ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၆ )
Unicode
Chapter-9
ပျက်စီးခြောက်ကပ်နေသော အဓိကခန်းမကြီးတစ်ခု၊ မှုန်ဝါးဝါးအလင်းရောင်၊ ကြင်လင်အေးချမ်းမှုမရှိခြင်း၊ အေးစက်သော လေထုဖိအား…..
"အာ...ဒီမနှစ်မြို့စရာနေရာက ငါ့ရဲ့ဆံပင်တွေ အဆုံးစွန်အထိ ထောင်သွားစေတယ်….." ထျန်းယွီက ပြောလိုက်သည်။
ရေခဲတမျှအေးစက်သော လေထုက တိုက်ခတ်နေခဲ့ရာ သူက ခိုက်ခိုက်တုန်သွားခဲ့၏။
"ဒီအဓိကခန်းမကြီးကို ဝင်္ကပါတွေ ဝန်းရံထားတယ်… အဲဒါတွေက ပျက်စီးသွားခဲ့တာ အချိန်အတော်ကြာပြီဆိုပေမဲ့ ဖုန်တက်နေတာ တစ်ခုမှမရှိဘူး… ငါထင်တာတော့ ဒီအဖွဲ့က ဝင်္ကပါတာအိုလမ်းကြောင်းမှာ အလွန်ခိုင်မာတဲ့ အခြေခံတွေ ရှိနေခဲ့တယ်လို့ ငါထင်တယ်….."
လျှို့ဝှက်နယ်မြေ၏ အတွင်းဖက်မှ အပြင်ဖက်အထိ ဝင်္ကပါများက ကာကွယ်ထားခဲ့ကြသည်။ အထူးသဖြင့် ကောင်းကင်ဘုံမိုးကြိုးစွမ်းအင် သော့ခတ်ခြင်းဝင်္ကပါ ဖြစ်၏။ ထိုဝင်္ကပါက အဆင့်(5) မဟာဝင်္ကပါများအနက် အလွန့်အလွန် အစွမ်းထက်သော ဝင်္ကပါတစ်ခု ဖြစ်ပေသည်။
"တောင်ပိုင်းကုန်းမြေက ဝင်္ကပါတာအိုလမ်းကြောင်းမှာ အားနည်းပြီး အဆင့်နိမ့်တယ်… ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့လို အဖွဲ့ကြီးတစ်ဖွဲ့ကသာ အဆင့်(4) ဝင်္ကပါပညာရှင်တွေ မွေးထုတ်ပေးနိုင်တာပဲ… ဒါပေမဲ့ သူတို့ရဲ့ အဆင့်(4) ဝင်္ကပါပညာရှင်တွေက ဒီအဖွဲ့နဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို အားနည်းလွန်းပါတယ်….." မိန်ကျန်းက လေးစားမှုဖြင့် သက်ပြင်းချလိုက်၏။
ယီယွမ်က ခေါင်းညိတ်၍ ပြောခဲ့သည်။ "အားလုံးပဲ ပိုပြီးဂရုစိုက်ကြပါ… ဒီအဓိကခန်းမထဲမှာ အန္တရာယ်အချို့ ရှိကောင်း ရှိနေနိုင်ပါတယ်….."
