ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(22)
Chapter-1
ယီယွမ်က စိတ်အတွင်းမှကြိတ်၍ ခေါင်းညိတ်လိုက်ပြီး လော်ချန်ဖုန်းနှင့် ထန်ယုအာတို့၏ အမည်ကို မှတ်သားထားလိုက်သည်။
ဂျင်ယွန်ဟီက ဤကိစ္စကို အလွန်လေးနက်စွာ ပြောနေခဲ့သည့်အတွက် ထိုလူနှစ်ယောက်မှာ မိုးကောင်းကင်အုပ်စုတန်းလျား၌ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များဖြစ်ကြမည်မှာ သေချာလှပေ၏။ သူတို့၏ တိုက်ခိုက်မှုစွမ်းအင်များကလည်း စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူများအောက် နိမ့်ကျမည်မဟုတ်ပေ။
အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီးက သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုမဟုတ်ပေ။ ယီယွမ်က သူ၏လျှို့ဝှက်ပညာရပ် အားလုံးကို အသုံးပြုလိုစိတ် မရှိပေ။
သူ၏လျှို့ဝှက်ပညာရပ်များက အစွမ်းထက်လှသော်လည်း ထိုပညာရပ်များကို တစ်ကြိမ်ထုတ်ဖော် အသုံးပြုလိုက်သည်နှင့် သူကိုယ်တိုင်ပင် ထိုပညာရပ်များကို ခက်ခက်ခဲခဲ ထိန်းချုပ်ရပေမည်။
ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်း ကဲ့သို့သိုင်းပညာရပ်မျိုးက တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် သေဆုံးခြင်းမှလွဲ၍ အခြားအရာ မဖြစ်နိုင်ပေ။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ကောင်းကင်နှင့်မြေကြီးမှ သဘာဝစွမ်းအင်များကို စုစည်းနိုင်ခြင်းမှာ အလွန်အမင်း မွန်းစတားဆန်နေခဲ့ပြီဖြစ်သည်။ သို့သော် ထိုသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့် သူကိုယ်တိုင်ပင် သိုင်းကွက်၏စွမ်းအားကို ထိန်းချုပ်နိူင်စွမ်းမရှိတော့ပေ။
အဆင့်(4) သဘာဝမီးလျှံအတွက်မူ သူကထိုမီးလျှံကို ထုတ်ဖော်လိုက်သည်နှင့် ထိုမီးလျှံက တစ်ဖက်လူကို ပြာမှုန်တစ်မှုန်ပင် မကျန်ရစေအောင် ချက်ချင်း
လောင်ကျွမ်းသွားပေလိမ့်မည်။
ယီယွမ်က သန့်စင်သော
စန္ဒကူးမီးလျှံကြာပန်းကို သန့်စင်ရာတွင် လက်ရှိအချိန်၌ အဆင့်(4) သဘာဝမီးလျှံ၏ စွမ်းအားကို ထိန်းချုပ်နိုင်ရန်မှာ အလွန့်အလွန် ခွန်အားစိုက်ထုတ်ရမည် ဖြစ်ကြောင်း သိသာထင်ရှားနေခဲ့၏။
