ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၂ )
Chapter-11
“ဒီနံပါတ်၅၂က ဘယ်လိုငရဲမျိုးကနေ ထွက်ပေါ်လာတာလဲ… သူ့ရဲ့ဓားသိုင်းက ပြည့်စုံခြင်းရဲ့ အထွတ်အထိပ်အဆင့်မှာ ရောက်နေခဲ့ပြီ…..”
“အဲဒါက လွန်ကျူးသွားပြီမဟုတ်လား… စီနီယာအစ်ကိုကျန်းက ခရမ်းနုရောင်အလင်း အဇူရာဆီးနှင်းကို အသုံးပြုခဲ့ပေမဲ့ နံပါတ်၅၂ကို တိုက်ခိုက်ဖို့က လုံးဝကို အသုံးမဝင်ခဲ့ဘူး…..”
“ငါကြားတာကတော့ သူက သာမန်ကမ္ဘာငယ်လေးကနေ ရောက်ရှိလာတာတဲ့… အဲဒီလို သာမန်နယ်မြေလေးက ဒီလိုလူထူးလူဆန်းမျိုးကို ဘယ်လိုလုပ်ပြီး မွေးထုတ်နိုင်ခဲ့တာလဲ…..”
“သူက အသက်၁၆နှစ်တောင် မပြည့်သေးဘူးလို့ ငါကြားထားတယ်… သူက သူ့အမေရဲ့ ဝမ်းဗိုက်ထဲမှာ ဥာဏ်အလင်းပွင့်မှုတွေ ရရှိလာခဲ့တယ်ဆိုရင်တောင် ဒီလိုအဆင့်ထိ ရောက်လာနိုင်စရာ အကြောင်းမရှိဘူးလေ… ဟုတ်တယ်မလား…..”
. . . . . .
ယီယွမ်က ကျန်းကျင့်ကို အနိုင်ရသွားခြင်းက အဖွဲ့တပည့်များအကြား အကြီးအကျယ်
ပွက်လောရိုက်သွားစေခဲ့သည်။
ယီယွမ်၏နာမည်က အလွန်လျင်မြန်စွာဖြင့် တပည့်အားလုံး သိရှိအောင် ပျံ့နှံ့သွားခဲ့၏။
စင်းချန်ကလည်း ယီယွမ်နှင့် ကျန်းကျင့်တို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရပေသည်။ အတိတ်က ယီယွမ်ကို ပြဿနာမရှာမိခဲ့သည့် အတွက် ယခုအချိန်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့၏။ ထိုသို့မဟုတ်ပါက ထိုအချိန်တွင် သူက မျက်နှာပျက်ရပြီး အကြီးအကျယ် အရှက်ရသွားရမည် ဖြစ်သည်။
ယီယွမ်က သူ၏ညီငယ်လေးကို သင်ခန်းစာပေးခဲ့ခြင်းမှာ ခြေဆန့်လက်ဆန့် လုပ်သည်ဟုပင် သတ်မှတ်၍မရကြောင်း ယခုအချိန်တွင် သူကသိရှိသွားခဲ့၏။
ယီယွမ်၏ ခွန်အားက ထိပ်ဆုံး၃ယောက်အတွင်း ဝင်ရောက်နိုင်ပေသည်။
စင်းချန်ကလည်း ဓားပညာကို ကျင့်ကြံသူတစ်ဦး ဖြစ်၏။ ယီယွမ်၏ ဓားတာအိုစွမ်းအားကို သူကလေးနက်စွာ နားလည်သိရှိပေသည်။ ဤနေရာတွင် ထျန်းယွီဆိုလျှင်ပင် ယီယွမ်အား အသာစီးရရှိနိုင်မည် မဟုတ်ပေ။
အကယ်၍ စင်းချန်ကသာ တတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့လျှင် သူက ကျန်းကျင့်ကဲ့သို့ တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်တော့မည် ဖြစ်၏။
