ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၈ )
Chapter-5
ယီယွမ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်တွင် သူ၏အခြေခံကို အလွန့်အလွန်ခိုင်မာအောင် လုပ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။ စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ယခုအချိန်တွင် တက်ရောက်ခြင်းက အင်အားစိုက်ထုတ်စရာပင် လိုအပ်ခြင်းမရှိပေ။
တစ်ခါတစ်ရံတွင် ကျင့်စဉ်နယ်ပယ်များ ချိုးဖျက်တက်ရောက်ခြင်းက အားမာန်တက်ကြွမှု တစ်ခုတည်းသာ လိုအပ်ပေ၏။ အလွန်အမင်း သတိကြီးမားနေခြင်းက အဆင့်ချိုးဖျက် တက်ရောက်ရာတွင် အောင်မြင်မှုနှုန်းပေါ်၌ သက်ရောက်မှုများ ရှိလာစေနိုင်သည်။
ယီယွမ်က အဆင့်(9) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်သို့ ချိုးဖျက်တက်ရောက်ခဲ့ချိန်တွင် သူက အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိအောင် စုဆောင်းထားနိုင်ခဲ့ပြီဖြစ်၏။
ယခုအချိန်တွင် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ချိုးဖျက်တက်ရောက်ရန် ရွေးချယ်ခြင်းက အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။
ကိုးစက်က်ိုးခါဖြစ်၍ စိတ်ဝိညာဉ်အရည် ၈၁စက်က ယီယွမ်၏တျန်းထျန်ထဲတွင် ပွက်ပွက်ဆူနေခဲ့၏။ ယီယွမ်၏အော်ရာက မရပ်မနားပင် မြင့်တက်လာခဲ့သည်။
ယန်ကိုးမျိုးဝိညာဉ်ဘရစ်စတယ် နတ်ဘုရားသိုင်း၏ လမ်းညွှန်ထိန်းချုပ်မှုကြောင့် ဤကိုးစက်ကိုးခါ စိတ်ဝိညာဉ်အရည် ၈၁စက်က အမှန်တကယ်ပင် ယီယွမ်၏ တျန်းထျန်အတွင်း၌ အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် စတင်လည်ပတ်နေခဲ့ကြ၏။
ဤအချိန်တွင် ယီယွမ်က သူ၏တျန်းထျန်အတွင်းမှ ဤစိတ်ဝိညာဉ်အရည်များကို ဖိနှိပ်ထားခြင်းမပြုတော့ဘဲ သူ၏အကြောများထဲသို့ ထိုစိတ်ဝိညာဉ်အရည်များ စီးဆင်းနိုင်ရန် လှည့်ပတ်ပေးလိုက်သည်။
လည်ပတ်နေသော စိတ်ဝိညာဉ်အရည်က တဖြည်းဖြည်းနှင့် ဝဲကတော့တစ်ခု ဖြစ်လာခဲ့၏။ ပို၍လည်ပတ်လာလေလေ ဝဲကတော့ဖြစ်လာမှုက ပို၍မြန်ဆန်လာခဲ့လေ ဖြစ်သည်။ ပို၍လည်ပတ်လာလေလေ
စိတ်ဝိညာဉ်အရည်ပမာဏက ပို၍လျော့နည်းလာလေ ဖြစ်၏။
ထိုဝဲကတော့က သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အမြန်နှုန်းဖြင့် ကျုံ့သွားခဲ့ပေသည်။ ယီယွမ်၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်အရည်အားလုံးက
သဘာဝစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး စတင်လည်ပတ်လာခဲ့၏။
နောက်ဆုံးတွင် ထိုဝဲကတေ့က အကန့်အသတ်တစ်ခုသို့ ရောက်သည်အထိ ကျုံ့သွားခဲ့ပြီး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရပေသည်။
"ကိုးစက်ကိုးခါမှ တစ်ခုအဖြစ် ပြန်ပြောင်းခြင်း… သိပ်သည်းစမ်း….." ယီယွမ်က အော်ဟစ်လိုက်၏။
အလွန့်အလွန် နူးညံ့သော အက်ကွဲသံတစ်ခုက သူ၏တျန်းထျန်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ယီယွမ်၏တျန်းထျန်တွင် အလွန့်အလွန်သေးငယ်သော သလင်းတစ်ခုက အမှန်တကယ်ပင် ရောက်ရှိနေခဲ့၏။ ထို့ပြင် ထိုသလင်းက အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် ဆက်လက်
