ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၅ )
Chapter-7
ဝမ်ဖန်နှင့် ယူဖန်းက ကြည်လင်ပြတ်သားခြင်းအဖွဲ့ လူအုပ်စုကို ခေါ်ဆောင်၍ တောအုပ်ထဲမှ ထွက်လာခဲ့ကြပြီး သူတို့၏ မျက်နှာတွင် ငြိမ်သက်တိမ်တိုက်အဖွဲ့ကို သူတို့လက်ထဲ၌ လှန်ချင်လှန် မှောက်ချင်မှောက် စိတ်ကြိုက်ပြုလုပ်၍ ရသည်ဟူသော အမူအရာများ ပေါ်လွင်နေခဲ့၏။
"ငါတို့က မကြာခင်မှာပဲ ပြန်တွေ့ရတာပါလား… ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ….." ဝမ်ဖန်က အေးစက်စွာဖြင့် ရယ်မောပြောဆိုလိုက်သည်။
မိန်ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြောခဲ့၏။ "ဝမ်ဖန်… ငါတို့နဲ့ မတိုက်ခိုက်တာ ပိုကောင်းမယ်လို့ ငါမင်းကို အကြံပေးလိုက်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် ခါးသီးတဲ့ အဆုံးသတ်အထိ ရောက်အောင် တိုက်ခိုက်ကြတာပေါ့… မင်းတို့ကောင်တွေလည်း အကျိုးအမြတ် ရှိလာမှာမဟုတ်ဘူး….."
သို့သော် ဝမ်ဖန်က အားပါးတရ ရယ်မော၍ ပြောလိုက်သည်။ "ခါးသီးတဲ့ အဆုံးသတ် ဟုတ်လား… မင်းတို့ကောင်တွေနဲ့လေ…. မင်းတို့ ငြိမ်သက်တိမ်တိုက်အဖွဲ့က အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် ကောင်လေးတစ်ယောက်ကို ရှေ့တန်းတင်ထားရုံနဲ့ ငါတို့ ကြည်လင်ပြတ်သားခြင်းအဖွဲ့နဲ့ ခါးသီးတဲ့ အဆုံးသတ်ဖြစ်အောင် တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား… ဒါပေမဲ့ ဒီကောင်လေးရဲ့ ကျင့်စဉ်နယ်ပယ်က မမြင့်ပေမဲ့ ခုနှစ်ရောင်စဉ် အဆိပ်ပင့်ကူအကြောင်း သိနေတဲ့အထိ တော်တော်လေး ထူးဆန်းနေတယ်… စောစောလေးကတင် ငါတို့က အဆင့်(5) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် တပည့်တစ်ယောက်ကို ဒီဟင်္သာပြဒါးကြာပန်း ရေခဲနှလုံးသားသစ်သီး ရိတ်သိမ်းဖို့ကြိုးစားရင်း ဆုံးရှုံးခဲ့ရတယ်… ဒါပေမဲ့ မင်းတို့အဖွဲ့က အခုထိ အင်္ကျီစလေးတောင် မစုတ်မပြဲသေးဘူး….."
