ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၂၁ )
Chapter-6
နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို ဖော်စပ်ခြင်းက အလွယ်တကူဖြင့် ချောမွေ့စွာ ဖြစ်ပျက်သွားခဲ့သည်။
ယီယွမ်က ဤဆေးလုံးကို ကောင်းကင်မေပယ်က ဖော်စပ်ရန်အတွက် အရာအားလုံးကို ပြင်ဆင်ပေးထားခဲ့ပြီး ဖြစ်၏။ သူက ကြီးမြတ်သော စန္ဒကူးကြာပန်းမီးလျှံကိုပင် ငှါးရမ်းပေးခဲ့ပေသည်။
အကယ်၍ ကောင်းကင်မေပယ်ကသာ ကောင်းမွန်ချောမွေ့စွာ ဖော်စပ်နိုင်ခြင်းမရှိပါက ဤမှော်ဆေးပညာရှင်ဘုရင် အဆင့်အတန်းကို လွှင့်ပစ်၍ တို့ဟူးတုံးတစ်ခုကဲ့သို့ မိမိကိုယ်မိမိ သတ်သေသင့်ပေ၏။
ကောင်းကင်မေပယ်က သူ၏လက်အတွင်းမှ နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို ကိုင်တွယ်ကြည့်ရှုနေခဲ့ကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့ပြီး ဆေးလုံးကို ကြမ်းပြင်ပေါ်သို့ လွတ်ကျလုမတတ် ဖြစ်နေခဲ့သည်။
“ဟားဟားဟား… နောက်ဆုံးတော့ ငါက နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ….. မိုးကောင်းကင်က ကောင်းကင်မေပယ်ဆိုတဲ့ ငါ့ကို တကယ်ကာကွယ်ပေးခဲ့တာပဲ… မိုးကောင်းကင်က ငါ့ရဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့ကို ကာကွယ်ပေးနေခဲ့တယ်…..”
ကောင်းကင်မေပယ်က ထိုစကားကိုပြောနေချိန်တွင် သူ၏မျက်နှာမှ အသားများကပါ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့၏။
အတိတ်မှ နှစ်များစွာတွင် ကောင်းကင်မေပယ်က သူ၏စွမ်းအားအကုန်လုံးကို ဤဆေးလုံးအပေါ်တွင် ပုံအောထားခဲ့သော်လည်း ထိုအရာက လုံးဝပင်မထိရောက်ခဲ့ပေ။
အကယ်၍ လက်ရှိအချိန်တွင် ယီယွမ်သာ ထွက်ပေါ်မလာခဲ့ပါက နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို သေချာပေါက် ဖော်စပ်နိုင်မည်မဟုတ်ကြောင်း ကောင်းကင်မေပယ်က နားလည်ပေသည်။ ထို့ပြင် သူ၏ဘဝတစ်လျှောက်လုံး ရှေ့သို့ တစ်လမခန့်ပင် ဆက်လက်တက်လှမ်းနိုင်တော့မည် မဟုတ်ကြောင်း ကောင်းစွာသိရှိနေခဲ့၏။
ယခု ထိုဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီဖြစ်ရာ ကောင်းကင်မေပယ်က စိတ်မလှုပ်ရှားဘဲ မည်သို့နေနိုင်တော့မည်နည်း။
“ဂုဏ်ယူပါတယ် ဆရာ… ဆရာ့ရဲ့ ၁၃နှစ်ကြာ တောင့်တခဲ့တဲ့ ဆန္ဒတစ်ခုက နောက်ဆုံးမှာတော့ ပြည့်ဝသွားခဲ့ရပါပြီ…..” ဝမ့်ကျယ်၏ စကားများကလည်း တုန်ယင်နေခဲ့ကာ သူက အသက်ရှူရအနည်းငယ် ခက်ခဲနေသည်နှင့်ပင် တူနေခဲ့သည်။ သူကလည်း အကြီးအကျယ် စိတ်လှုပ်ရှားနေခဲ့သည်မှာ သိသာလှပေ၏။
