ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ - ဖြိုးသူဝင်း
စာစဉ် ( ၂၀ )
Chapter-3
အိုးရန်ယု၏ မျက်နှာအမူအရာက ပျော်ရွှင်မှုနှင့် စိတ်ဓာတ်ကျမှုများ တစ်လှည့်စီဖြစ်သွားသော်လည်း ဆေးလုံးဖော်မြူလာကို ချက်ချင်းထုတ်မပေးခဲ့ပေ။
ဆေးလုံးဖော်မြူလာထဲမှ အားနည်းချက်များကို အမှန်တကယ် ဖော်ထုတ်နိုင်မည်ဟု သူကမခံစားခဲ့ရပေ။ အသက်ဆယ့်ငါးနှစ်အရွယ် မှော်ဆေးပညာရှင်မာစတာက ထိုအခြေအနေအထိ ထူးချွန်ထက်မြက်နိုင်ပါမည်လော။
သူတို့ဆေးလုံးခန်းမက စုပေါင်းလေ့လာ တီထွင်ဖော်စပ်ထားခဲ့ရသည့် ဆေးလုံးဖော်မြူလာများကို ငချွတ်ကလေးတစ်ဦးက ထိပ်ဆုံးနေရာမှ အောက်ဆုံးသို့ ဆွဲချသွားခြင်း ခံရမည်ဆိုပါက ထိုအရာမှာ အကြီးအကျယ် အရှက်ကွဲခြင်း ဖြစ်ပေသည်။
ဆေးလုံးခန်းမ၏ ခန်းမခေါင်းဆောင် အိုးရန်မင်က ဤသို့ မျက်နှာပျက်သွားရမှုကို မလိုချင်ခဲ့ပေ။
လျှိုချင်ဖန်က မည်သည့်အတွက်ကြောင့် ကျရှုံးသွားခဲ့၍ ယီယွမ်ဆီမှ သဘာဝမကျသော တောင်းဆိုချက်အား အမှန်တကယ် လက်ခံခဲ့သည်ကို သူလုံးဝနားမလည်ခဲ့ပေ။
လျှိုချင်ဖန်၏ အတွေးများကို သူကနားလည်ခြင်း မရှိပေ။ ယီယွမ်အပေါ် ဟုရန်ယု၏နားလည်မှုက လျှိုချင်ဖန်၏ ယီယွမ်အပေါ် နားလည်မှုအောက် အများကြီး နိမ့်ကျပေ၏။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်၌ ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များကို ဆက်သွယ်အသုံးပြုနိုင်ခြင်းမှာ သူတို့က သူ့ကို မည်မျှပင် ပျိုးထောင်စေကာမူ ထိုမျှလောက်အထိ အဆင့်မြင့်လာနိုင်မည်
မဟုတ်ပေ။
သိုင်းပညာခန်းမ၏ အခြေအနေ သတင်းပို့ချက်ကြောင့် လျှိုချင်ဖန်က အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူကယီယွမ်၏ အဆင့်မြင့်လာသော ဖြစ်စဉ်ကို နားလည်ရန် ချင်နိုင်ငံသို့ တိတ်တဆိတ်သွားရောက်ခဲ့၏။
ယီယွမ်၏ ပြောင်းလဲလာမှုကို အကောင်းမွန်ဆုံး ပြန်လည်ရပ်တည်လာနိုင်မှုဟု ပြော၍ရကြောင်း သူကတွေ့ရှိခဲ့ပေသည်။ တစ်စုံတစ်ယောက်ကသာ ယီယွမ်၏ နောက်ကွယ်၌ ထူးချွန်သူတစ်ဦး မရှိကြောင်း ပြောကြားမည်ဆိုပါက သူ့အား အသေရိုက်သတ်မည်ဆိုလျှင်ပင် သူကထိုအရာကို ယုံကြည်ပေးမည်မဟုတ်ပေ။
သို့ရာတွင် ဤအချိန်မတိုင်မီထိ ထိုထူးချွန်သူက သူ့မျက်နှာကို မည်သည့်အချိန်တွင်မှ ထုတ်ပြခဲ့ခြင်းမရှိပေ။
ဤအချိန်ကာလအတွင်း လျှိုချင်ဖန်က ယီယွမ်ကို ဘက်ပေါင်းစုံမှ စူးစမ်းလေ့လာခဲ့သော်လည်း ထိုထူးချွန်သူ၏ အရိပ်အယောင်ကို လုံးဝမတွေ့ရှိခဲ့ပေ။
ဤအရာက မည်သည့်အရာကို ကိုယ်စားပြုနေသနည်း။ ထိုထူးချွန်သူက ငြိမ်သက်တိမ်တိုက်အဖွဲ့ အရှင်သခင်ဖြစ်သော သူ၏နားလည်နိုင်စွမ်းထက် ပိုမိုမြင့်မားနေခဲ့ခြင်းကို ဆိုလိုနေပေသည်လော။
