ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၆ )
Unicode
Chapter-12
ဤဓား၁၈လက်ရုပ်သေးများကို ဝင်္ကပါက အလိုအလျောက် ထိန်းချုပ်ထားခြင်းဖြစ်ပြီး ပိုင်ရှင်မဲ့ပစ္စည်းများ ဖြစ်ကြသည်။
ဖန်းဝမ်နန်က ဝင်္ကပါကို စောစောလေးက မတော်တဆ အသက်သွင်းလိုက်မိခဲ့ခြင်း ဖြစ်၏။ ထိုအရာကြောင့်ပင် ဤဓား၁၈လက်ရုပ်သေးများက ငြိမ်သက်တိမ်တိုက်အဖွဲ့ အုပ်စုကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ယီယွမ်က တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါကို နားလည်သဘောပေါက်သည်နှင့် သူက ဤဓား၁၈လက်ရုပ်သေးများကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
အကယ်၍ ယီယွမ်တွင် ဓား၁၈လက်ရုပ်သေးများသာ ရှိနေခဲ့ပါက ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ထူးချွန်သူများ၏ ရှေ့တွင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိလာမည်ဖြစ်၏။
ယီယွမ်၏ လက်ရှိခွန်အားဖြင့် ဆိုပါက အစောပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်နှင့် အလယ်အလတ်အဆင့်
စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များကို ရင်ဆိုင်ရန်မှာ ပြဿနာမရှိသေးပေ။ သို့သော် နှောင်းပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များကို ရင်ဆိုင်ရာတွင်မူ စိန်ခေါ်မှု ကြီးမားသွားခဲ့ပြီ ဖြစ်သည်။
ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူများကိုမူ ယီယွမ်က ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။
အမှန်တကယ်တွင် ယီယွမ်က ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ထူးချွန်သူ အချို့နှင့် ရင်ဆိုင်ဖူးပေ၏။ သို့သော် ကျီးကျန်းနက်အဖိုးကြီး၊ ယောင်ချမ်၊ ဝမ်ဖန် မည်သူပင် ဖြစ်နေပါစေ သူက ပတ်ဝန်းကျင်အခြေအနေနှင့် သူ၏တွက်ချက်မှုများ အပေါ်မှီခိုပြီး အခွင့်အရေးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်တစ်ယောက်ကို တိုက်ခိုက်ရလျှင် ယီယွမ်က အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။
သို့သော် ဤဓားရုပ်သေးများနှင့်ဆိုလျှင် အခြေအနေက ကွာခြားသွားခဲ့ပြီ ဖြစ်၏။ ယီယွမ်က အဆင့်(3) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ထူးချွန်သူများကို တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါကို အသုံးပြု၍ ဓားရုပ်သေးများကို ထိန်းချုပ်တိုက်ခိုက်ခြင်းဖြင့် အနိုင်ယူနိုင်ပေသည်။
