ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၅ )
Chapter-11
"သခင်မလေး… ဒီဆရာယီက တော်တော် ကြောက်စရာကောင်းတယ်… အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်နဲ့ အန္တိမအစစ်အမှန်အသိရဲ့ အခြေခံအဆင့်ကို နားလည်သဘောပေါက်
သွားနိုင်ခဲ့ပြီ… သူက မကျရှုံးသွားခဲ့ဘူးဆိုရင် အနာဂတ်မှာ သူက နတ်ဘုရားနိုင်ငံတော် တစ်ခုလုံးကို လှုပ်ခါနိုင်မဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတော့မှာ အသေအချာပဲ….."
စောစောလေးက ဤတိုက်ပွဲကိုကြည့်၍ ယန်အာက အချိန်အတော်ကြာအောင် ပါးစပ်ပိတ်မရခဲ့ပေ။ သူမ၏ မျက်နှာမှ အံ့အားသင့်မှုက နည်းနည်းနောနော မဟုတ်ခဲ့ပေ။
လီအာကလည်း စကားမပြောနိုင်ခဲ့သည်အထိ ထပ်တူတုန်လှုပ်နေခဲ့သည်။ သူမက တွေးနေခဲ့မိ၏။ "သူက ဘယ်သူလဲ… ဒီလိုအရည်အချင်းမျိုးနဲ့ဆိုရင် နတ်ဘုရားနိုင်ငံတော်မှာတောင် သူကထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမှာပဲ… သူကဘာလို့ အဆုံးမဲ့ကမ္ဘာကြီးလို သေးငယ်တဲ့ ကမ္ဘာတစ်ခုမှာ နေထိုင်နေရတာလဲ….."
"ဟုတ်တယ်… အဆုံးမဲ့ကမ္ဘာကြီးက အဆင့်နိမ့်နယ်မြေတွေ သန်းရာချီရှိနေတဲ့အထဲမှာ တော်တော်လေးကို လူသိများခြင်းမရှိတဲ့ နယ်မြေသေးလေးတစ်ခုပဲ… ပြီးတော့ တောင်ပိုင်းကုန်းမြေရဲ့ သေးငယ်တဲ့အဖွဲ့လေးမှာ ဆရာယီက အန္တိမအစစ်အမှန်အသိရဲ့ အခြေခံအဆင့်ကို ဘယ်လိုလုပ်ပြီး နားလည်သဘောပေါက် သွားခဲ့တာလဲ… အဲဒါက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပဲလေ….."
လီအာက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။ "ငါလည်း အဲဒါကို မယုံကြည်ရဲသေးဘူး… ဒါပေမဲ့ အဲဒါက အမှန်တရားပဲ… ပြီးတော့ ဆရာယီရဲ့ အန္တိမအစစ်အမှန်အသိက တော်တော်လေး အစွမ်းထက်တယ်….."
"ဒီဆရာယီက တကယ်ပဲ နားလည်ရခက်ခဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ….." ယန်အာက လေးစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်၏။
"အဆုံးမဲ့ကမ္ဘာကြီးမှာ ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ငါတို့က ဆုံတွေ့ရလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး… ယန်အာ… ငါတို့က နောက်ပြန်သွားလို့ မရတော့ဘူး… သူ့မှာ ဘာလျှို့ဝှက်ချက်တွေရှိမလဲ သိရဖို့အတွက် ငါကသူ့နောက်ကို ဆက်လိုက်မယ်… အခွင့်အရေးရမယ်ဆိုရင် သူနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမယ်… သူက အနာဂတ်မှာ တို့မိသားစုကို အလွန့်အလွန် ကြီးမားစွာ အထောက်အကူ ပေးနိုင်လိမ့်မယ်….." လီအာက ဖြေရှင်းနည်းအချို့ကို တွေ့ရှိခဲ့သည့်ပုံ ရပေသည်။
"ဒါပေမဲ့ သခင်မလေး… သခင်မလေးရဲ့ ဝေဒနာက….."
