ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၂ )
Chapter-13
“ဘာ… ဘာတွေဖြစ်နေတာလဲ… ယီယွမ်က တကယ်ပဲ အရင်တုန်းက အင်ပါရီယာအစစ်အမှန်ဥပဒေ စာအုပ်ကို ကျင့်ကြံဖူးတာများလား…..”
“အင်ပါရီယာအစစ်အမှန်ဥပဒေ စာအုပ်ကို လေ့ကျင့်ရတာ အလွန်ခက်ခဲတယ်… စီနီယာအစ်ကိုလော်က ဒီနေ့ဒီအချိန်မှာ ရောက်ရှိနေတဲ့ အဆင့်အတန်းထိ ကျင့်ကြံရာမှာ တွေ့ရတဲ့အခက်အခဲတွေက အခြားသူတွေ နှိုင်းယှဉ်လို့ရတဲ့ အရာမဟုတ်ဘူး… ဒါပေမဲ့ ယီယွမ်က အဲဒီပညာရပ်ကို တကယ်ပဲ ဒီလောက်လွယ်လွယ်ကူကူနဲ့ ထုတ်ဖော်ပြသနိုင်ခဲ့တယ်…..”
“ယီယွမ်က အသိဥာဏ်အပြည့်နဲ့ မွေးဖွားလာတဲ့ လူတွေထဲက တစ်ယောက်များ ဖြစ်နေမလား… ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သူ့ရဲ့အသက်အရွယ်နဲ့ဆိုရင် ဓားတာအိုနဲ့ လက်ရေးပန်းချီတာအိုတို့ကို တစ်ချိန်တည်းမှာ ဒီလောက်အထိ အဆင့်အတန်း မြင့်မားလာနိုင်မှာမဟုတ်ဘူး…..”
စင်မြင့်အောက်မှ တပည့်များက လက်ရေးပန်းချီတာအိုကို နားလည်ခြင်း မရှိကြသော်လည်း ယီယွမ်က လော်ချန်ဖုန်းနှင့် လက်ရေးပန်းချီတာအိုတွင် လက်ရည်တူ ယှဉ်ပြုင်နေခြင်းဖြစ်ကြောင်း သိရှိနေခဲ့ကြ၏။
စင်မြင့်ပေါ်မှ လော်ချန်ဖုန်းတစ်ဦးတည်းကသာ ယီယွမ်က လက်ရေးပန်းချီတာအို ထုတ်ဖော်အသုံးပြုနေခြင်း မဟုတ်ကြောင်း သိရှိနေခဲ့သည်။
သို့သော် လက်ရေးပန်းချီတာအို မဟုတ်ဘဲ ထိုသိုင်းကွက်များက မည်သည့်အတွက်ကြောင့် ထိုသို့ကြီးမားသော စွမ်းအားများ ရှိနေခဲ့ရသနည်း။
လော်ချန်ဖုန်းကလည်း ဂုဏ်ယူဝံ့ကြွားတတ်သော လူတစ်ယောက် ဖြစ်၏။ ယီယွမ်က သူ၏သိုင်းကွက်ကို ထပ်တူအသုံးပြု၍ သူ၏တိုက်ခိုက်မှုကို အမြဲတမ်း ချေဖျက်နေခဲ့ပေရာ အရှုံးပေးရမည်ကို ငြင်းဆန်လိုသော ဆန္ဒတစ်ခုက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။
“စုတ်တံဖြင့် နဂါးများနှင့်မြွေများ ဖော်ထုတ်ခြင်း…..”
“နဂါးပျံဝဲခြင်း ဖီးနစ်ကခုန်ခြင်း…..”
“သစ်သားအပိုင်းသုံးခု စိမ့်ဝင်ပျံ့နှံ့ခြင်း…..”
. . . . . .
