ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၀ )
Chapter-6
ယီယွမ်က ယောင်ချမ်ကို အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့၏။
ယောင်ချမ်၏ မျက်နှာက ထိတ်လန့်တုန်လှုပ်မှုကြောင့် စိတ်ဒုက္ခရောက်နေခဲ့ပြီး မျက်ရည်များ ကျလုမတတ် ဖြစ်နေခဲ့သည်။ သူကနေရာမှာတင် ခံစားချက်မဲ့စွာဖြင့် ရပ်နေခဲ့ပြီး ထွက်မသွားနိုင်ခဲ့ပေ။
အကြီးအကဲများ၏ အမူအရာများက ထူးဆန်းနေခဲ့ပြီး ဆေးလုံးဖော်စပ်ခြင်းအခန်းမှ ထွက်ခွာသွားခဲ့ကြ၏။ သူတို့က အူကြောင်ကြောင်နိုင်မှုများဖြင့် သနားနေခဲ့ကြသည်။
"အာ... အကြီးအကဲအိုးရန်က ထွက်မသွားသေးဘူးလား... ခင်ဗျားက အကြီးအကဲယောင်နဲ့ အတူတူ ကျွန်တော့်ကို ဆရာအဖြစ် သတ်မှတ်ချင်နေလို့လား....."
အိုးရန်မင်ကလည်း အမှန်တကယ်တွင် ထွက်သွားချင်ခဲ့၏။ သို့သော် သူနှင့်ယောင်ချမ်အကြားမှ ရင်းနှီးမှုက သွေးချင်းများကဲ့သို့ ရင်းနှီးသော ဆက်ဆံမှုမျိုးဖြစ်သည်။ ဤသို့အလွယ်တကူ ထွက်သွားခြင်းက ကောင်းမွန်သောအရာတစ်ခု မဟုတ်ပေ။
ထို့ပြင် ဤဖြစ်ရပ်တွင် ယောင်ချမ်က သူ့အတွက်ကြောင့် ပါဝင်ပတ်သက်မိခဲ့ခြင်းဖြစ်၏။ အကယ်၍ သူသာထွက်ခွာသွားခဲ့ပါက အလွန်အမင်း သစ္စာမဲ့ခြင်းသာ ဖြစ်သွားပေလိမ့်မည်။
အိုးရန်မင်၏ မျက်နှာက ထပ်ခါထပ်ခါ ပြောင်းလဲနေခဲ့သော်လည်း မည်သို့လုပ်ဆောင်ရမည်ကို သူကလည်း မသိရှိခဲ့ပေ။
လောင်းကြေးက ယီယွမ်နှင့် ယောင်ချမ်တို့အကြားမှ အရာဖြစ်သည်။ အဖွဲ့အရှင်သခင်လျှိုက အကြီးအကဲများကို ထွက်ခွာသွားရန် အမိန့်ပေးခဲ့ခြင်းမှာ ယောင်ချမ်ကို မျက်နှာသာပေးလိုက်ခြင်းဟု သတ်မှတ်၍ရပေ၏။ ထိုအရာကို အခြားသူများက ပါဝင်ပတ်သက်ရန် မသင့်တော်ပေ။
"အကြီးအကဲအိုးရန်... မင်းကအခုအချိန်ထိ ဒီနေရာမှာ ဘာလို့ရပ်နေသေးတာလဲ... ထွက်သွားစမ်း....." လျှိုချင်ဖန်က ထွက်ခွာသွားခြင်းမရှိသေး၍ အိုးရန်မင်ကို အော်ငေါက်လိုက်သည်။
အိုးရန်မင်က ယောင်ချမ်ကို စိတ်ပူစွာဖြင့် လှမ်းကြည့်ခဲ့၏။ ယောင်ချမ်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။ "မင်းအရင်ဆုံးထွက်သွားလိုက်... ငါဘာဆက်လုပ်ရမလဲ သိပါတယ်....."