မည်သူမည်ဝါ မသိရှိရသောသူက ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး အဖွဲ့အရှင်သခင်ဖြစ်သော သူကိုယ်တိုင်ပင် ထိတ်လန့်စိုးရွံ့နေခဲ့၏။
ထိုသို့သော အင်အားကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်က ငြိမ်သက်တိမ်တိုက် ဆယ်နိုင်ငံတွင် ပုန်းကွယ်နေသည့်အတွက် အဖွဲ့အရှင်သခင်အဖြစ် လျှိုချင်ဖန်က မည်သို့ စိတ်အေးလက်အေး နေထိုင်နိုင်မည်နည်း။
ယီယွမ်၏ ယနေ့တုံ့ပြန်မှုက သူ၏ထင်မြင်ချက်ကို နောက်ထပ် ရှုထောင့်တစ်နေရာမှ အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏ဆရာက လောကတစ်ခွင် လှည့်လည်သွားလာပြီဟု ယီယွမ်က ပြောဆိုခဲ့၏။ ထိုအချက်ကို သက်သေပြစရာ နည်းလမ်းလုံးဝမရှိသော်လည်း ယီယွမ်ကို ကိုင်တွယ်ရန်အတွက် လျှိုချင်ဖန်က အလွန်အမင်း ဂရုစိုက်နေခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဆေးလုံးခန်းမ တစ်ခုလုံးကို တစ်ဦးတည်း ရင်ဆိုင်လိုသည်ဟု ယီယွမ်က စိန်ခေါ်လိုက်ပေ၏။ ထိုအရာက မဖြစ်နိုင်သော အရာဖြစ်သော်လည်း ထိုအချက်သာ အမှန်တကယ် ဖြစ်ခဲ့ပါက ယီယွမ်၏ဆရာ အမှန်တကယ် ရှိနေကြောင်း သက်သေပြနိုင်ခြင်း မဟုတ်ပေလော။
တစ်ဖက်လူက သူ၏တပည့်လေးကို လေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် လျှိုချင်ဖန်၏ အဖွဲ့တွင် ထားခဲ့သော်လည်း သူက ထိုလူ၏ တပည့်ကို သတ်ဖြတ်ခဲ့သည်။ ထိုလျှို့ ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြန်ရောက်လာခဲ့ပါက သူတို့၏အဖွဲ့တစ်ခုလုံး စွမ်းအားပြည့်ဖြင့် တိုက်ခိုက်ကြမည်ဆိုလျှင်ပင် ငြိမ်သက်တိမ်တိုက်အဖွဲ့က သူ၏ပြိုင်ဖက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
အဖွဲ့၏ အရှင်သခင်အနေဖြင့် လျှိုချင်ဖန်က အဖွဲ့တစ်ခုလုံး၏ ကံကြမ္မာနှင့် ဆော့ကစားရဲခြင်းမရှိပေ။
"ခန်းမခေါင်းဆောင်အိုးရန်....." လျှိုချင်ဖန်က အိုးရန်ယုမလှုပ်ရှားသည်ကို မြင်သော် နောက်ထပ်တစ်ကြိမ် ပြောကြားလိုက်၏။
"ဟုတ်ကဲ့... အဖွဲ့အရှင်သခင်....."
အိုးရန်ယုက မကျေမနပ်ဖြင့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။ ယီယွမ်က လာရောက်၍ ကျောက်စိမ်းပြားကို ယူဆောင်ခဲ့၏။ သူ၏နတ်ဘုရားစိတ်အာရုံကို ထည့်သွင်းလိုက်ပြီးနောက် ယီယွမ်က အတွေးထဲ၌ နစ်မျောသွားခဲ့သည်။
"ဘယ်လိုလဲ မဟာမာစတာယီ... မသင့်တော်တဲ့ဟာ တစ်ခုခုများ မြင်လိုက်ရလို့လား... ကျေးဇူးပြုပြီး တစ်ချက် နှစ်ချက်လောက် လမ်းညွှန်ပေးထားခဲ့ပါဦး....."
