ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၅ )
Chapter-5
"တစ်ခုခုများ မှားယွင်းနေလို့လား… ယီယွမ်… အခြားအဖွဲ့တွေက ထွက်ခွာသွားကြပြီနော်….." မိန်ကျန်းက သတိပေးလိုက်သည်။
အဖွဲ့ကြီးရှစ်ဖွဲ့၌ လူတစ်ရာခန့် ရှိနေကြပြီး လျှို့ဝှက်နယ်မြေအတွင်း၌ မများလွန်း မနည်းလွန်း အခြေအန၌ ရှိနေပေ၏။ နောက်ကျ၍ ထွက်ခွာခြင်းက ကောင်းမွန်သောအရာများကို အခြားသူများအား ယူဆောင်ခွင့်ပေးလိုက်ခြင်းနှင့် တူညီပေသည်။
ယီယွမ်ကို လျစ်လျူရှု၍ မိန်ကျန်းက အမိန့်ချက်ချင်း ပေးရခြင်းမှာ အလွန်ကောင်းမွန်သော ကိစ္စတစ်ခုမဟုတ်ကြောင်း သိနေ၍ အမိန့်မပေးရဲခဲ့ပေ။ သူက ဘေးမှနေ၍ အကြံဥာဏ်ပေးရုံသာ တတ်နိူင်ခဲ့ပေ၏။
ယီယွမ်က ပြောလိုက်သည်။ "စိတ်အေးအေးထားပါ အကြီးအကဲမိန်… ဒီလျှို့ဝှက်နယ်မြေမှာ ပစ္စည်းကောင်းလေးတွေ အများအပြားရှိနေပါတယ်… ဒါပေမဲ့ အဲဒါတွေကို ရရှိပိုင်ဆိုင်ဖို့က ထင်သလောက် မလွယ်ဘူး… ပထမဆုံးရောက်တာက ပထမဆုံး ရရှိပိုင်ဆိုင်ရမယ်လို့ သေချာပေါက် ဆိုလိုတာမဟုတ်ဘူး… ဒီလိုမှမဟုတ်ဘူးဆိုရင် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က ကျွန်တော်တို့ကို ဖိတ်ခေါ်တဲ့အထိ ဒုက္ခအရောက်ခံနေမှာ မဟုတ်ဘူး… ထားလိုက်ပါ… အခုအခြားအဖွဲ့တွေက ထွက်ခွာသွားကြပြီဆိုတော့ ကျွန်တော်တို့က ပန်းပွင့်တွေကို အလွယ်တကူ ရိတ်သိမ်းနိုင်တာပေါ့….."
ယီယွမ်က ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းက ထိတ်လန့်တကြား ထခုန်မိခဲ့ကြ၏။
ဤပန်းပွင့်ပင်လယ်၏ အဆိပ်က အလွန်ပြင်းထန်ပေသည်။ စောစောလေးကမှ လူတိုင်းက သူတို့၏ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်၏။
အခု ယီယွမ်က တကယ်ပဲ ငါတို့ကို ပန်းပွင့်တွေ ရိတ်သိမ်းစေချင်တာလား…..