သိုင်းကွက်တစ်ကွက်ပြီး တစ်ကွက်ဖြင့် အစွမ်းထက်သော အင်အားရပ်များက စင်မြင့်ပေါ်မှ လျှံထွက်နေခဲ့ကာ အလွန်အမင်း ကသောင်းကနင်း ဆန်နေခဲ့ကြသည်။
ဝင်္ကပါများက ကာကွယ်ထားခြင်းသာ မဟုတ်ခဲ့လျှင် စင်မြင့်က အကြိမ်ပေါင်းများစွာပင် ပျက်စီးနေခဲ့ပြီဖြစ်၏။
သို့သော် လော်ချန်ဖုန်း၏ ဆန့်ကျင်ဘက်တွင် ယီယွမ်က အေးအေးဆေးဆေးဖြင့် လော်ချန်ဖုန်း ထုတ်ဖော်အသုံးပြုခဲ့သော သိုင်းကွက်များကိုပင် သူ၏ဓားကို အသုံးပြု၍ ထပ်တူညီစွာ ထုတ်ဖော်လိုက်ပေသည်။
“စုတ်တံဖြင့် နဂါးများနှင့်မြွေများ ဖော်ထုတ်ခြင်း…..”
“နဂါးပျံဝဲခြင်း ဖီးနစ်ကခုန်ခြင်း…..”
“သစ်သားအပိုင်းသုံးခု စိမ့်ဝင်ပျံ့နှံ့ခြင်း…..”
. . . . . .
ပြင်းထန်သော စွမ်းအင်များက အတူတကွ တွေ့ဆုံသွားခဲ့ပြီး ချေဖျက်ပျောက်ကွယ်သွားခဲ့ကြ၏။
ကျန်းကျင့်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲနှင့် နှိုင်းစာသော် ဤတိုက်ပွဲက ပို၍ပင် စိတ်ဝိညာဉ်ကို ထိုးမွှေ့နေခဲ့သည်။
ယမန်နေ့က တိုက်ပွဲတွင် ယီယွမ်က သူ၏ အဆင့်အတန်းမြင့်မားသော ဓားစိတ်ဆန္ဒကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေ၏။
သို့သော် ယနေ့ လော်ချန်ဖုန်းနှင့် တိုက်ပွဲတွင် ယီယွမ်က အလေးအနက်ထား၍ တိုက်ခိုက်ရခြင်းမရှိဘဲ ယမန်နေ့က တိုက်ပွဲကဲ့သို့ ပေါ့ပေါ့ပါးပါး တိုက်ခိုက်နေသည်မှာ ထင်ရှားနေခဲ့သည်။ သို့သော် လော်ချန်ဖုန်းနှင့် တစ်ထပ်တည်း တူညီသော သိုင်းကွက်များကြောင့်ပင် လူတိုင်းက ရိုးတွင်းချဉ်ဆီအထိ တုန်လှုပ်စေရန် လုပ်ဆောင်သွားခဲ့ပေ၏။
ယီယွမ်က စင်မြင့်ပေါ်၌ မှန်တစ်ချပ်ကဲ့သို့ ရပ်နေခဲ့သည်။ လော်ချန်ဖုန်းက မည်မျှပင် ခွန်အားကုန်ထုတ်သုံး၍ တိုက်ခိုက်နေစေကာမူ သူက ထိုတိုက်ခိုက်မှုအတိုင်း ပြန်လည် တိုက်ခိုက်ခဲ့၏။
ထိုသို့သော တိုက်ပွဲက ယီယွမ်ကို စွမ်းအင်အချို့နှင့် လေးစားခြင်းကို ယူဆောင်ပေးခဲ့ပေသည်။
လော်ချန်ဖုန်းက အမြဲတမ်း ရည်ရည်မွန်မွန် ရှိနေခဲ့သော်လည်း လက်ရှိအချိန်၌ အနည်းငယ်မူးနောက်နေခဲ့ပြီ ဖြစ်၏။
သူ၏သိုင်းကွက် တသ်ခုစီတိုင်းက ယခင်ကထက် ပိုမိုအင်အားပြင်းထန်လာခဲ့ပြီး ခက်ခဲမှုကလည်း ပိုမိုမြင့်မားလာခဲ့ပေသည်။ ယီယွမ်က အမှန်တကယ်ပင် သူ၏သိုင်းကွက်အားလုံးအား ကူးယူအသုံးပြုနိုင်စွမ်း ရှိမရှိဆိုသည်ကို သူကသိချင်နေခဲ့၏။
စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို အဆင့်(9) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းကို ကြည့်၍ လော်ချန်ဖုန်း၏ ခွန်အားက မည်မျှ ကြီးမားသည်ကို အထင်းသား
တွေ့မြင်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ လော်ချန်ဖုန်း၏ သိုင်းကွက်များက အလွန်အစွမ်းထက်နေခဲ့ပြီး စင်မြင့်အောက်ရှိ ပရိသတ်များကို အသက်ရှူ၍မရအောင် မွန်းကြပ်သွားစေခဲ့၏။
“ကြည့်ရတာ လပေါင်းများစွာ အချိန်ကြာပြီးတဲ့နောက် စီနီယာအစ်ကိုလော်ရဲ့ ခွန်အားက တော်တော်လေး မြင့်မားလာခဲ့ပြီပဲ… လွန်ခဲ့တဲ့ မဟာယှဉ်ပြိုင်ပွဲကြီးတုန်းကနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ တစ်ကိုယ်လုံးက အဟောင်းကိုစွန့်ပြီး အသစ်ပြန်လည်မွေးဖွားလာသလို ဖြစ်သွားခဲ့ပြီ…..”
“ဟုတ်တယ်… လွန်ခဲ့တဲ့ မဟာယှဉ်ပြိုင်ပွဲကြီးမှာ သူက ငယ်ရွယ်သေးပြီး ကြင်နာသနားတတ်တဲ့ ပုံစံရှိနေသေးတယ်… အခု သူကအလွန် ရင့်ကျက်နေခဲ့ပြီ… ပြီးတော့ သူကဒီနှစ်ဝက်လုံး အဆင့်လုံးဝမတက်ခဲ့ဘူးလေ… အနည်းဆုံးတော့ သူက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို အချိန်မရွေး တက်ရောက်သွားနိုင်စွမ်း ရှိနေပြီ မဟုတ်လား…..”
“ဒီလိုမျိုးလည်း မဖြစ်နိုင်ဘူးလား… စီနီယာအစ်ကိုလော်ရဲ့ အဆင့်မှာ ကျင့်စဉ်နယ်ပယ်တွေကို အလောတကြီး မြှင့်တင်ဖို့ မလိုတော့လောက်ဘူး… စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ်မှာ နားလည်သဘောပေါက်ခဲ့တဲ့ အရာတွေ ပိုများလာလေလေ အနာဂတ်မှာ သူတို့အတွက် ပိုပြီးကြီးမားတဲ အကျိုးကျေးဇူးတွေ ရရှိလာနိုင်လေပဲ ဖြစ်လိမ့်မယ်…..”
“ဟုတ်တယ်… စီနီယာအစ်ကိုလော်ရဲ့ လက်ရှိခွန်အားက စီနီယာအစ်ကိုထျန်းယွီကို ယှဉ်ပြိုင်နိုင်ပြီလားဆိုတာ ငါသိချင်တယ်… ကြည့်ရတာ အစတုန်းက ဒီသိုင်းကွက်တွေကို စီနီယာအစ်ကိုထျန်းယွီနဲ့ ယှဉ်ပြိုင်တဲ့အချိန်မှာ အသုံးပြုဖို့ ချန်ထားရစ်ခဲ့တယ်နဲ့ တူတယ်… ဒါပေမဲ့ ရလဒ်က လက်ရှိအချိန်မှာကို ယီယွမ်နဲ့တိုက်ခိုက်တဲ့ နေရာမှာ အသုံးပြုခဲ့ရပြီ…..”