အိုးရန်ယု၏ စကားများတွင် လှောင်ပြောင်သံများ ပါဝင်နေခဲ့၏။ သူကအမှန်တကယ် ဒေါသထွက်နေပြီဖြစ်ကြောင်း လူတိုင်းသိရှိနိုင်ပေသည်။ သူ၏ဒေါသက အဖွဲ့အရှင်သခင်အပေါ်တွင် လွှဲချ၍မရပေရာ သူကယီယွမ်အပေါ်တွင် ဒေါသပုံချရန် ပြင်ဆင်လိုက်၏။
"ဟုတ်တယ်... မဟာမာစတာယီရဲ့ ဆရာက မှော်ဆေးပညာရှင်ဧကရာဇ် တစ်ယောက်မဟုတ်လား... မှော်ဆေးပညာရှင်ဧကရာဇ်ရဲ့ ထူးချွန်လှတဲ့ တပည့်က ငါတို့ကို လမ်းညွှန်ပေးရတာ ကိတ်ခွဲရသလို လွယ်ကူမှာပဲ....."
"ငါတို့ရဲ့ ဆေးလုံးခန်းမက မဟာမာစတာယီကို ဧည့်အကြီးအကဲအဖြစ် ဖိတ်ခေါ်ဖို့ လိုအပ်လာပြီလို့ ငါထင်တယ်... အို... မဟာမာစတာယီက ဒီအကြီးအကဲနေရာကိုတောင် မလိုချင်ဘူး ထင်တယ်နော်....."
မှော်ဆေးပညာရှင်များအားလုံးက ဂုဏ်ယူဝံ့ကြွားတတ်ကြသော လူများဖြစ်ကြသည်။ ယီယွမ်၏ မောက်မာဝံ့ကြွားမှုက သူတို့ကို ဒေါသထွက်သွားစေခဲ့၏။ သို့ဖြစ်၍ သူတို့အားလုံးက လှောင်ပြောင်ပြောဆိုနေခြင်း ဖြစ်ကြသည်။
မှော်ဆေးပညာရှင်မာစတာ ငချွတ်ကလေးက သူတို့ကို တစ်စုံတစ်ရာနှင့်ပတ်သက်ပြီး လမ်းညွှန်ချက်များ ပေးနိုင်မည်ဟု သူတို့က မယုံကြည်ကြပေ။
အကယ်၍ ယီယွမ်၏ဆရာက အမှန်တကယ်ပင် မှော်ဆေးပညာရှင်ဧကရာဇ် တစ်ဦးဖြစ်နေခဲ့လျှင်ပင် သူသင်ကြားပေးခဲ့သော တပည့်က သူတို့အားလုံး ပူးပေါင်းသည်ထက် ပို၍မြင့်မားသော အဆင့်၌ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ယီယွမ်၏ မှော်ဆေးပညာတာအိုအဆင့်က မည်မျှအထိ ရောက်ရှိနေသည်ကို သူတို့က မှန်းဆမရနိုင်ခဲ့သည်မှာ ထင်ရှားလှ၏။
သူတို့အားလုံး ပေါင်းစည်းလိုက်သည်ကို အသာထား၍ သူတို့၏ ဘိုးဘေးအားလုံးကို ပေါင်းထည့်လိုက်လျှင်ပင် ယီယွမ်၏ တစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိရန်ပင် ခက်ခဲလှပေသည်။
ထိုပုဂ္ဂိုလ်များ၏ လှောင်ပြောင်သရော်မှုကို ယီယွမ်က စိတ်ထဲမထည့်ခဲ့ပေ။ စစ်မှန်သော စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံး ဖော်မြူလာကို ပြည့်စုံစွာ ဖတ်ရှုလိုက်ပြီးနောက် သူကအလိုအလျောက်ပင် သက်ပြင်းတစ်ချက် ချလိုက်၏။
"သက်ပြင်းမချပါနဲ့ မဟာမာစတာယီ... ဒီစစ်မှန်သော စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံး ဖော်မြူလာက အားနည်းချက်ရှိလား မရှိဘူးလားဆိုတာကို ဘာလို့မပြောသေးတာလဲ....." အိုးရန်မင်က လှောင်ပြောင်လိုစိတ်ဖြင့် မေးမြန်းခဲ့သည်။
"ဟားဟား... ခင်ဗျားတို့က ကျွန်တော့်ကို မဟာမာစတာလို့ ခေါ်နေတယ်ဆိုမှတော့ ဒီနေ့ မှော်ဆေးပညာ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပါ့မယ်... အင်း... အဖွဲ့ကိုဝင်ရောက်ကာစဆိုတော့ လက်ဆောင်တွေလည်း မယူခဲ့ရဘူး... ဒီသင်ခန်းစာကို အခမဲ့သင်ပေးတာနဲ့ပဲ ကျွန်တော်က အားလုံးကို လက်ဆောင်ပေးလိုက်ပါမယ်....." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
"သွေးနားထင်ရောက်ပြီး မောက်မာလိုက်တာ... မင်းကို မဟာမာစတာယီလို့ ခေါ်လိုက်တာနဲ့ပဲ မင်းက အဲဒီလိုအဆင့်အတန်း ရှိသွားပြီလို့ ထင်နေတာလား... မင်းက ငါတို့ကို သင်ခန်းစာ သင်ပေးမယ်ပေါ့လေ....."