ဝမ်ဖန်က ငြိမ်သက်တိမ်တိုက်အဖွဲ့ အုပ်စု၏ စောစောကလေးက လှုပ်ရှားမှုများကို သေချာစောင့်ကြည့်နေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့၏။
အကယ်၍ ယီယွမ်ကသာ စီနီယာအစ်ကိုဖန်းကို တားဆီးထားခဲ့ခြင်း မရှိပါက ယခုအချိန်တွင် သူ၏ရလဒ်က သူတို့၏ တပည့်လေးကဲ့သို့ ဖြစ်သွားမည်မှာ သေချာလှခဲ့သည်။
ကြည်လင်ပြတ်သားခြင်း အဖွဲ့က ငြိမ်သက်တိမ်တိုက်အဖွဲ့ ဤနေရာသို့ ရောက်လာသည်ကို စောင့်ဆိုင်းပြီး အနိုင်ကျင့်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင့်(5) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် တပည့်တစ်ယောက်ကို ဆုံးရှုံးခဲ့ရ၏။ ထိုအရာကို ဆုံးရှုံးမှုကြီးတစ်ခုဟု ပြော၍ရပေသည်။
သူတို့က လက်ရှိအချိန်တွင် ဟင်္သာပြဒါးကြာပန်း ရေခဲနှလုံးသားသစ်သီးကို ရိတ်သိမ်းရမည့် နည်းလမ်းရှာနေချိန်တွင် ငြိမ်သက်တိမ်တိုက်အဖွဲ့မှ လူများ ရောက်လာကြသည်ကို မြင်တွေ့လိုက်ရ၏။ ထို့ကြောင့် သူတို့က ပုန်းအောင်းစရာ နေရာတစ်ခုရှာဖွေပြီး ငြိမ်သက်တိမ်တိုက်အဖွဲ့က ဆုံးရှုံးမှုကြီး ခံစားရသည်ကို စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်၏။
ထိုစီနီယာအစ်ကိုဖန်းက ရှေ့တက်၍ ရိတ်သိမ်းတော့မည့်အချိန်တွင် ယီယွမ်က တားဆီးလိုက်ခြင်း ဖြစ်သည်။
ဤနှစ်ရက်အတွင်း သူတို့ဘက်တွင် တပည့်နှစ်ဦး သေဆုံးသွားခဲ့ပြီး ဖြစ်၏။ ထိုအရာကို ဆုံးရှုံးမှုကြီးမားသည်ဟူ၍ ပြောရပေမည်။
တိတိကျကျ ပြောရမည်ဆိုပါက ငြိမ်သက်တိမ်တိုက်အဖွဲ့ အုပ်စုမှာ သူတို့လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လာခဲ့သည့်အတိုင်း တိတိကျကျ ပြန်မြင်နေရခြင်းက ဝမ်ဖန်ကို အလွန်အမင်း ဒေါသထွက်စေခြင်းဖြစ်သည်။
ဤသို့သော မျှော်လင့်ထားသည်နှင့် လက်တွေ့ဖြစ်နေသော အရာက ကွဲပြားခြားနားနေခဲ့၍ ဝမ်ဖန်က ယီယွမ်ကို ကြည့်နေချိန်တွင် ပို၍ပင် မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်ပေ၏။
စောစောလေးက အခြေအနေကို ကြည့်ပြီးနောက် ဤကောင်လေး၌ အမှန်တကယ်ပင် ထူးဆန်းသော နေရာများ ရှိနေသေးကြောင်း သိရှိသွားခဲ့သည်။
"ဟမ့်… လျှို့ဝှက်နယ်မြေကို ဝင်ရောက်လာပြီးတဲ့နောက် သေခြင်းရှင်ခြင်းက ကံကြမ္မာအပေါ်မှာ မူတည်နေပြီလေ… မင်းတို့တပည့်တွေ သေဆုံးတာနဲ့ မင်းကငါတို့အပေါ် အပြစ်လာပုံချနေတာတော့ မဟုတ်ပါဘူးနော်….." မိန်ကျန်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်၏။
"ငါတို့က မင်းတို့ကို အပြစ်ပုံချတော့ရော ဘာဖြစ်သေးလဲ… ငါတို့က လျှို့ဝှက်နယ်မြေကို ဝင်ရောက်တဲ့အချိန်မှာ ဒီကလေကချေကောင်က ပေါ့ပေါ့ပါးပါးလေး သတိပေးခဲ့မယ်ဆိုရင်တောင် ငါတို့က တပည့်တစ်ယောက်ကိုမှ နာနာကျင်ကျင် ဆုံးရှုံးရမှာမဟုတ်ဘူး… မင်းတို့အပေါ် ငါတို့က အပြစ်တင်သင့်လား မသင့်ဘူးလားဆိုတာ စဉ်းစားကြည့်လိုက်စမ်းပါ….."