"ဒါက....." အိုးရန်မင်၏ တင်းကြပ်နေသော စိတ်မှာ အနည်းနှင့်အများ လျော့ပါးသက်သာသွားခဲ့၏။ သို့သော် သူကထိုခံစားချက်ကို မျက်နှာ၌ ပေါ်ပေါက်လာစေခဲ့ခြင်း မရှိပေ။
အိုးရန်မင်က ခြေလှမ်းအနည်းငယ် လှမ်းခဲ့ပြီးနောက် ယောင်ချမ်ဆီသို့ လှမ်းကြည့်လိုက်ရာ ယောင်ချမ်က သူ၏ခေါင်းကို ညိတ်ပြလိုက်ခြင်းအား မြင်ခဲ့ရပြီးနောက်မှ လျှိုချင်ဖန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
လူတိုင်းက ဆေးဖော်စပ်ခြင်းအခန်းသို့ ထွက်ပေါ်လိုက်ပြီးနောက် ယောင်ချမ်က လှောင်ပြောင်သရော်လိုက်၏။ "ယီယွမ်... မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့် တစ်ယောက်ကို မင်းရဲ့တပည့်အဖြစ် သတ်မှတ်ချင်နေတာဆိုတော့ မင်းရဲ့အသက်က တိုတောင်းသွားမှာကို မကြောက်ဘူးလား....."
ယီယွမ်က တဟဲဟဲရယ်မော၍ ပြောဆိုခဲ့သည်။ "ခင်ဗျားမျှော်လင့်ထားသလို ကျွန်တော့်အသက်က သေချာပေါက် တိုတောင်းမှာ မဟုတ်ဘူး... ကျွန်တော်ကတောင် စိတ်ထဲမထားတာ ခင်ဗျားက ဘာတွေစိုးရိမ်နေတာလဲ....."
ယောင်ချမ်က ကူရာကယ်ရာကင်းမဲ့စွာဖြင့် ပါးစပ်ပိတ်လိုက်ရသော်လည်း သူ၏မျက်လုံးများတွင် မီးဟုန်းဟုန်း တောက်နေကြ၏။
ယီယွမ်က ထိတ်လန့်သွားသလို ဟန်ဆောင်လိုက်သည်။ "အာယား... အကြီးအကဲယောင်က ကျွန်တော့်ကို သတ်ဖြတ်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားနေတာလား... အဖွဲ့အရှင်သခင်က အခုအပြင်ဘက်မှာပဲ ရှိသေးတယ်... အဲဒါက မကောင်းဘူးနော်....."
"ပြောစမ်း... မင်းကဘယ်လို တောင်းဆိုမှုမျိုး လိုချင်တာလဲ....." ယောင်ချမ်က သူ၏ဒေါသကို အတင်းအကြပ် ဖိနှိပ်၍ သုန်မှုန်စွာ ပြောဆိုခဲ့၏။
"အမ်... ဘယ်လို... ဘာတောင်းဆိုချက်လဲဟုတ်လား... အကြီးအကဲယောင် ဆိုလိုတဲ့အဓိပ္ပါယ်က ဘာလဲဆိုတာ ကျွန်တော်နားမလည်ဘူး....." ယီယွမ်က မသိနားမလည်သည့်ပုံ ဟန်ဆောင်လိုက်သည်။
ယောင်ချမ်၏ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် မုန်းတီးနေခဲ့ပြီဖြစ်၏။ ဤကောင်လေးက အပြစ်ကင်းစင်ဟန် ဟန်ဆောင်ပြုမူနေခဲ့သော်လည်း အမှန်တကယ်တွင် သူ့ကိုကစားနေခဲ့ခြင်းဖြစ်သည်။
"ဟန်ဆောင်တာကို ရပ်လိုက်... မင်းလိုချင်တဲ့အရာတွေကို ပြောစမ်း... ငါကမင်းကို ဆရာအဖြစ် မသတ်မှတ်ရဘူးဆိုရင် ဘယ်လိုတောင်းဆိုချက်မျိုးမဆို ဖြစ်နိုင်တဲ့အရာဆိုရင် ငါလုပ်ပေးမယ်....."
"မလုပ်ပါနဲ့... မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့် တပည့်လေးတစ်ယောက်နဲ့ဆိုရင် အနာဂတ်မှာ တကယ်လို့ ကျွန်တော်က အပြင်ရောက်သွားခဲ့ပြီဆိုရင် ဘယ်လောက်တောင် နာမည်ကျော်ကြားလိုက်မလဲဗျာ... ဒီလိုအခြေအနေမျိုးကို ကျွန်တော်က အခြားအရာတွေနဲ့ ဘာလို့လဲလှယ်ရမှာလဲ....."