လီအာက သူ၏လက်ကို ဝှေ့ယမ်း၍ ပြောဆိုလိုက်၏။ "ကိစ္စမရှိပါဘူး… ငါ့ရဲ့ ဒီဝေဒနာက ပြန်ကုသပေးနိုင်တဲ့ အချိန်ရောက်တော့မယ်လို့ ခံစားနေရတယ်… အဲဒီကိစ္စက ဆရာယီရဲ့ ဦးခေါင်းပေါ်ကို တင်ပေးလိုက်တော့မယ်….."
ယန်အာက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး ပြောဆိုခဲ့သည်။ "အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… အဲဒါက အဆင့်(8) ဆေးလုံးဖော်မြူလာ
တစ်ခုလေ… ဆရာယီရဲ့ ကျင့်စဉ်နယ်ပယ်နဲ့ သူက အဲဒီဆေးလုံးကို ဘယ်လိုလုပ်ပြီး ဖော်စပ်နိုင်မှာလဲ….."
"ဒါဆိုရင် ဆရာယီက သူ့ရဲ့အသက်အရွယ်နဲ့ အဆင့်(8) ဆေးလုံးဖော်မြူလာကို ဘယ်လိုရရှိလာတယ်လို့ နင်ကထင်လို့လဲ….." လီအာက ပြန်လှန်မေးခွန်းထုတ်လိုက်၏။
"ဒါက… ယန်အာက ဘယ်လိုသိနိုင်မှာလဲ….."
"ဒါကြောင့်ပဲလေ… ဒီဆရာယီရဲ့ နောက်ခံအသိုင်းအဝိုင်းက သေချာပေါက်ကို ရှုပ်ထွေးနေတယ်… ကောင်းပြီ… စကားမပြောတော့နဲ့… ငါကဆုံးဖြတ်ပြီးသွားပြီ….." လီအာက ပြောဆိုခဲ့သည်။
. . . . . .
ဝမ်ဖန်၏ သေဆုံးခြင်းကြောင့် ကြည်လင်ပြတ်သားခြင်း အဖွဲ့၏အင်အားက ပြင်းပြင်းထန်ထန် အားနည်းသွားခဲ့ကြ၏။
ယူဖန်းက အဆင့်(1) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်၌သာ ရှိနေသေးသည်။ သူ၏ခွန်အားက မိန်ကျန်းထက် အများကြီး ပိုမိုနိမ့်ကျပေ၏။
ဤခရီးတစ်ခုလုံးတွင် ကြည်လင်ပြတ်သားခြင်းအဖွဲ့ ဆုံးရှုံးမှုအကြီးမားဆုံး ဖြစ်ခဲ့ရပြီး အောက်ဆုံးအဆင့် အဖွဲ့အဖြစ် ရောက်ရှိသွားခဲ့ပေသည်။
အဖွဲ့ကြီးများစွာက အတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့် သူတို့ ရင်ဆိုင်ရသည့် အန္တရာယ်များက ပို၍ မြင့်တက်လာခဲ့၏။
ဤအခြေအနေတွင် အတွင်းပိုင်းအခြေအနေကို သိရှိခြင်းမရှိသည့် အဖွဲ့ကြီးများစွာ၏ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူများက အနည်းနှင့်အများပင် ဆုံးရှုံးမှုအချို့ ကြုံတွေ့ခဲ့ရသည်။
နှိုင်းယှဉ်ရမည်ဆိုပါက ငြိမ်သက်တိမ်တိုက်အဖွဲ့၏ ခွန်အားက ပို၍သန်မာသည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။
"ဒီကိစ္စက ပြီးဆုံးသွားပြီ… ငါတို့က ဒီနေရာကနေ မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ….." မိန်ကျန်းက ပြောလိုက်သည်။
"ခဏလောက် စောင့်ပါဦး… အကြီးအကဲမိန်… ဒီဟင်္သာပြဒါးကြာပန်း ရေခဲနှလုံးသားသစ်သီးက အဆင့်(4) ဆေးဖက်ဝင်ပစ္စည်း တစ်ခုလေ… အဲဒါကို မရိတ်သိမ်းဘဲ ထားလိုက်ရင် သနားစရာကောင်းလွန်းတယ် မဟုတ်ဘူးလား….." ယီယွမ်က ပြောခဲ့၏။
မိန်ကျန်း၏ မျက်လုံးများက တောက်ပသွားခဲ့ပြီး မေးမြန်းလိုက်သည်။ "ယီယွမ် မင်းမှာ နည်းလမ်းရှိတာလား….."
ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောခဲ့၏။ "အကြီးအကဲမိန်… မေ့သွားတာလား… ကျွန်တော့်မှာ ကိုယ်ပွားခန္ဓာကိုယ် ရှိတယ်လေ….."
မိန်ကျန်းက သူ၏ခေါင်းကို ရိုက်၍ ပြောလိုက်သည်။ "ငါ့ရဲ့ ဦးနှောက်ကို ကြည့်ပါဦး… ဒါဆိုရင်တော့ ငါမင်းကို ဒုက္ခပေးရဦးမယ် ယီယွမ်….."
ယီယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်၏။ သူ၏ခန္ဓာကိုယ်က ရွေ့လျားသွားခဲ့ပြီး ရုတ်တရက် နှစ်ယောက် ဖြစ်သွားခဲ့သည်။ ယီယွမ်နောက်တစ်ယောက်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။
သူက ဟင်္သာပြဒါးကြာပန်း ရေခဲနှလုံးသားသစ်သီးကို ဆွတ်ခူးရန် ကြံစည်လိုက်ချိန်တွင် အလွန်သေးငယ်သော ရောင်စုံပင့်ကူတစ်ကောင်က ယီယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လာခဲ့သည်။
ဤအဆိပ်ပင့်ကူက ယီယွမ်ကို တိုက်ခိုက်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပေ၏။ "ရှဲ"ဟူသောအသံ ထွက်ပေါ်လာပြီး ထိုအဆိပ်ပင့်ကူက ချက်ချင်းပင် မီးလောင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ထိုအကောင်က အကြိမ်အနည်းငယ်ခန့် အကြောဆွဲခဲ့ပြီးမှ လှုပ်ရှားမှု ရပ်တန့်သွားခဲ့၏။
ထိုအရာက အဆင့်(4) ကြီးမြတ်သောစန္ဒကူး ကြာပန်းမီးလျှံ ဖြစ်သည်။ ခုနှစ်ရောင်စဉ်ပင့်ကူက သူ့ကိုလာရောက် ကိုက်ခဲခြင်းက အသေလာခံခြင်းပင် မဟုတ်ပေလော။
ဟင်္သာပြဒါးကြာပန်း ရေခဲနှလုံးသားသစ်သီးကို သိမ်းဆည်းပြီးနောက် သူတို့အုပ်စုက လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့ ဆက်လက်
ဝင်ရောက်သွားခဲ့ကြ၏။
သုံးရက်ကြာပြီးနောက် ယူဖန်းနှင့် သူ၏အဖွဲ့က အမြီးကုပ်၍ လမ်းတစ်လျှောက် တစ်ချိန်လုံး သတိလက်လွတ်မနေရဲဘဲ အမြဲတမ်း သတိကပ်နေခဲ့ပြီး သူတို့၏ စွမ်းရည်များကို အကောင်းမွန်ဆုံးဖြစ်အောင် ခွန်အားအပြည့်ဖြင့် သွားလာနေခဲ့ကြသည်။
ထို့ပြင် ယူဖန်းကလည်း ဤအချိန်တွင် တန်ပြန်သက်ရောက်ခြင်း ခံနေခဲ့ရပြီ ဖြစ်၏။ ဝမ်ဖန်က ယီယွမ်နှင့် တိုက်ခိုက်ချိန်တွင် သူ၏ခွန်အားက တားမြစ်ထားသောအရာ
အချို့အား ထိမိသွားခဲ့ပုံရသည်။ ထိုအရာကြောင့်ပင် မိုးကောင်းကင်စစ်ဆေးခြင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေမည်။
သူတို့က လျှို့ဝှက်နယ်မြထဲ၌ လမ်းတစ်လျှောက် အသေးအဖွဲနှင့် အဓိကတိုက်ပွဲ အများအပြားကို ကြုံတွေ့ခဲ့ရပြီး ဖြစ်၏။ စိတ်သလင်းဖြစ်တည်ခြင်း တပည့်များကို မည်သည့်အရာမှ မဖြစ်ခဲ့သော်လည်း ဝမ်ဖန်က ယီယွမ်နှင့် တစ်ကြိမ်တည်းသာ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ခွန်အားကို အသုံးပြုခဲ့သည်။
ဖြစ်နိုင်တာက ဒီလျှို့ဝှက်နယ်မြေမှာ စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ထက် ပိုမြင့်တဲ့ အဆင့်အတန်းတွေ ပေါ်ပေါက်လာတာကို ခွင့်မပြုတာလား… ဒါမှမဟုတ် အဲဒါက မိုးကောင်းကင်စစ်ဆေးခြင်းကို ဖြစ်ပေါ်စေတာလား…..