မိန်ကျန်းက အလိုအလျောက်ပင် ဆွံ့အသွားခဲ့သော်လည်း ယီယွမ်က ပြောဆိုခဲ့သည်။ "ကျွန်တော်က ခင်ဗျားကို ဘာတာဝန်ရှိလို့ သတိပေးရမှာလဲ… တကယ်လို့ ကျွန်တော်က သတိပေးခဲ့ရင်တောင် ခင်ဗျားက ကျွန်တော့်ကို ကျေးဇူးတင်မှာလား… အခုလိုမျိုး ခင်ဗျားက ကျွန်တော့်ကို ပြဿနာမရှာတော့ဘဲ နေမှာလား….."
အပြုအမူများစွာကို ကြုံတွေ့ရပြီးနောက် ယီယွမ်က ဤဝမ်ဖန်၏ စိတ်နေစိတ်ထားကို မြင်တွေ့ခန့်မှန်းခဲ့မိပြီး ဖြစ်၏။ သူက နောက်ဆုံးစည်းကို မထားဘဲ စည်းလွတ်ဝါးလွတ် လုပ်ဆောင်တတ်သော လူတစ်ယောက်ဖြစ်သည်။
အကယ်၍ လျှို့ဝှက်နယ်မြေကို ဝင်ရောက်ချိန်ကတည်းက ကြည်လင်ပြတ်သားခြင်း အဖွဲ့အား သတိပေးခဲ့လျှင်ပင် ယခုလိုအခြေအနေမျိုးနှင့် တူညီစွာ ဖြစ်ပေါ်လာဦးမည်သာ ဖြစ်ပေ၏။
ဤသို့သော လူမျိုးက ကျေးဇူးတရားဆိုသည်မှာ မည်သည့်အရာကို ခေါ်ဆိုကြောင်းပင် သိမည်မဟုတ်ပေ။
"ဟားဟားဟား… ငါမင်းကို စောစောလေးကတည်းက ပြောပြီးပြီနော်… ကောင်လေး… မင်းရဲ့အရိုးတွေက တော်တော်မာတာလား… စောစောလေးက လျှို့ဝှက်နယ်မြေရဲ့ အပြင်ဘက်မှာ ငါကမင်းကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်တယ်… အခု ငါတို့ကြားထဲကို ဘယ်သူကမှ ဝင်ရောက်စွက်ဖက် ပေးတော့မှာ မဟုတ်ဘူးနော်….." ဝမ်ဖန်က အားရပါးရ ရယ်မောနေခဲ့သည်။
မိန်ကျန်း၏ မျက်နှာအမူအရာက လေးနက်သွားခဲ့ပြီး သူက သုန်မှုန်စွာဖြင့် ပြောလိုက်၏။ "ဝမ်ဖန်… ငါတို့ကို အဆုံးထိရောက်အောင် တွန်းပို့မပေးနဲ့….."
သို့သော် ဝမ်ဖန်က စိတ်ထဲထည့်ထားခြင်း မရှိခဲ့ပေ။ သူက မိန်ကျန်းကို ပြောဆိုခဲ့သည်။ "မိန်ကျန်း… ငါမင်းတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်… အဲဒီကောင်လေးကို ငါတို့ဆီအပ်ရင် မင်းတို့အားလုံးကို လွှတ်ပေးလိုက်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းတို့ထဲက တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး….."
ဝမ်ဖန်၏ အမြင်တွင် သူတို့၌ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် နှစ်ယောက်ရှိနေချိန်၌ အခြားတစ်ဖက်တွင် မိန်ကျန်းတစ်ဦးတည်း ရှိနေခဲ့၏။ နှစ်ဖက်ကြားမှ ကွာခြားချက်က အလွန်ကြီးမားလှပေသည်။
ငြိမ်သက်တိမ်တိုက်အဖွဲ့က လုံးဝပင် အခွင့်အရေး မရှိနိုင်ပေ။
မိန်ကျန်း၏ ကျင့်စဉ်နယ်ပယ်က သူနှင့်အတူတူပင် ဖြစ်ပြီး နှစ်ယောက်စလုံးက အဆင့်(3) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်၌ ရှိနေကြ၏။
သူက မိန်ကျန်းကို အချိန်ဆွဲထားသည့်အချိန်၌ ယူဖန်းက ကျန်သူများကို အလွယ်တကူ အသာစီးရယူပြီး ချေမှုန်းနိုင်မည်ဖြစ်သည်။
ဤသို့သော အင်အားကွာခြားမှု ကြီးမားနေသည့်အတွက် ငြိမ်သက်တိမ်တိုက်အဖွဲ့ အုပ်စုက သူတို့အသက် ဆက်လက်ရှင်သန်လိုပါက ယီယွမ်ကို လက်လွှဲပြောင်းလဲပေးရန်သာ တတ်နိုင်ပေလိမ့်မည်။
. . . . . .