“ပြောရမည်ဆိုရင် ဒီယီယွမ်က ကြောက်စရာကောင်းလောက်အောင်ပဲ အလွန် အစွမ်းထက်နေခဲ့ပြီ… တကယ်လို့သာ သူက အဆင့်(9) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ရှိနိုင်ခဲ့ပြီဆိုရင် သူက စီနီယာအစ်ကို ထိဝူကျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေလောက်ပြီ မဟုတ်လား…..”
“ဟီးဟီး… ငါတို့ရဲ့အဖွဲ့မှာ အဲဒီလို မွန်းစတားမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး… ဒီတစ်ကြိမ် မဟာယှဉ်ပြိုင်ပွဲကြီးရဲ့ ရလဒ်က ဘယ်လိုပဲထွက်ပေါ်လာပါစေ နောက်တစ်ကြိမ် မဟာယှဉ်ပြိုင်ပွဲကြီးက ယီယွမ်ရဲ့ လောကကြီးပဲ ဖြစ်လိမ့်မယ်…..”
လော်ချန်ဖုန်းကဲ့သို့ ဂျီးနီးယပ်တစ်ယောက်အတွက် မဟာယှဉ်ပြိုင်ပွဲကြီးနှစ်ခုကြား အချိန်ကာလက သူ့အတွက် ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာရန် လုံလောက်နေခဲ့ပေသည်။
သူတို့၏ ဂျီးနီးယပ်အဆင့်အတန်းများအရ သူတို့ယှဉ်ပြိုင်ကြသည့်အရာမှာ မည်သူက ပို၍တိုးတက်မှု
သာလွန်သည်ဆိုခြင်း ဖြစ်၏။
တကယ်လို့ ငါကမင်းထက် ပိုပြီးတိုးတက်လာခဲ့မယ် ဆိုရင် ငါကမင်းထက် ပိုပြီး အရည်အချင်းရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ…..
တိုးတက်မှုအမြန်နှုန်းက လျော့နည်းသွားသည်နှင့် ထိုသူတို့က ပုံမှန်အားဖြင့် ပြိုင်ဘက်၏ ဖယ်ရှားခြင်းကို ခံကြရပေသည်။
ဥပမာအားဖြင့် လက်ရွေးစင်တပည့် ချိန်ဝူမှာ သူ၏ခွန်အားက အလွန်ကြီးမားသော်လည်း အခြားသူများနှင့် ယှဉ်လိုက်ပါက သူ၏တိုးတက်မှု အမြန်နှုန်းက ပို၍နှေးကွေးနေခဲ့၍ ပုံမှန်အားဖြင့် သူက အားနည်းသွားခဲ့သည်မှာ သိသာထင်ရှားလှပေ၏။
သို့ရာတွင် ထိုသို့မြန်ဆန်စွာ တိုးတက်ခဲ့မှုကလည်း အမှန်တကယ်ပင် အဆင့်(4) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် လူသစ်လေးကို မည်သည့်အရာမှ ထိခိုက်စေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။
“ဒီဗိုင်းအထောက်အပံ့နှင့် တူညီသော သိမ်မွေ့နက်နဲသည့်ပညာ…..”