အမှန်တကယ်တွင် ယီယွမ်၏ သတိပေးမှုပင် မလိုအပ်ခဲ့ပေ။ ဤလျှို့ဝှက်နယ်မြေအတွင်း၌ ထိုမျှအထိ ဖြတ်သန်းလာခဲ့ပြီးနောက်တွင် သူတို့က မည်သည့်အတွက် သူတို့၏ သတိတရားကို နှိမ့်ချ၍ နေရဲမည်နည်း။
"ယီယွမ်… အဲဒီနေရာကို ကြည့်လိုက်ဦး… အဲဒီမှာ ပန်းချီကားတစ်ချပ် ရှိနေတယ်….." ထျန်းယွီက ရုတ်တရက် အော်ပြောလိုက်၏။
ယီယွမ်က ခေါင်းညိတ်ခဲ့သည်။ သူကလည်း ထိုပန်းချီကားကို မြင်တွေ့ခဲ့ပေ၏။ အပြင်ပန်းတွင် သူကခံစားချက် မရှိသည့် အမူအရာ ပေါ်ပေါက်နေခဲ့သော်လည်း သူ၏စိတ်ထဲတွင်မူ ခံစားချက်ပေါင်း အနန္တအထိ ရှိနေခဲ့ပေသည်။
သူက ပန်းချီကားထဲမှ ပုဂ္ဂိုလ်ကို အလွန်ရင်းနှီးနေခဲ့၏။
ပန်းချီကားထဲမှ ပုဂ္ဂိုလ်က သူတော်စင်တစ်ဦးကဲ့သို့ အမူအရာရှိနေခဲ့ပြီး ရည်မွန်သည့် အနေအထား ရှိနေခဲ့သည်။ လူငယ်လေး၏မျက်နှာက သူသိသော လူနှင့် ကွာခြားချက်အချို့ ရှိနေရုံသာ ဖြစ်ပေ၏။
သို့ရာတွင် ယီယွမ်က ထိုသူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိပေသည်။ ပန်းချီကားထဲမှ ပုဂ္ဂိုလ်မှာ အဆင့်(9) ဝင်္ကပါပညာရှင်အင်ပါယာ လူလင်ဖုန်း၏ လူငယ်ဘဝက ပုံသာဖြစ်ပေ၏။
ထို့ပြင် လူလင်ဖုန်းတွင် နတ်ဘုရားနိုင်ငံတော်၏ မဟာဒီဗိုင်းဘုရင် ဆယ်ဦးထဲမှ တစ်ယောက်အပါအဝင် ဖြစ်သည့် မဟာယန်ဒီဗိုင်းဘုရင် ဟူသော နာမည်တစ်ခုလည်း ရှိပေသည်။
မဟာဒီဗိုင်းဘုရင် ဆယ်ဦးစလုံးက သူတို့နှင့် သက်ဆိုင်သော နယ်ပယ်အသီးသီးတွင် အကန့်အသတ်အထိ တိုးတက်ခဲ့ကြပြီး ဖြစ်၏။
သူတို့တိုးတက်အောင် လေ့ကျင့်ထားကြသည့် ဦးတည်ရာများက ကွဲပြားကြသော်လည်း သူတို့တွင် အထွတ်အထိပ်အဆင့် ခွန်အားရှိကြသည်မှာ တူညီသော အချက်တစ်ချက် ဖြစ်သည်။
လူလင်ဖုန်းက
ဝင်္ကပါပညာရပ်ကို အမှီပြု၍ မဟာဒီဗိုင်းဘုရင် ဆယ်ဦးတွင် နေရာရရှိလာခဲ့ခြင်း ဖြစ်ပေ၏။ ဝင်္ကပါတာအိုတွင် သူ၏ဥာဏ်အလင်းက မည်မျှအထိ မြင့်မားသည်ကို လူတိုင်းသိရှိနိုင်ပေသည်။
"မင်းအဖွားကို ဘောတဲ့လား… ငါက လျှို့ဝှက်နယ်မြေကို ဝင်လာတဲ့အချိန်မှာ ရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ခံစားနေခဲ့ရတာ အံ့ဩစရာမရှိတော့ပါဘူး… ဒီလောက်အထိ အချိန်တွေ ကြာခဲ့ပြီဆိုတော့ ဒီအဖွဲ့က တကယ်တော့ လူလင်ဖုန်းဆိုတဲ့ အရှုံးသမား ချန်ထားရစ်ခဲ့တဲ့ တာအိုသင်ကြားရေးနေရာပဲ… သူ့ရဲ့ တာအိုသင်ကြားရေးနေရာက ပျက်စီးသွားခဲ့တာ နှစ်တွေဘယ်လောက်အထိ ကြာသွားပြီဆိုတာ နတ်ဘုရားမှ သိနိုင်လိမ့်မယ်… သူလည်း ဒီဖြစ်ရပ်ကို တွေးမိခဲ့မှာ မဟုတ်ဘူး… မမျှော်လင့်ထားခဲ့ဘူး… အို… တော်တော်ကို မမျှော်လင့်ထားခဲ့ဘူး… အဲဒီအရှုံးသမားက တကယ်တော့ အဆုံးမဲ့ကမ္ဘာကြီးကနေ လာရောက်တာဖြစ်ပြီး ငါက သူ့ရဲ့မွေးရပ်မြေမှာ ပြန်လည်ဝင်စားလာခဲ့ပြီ….."