ယီယွမ်၏အင်အားက အမှန်တကယ်ပင် အစွမ်းမထက်သေးပေ။ သို့သော် ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်အောက်တွင် ဤဝင်္ကပါ၏ တံခါးဝကို ဖွင့်လှစ်နိူင်မည့် ကနဦးသော့ချက်များကို သူကရရှိသွားခဲ့ပြီဖြစ်၏။
လက်ရှိအချိန်၌ ယီယွမ်၏ စိတ်ဝိညာဉ်ခွန်အားက ပျံ့နှံ့ထွက်ရှိနေခဲ့ပြီး ဓားရုပ်သေးများ၏ လှုပ်ရှားမှုများကို အချိန်တိုင်း စောင့်ကြည့်နေခဲ့သည်။ သို့ဖြစ်၍ ဓားရုပ်သေးများက သူ့ကိုဒဏ်ရာရစေရန်မှာ အလွန်ခက်ခဲလှ၏။
အမှန်တကယ်တွင် ထိုသို့ပြုလုပ်ခြင်းအတွက် သူ၏စိတ်ဝိညာဉ်ခွန်အားက အလွန်လျင်မြန်စွာ ခြောက်ကပ်လာခဲ့သော ဆိုးကျိုးကို ခံစားလာခဲ့ရပေသည်။
"မဖြစ်နိုင်ဘူး မဟုတ်လား… ဒီဝင်္ကပါထဲမှာ ငါတို့အများကြီး ရှိနေတာတောင် မယုံကြည်နိုင်စရာ ကောင်းတဲ့အထိ အန္တရာယ်ကြီးမားတယ်… ယီယွမ်က ဒီဝင်္ကပါကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါ့မလား….." ထျန်းယွီက ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။
"ယီယွမ်က တစ်စုံတစ်ခုကို နားလည်သဘောပေါက် သွားခဲ့တာပဲ ဖြစ်လိမ့်မယ်… ဒီလိုမှမဟုတ်ရင် အခုလိုလုပ်ဖို့မဖြစ်နိုင်ဘူး….." မိန်ကျန်းက ပြောသည်။
"ဒါပေမဲ့ ယီယွမ်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ… အကြီးအကဲမိန်ကိုတောင် အပြင်ဘက်ကို ခေါ်လာခဲ့တယ်… တကယ်လို့သာ အထဲမှာ သူကညွှန်ကြားပြသပြီး အကြီးအကဲမိန်ရဲ့ ခွန်အားနဲ့ဆိုရင် ဝင်္ကပါကို ဖျက်ဆီးဖို့က ပိုပြီးလွယ်ကူမယ်မဟုတ်လား… သူက ဘယ်လိုလုပ်ပြီး ဝင်္ကပါကို တစ်ယောက်တည်း ဖျက်ဆီးဖို့လုပ်နေတာလဲ….." ထျန်းယွီက ပဟေဠိဖြစ်စွာဖြင့် မေးမြန်းလိုက်၏။
"အခုအခြေအနေကို ရောက်လာပြီဆိုမှတော့ ငါတို့က သူ့ကို ယုံကြည်ထားဖို့ပဲ တတ်နိုင်တယ်… ဒီဝင်္ကပါက တကယ်ကိုပဲ မျှော်မှန်းမရလောက်တဲ့အထိ အစွမ်းထက်နေခဲ့တာလေ… စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ရုပ်သေးအနည်းငယ် အသုံးပြုလိုက်ရုံနဲ့ ငါကိုယ်တိုင်တောင် မယှဉ်ပြိုင်နိုင်ခဲ့ဘူး….." မိန်ကျန်းက လေးစားစွာဖြင့် သက်ပြင်းချခဲ့သည်။
. . . . . .
ယီယွမ်က တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါအတွင်း၌ ပိတ်မိနေသည့်အချိန်တွင် အကြွင်းမဲ့မီးလျှံအတားအဆီး အတွင်း၌ ကျောက်ယုရန်၏ ကျောပြင်တွင် ချွေးများစိုရွှဲနေခဲ့ပြီ ဖြစ်၏။
ဤမျှအချိန်ကြာမြင့်အောင် လေ့လာနေခဲ့ရပြီးနောက် သူက ခြေပစ်လက်ပစ် လဲကျလုနီးပါး ဖြစ်နေခဲ့သည်။
သို့သော် မဟာဝင်္ကပါ၏ ထွက်ပေါက်နှင့် မဝေးကွာတော့ကြောင်း သူကသိရှိပေ၏။ အကယ်၍ သူကသာ အံကြိတ်၍ အားတင်းတောင့်ခံထားခြင်း မရှိခဲ့လျှင် ထာဝရခမ်းနားခြင်းနန်းတော် အတွင်းရှိ အကျိုးအမြတ်များကို ငြိမ်သက်တိမ်တိုက်အဖွဲ့ကသာ ရရှိသွားပေလိမ့်မည်။