ဝရုန်းသုန်းကားနှင့် ပြင်းထန်သော တိုက်ခိုက်မှုပြီးနောက် လော်ချန်ဖုန်းက သူ၏ အကြီးမားဆုံး ဝှက်ဖဲကို နောက်ဆုံးတွင် ထုတ်ဖော်အသုံးပြုခဲ့သည်။
လော်ချန်ဖုန်းက ဤသိုင်းကွက်ကို မကြာသေးခင်အချိန်တွင်မှ နားလည်ထားခဲ့ခြင်း ဖြစ်၏။ မူလက ဤသိုင်းကွက်ကို သူ၏ အကြီးမားဆုံး ဝှက်ဖဲအဖြစ် အသုံးပြုကာ ထျန်းယွီနှင့် ရင်ဆိုင်ရာတွင် ထုတ်သုံးမည်ဟု ကြံရွယ်ထားခဲ့သော်လည်း မျှော်လင့်မထားခဲ့သည်က ယီယွမ်နှင့် ရင်ဆိုင်ရာတွင် ထိုသိုင်းကွက်ကို ထုတ်ဖော်အသုံးပြုခဲ့ရခြင်း ဖြစ်ပေသည်။
ဤသိုင်းကွက်ကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် လေထုနှင့် တိမ်တိုက်များက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ အစွမ်းထက်သော ပုံသဏ္ဍာန်မဲ့ စွမ်းအင်တစ်ခုက စင်မြင့်ကို လွှမ်းခြုံသွားခဲ့သည်။ ခေတ္တခဏ သတိချွတ်ယွင်းသွားသည်နှင့် ရလဒ်က သေချာပေါက်ပင် စင်မြင့်ပေါ်မှ လွင့်စင်သွားရခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် အခြားတစ်ဖက်တွင် ယီယွမ်က သူ၏ဓားကို တည်ငြိမ်စွာဖြင့် ဝှေ့ယမ်းလိုက်သည်ကိုသာ မြင်တွေ့လိုက်ရ၏။
“ဒီဗိုင်းအထောက်အပံ့နှင့် တူညီသော သိမ်မွေ့နက်နဲသည့်ပညာ…..”
ထိုသိုင်းကွက်က မျက်စိတစ်မှိတ်အချိန်အတွင်း ထပ်မံထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း လော်ချန်ဖုန်းအပါအဝင် ဤနေရာမှ လူတိုင်းက ထိုသိုင်းကွက်ထဲသို့ တစ်စုံတစ်ရာကို အနည်းငယ်မျှ ထပ်ပေါင်းထည့်လိုက်သည်ကို မြင်တွေ့ခဲ့ခြင်း မရှိပေ။
သဘာဝစွမ်းအင်လောင်ကျွမ်းခြင်း …..
ထိုအချိန်တွင် ယီယွမ်က
“ဒီဗိုင်းအထောက်အပံ့နှင့် တူညီသော သိမ်မွေ့နက်နဲသည့်ပညာ” သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်ကိုသာ မြင်တွေ့ခဲ့ရပေ၏။ စင်မြင့်ပေါ်မှ
တိုက်ပွဲအခြေအနေက မူလကနှင့်မတူတော့ဘဲ လုံးဝပင် ပြောင်းလဲသွားခဲ့ပေသည်။
ယီယွမ်၏ အင်အားလှိုင်းက လေပွေတစ်ခုကဲ့သို့ ဟိုတစ်စု သည်တစ်စု ကွဲပြားနေကြသော တိမ်တိုက်များကို အဝေးသို့ လွင့်စင်သွားအောင် ဖယ်ရှားလိုက်ပြီး လော်ချန်ဖုန်း၏ တိုက်ခိုက်မှုကို မရပ်မနား ဖျက်ဆီးနေခဲ့၏။
လော်ချန်ဖုန်း၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။ ထိုသို့သော အခြေအနေတစ်ခုက အမှန်တကယ် ဖြစ်ပေါ်လာမည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။