လည်ပတ်နေခဲ့သည်။
ဤအချိန်တွင် ယီယွမ်၏ ခန္ဓာကိုယ်အတွင်း၌ စောစောလေးကမှ တစ်ပတ်ပြည့်အောင် လည်ပတ်ပြီးခဲ့သော သဘာဝစွမ်းအင်များက တျန်းထျန်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့၏။
သဘာဝစွမ်းအင်များက တျန်းထျန်အတွင်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သလင်းက ချက်ချင်းဆွဲယူလိုက်ပေရာ ထိုသလင်းကို ဝန်းရံ၍ တစ်ပတ်လှည့်ပတ်လိုက်ပြီး အကြောများဆီသို့ နောက်တစ်ကြိမ်ပြန်လည် စီးဆင်းသွားခဲ့သည်။
ထိုအချိန်တွင် သေးငယ်သောသလင်းက အနည်းငယ် ကြီးမားလာခဲ့၏။
"ဒီငချွတ်လေး… စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို ချိုးဖျက်တက်ရောက်ဖို့အတွက် ဒီလောက်တောင် သောင်းကျန်းရတာလား….." ဝေ့ရှောင်း၏မျက်ခုံးများက အလိုအလျောက်ပင် တွန့်ကွေးသွားခဲ့သည်။
ဝင်္ကပါအတွင်းမှ သဘာဝစွမ်းအင်များက ယီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေခဲ့သည့်တိုင် ယီယွမ်က ထိုအရာအားလုံးကို စုပ်ယူလိုက်၏။
သဘာဝစွမ်းအင်များက ဆည်တံခါးဖွင့်လိုက်သောအခါ ထွက်ပေါ်လာသည့် ရေလှိုင်းလုံးကြီးမားကဲ့သို့ စီးဝင်နေခဲ့ရာ ကြည့်နေသော ဝေ့ရှောင်းက စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်လာခဲ့သည်။
ယီယွမ်၏ ခန္ဓာကိုယ်က အောက်ခြေမရှိသော တွင်းကြီးတစ်ခုနှင့် တူညီနေခဲ့၏။ ထိုတွင်းထဲသို့
ရေလှိုင်းလုံးကြီးများ မည်မျှပင် လောင်းထည့်နေစေကာမူ ထိုတွင်းကြီး ပြည့်လာရန် လုံးဝမဖြစ်နိုင်ပေ။
စိတ်ဝိညာဉ်အရည် ၈၁စက်မှ သလင်းတစ်ခု ဖြစ်လာခြင်းက အဆုံးမဲ့ကမ္ဘာကြီးသမိုင်းတွင် မည်သည့်အချိန်တွင်မှ မရှိခဲ့ပေ။ သို့ဖြစ်၍ ယီယွမ်၏ အဆင့်ချိုးဖျက်
တက်ရောက်မှုက ဝေ့ရှောင်း၏ မျက်လုံးထဲတွင် အလွန်ထူးဆန်းနေခြင်း ဖြစ်သည်။
ထိန်းမနိုင်သိမ်းမရဖြစ်နေသော သဘာဝစွမ်းအင်များက ယီယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ရပ်တန့်ခြင်းမရှိဘဲ လှည့်ပတ်မှု
စက်ဝိုင်းကြီးတစ်ခုကို ဆက်လက်လည်ပတ်နေခဲ့၏။ ထိုသေးငယ်သော သလင်းလေးကလည်း မရပ်မနားပင် ကြီးမားလာခဲ့သည်။
နောက်ဆုံးတွင် ကိုးကြိမ်ကိုးခါ လှည့်ပတ်မှုစက်ဝိုင်းကြီး ၈၁ခါပြီးနောက် ယီယွမ်၏ အော်ရာက အရူးအမူးပင် ပြန်လည်လျော့ကျသွားကာ သဘာဝစွမ်းအင်များကို စုပ်ယူနေမှုလည်း ရပ်တန့်သွားခဲ့၏။
လက်ရှိအချိန်တွင် အဝါဖျော့ဖျော့ သလင်းတစ်ခုက သူ၏တျန်းထျန်အလယ်၌ ငြိမ်သက်စွာဖြင့် လွင့်မျောနေခဲ့သည်။
နောက်ဆုံးတွင် ယီယွမ်က စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ချိုးဖျက်
တက်ရောက်သွားခဲ့ပြီ ဖြစ်၏။
ဝေ့ရှောင်း၏အကြည့်က ထက်ရှသွားခဲ့သော်လည်း သူက သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးပင်စွာချလိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။ "ဟူးးးးး….. ဒီငချွတ်ကလေးက တကယ်အောင်မြင်သွားခဲ့ပြီ… တကယ်ကို ဦးနှောက်မရှိတာပဲ….."