ဤနည်းလမ်းဖြင့်ဆိုပါက နှောင်းပိုင်းအဆင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို အကြီးအကျယ် ခြိမ်းခြောက်နိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ယီယွမ်၏ ဝိညာဉ်ဟင်းလင်းပြင်ဖျက်ဆီးခြင်း နယ်မြေ ပညာရပ်၏ ပထမအဆင့်ကို အောင်မြင်မှုကြီးမားသော အဆင့်အထိ ကျင့်ကြံထားနိုင်ခဲ့ပေ၏။ သူ၏အမြန်နှုန်းက နှောင်းပိုင်းအဆင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ထက် နိမ့်ကျခြင်းမရှိတော့ပေ။
ယန်ကိုးမျိုးဝိညာဉ်ဘရစ်စတယ် နတ်ဘုရားသိုင်းပညာရပ်၏ လူသားအခန်းရှိ ဒုတိယသိုင်းကွက် သဘာဝစွမ်းအင်လောင်ကျွမ်းခြင်း သိုင်းကွက်ဖြင့်ဆိုပါက ထိုသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
အနိုင်အရှုံးအတွက်မူကား သူကိုယ်တိုင်ပင် အရာအားလုံးကို ခန့်မှန်းပြောဆိုနိုင်ခြင်း မရှိပေ။ အချိန်ကျလာပြီဆိုပါက သူ၏အပြုအမူပေါ်တွင် အနိုင်အရှုံးက မူတည်နိုင်ပေ၏။
“နောက်ဆုံးတစ်ယောက်က ဘယ်သူလဲ…..” ယီယွမ်က မေးမြန်းလိုက်သည်။
ဂျင်ယွန်ဟီက လေးနက်သော အမူအရာဖြင့် ပြောဆိုခဲ့၏။ “ဒီနောက်ဆုံးတစ်ယောက်ကို မင်းကသတိထားဖို့လိုတယ်… သူ့ရဲ့နာမည်က ထျန်းယွီတဲ့… မဟာအကြီးအကဲ ကောင်းကင်မေပယ်ရဲ့ မြေးလေးပဲ… အတွင်းစည်းတပည့်တွေအကြားမှာ သူကအရည်အချင်း အရှိဆုံးပုဂ္ဂိုလ်အဖြစ် လူအများက သတ်မှတ်ထားကြတယ်…..”
ထိုစကားကိုကြားသော် ယီယွမ်က စိတ်ဝင်စားသွားခဲ့ပြီး မေးမြန်းလိုက်သည်။ “အို… ထျန်းယွီမှာ ဘယ်လိုထူးချွန်တဲ့ အရည်အချင်းမျိုးတွေ ရှိနေတာလဲ…..”
“ထျန်းယွီကလည်း မင်းလိုပဲ ငယ်စဉ်ကတည်းက နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားတယ်… မင်းလိုပဲ သူက ကောင်းကင်ဘုံကိုးခု
လျှောက်လမ်းကို ကျော်ဖြတ်နိုင်ခဲ့တယ်… မင်းလိုတော့ ကောင်းကင်ဘုံကိုးခု
လျှောက်လမ်းကို ဖြတ်ကျော်တဲ့အချိန်မှာ သူက ချီစွမ်းအင်နယ်ပယ် မဟုတ်ဘဲ သူကစိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ်ကို တက်ရောက်လာကာစပဲ ရှိသေးတယ်… လွန်ခဲ့တဲ့သုံးနှစ်က ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို သူကျော်ဖြတ်ခဲ့တုန်းက အဆင့်(1) စိတ်ဝိညာဉ်
ဖွဲ့စည်းခြင်းနယ်ပယ်မှာပဲ ရှိသေးတယ်… အခု အချိန်၃နှစ် ကြာသွားတာပဲရှိသေးတယ်… သူက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီ… ဘယ်လိုမတော်တဆမှုမှ ကြုံတွေ့ရခြင်း မရှိခဲ့ရင် ဒီတစ်ကြိမ်မှာ သူက လက်ရွေးစင်တပည့်အဖြစ် သေချာပေါက် တက်ရောက်သွားလိမ့်မယ်… မင်းကသူနဲ့ ရင်ဆိုင်တွေ့ရမယ်ဆိုရင် သေချာပေါက် သတိထားရလိမ့်မယ်…..”