ဝမ်ဖန်က သူတို့အဖွဲ့ စောစောလေးက ပစ်မှတ်ထားခဲ့သော နှစ်ယောက်က လက်ရှိအချိန်တွင် သူတို့နှင့် မနီးမဝေး နေရာ၌ အခြေအနေတစ်ခုလုံးကို စောင့်ကြည့်နေကြသည်ကို မသိရှိခဲ့ပေ။
အကယ်၍ ယီယွမ်က ဤနေရာ၌ ရှိနေမည်ဆိုလျှင်ပင် ပြိုင်ဖက်ကင်း အလှတရားများနှင့် ဤမိန်းကလေးနှစ်ယောက်က သူကယ်ဆယ်ပေးခဲ့သော အမျိုးသမီးနှစ်ယောက် ဖြစ်ကြောင်းကို မှတ်မိနိုင်မည် မဟုတ်ပေ။
လက်ရှိအချိန်တွင် လီအာနှင့် ယန်အာတို့က မည်သည့်အတွက် အရုပ်ဆိုးမှု တစ်စက်ကလေးမှ ရှိမနေခဲ့ရတော့သနည်း။
လီအာကို အသာထား၍ ယန်အာကဲ့သို့ အစေခံမိန်းကလေးပင် စိတ်ဝိညာဉ်ကို တုန်လှုပ်စေနိုင်အောင် လှပပေ၏။
လီအာအတွက်မူ စကားဖြင့် ပြောပြရန်ပင် စကားလုံးရှာတွေ့မည် မဟုတ်တော့ပေ။
အကယ်၍ မဖြစ်မနေ ဖော်ပြရမည်ဆိုလျှင် "ဤသို့သော မိန်းမလှလေးက ကောင်းကင်ဘုံနှင့်သာ သက်ဆိုင်ပြီး လူသားနယ်မြေနှင့် သက်ဆိုင်ခြင်းမရှိ" ဟူ၍သာ ဖော်ပြရပေလိမ့်မည်။
သို့သော် လက်ရှိအချိန်တွင် ယီယွမ်က ထိုအရာကို လုံးဝသတိမပြုမိခဲ့ပေ။
"သခင်မလေး… ကြည့်ရတာ အဲဒီနေရာမှာ သူတို့က တိုက်ခိုက်ကြတော့မယ်နဲ့ တူတယ်… ကျွန်မတို့က ဆရာယီကို ကယ်ဆယ်သင့်တယ် မဟုတ်ဘူးလား….." ယန်အာက လျှို့ဝှက်ပြောဆိုလိုက်သည်။
လီအာက သူမ၏ခေါင်းကို ခါယမ်း၍ ပြောခဲ့၏။ "နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ကြည့်ပါဦး….."
"ထပ်စောင့်ကြည့်ရဦးမှာလား… ဆရာယီက အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်မှာပဲ ရှိသေးတာလေ… သူတို့စပြီး တိုက်ခိုက်ကြတာနဲ့ သူက တစ်ချက်တည်းနဲ့ ချက်ချင်း အသတ်ခံသွားရလိမ့်မယ်….."