ယီယွမ်ကလည်း လေပူတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သော်လည်း စိတ်အေးအေးထားနိုင်ခြင်း မရှိသေးပေ။
အခြားသိုင်းပညာရှင်များ အတွက်မူ နတ်ဘုရားစိတ်ဝိညာဉ် ပြောင်းလဲခြင်းက အလွန်သာယာသော အဆင့်တစ်ခုဖြစ်သော်လည်း သူ့အတွက်မူ ဤအရာက သေဆုံးနိုင်သော အဆင့်တစ်ခုဖြစ်၏။
မကြာမီပင် စောစောလေးက ငြိမ်သက်သွားခဲ့သော သဘာဝစွမ်းအင်များက နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့ကြသည်။
ယီယွမ်၏စိတ်က ရုတ်တရက်ပင် နာကျင်သွားခဲ့၏။ နတ်ဘုရားစိတ်ဝိညာဉ် စုတ်ပြဲသည့် နာကျင်မှုမျိုးက နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာခဲ့သည်။
ဤကဲ့သို့သော ပေတိပေကတ် ပြောင်းလဲမှုမျိုးက အမှန်တကယ်ပင် ယီယွမ်ကို ရူးသွပ်သွားလုမတတ် ခံစားစေခဲ့၏။
ဤပြောင်းလဲမှုမျိုးက သူ၏အသိစိတ်ပင်လယ် အတွင်းရှိ ရွှေရောင်စာလုံးများကြောင့် ဖြစ်သည်ကို သူကောင်းစွာ သိရှိပေသည်။ ဤသို့သော ပြောင်းလဲမှုမျိုးကြောင့် သူက အနာဂတ်တွင် ပို၍ကြီးမားသော အကျိုးကျေးဇူးတစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်းပါ သိရှိနေခဲ့၏။
သို့သော် ဤဖြစ်စဉ်အတွင်း ကြုံတွေ့ရသော နာကျင်မှုမျိုးက သာမန်လူများ
တွေးကြည့်ရုံပင် မရနိုင်ပေ။
ဤအချိန်တွင် ယီယွမ်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သူ၏သွားများကို တင်းတင်းကြိတ်လိုက်ပြီး သူ၏လက်သီးတစ်စုံကို တင်းတင်းကျစ်ကျစ် ဆုပ်ထားခဲ့ပေ၏။
ထိုသို့ဆိုသည့်တိုင် သူ၏လည်ချောင်းမှ မသဲမကွဲ ညည်းညူသံ အတွဲလိုက်က ထွက်ပေါ်လာခဲ့ပေသေးသည်။
ဤအခိုက်အတန့်တွင် ယီယွမ်၏ အသိစိတ်ပင်လယ် အတွင်း၌ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နေထိုင်နေခဲ့သော ထိုအနက်ရောင်ပုတီးစေ့က လှုပ်ရှားလာခဲ့၏။
အနက်ရောင်ပုတီးစေ့က အနည်းငယ် တုန်ခါသွားခဲ့ပြီး အနက်ရောင်အမှုန့်အချို့ကို အမှန်တကယ်ပင် ခါထုတ်လိုက်သည်။
အနက်ရောင်အမှုန့်က အောက်သို့ကျရောက်သည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ချက်ချင်းပင် ယီယွမ်ကလည်း အေးမြလန်းဆန်းမှု အငွေ့အသက်တစ်ခုက သူ၏အသိစိတ်ပင်လယ် အတွင်းမှထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ မူလက ပေါက်ကွဲထွက်လုမတတ် ခံစားနေရသော သူ၏ဦးခေါင်းက အမှန်တကယ်ပင် ထပ်မံနာကျင်ခြင်း မရှိတော့ပေ။