ထိုသို့စဉ်းစားလိုက်သောအခါ ယူဖန်းက ပို၍ပင် ထိတ်လန့်သွားခဲ့၏။ သူကတိုက်ခိုက်သည့် အချိန်တိုင်း သူ၏ကျင့်စဉ်နယ်ပယ်ကို စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်၌ ထိန်းညှိထားရပေမည်။
"အကြီးအကဲယူ… ဟိုနေရာမှာ ကောင်းကင်ဘုံ တိမ်တိုက်အဖွဲ့က လူတွေ….." တပည့်တစ်ယောက်က ရုတ်တရက် ပြောဆိုလိုက်သည်။
"အမ်….." ယူဖန်းက ကြည့်လိုက်၏။ အမှန်တကယ်ပင် သူက ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့မှ လူအများက သူတို့ဆီသို့ ဦးတည်လာရောက်သည်ကို မြင်လိုက်ရသည်။
"ဟားဟား… ဒါက ကြည်လင်ပြတ်သားခြင်း အဖွဲ့ရဲ့ အကြီးအကဲယူ မဟုတ်လား… ဒီခရီးမှာ အကြီးအကဲယူက ဘယ်လောက်များ ရရှိလာပြီလဲဆိုတာ သိချင်မိတယ်….." ဝူကျောက်က နှုတ်ဆက်ခဲ့၏။
ယူဖန်း၏ မျက်နှာအမူအရာက အလွန်အမင်း ကောင်းမွန်ခြင်း မရှိခဲ့ပေ။ သို့သော် သူတို့၏ လက်ရှိခွန်အားက အလွန်အားနည်းနေခဲ့၍ သူက ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့၏ ရှေ့မှောက်တွင် မြောက်ကြွကြွ ပြုမူရဲခြင်း မရှိပေ။
သူက ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့ကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့၏ လူအင်အားက တစ်ယောက်မှ မလျော့ကျသေးသည်ကို တွေ့ရှိခဲ့သည်။ သူ၏မျက်နှာအမူအရာက ပို၍ပင် ပျက်ယွင်းသွားခဲ့၏။
"အဆင်ပြေပါတယ်… တော်တော်လေး ရထားတာပါ… ဒါပေမဲ့ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့နဲ့ ယှဉ်လိုက်ရင် အဲဒါက ပိုပြီးဆိုးရွားမယ်ဆိုတာ အသေအချာပဲ….." ယူဖန်းက အပြုံးတစ်ခုကို လုပ်ယူထားရသည်။
"အင်း… အကြီးအကဲဝမ်က မင်းတို့ ကြည်လင်ပြတ်သားခြင်း အဖွဲ့ကို ဦးဆောင်လာခဲ့တာ မဟုတ်ဘူးလား… သူကအခု
ဘယ်ရောက်သွားတာလဲ….." ဝူကျောက်က ဟန်ဆောင်၍ မေးမြန်းလိုက်၏။
သူတို့က ကောင်းကင်ဘုံမိုးကြိုးစွမ်းအင် သော့ခတ်ခြင်းမဟာဝင်္ကပါကို မြည်းစမ်းကြည့်ခဲ့ပြီး ဖြစ်၍ ထိုအရာ၏ စွမ်းအားကို သိရှိခဲ့ပြီးဖြစ်သည်။ ဝမ်ဖန်က လက်ရှိအချိန်တွင် ပျောက်ဆုံးနေခဲ့၏။ အဖြစ်နိုင်ဆုံးအရာမှာ သူက အလင်းတန်းကြောင့် သေဆုံးခဲ့ရပြီး ဖြစ်ပေလိမ့်မည်။