ယခင်အကြိမ်များတွင် သူက လက်လွယ်စပယ်ပင် ဦးဆောင်တိုက်ခိုက်ရခြင်း ဖြစ်သော်လည်း ဤအချိန်တွင် ယီယွမ်က လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် သူကလုံးဝပင် သတိလက်လွတ်ဖြစ်သွားခဲ့၏။
သဘာဝစွမ်းအင်လောင်ကျွမ်းခြင်း ပေါင်းထည့်ထားသော တိုက်ခိုက်မှုက ယုံကြည်နိုင်ဖွယ်ရာမရှိအောင် အစွမ်းထက်လှပေသည်။ လော်ချန်ဖုန်းအတွက် ထိုသိုင်းကွက်ကို ခုခံရန်မှာ အမှန်တကယ်ပင် အလွန်နောက်ကျသွားခဲ့ပေ၏။
မရေမတွက်နိုင်သော ပုံသဏ္ဍာန်မဲ့ စွမ်းအင်လှိုင်းများက သူ့ဆီသို့ ဦးတည်ဝင်ရောက်လာသည်ကိုသာ လော်ချန်ဖုန်းက မြင်တွေ့လိုက်ရပြီး သူ၏သဘာဝစွမ်းအင် အကာအကွယ်ကို ချက်ချင်း ချိုးဖျက်သွားခဲ့ကာ သူကလွင့်စင်သွားခဲ့ရပေသည်။
လော်ချန်ဖုန်းက စင်မြင့်ပေါ်မှ လွင့်စင်သွားရခြင်းသာ ဖြစ်ပြီး ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့ခြင်း မရှိပေ။
ယီယွမ်က တိုက်ခိုက်ချိန်တွင် စည်းကမ်းရှိ၍ သဘာဝစွမ်းအင် အများအပြားကို လောင်ကျွမ်းစေခြင်း မရှိခဲ့ပေ။
လော်ချန်ဖုန်းက သူ၏အခြေအနေကို လေထဲတွင် ထိန်းချုပ်လိုက်ပြီး မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်လာခဲ့ပေ၏။
စင်မြင့်ထက်တွင် အသက်ရှင်သူ မရှိတော့သလိုမျိုး လုံးဝပင် တိတ်ကျသွားခဲ့သည်။ လူတိုင်းက မည်သို့ပြောဆိုရမည်ကို မသိခဲ့ကြပေ။
ဤအရာက ကျန်းကျင့်၏ တိုက်ပွဲအခြေအနေဆိုလျှင် လူတိုင်းက ထိုအရာကို အနည်းငယ် လက်ခံနိုင်ပေသေး၏။ ဤတိုက်ပွဲ၏ ရလဒ်ကိုမူ အမှန်တကယ်ပင် မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
အတွင်းစည်းတပည့်များ၏ ထိပ်ဆုံး၃ယောက်က ငြိမ်သက်တိမ်တိုက်အဖွဲ့ အတွင်းစည်းတပည့်များတွင် အဆင့်အမြင့်ဆုံး အခြေအနေကို ကိုယ်စားပြု ဖော်ပြနေခဲ့သည်။
အတွင်းစည်းတပည့် အားလုံး၏ စိတ်ထဲတွင် ထိပ်ဆုံး၃ယောက်ကို အနိုင်ယူနိုင်သော သူများမှာ ထိုထိပ်ဆုံး ၃ယောက် သို့မဟုတ် လက်ရွေးစင်တပည့်များသာ ဖြစ်မည်ဟု ယူဆထားခဲ့၏။
အခြားသူများက ထိုအကြောင်းကို စဉ်းစားကြည့်စရာပင် မလိုခဲ့ပေ။
ဤလူသုံးယောက်က ထိုအဆင့်တွင် နေရာယူထားနိုင်ခဲ့ခြင်းမှာ သူတို့၏ တိုးတက်မှုအမြန်နှုန်းက အခြားသူများအားလုံးကို အသာစီးရနေခဲ့သောကြောင့် ဖြစ်ပေသည်။