သို့ရာတွင် သူ၏နတ်ဘုရားစိတ်ဝိညာဉ်က တစ်စစီ စုတ်ပြဲနေသည်ကို ယီယွမ်က ရှင်းရှင်းလင်းလင်း အာရုံခံစားမိနေခဲ့၏။
လက်ရှိအချိန်တွင် ယီယွမ်က သူ၏ကိုယ်ပိုင် နတ်ဘုရားစိတ်ဝိညာဉ် တစ်စပြီးတစ်စ စုတ်ပြဲလာသည်ကို သွေးအေးအေးဖြင့် လေ့လာကြည့်နေသော ပရိသတ်တစ်ယောက်နှင့် တူညီနေခဲ့ပေသည်။
နောက်ဆုံးတွင် ထိုရွှေရောင်စာလုံးများက လှုပ်ရှားလာခဲ့ကြပေ၏။
ဤရွှေရောင်စာလုံးများက အလွန်တော်သော အပ်ချုပ်သမားများနှင့် တူညီနေခဲ့ပြီး ယီယွမ်၏ စုတ်ပြဲနေသော နတ်ဘုရားစိတ်ဝိညာဉ်ကို ပြန်လည်
ဖာထေးပေးနေခဲ့သည်။ သို့သော် အမာရွတ် လုံးဝမရှိခဲ့ဘဲ ပကတိအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့၏။
"ဟူးးးးး….."
ယီယွမ်က လေပူကြီးတစ်ချက်ကို အရှည်ကြီး
မှုတ်ထုတ်လိုက်သည်။ နတ်ဘုရားစိတ်ဝိညာဉ် ပြောင်းလဲခြင်းက နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်၏။
"အဲဒီအနက်ရောင်ပုတီးစေ့က ဒီလိုမျိုး အံ့ဩစရာကောင်းတဲ့ အစွမ်းတွေရှိနေရအောင် ဘယ်လိုပစ္စည်းမျိုးလဲ….."
တစ်ချိန်က နတ်ဘုရားနိုင်ငံတော်၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့သော်လည်း ဤသို့အံ့ဩဖွယ် အနက်ရောင်ပုတီးစေ့ တစ်ခုအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။ ထိုအရာ၏အရင်းအမြစ်က အံ့မခန်းဖြစ်နေမည်မှာ သိသာလှပေသည်။
အပေါ်ယံကြည့်မယ်ဆိုလျှင် ထိုအနက်ရောင်ပုတီးစေ့၏ တန်ဖိုးကို သူလည်းမပြောနိုင်ခဲ့ပေ။ ထိုအရာကလည်း သာမန်မဟုတ်သော အစွမ်းများ ရှိနေခဲ့မည်ဟု ထင်မှတ်မထားခဲ့မိပေ။
အကယ်၍ ထိုအရာကို
သူ၏အသိစိတ်ပင်လယ် အတွင်းမှ
ရွှေရောင်စာလုံးများ၏ စုပ်ယူခြင်းသာ မရှိခဲ့လျှင် ထိုအရာကို အမှိုက်တစ်ခုဟုသာ ယူဆပြီး ဘေးသို့ လွှင်ပစ်ခဲ့မိမည်ဖြစ်သည်။
စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင်များနှင့် သက်ဆိုင်သည့်ခွန်အားကို အာရုံခံမိခဲ့ပြီးနောက် ယီယွမ်က သူ့ကိုယ်သူ ခွန်အားများ ပြည့်ဝနေသည်ဟု ခံစားနေခဲ့ရ၏။
ယီယွမ်၏ တျန်းထျန်အတွင်းမှ သလင်းက ကိုးစက်ကိုးခါ စိတ်ဝိညာဉ်အရည် ၈၁စက်မှ ဖွဲ့စည်းဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အရည်အသွေးက ပုံမှန် အဆင့်(1) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်များထက် အများကြီး မြင့်မားပေ၏။