ကြည်လင်ပြတ်သားခြင်းအဖွဲ့ကို ဆုံးရှုံးမှု ကြီးကြီးမားမားနှင့် ပြန်လည်မြင်တွေ့ခဲ့ရ၍ ဝူကျောက်က စိတ်ကျေနပ်သွားခဲ့သည်။
ဤရက်အနည်းငယ်အတွင်း အခြေအနေများက ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့၏ လက်ထဲတွင်သာ ရှိနေပေသေး၏။ သူတို့က အန္တရာယ်ရှိသော နေရာအချို့ကို ရှောင်ကွင်းခဲ့ရာ ဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့ပေ။
သို့သာ် အစစ်အမှန် အန္တရာယ်က ယခုအချိန်တွင် စတင်ခြင်းမရှိသေးကြောင်း ဝူကျောက်က သိရှိသွားခဲ့သည်။
ဝူကျောက်က ဤသို့မေးမြန်းလိုက်သောအခါ ယူဖန်း၏ မျက်နှာက ပို၍ပင် အရုပ်ဆိုးသွား၏။
ယူဖန်းက ကြည်လင်ပြတ်သားခြင်း အဖွဲ့ တပည့်များသို့ ပြန်လှည့်ကြည့်ပြီး ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူကအံကို တင်းတင်းကြိတ်လိုက်ပြီး လက်သီးလက်ဝါးဆုပ်၍ ဝူကျောက်ကို ဂါရဝပြုကာ ပြောဆိုခဲ့၏။ "အကြီးအကဲဝူ… ဒီခရီးမှာ ကျွန်တော်တို့ ကြည်လင်ပြတ်သားခြင်းအဖွဲ့ ရရှိထားခဲ့တဲ့အရာတွေ အားလုံးကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်… အကြီးအကဲဝူကို ကျွန်တော်တို့ တောင်းဆိုမဲ့အချက်က ကျွန်တော့်ရဲ့ စီနီယာအစ်ကိုဝမ်အတွက် လက်စားပြန်ချေပေးဖို့ပါ….."
ထိုစကားကိုကြားသော် ဝူကျောက်က အံ့အားသင့်သွားခဲ့သည်။ ယူဖန်းက ဤသို့သောစကားမျိုးကို
ပြောဆိုခဲ့မည်ဟု ထင်မှတ်မထားခဲ့ပေ။
ကြည့်ရသည်မှာ ဝမ်ဖန်၏ သေဆုံးမှုကြောင့် သူတို့က အမြင်ရှိသွားခဲ့သည်နှင့် တူနေခဲ့၏။
ဝူကျောက်ကမျက်နှာကိုတည်၍ ပြောလိုက်သည်။ "အကြီးအကဲယူက ဒီလိုလုပ်စရာမလိုပါဘူး
... အကြီးအကဲဝမ် ဘာဖြစ်သွားတာလဲ… ငါ့ကိုပြောပြပေး….."
ယူဖန်းက မုန်းတီးမှုအပြည့်ဖြင့် အံကိုတင်းတင်းကြိတ်ပြီး ပြောခဲ့၏။ "ဒါတွအားလုံးက ငြိမ်သက်တိမ်တိုက်အဖွဲ့ကနေ ယီယွမ်လို့ခေါ်တဲ့ ငချွတ်ကလေး တစ်ယောက်ပဲ… အကြီးအကဲဝူက ကျွန်တော်တို့ကို လက်စားချေနိုင်ဖို့ မကူအညီပေးမယ်ဆိုရင် ဒီလျှိူ့ဝှက်နယ်မြေအတွင်းမှာ ကျွန်တော်တို့ ကြည်လင်ပြတ်သားခြင်းအဖွဲ့ လူအုပ်စုက အကြီးအကဲဝူရဲ့ အမိန့်ကို နာခံပေးပါ့မယ်… လွန်ခဲ့တဲ့ သုံးရက်က….."