ယီယွမ်က ထိုသူ့ကို လျစ်လျူရှုထားလိုက်ပြီး ဆက်လက်ပြောဆိုခဲ့သည်။ "ဒီဆေးဖော်မြူလာကနေပြီး လူတိုင်း၏အဆင့်တွေက ကောင်းမွန်နေတယ်ဆိုတာ ကျွန်တော်မြင်နိုင်တယ်... ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အခြေခံတွေက လုံလောက်အောင် မခိုင်မာသေးဘူး....."
ယီယွမ်ဆီမှ ထွက်ပေါ်လာခဲ့သော စကားများကြောင့် ခန်းမကျယ်ကြီးတွင် ချက်ချင်း ဆူညံပွက်လောရိုက်သွားခဲ့ကြ၏။
"အခြေခံဟုတ်လား... ဆယ်ကျော်သက် ကလေးလေးတစ်ယောက်က ငါတို့ကို အခြေခံအကြောင်း ပြောနေတာပေါ့.... ဟားဟားဟား... ဘယ်လိုဟာသမျိုးလဲဟ....."
"ကလေး... မင်းရဲ့ ဆေးဖက်ဝင်ပစ္စည်း အထွေထွေစာအုပ်
ဆိုတာကိုတောင် မှတ်မိသေးလို့လား... ငါတို့နဲ့ အခြေခံအုတ်မြစ်အကြောင်း ပြောနေတာလား....."
"အခု ယီယွမ်က ဆေးလုံးဖော်မြူလာတွေကို ခိုးယူတယ်လို့ ငါခံစားမိလာခဲ့ပြီ... ဒီလိုမဟုတ်ဘူးဆိုရင် သူကဒီနေရာမှာ ပေါက်တတ်ကရတွေ ပြောနေမှာမဟုတ်ဘူး... ငါတို့အဖိုးကြီးတွေထဲက နည်းနည်းလောက်ကိုပဲ တောင်ပိုင်းကုန်းမြေတစ်ခုလုံးမှာ နေရာအနှံ့
သွားရောက်ခိုင်းရင်တောင် ငါတို့ရဲ့ အခြေခံအုတ်မြစ်က မခိုင်မာသေးဘူးလို့ ဘယ်သူကမှ ပြောရဲမှာမဟုတ်ဘူးလေ... ဟုတ်တယ်မလား....."
ယီယွမ်က သူ၏လက်ကိုဝှေ့ယမ်း၍ ဟန်ပါပါ ပြောဆိုလိုက်သည်။ "အားလုံးပဲ... စိတ်လှုပ်ရှားမသွားကြပါနဲ့... ခင်ဗျားတို့အားလုံးက မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်တွေဆိုတာ ကျွန်တော်သိပါတယ်... ခင်ဗျားတို့ထဲမှာရှိတဲ့ လူအနည်းငယ်ကို တောင်ပိုင်းကုန်းမြေတစ်ခုလုံးမှာ နေရာချထားပေးခဲ့မယ်ဆိုရင် လေးစားခံရမဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်တွေ ပါဝင်နေသေးတယ်... ဒါပေမဲ့ ကျွန်တော့်ဆရာနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားတို့က အဝေးကြီးလိုပါသေးတယ်ဗျာ... ခင်ဗျားတို့ရဲ့ အခြေခံအုတ်မြစ်ကလည်း တော်တော်လေး အားနည်းနေတယ်... အရင်ဆုံးအနေနဲ့ စစ်မှန်သော စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးမှာ ပါဝင်တဲ့ အဓိကပါဝင်ပစ္စည်းတွေကို ပြောကြတာပေါ့... စပြီးတော့ နှိုင်းယှဉ်ကြည့်လိုက်ကြရအောင်....."
