ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၆ )
Unicode
Chapter-14
"မိတ်ဆွေငယ်လေး ဟုတ်လား… ဟီးဟီး… ငါက တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါကို နားလည်ခဲ့တယ်ဆိုတာ မင်းသိရင် ဘယ်လိုအမူအရာမျိုး ဖြစ်သွားမလဲဆိုတာ ငါသိချင်မိတယ်….." ယီယွမ်က သူ၏စိတ်ထဲမှ ရယ်မောနေခဲ့သည်။
အမှန်တကယ်တွင် တွက်ချက်ကြည့်မယ်ဆိုပါက ယီယွမ်ကို မဟာယန်ဒီဗိုင်းဘုရင်က မိတ်ဆွေငယ်လေးဟု ခေါ်ဆိုသည်မှာ သင့်တော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သူက ယီယွမ်ထက် နှစ်ထောင်ပေါင်းအနည်းငယ် ပို၍အသက်ကြီးသောကြောင့် ဖြစ်သည်။
သို့သော် သူ၏အတိတ်ဘဝတွင် ဂျိချင်ယွင်၏ မှော်ဆေးပညာအစွမ်းက အခြားသူများထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။ သူက လူလင်ဖုန်းကို တန်းတူပြောဆိုနိုင်စွမ်း ရှိပေသည်။
သို့သော် ဤဘဝတွင် ဂျိချင်ယွင်က ပုံစံနှင့်ရုပ်ရည်ပါ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ သူက လူလင်ဖုန်း၏ အရှေ့တွင်ရပ်နေလျှင်ပင် သူက ယီယွမ်အား မှတ်မိမည် မဟုတ်တော့ပေ။
ထိုသို့စဉ်းစားမိပြီးနောက် ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် အကြံတစ်ခုကို တွေးတောမိသွားခဲ့သည်။
အကယ်၍ ယီယွမ်ကသာ ထိုအချိန်ရောက်လာ၍ သူ့အားဆရာအဖြစ် သတ်မှတ်ခဲ့လျှင် ထိုအဖိုးကြီးက သူ့အား ဝင်္ကပါလမ်းကိုးခုစားလုံးများ ပေးအပ်မည် မပေးအပ်မည်ကို မည်သူက သိနိုင်မည်နည်း။
သို့သော် ယီယွမ်က အတော်ကလေး အံ့အားသင့်နေခဲ့၏။ လူလင်ဖုန်းက အမှန်တကယ်ပင် အမွေဆက်ခံသူတစ်ယောက် ရှာဖွေရန်အတွက် ဤဓား၁၈လက်ရုပ်သေးများကို ချန်ထားရစ်ခဲ့သည်။
ထိုအရာက ခဏတာစိတ်ကူးဖြင့် ပြုလုပ်ခဲ့သည်လား သို့မဟုတ် တမင်ရည်ရွယ်၍ လုပ်ခဲ့သည်လား ဆိုသည်မှာ ခွဲခြား၍မရနိုင်ပေ။
လူလင်ဖုန်းက နတ်ဘုရားနိုင်ငံတော်သို့ တက်ရောက်ခဲ့သည့်အချိန်တွင် နတ်ဘုရားနိုင်ငံတော်၌ သူက ဤမျှအဆင့်အထိ မြင့်မားလာမည်ဟု မထင်ခဲ့သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ယီယွမ်၏ နတ်ဘုရားစိတ်အာရုံက လှုပ်ရှားလိုက်သည်နှင့် ဓား၁၈လက်ရုပ်သေးများက တစ်ဖန်လှုပ်ရှားလာခဲ့ရာ မိန်ကျန်းက ထိတ်လန့်တကြား ထခုန်မိသွားခဲ့ပြီး သူ၏ဓားကို မြန်မြန်မြှောက်၍ ရန်သူကို ခုခံရန် ကြိုးစားလိုက်၏။
ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောခဲ့သည်။ "ဒီလောက်ထိ စိုးရိမ်တကြီးဖြစ်နေဖို့ မလိုပါဘုး အကြီးအကဲမိန်… ဒီဓားရုပ်သေးတွေက အကြီးအကဲကို တိုက်ခိုက်ကြမှာ မဟုတ်ပါဘူး….."