အခြားအရာများကို အသာထား၍ သဘာဝစွမ်းအင် အရာတွင် ပြောဆိုရမည်ဆိုပါက ယီယွမ်၏ လက်ရှိ အဆင့်(1) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်က ပုံမှန် အဆင့်(3) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်များထက် အားနည်းခြင်းမရှိတော့ပေ။
ဝေ့ရှောင်းက လျှို့ဝှက်အခန်းအတွင်းမှ ယီယွမ်က ချက်ချင်းထွက်လာသည်ကို မြင်သော် ကူရာကယ်ရာမဲ့စွာဖြင့် မှင်တက်သွားခဲ့သည်။
"မင်းကဘာလို့ ဒီလောက်မြန်မြန် ထွက်လာရတာလဲ… မင်းက စောစောလေးကပဲ စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို ရောက်ရှိခဲ့တာလေ… မင်းရဲ့ကျင့်စဉ်နယ်ပယ်ကို အခြေခိုင်အောင် မလုပ်တော့ဘူးလား….." ဝေ့ရှောင်းက ပဟေဠိဖြစ်စွာဖြင့် မေးမြန်းလိုက်၏။
လူအားလုံးက ကျင့်စဉ်နယ်ပယ်များ ချိုးဖျက်တက်ရောက်ပြီးချိန်၌ အချိန်အတော်ကြာအောင် တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်ပြီး သူတို့၏ကျင့်စဉ်နယ်ပယ်ကို အခြေခိုင်အောင် လုပ်ဆောင်လေ့ရှိကြသည်။ ယီယွမ်ကဲ့သို့ မည်သူက လေ့ကျင့်ခန်းမှ ချက်ချင်း ထွက်လာခဲ့မည်နည်း။
"မလိုအပ်ဘူး… အဖိုးဝေ့… ဒီနှစ်ရက်အတွင်း အဖိုးဝေ့ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်တော့်အဖွဲ့က လူတွေကို စိုးရိမ်နေရပါသေးတယ်… ဒါကြောင့် ကျွန်တော်က အဖိုးဝေ့ကို ဒီနေရာကပဲ နှုတ်ဆက်ပါတော့မယ်… ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်က သူတို့ရဲ့သေခြင်းရှင်ခြင်းကို အတည်ပြုရပါဦးမယ်….." ယီယွမ်က ပြောလိုက်၏။
ဝေ့ရှောင်းက ပြောလိုက်သည်။ "ငါကမင်းရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ပါတယ်… ဒါပေမဲ့ မင်းက စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို ချိုးဖျက်
တက်ရောက်နိုင်ခဲ့တယ် ဆိုရင်တောင် သွားရောက်လှုပ်ရှားတာက ဘာမှပြောင်းလဲမသွားနိုင်ဘူး မဟုတ်လား… ငါ့ရဲ့အမြင်မှာ မင်းကဒီနေရာမှာနေပြီးတော့ မင်းရဲ့ကျင့်စဉ်နယ်ပယ်ကို မြင့်မားအောင်လုပ်ပြီး စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ရောက်ရှိသွားချိန်မှ ထွက်ခွာသွားသင့်တယ်… အဲဒီနည်းလမ်းနဲ့မှ ကမ္ဘာနှစ်ခုကြား စစ်ပွဲအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာလိမ့်မယ်….."