သို့ဖြစ်၍ သူက အံကိုတင်းတင်းကြိတ်ပြီး အားတင်းရှေ့ဆက်နေခဲ့သည်။
"နည်းနည်းလေးပဲ လိုတော့တယ်… တကယ်ကို နည်းနည်းလေးပဲ လိုတော့တယ်… အကြွင်းမဲ့မီးလျှံအတားအဆီးကို ဒီတစ်ကြိမ် လေ့လာရတာက ငါ့ရဲ့ ဝင်္ကပါလမ်းကြောင်းမှာ အံ့မခန်းအကျိုးသက်ရောက်မှု ရှိသွားစေတယ်… ငါကဒီဟာကို ထိတွေ့လိုက်နိုင်တာနဲ့ ဒီဘဝမှာ အဆင့်(4) ဝင်္ကပါပညာရှင် အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်အများကြီး ရှိသွားခဲ့ပြီ….." ကျောက်ယုရန်က သူ၏စိတ်ထဲမှနေ၍ မိမိကိုယ်မိမိ အားပေးနေခဲ့၏။
လူတိုင်းက အသက်ရှူမှုကို ထိန်းချုပ်ထားခဲ့ပြီး ကျောက်ယုရန်ကို ကြည့်လိုက်ပေသည်။
ဤနေရာအထိ ရောက်လာခဲ့ချိန်တွင် အဖွဲ့ကြီးအားလုံးက အလွန့်အလွန် ကြီးမားသောတန်ဖိုးကို ပေးအပ်ထားခဲ့ရပေ၏။
ယခုအချိန်တွင် အဖွဲ့အချို့၌ လူနှစ်ယောက် သို့မဟုတ် လူသုံးယောက်သာ ကျန်ရှိပေတော့သည်။
ခရမ်းနုရောင်စံအိမ်အဖွဲ့တွင်ပင် လူလေးယောက် ကျန်ရှိနေခဲ့သည့်အနက်မှ လူတစ်ယောက်က မဟာဝင်္ကပါကြောင့် ပြာကျသွားသည်အထိ လောင်ကျွမ်းခြင်း ခံလိုက်ရပြီဖြစ်၏။
ကျောက်ယုရန်က ရှေ့သို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း တက်လှမ်းလိုက်ပေသည်။ သူ၏ခြေလှမ်းတိုင်းက လူတိုင်း၏ စိတ်နှလုံးအပေါ် သက်ရောက်မှုများ ရှိနေခဲ့၏။
ချက်ချင်းပင် ကျောက်ယုရန်၏ မျက်နှာက ပီတိဖြစ်နေသော အမူအရာ ပေါ်လွင်လာခဲ့သည်။
"စီနီယာအစ်ကို… ကျွန်တော် ထွက်ပေါက်ကို တွေ့ပါပြီ….." ကျောက်ယုရန်က ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်၏။
လူတိုင်း၏မျက်နှာများတွင် ပျော်ရွှင်စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ဤမဟာဝင်္ကပါက အလွန်အမင်း ကြောက်စရာကောင်းလှပေ၏။ ပြောရမည်ဆိုလျှင် သူတို့က အသက်ရှင်ရက် လွတ်မြောက်လာနိုင်ခဲ့ခြင်းမှာ ကံတရားကြောင့်ဟုသာ ပြောရပေမည်။
ဝူကျောက်ကလည်း အပျော်လွန်သွားခဲ့ပြီး ပြောလိုက်သည်။ "ဟားဟား… ယီယွမ်ဆိုတဲ့ ကလေကချေကောင်က ငါတို့ထွက်ပေါက်ကို ဒီလောက်အထိ မြန်မြန်ကြီး ရှာတွေ့လိမ့်မယ်လို့ အိပ်မက်မက်ထားမှာ မဟုတ်လောက်ဘူး… ဟုတ်တယ်မလား… မင်းရဲ့အဖေ ထွက်လာတဲ့အချိန်အထိ စောင့်ဆိုင်းဦး… ငါကမင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်… ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ရင်ထဲက အစိုင်အခဲကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ဖို့ ခက်ခဲသွားလိမ့်မယ်… ဂျူနီယာညီလေးယုရန်… မြန်မြန်လေး….."