ဝမ့်ကျယ်က ကောင်းကင်မေပယ်၏ နောက်သို့ လိုက်ပါခဲ့သည်မှာ ငါးနှစ်ခြောက်နှစ်ခန့် ရှိနေပြီဖြစ်သည်။ ဤငါးနှစ်ခြောက်နှစ် အချိန်အတွင်း သူ၏အချိန်အများစုကို နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး အပေါ်တွင် အသုံးပြုခဲ့ရ၏။
ဤအချိန်ကလာအတွင်း အခက်အခဲများကို မည်မျှအထိ ကြုံတွေ့ခဲ့ရခြင်းနှင့် မည်မျှအထိ ဆူပူကြိမ်းမောင်းခြင်း ခံခဲ့ရသည်ကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပေသည်။
အမှန်တကယ်တွင် ဝမ့်ကျယ်ကလည်း နားလည်သဘောပေါက်လွယ်သော လူတစ်ယောက်ဖြစ်၏။ ကောင်းကင်မေပယ်၏ စိတ်ထဲမှ စိတ်ဒုက္ခနှင့် ဖိအားကို သူကောင်းကောင်း သိရှိပေသည်။ ထိုအချက်ကြောင့်ပင် သူ့အားမည်မျှ ဆူပူကြိမ်းမောင်းနေပါစေ စောဒကမတက်ခဲ့ခြင်းဖြစ်၏။
ယခု နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို နောက်ဆုံးတွင် ဖော်စပ်နိုင်ခဲ့ပြီဖြစ်၍ သူ၏စိတ်ထဲတွင် ခံစားနေရသော ခါးသီးသည့် ခံစားချက်က ချိမြိန်သော ခံစားချက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူက စိတ်ကိုချုပ်တည်း၍ မရခဲ့ဘဲ ယီယွမ်ကို စူးစိုက်ကြည့်ရှုနေခဲ့ကာ သူ၏စိတ်ထဲတွင် အံ့ဩလေးစားခြင်းနှင့် ကြည်ညိုခြင်းများ ပြည့်နှက်နေခဲ့၏။
ဟုတ်ပေ၏။ ထိုအရာက အံ့သြလေးစားခြင်းနှင့် ကြည်ညိုခြင်းဖြစ်သည်။
ထိုသို့သော ခံစားချက်မျိုးကို ဤအချိန်မတိုင်မီက ကောင်းကင်မေပယ်အပေါ်တွင်သာ ထားရှိခဲ့၏။
ယီယွမ်က ဤအသက်အရွယ်နှင့် ထိုကဲ့သို့ အသိပညာဗဟုသုတ ရှိနေခဲ့ခြင်းမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံ၏အလိုကို အလွန့်အလွန် ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။
မူလက အဖွဲ့အတွင်းတွင် ဝမ့်ကျယ်က သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားနေခဲ့သေး၏။ သို့သော် ယခု သူ၏စိတ်ထဲမှ ဂုဏ်ယူဝံ့ကြွားမှုက ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ကာ မြေပြင်အထိ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
ဤအရာက အစစ်အမှန် ဂျီးနီးယပ်တစ်ယောက် ဖြစ်၏။
ယီယွမ်ကလည်း ရှေ့သို့တက်လာ၍ ဂုဏ်ပြုစကားပြောဆိုလိုက်သည်။ “ဂုဏ်ယူပါတယ် မဟာအကြီးအကဲ… နှစ်ပေါင်းများစွာ ကြာအောင် တောင့်တခဲ့ရတဲ့ ဆန္ဒတစ်ခု ပြည့်မြောက်သွားခဲ့ရပြီ…..”
ထိုအချိန်မှသာ ကောင်းကင်မေပယ်က စိတ်လှုပ်ရှားတုန်ယင်နေခဲ့ရာမှ ပြန်လည်သတိဝင်လာခဲ့၏။ ယီယွမ်ကိုကြည့်၍ စိတ်ခံစားချက်ပေါင်းများစွာဖြင့် သက်ပြင်းချကာ ပြောဆိုလိုက်သည်။ “ယီယွမ်… ဒါတွေအကုန်လုံးက မင်းရဲ့ကျေးဇူးတွေကြောင့်ပါ… မင်းရဲ့စေတနာကြောင့် ဒီလူကြီးက နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို ဖော်စပ်နိုင်ခဲ့တာပဲ…..”