ဂျင်ယွန်ဟီ၏ စိတ်ထဲတွင် ထျန်းယွီအပေါ် သူ၏သုံးသပ်ချက်က အလွန်မြင့်မားနေသည်မှာ သိသာလှပေ၏။
အကယ်၍ ယီယွမ်ကသာ ပေါ်ပေါက်လာခြင်းမရှိလျှင် ထျန်းယွီက လူငယ်မျိုးဆက်သစ်အတွင်း၌ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် ဂျင်ယွန်ဟီ၏ စိတ်ထဲတွင် သတ်မှတ်ခဲ့မည်ဖြစ်သည်။
ယီယွမ်ကို ဘေးဖယ်ထားလိုက်မည်ဆိုပါက တစ်နှစ်အတွင်း သာမန်နယ်ပယ်သုံးခု တက်ရောက်သွားနိုင်သည့် ကျင့်ကြံခြင်းအမြန်နှုန်းက အမှန်တကယ်ပင် တရားလွန်သွားခဲ့ပြီဖြစ်၏။ ထို့ပြင် သူက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ တက်ရောက်ရန်အတွက် အရေးအကြီးဆုံး ခြေလှမ်းဖြစ်သည့် စိတ်သလင်း ဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို ချိုးဖျက်တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။
ငြိမ်သက်တိမ်တိုက်အဖွဲ့တွင် ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို စောစောကျော်ဖြတ်နိုင်ခဲ့သူက ရောက်ရှိနိုင်သော အဆင့်အတန်းက ပို၍မြင့်မားလာလေ ဖြစ်၏။ မိုယုထန်နှင့် ရှင်းလီတို့က အတူတူပင်ဖြစ်သည်။
ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြန်ကျော်နိုင်ခဲ့ကြသော လူအားလုံးက အလွန်မြင့်မားသော တိုက်ခိုက်မှုစွမ်းအင်ကို ပိုင်ဆိုင်ထားခဲ့ကြ၏။ သူတို့က ပုံမှန်အားဖြင့် သူတို့်နှင့် အဆင့်တူ သိုင်းပညာရှင်အားလုံးကို အနိုင်ယူနိုင်ပေသည်။
ထျန်းယွီက အဆင့်(1)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်၌ ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြတ်ကျော်နိုင်ခဲ့၏။ ထို့ကြောင့် သူက မည်မျှပင် မွန်းစတားဆန်နေကြောင်း အထင်းသား မြင်တွေ့နေခဲ့ရသည်။
“ဌာနမှူးဂျင်ရဲ့ သတိပေးမှုအတွက် ကျေးဇူး
အများကြီးတင်ပါတယ်…..” ယီယွမ်က ပြောဆိုလိုက်၏။
ဂျင်ယွန်ဟီကို လိုက်လံပို့ဆောင်ပြီးနောက် ယီယွမ်က တံခါးပိတ်လေ့ကျင့်ခဲ့ခြင်း မရှိပေ။ ထိုအစား သူကအဖွဲ့အတွင်း၌ အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။
ယှဉ်ပြိုင်ပွဲကြီးက စတင်တော့မည်ဖြစ်၏။ နောက်ဆုံးမိနစ်ကိုရောက်မှ ဗုဒ္ဓခြေတော်ရိပ်ကို ခိုလှုံ၍ အကူအညီတောင်းခံခြင်းက အသုံးမဝင်သည်မှာ သိသာလှပေသည်။ ကောင်းစွာအနားယူ၍ သူ၏စိတ်အခြေအနေကို ထိန်းညှိခြင်းကသာ အသုံးအဝင်ဆုံးအရာ ဖြစ်၏။
. . . . . .
ဒုတိယမြောက်နေ့တွင် အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီးအတွက် ပြင်ဆင်မှုများက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီးအတွက် တိုက်ခိုက်မှုနေရာဖြစ်သော အောင်နိုင်ခြင်းတောင်ထိပ် ပေါ်တွင် စင်မြင့်များစွာကို တည်ဆောက်ထားခဲ့ကြ၏။