ထိုသူတို့က ဤသို့သော ဂျီးနီးယပ် တစ်ယောက်ကြောင့် လှုပ်ခါသွားရပြီး နေရာဖယ်ပေးခဲ့ရလျှင် သူတို့က နောက်ထပ် ပို၍
နောက်ကောက်ကျသွားရတော့မည် ဖြစ်၏။
ထိပ်ဆုံး၃ယောက်အတွင်း၌ ရှိနေခဲ့သော တစ်စုံတစ်ယောက်က အဆင့်(4) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် တစ်ယောက်၏လက်တွင် ရှုံးနိမ့်သွားမည်ဟု မည်သူကမှ ထင်မှတ်ထားခဲ့ခြင်းမရှိပေ။
လော်ချန်ဖုန်းကိုပင် ဥပမာထား၍ ကြည့်ရှုနိုင်ပေ၏။ သူ၏ခွန်အားက ပုံမှန် အဆင့်(3) စိတ်သလင်း ဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူများကို စိန်ခေါ်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
စူးယူလင်ကဲ့သို့ သိုင်းပညာရှင်မျိုးက လော်ချန်ဖုန်း၏ ပြိုင်ဖက်ပင် မဟုတ်တော့ပေ။
ဒီဟာက သူ့ရဲ့ ပြိုင်ဖက်ကို အနိုင်ယူနိုင်ဖို့အတွက် ယီယွမ်ရဲ့ခွန်အားက အဓိကနယ်ပယ်ကြီး တစ်ခုလုံးကို ကျော်ဖြတ်တိုက်ခိုက်နိုင်တယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား…..
ဒါက… ဒါက တကယ်ကို မယုံကြည်နိုင်စရာကောင်းနေတာပဲ…..
လော်ချန်ဖုန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး လက်သီးလက်ဝါးဆုပ်၍ ယီယွမ်ကို ဂုဏ်ပြုကာ ပြောဆိုလိုက်၏။ “ဂျူနီယာညီလေးယီက သနားညှာတာပေးခဲ့တဲ့အတွက် ကျေးဇူး
အများကြီးတင်ပါတယ်…..”
“မခံယူဝံ့ပါဘူး… စီနီယာအစ်ကိုလော်က လက်ရေးပန်းချီတာအိုမှာ ဒီလောက်အတိုင်းအတာအထိ လျှောက်လှမ်းနိုင်ခဲ့တာကို ဒီဂျူနီယာလေးက တော်တော်လေး လေးစားနေပါပြီ… တကယ်တော့ ဒီဂျူနီယာလေးက အစဉ်အလာမဟုတ်တဲ့ နည်းလမ်းကို အသုံးပြုပြီး အနိုင်ရခဲ့တာပါ…..” ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့သည်။
လော်ချန်ဖုန်း၏ မျက်နှာက အနည်းငယ်
ပြောင်းလဲသွားခဲ့ပြီး သူ၏စိတ်ထဲမှ သိချင်စိတ်ကို ထိန်းချုပ်၍ မရတော့ဘဲ မေးမြန်းလိုက်၏။ “ဂျူနီယာညီလေးရဲ့ သိုင်းကွက်တွေက ဘယ်ကနေဖြစ်ပေါ်လာတာလဲ… ဂျူနီယာညီလေးယီက တကယ်ပဲ ဒီအချိန်မတိုင်ခင်က အင်ပါရီယာအစစ်အမှန်ဥပဒေ စာအုပ်ကို လေ့ကျင့်ဖူးတာလား…..”
ယီယွမ်က သူ၏ခေါင်းကို ခါယမ်း၍ ပြုံးဖြဲဖြဲလုပ်ကာ ပြောဆိုခဲ့သည်။ “လုံးဝမဟုတ်ပါဘူး… အဲဒီသိုင်းကွက်တွေအားလုံးကို ကျွန်တော်က စီနီယာအစ်ကိုလော်ရဲ့ သိုင်းကွက်တွေကိုကြည့်ပြီး ပုံတူကူးလိုက်တာပါ… ဒီပညာရပ်ကို အယူအဆအတုပြုလုပ်ခြင်း လို့ခေါ်ပါတယ်…..”
Chapter 14 is coming…..