ယီယွမ်က ရယ်ကျဲကျဲလုပ်၍ ပြောခဲ့၏။ “ဆေးဖက်ဝင်ပစ္စည်းတွေကို အဖွဲ့ကနေပြင်ဆင်ပေးတာလေ… ပြီးတော့ ဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်တာက မဟာအကြီးအကဲပဲ… ယီယွမ်က ကျေးဇူးရှိတယ်ဆိုပြီး ဘယ်လိုလုပ်သတ်မှတ်ရဲမှာလဲ… တကယ်လို့ ကျေးဇူးတင်စကားပြောချင်ရင်တောင် သဘာဝမီးလျှံကို ငှါးရမ်းပေးတာအတွက်ပဲ ပြောရမှာပဲလေ… ဟားဟား…
..”
ကောင်းကင်မေပယ်က သူ၏မျက်နှာတွင် မည်သည့်ခံစားမှုမှ မပေါ်လွင်စေခဲ့သော်လည်း သူ၏စိတ်အတွင်းတွင်တော့ မှတ်ချက်တစ်ခုကို တိတ်တဆိတ် ချမှတ်နေခဲ့ပြီ ဖြစ်သည်။
လူငယ်တစ်ဦးတွင် ရှိတတ်သော တဇွတ်ထိုးဆန်မှုများက ယီယွမ်တွင် လုံးဝမရှိခဲ့ပေ။ သူ့ကိုကျေးဇူးတင်စကား ပြောဆိုနေချိန်တွင်လည်း မောက်မာဝံ့ကြွားမှု ရှိမနေခဲ့ပေ။ ယီယွမ်၏ အမူအရာကို ကြည့်ပါက ဤကိစ္စကို လုပ်ဆောင်ပေးခဲ့ခြင်းက သာမန်မျှသာ ဖြစ်ပြီး စကားထဲထည့်ပြောနေရမည့် ကိစ္စတစ်ခု မဟုတ်သလို အပြုအမူမျိုး ဖြစ်သည်။ ဤအရာမျိုးက ပုံမှန်လူငယ်များ လုံးဝမထားရှိနိုင်သည့် စိတ်သဘောထား ကြီးမားမှုမျိုး ဖြစ်ပေ၏။
ဤအရာက အမှန်တကယ်ပင် ယီယွမ်အတွက် အရေးမပါသော မဖြစ်စလောက် ကိစ္စတစ်ခုဖြစ်ကြောင်း ကောင်းကင်မေပယ်က မသိရှိခဲ့ပေ။
“ဟားဟား… ယီယွမ်… မင်းကဒီလောက်ထိ နှိမ့်ချနေဖို့ မလိုပါဘူး… မင်းကဘယ်လိုပဲ ရှောင်ဖယ်တဲ့စကား ပြောနေပါစေ… ဒီအကြောင်းတွေကို ငါ့ရဲ့စိတ်ထဲမှာ ကောင်းကောင်း သိရှိနေတယ်… ဒီကိစ္စမှာ မင်းက ဒီအဖိုးကြီးကို ကျေးဇူးတရားပြုလိုက်တာဖြစ်ပြီး ငါ့ရဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့ကို မျက်နှာသာပေးလိုက်တာပဲ… ဒီအဖိုးကြီးက အဲဒါကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားလိုက်ပြီ… ဝမ့်ကျယ်… ခန်းမအကြီးအကဲတွေနဲ့ သူတို့အထက်အဆင့်က ပုဂ္ဂိုလ်တွေအားလုံးကို အစည်းအဝေးခန်းမထဲမှာ စုစည်းထားခိုင်းလိုက်… ငါ့မှာပြောစရာ စကားရှိတယ်…..” ကောင်းကင်မေပယ်က ရုတ်တရက်ပင် ဝမ့်ကျယ်ကို ပြောဆိုလိုက်၏။
. . . . . .
အစည်းအဝေးခန်းမက ခန်းမသုံးခု စုပေါင်းကြားနာခြင်းကို ယီယွမ်ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် နေရာဖြစ်ပေသည်။
လက်ရှိအချိန်တွင် ခန်းမအတွင်း၌ စကားပြောသံများနှင့် ဆူညံပွက်လောရိုက်နေခဲ့၏။ အစည်းအဝေးခန်းမထက် လက်ဖက်ရည်အိမ်တော်တစ်ခုနှင့် ပိုတူနေခဲ့သည်။
“အကြီးအကဲစွန်း… မဟာအကြီးအကဲက ဘာကိစ္စရှိလို့ ငါတို့ကို ရုတ်တရက်ကြီး ခေါ်လိုက်ရတာလဲဆိုတာ သိလား…..”