မိန်ကျန်းက အံ့အားသင့်သွားခဲ့၏။ သူက အလွန်လျင်မြန်စွာ နားလည်သွားခဲ့ပြီး အံ့အားတကြီး ပြောလိုက်သည်။ "အဲဒါကမဖြစ်နိုင်ဘူး… စောစောလေးက ဒီဓားရုပ်သေးတွေကို မင်းက ကြိုးကိုင်လှုပ်ရှားလိုက်တာလား….."
ယီယွမ်က ခေါင်းညိတ်၍ ပြောခဲ့၏။ "ကျွန်တော်က ဒီဝင်္ကပါကို အပြည့်အဝ နားလည်သွားခဲ့ပါပြီ… အခု… ဒီဓားရုပ်သေးတွေက ကျွန်နော့်ကို ဆရာအဖြစ် အသိအမှတ်ပြုသွားခဲ့ပါပြီ….."
"ဘယ်လို… မင်းက အချိန်လေးနာရီပဲ အသုံးပြုခဲ့တာနဲ့ ဒီဝင်္ကပါကို အပြည့်အဝ နားလည်သွားခဲ့တာလား….." ယီယွမ်၏စကားများကြောင့် မိန်ကျန်းက အလွန်ထိတ်လန့်သွားခဲ့သည်။
အမှန်တကယ်တွင် ယီယွမ်က ဝင်္ကပါတစ်ခုကို နားလည်ခြင်းမှာ မိန်ကျန်းအတွက် ထိုမျှထိတ်လန့်နေစရာ မရှိပေ။ သို့သော် ယခင်ဝင်္ကပါများနှင့် နှိုင်းယှဉ်ပါက ဤဝင်္ကပါမှာ မည်မျှအစွမ်းထက်သည်ကို သူကကောင်းစွာ သိရှိပေ၏။
အပြင်ဘက်ရှိ
အကြွင်းမဲ့မီးလျှံအတားအဆီး ဝင်္ကပါမှာ အဆင့်(4) အဆင့်မြင့်အဆင့် ဝင်္ကပါတစ်ခု ဖြစ်ပေသည်။ ထိုဝင်္ကပါ၏ အစွမ်းက ပြိုင်ဖက်ကင်းပင် ဖြစ်၏။ ယီယွမ်က ထိုဝင်္ကပါကို မြေပြင်တစ်ခုဟုသာ သဘောထား၍ အေးအေးဆေးဆေး လမ်းလျှောက်နိုင်ခဲ့ပေသည်။
သို့သော် စောစောလေးက
တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါကို ချိုးဖျက်ရန်အတွက်မူ ယီယွမ်က ယုံကြည်ချက်ပင် မရှိခဲ့ပေ။ ဤဝင်္ကပါက မည်မျှအထိ ရှုပ်ထွေးသည်ကို လူတိုင်း သိရှိနိုင်ပေ၏။
ထိုသို့ခက်ခဲနက်နဲသော ဝင်္ကပါတစ်ခုကို ယီယွမ်က အချိန်လေးနာရီသာသုံး၍ အပြည့်အဝ နားလည်
သဘောပေါက်သွားခဲ့သည်။ ဤသို့လေ့လာမှုစွမ်းရည်က အလွန်ကောင်းမွန်သည်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပေ၏။
သိရမည့်အချက်မှာ ဝင်္ကပါတစ်ခုကို နားလည်သဘောပေါက်ရန် ဝင်္ကပါပညာရှင်တစ်ယောက်က နှစ်ပေါင်းအနည်းငယ်ခန့် အချိန်ယူရန် လိုအပ်သည်။
ထို့ပြင် ဝင်္ကပါ၏အဆင့် မြင့်လာသည်နှင့်အမျှ ထိုဝင်္ကပါကို နားလည်ရန်အတွက် ယူရသော အချိန်က ပိုများလာလေ ဖြစ်၏။
အဆင့်(4) အဆင့်မြင့်အဆင့် ဝင်္ကပါတစ်ခုထက်ပင် ပိုမိုရှုပ်ထွေးသော ဝင်္ကပါတစ်ခုကို နားလည်ရန်အတွက် အချိန်လေးနာရီသာ လိုအပ်ခဲ့ခြင်းမှာ လူသားများ လုပ်ဆောင်နိုင်မည့် အရာတစ်ခု မဟုတ်တော့ပေ။