လွန်ခဲ့သော သုံးရက်ကအဖြစ်အပျက်ကို ယူဖန်းက ဝူကျောက်ထံသို့ အသေးစိတ် ပြန်ပြောပြပေးခဲ့သည်။
ဝမ်ဖန်၏ သေဆုံးမှုကြောင့် ယူဖန်းက တစ်ယောက်တည်း ကိစ္စအများကြီး မလုပ်နိုင်ခဲ့ပေ။ လျှို့ဝှက်နယ်မြေအတွင်း လျှောက်လှမ်းရသည်ကိုပင် ယုံကြည်မှု အများအပြား မရှိတော့ပေ။ ထိုသို့ဖြစ်လာခဲ့၍ သူက ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့ကို ဦးမညွှတ်ဘဲ မည်သို့နေရမည်နည်း။
သို့သော် ထိုစကားကိုကြားချိန်တွင် ဝူကျောက်က ရယ်မော၍ ပြောလိုက်၏။ "အကြီးအကဲဟူက ငါ့ကို နောက်ပြောင်နေတာလား… ယီယွမ်က အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်မှာပဲ ရှိနေသေးတာနော်… မင်းပြောတာက ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစွမ်းအင်တွေကို စုစည်းနိုင်တယ်လို့ ပြောလိုက်တာလား… အကြီးအကဲဝမ်ကို ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ခွန်အားကို အသုံးပြုဖို့ ဖိအားပေးခဲ့တာလား….."
ယူဖန်းက အလောတကြီး ပြောဆိုခဲ့သည်။ "ယူဖန်းပြောတဲ့ အရာအားလုံးက တကယ်ကို အမှန်တရားတွေပါပဲ… ကျွန်တော်က မိုးကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာပြုပါတယ်… တစ်စုံတစ်ရာ အမှားအယွင်း
ပါသွားခဲ့သည်ရှိသော် ကျွန်တော်က အလင်းတန်းရဲ့ ထိခိုက်မှုကိုခံရပြီး ကြောက်စရာကောင်းတဲ့ သေဆုံးမှုနဲ့ ကြုံတွေ့ရပါစေ….."
ထိုအချိန်မှသာ ဝူကျောက်က လေးလေးနက်နက် အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့၏။ "ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်တွေကို အသာထားလိုက်ဦး… စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တွေတောင် ကောင်းကင်နဲ့ မြေကြီးရဲ့
သဘာဝစွမ်းအင်တွေကို လှုံ့ဆော်ပေးဖို့ လုံးဝမဖြစ်နိုင်ဘူး….."
"သူက ဘာလို့ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစွမ်းအင်တွေကို စုစည်းနိုင်တယ်ဆိုတာ ကျွန်တော်လဲမသိပေမဲ့ အဲဒီဖြစ်ရပ်ကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာပါ… အဲဒီအရာက ငြင်းပယ်လို့မရတဲ့ အရာတစ်ခါပဲ….." ယူဖန်းက အသေအချာပင် အာမခံနေခဲ့၏။
"ဟင်း… ဒီလိုဆိုရင်တော့ အဲဒီကလေးလေးကို အသက်ရှင်ရက်ထားလို့ မဖြစ်တော့ဘူး… ကောင်းပြီလေ… ငါမင်းကို ကတိပေးတယ်… ငါက ငြိမ်သက်တိမ်တိုက်အဖွဲ့ကို တွေ့ဆုံလိုက်တာနဲ့ မင်းကိုကူညီပြီး အဲဒီကလေးကို သတ်ပေးလိုက်မယ်….." ဝူကျောက်က ရက်စက်စွာ ပြောဆိုလိုက်သည်။
Chapter 12 is coming…..