ယောင်ချမ်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခုက အလိုအလျောက် ဝင်ရောက်လာခဲ့၏။
မင်းကယောင်ချမ်ကို မသိဘူးလား..... မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့် တစ်ယောက်လေ..... အဲဒါက ငါ့တပည့်ပဲ..... ဘယ်လိုလဲကွ..... ငါကအလွန် အဆင့်မြင့်တယ်လေ..... မဟုတ်ဘူးလားကွ.....
"ဖူးးးးး....." ယောင်ချမ်၏ ရင်ဘတ်က မွန်းကြပ်မှုကို ခံစားခဲ့ရပြီးနောက် သူ၏လည်ချောင်းထဲမှ သတ္ထုအရသာကို ခံစားလိုက်ရသည်။ သွေးတစ်ပွက်ကို ပါးစပ်အပြည့် အန်ထုတ်ခဲ့ရ၏။
အကယ်၍ ဤသို့သော အခြေအနေမျိုးသာ အမှန်တကယ် ဖြစ်သွားခဲ့ပါက သူသေဆုံးသွားသည်ကသာ ပိုကောင်းပေလိမ့်မည်။
ယီယွမ်က သူ့ကိုသေသည်အထိ ဆော့ကစားလိုခြင်း ဖြစ်ပေသည်။
ယီယွမ်က အဆုံးမဲ့ကမ္ဘာကြီး၏ မှော်ဆေးပညာလောကတွင် နှစ်ထောင်ပေါင်းများစွာ ကြာအောင် မည်သူမှ ဖြေရှင်းနိုင်ခြင်းမရှိခဲ့သော ပုစ္ဆာတစ်ပုဒ်ကို ယီယွမ်က မည်သို့ဖြေရှင်းနိုင်ခဲ့သည်ကို ယောင်ချမ်က မျှော်လင့်မိခဲ့ခြင်း မရှိပေ။
အရွတ်ပြတ်သွေးစက် အဆိပ်၏ စွမ်းအားကို သိရှိခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ယီယွမ်နှင့်ယောင်ချမ်က မည်သို့ အလောင်းအစားလုပ်ရဲမည်နည်း။
သို့သော် ယီယွမ်က အမှန်တကယ်ပင် ဤအဆိပ်ကို ချေဖျက်ပေးနိုင်ခဲ့ပေ၏။
နောင်တများ မဆုံးနိုင်အောင် ရရှိနေခဲ့သော်လည်း ယောင်ချမ်က ဤအချိန်တွင် နောက်ဆုတ်၍ မရတော့ပေ။ လက်ရှိအချိန်တွင် ယီယွမ်က ဆုပ်လည်းစူး စားလည်းရူး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ခြေလှမ်းတစ်ချက် မှားယွင်းလိုက်သည်နှင့် သူ၏နာမည်ဂုဏ်သတင်းက လုံးဝပင် ပျက်စီးသွားနိုင်ပေ၏။
"အာယား... ခင်ဗျားဘာဖြစ်သွားတာလဲ အကြီးအကဲယောင်... ဟုတ်ပြီ... ကျွန်တော်တို့ ငြိမ်သက်တိမ်တိုက်အဖွဲ့က အကြီးအကဲတွေကို တော်တော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံထားတယ်နဲ့တူတယ်... အကြီးအကဲတွေက ဘာမှလုပ်စရာမရှိတဲ့အခါ သွေးတစ်ပွက်ကို အန်ထုတ်နိုင်လောက်တဲ့အထိ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်အောင် သွေးတွေပေါနေတယ် ထင်တယ်... အမ်... အင်း... ကျွန်တော်က အကြီးအကဲနေရာကို ရလာအောင် ခက်ခက်ခဲခဲ ကျင့်ကြံကြိုးစားရတော့မယ်....."