အခြားသူများက ဤအချိန်တွင် အများကြီး ပြန်လည်ကောင်းမွန်လာခဲ့ကြပြီ ဖြစ်သည်။ ယီယွမ်က အမှန်တကယ်ပင် ဤဓားရုပ်သေးများကို သိမ်းယူနိုင်ခဲ့သည်ကို မြင်လိုက်ကြသော် သူတို့က အလွန်ပျော်ရွှင်သွားခဲ့ကြပေ၏။
ဤအရာက သူတို့အုပ်စုတွင် ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ပုဂ္ဂိုလ်တစ်ယောက် ရရှိသွားသည်နှင့် အတူတူပင် ဖြစ်သည်။
လူတိုင်းက နောက်တစ်ဆင့်သို့ သွားရောက်ကြတော့မည့် အချိန်တွင် အဓိကခန်းမကြီး၏ အပြင်ဘက်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရပေ၏။
မိန်ကျန်းက အလိုအလျောက်ပင် မျက်မှောင်ကုတ်သွားခဲ့သည်။ "ကြည့်ရတာ သူတို့က တကယ် ထွက်လာနိုင်ခဲ့ကြပြီပဲ….."
သို့သော် ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောလိုက်၏။ "သူတို့က ထွက်လာနိုင်ခဲ့ကြပြီ… ဒါပေမဲ့ ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးကလည်း သေးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်စိုးရိမ်မိတယ်….."
သူက ထိုသို့ပြောနေချိန်တွင် လူအုပ်စုကြီးတစ်ခုက အဓိကခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုအုပ်စုကြီးကို ဦးဆောင်လာခဲ့သူမှာ ဝူကျောက်ပင် ဖြစ်ပေ၏။
ဝူကျောက်၏ဘေးတွင် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့မှ နောက်ထပ်အကြီးအကဲ တစ်ယောက်က ကျောက်ယုရန်ကို တွဲခေါ်လာခဲ့သည်။ ကျောက်ယုရန်က အမှန်တကယ်ပင် အားပြတ်နေခဲ့ပြီ ဖြစ်၏။
ဤမြင်ကွင်းကိုကြည့်၍ သူက အကြွင်းမဲ့မီးလျှံအတားအဆီးကို တွက်ချက်ရန်အတွက် သူ၏စိတ်ကို လုံးဝအားကုန်သွားစေသည် အထိ အားထုတ်ခဲ့ရသည်နှင့် တူညီနေခဲ့သည်။
ဝူကျောက်က အဓိကခန်းမအတွင်းသို့ ဝင်ရောက်လာသည်နှင့် ယီယွမ်က သူတို့အဖွဲ့ကို အေးအေးဆေးဆေး ကြည့်ရှုနေခြင်းအား မြင်လိုက်ရ၏။ သူ၏စိတ်ထဲမှ ဒေါသမီးလျှံများက ချက်ချင်းပင် တောက်လောင်လာခဲ့သည်။
"ဟီးဟီး… ကလေကချေကောင်… ငါတို့က မဟာဝင်္ကပါထဲကနေ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ခဲ့မယ်လို့ မင်းက မျှော်လင့်မထားခဲ့ဘူး မဟုတ်လား….." မိန်ကျန်းက အေးစက်စွာဖြင့် ရယ်မော၍ ယီယွမ်ကို ပြောလိုက်၏။
ယီယွမ်က ပခုံးတွန့်၍ ပြန်ပြောခဲ့သည်။ "မဟုတ်ပါဘူး… ခင်ဗျားတို့အဖွဲ့က အကြီးအကဲမှာ ဒီလောက်အထိ မြန်ဆန်စွာ ပြန်ထွက်လာနိုင်ဖို့ စွမ်းရည်အချို့ ရှိနေမယ်လို့ ထင်မထားခဲ့ရုံပဲ ရှိတာပါ….."