"ယီယွမ်… ဟာသလုပ်နေတာ ရပ်လိုက်တော့… အဲဒီပန်းပွင့်ပင်လယ်က သစ်ခွနှလုံးသားပန်းပွင့် ထောင်ပေါင်းများစွာ ရှိနိုင်တယ်… အဆိပ်ရဲ့စွမ်းအားက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်တောင် တောင့်ခံနိုင်စွမ်းမရှိဘူး… စောစောလေးက လူတွေရဲ့အဖြစ်အပျက်ကို မင်းက မြင်တွေ့ခဲ့ရပြီးတာတောင် ပန်းပွင့်တွေကို ရိတ်သိမ်းချင်သေးတာလား… အဲဒါက မင်းရဲ့အသက် ရှည်နေတာကို မကျေနပ်လို့များ လုပ်ချင်နေတာလား….." မိန်ကျန်းက ပြောလိုက်သည်။
စောစောလေးက မြင်ကွင်းမှာ အမှန်တကယ်ပင် အလွန်ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှပြီး လူတိုင်းကို ယခုအချိန်အထိ စိတ်ထဲ၌ ကြောက်လန့်မှုကို ခံစားစေခဲ့ရပြီးဖြစ်၏။
ဤပန်းပွင့်ပင်လယ်ကို လူတိုင်း၏သဘောထားက အလွန်ဝေးကွာသော နေရာ၌သာ နေထိုင်ကြရန် ဖြစ်ပေသည်။
သို့ဖြစ်၍ ယီယွမ်က ပန်းပွင့်ပင်လယ်အတွင်းသို့ ဝင်ရောက်၍ ပန်းပွင့်များကို ရုတ်သိမ်းချင်သည့် အကြောင်း ကြားလိုက်ရပြီးနောက် မိန်ကျန်းက ထခုန်လုမတတ် ဖြစ်သွားခဲ့၏။
"ဒီပန်းပွင့်တွေက သစ်ခွနှလုံးသားပန်းပွင့် မဟုတ်ပါဘူး… ဒါပေမဲ့ မြေလွှာပန်းပွင့်တွေပဲ… ဒီမြေလွှာပန်းပွင့်ရဲ့ အပြင်ဘက် ပုံပန်းသဏ္ဍာန်က သစ်ခွနှလုံးသားပန်းပွင့်နဲ့ တစ်ထပ်တည်းနီးပါး တူညီပေမဲ့ အလွန်အဆိပ်ပြင်းတဲ့ သဘာဝရှိတယ်… ပြီးတော့ မြေလွှာပန်းပွင့် ပင်လယ်ကြီးက အတူကြီးထွားလာကြတယ်… ဒါက အဆိပ်အပေါ်မှာ ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြီး လက်တွေ့မှာ အဆင့်(4) တစ်ပိုင်းအဆင့်ကို ရောက်သွားစေခဲ့တယ်… ဒါကြောင့်ပဲ အဲဒီပုဂ္ဂိုလ်တွေက ထိလိုက်တာနဲ့ သေဆုံးသွားခဲ့ရတာပဲ….." ယီယွမ်က ရှင်းပြလိုက်သည်။
"မြေလွှာပန်းပွင့် ဟုတ်လား… ဒီအချိန်အထိ တစ်ခါမှ မကြားဖူးခဲ့ဘူး… ဒါပေမဲ့ အဆိပ်က ဒီလောက်အထိ အစွမ်းထက်တယ်ဆိုရင် ငါတို့က ပိုပြီးမသွားသင့်တော့ဘူး မဟုတ်လား….." မိုယုထန်က ပြောဆိုခဲ့၏။
ယီယွမ်က တဟဲဟဲရယ်မော၍ ပြောလိုက်သည်။ "ရတနာတောင်ကြီးထဲကို ဝင်သွားပြီးရက်နဲ့ ဘာလို့ လက်ဗလာနဲ့ ပြန်လာရမှာလဲ….."