ယီယွမ်က နတ်ဘုရားစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်နှင့် အဆင့်(8)ဆေးလုံး ဖော်မြူလာကို လီအာဆီသို့ တုန့်ဆိုင်းခြင်းမရှိ ပေးအပ်ခဲ့သည်။ ဤအရာကြောင့် ယန်အာ၏ ယီယွမ်အပေါ်ထားသော ထင်မြင်ချက်များ ပြောင်းလဲသွားခဲ့ကာ သူ့အား အသက်သခင် ကျေးဇူးရှင်အဖြစ် သဘောထားမိခဲ့ပြီဖြစ်၏။
ထို့ကြောင့် ယီယွမ်က အန္တရာယ်ကျရောက်နေသည်ကို မြင်သော် သူမက မစောင့်ဆိုင်းနိုင်တော့ဘဲ ကူညီပေးလိုနေခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် နှစ်ယောက်စလုံး၏ ခွန်အားအရ သူမတို့က ယီယွမ်၏ ကယ်ဆယ်မှုကို လုံးဝမလိုအပ်ပေ။ ပြောရမည်ဆိုလျှင် ယီယွမ်၏ ပေါ်ထွက်လာမှုက ဝမ်ဖန်နှင့် သူ၏အုပ်စုကို ကယ်ဆယ်ပေးသွားသည်ဟု ပြောရပေမည်။
အကယ်၍ ယီယွမ်ကသာ ထိုအချိန်၌ ထွက်ပေါ်လာခြင်း မရှိခဲ့ပါက ကြည်လင်ပြတ်သားခြင်းအဖွဲ့မှ ဤလူအုပ်စုက ယခုအချိန်တွင် အိပ်မက်တိမ်တိုက်
တောင်ကြော၏ အစာအိမ်အတွင်း၌ ညစာအဖြစ်ဖြင့် အဆုံးသတ်သွားခဲ့ပြီသာ ဖြစ်ပေ၏။
လီအာနှင့် ယန်အာတို့က သူမတို့၏ စွမ်းအားကို ထုတ်ဖော်ပြလိုခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူမတို့က ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင်များအဖြစ် ဟန်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်များ ဖြစ်ကြသည့် ဝမ်ဖန်နှင့် မိန်ကျန်းတို့ပင် လီအာနှင့် ယန်အာတို့၏ ခွန်အားကို ထွင်းဖောက်မြင်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူမတို့က မည်မျှအစွမ်းထက်သည်ကို သိမြင်နိုင်ပေ၏။
ထို့ကြောင့် ယီယွမ်က သူမတို့နှစ်ယောက်ကို ကယ်ဆယ်ခဲ့ချိန်တွင် လီအာက အဆင်ပြေနေခဲ့သော်လည်း ယန်အာက ထိုကိစ္စကို လုံးဝလက်မခံချင်ခဲ့ပေ။
ပြောရမည်ဆိုလျှင် ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်နှင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင် အဖွဲ့ကြီး၏ လက်အတွင်းမှ သူမတို့နှစ်ယောက်ကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်တစ်ယောက်က မည်သူမှမသိရှိစေဘဲ ကယ်ဆယ်နိုင်ခဲ့ခြင်းအား သူမက ပို၍ သံသယဝင်နေခဲ့သည်ဟု ပြောရပေမည်။
သို့သော် ယီယွမ်က လီအာ၏ ဝေဒနာကို တွေးဆမိသွားပြီးနောက် ယန်အာ၏ မယုံသင်္ကာဖြစ်မှုများက လုံးဝမရှိတော့ပေ။
"အဲဒါက အဆင်ပြေပါတယ်… တကယ်လို့ ဆရာယီက အန္တရာယ်ရှိနေပြီဆိုရင် ငါက အချိန်ကိုက် လှုပ်ရှားလိုက်ပါ့မယ်… ငါတို့ရဲ့ အဆင့်အတန်းတွေက ထူးခြားတယ်လေ… ငါတို့က ရွေးချယ်စရာ မရှိတော့တဲ့ အချိန်ကလွဲပြီး လှုပ်ရှားမှုတစ်ခုကို လွယ်လွယ်ပြုလုပ်လို့ မရဘူး… နောက်ပြီးတော့ ဆရာယီရဲ့ အကန့်အသတ်က ဘယ်နေရာမှာရှိတယ်ဆိုတာ ငါတကယ်ကို မြင်တွေ့ချင်လို့ပါ….." လီအာက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
သို့သော် ယန်အာက အလွန်အမင်း ထောက်ခံချင်စိတ် မရှိသည့်အသံဖြင့် ပြောခဲ့၏။ "ဆရာယီက ထူးခြားတယ်ဆိုတာ သိပေမဲ့ သူကသန်မာနေရင်တောင် အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် သိုင်းပညာရှင် တစ်ယောက်က ဘယ်လို အကန့်အသတ်မျိုး ရှိနိုင်မှာလဲ….."