ယီယွမ်က သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့၏။ "ပြင်းထန်သောလက်ဟန်၆ခု မဟာဝင်္ကပါက မယုံနိုင်စရာကောင်းအောင် အစွမ်းထက်တယ်… အဲဒီဝင်္ကပါက အဆုံးမဲ့ကမ္ဘာကြီးဘက်ကနေ ဖျက်ဆီးလို့ပဲရတယ်… ဒါပေမဲ့ အဲဒီပိတ်ဆို့မှုက အခုအချိန်မှာ ပျက်စီးသွားခဲ့ပြီ ဆိုပေမဲ့ အချိန်အတော်ကြာတဲ့အထိ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက ပြင်းထန်တဲ့တိုက်ပွဲကြီး တစ်ခုကို ဆင်နွှဲနိုင်ဦးမှာ မဟုတ်ဘူး… တကယ်လို့ ကျွန်တော့်အဖွဲ့ကလူတွေ ဒီအနီးအနားမှာ မရှိတော့ဘူးဆိုရင်တောင် ကျွန်တော်က ကျွန်တော့်အဖွဲ့ဆီကို အလျင်အမြန်ပြန်ရဦးမယ်… ကျွန်တော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ မတော်တဆမှု တစ်ခုခုနဲ့ ကြုံတွေ့ရမှာကို ကျွန်တော်မလိုချင်ပါဘူး….."
ဝေ့ရှောင်းက သက်ပြင်းချ၍ ပြောလိုက်သည်။ "မင်းစိတ်ထဲက ဆုံးဖြတ်ချက် ချထားပြီးပြီဆိုမှတော့ ငါမင်းကို ထပ်မတားတော့ပါဘူး… ဒါပေမဲ့ ကမ္ဘာနှစ်ခုအကြား လမ်းကြောင်းက ချိတ်ဆက်သွားခဲ့ပြီဆိုတော့ ဒီကနေ ထွက်သွားပြီးရင် မင်းကိုယ်မင်း ဂရုစိုက်ပါ….."
စကားအဆုံးတွင် ဝေ့ရှောင်းက ယီယွမ်ကို ပို့ဆောင်ခြင်း ဝင်္ကပါတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့၏။
ယီယွမ်က ဝေ့ရှောင်းဘက်သို့ လှည့်၍ လေးလေးနက်နက် အရိုအသေပေးလိုက်ပြီး နှုတ်ဆက်စကား ပြောဆိုလိုက်သည်။ "ဂရုစိုက်ပါ အဖိုးဝေ့….."
စကားအဆုံးတွင် ယီယွမ်က ပို့ဆောင်ခြင်းဝင်္ကပါအတွင်းသို့ လျှောက်လှမ်းသွားခဲ့၏။
ယီယွမ်၏မျက်လုံးများ ဝေဝါးသွားခဲ့ပြီး သူပြန်ပေါ်လာသောအချိန်တွင် ထာဝရခမ်းနားခြင်းနန်းတော်၏ ဒုတိယအလွှာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လက်ရှိအချိန်တွင် ထာဝရခမ်းနားခြင်းနန်းတော်က လူသူကင်းမဲ့နေခဲ့ပြီး တော်တော်လေး ထိတ်လန့်စရာ ကောင်းနေခဲ့ပေ၏။
ယီယွမ်က တွေဝေနေခြင်းမရှိဘဲ ထွက်ပေါက်ရှိရာအရပ်သို့ ဦးတည်၍ ချက်ချင်း လျှောက်လာခဲ့သည်။
ယီယွမ်က ပထမအလွှာသို့ ပြန်သွားတော့မည့်ဟန် ပြင်လိုက်ချိန်တွင် သူ၏စိတ်ထဲ၌ သတိပေးသံများ ရုတ်တရက် ဆူညံလာခဲ့၏။ လူရိပ်တစ်ခုက ဘေးမှနေ၍ ထွက်ပေါ်လာခဲ့သည်။ ဤနေရာကို စောင့်ကြပ်နေသော လန်ဖုန်းမှလွဲ၍ မည်သူဖြစ်နိူင်မည်နည်း။
"မင်းက နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ… ငါကမင်းကို ဒီနေရာမှာ စောင့်နေတာ အချိန်အတော်ကြာခဲ့ပြီ….."
Chapter 6 is coming…..