"ရတနာတောင်ကြီး ဟုတ်လား… ဘယ်လိုရတနာတောင်မျိုးက အဆိပ်ရှိတဲ့ အရာတွေနဲ့ ပြည့်နှက်နေမှာလဲ….." မိုယုထန်က သံသယရှိစွာဖြင့် မေးမြန်းခဲ့၏။
ယီယွမ်က သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုလိုက်သည်။ "စီနီယာက ဒီမြေလွှာပန်းပွင့်ရဲ့ အရင်းအမြစ်ကို မသိသေးတဲ့အတွက် ဒီလိုပြောတာပဲ… ဒီမြေလွှာပန်းပွင့်က အမှန်တော့ အဆိပ်ရှိတဲ့ ပစ္စည်းတစ်ခုပါ… ပြီးတော့ မြေလွှာပန်းပွင့်ရဲ့ ပုံသဏ္ဍာန်က သစ်ခွနှလုံးသားပန်းပွင့်နဲ့ လုံးဝကွာခြားတယ်… ကျွန်တော်တို့က မြေလွှာပန်းပွင့်ရဲ့ ပုံသဏ္ဍာန်က သစ်ခွနှလုံးသားပန်းပွင့်နဲ့ တစ်ထပ်တည်းနီးပါး တူညီနေတယ်လို့ မြင်ရတာကတော့ မြေလွှာပန်းပွင့်က ကိုင်းဆက်ကူးခြင်းကနေ ဖြစ်ပေါ်လာခဲ့လို့ပါပဲ….."
"ကိုင်းဆက်ကူးခြင်း….." လူတိုင်းက အံ့ဩစွာဖြင့် ရေရွတ်လိုက်ကြ၏။
"ဟုတ်ပါတယ်… မြေလွှာပန်းပွင့်တွေ ရင့်မှည့်လာတာနဲ့ အမြစ်ယောင်ရဲ့ အထက်မှာရှိတဲ့ အရာတွေအားလုံးကို အပြည့်အဝ ဖြတ်တောက်လိုက်ပြီး သစ်ခွနှလုံးသားပန်းပွင့်ကို သူ့ရဲ့အပေါ်မှာ ကိုင်းဆက်ကူးလိုက်တယ်… အဲဒီနောက် လက်ရှိ မြေလွှာပန်းပွင့်တွေ ဖြစ်လာကြတာပဲ… တကယ်တော့ အဲဒါတွေကို မြေလွှာသစ်ခွနှလုံးသားပန်းပွင့် ဆိုပြီးတော့ ခေါ်ရလိမ့်မယ်….." ယီယွမ်က ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး မဟုတ်လား… ဒီလိုမျိုး ရှားပါးပြီးတန်ဖိုးကြီးတဲ့ သစ်ခွနှလုံးသားပန်းပွင့်လို အဆင့်(2) ဆေးဖက်ဝင်ပစ္စည်းက မြေလွှာပန်းပွင့်ဖြစ်လာဖို့ ကိုင်းဆက်ကူးခြင်းမှာ
အသုံးပြုခြင်းခံရတာလား… အဲဒါက ဘုရားသခင်ရဲ့ လက်ဆောင်တော်ကို အလွန်အမင်း အလဟဿ ဖြစ်သွားစေတာ မဟုတ်လား… အဲဒါက တကယ်ကို အလွန်ဆိုးရွားလွန်းတယ်….." ထျန်းယွီက ကူရာကယ်ရာမဲ့စွာဖြင့် ခံစားချက်အပြည့်ပါဝင်သော သက်ပြင်းတစ်ခုကို ချလိုက်ပေ၏။
သူက ကောင်းကင်မေပယ်၏ လက်ထဲတွင် ငယ်စဉ်ကတည်းကစ၍ ကြီးပြင်းလာသည်အထိ နေထိုင်လာခဲ့ရာ အခြားလူများထက် ဆေးဖက်ဝင်ပစ္စည်း အမျိုးအစားပေါင်းစုံကို အခြားသူများထက် ပို၍အများကြီး ပိုမိုရင်းနှီးထားပေသည်။ သစ်ခွနှလုံးသားပန်းပွင့်၏ တန်ဖိုးကြီးမှုက ငြိမ်သက်တိမ်တိုက်အဖွဲ့ကဲ့သို့ အရင်းအမြစ်နည်းပါးသော အဖွဲ့ကို အသာထား၍ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ ကိုယ်တိုင်ပင် အရေးမပါဟု သတ်မှတ်နိုင်ခြင်း မရှိပေ။
ယီယွမ်က ပြုံး၍သာ ပြောလိုက်သည်။ "ဒီကိစ္စက ဘာမှ ဝမ်းနည်းနေစရာ မရှိပါဘူး… ဒီကိစ္စက ဘာလို့ဖြစ်ရတာလဲဆိုတော့ သဘာဝအတိုင်း ဖြစ်နေပြီးတော့ အဲဒီမှာလည်း ပိုပြီးမှန်ကန်တဲ့အချက် ရှိနေတာပဲလေ….."