စင်းချန်က သူနှင့်အတွေး တူညီနေသောသူများ အများအပြား ရှိနေခဲ့သည်ဟု ယုံကြည်ပေသည်။ သူတို့ထဲတွင် ထျန်းယွီကိုယ်တိုင်လည်း ပါဝင်ပေ၏။
ယီယွမ်က ထင်ရှားကျော်ကြားသူ
တစ်ယောက် ဖြစ်လာရမှုကို သူ၏စိတ်ထဲတွင် ဂုဏ်ယူဝံ့ကြွားမှု တစ်စက်ကလေးမှ ဖြစ်ပေါ်လာခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာက သူ့အတွက် စကားထဲထည့်ပြောနေရမည့် ကိစ္စတစ်ခုမဟုတ်ပေ။
သူ၏ပါရမီဖြင့်ဆိုပါက အဆင့်နိမ့်နယ်မြေ၏ သေးငယ်သော အဖွဲ့လေးတွင် လူအများ၏ အာရုံစိုက်မှုကို မရရှိခဲ့လျှင်ပင် ထိုအရာက ကြီးမားသော ကျရှုံးမှုတစ်ခု ဖြစ်ပေသည်။
စတုတ္ထအဆင့်ပြိုင်ပွဲတွင် ယီယွမ်၏ ပြိုင်ဖက်ကလည်း ဓားပညာကျင့်ကြံသူ တပည့်လေးတစ်ယောက် ဖြစ်ပေ၏။ ထိုတပည့်၏ ခွန်အားက ကျန်းကျင့်ထက် ခွန်အား အများကြီးနိမ့်ကျပေသည်။ ရလဒ်က ပြောနေစရာပင် မလိုအပ်ပေ။
စတုတ္ထအဆင့်ပြိုင်ပွဲမှ စတင်၍ ထိပ်ဆုံးလက်ရွေးစင် လေးယောက် ပေါ်ထွက်လာသည့်အချိန်အထိ ပြိုင်ပွဲအဆင့်တိုင်းတွင် ကျရှုံးသွားကြသော တပည့်များ ကိုယ်စီကိုယ်ငှ ရှိနေခဲ့ပေ၏။
တိုက်ပွဲအဆင့်လေးခု ပြီးဆုံးသွားပြီးနောက် နေ့တစ်နေ့
ကုန်ဆုံးသွားခဲ့ပေသည်။
ဒုတိယနေ့တိုက်ပွဲက အလွန်အရေးအကြီးသည့် တိုက်ပွဲဖြစ်၏။ အင်အားနိမ့်ကျသော တပည့်အားလုံးက ပုံမှန်အားဖြင့် ပထမဆုံးရက်တွင် ထွက်ခွာသွားခဲ့ရပြီ ဖြစ်သည်။ ကျန်နေရစ်သောသူများ အားလုံးက တပည့်များတွင် လက်ရွေးစင်များ ဖြစ်ကြ၏။
ဒုတိယနေ့တွင် တိုက်ခိုက်ကြသော တိုက်ပွဲများမှာ အားလုံးနီးပါးက သန်မာသူနှင့် သန်မာသူတို့ ရင်ဆိုင်တွေ့ဆုံရခြင်း ဖြစ်သည်။ ထိုသို့သော ယှဉ်ပြိုင်ပွဲတစ်ခုက ပုံမှန်အားဖြင့် စောင့်ကြည့်ရသည်နှင့် ရာခိုင်နှုန်းပြည့် ထိုက်တန်လှပေ၏။
ပဉ္စမအဆင့်တွင် ယီယွမ်၏ ပြိုင်ဖက်က အဆင့် ၁၀ ထူးချွန်သူဖြစ်ပြီး ဓားပညာကျင့်ကြံသူ တပည့်တစ်ယောက်လည်း ဖြစ်ပေသည်။
အမှန်တကယ်တွင် ဤတပည့်၏ ခွန်အားက ကျန်းကျင့်နှင့် အတူတူလောက်ပင် ဖြစ်၏။ သူ၏ မိုးပြာရောင်ငှက်