လီအာက ပြုံးလိုက်ရာ သူမ၏ အလှတရားက ပို၍ပေါ်လွင်သွားခဲ့သည်။ "အဲဒီလိုမျိုးမဖြစ်နိုင်ဘူး… သူက အံ့မခန်း
အစွမ်းထက်တယ်ဆိုတဲ့ ခံစားချက်ကို ငါကခံစားနေရတယ်….."
"ဟုတ်ပါပြီ… ဟုတ်ပါပြီ… အဲဒီပုဂ္ဂိုလ် မရှိတော့တဲ့အချိန်ကတည်းက တစ်စုံတစ်ရာကို သခင်မလေးက ဒီလောက်အထိ အာရုံစိုက်တာ ရှားပါးပါတယ်… သခင်မလေး ပျော်သလိုသာ လုပ်ပါတော့….."
ယန်အာက ထိုစကားကို ပြောပြီးချိန်တွင် သူမက စကားမှားပြောမိပြီဖြစ်ကြောင်း နားလည်သွားခဲ့၍ သူမ၏လျှာလေးကို အလိုအလျောက်ပင် တစ်လစ်လုပ်လိုက်ပြီး အသနားခံနေသည့် အမူအရာ ပေါ်ပေါက်နေခဲ့၏။
လီအာ၏ လှပသော မျက်လုံးများတွင် ဝမ်းနည်းသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူမက ယန်အာကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်ပြီး သူမနှင့် စကားဆက်ပြောနေခြင်း မရှိတော့ပေ။
. . . . . .
မိန်ကျန်းက ယီယွမ်ကို အကြည့်တစ်ချက် လှမ်းကြည့်လိုက်ပြီး အံတင်းတင်းကြိတ်၍ ဝမ်ဖန်ကိုပြောဆိုခဲ့၏။ "ဒီလိုဆိုရင်တော့ ငါတို့က ခါးသီးတဲ့အဆုံးသတ်အထိ တိုက်ခိုက်ကြတာပေါ့….."
ဝမ်ဖန်က ဇဝေဇဝါဖြစ်သွားခဲ့ပြီး သူက နားကြားမှားသွားသည်ဟုသာ ထင်မှတ်သွားခဲ့သည်။
သူက မိန်ကျန်းနှင့် ငြိမ်သက်တိမ်တိုက်အဖွဲ့၏ အခြားတပည့်များကို ကြည့်၍ သူမတို့၏ မျက်နှာများတွင် အမှန်တကယ်ပင် စိတ်ပိုင်းဖြတ်ထားသော အအူအရာများ ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရ၏။
မိန်ကျန်းက တွေးကိုမတွေးတော့ဘဲ အခြေအနေတွေကို ဆိုးရွားအောင် လုပ်ဆောင်တော့မှာလား…..
သိရမည့်အချက်မှာ သူတို့၏ ကြည်လင်ပြတ်သားခြင်း အဖွဲ့က စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် တပည့်နှစ်ယောက်ကို ဆုံးရှုံးသွားခဲ့သည် မှန်သော်လည်း ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားက စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင်များ ရင်ဆိုင်နိုင်သော အရာမဟုတ်ပေ။
ငြိမ်သက်တိမ်တိုက်အဖွဲ့က ဒီကောင်တွေ ရူးသွားကြပြီလား….. လူတိုင်းက အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် တစ်ယောက်အတွက် သူတို့အသက်ကို မနှမြောတော့ဘဲ အသက်မရှင်ချင်ကြတော့ဘူးလား…..
ငြိမ်သက်တိမ်တိုက်အဖွဲ့ အတွက် ယီယွမ်၏ အရေးပါမှုကို ဝမ်ဖန်က လုံးဝပင် မသိနားမလည်ခဲ့ပေ။
Chapter 8 is coming…..