"ဘာအကြောင်းပြချက်လဲ… ဒီလောက်အထိ များပြားတဲ့ သစ်ခွနှလုံးသားပန်းပွင့်တွေ့ကို ငါတို့က ပြန်ယူသွားနိုင်ပြီဆိုရင် ငြိမ်သက်တိမ်တိုက်အဖွဲ့ရဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တွေရဲ့ ခွန်အားကို အဆင့်တစ်ဆင့် မြင့်တက်သွားနိုင်အောင် လုပ်ဆောင်ပေးနိုင်ပြီ… ဒါပေမဲ့ အခုတော့… ကြည့်ရုံကြည့်ပြီး မစားနိုင်ဘူးလေ… ဘယ်လောက်တောင် ရင်နာစရာ ကောင်းလိုက်သလဲ….." ထျန်းယွီက သက်ပြင်းချခဲ့၏။
"ဆေးဖက်ဝင်ပစ္စည်းတစ်ခုရဲ့ အဆင့်အတန်းက တိကျပါတယ်… ဒါပေမဲ့ ထူးခြားတဲ့ အခြေအနေ အချို့အောက်မှာ အဲဒါက အဆင့်တက်နိုင်တယ်… သစ်ခွနှလုံးသားပန်းပွင့်က ဘယ်လောက်ပဲ တန်ဖိုးကြီးရှားပါးနေပါစေ… အဲဒါက အဆင့်(2) ဆေးဖက်ဝင်ပစ္စည်းတစ်ခုပဲ… အဲဒီအရာက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တွေအတွက် နက်နဲတဲ့ အဓိပ္ပာယ်တွေ ရှိနေပေမဲ့လို့ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တွေအတွက် အဲဒါက တန်ဖိုးနည်းနည်းပဲ ရှိတယ်လေ….."
"ယီယွမ်… မင်းဆိုလိုချင်တာက… ဒီမြေလွှာပန်းပွင့်က ကိုင်းဆက်ကူးတဲ့ အကြောင်းပြချက်က သစ်ခွနှလုံးသားပန်းပွင့်ကို အဆင့်တက်စေဖို့ အတွက်လား….." မိုယုထန်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
ယီယွမ်က ခေါင်းညိတ်၍ အပြုံးတစ်ခုဖြင့် ပြောခဲ့၏။ "ဟုတ်တယ်… သစ်ခွနှလုံးသားပန်းပွင့်က အလွန့်အလွန် သန့်စင်ပြီးတော့ အင်အားဖြည့်တင်းပေးတဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်ခုပဲ… စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်က သစ်ခွနှလုံးသားပန်းပွင့်ရဲ့ အကြမ်းထည်ကို စားသုံးခဲ့ရင်တောင် ကျင့်ကြံခြင်းမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေတယ်… ဒါပေမဲ့ အဆင့်(3) သစ်ခွနှလုံးသားပန်းပွင့်ကို ရရှိချင်တယ်ဆိုရင် အဲဒီအရာအတွက် အလွန်အဆိပ်ပြင်းတဲ့ ပတ်ဝန်းကျင် အခြေအနေကို လိုအပ်တယ်… မြေလွှာပန်းပွင့်က သစ်ခွနှလုံးသားပန်းပွင့်ကို ကိုင်းဆက်ကူးပြီးတဲ့အခါ အဲဒါက သစ်ခွနှလုံးသားပန်းပွင့်ကို သေစေနိုင်တဲ့အဆိပ် ရှိနေတဲ့ ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တယ်… ဒါပေမဲ့ အဲဒီအဆိပ်ဓာတ်က သစ်ခွနှလုံးသားပန်းပွင့်ရဲ့ အဆင့်တက်မှုကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိတယ်….."