လက်ရှိအချိန်အခိုက်အတန့်တွင် ထောင်ပေါင်းများစွာသော တပည့်များက တောင်ထိပ်တွင် စုစည်းနေခဲ့ကြသည်။ ထိုတပည့်အားလုံးမှာ အဖွဲ့၏ အနာဂတ်မျှော်လင့်ချက်များ ဖြစ်ကြ၏။
ဤထောင်ပေါင်းများစွာသော တပည့်များကို ငြိမ်သက်တိမ်တိုက် ဆယ်နိုင်ငံမှ အလွန်အမင်း ဂရုစိုက်ရွေးချယ်ထားခြင်း ဖြစ်ပြီး သူတို့ကို သာမန်ကမ္ဘာငယ်လေးတွင် နေရာချထားလိုက်ပါက မြေပြင်ကို သိမ့်သိမ့်တုန်သွားစေနိုင်သည့် ပုဂ္ဂိုလ်များဖြစ်သည်။
သို့သော် သူတို့ထဲမှ အများစုက အပြင်စည်းတပည်များသာ ဖြစ်နေကြပြီး အဖွဲ့တွင် ထောင်ပုံရာပုံရှိနေခဲ့ကြ၏။
အတွင်းစည်းတပည့်များ အရေအတွက်က နှစ်ရာရှိနေချိန်တွင် လက်ရွေးစင်တပည့် အရေအတွက်က အလွန်နည်းပါးစွာဖြင့် လူနှစ်ဆယ်သာ ရှိနေခဲ့ပေသည်။
လက်ရွေးစင်တပည့်များ ယှဉ်ပြိုင်ရန်နေရာ၊ အတွင်းစည်းတပည့်များ ယှဉ်ပြိုင်ရန်နေရာနှင့် အပြင်စည်းတပည့်များ ယှဉ်ပြိုင်ရန်နေရာများကို ခွဲခြားထားခဲ့၏။ လူအများ အာရုံစူးစိုက်မှ
အရှိဆုံးနေရာမှာ သံသယဖြစ်ဖွယ်ရာမရှိ လက်ရွေးစင်တပည့်များ တိုက်ပွဲနေရာတွင် ဖြစ်သည်။
ဤလူအယောက်နှစ်ဆယ်မှာ လူငယ်မျိုးဆက်တွင် အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုပေ၏။ သူတို့က အတွင်းစည်းတပည့်များ သို့မဟုတ် အပြင်စည်းတပည်များ ဖြစ်နေလျှင်ပင် သူတို့က ထိုသူတို့၏ ပြိုင်ပွဲကို ကြည့်ရှုရခြင်းအား လွဲချော်ရစေခြင်းမရှိဘဲ တိုက်ပွဲအတွင်းမှ တစ်စုံတစ်ရာကို နားလည်သွားရန် မျှော်လင့်နေကြပေသည်။
သို့ရာတွင် မဟာယှဉ်ပြိုင်ပွဲကြီးက တစ်ချိန်တည်းတွင် ပြိုင်တူကျင်းပမည်ဖြစ်၍ တစ်စုံတစ်ယောက်၏ တိုက်ပွဲကို ကြည့်ရှုရာတွင် ထိုတိုက်ပွဲက ချက်ချင်းပြီးဆုံးသွားပါမှ အခြားတစ်ယောက်၏ ပြိုင်ပွဲကို ကြည့်ရှုရန် အချိန်လုံလောက်မှု ရှိမည်ဖြစ်၏။
အပြင်စည်းတပည်များက အလွန်များပြားနေခဲ့၍ သူတို့၏ပွဲစဉ်ဇယား စီမံရမှုက တင်းကြပ်နေခဲ့သည်မှာ အလွန်သိသာလှပေသည်။
“ယီယွမ်… နင်ကဘယ်နံပါတ်ကို ကျတာလဲ… နင့်ရဲ့ပထမဆုံးပွဲမှာ နင်ကဘယ်သူနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိလား…..” နန်ဖိန်လျှိုချင်က မေးမြန်းလိုက်၏။
ဆေးလုံးခန်းမတွင်လည်း ယှဉ်ပြိုင်ပွဲတစ်ခု ရှိပေသည်။ သို့သော် ပြိုင်ပွဲ၏ကြာချိန်က သိုင်းပညာခန်းမ၏ ပြိုင်ပွဲထက် အလွန် ရှည်လျားပေ၏။ သို့ဖြစ်၍ နန်ဖိန်တူဝရီးက ယီယွမ်ကို အားပေးရန် လာရောက်ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော့်နံပါတ်က ၅၂… ဒါပေမဲ့ ပထမဆုံးပွဲအတွက် ကျွန်တော့်ရဲ့ ပြိုင်ဖက်က ဘယ်သူလဲဆိုတာ မသိဘူး…..” ယီယွမ်က ပြောလိုက်၏။
သူ၏ပြိုင်ဖက်က မည်သူဖြစ်သည်ကို သူလုံးဝဂရုမစိုက်ပေ။ ယီယွမ်က ထျန်းယွီနှင့် အတူတူပင်ဖြစ်သည်။ သာမန်အားဖြင့် အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် အဆင့်(8) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များကို သူကအထင်ကြီးခြင်းမရှိပေ။