ယန်ဓားသိုင်းကလည်း ခရမ်းနုရောင်အလင်း အဇူရာဆီးနှင်း ကိုကျင့်ကြံနိုင်ခဲ့ပြီး ဖြစ်သည်။
မူလတွင် ကျန်းကျင့်က ခရမ်းနုရောင်အလင်း အဇူရာဆီးနှင်းကို အမှီပြု၍ ဤတစ်ကြိမ်တွင် အဆင့် ၁၀အတွင်း ဝင်ရောက်ရန် မျှော်လင့်နေခဲ့၏။ သို့သော် ရလဒ်မှာမူ တတိယအဆင့်တွင် ယီယွမ်နှင့်တွေ့ဆုံရပြီး မျှော်လင့်မထားခဲ့ဘဲ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပေသည်။
ထွက်ပေါ်လာသော ရလဒ်မှာလည်း အံ့အားသင့်စရာ လုံးဝမရှိခဲ့ပေ။ ထိုတပည့်က အပြင်းအထန် ကြိုးစား၍ တိုက်ခိုက်ခဲ့သော်လည်း ယီယွမ်က နောက်တစ်ကြိမ် အနိုင်ရသွားခဲ့၏။
ဤမဟာယှဉ်ပြိုင်ပွဲကြီးတွင် အဆင့်(4) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် တပည့်လေးတစ်ယောက်က ထပ်ဆုံး ၇ယောက် အတွင်းသို့ အမှန်တကယ် ဝင်ရောက်သွားမည်ဟု မည်သူကမှ တွေးတောထားခဲ့ခြင်း မရှိပေ။
သို့ရာတွင် ဤရလဒ်အပေါ် သံသယဝင်သည့်သူ မည်သူမှမရှိခဲ့ပေ။ ဤအရာမှာ ယီယွမ်က တစ်ဆင့်ပြီးတစ်ဆင့် အနိုင်ယူလာခဲ့ခြင်းဖြစ်ပြီး လှည့်စားလုပ်ဆောင်မှု တစ်စိုးတစ်စိမှ မရှိခဲ့ပေ။
ဤတိုက်ပွဲများတွင် ယီယွမ်က ထိပ်ဆုံး ၁၀ယောက်သို့ ဝင်ရောက်နိုင်သော ခွန်အားမျိုး ရှိနေသည့် ထူးချွန်သောတပည့်များကို အနိုင်ယူခဲ့ပေသည်။
ယီယွမ်က ထိပ်ဆုံး၇ယောက် အတွင်းသို့ ဝင်ရောက်ရန် ကောင်းစွာထိုက်တန်ပေ၏။
“နောက်ထပ် ပြိုင်ဖက်တစ်ယောက်ကို အနိုင်ရပြီဆိုရင် မင်းက ထိပ်ဆုံး၄ယောက် အတွင်းဝင်ရောက်နိုင်ပြီ… အစက နောက်တစ်နှစ် မဟာယှဉ်ပြိုင်ပွဲကြီးမှာ မင်းကလူတိုင်းကို တစ်ခါတည်းနဲ့ တုန်လှုပ်သွားစေနိုင်မယ်လို့ ငါကထင်နေတာ… မင်းက အခုအဲ့ဒါကို လုပ်ပြခဲ့မယ်လို့ ငါမထင်ဘူး…..” လောင်ထန်က ယီယွမ်ကိုကြည့်၍ ခံစားချက်ပေါင်းများစွာဖြင့် သက်ပြင်းချလိုက်သည်။
ယီယွမ်က ပြုံး၍ ပြောခဲ့၏။ “မင်းလည်း မဆိုးပါဘူး… အဆင့်(5) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ်နဲ့ ပြိုင်ပွဲအဆင့်သုံးခုကို တစ်ဆက်တည်း ကျော်ဖြတ်နိုင်ခဲ့တယ်… အဲဒါက ထိပ်ဆုံး၂၅ယောက်အတွင်း ဝင်ရောက်သွားနိုင်ခဲ့ပြီလေ…..”