ထျန်းယွီက ထိုစကားကိုကြားသော် အံ့အားသင့်သွားခဲ့ပြီး မေးမြန်းလိုက်သည်။ "ဒီလောကကြီးမှာ အဲဒီလိုမျိုး ထူးခြားဆန်းကြယ်လွန်းတဲ့ နည်းပညာတစ်မျိုး တကယ်ပဲ ရှိနေတာလား….."
ဤကိုင်းဆက်ကူးခြင်း ပညာရပ်က နတ်ဘုရားနိုင်ငံတော်တွင် လျှို့ဝှက်ဆန်းကြယ်သည် ဟူ၍ သတ်မှတ်၍ မရပေ။ အဓိကအင်အားစု တစ်ခုချင်းစီက သူတို့၏ ကိုယ်ပိုင် ထူးခြားဆန်းကြယ်သော ပညာရပ်များ ကိုယ်စီကိုယ်ငှ ရှိနေကြပေ၏။
သို့သော် အဆုံးမဲ့ကမ္ဘာကြီးတွင် ဤအရာက အလွန့်အလွန် ထူးခြားသော ပညာရပ်တစ်ခု ဖြစ်သည်။
ထျန်းယွီ၏ စိတ်ထဲတွင် ဆေးဖက်ဝင်ပစ္စည်းများ၏ အဆင့်များက အတိအကျပင် ရှိနေသည်ဟု ယူဆထားခဲ့၏။ ထိုသို့ အဆင့်တက်မှုမျိုးကို သူက မည်သည့်အချိန်တွင်မှ ကြားဖူးခဲ့ခြင်းမရှိပေ။
ယီယွမ်က ပြောလိုက်သည်။ "ထူးခြားဆန်းကြယ်တယ်လို့ သတ်မှတ်စရာ မလိုပါဘူး… အဲဒါကို သိလား မသိဘူးလားဆိုတဲ့ ပြဿနာလေးတစ်ခုပဲ ရှိနေတာပါ….."
"ဒါဆိုရင် ဒီပန်းပွင့်ပင်လယ်အတွင်းမှာ အဆင့်(3) သစ်ခွနှလုံးသားပန်းပွင့်တွေ ရှိနေတယ်လို့ ဆိုလိုတာလား….." မိန်ကျန်းက ပြောခဲ့၏။
ယီယွမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "အဲဒါကြောင့်ပဲ သူတို့ထွက်သွားပြီးတာနဲ့ ကျွန်တော်တို့က အေးအေးဆေးဆေး ရိတ်သိမ်းနိုင်ပြီလို့ ပြောခဲ့တာပေါ့….."