“အမ်… နင့်ရဲ့ပြိုင်ဖက်က နံပါတ် ၁၄၉လို့ပြောနေကြတယ်… နံပါတ် ၁၄၉က ဘယ်သူလဲဆိုတာ ငါသိချင်မိတယ်…..” နန်ဖိန်ဇီရိုက ပြောဆိုခဲ့၏။
အတွင်းစည်းတပည့် အရေအတွက်နံပါတ်က ၂၀၀ ၌ ကွက်တိအဆုံးသတ်သွားခဲ့ပြီး ဖြစ်သည်။ တပည့်များက ပြိုင်ဖက်ကို သိရှိဆုံးဖြတ်ရန်အတွက် မဲနှိုက်၍ ဆုံးဖြတ်လေ့ရှိကြ၏။
မဲနှိုက်လိုက်ပြီးနောက် နံပါတ် ၁ က နံပါတ် ၂၀၀နှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး နံပါတ်၂က နံပါတ် ၁၉၉ နှင့် တိုက်ခိုက်ရမည် ဖြစ်ကာ ထို့နောက် အစရှိသည့်အတိုင်း အစဉ်လိုက် ကျရောက်သွားခဲ့သည်။
ယီယွမ်က နံပါတ်၅၂ဖြစ်၍ သူ၏ပြိုင်ဖက်က နံပါတ် ၁၄၉ဖြစ်သွားခဲ့ပေ၏။
အမှန်တကယ်တွင် အသန်မာဆုံး အတွင်းစည်းတပည့်များ နောက်ပိုင်းတိုက်ပွဲများ၌ ရင်ဆိုင်ရမည့်အချိန်တွင် ခွန်အားကုန်ဆုံးနေမည့်အရေးကို ရှောင်လွှဲရန်အတွက် ယခင်ယှဉ်ပြိုင်ပွဲကြီးမှ ထိပ်ဆုံးပုဂ္ဂိုလ် ဆယ်ဦးက အလိုအလျောက်ပင် ဆန်ခါတင်ပြိုင်ပွဲဝင်များ ဖြစ်လာခဲ့ကြပေသည်။
ထိုပုဂ္ဂိုလ်ဆယ်ဦး၏ ပြိုင်ဖက်များမှာ ခွန်အားအလွန် နိမ့်ကျပေ၏။ သူတို့၏တိုက်ပွဲကို အစကတည်းက ကြည့်ရှုနေစရာ မလိုအပ်ပေ။ သူတို့၏ ပြိုင်ဖက်များက ပုံမှန်အားဖြင့် ပြိုင်ပွဲစသည်နှင့် အရှုံးပေးသွားလေ့ ရှိကြ၏။
သို့ရာတွင် ယခင်ယှဉ်ပြိုင်ပွဲကြီးများ၌ ထူးဆန်းသော အခြေအနေများကလည်း ပုံမှန်အားဖြင့် ဖြစ်ပျက်သွားလေ့ ရှိခဲ့သည်။ နံပါတ်၁၁ တပည့်ကလည်း နံပါတ် ၁၉၀ကို ကံဆိုးစွာဖြင့် ရှုံးနိမ့်သွားတတ်လေ့ရှိ၏။ ထို့ကြောင့် ပထမဆုံးတိုက်ပွဲက စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယေဘုယျကျကျ ပြောရမည်ဆိုပါက ထိုသို့သော အခြေအနေတစ်မျိုး ဖြစ်ပေါ်လာခြင်းက အလွန် ရှားပါးပေ၏။
ယီယွမ်က နံပါတ်၅၂ ကျရောက်ပေသည်။ ထို့ကြောင့် သူက သန်မာသော လူတစ်ယောက်နှင့် တွေ့ဆုံနိုင်ရန် အခွင့်အရေး များစွာမရှိပေ။
“အဲဒါကို စိတ်ထဲမှာ ထားမနေပါနဲ့… အချိန်ကျလာရင် တွေ့တဲ့သူနဲ့ ယှဉ်ပြိုင်လိုက်တာပေါ့… လောင်ထန် မင်းက ဘယ်နံပါတ် ကျသွားတာလဲ…..” ယီယွမ်က သူ၏ဘေးတွင်ရှိသော လောင်ထန်ကို မေးမြန်းလိုက်၏။
တိုက်ခိုက်ကြရာတွင် အတွင်းစည်းတပည့်များကို မြေကမ္ဘာအုပ်စုတန်းလျားနှင့် မိုးကောင်းကင်အုပ်စုတန်းလျား ဟူ၍ ခွဲခြားထားခြင်းမရှိပေ။
“နံပါတ် ၁၇၀…..” လောင်ထန်က ပြောခဲ့သည်။
“အို… ဒီလိုမျိုးလား… နံပါတ် ၃၁ နဲ့ တိုက်ခိုက်ရမှာပေါ့… ကြည့်ရတာ အဲဒီလူက သန်မာတဲ့သူတစ်ယောက်နဲ့ တူတယ်…..” ယီယွမ်က ပြောလိုက်၏။
လောင်ထန်က မထူးခြားနားပင် ပြောဆိုခဲ့သည်။ “ကိစ္စမရှိပါဘူး… အချိန်ကျလာရင် တွေ့တဲ့သူနဲ့ ယှဉ်ပြိုင်လိုက်တာပေါ့…..”