အကြီးအကဲစွန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုလိုက်၏။ “ငါကဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ… မဟာအကြီးအကဲက အဖွဲ့ရဲ့ကိစ္စတွေကို စီမံခန့်ခွဲမှုမရှိဘဲ နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို လေ့လာတဲ့နေရာမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့တာ နှစ်တွေဘယ်လောက် ကြာသွားပြီလဲ… ဟူး… ငါထင်တာကတော့ နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်သွားနိုင်ခဲ့လို့ ငါတို့ကို ခေါ်လိုက်တာထင်တယ်…..”
“ဟာ… အဲဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ… အဲဒီနက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို ငါတို့နှစ်ယောက်စလုံး လေ့လာဖူးတယ်လေ… ငါတို့က ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီး အသုံးပြုခဲ့တာတောင် အဲဒါကို မဖော်စပ်နိုင်ခဲ့ကြဘူးလေ… ပြီးတော့ ဒီဆေးလုံးဖော်မြူလာကို ဘိုးဘေးကြီး အိုးရန်ထို့ထျန်းက မတော်တဆ တွေ့ရှိလာခဲ့ရတာလေ… ဘိုးဘေးကြီးက အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်ဧကရာဇ် တစ်ယောက်လေ… သူကတောင် အဲဒီဆေးလုံး ဖော်မြူလာကို ပြည့်စုံအောင် မလုပ်နိုင်ခဲ့တာ မဟာအကြီးအကဲက ဘယ်လိုလုပ်ပြီး အဲဒီဆေးလုံးကို ဖော်စပ်နိုင်မှာလဲ…..”
“အဲဒါအမှန်ပဲ… ဒါပေမဲ့ လောလောဆယ်မှာ မဟာအကြီးအကဲက ဆေးဖက်ဝင်ပစ္စည်း နောက်တစ်မျိုးကို လေ့လာနေခဲ့တယ်လို့ ငါကြားတယ်… သူ့ကိုကြည့်ရတာ ယုံကြည်မှု အလွန်ရှိနေတယ်တဲ့… သူက နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တာများ ဖြစ်နေမလား…..”
အခြားအကြီးအကဲတစ်ယောက်က ရယ်ချင်စိတ်ကို ထိန်းမရတော့ဘဲ ရယ်မော၍ ပြောဆိုခဲ့သည်။ “ဟားဟား… အဖိုးကြီးစွန်း… မင်းရဲ့တံခါးပေါက် အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ မင်းကတကယ်ကို ဂရုမစိုက်ဘူးပဲ… မင်းပြောတဲ့ကိစ္စကို ငါလည်းကြားပြီးပြီလေ… ဒါပေမဲ့ မဟာအကြီးအကဲရဲ့ စံအိမ်ကနေ ဆေးအိုးပေါက်ကွဲမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီးပြီ… သူက အဲဒီဆေးလုံးကို ဖော်စပ်နိုင်ဦးမယ်လို့ မင်းကထင်နေတာလား…..”