ယီယွမ်က သူ၏စိတ်ထဲ၌ သနားညှာတာမှု တစ်စက်ကလေးမှ မထားခဲ့ဘဲ အနာပေါ်သို့ ဆားသိပ်ပေးလိုက်သည်။
ယောင်ချမ်က သူ၏စိတ်ထဲတွင် ဒေါသနှင့် စိုးရိမ်ပူပန်မှုတို့ ပဋိပက္ခဖြစ်နေခဲ့ကြ၏။ သွေးတစ်ပွက် အန်ထုတ်လိုက်ရခြင်းက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် တစ်ယောက်အတွက် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ ထို့ပြင် မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့် တစ်ယောက်အနေဖြင့် သွေးအားနည်းခြင်းကို ဆေးလုံးအချို့ ကို သာမန်ကာလျှံကာ သောက်သုံးလိုက်ရုံဖြင့် အလွယ်တကူ ပြန်လည်ဖြည့်တင်းနိုင်ပေ၏။
အမှန်တကယ်တွင်လည်း ယောင်ချမ်က ဆက်လက် တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
ယီယွမ်က ဆက်လက်ပြောဆိုရန် ပြင်ဆင်ခဲ့၏။ ယောင်ချမ်က နောက်ထပ် သွေးအန်လိုစိတ်မရှိတော့၍ ကပျာကယာ ပြောဆိုလိုက်သည်။ "ယီယွမ်... ပြောပါဦး... ငါကဒီလောင်ကြေးကို ဖယ်ရှားနိုင်ဖို့ ဘယ်လိုလုပ်ပေးရမလဲ....."
အကယ်၍ ယီယွမ်ကိုသာ ဆက်လက်စကားပြောဆိုခွင့် ပြောလိုက်မည်ဆိုပါက ယနေ့တွင် သွေးအန်ရလွန်း၍ သူကအမှန်တကယ် သေဆုံးရပေလိမ့်မည်။
သူတို့မျိုးဆက်မှ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ် ထူးချွန်သူတစ်ယောက်က ဒေါသထွက်လွန်းပြီး သွေးအန်ရ၍ သေဆုံးခဲ့ရသည်ဆိုပါက ထိုအရာမှာ အဆုံးမဲ့လောကကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်ပေ၏။
ပဋိပက္ခအခြေအနေက မှန်ကန်တော့မည်ကို ယီယွမ်က မြင်လိုက်ရချိန်တွင် မျက်တောင်ခတ်၍ နားမလည်သည့်ဟန်ဖြင့် မေးမြန်းလိုက်သည်။ "အကြီးအကဲယောင်က တကယ်ပဲ ကျွန်တော့်တပည့် မဖြစ်ချင်ဘူးလား... တကယ်တော့ ကျွန်တော့်တပည့်ဖြစ်ရတာက မဆိုးပါဘူး... ကျွန်တော်က သာမန်လူတွေကို လက်ခံတာမဟုတ်ဘူးနော်....."
ဤအရာက ယီယွမ်ကြွားဝါပြောဆိုခြင်း မဟုတ်ပေ။ သူ၏ယခင်အတိတ်ဘဝ၌ သူ၏သင်ကြားပြသမှုကို ခံယူလိုသော မှော်ဆေးပညာရှင်များ မည်မျှများပြားသည်ကို နတ်ဘုရားမှပင် သိနိုင်ပေလိမ့်မည်။ သို့သော် ယီယွမ်က တစ်ယောက်ကိုမှ လက်မခံခဲ့ပေ။
ဂျိချင်ယွင်က(မူရင်းမှာကိုက ချင်ယွမ်ဇီ၊ ဂျိချင်ယန်၊ ဂျိချင်ယွင်ဆိုပြီး သုံးမျိုးရေးပါတယ်... အာ့မို့ သူ့အတိုင်း သုံးပေးလိုက်ပါတယ်နော်.....) မှော်ဆေးပညာတာအိုကို လေ့လာစူးစမ်းမှုအပေါ်တွင် နှောင့်နှေးစေပြီး အချိန်အများကြီးကြာအောင် အလဟဿ ဖြစ်သွားမည်စိုး၍ သင်ကြားရခြင်းကို နှစ်သက်မှု မရှိခဲ့ပေ။
ယောင်ချမ်က မည်သည့်စကားမှ မပြောခဲ့သော်လည်း သူ၏ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းခဲ့၏။ သူကစိတ်ဓာတ်ကျရလွန်း၍ သေဆုံးရလုမတတ် ဖြစ်နေခဲ့ပေသည်။
"ဟူး... ဒီလိုမျိုး အရှက်ရစရာ ကိစ္စမျိုးနဲ့ဆိုရင် အနာဂတ်မှာ အခြားသူတွေကို ဘယ်လို မျက်နှာပြနိုင်တော့မှာလဲ....." ယီယွမ်က နောင်တရစွာဖြင့် ပြောဆိုခဲ့၏။
"မြန်မြန်... မင်းလိုအပ်တာကို မြန်မြန်လေးပြောစမ်းပါ....."