ကျောက်ယုရန်က ခေါင်းညိတ်၍ ပြောခဲ့၏။ "ဒီဟာက နောက်ဆုံးလမ်းဆုံပါ… ကျွန်တော်တို့က မှန်ကန်တဲ့လမ်းကို ရွေးချယ်နိုင်ခဲ့ပြီဆိုရင် ကျွန်တော်တို့က အပြင်ထွက်ဖို့ အလွန်ဆုံးမှ နှစ်နာရီလောက်ပဲ လိုအပ်ပါတယ်….."
. . . . . .
ယီယွမ်၏ စိတ်ဝိညာဉ်ခွန်အားက အလွန်မြန်ဆန်စွာပင် ကုန်ဆုံးလာခဲ့သည်။ သို့သော် တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါကို သူ၏နားလည်မှုကလည်း တစ်ချိန်တည်းမှာပင် အလွန်မြန်ဆန်စွာ မြင့်တက်လာခဲ့၏။
သူ့တွင် အဆင့်(9) ဝင်္ကပါပညာရှင်တစ်ယောက်၏ အတွေ့အကြုံနှင့် ဗဟုသုတများ ရှိပေသည်။ ဤတော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါက အလွန့်အလွန် ခက်ခဲနက်နဲသော်လည်း ထိုဝင်္ကပါက လူလင်ဖုန်း၏ လွန်ခဲ့သော နှစ်ထောင်ပေါင်းအနည်းငယ် အချိန်ကာလက တည်ဆောက်ထားခဲ့မှုသာ ဖြစ်ပေ၏။
ယီယွမ်က အဆင့်မြင့်သော အခြေအနေမှ လေ့လာနေရခြင်းဖြစ်သည်။ အဆင့်(3) ဝင်္ကပါတစ်ခုကို နားလည်ခြင်းက သူ့အတွက် အလွန်မွန်းစတားဆန်သည့် အရာတစ်ခု လုံးဝမဟုတ်ပေ။
အမှန်တကယ်တွင် သူ၏အကြီးမားဆုံး အထောက်အပံ့က ဤဓား၁၈လက်ရုပ်သေးများ ဖြစ်ပေ၏။
ယီယွမ်အတွက် ဤဓား၁၈လက်ရုပ်သေးများက အလွန်အစွမ်းထက်နေခဲ့သည်။ သူ၏စွမ်းအင်အများစုကို ဓားရုပ်သေးများအပေါ်တွင် အာရုံပြုထားရန် လိုအပ်နေသေး၏။
ထိုသို့မဟုတ်ပါက အနည်းငယ် သတိလစ်ဟင်းသွားသည်နှင့် ရလဒ်အနေဖြင့် သေဆုံးသွားရပြီး သူ၏တာအို ကွယ်ပျောက်သွားခြင်းကိုပါ ကြုံတွေ့သွားရပေမည်။
ကံကောင်းထောက်မစွာဖြင့် ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်အောက်၌ ဓားရုပ်သေးအားလုံး၏ လှုပ်ရှားမှုများကို သူ၏နတ်ဘုရားစိတ်ဝိညာဉ်၌ ထည့်သွင်းထားပြီး ခွဲခြမ်းစိတ်ဖြာကာ နားလည်လာခြင်းဖြင့် တော်လှန်ရေးကိုးခု လျော့နည်းခြင်း ချိတ်ဆက်ဝင်္ကပါကို တဖြည်းဖြည်း နားလည် သဘောပေါက်လာခဲ့သည်။
အမှန်တကယ်တွင် ဝင်္ကပါအတွင်းသို့ ရောက်လာပြီးနောက် ယီယွမ်က ကောင်းစွာ လေ့လာနေခဲ့၏။ ဤဓားရုပ်သေးများ၏ တိုက်ခိုက်မှုများက အစီအစဉ်မကျ တိုက်ခိုက်သည်နှင့် တူနေခဲ့သော်လည်း အမှန်တကယ်တွင်မူ သူတို့က နည်းလမ်းတကျ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဤဓားရုပ်သေးများက အစုံလိုက်တိုက်ခိုက်ကြပြီး တိုက်ခိုက်မှုကိုးခုက အချက်ကျကျ ဖြစ်ပေါ်လာကြ၏။