ဝူကျောက်၏မျက်နှာက ပျက်ယွင်းသွားခဲ့၏။ "ငါတို့က မဟာဝင်္ကပါကနေ ထွက်လာနိုင်ခဲ့ပြီဆိုတော့ ဒီနေ့က မင်းသေရမဲ့နေ့ပဲ… မင်းတစ်ယောက်တည်း သေရမှာမဟုတ်ဘူးနော်… မင်းနဲ့အတူပါလာခဲ့တဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့က လူတွေအားလုံး သေရမယ်… မိန်ကျန်း... မင်းငါ့ကို အပြစ်တင်ချင်ရင် ယီယွမ်ကို အရင်ဆုံး အပြစ်တင်လိုက်တော့….."
ထိုသို့ပြောပြီးနောက် ဝူကျောက်က အခြားအဖွဲ့များဘက်သို့ လှည့်၍ ပြောလိုက်သည်။ "ယီယွမ်က ငါတို့ကို လျှို့ဝှက်အကြံအစည်နဲ့ ကစားသွားပြီး ငါတို့အားလုံး သေဆုံးပြီး ငါတို့ရဲ့ တာအိုတွေကိုပါ ပျောက်ကွယ်သွားလုနီးပါး ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်… ငါနဲ့အတူတူ ပူးပေါင်းတိုက်ခိုက်ပြီး ငြိမ်သက်တိမ်တိုက်အဖွဲ့က လူတွေအားလုံးကို သတ်လိုက်ကြရအောင်… ငါတို့ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ဘာတစ်ခုမှ မလိုချင်ပါဘူး….."
သို့ရာတွင် မည်သူကမှ သူ့အား အဖြေမပေးခဲ့ကြပေ။
ယီယွမ်က ဤမြင်ကွင်းကိုမြင်သော် ရယ်မော၍ ပြောခဲ့၏။ "ကြည့်ရတာ ခင်ဗျားက နတ်ဘုရားနဲ့ လူသားတွေ မကြိုက်တဲ့လမ်းကို မဟာဝင်္ကပါကနေ ထွက်နိုင်ဖို့ကြိုးစားရင်း အသုံးပြုခဲ့တယ်နဲ့ တူတယ်… အခု ခင်ဗျားတို့ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က မျက်နှာလုံးဝပျက်ပြီးပြီကို သူတို့က ခင်ဗျားတို့ကို ကူညီဖို့ မျှော်လင့်နေသေးတာလား…."
ယီယွမ်က ထိုအုပ်စုကို အကြည့်တစ်ချက် ပို့လိုက်သည်နှင့် အကြွင်းမဲ့မီးလျှံအတားအဆီး မဟာဝင်္ကပါအတွင်း၌ မည်သည့်အရာ ဖြစ်ပျက်သွားခဲ့သည်ကို သိရှိနိုင်ခဲ့သည်။
ကျောက်ယုရန်၏ အဆင့်အတန်းဖြင့် ထွက်ပေါက်ကို ဤမျှအထိ လျင်မြန်စွာ ရှာတွေ့ရန် လုံးဝမဖြစ်နိုင်ပေ။ ထိုသို့မဟုတ်ပါက လူသားများကို လမ်းခင်း၍ သူက လျှောက်လှမ်းခဲ့ရပေမည်။
အဖွဲ့ခြောက်ဖွဲ့မှ လူအရေအတွက်က ယခင်ကထက်ပင် ပိုနည်းသွားခဲ့၏။ ဤအရာက ယီယွမ်၏ခန့်မှန်းမှုကို ခိုင်မာစေခဲ့ခြင်း ဖြစ်သည်။
ဝူကျောက်၏ မျက်နှာအမူအရာက အလွန်အရုပ်ဆိုးသွားခဲ့၏။ သူက အလွန်ဒေါသထွက်နေခဲ့ရာ သူ၏မျက်နှာပင် အရောင်ပြောင်းသွားခဲ့သည်။
