ခုကို ကြားလိုက်ရသည်။ လေပြင်းမုန်တိုင်း လင်းယုန်ငှက်၏ အလောင်းကောင်က မြေကြီးနှင့် ရိုက်မိသွားခဲ့သည်။
လန်ပေက ဤမြင်ကွင်းကိုမြင်သော် သူ၏မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ နက်မှောင်သွားခဲ့၏။
လေပြင်းမုန်တိုင်းလင်းယုန်ငှက် တစ်ကောင်ချင်းစီက အလွန်တန်ဖိုးကြီးလှပေသည်။ ယီယွမ်က ဤလင်းယုန်ငှက်ကို ကြက်ကလေးငှက်ကလေး သတ်လိုက်သလို အမှန်တကယ် သတ်ဖြတ်လိုက်၏။
လန်ပေက လေထဲတွင်ရပ်နေခဲ့သည်မှာ ဒေါသထွက်နေသော မိစ္ဆာနတ်ဘုရားတစ်ယောက်နှင့် တူညီနေခဲ့ပေသည်။
"လေပြင်းမုန်တိုင်း လင်းယုန်ငှက်ကို သတ်လိုက်ရုံနဲ့ မင်းကလွတ်သွားနိုင်ပြီလို့ ထင်နေတာလား….." လန်ပေက စကားတစ်လုံးချင်းစီကို လေးနက်စွာဖြင့် ယီယွမ်ကို ပြောလိုက်၏။
သို့သော် ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောခဲ့သည်။ "လွတ်မြောက်သွားပြီတဲ့အခါ မင်းမြင်တွေ့ရမှာပါ….."
စကားအဆုံးတွင် ယီယွမ်က သူ၏ဓားရှည်ကိုပြန်သိမ်း၍ နောက်လှည့်ကာ ထွက်ပြေးလိုက်၏။
ဝိညာဉ်ဟင်းလင်းပြင် ပျက်စီးခြင်းနယ်မြေ၏ တတိယအလွှာက အစွမ်းကုန်ထုတ်ပြခဲ့ပြီး အရိပ်ပင် မမြင်လိုက်ရဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
လန်ပေက ယီယွမ်၏ မြန်နှုန်းကို မြင်လိုက်ချိန်တွင် တိတ်တဆိတ် ထိတ်လန့်သွားခဲ့၏။ သူကချက်ချင်းပင် သတိလက်လွတ် မလုပ်ရဲတော့ဘဲ သူ၏အမြင့်ဆုံးအရှိန်အဟုန်ကို ထုတ်ဖော်လိုက်သည်။
"ဒီငချွတ်ကလေး… သူက သူ့ခြေနှစ်ဖက်အပေါ်မှာပဲ မှီခိုပြီး ငါ့လက်ကနေ သုံးရက်လုံး နေ့မနားညမနား ပတ်ပြေးနေခဲ့တာက ဖြစ်နိုင်သွားပြီ မဟုတ်လား….." လန်ပေက ဤသို့ ဖြစ်နိုင်ဖွယ်တစ်ချက်ကို တွေးလိုက်မိသောအခါ တိတ်တဆိတ်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
လေပြင်းမုန်တိုင်း လင်းယုန်ငှက်များက အဆင့်(3) မိစ္ဆာသားရဲများသာ ဖြစ်ကြသော်လည်း လေပြင်းမုန်တိုင်းများအကြား ထိုလင်းယုန်ငှက်များ၏ ပျံသန်းမှုအမြန်နှုန်းက ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်သိုင်းပညာရှင်များ၏ အောက်သို့ နိမ့်ကျခြင်းမရှိပေ။ ၎င်းတို့က အဆင့်(1)နှင့် အဆင့်(2) ပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များထက်ပင် ပို၍မြန်ဆန်ပေသည်။
သို့သော် ထိုသို့သော အမြန်နှုန်းဖြင့်ပင် ယီယွမ်၏ခြေနှစ်ဖက်ကို မီအောင်မလိုက်နိုင်ခဲ့ပေ။
ဒီငချွတ်လေးရဲ့ အမြန်နှုန်းက ဘယ်လောက်အထိ မြန်ဆန်နေတာလဲ…..
လန်ပေ၏ အမြန်နှုန်းက ပြောနေစရာပင် မလိုအပ်ပေ။ အဆင့်(3) ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ်များ ဖြစ်ကြသည့် မိန်ကျန်းနှင့် ဝူကျောက်တို့ပင် သူ၏အမြန်နှုန်းကို လိုက်မမီနိုင်ခဲ့ပေ။ ထိုအရာမှတစ်ဆင့် သူကမည်မျှမြန်ဆန်သည်ကို အထင်းသား တွေ့မြင်နိုင်၏။
ယီယွမ်၏အမြန်နှုန်းက အံ့အားသင့်စရာ ကောင်းသည်ကို လန်ပေက မြင်လိုက်ရသောအခါ အချိန်ဆွဲနေရဲခြင်း မရှိခဲ့ပေ။ သူက ကိုယ်ပိုင်အမြင့်ဆုံး အမြန်နှုန်းဖြင့် ယီယွမ်နောက်သို့ လိုက်ပါသွားခဲ့သည်။
လေပြင်းမုန်တိုင်း လင်းယုန်ငှက်က သေဆုံးသွားခဲ့ပြီဖြစ်၏။ အကယ်၍လန်ပေက ယီယွမ်ကို ပျောက်ဆုံးသွားခဲ့လျှင် နောက်တစ်ကြိမ် ပြန်လည်တွေ့ရှိနိုင်ရန် မဖြစ်နိုင်တော့ပေ။
ယီယွမ်၏အမြန်နှုန်းက လက်ရှိအချိန်တွင် အလွန့်အလွန် အံ့အားသင့်စရာ ကောင်းနေခဲ့သည့်တိုင် သူတို့နှစ်ဦးကြား အကွာအဝေးက ဆက်လက်၍ နီးကပ်လာခဲ့ကြပြီဖြစ်သည်။
တဖြည်းဖြည်းနှင့် လန်ပေက ယီယွမ်၏ နောက်ကျောပုံရိပ်ကို လှမ်းမြင်နေရသည့် အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်တစ်ခုက သူ၏နှုတ်ခမ်းတွင် အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။
"ပြေးစမ်း… ဆက်ပြေးထားစမ်း… မင်းက ဘယ်လောက်အထိ ပြေးနိုင်မလဲဆိုတာ ငါကြည့်နေတယ်….." လန်ပေက လှောင်ပြောင်လိုသော အသံဖြင့် ပြောလိုက်၏။
သို့ရာတွင် သူ၏မျက်နှာပေါ်က အပြုံးက ချက်ချင်းပင် အေးခဲသွားခဲ့သည်။
မည်သည့်အတွက်ကြောင့်မှန်း မသိခဲ့ရဘဲ ယီယွမ်နှင့် သူ့အကြားမှ အကွာအဝေးက ရုတ်တရက်ပင် အလွန်ဝေးကွာသွားခဲ့ပေ၏။
Chapter 11 is coming…..