"ဒါပေမဲ့ ဒီပန်းပွင့်ပင်လယ်က အလွန်ကျယ်ပြန့်တယ်… ပြီးတော့ အလွန်အဆိပ်ပြင်းပြီး ထိလိုက်တာနဲ့ သေစေနိုင်တယ်… ငါတို့က ဘယ်လိုလုပ်ပြီး ရိတ်သိမ်းနိုင်မှာလဲ….." မိန်ကျန်းက မျက်မှောင်ကုတ်၍ ပြောဆိုခဲ့၏။
အကယ်၍ သူတို့က ဤပန်းပွင့်ပင်လယ်အတွင်း၌ ရတနာများရှိနေသည်ကို သိရှိနေသည့်တိုင် သူတို့က အထဲသို့ ဝင်မသွားနိုင်ခဲ့လျှင် ထိုအရာက အလဟဿပင် ဖြစ်ပေသည်။
သူတို့က မြေလွှာပန်းပွင့် အဆိပ်၏ အစွမ်းကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ဖြစ်၏။ သူတို့က သူတို့၏အသက်ကို ဆုံးရှုံးခံလိုခြင်း မရှိပေ။
ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "တော်တော် ရိုးရှင်းပါတယ်… သူတို့ကို မီးလောင်တိုက်သွင်းပေးရုံပဲ…"
"မီး… သူတို့ကို
မီးလောင်တိုက်သွင်းရမယ် ဟုတ်လား… ဒါပေမဲ့ အဲဒီအထဲမှာ အဆင့်(3) သစ်ခွနှလုံးသားပန်းပွင့်တွေ ရှိနေသေးတယ်လေ… ပြီးတော့ သူတို့ကို ဘယ်လိုမီးလောင် တိုက်သွင်းရမှာလဲ… သာမန် မီးလျှံတွေက အဆင့်(2) ဆေးဖက်ဝင်ပစ္စည်းတွေကို မီးလောင်ဖျက်ဆီးခြင်း မပြုနိုင်ဘူးလေ….." မိန်ကျန်းက ပြောဆိုခဲ့၏။
ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "အားလုံးပဲ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ….."
ထိုသို့ပြောနေရင်း ယီယွမ်က ပန်းပွင့်ပင်လယ်အတွင်းသို့ ဦးတည်သွားရောက်ခဲ့၏။ လူတိုင်းက သူတို့၏ စိတ်ထဲတွင် အတွေးများစွာ ရှိနေခဲ့သော်လည်း နောက်မှလိုက်ပါသွားခဲ့သည်။
ယီယွမ်က ပန်းပွင့်ပင်လယ် အနားသို့ ရောက်လာပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အဝါဖျော့ဖျော့မီးလျှံတစ်ခုက ပေါ်ပေါက်လာခဲ့၏။
"ဟာ… သဘာဝမီးလျှံ… အဲဒါက… ကြီးမြတ်သောစန္ဒကူးကြာပန်း မီးလျှံမဟုတ်လား… အဲဒါ… အဲဒါက ဘယ်လိုဖြစ်နိူင်မှာလဲ… မင်းက အခု စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း
နယ်ပယ်မှာပဲ ရှိနေသေးတာကို မင်းကဘာလို့ အဆင့်(4) သဘာဝမီးလျှံတစ်ခု ရှိနေရတာလဲ….." မိန်ကျန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ယီယွမ်က ရိုးရှင်းသော ရှင်းပြချက်တစ်ခုကို ပေးလိုက်ရာတွင် ငြိမ်သက်တိမ်တိုက်အဖွဲ့၏ တပည့်များက မယုံကြည်နိူင်စရာ ကောင်းလောက်အောင်ပင် အားကျသွားခဲ့ကြ၏။
ထျန်းယွီက ယီယွမ်၏ လက်ဝါးထဲတွင် ကခုန်နေခဲ့သော ကြီးမြတ်သောစန္ဒကူးကြာပန်း မီးလျှံကို ကြည့်၍ မဟာယှဉ်ပြိုင်ပွဲကြီးအတွင်း ယီယွမ်က အစွမ်းကုန်
ထုတ်သုံးခဲ့ခြင်းမရှိကြောင်း ယခုအချိန်မှသာ သိရှိသွားခဲ့သည်။