ထိုနေရာသို့ အရောက်တွင် ယီယွမ်က အိုးရန်ယုကိုကြည့်၍ မေးမြန်းခဲ့၏။ "ခန်းမခေါင်းဆောင်အိုးရန်... ခင်ဗျားရဲ့ စစ်မှန်သော စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးမှာ အဓိကပါဝင်ပစ္စည်း သုံးမျိုးရှိတယ်... အဲဒါတွေက သံချပ်ကာသားရဲကြီးရဲ့အမြုတေ... ခရမ်းရောင်ညပေါင်းပင်.... ပြီးတော့ တိမ်ပိုက်သစ်သီး... မှန်ပါတယ်နော်....."
အိုးရန်ယု၏ မျက်နှာက နက်မှောင်သွားခဲ့ပြီး ယီယွမ်၏မေးခွန်းကို အဖြေပြန်မပေးခဲ့ပေ။
ယီယွမ်က ထိုကိစ္စကို စိတ်ထဲမထားခဲ့ပေ။ သူကပြုံး၍သာ စကားဆက်လိုက်သည်။ "ကျွန်တော့်ရဲ့ ဆေးလုံးဖော်မြူလာက အဓိကပါဝင်ပစ္စည်း သုံးမျိုးကိုပြောပြမယ်... အဲဒါတွေက သံချပ်ကာသားရဲကြီးရဲ့အမြုတေ... ခရမ်းရောင်ညပေါင်းပင်... ပြီးတော့ စိမ်းလန်းသော
မြေအောက်သစ်ခွပန်းတို့ပဲ....."
"ဟားဟား... သူက စိမ်းလန်းသော မြေအောက်သစ်ခွပန်းကို အသုံးပြုတယ်လို့ ပြောလိုက်တာလား... စိမ်းလန်းသော မြေအောက်သစ်ခွပန်းနဲ့ ခရမ်းရောင်ညပေါင်းပင်တို့ကို အတူတူပေါင်းစပ် အသုံးပြုလို့မရဘူးဆိုတာ အားလုံးသိနေကြတဲ့ အချက်ပဲလေ... မင်းကဒီအချက်ကိုတောင် မသိဘဲနဲ့ ငါတို့ကို အခြေခံအုတ်မြစ်အကြောင်း ပြောရဲတယ်ပေါ့... မင်းရဲ့အခြေခံအုတ်မြစ်ကို စကားတစ်ခွန်းတည်းနဲ့ ထုတ်ပြလိုက်တာပဲ... အဖွဲ့အရှင်သခင်... ဒီကလေကချေကောင်က သူ့ကိုယ်သူ လွတ်မြောက်နိုင်အောင်လို့ ပြဇာတ်ထဲက သရုပ်ဆောင်တစ်ယောက်လို ဟန်ဆောင်ပြုမူပြီး ကျွန်တော်တို့ကို ပျော်ရွှင်စေဖို့ အထူးသရုပ်ဆောင်ပြနေခဲ့တာပါ....." အိုးရန်မင်က ကျယ်လောင်စွာ ရယ်မော၍ ပြောဆိုခဲ့၏။
အိုးရန်မင်က ဤတစ်ကြိမ်တွင် သင်ခန်းစာ ကောင်းကောင်း ရရှိသွားခဲ့ပြီးဖြစ်၍ ယီယွမ်ကို သေဒဏ်ပေးရန်ကိစ္စကို တိုက်ရိုက်မပြောခဲ့ပေ။
လျှိုချင်ဖန်က ထိုစကားကိုကြားချိန်တွင် သိချင်စိတ်အပြည့်ဖြင့် အိုးရန်ယုကို လှမ်းကြည့်လိုက်သည်။ အိုးရန်ယုက အိုးရန်မင်၏ပြောစကားများ မှားယွင်းခြင်းမရှိကြောင်း ထောက်ခံသည့်သဘောဖြင့် အသာအယာ ခေါင်းညိတ်ပြခဲ့၏။
ယီယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏နှုတ်က စကားနှစ်လုံး အသာအယာထွက်လာခဲ့သည်။ "အရူး....."