လောင်ထန်က ယခင်ပြိုင်ပွဲများတွင် အလွန့်အလွန် ထည်ဝါမှုကို ပြသခဲ့ပြီး အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကာ စတုတ္ထအဆင့်ပြိုင်ပွဲတွင် လော်ချန်ဖုန်း၏ အနိုင်ယူခြင်းကို ခံရချိန်အထိ အံ့မခန်း အစွမ်းထက်သော ပုံစံကောင်းများကို ပြသနိုင်ခဲ့ပေသည်။
ယီယွမ်အား ဘေးဖယ်ထားလိုက်လျှင် ဤမဟာယှဉ်ပြိုင်ပွဲကြီးတွင် လောင်ထန်က အင်အားအကြီးမားဆုံး မြင်းနက်တစ်ကောင်ဖြစ်၏။
သူ၏ စိတ်ကူးယဉ်မှုချိုးဖျက်ခြင်း လက်သီးစိတ်ဆန္ဒက အဆင့်(9) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် အောက်ရှိ တပည့်များအားလုံးကို အသာစီးရရှိပြီး အနိုင်ယူနိုင်ခဲ့သည်။
အမှန်တကယ်တွင် လောင်ထန်၏ ကံတရားက ကောင်းမွန်သည်ဟု ပြော၍ရပေ၏။ လော်ချန်ဖုန်းနှင့် မတွေ့ဆုံခင် အချိန်အထိ သူက လေးစားစရာကောင်းသော ခွန်အားရှိသည့် တပည့်တစ်ယောက်နှင့်မှ တွေ့ဆုံခဲ့ခြင်း မရှိပေ။
ထိုသို့ဆိုလျှင်ပင် အဆင့်(5) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ်ဖြင့် ဤအဆင့်အထိ တက်ရောက်လာနိုင်သည်က လုံလောက်သည်ထက် ပို၍
သန်မာသည်ဟု ပြော၍ရပေသည်။
လောင်ထန်က အားပါးတရ ပြုံးလိုက်ရာ ဤရလဒ်အပေါ် အလွန်ကျေနပ်နေကြောင်း ထင်ရှားနေခဲ့၏။
ဤမဟာယှဉ်ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် သူနားလည်သဘောပေါက်ထားသည့် စိတ်ကူးယဉ်မှုချိုးဖျက်ခြင်း လက်သီးစိတ်ဆန္ဒက မည်မျှအစွမ်းထက်သည်ကို သူက နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
သူ့ထက် ကျင့်စဉ်နယ်ပယ် ပိုမိုမြင့်မားသော ထိုတပည့်များက ကျန်းကျင့်၏ခွန်အားကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးသော်လည်း သူတို့က ဒုတိယအတန်းအစား မဟုတ်ကြပေ။
စတုတ္ထအဆင့်ပြိုင်ပွဲသို့ ရောက်ရှိလာကြသော အတွင်းစည်းတပည့်များမှာ တိမ်တိုက်များကဲ့သို့ မြင့်မားသည့် နေရာတွင် ရှိနေကြပြီး စစ်မှန်သော စွမ်းရည်ရှိနေသည်မှာ အတိအလင်းပင် ဖြစ်ပေ၏။
“စီနီယာအစ်ကိုယီ… နောက်တစ်ဆင့်ပြိုင်ပွဲမှာ မင်းရဲ့ ပြိုင်ဖက်က လော်ချန်ဖုန်းပဲ… မင်းရဲ့ ဓားစိတ်ဆန္ဒက အစွမ်းထက်တယ်ဆိုတာ ငါသိပေမဲ့ မင်းက သူနဲ့တွေ့ဆုံတဲ့အချိန်မှာ ဂရုစိုက်သင့်တယ်…..”
“အင်း… ငါသိပါတယ်… ထိပ်ဆုံး ၁၀ယောက်အတွင်းမှာ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် လေးယောက်ရှိတယ်… ဒါပေမဲ့ လော်ချန်ဖုန်းက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် နှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တယ်… သူ့ရဲ့ခွန်အားက တစ်ချက်ကြည့်လိုက်ရုံနဲ့ သိသာနိုင်တယ်…..” ယီယွမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။
ယီယွမ်က သူတို့၏ခေါင်းထက်၌ မျက်လုံးများကို ထားရှိထားသူများနှင့် လုံးဝမတူပေ။ (အမြင်မရှိတာကိုပြောလိုတာပါ)
သူ၏စိတ်က အလွန်ကြည်လင်နေခဲ့၏။
အရင်တစ်ချိန်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် စူးယူဘိုင်၏ သိုင်းကွက်တစ်ကွက်တည်းကြောင့် ဟုရန်ယွမ်က သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်ကို ကြည့်၍ အဆင့်(9) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နှင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကြား ကွာခြားမှုက မည်မျှကြီးမားသည်ကို သက်သေပြနေခဲ့ပေသည်။
ဟုရန်ယွမ်က စူးယူဘိုင်ထက် အခြေခံ ပိုမိုခိုင်မာပြီး သူ၏ခွန်အားက ပုံမှန် အဆင့်(9) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များထက် ပို၍အင်အားကြီးမားပေ၏။