စကားအဆုံးတွင် အကြီးအကဲစွန်းက မှင်တက်သွားခဲ့ပုံရသော်လည်း ချက်ချင်းပင် ခါးခါးသီးသီး ပြုံး၍ သူ၏ခေါင်းကို ခါယမ်းလိုက်၏။
အမှန်တကယ်တွင် ဤအကြီးအကဲများကလည်း နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး အပေါ်တွင် ကောင်းကင်မေပယ်က စွဲလမ်းနေခဲ့ခြင်းအား မကျေမနပ်ဖြစ်နေခဲ့ကြသည်။ အဖွဲ့တွင် ကောင်းကင်မေပယ်၏ အဆင့်အတန်းက အလွန်မြင့်မားနေသည့်အပြင် အဖွဲ့အရှင်သခင်ကလည်း သူ့ကိုအပြည့်အဝ ထောက်ပံ့ပေးနေခဲ့၏။ သို့ဖြစ်၍ မည်သူကမှ အပြစ်ပြောရဲခြင်းမရှိကြပေ။
သိရှိရမည့်အချက်မှာ နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် အသုံးပြုခဲ့သောအရာများ အားလုံးက အဆင့်(4) ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ကြသည်။
အဆင့်(4) ဆေးဖက်ဝင်ပစ္စည်းများမှာ ငြိမ်သက်တိမ်တိုက်အဖွဲ့အတွက် အလွန့်အလွန် တန်ဖိုးကြီးမားသော အရာများဖြစ်၏။ ဤနှစ်အနည်းငယ်အတွင်း ကောင်းကင်မေပယ်က နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် မရေမတွက်နိုင်သော လူအင်အားနှင့် ဆေးဖက်ဝင်ပစ္စည်းများကို ကုန်ဆုံးစေခဲ့သော်လည်း သူကမည်သည့်အခါတွင်မှ အောင်မြင်ခဲ့ခြင်း မရှိပေ။
ဤအကြီးအကဲများက စောဒကတက်စရာများ လုံးဝမရှိ၍ မဟုတ်ဘဲ စောဒကတက်ရန် မသင့်တော်သောကြောင့်သာ ဖြစ်သည်။
ထိုအရာကြောင့်ပင် ကောင်းကင်မေပယ်က ဆေးဖော်စပ်သည့်နေ့တွင် တွန့်ဆုတ်နေခဲ့ပြီး ဆေးလုံးကို စတင်ဖော်စပ်ရဲမှု မရှိခဲ့ခြင်းဖြစ်၏။
လူတိုင်းက စိတ်ရှုပ်၍ ဇဝေဇဝါ ဖြစ်နေကြချိန်တွင် ကောင်းကင်မေပယ်နှင့် လျှိုချင်ဖန်တို့က ပျော်ရွှင်စွာဖြင့် စကားပြောနေရင်း ခန်းမထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့၏အနောက်တွင် လူငယ်လေးနှစ်ယောက်ပါ လိုက်ပါလာခဲ့၏။
တစ်ယောက်က ဝမ့်ကျယ်ဖြစ်ပြီး အခြားတစ်ယောက်မှာ ယီယွမ်ဖြစ်သည်။
အကြီးအကဲအုပ်စုကြီးက ယီယွမ်ကို မြင်လိုက်ချိန်တွင် မှင်တက်သွားခဲ့ကြ၏။
ရက်အနည်းငယ် မြင်တွေ့ရခြင်းမရှိသည်နှင့် ယီယွမ်က မည်သည့်အတွက်
မဟာအကြီးအကဲနှင့် အတူတူ
လာရောက်ခွင့်ရရှိသွားခဲ့သနည်း။
အထူးသဖြင့် ယောင်ချမ်ဖြစ်သည်။ သူက ယီယွမ်ကို ဒုက္ခပေးရန် စီစဉ်ထားခဲ့သော်လည်း ယီယွမ်က မဟာအကြီးအကဲနှင့် အတူတူ လျှောက်လှမ်းလာခဲ့မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။
ထိုအရာက သာမန်ပုံစံမျိုးဆိုပါက အဆင်ပြေနေသေး၏။ သို့သော် မဟာအကြီးအကဲက သူ့ကိုအရေးပေးပြီး တပည့်တစ်ဦးအဖြစ် လက်ခံထားခဲ့မည်ဆိုပါက အနာဂတ်တွင် ယီယွမ်ကို လက်စားချေရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
ထိုအကြောင်းကိုကြားသော် ယောင်ချမ်က ကူရာကယ်ရာကင်းမဲ့စွာဖြင့် သူ၏နှလုံးသားထဲတွင် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။
သူ၏အဖြစ်အပျက်က အကြီးအကဲများအကြားတွင် ဟာသတစ်ခု ဖြစ်ပျက်နေခဲ့သော်လည်း သူ၏ဒေါသကို ဖွင့်ထုတ်ရန်ပင် အခွင့်အရေး မရခဲ့ပေ။ အမှန်တကယ်ပင် စိတ်ထိခိုက်စရာ
ကောင်းလှပေ၏။
ယခုအချိန်တွင် ယီယွမ်နှင့် မဟာအကြီးအကဲက ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိမနေစေရန် ဆုတောင်းရန်သာ သူကတတ်နိုင်ခဲ့ပေသည်။
လူလေးယောက်က ခန်းမ၏အလယ်သို့ ရောက်လာခဲ့ကြ၏။ ကောင်းကင်မေပယ်က အဓိကထိုင်ခုံတွင် ထိုင်လိုက်ပြီး လျှိုချင်ဖန်က သူ၏ဘေးတွင်ထိုင်ခဲ့ကာ ယီယွမ်နှင့် ဝမ့်ကျယ်တို့က နောက်တွင် မတ်တတ်ရပ်နေခဲ့သည်။
“ဒီနေ့ ငါကမင်းတို့ကို ဒီနေရာဆီ ခေါ်လိုက်တာက အရေးကြီးတဲ့ ကိစ္စနှစ်ခုကို ပြောချင်တဲ့အတွက်ပဲ… ပထမကိစ္စက မနက်ဖြန်ကနေစပြီး ငါက အရေးကြီးတဲ့ တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်တော့မယ်…..”