အချိန်ခဏအတွင်း ယီယွမ်၏ နှလုံးသားထဲတွင် အစအဆုံးမရှိသော ခံစားချက်များ ပြည့်နှက်နေခဲ့၏။
ဤလျှို့ဝှက်နယ်မြေအတွင်း၌ အချိန်အတော်ကြာအောင် အနှောင့်အယှက်များနှင့် ကြုံတွေ့ခဲ့ရသည်မှာ ဤနေရာကို မိတ်ဆွေဟောင်းကြီးတစ်ဦးက သူ၏တာအိုသင်ကြားရာနေရာ အဖြစ် ချန်ထားရစ်ခဲ့၌ ဖြစ်ပေလိမ့်မည်။
ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ… မင်းရဲ့တပည့်တွေနဲ့ နောက်လိုက်တွေ မရှိတော့တာ အချိန်ကြာနေခဲ့ပြီ… ဒီလိုမှမဟုတ်ဘူးဆိုရင် ငါကမင်းကိုယ်စား ငါ့ရဲ့ရင်ဘတ်ထဲက ကျန်ရှိနေတဲ့ အငြိုးအတေးကို အချည်းနှီးမဖြစ်စေဖို့
သူတို့ကို ကောင်းကောင်းမွန်မွန် ပညာပြန်ပေးခဲ့မိမှာပါ…..
ယီယွမ်က သူ၏စိတ်ထဲမှ စိတ်ပျက်စွာ တွေးလိုက်မိသည်။
သိုင်းပညာရှင်လောကတွင် စီနီယာကျမှုကို အသက်အရွယ်ဖြင့် မဆုံးဖြတ်ဘဲ ခွန်အားအရာကို တိုင်းတာ၍ စီနီယာအဆင့်အတန်း ခွဲခြားကြခြင်းဖြစ်ပေ၏။
အတိတ်တုန်းက နတ်ဘုရားနိုင်ငံတော်၏ ဒီဗိုင်းဘုရင်များတွင် ဂျိချင်ယွင်က အသက်အငယ်ဆုံး ဖြစ်သည်။ သို့သော် သူ၏ မှော်ဆေးပညာ အဆင့်အတန်းက ထိုခေတ်၌ အန္တိမအဆင့်ဟူ၍ သတ်မှတ်ခြင်း ခံရပေ၏။
သူ၏ဖခင် ဂျိကျန်းယန်နှင့် မှော်ဆေးပညာရှင်အစည်းအရုံးမှ ထိုအဖိုးကြီးများ တစ်ဦးနှစ်ဦးကသာ သူ့ထက် အသာစီးရနိုင်သည်။
သို့ဖြစ်၍ ယီယွမ်က အမြဲတမ်းပင် မဟာဒီဗိုင်းဘုရင် ဆယ်ဦးနှင့် မျိုးဆက်တစ်ခုတည်းအဖြစ် သတ်မှတ်ဆက်ဆံခြင်း ခံခဲ့ရပေ၏။
သို့သော် ဤမဟာယန်ဒီဗိုင်းဘုရင်, လူလင်ဖုန်းက နှစ်ထောင်ပေါင်းများစွာ ကြာအောင် အသက်ရှင်သန်လာခဲ့သော အဖိုးကြီးတစ်ဦး ဖြစ်ပေသည်။
ပြောရမည်ဆိုလျှင် ယီယွမ်နှင့် လူလင်ဖုန်းတို့ကြားမှ ပဋိပက္ခက အသေးအဖွဲဟူ၍ ပြော၍မရပေ။
ထိုအဖိုးကြီးက သူ၏ ဝင်္ကပါလမ်းကိုးခုစာလုံးများကို လောင်းကြေးအဖြစ် အသုံးပြု၍ ယီယွမ်ကို ဝင်္ကပါလမ်းကြောင်းတွင် သူနှင့်ယှဉ်ပြိုင်ရန် ဆွဲဆောင်ခဲ့၏။ ရလဒ်မှာ ယီယွမ်က ပြတ်ပြတ်သားသား ရှုံးနိမ့်သွားပြီး သူ့အတွက် အဆင့်(9) ဆေးလုံးသုံးလုံးကို ဖော်စပ်ပေးခဲ့ရခြင်း ဖြစ်သည်။
အဆင့်(9) အဆင့်မြင့်အဆင့် ဆေးလုံးသုံးလုံး…..