တစ်ဖွဲ့က တိုက်ခိုက်ပြီးသည်နှင့် ဒုတိယတစ်ဖွဲ့က ချောမွေ့စွာဖြင့် လိုက်ပါတိုက်ခိုက်ကြသည်။ ထို့နောက် တတိယအဖွဲ့၊ စတုတ္ထအဖွဲ့ စသည်ဖြင့် ချို့ယွင်းချက်မရှိဘဲ တိုက်ခိုက်ကြ၏။
ဤသို့သော တိုက်ခိုက်မှုအမျိုးအစားက ခိုင်မာသော ပူပေါင်းတိုက်ခိုက်မှုတစ်ခု ဖြစ်လာစေခဲ့ရာ တိုက်ခိုက်မှုများက အလွန့်အလွန် အင်အားကြီးသွားခဲ့ခြင်း ဖြစ်ပေသည်။
အဖွဲ့ကိုးခုက သူတို့၏တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ချိန်တွင် တိုက်ခိုက်မှု၏ စွမ်းအားက အလွန်ကြောက်စရာ ကောင်းသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ယေဘုယျကျကျ ပြောရမည်ဆိုလျှင် ပထမအဖွဲ့က သူတို့၏ တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ချိန်က ဝင်္ကပါ၏ အားအနည်းဆုံးအချိန် ဖြစ်သင့်ပေသည်။ သို့သော် အမှန်တကယ်တွင်မူ ဤသို့မဟုတ်ခဲ့ပေ။
ဤဓား၁၈လက်ရုပ်သေးများ၏ ပူးပေါင်းဆောင်ရွက်မှုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် တီထွင်မှုကောင်းတစ်ခု ဖြစ်၏။ ထိုအရာက နှေးကွေးနေသော်လည်း အမှန်တကယ်တွင် သူတို့၏ တိုက်ခိုက်မှုကြားမှ အချိန်အပိုင်းအခြားက အလွန့်အလွန် သေးငယ်ပေသည်။ သို့ဖြစ်၍ ပြည့်စုံသောစက်ဝန်းတစ်ခု ဖြစ်ပေါ်လာစေခဲ့ကာ တိုက်ခိုက်မှုတိုင်းကို အလွန်အစွမ်းထက်စေခြင်း ဖြစ်၏။
အမှန်တကယ်တွင် ထွင်းဖောက်မြင်တွေ့နိုင်ခြင်းက ကိစ္စတစ်ခုဖြစ်ပြီး ဝင်္ကပါကို နားလည်ခြင်းက နောက်ထပ်ကိစ္စတစ်ခု
ဖြစ်သည်။
ပို၍လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခုပင် အားနည်းချက်များ ရှိပေ၏။ အလွန်ရှုပ်ထွေးသော လျှော်ကြိုးတစ်ချောင်းပင် သူ၏ဦးခေါင်းပိုင်း ရှိနေပေသည်။ သို့သော် ယီယွမ်က အခုလုပ်ဆောင်လိုသော
အရာမှာ သူ၏ဦးခေါင်းပိုင်းကို ဤပြည့်စုံသောစက်ဝန်းအတွင်း ရှာဖွေရန်ဖြစ်၏။
ပြောရမည်ဆိုလျှင် ဆံပင်တစ်ပင်ကို ဆွဲလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်မှု ရှိစေနိုင်သည်။ သူက ဤစက်ဝန်း၏ အဆုံးသတ်ကို ရှာတွေ့သည်နှင့် သူက ဤဝင်္ကပါကို ထိန်းချုပ်နိုင်မည် ဖြစ်၏။
သို့သော် လူလင်ဖုန်း ဝင်္ကပါ၏ ကျွမ်းကျင်မှုက ဤကြိုးဦးခေါင်းပိုင်းတွင် တည်ရှိပေသည်။ ထို့အတွက်ကြောင့် သူက အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။