ထိုသို့ဆိုသည့်တိုင် ဟုရန်ယွမ်က စူးယူဘိုင်၏ သိုင်းကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ဟုရန်ယွမ်က ယီယွမ်ကို ကယ်ဆယ်လိုခဲ့၍ ရွေးချယ်စရာမရှိတော့ဘဲ စူးယူဘိုင်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရ၏။ သို့သော် ထိုအရာကြောင့်ပင် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်က မည်မျှ အစွမ်းထက်သည်ကို ဥပမာအနေဖြင့် မြင်တွေ့ခဲ့ရပေသည်။
လော်ချန်ဖုန်းက အဆင့်(9) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ် အဆင့်ဖြင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် နှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့ခြင်းက သူ၏ တိကျသော အသိအပေါ် နားလည်နိုင်မှုက မည်သည့်အဆင့်တွင် ရောက်ရှိနေသည်ကို သက်သေပြနေခဲ့၏။
“အဲဒါက ဘယ်လိုမျိုးလဲ… သူနဲ့တိုက်ပွဲတုန်းကလေ… နည်းနည်းလောက် ပြောပြပါလား…..” ယီယွမ်က ရယ်မော၍ ပြောဆိုလိုက်သည်။
လောင်ထန်က တော်တော်လေး အံအားသင့်သွားခဲ့ပြီး ပြောခဲ့၏။ “ဟားဟား… မင်းရဲ့ ပြိုင်ဖက်အကြောင်း မင်းက တကယ်ကို စိတ်ပူလိမ့်မယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး… မင်းကဒီကိစ္စကို အာရုံမစိုက်ဘူးလို့ ငါထင်နေခဲ့တာ…..”
ယီယွမ်က အသာပြုံး၍ ပြောလိုက်သည်။ “ရန်သူကိုလည်း သိမယ်… မင်းကိုယ်မင်းလည်း သိမယ်ဆိုရင် မင်းကတိုက်ပွဲတစ်ရာကို အောင်နိုင်မယ်တဲ့… ငါက နတ်တန်ခိုးရှင်နယ်ပယ် တစ်ယောက်မဟုတ်ဘူး… ပြိုင်ဘက်အားလုံးကို လျစ်လျူရှုထားလို့ လုံးဝမဖြစ်နိုင်ဘူးလေ…..”
လောင်ထန်က ခေါင်းညိတ်လိုက်၏။ ယီယွမ်က အလွန်သန်မာကြောင်း သူသိသော်လည်း ယီယွမ်၏ကျင့်စဉ်နယ်ပယ်က အလွန်နိမ့်ကျနေခဲ့ပေသည်။
သာမန်ပြိုင်ဖက်များကို တိုက်ခိုက်ရခြင်းက ပြဿနာမရှိပေ။ သို့သော်
နားလည်သဘောပေါက်မှု ပိုမိုမြင့်မားသည့် သဘောတရားရှိပြီး
သူ့ထက် ကျင့်စဉ်နယ်ပယ် ပိုမိုမြင့်မားသော ပြိုင်ဖက်ကို ပုံမှန်အားဖြင့် သတိထားရန် လိုအပ်ပေ၏။
လော်ချန်ဖုန်းနှင့် ပြိုင်ပွဲကို ပြန်တွေးကြည့်လိုက်ပြီးနောက် နက်ရှိုင်းစွာ ထိတ်လန့်သွားသော အရိပ်အယောင်တစ်ခုက လောင်ထန်၏ မျက်လုံးထဲတွင် ထင်ဟပ်လာခဲ့သည်။
ထိုအရာက လှပသောမှတ်ဥာဏ်တစ်ခု မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။
“သန်မာတယ်… တော်တော်လေး သန်မာတယ်… ငါက သိုင်းကွက်ငါးကွက်တောင် မခုခံနိုင်ခဲ့ဘူး… ပြီးတော့ သူက သူ့ရဲ့လက်နက်ကိုတောင် ထုတ်မသုံးခဲ့ဘူး…..” လောင်ထန်က စိုးရိမ်နေသည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။
ယီယွမ်၏ မျက်လုံးများတွင် လေးနက်မှုများ ပေါ်ပေါက်လာခဲ့၏။ သူက လောင်ထန်၏ ခွန်အားကို သိရှိပေသည်။ သူ၏လက်နက်ကို အသုံးမပြုဘဲ သိုင်းကွက်ငါးကွက်အတွင်း အနိုင်ယူခဲ့ခြင်းကို ကြည့်၍ လော်ချန်ဖုန်း၏ ခွန်အားက မည်မျှကြီးမားသည်ကို အထင်းသား တွေ့မြင်နိုင်ပေ၏။
“အင်း… သူကဘာလက်နက်ကို သုံးတာလဲဆိုတာ မင်းသိလား…..” ယီယွမ်က မေးမြန်းလိုက်သည်။
လောင်ထန်က ခေါင်းညိတ်၍ ပြောခဲ့၏။ “ငါလည်း တော်တော် သိချင်သွားလို့ တိုက်ပွဲပြီးသွားတာနဲ့ ဘေးမှာရှိတဲ့ တပည့်တွေကို မေးကြည့်လိုက်တဲ့အခါ လော်ချန်ဖုန်းက တကယ်တော့ စုတ်တံတစ်ချောင်းကို အသုံးပြုတယ်လို့ သိခဲ့ရတယ်… ပြီးတော့ သူ့ကို စုတ်တံထုတ် အသုံးပြုရအောင် ဖိအားပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူက ထျန်းယွီပဲတဲ့…..”