ယီယွမ်က သွေးအန်လုနီးပါး ကြိုးစားဖော်စပ်ခဲ့ပြီးမှသာ အဆင့်(9) အဆင့်မြင့်အဆင့် ဆေးလုံးသုံးလုံးကို ဖော်စပ်ပေးနိုင်ခဲ့၏။
အဆုံးတွင် ထိုအဖိုးကြီးက ဤစကားတစ်ခွန်း ပြောသွားခဲ့ပေသည်။ "ဟားဟား… ငါတို့အခွင့်အရေး ရဦးမယ်ဆိုရင် နောက်တစ်ကြိမ် လောင်းကြေးထပ်ပြီး ယှဉ်ပြိုင်ကြတာပေါ့….."
ထိုအချိန်တွင် ဂျိချင်ယွင်က သွေးအန်လုနီးပါး ဖြစ်သွားခဲ့ရ၏။
ဂျိချင်ယွင်က အဆင့်(9) ဝင်္ကပါပညာရှင်တစ်ဦး ဖြစ်သော်လည်း မဟာယန်ဒီဗိုင်းဘုရင်နှင့် ယှဉ်ပြိုင်သည့်အခါတွင် ကွာဟမှုက သာမန်ကြီးမားခြင်းမျိုး မဟုတ်ခဲ့ပေ။
သို့သော် ယီယွမ်က ဤအကြီးအကျယ် အရှက်ရမှုကို ယခုအချိန်အထိ သတိရနေဆဲ ဖြစ်သည်။
ယခု သူက အမှန်တကယ်ပင် တိုက်ဆိုင်စွာဖြင့် လူလင်ဖုန်း၏ နေရာဟောင်းကို ခြေချခဲ့မိသော်လည်း သူ၏တပည့်များနှင့် နောက်လိုက်များကို အနိုင်ကျင့်ရန် နည်းလမ်း
မရှိတော့သည့်အတွက် ယီယွမ်က အလွန်စိတ်ညစ်သွားခဲ့၏။
"ယီယွမ်… ယီယွမ်… မင်းဘာဖြစ်သွားတာလဲ… မင်းက ပန်းချီကားထဲက ပုဂ္ဂိုလ်ကို သိရှိဖို့က မဖြစ်နိုင်ပါဘူး….." ဖန်းဝမ်နန်၏ စကားများက ယီယွမ်၏ အတွေးများကို နှောင့်ယှက်လိုက်သည်။
ယီယွမ်က ပြန်လာခဲ့ပြီး ခြောက်ကပ်စွာ ရယ်မော၍ ပြောဆိုခဲ့၏။ "အဲဒီလူက ကြည့်ရတာ တော်တော်ရုပ်ဆိုးတယ်… ကျွန်တော်က သူ့ကိုဘာလို့ သိရမှာလဲ….."
ဖန်းဝမ်နန်က ပန်းချီကားကို ကြည့်လိုက်ပြီး အတော်ကလေး ပဟေဠိဖြစ်နေခဲ့သည်။
ပန်းချီကားထဲက လူက ရည်ရည်မွန်မွန် ရှိနေပုံရတယ်လေ… ဘယ်လိုလုပ်ပြီး ရုပ်ဆိုးသွားတာလဲ…..
သို့သော် သူက ယီယွမ်ကို ပြန်ကြည့်လိုက်၏။
အင်း… ကြည့်ရတာ သူ့ရဲ့ရုပ်ရည်က ယီယွမ်နဲ့ ယှဉ်လိုက်ရင် နည်းနည်း ရုပ်ဆိုးနေတာပဲ…..
ရုပ်ချောတဲ့ ကောင်လေးတွေ အားလုံးက ဒီလိုယုံကြည်မှုမျိုး ရှိကြတာပဲ…..