"မင်းဘာစကားပြောလိုက်တာလဲကွ....." အိုးရန်မင်က ဒေါသထွက်သွားခဲ့၏။
"ရှင်းရှင်းလေး ပြောလိုက်တာပဲလေ... သမိုင်းကို သံသယတွေအပြည့်နဲ့ ဖတ်ရှုရတယ်ဆိုတဲ့ စကားကို ခင်ဗျားက မကြားဖူးဘူးထင်တယ်... အဲဒီဆေးဖက်ဝင်ပစ္စည်းနှစ်ခုကို ပေါင်းစပ်အသုံးပြုလို့မရဘူးလို့ ခင်ဗျားပြောလိုက်တာလား... အဲဒီအချက်ကို အသုံးမကျတဲ့ ဆေးဖက်ဝင်ပစ္စည်းပေါင်းချုပ် ဆိုတဲ့အရာထဲမှာ ရေးသားဖော်ပြထားတာ မဟုတ်လား... ကောင်းပြီ... အဲဒီမှာ ဖော်ပြထားတာက ခရမ်းရောင်ညပေါင်းပင်နဲ့ စိမ်းလန်းသော မြေအောက်သစ်ခွပန်းတို့လို ဆေးဖက်ဝင်ပစ္စည်းနှစ်မျိုးကို ပေါင်းစပ်လိုက်ပြီးတဲ့နောက် လူသားသိုင်းပညာရှင်အတွက် အလွန့်အလွန် အန္တရာယ်ကြီးမားတဲ့ အဆိပ်တစ်ခုကို ထုတ်ပေးတယ်လို့ ရေးထားတာ မဟုတ်လား....."
ခန်းမအတွင်းရှိ လူအများက ကျောက်ရုပ်ဖြစ်သွားခဲ့ကြသည်။
အဆုံးမဲ့ကမ္ဘာကြီးတွင် ဆေးဖက်ဝင်ပစ္စည်းပေါင်းချုပ်မှာ တန်ဖိုးဖြတ်မရသော ရတနာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြသော်လည်း ယီယွမ်၏ ပါးစပ်ထဲတွင် အသုံးမကျသောစာအုပ် ဖြစ်သွားခဲ့၏။
သို့ရာတွင် ယီယွမ်ပြောသည်က အမှန်တကယ်ပင် မှန်ကန်နေခဲ့သည်။ စာအုပ်ထဲတွင် ယီယွမ်ပြောထားသည့်အတိုင်း ရေးသားထားခဲ့၏။
"ဟမ့်... အဲဒီလိုဆိုတော့ ဘာဖြစ်လဲ....."
အိုးရန်မင်က ညိုမည်းနေသော မျက်နှာဖြင့် ပြောဆိုလိုက်သည်။
"အဲဒီတော့ ကျွန်တော်ပြောသလို အရူးပေါ့....." ယီယွမ်က ချက်ချင်းပင် နာမည်တပ်ပေး၍ ပြောဆိုခဲ့ပေသည်။ "မှော်ဆေးပညာရှင်ဧကရာဇ် တစ်ဦးရေးသားထားတဲ့ စာအုပ်က တန်ဖိုးအရမ်းကြီးမားတယ်ဆိုတာ မှန်ကန်ပေမဲ့ မှော်ဆေးပညာရှင်ဧကရာဇ် ဆိုတာ ရှည်လျားလှတဲ့ မှော်ဆေးပညာလမ်းကြောင်းမှာ တံခါးပေါက်နားလောက်ပဲ ရောက်ရှိနေသေးတဲ့ သူမျိုးဆိုတာ ခင်ဗျားတို့အားလုံး သိထားသင့်တယ်... သူတို့နားလည်ထားသမျှ အရာတွေအားလုံးက မှန်ကန်နိုင်ပါ့မလား... စာအုပ်တွေကနေ ရရှိနိုင်တဲ့ အသိပညာတွေက အလွန့်အလွန် ကျဉ်းမြောင်းလှပါတယ်... တကယ်လို့ ခင်ဗျားတို့က ကိုယ်တိုင်ကြုံတွေ့ရခြင်း မရှိဘူး... ရှာဖွေစမ်းသပ်တာတွေ မလုပ်ခဲ့ဘူးဆိုရင် ခင်ဗျားတို့က အခြားသူတွေရဲ့အောက်မှာပဲ လမ်းပျောက်နေကြလိမ့်မယ်... ဆေးဖက်ဝင်ပစ္စည်းပေါင်းချုပ် စာအုပ်ကြီးကို နတ်ဘုရားကျမ်းစာအဖြစ် ကိုးကွယ်နေကြမယ်ဆိုရင်တော့ ခင်ဗျားတို့အားလုံးက စာအုပ်ရဲ့ စာရေးသူထက် အဆင့်မြင့်လာတော့မှာ မဟုတ်ဘူး....."
Chapter 4 is coming.....