အံ့အားသင့်သွားခဲ့၍ ယီယွမ်က မေးမြန်းလိုက်သည်။ “အမ်… အဲဒါက ဘယ်လိုဖြစ်ရတာတုန်း… ထန်ယုအာကိုယ်တိုင်က သူ့ရဲ့လက်နက်ကို ထုတ်သုံးအောင် ဖိအားမပေးနိုင်ခဲ့ဘူးပေါ့… ဒါပေမဲ့ ထန်ယုအာရဲ့ အဆင့်က သူ့ထက်ပိုပြီး မြင့်မားနေတယ်လေ…..”
လောင်ထန်က ပြောခဲ့၏။ “အဲဒီအကြောင်းကို ငါကပထမဦးဆုံး ကြားလိုက်ရတဲ့ အချိန်မှာ တော်တော်လေး အံအားသင့်သွားခဲ့ရတယ်… ဒါပေမဲ့ ငါကတစ်ခြားသူတွေဆီက ဆက်လက်စုံစမ်းကြည့်မိတယ်… လော်ချန်ဖုန်းက အဲဒီအချိန်မှာ ပြောခဲ့တာ တစ်ခုရှိတယ်တဲ့… သူကပညာရှိတစ်ယောက် ဖြစ်တဲ့အတွက် သေရေးရှင်ရေး တိုက်ပွဲတစ်ခု မဟုတ်ခဲ့ဘူးဆိုရင် သူကမိန်းမတစ်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် သူ့ရဲ့ စုတ်တံကို အသုံးမပြုချင်ဘူးတဲ့…..”
“အို… ဒါဆိုရင် သူက စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ… ဒါဆိုရင် လော်ချန်ဖုန်းက လက်ရေးပန်းချီတာအိုကို လျှောက်လှမ်းတဲ့ ကျင့်ကြံသူတစ်ယောက်လား…..”
“ဟုတ်တယ်… ပြောကြတာကတော့ သူ့ရဲ့နေ့စဉ် အချိန်တစ်ဝက်လောက်ကို စာပေရေးသားခြင်းနဲ့ အချိန်ကုန်နေပြီး ကျင့်ကြံခြင်း လုံးဝမပြုလုပ်ဘူးတဲ့…..”
သို့သော် ယီယွမ်က ထိုစကားကိုကြား၍ သွားပေါ်အောင်ပြုံးကာ သူ၏လက်ကို ဝှေ့ယမ်း၍ ပြောဆိုလိုက်သည်။ “စာပေရေးသားခြင်းကလည်း ကျင့်ကြံခြင်းပုံစံတစ်မျိုးပဲ… လက်ရေးပန်းချီတာအို၊ ဓားတာအိုနဲ့ လက်သီးတာအိုတို့ အားလုံးက အမျိုးအစားတူတူပဲ… အဲဒီတာအိုအားလုံးက မဟာတာအိုတွေလေ… အကန့်အသတ်တစ်ခုအထိ ရောက်ရှိအောင် ကျင့်ကြံနိုင်ပြီဆိုရင် စွမ်းအားက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြင့်မားသွားလိမ့်မယ်…..”
Chapter 12 is coming…..