အကယ်၍ ကြီးမြတ်သောစန္ဒကူးကြာပန်း မီးလျှံကို ထုတ်သုံးလိုက်လျှင် ထိုမီးလျှံ၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးစရာပင် မလိုအပ်ဘဲ သူက သေခြင်းတရားမှ လွတ်မြောက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ယီယွမ်က သူ၏လက်ဝါးကို ရှေ့သို့ အနည်းငယ် ဝှေ့ယမ်းလိုက်သည်ကိုသာ မြင်တွေ့လိုက်ရ၏။ ကြီးမြတ်သောစန္ဒကူးကြာပန်း မီးလျှံက ဝှစ်ခနဲ အသံပေး၍ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် ပန်းပွင့်ပင်လယ်က ဧရိယာတစ်ခုချင်းစီ လောင်ကျွမ်းသွားခဲ့သည်ကို သူတို့က မြင်တွေ့လိုက်ရ၏။
"ယီယွမ်… ဒါက… ဒါက အဆင့်(4) သဘာဝမီးလျှံတစ်ခုလေ… အဆင့်(3) သစ်ခွနှလုံးသားပန်းပွင့်တွေက မင်းဒီလိုမျိုး လောင်ကျွမ်းစေခဲ့ရင် အဲဒီပန်းပွင့်တွေကိုပါ လောင်ကျွမ်း သွားစေနိုင်မလား….." မိန်ကျန်းက မျက်မှောင်ကုတ်၍ မေးမြန်းလိုက်သည်။
"စိတ်အေးအေးထားပါ… အကြီးအကဲမိန်ကျန်း… ဆက်ပြီးကြည့်မယ်ဆိုရင် တွေ့ရမှာပါ… ဒီပန်းပွင့်ပင်လယ်က မြေလွှာပန်းပွင့်တွေ သုံးထောင်ကျော် ရှိနေတယ်… အဆင့်(3) သစ်ခွနှလုံးသားပန်းပွင့် တစ်ပွင့် ရရှိလာဖို့ မြေလွှာပန်းပွင့် အပွင့် ၁၀၀ ကျော် လိုအပ်တယ်… ပြောရမယ်ဆိုရင် ဒီပန်းပွင့်ပင်လယ်ထဲမှာ အဆင့်(3) သစ်ခွနှလုံးသားပန်းပွင့် အပွင့် ၃၀ကျော် ရှိနေလိမ့်မယ်… ကျွန်တော်တို့က တစ်ခုမှကို ချန်ထားပေးလို့ မရဘူး….." ယီယွမ်က ခိုင်ခိုင်မာမာ ပြောဆိုခဲ့၏။
မိန်ကျန်းက မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေခဲ့သည်။ သို့သော် သူက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့၏။
ကြီးမြတ်သောစန္ဒကူးကြာပန်း မီးလျှံက အလွန့်အလွန် အစွမ်းထက်ပေသည်။ ထိုအရာက ပန်းပွင့်ပင်လယ်ကို မည်သည့်အရာမှ မရှိအောင် လောင်ကျွမ်းသွားစေခဲ့ပြီး ပြာမှုန်များပင် မကျန်ခဲ့တော့ပေ။
လူတိုင်းက သူတို့၏ အကြည့်များကို ဟိုဟိုဒီဒီ ကြည့်လိုက်ကြချိန်တွင် ပန်းပွင့်ပင်လယ်အတွင်း၌ အပင်ကျိုးတိုးကျဲတဲ ကျန်နေရစ်ခဲ့သည်ကို သူတို့က အမှန်တကယ်ပင် မြင်တွေ့လိုက်ရ၏။
ယီယွမ်က အရှေ့သို့ တက်သွားခဲ့ပြီး ချက်ချင်းပင် အဆင့်(3) သစ်ခွနှလုံးသားပန်းပွင့် ၅ပွင့်ကို ချက်ချင်း ရိတ်သိမ်းခဲ့ပြီး သူက နောက်သို့ပြန်လှည့်၍ မိန်ကျန်းကို ပြောဆိုလိုက်ပေသည်။ "ဒီအဆင့်(3) သစ်ခွနှလုံးသားပန်းပွင့်တွေက ကျွန်တော့်အတွက် အသုံးဝင်တဲ့အတွက် ကျွန်တော်က ၅ ပွင့်ယူလိုက်ပါတယ်… အကြီးအကဲမိန်… ကျန်တဲ့ပန်းပွင့်တွေကို အဖွဲ့အတွက် ယူဆောင်သွားပါ….."
Chapter 6 is coming…..