"အဖိုးကြီး… ငါသန်မာလာပြီး နတ်ဘုရားနိုင်ငံတော်ကို ပြန်လာမဲ့အချိန်ကို စောင့်နေဦး… ငါ့ရဲ့အရင်တစ်ကြိမ် ရှုံးနိမ့်မှုကို ပြန်ပြီးလက်စားချေဖို့ ငါကမင်းကို သေချာပေါက် ပြန်လာရှာမယ်….." ယီယွမ်က သူ၏နှလုံးသားထဲတွင် မုန်းတီးစွာဖြင့် ပြောနေခဲ့သည်။
သို့သော် သူ၏နှလုံးသားထဲ၌ ပြောနေသောစကားများ မဆုံးသေးခင်တွင် သူက အသံတစ်ခုကို ကြားလိုက်ရ၏။ ဒူချန်က အမှန်တကယ်ပင် ကျောက်ပြားတစ်ချပ်ပေါ်သို့ ခြေချမိသွားခဲ့သည်။
ထိုကျောက်ပြားက အောက်သို့ အနည်းငယ် နစ်ဝင်သွားခဲ့၏။ လူတိုင်း၏နှလုံးသားကလည်း အောက်သို့ ထိုးကျသွားခဲ့သည်။
မည်သူကမှ မတုံ့ပြန်နိုင်သေးချိန်တွင် မူလက အဓိကခန်းမ၏ ထောင့်များတွင် ရှိနေခဲ့ကြသည့် ရုပ်ထု ၁၈ခုက တစ်ပြိုင်တည်းပင် ရွေ့လျားလာခဲ့၏။
ဤတစ်ကြိမ်တွင် ခြင်းကြီးက အမှန်တကယ် စူထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
လူတိုင်းက တံခါးမှ ဝင်လာခဲ့ကြသည်နှင့် ဤရုပ်ထု၁၈ခုကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။ ထိုရုပ်ထုများက ကျောက်ရုပ်များသာ ဖြစ်ကြသည်ဟု သူတို့က တွေးနေခဲ့ကြသည်။
သို့သော် လက်ရှိအချိန်တွင် ထိုရုပ်ထု၁၈ခု၏ အပြင်ပိုင်း ပုံသဏ္ဍာန်များက ကွာကျသွားခဲ့ပြီဖြစ်ပြီး အနက်ရောင် အရေပြားများ ပေါ်ထွက်လာခဲ့၏။
လူသားများနှင့် ကွာခြားနေသော ထိုအရေပြားများမှလွဲ၍ ထိုရုပ်ထု၁၈ခုက လူသားများနှင့် လုံးဝခွဲခြား၍ မရခဲ့ပေ။
မူလက ထိုရုပ်ထုများကို သာမန်ရုပ်ထုများဟုသာ ယီယွမ်က ထင်မြင်နေခဲ့၏။ သို့သော် လက်ရှိအချိန်၌ နောက်ထပ်တစ်ကြိမ် လျှို့ဝှက်ပစ္စည်းများအကြောင်း သူ၏စိတ်ထဲ၌ ပေါ်ပေါက်လာခဲ့သည်။
ဓားရုပ်သေးများ…..
ဓား၁၈လက်ရုပ်သေးများ…..
လူလင်ဖုန်းဆိုသည့် အဖိုးကြီးက ထိုသို့သော အရုပ်များ တည်ဆောက်ရသည်ကို နှစ်သက်ပေ၏။
ဤဓားရုပ်သေးများကို မြင်လိုက်ချိန်တွင် ထိုအဖိုးကြီးက နတ်ဘုရားနိုင်ငံတော်သို့ တက်ရောက်ခြင်းမပြုမီ ချန်ထားရစ်ခဲ့သောအရာများ သေချာပေါက်ဖြစ်မည်ကို ယီယွမ်က သိရှိသွားခဲ့သည်။
ထိုဓားရုပ်သေးများမှာ သဘာဝစွမ်းအင်သလင်းတုံး များကိုအသုံးပြုပြီး အသက်သွင်းရသော ရုပ်သေးများ ဖြစ်ကြပေ၏။
ကံကောင်းထောက်မစွာဖြင့် ဤဓားရုပ်သေးများက လူလင်ဖုန်း၏ အစောပိုင်းနှစ်များတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နေခဲ့၍ အဆင့်(3) ခွန်အားသာ ရှိနေခဲ့သည်။