ယီယွမ်၏ စိတ်ဝိညာဉ်ခွန်အားက အားလုံးနီးပါး ကုန်ဆုံးတော့မည် ဖြစ်သော်လည်း သူက ထိုကြိုးဦးခေါင်းကို ရှာမတွေ့ခဲ့သေးပေ။
အချိန်များက တရွေ့ရွေ့
ကုန်ဆုံးလာသည်နှင့် ယီယွမ်၏ စိတ်ဝိညာဉ်ခွန်အားက ကုန်ဆုံးတော့မည် ဖြစ်သည်။ သူ၏နတ်ဘုရားစိတ်ဝိညာဉ်က အလွန်မောပန်းနေခဲ့၍ သတိလစ်လဲကျလုမတတ် ဖြစ်လာခဲ့၏။
သူ၏စိတ်ဝိညာဉ်ခွန်အားက ကုန်ဆုံးသွားသည်နှင့် ယီယွမ်အတွက် ထိုကြမ်းတမ်းရက်စက်သော ဓားများကြောင့် အပိုင်းပိုင်းပြတ်သွားမည့် ရလဒ်တစ်ခုသာ ကျန်ရှိပေတော့မည်။
"မကောင်းတော့ဘူး… ယီယွမ်… သူကထပ်ပြီး တောင့်မခံနိုင်တော့ဘူး….." ယီယွမ်၏ လှုပ်ရှားမှုများက အတော်ကလေး ထူးဆန်းလာသည်ကို မိုယုထန်က မြင်တွေ့ခဲ့ရပြီး တစ်စုံတစ်ရာက မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။
မိန်ကျန်း၏ မျက်နှာအမူအရာကလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီး သူက တည်ငြိမ်စွာ ပြောလိုက်၏။ "ယီယွမ်က အခုအချိန်ထိ ရှောင်တိမ်းရုံပဲ ရှောင်တိမ်းနေခဲ့တာဆိုတော့ သဘာဝစွမ်းအင် အများကြီး မကုန်နိုင်ဘူး… ဖြစ်နိုင်တာက သူက စိတ်ဝိညာဉ်ခွန်အားကို တစ်ချိန်လုံး အသုံးပြုနေခဲ့တာများလား….."
"ဘုရားရေ… သူ့ရဲ့ စိတ်ဝိညာဉ်ခွန်အားကို ထိန်းချုပ်မှုက အလွန်တိကျနေတာလား… သူ့ရဲ့ စိတ်ဝိညာဉ်ခွန်အားက ဝင်္ကပါရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းကိုပဲ ကာကွယ်ပေးထားတယ်….." ထျန်းယွီက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"အခုအချိန်မှာ ပြောနေလို့ ဘာအကျိုးထူးမှာလဲ… မဖြစ်သေးဘူး… ငါယီယွမ်ကို အရင်ကယ်ရမယ်….." မိန်ကျန်းက နောက်ထပ် ရပ်ကြည့်နိုင်ခြင်းမရှိတော့ပေ။ ယီယွမ်က ဓားချက်များစွာကြောင့် အပိုင်းပိုင်းပြတ်သွားမည်ကို သူကရပ်ကြည့်နိုင်စွမ်း မရှိပေ။
တွေဝေနေခြင်းမရှိဘဲ မိန်ကျန်းက သူ၏ဓားကိုကိုင်၍ မဟာဝင်္ကပါအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်ခဲ့၏။
သို့သော် သူက မဟာဝင်္ကပါအစပ်သို့ ရောက်လာချိန်တွင် ယီယွမ်၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။ "ကျွန်တော် အဆင်ပြေပါတယ်… ဒီကိုမလာခဲ့ပါနဲ့….."
Chapter 13 is coming…..