ကောင်းကင်မေပယ်၏ စကားဆုံးသည်နှင့် တီးတိုးစကားသံများက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ကြ၏။
သို့ရာတွင် အိုးရန်ယုက အလွန့်အလွန် လျင်မြန်စွာဖြင့် တုံ့ပြန်ပြောဆိုလိုက်နိုင်ခဲ့သည်။ “ဂိုဏ်းတူဦးလေး… အဲဒါဆိုရင်…..”
“ဟားဟားဟား… အို… မျောက်ငယ်လေးအိုးရန်… မင်းရဲ့တုံ့ပြန်မှုက မြန်လှပါလား…..”
ကောင်းကင်မေပယ်က အားရပါးရ အော်ဟစ်ရယ်မောနေခဲ့၏။ သို့ရာတွင် သူ၏ အိုးရန်ယုကို ခေါ်ဆိုလိုက်မှုက အကြီးအကဲများကို ရယ်မောသွားစေခဲ့သည်။ အိုးရန်ယုက ရှက်ကိုးရှက်ကန်းဖြစ်သွားသော မျက်နှာတစ်ခု ရှိနေခဲ့၏။
အဖွဲ့တွင် အိုးရန်ယု၏ အဆင့်အတန်းက အလွန့်အလွန် မြင့်မားပေသည်။ ကောင်းကင်မေပယ်တစ်ဦးတည်းကသာ သူ့ကို မျောက်ငယ်လေးဟူ၍ ခေါ်ဆိုရဲပေ၏။
“ဟုတ်တယ်… ဒီနှစ်ပိုင်းတွေမှာ ငါက နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး အပေါ်မှာ စိတ်ရောကိုယ်ပါ ပုံအောပြီး လေ့လာနေတယ်ဆိုတာ လူတိုင်းသိကြမယ်လို့ ငါယုံကြည်တယ်… ကောင်းကင်ဘုံက ကြိုးစားအားထုတ်မှုကို ဆုချပေးလိုက်ပြီ… ဒီလူကြီးက တစ်သက်လုံးမျှော်လင့်လာခဲ့တဲ့ နေ့က ဒီနေ့ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာတော့ နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ…..” ကောင်းကင်မေပယ်က အကောင်းမွန်ဆုံးသော စိတ်အခြေအနေ၌ ရှိနေသည်မှာ သိသာလှပေသည်။ စကားပြောနေစဉ်မှာပင် သူကအင်အားအပြည့်နှင့် ပြောဆိုနေခဲ့၏။
ဤစကားများကို ကြားလိုက်ရပြီးနောက် အံ့ဩဝမ်းသာပြီး ဂုဏ်ပြုစကားပြောဆိုသံများ အများအပြား ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်မေပယ်က ပျော်ရွှင်စွာဖြင့် ပြုံးပျော်နေခဲ့ပြီး လူတိုင်း၏ ချီးကျူးဂုဏ်ပြုစကားများကို ခံယူခဲ့ပေ၏။
လူတိုင်းက ငြိမ်သက်သွားခဲ့ပြီးနောက် သူကပြောဆိုလိုက်သည်။ “ဒီလူကြီးပြောချင်တဲ့
ဒုတိယကိစ္စက ယီယွမ်ကို ဆေးလုံးခန်းမ လက်ထောက်ခန်းမခေါင်းဆောင် အဖြစ် ခန့်အပ်ဖို့ပဲ…..”
Chapter 7 is coming…..