အကယ်၍ ဤအရာများကသာ သူတက်လှမ်းခဲ့ပြီးနောက်မှ ပြုလုပ်ခဲ့သည့် အရုပ်များဖြစ်နေပါက သူတို့အားလုံး ဤနေ့တွင် အဆုံးသတ်သွားပြီဖြစ်၏။ လူတိုင်းက ဤနေရာတွင် သေဆုံးရပေမည်။
ယီယွမ်က လူလင်ဖုန်း၏ စံအိမ်တွင် အဆင့်(9) ဓားရုပ်သေးအချို့ကို မြင်ဖူးပေသည်။ ထိုအရာများက အစွမ်းထက်လှပေ၏။
ထို့ပြင် လူလင်ဖုန်းက ဝင်္ကပါများတွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ သူက ဓားရုပ်သေးများကိုသာ အသုံးပြု၍ ဓားဝင်္ကပါတစ်ခု တည်ဆောက်ပြီးနောက် ဒီဗိုင်းဘုရင် ပုဂ္ဂိုလ်ကြီးများကို ရင်ဆိုင်တိုက်ခိုက်နိုင်ပေ၏။
ယီယွမ်က အတိတ်တွင် ထိုရုပ်သေးရုပ်များထဲမှ အနည်းငယ်ခန့် ရယူလိုခဲ့၍ တောင်းဆိုခဲ့သည့်တိုင် ထိုအဖိုးကြီးက ကပ်စေးနှဲသူဖြစ်နေ၍ တစ်ခုမှပင် မပေးခဲ့ပေ။
"လူလင်ဖုန်း… ငါတို့နှစ်ယောက်ကြားက ရန်ကြွေးက ကြီးသထက် ကြီးလာခဲ့ပြီ… မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ငါက နတ်ဘုရားနိုင်ငံတော်ကို ပြန်လာမဲ့အချိန်ကို စောင့်နေလိုက်တော့….." ယီယွမ်၏ မျက်နှာက နီရဲနေသည်အထိ အလွန်ဒေါသထွက်နေခဲ့သည်။
ဓား၁၈လက်ရုပ်သေးများက အလျင်အမြန် ရွေ့လျားလာခဲ့ပြီး ယီယွမ်တို့ လူရှစ်ယောက်အုပ်စုကို အလွန်မြန်ဆန်စွာ ဝန်းရံသွားခဲ့ကြ၏။
ဤဓားရုပ်သေးများက အဆင့်(3) ခွန်အားသာ ရှိနေကြသော်လည်း ဓား၁၈လက်ရုပ်သေးများက ခွဲခြမ်း၍ တိုက်ခိုက်ကြမည် မဟုတ်ကြောင်း ယီယွမ်က သိရှိပေသည်။ သူတို့ကို တစ်ရုပ်ချင်း ဖျက်ဆီးရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ဒီဓားရုပ်သေးတွေကို ဖျက်ဆီးချင်တာလား….. တစ်ခုတည်းသော နည်းလမ်းက ဝင်္ကပါကို ဖျက်ဆီးလိုက်ဖို့ပဲ…..
"အကြီးအကဲမိန်… စီနီယာတို့… သတိလက်လွတ် မလှုပ်ရှားကြနဲ့… ကျွန်တော်တို့ တိုက်ခိုက်ကြတဲ့အချိန်မှာ အားလုံးက ကျွန်တော် ညွှန်ကြားတဲ့အတိုင်း လုပ်ပေးကြပါ… ကျေးဇူးပြုပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မလုပ်ဆောင်ကြပါနဲ့….." ယီယွမ်က ပြောခဲ့သည်။
ယီယွမ်က ထိုမျှတည်ငြိမ်နေသည်ကို ကြားလိုက်ရ၍ လူတိုင်းက တိတ်တဆိတ်ပင် ထိတ်လန့်မှုကို ခံစားလိုက်ရ၏။
သူတို့က ပထမဦးဆုံး တွေးလိုက်ကြသည်မှာ မိန်ကျန်းနှင့် မိုယုထန်တို့ ပါဝင်နေခဲ့၍ ဤအဆင့်(3) ရုပ်သေးရုပ်များက အန္တရာယ် အများကြီး ပေးနိုင်မှုမရှိဟူ၍ ဖြစ်ပေသည်။
သို့သော် ယခုအချိန်၌ ကြည့်လိုက်ရာတွင် ထိုအရာက လွယ်ကူတော့မည့် ဟန်ပန်မရတော့ပေ။
Chapter 10 is coming.....