မဟာဝင်္ကပါအတွင်း၌ သူက အခြားအဖွဲ့များကို အနိုင်ကျင့်ခဲ့မိကြောင်း သူလည်း သိရှိပေ၏။ ထို့ကြောင့်ပင် သူက မည်သည့်အရာမှ မယူလိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏အပြုအမူများမှ လွန်ကဲသွားမှုကို သူလျှော့တွက်ထားခဲ့ကြောင်း သိသာပေ၏။ သူ၏စကားကို
လူတစ်ယောက်မှပင် ပြန်မတုံ့ပြန်ခဲ့ကြတော့ပေ။
"ဟမ့်… အဲဒီတော့ ဘာဖြစ်လဲ… မင်းတို့ကို ငချွတ်ကလေးတွေကို ရင်ဆိုင်ဖို့ကတော့ ငါတို့ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ တစ်ဖွဲ့တည်းနဲ့တင် လုံလောက်နေပြီ… ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ တပည့်တွေအားလုံး နားထောင်ကြ… ငါ့နောက်ကို လိုက်ပြီးတော့ ငြိမ်သက်တိမ်တိုက်အဖွဲ့က တပည့်တွေအားလုံးကို သတ်ကြစမ်း… တစ်ယောက်မှ အလွတ်မပေးနဲ့….."
လက်ရှိအချိန်တွင် ငြိမ်သက်တိမ်တိုက်အဖွဲ့မှလွဲ၍ အခြားအဖွဲ့များအားလုံးတွင် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ အုပ်စုက ဆုံးရှုံးမှု အနည်းဆုံး ဖြစ်သည်။ ယခု သူတို့က လူ၁၅ယောက် ၁၆ယောက် ကျန်ရှိနေပေသေး၏။ လူအင်အားမှာ ငြိမ်သက်တိမ်တိုက်အဖွဲ့၏ နှစ်ဆပင်ဖြစ်သည်။
နှစ်ဆတစ်ဆ…..
ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က ငြိမ်သက်တိမ်တိုက်အဖွဲ့ကို အလုံးစုံသုတ်သင်လိုခြင်းမှာ စိန်ခေါ်မှုကြီးမားသော အရာတစ်ခု မဟုတ်တော့ပေ။
"ဟုတ်ကဲ့….."
ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ တပည့်အားလုံးက သူတို့၏ အခြေအနေကို တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြ၏။ အထူးသဖြင့် လီကျန်းယုပင် ဖြစ်သည်။ သူကယီယွမ်ကို သုတ်သင်လိုနေခဲ့သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
ဤအချိန်တွင် သူက စတင်၍ တောင်းဆိုလိုက်သည်။ "အကြီးအကဲဝူ… ဒီယီယွမ်ကို ကျွန်တော့် တာဝန်ထားလိုက်ပါ….."
ဝူကျောက်က သူ့ကိုတစ်ချက်ကြည့်၍ ခေါင်းညိတ်ပြီး ပြောခဲ့၏။ "ဒီကလေကချေကောင်ကို သေချာဂရုစိုက်ပါ… ဒီလိုမှမဟုတ်ရင် ငါ့စိတ်ထဲက မုန်းတီးမှုကို ချေဖျက်နိုင်မှာ မဟုတ်တော့တဲ့အထိ ခက်ခဲသွားလိမ့်မယ် ….."