ယခု အခြေအနေက ဤသို့ဖြစ်လာချိန်တွင် ယောင်ချမ်က ခြိမ်းခြောက်ငွေညှစ်မှု ပြင်းပြင်းထန်ထန် ခံစားရခြင်းကို လက်ခံရန်အတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
"အကြီးအကဲယောင်က တကယ်ကို ရက်ရောတတ်တာပဲ... အဖွဲ့တပည့်လေးတွေက ကောင်းမွန်တဲ့ဘဝကို မရရှိကြဘူးဆိုတာ ခင်ဗျားသိပါတယ်... ဆေးလုံးခန်းမရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ အကြီးအကဲယောင်မှာ အမှတ်တွေ အများကြီး ရှိနေတယ်မဟုတ်လား....." ယီယွမ်က အားပါးတရ ပြုံး၍ ပြောဆိုခဲ့၏။
ယောင်ချမ်၏ နှလုံးသားက တုန်ယင်သွားခဲ့သည်။ "မင်းက ဘယ်လောက်များများ လိုချင်နေတာလဲ....."
ယီယွမ်က လက်ချောင်းနှစ်ချောင်း ထောင်ပြလိုက်၏။
"အမှတ် 20000 လား....." ယောင်ချမ်၏ စိတ်က အေးအေးဆေးဆေး ဖြစ်သွားခဲ့သည်။ အမှတ် 20000 ဆိုသည်မှာ အတွင်းစည်းတပည့်များအတွက် အတော်အတန် များပြားသော ပမာဏတစ်ခုဖြစ်ပေ၏။
"အကြီးအကဲယောင်က ဆင်းရဲတယ်ဆိုပြီး နှိမ့်ချပြောဆိုလိုက်တာလား....."
"200000လား....."
ယောင်ချမ်၏မျက်လုံးများက ပြူးကျယ်သွားခဲ့၏။ ထိုပမာဏမှာ မတန်တဆ များပြားလွန်းသော ပမာဏတစ်ခု ဖြစ်ပေသည်။
ယီယွမ်က သူ၏ခေါင်းကို နောက်ထပ်တစ်ကြိမ် ခါယမ်း၍ ပြောဆိုလိုက်၏။ "2000000ပဲ....."
"2000000 ဟုတ်လား... မင်းကဘာလို့ ဓားပြထွက်မတိုက်တာလဲ... ငါကဘယ်လိုလုပ်ပြီး အဲ့လောက်များပြားတဲ့ အမှတ်တွေ ရှိနိုင်မှာလဲ....." ယောင်ချမ်က ယီယွမ်ကြောင့် ပက်လက်လန်သွားခဲ့သည်။
2000000 ဟူသော အမှတ်ပမာဏမှာ ယောင်ချမ်အတွက်လည်း အလွန်ကြီးမားသော ပမာဏတစ်ခုဖြစ်၏။
ခရမ်းရောင်ဗဟိုစိတ်ဝိညာဉ်မန္တန် အတွက် သူစုဆောင်းထားခဲ့သော အချိန်ကပင် အမှတ်များမှာ 1000000 ကျော်သာ စုဆောင်းနိုင်ခဲ့သည်။
အကြီးအကဲအဆင့်အတန်းမှာ မြင့်မားသော်လည်း ငွေကုန်ပေါက်များကလည်း မြင့်မားပေ၏။ သူ၏လက်ဝယ်တွင် လက်ရှိအချိန်၌ အမှတ် 500000ကျော်ကျော်သာ ရှိနေခဲ့ပေသည်။
2000000 ဟူသော ပမာဏမှာ သူချမ်းသာသမျှထက် လေးဆခန့်ပိုမိုများပြားနေခဲ့၏။
ယောင်ချမ်၏ မျက်နှာအမူအရာကို မြင်သော် ယီယွမ်ကလည်း သူတောင်းဆိုလိုက်သော ပမာဏက အလွန်မြင့်မားသွားပုံရကြောင်း နားလည်လိုက်သည်။
မူလက ယီယွမ် အမှတ် 2000000 ကိုလိုချင်ခဲ့ခြင်းမှာ ဂျင်ယွန်ဟီအတွက် ခရမ်းရောင်ဗဟိုစိတ်ဝိညာဉ်မန္တန်ကို လဲလှယ်ရန်အတွက် အမှတ် 1400000 ကိုပေးအပ်လိုခဲ့ခြင်းကြောင့် ဖြစ်၏။ ထို့နောက် သူက အမှတ် 600000 ကျန်နေခဲ့မည်ဖြစ်ရာ ထိုပမာဏက အချိန်အတော်ကြာ အသုံးပြုရန်အတွက် လုံလောက်ပေ၏။
ကြည့်ရသည်မှာ ဤအစီအစဉ်က ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။
"ခင်ဗျားမှာ ဘယ်လောက်ရှိလဲ....."