“ဟားဟား… အဲဒါဆိုကောင်းပါတယ်… မင်းရဲ့ခွန်အားနဲ့ဆိုရင် အဆင့်၅၀အတွင်း ဝင်ရောက်ဖို့ဆိုတာ ပြဿနာလုံးဝရှိမှာ မဟုတ်ဘူး…..” ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ငါလည်း အဲဒီလိုမျှော်လင့်ပါတယ်…..”
လောင်ထန်ကလည်း ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြတ်ကျော်နိုင်ခဲ့သော သူတစ်ဦးဖြစ်သည်။ သူ၏စွမ်းရည်က မည်မျှကြီးမားကြောင်း မြင်နိုင်ပေ၏။
ဤတစ်လ နှစ်လအချိန်အတွင်း လောင်ထန်၏ တိုးတက်လာမှုက အလွန်မြန်ဆန်လာခဲ့သည်။ သူ၏စွမ်းရည်ကို ပြသရန်အတွက် အခွင့်အရေး မရှိခဲ့၍သာ ဖြစ်ပေ၏။
ယီယွမ်က ထိုအရာကို အစောကြီးကတည်းက ယုံကြည်နေခဲ့ပြီး သူကလက်ရှိအချိန်တွင် သေချာပေါက် ထုတ်ပြနိုင်တော့မည် ဖြစ်သည်။
“တပည့်အားလုံး နားထောင်ကြပါ… အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီး စတင်တော့မယ်… မင်းတို့ရဲ့ နံပါတ်နဲ့ ပတ်သက်တဲ့ စင်မြင့်တွေကို မြန်မြန် ရှာဖွေလိုက်ကြပါ…..” သိုင်းပညာခန်းမ၏ အကြီးအကဲတစ်ယောက်က သဘာဝစွမ်းအင်ကို စုစည်း၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုစကားကိုကြားသော် ယီယွမ်နှင့် လောင်ထန်တို့က အကြည့်ချင်းဆုံသွားခဲ့ကြပြီး ပြုံးလိုက်ကြသည်။ သူတို့က သူတို့နှင့် သက်ဆိုင်သော စင်မြင့်ဆီသို့ သွားရောက်ခဲ့ကြ၏။
ယီယွမ်က နံပါတ် ၅၂ဖြစ်ရာ စင်မြင့်နံပါတ်ကလည်း ၅၂ပင်ဖြစ်သည်။
သူကသူ၏စင်မြင့်ဆီသို့ ရောက်လာသောအခါ နံပါတ် ၁၄၉ တပည့်က ထိုနေရာသို့ စောစီးစွာ ရောက်ရှိနေခဲ့ပြီးဖြစ်၏။
ယီယွမ်က တစ်ဖက်လူကို မြင်လိုက်ချိန်တွင် အလိုအလျောက်ပင် မှင်တက်သွားခဲ့သည်။
တိုက်ဆိုင်မှုများမရှိဘဲ အဖြစ်အပျက်များကလည်း အမှန်တကယ်ပင် ရှိမလာနိုင်ပေ။
Chapter 2 is coming…..