"ဟီးဟီး… စိတ်အေးအေးထားပါ… အကြီးအကဲဝူ… သူက အသက်ရှင်ရတာ နောင်တရသွားတဲ့အထိ ကျွန်တော် လုပ်ပေးလိုက်ပါမယ်….." လီကျန်းယုက ယီယွမ်ကို ကြည့်၍ အေးစက်သောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ဤမတိုင်မီက ယီယွမ်၏လက်ထဲတွင် လီကျန်းယုက ဆုံးရှုံးမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်း ဝူကျောက်က သိရှိထားခဲ့၏။ ပုံမှန်အားဖြင့် လီကျန်းယုက ဤကိစ္စကို လွယ်လွယ်ကူကူ အဆုံးသတ်သွားစေမည် မဟုတ်ပေ။
အဆင့်(4) စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ယောက်နှင့် အဆင့်(8) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်တို့၏ တိုက်ပွဲတွင် မည်သို့ပင် ကြည့်စေကာမူ ယီယွမ် သေဆုံးရတော့မည့် အတိတ်နိမိတ်တစ်ခု ဖြစ်ပေသည်။
ဝူကျောက်က လီကျန်းယုနှင့် ပတ်သက်၍ မကြိုက်သည့်အချက်များစွာ ရှိသော်လည်း လီကျန်းယုက အမှန်တကယ်ပင် စွမ်းရည်ရှိကြောင်း သိရှိပေ၏။ သူ၏တိုက်ခိုက်မှုစွမ်းရည်က နှောင်းပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်အောက်သို့ လုံးဝမနိမ့်ကျပေ။
ဤကိစ္စအတွက်ကြောင့်သာ မဟုတ်ခဲ့ပါက သူ့ကို ချီကျိုးထောင်က တပည့်တစ်ယောက်အဖြစ် လက်ခံခဲ့မည် မဟုတ်ပေ။
ဂျူနီယာမျိုးဆက်၌ လီကျန်းယု၏ ခွန်အားက အလွန့်အလွန် အစွမ်းထက်ပေသည်။
သို့ရာတွင် ထိုစကားများကို ငြိမ်သက်တိမ်တိုက်အဖွဲ့မှ လူအများက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်ပမာ ဖြစ်နေခဲ့ကြ၏။ သူတို့ထဲမှ အများစု၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ပေါ်လွင်နေခဲ့ကြသည်။
နောက်ဆုံးတွင် ဖန်းဝမ်နန်က စကားပြောချင်စိတ်ကို ထိန်းမရတော့ဘဲ ပြောလိုက်၏။ "အဲဒီမှာရှိတဲ့ ငနဲတွေ… မင်းတို့ကို သတိမပေးဘူးဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့နော်… မင်းတို့က ယီယွမ်ကို ဒီထက်ပိုပြီး ရန်မစတာ ပိုကောင်းမယ်လို့ အကြံပေးချင်တယ်… ဒီလိုမှမဟုတ်ရင် မင်းတို့က ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်….."
လီကျန်းယုက အေးစက်စွာဖြင့် လှောင်ပြောင်ပြောဆိုခဲ့သည်။ "ကောင်းပြီ… သူကငါ့ကို ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ ကြုံတွေ့ရအောင် လုပ်ဆောင်မလဲဆိုတာ ငါသိချင်တယ်… သူ့မှာ ထူးဆန်းနဲ့နည်းလမ်းအချို့ ရှိနေတယ်ဆိုတာ ငါသိပေမဲ့ ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ လူက အနှေးနဲ့အမြန်ပဲ တစ်ရက်ရက်မှာ အသေဆိုးနဲ့ သေဆုံးရလေ့ရှိတယ်… ယီယွမ်… တကယ့်ခွန်အား အစစ်အမှန်က ဘာလဲဆိုတာ ငါမင်းသိဖို့ ဒီနေ့ပြမယ်….."
ထိုစကားများကိုကြားသော် ယီယွမ်က ချက်ချင်းပင် ပီတိဖြစ်သွားခဲ့၏။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်ပေသည်။ "ကောင်းပြီလေ… အခုလိုဖြစ်သွားပြီဆိုတော့ ငါကစောစောလေးကပဲ ထူးဆန်းတဲ့လမ်းစဉ်အရုပ် တစ်ရုပ်ကို ရရှိခဲ့တယ်… ငါကအခု မင်းရဲ့ခွန်အား အစစ်အမှန်ကို စမ်းသပ်ဖို့အတွက် အဲဒီအရုပ်ကို အသုံးပြုမယ်… ငါက အသေဆိုးနဲ့ သေမလား မသေဘူးလားဆိုတာ ငါသိချင်မိတယ်….."
စာစဉ်(26) ပြီးပါပြီ>>>>>
ဆက်လက်ကြိုးစားပါဦးမည်>>>>>