"ငါ့မှာ အမှတ် 300000ပဲရှိတယ်....."
"ဒီလိုဆိုရင်တော့ ညှိနှိုင်းစရာ မလိုအပ်တော့ဘူး....."
"နေပါဦး... နေပါဦး....." ယောင်ချမ်က ကပျာကယာ ပြောဆိုလိုက်သည်။ "ငါ... ငါက အမှတ် 1000000 ပေးအပ်နိုင်ပါတယ်... ဒါပေမဲ့ 2000000 ဆိုတာက တကယ်ကို များပြားလွန်းတယ်... ငါတို့လို အကြီးအကဲတွေတောင် အဲလောက်အများကြီး မရှိနိုင်ဘူး... တကယ်လို့ ငါကအနာဂတ်မှာ အမှတ်တွေမသုံးဘဲ စုဆောင်းမယ်ဆိုရင်တောင် အဲဒီပမာဏကိုရရှိဖို့က ဆယ်နှစ်လောက် စုဆောင်းရလိမ့်မယ်... ငါပြောတာက မှန်လား မမှန်ဘူးလားဆိုတာ မင်းက အခြားအကြီးအကဲတွေကို မေးကြည့်ရင် သိနိုင်ပါတယ်....."
ယီယွမ်က သူ၏မေးစေ့ကို ပွတ်သပ်နေခဲ့ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့၏။ သို့သော် ယောင်ချမ်က ဤသို့ပြောဆိုခဲ့သည့်အတွက် သေချာပေါက် ထိုအတိုင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ယောင်ချမ်က သူ၏ကိုယ်ပိုင် အမှတ်များကို တိတိကျကျ ပြောပြခဲ့ခြင်းမဟုတ်မှန်း ယီယွမ်က သေချာသိရှိပေသည်။
"1200000..... ဒီထက်နည်းလို့မရဘူး....."
သူနှင့်လောင်းကြေးထပ်ခဲ့သည့်အတွက် ယောင်ချမ်က ပေးဆပ်မှုအချို့ လုပ်ဆောင်ရပေလိမ့်မည်။ ထိုပမာဏက အခြားသူများအတွက် ယောင်ချမ်က နှစ်အနည်းငယ် အလုပ်လုပ်ပေးရန် လိုအပ်သော ပမာဏဖြစ်၏။
ယောင်ချမ်က မည်သည့်စကားမှ ပြန်မပြောခဲ့သော်လည်း သူ၏အမူအရာက မသိလိုက်မသိဘာသာဖြင့် တုန်ခါသွားခဲ့သည်။
အမှတ် 700000.....
သူကနောက်ငါးနှစ်အတွင်း အခြားအရာများကို လုပ်ဆောင်ရန်ကိစ္စအား မေ့ထားရပေတော့မည်။ ထိုအချိန်များကို အကြွေးဆပ်ရန်အတွက် အသုံးပြုရတော့မည် ဖြစ်၏။
သို့ရာတွင် အပြည့်အဝ ပြန်လည်ပေးဆပ်ရန်အတွက်မူ အနည်းဆုံး ခုနှစ်နှစ်ခန့် လိုအပ်ပေသည်။
သို့သော် ယီယွမ်၏ တပည့်ဖြစ်လာရမည့် ကိစ္စနှင့်ယှဉ်လျှင် သူ၏အချိန်များကို အကြွေးများနှင့် ရုန်းကန်ရခြင်းက ပို၍ ကျေနပ်စရာ ကောင်းလှပေ၏။
နောက်ဆုံးတွင် ယောင်ချမ်က အံကြိတ်၍ ပြောဆိုလိုက်ပေသည်။ "ကောင်းပြီ... လက်ခံတယ်....."
Chapter 7 is coming.....