ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၉ )
Chapter-3
ထိုကြောက်စရာကောင်းသော ဓားစိတ်ဆန္ဒကို အာရုံခံမိခဲ့ပြီးနောက် ဝူလျှိုချန်၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
ဘေးမှနေ၍ လောင်ထန်၏ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားခဲ့၏။
ဝူလျှိုချန်က ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန်ရည်ရွယ်ထားခဲ့သော်လည်း ထိုအရာက အချည်းနှီးပင်ဖြစ်သည်။
ဝူလျှိုချန်က သူ၏မျက်လုံးများ မှုန်ဝါးသွားသည်ဟု ခံစားလိုက်ရပြီး သူကမည်သည့်အရာမှ မတုံ့ပြန်နိုင်ခင်အချိန်တွင် ယီယွမ်က သူ၏ရှေ့သို့အမှန်တကယ် ရောက်ရှိလာခဲ့သည်။ သူ၏မျက်လုံးများတွင် ထက်ရှသောဓားတစ်လက်က ပို၍ကြီးမားသည်ထက် ကြီးမားလာသည်ကိုသာ မြင်တွေ့လိုက်ရ၏။
ဝှစ်…..
ယီယွမ်၏ဓားလက်ချောင်းက ဝူလျှိုချန်၏ နဖူးကြား၌ ရပ်တန့်သွားခဲ့၏။ မူလက အလွန်ပြင်းထန်သော အင်အားတစ်ရပ်ကို ယူဆောင်လာခဲ့သော ဓားစိတ်ဆန္ဒမှာ ရုတ်တရက်ပင် မူလကတည်းက မရှိတော့သည့်ပုံစံမျိုးဖြစ်သွားခဲ့သည်။
ပေါက်…..
ဝူလျှိုချန်၏နဖူးပြင်မှ ချွေးတစ်ပေါက်စီးကျလာခဲ့ပြီး ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားခဲ့၏။
“ငါ… ငါရှုံးသွားပြီ…..” ဝူလျှိုချန်က ခြောက်ကပ်ကပ်ပြောဆိုလိုက်သည်။
“မဖြစ်နိုင်ဘူး… ယီ… ယီယွမ်က ဒီလောက်အဆင့်အထိ အစွမ်းထက်လာခဲ့တာလား… စောစောလေးက သိုင်းကွက်ဘယ်လိုထုတ်သွားတာလဲဆိုတာ မင်းမြင်လိုက်ရလား…..”
“ငါအဲဒါကိုလုံးဝမမြင်လိုက်ရဘူး… ကြည့်ရတာ သူကဝူလျှိုချန်ရဲ့ ရှေ့ကိုရောက်ရှိသွားတာနဲ့ ဝူလျှိုချန်က ချက်ချင်းအရှုံးပေးလိုက်တာနဲ့တူတယ်… ဒီဟာက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ တကယ့်ခွန်အားလား… ငါတို့က သူနဲ့လုံးဝကို အဆင့်တွေကွာခြားနေခဲ့ပြီပဲ…..”
“ဒီဟာက တကယ်ကိုနားမလည်နိုင်လောက်စရာပဲ… ယီယွမ်က အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သာ ရှိနေသေးတာ ထင်ရှားနေတယ်… ဒါပေမဲ့ ဝူလျှိုချန်က အဆင့်(3)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ရောက်နေပြီလေ… ဝူလျှိုချန်က သူ့ရဲ့ပြိုင်ဖက်မဟုတ်ခဲ့ဘူးဆိုတာက သူတို့ကြားမှာ ကွဲပြားခြားနားမှုက ကြီးမားနေလို့မဟုတ်လား… ဝူလျှိုချန်က လုံးဝကို ပြန်လည်တိုက်ခိုက်မှုမပြုနိူင်ခဲ့ဘူး… တကယ်လို့သာ ဒီဟာက သေခြင်းရှင်ခြင်းအဆုံးအဖြတ်တိုက်ပွဲဆိုရင် ဝူလျှိုချန်က သိုင်းကွက်တစ်ကွက်တည်းနဲ့ ချက်ချင်းသေဆုံးသွားရလိမ့်မယ်…..”
“ဒီလူမဟုတ်တဲ့ကောင်လေးကို သာမန်အမြင်တွေနဲ့ ဆုံးဖြတ်ကြည့်လို့မရဘူး…..”
စောစောလေးက ထိုတိုက်ခိုက်မှုတွင် ယီယွမ်က သူ၏သိုင်းကွက်ကို မည်သို့ထုတ်ဖော်ခဲ့သည်ကို ကျောင်းသားများက မမြင်နိူင်ခဲ့ကြပေ။
သူတို့က ဝူလျှိုချန်နှင့်အတူတူပင်ဖြစ်သည်။ သူတို့၏မျက်လုံးရှေ့မှမြင်ကွင်းက မှုန်ဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး ဝူလျှိုချန်က ရှုံးနိမ့်သွားသည်ကို မြင်တွေ့ခဲ့ရ၏။
မိုယုထန်က ဤမြင်ကွင်းကို ကြည့်နေခဲ့ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေခဲ့ပြီး ဂျင်ယွန်ဟီကို ပြောဆိုလိုက်သည်။ “ဓားတာအိုမှာ ဂျူနီယာညီလေးယီရဲ့ ဥာဏ်အလင်းပွင့်မှုက ကျွန်တော့်ထက်မြင့်မားနေပြီ… အဲဒီလက်ချောင်းကို သူအလိုရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ထုတ်ဖော်အသုံးပြုနိုင်တယ်… သူ့ရဲ့လက်ချောင်းကို ထုတ်ဖော်လိုက်တဲ့အချိန်မှာ ဓားချီတွေက ကောင်းကင်အထိ ထိုးတက်သွားခဲ့တယ်… သူ့ရဲ့လက်ချောင်းကို ဖယ်ရှားလိုက်တဲ့အခါ တိမ်တိုက်တွေက ပါးလျသွားပြီး လေပြည်လေညင်းလေးတွေက နူးညံ့သိမ်မွေ့စွာ တိုက်ခတ်လာကြတယ်… အဲဒီလိုမျိုး ပြင်းထန်စွာထုတ်ဖော်လိုက်တဲ့ စွမ်းအားတွေကို အလိုရှိတဲ့အချိန်မှာ ပျော့ပျောင်းသွားအောင် လုပ်ဆောင်နိုင်တာက လူငယ်လေးတစ်ယောက် လုပ်နိုင်တဲ့အရာမဟုတ်ဘူး… တကယ်လို့သာ ဂျူနီယာညီလေးယီရဲ့ အရိုးအဆစ်တွေသက်တမ်းက ဆယ့်ငါးနှစ်ပဲရှိသေးတာမဟုတ်ဘူးဆိုရင် ဓားတာအိုကို နှစ်ရာပေါင်းများစွာကြာအောင် ကျင့်ကြံလာခဲ့တဲ့ မွန်းစတားအိုကြီးတစ်ယောက် ဖြစ်နေလားဆိုတာ သံသယဝင်မိလာပါလိမ့်မယ်…..”
“ဟားဟား… ဟုတ်တယ်… ယီယွမ်က အကယ်ဒမီမှာ ကြက်လေးတွေထဲက စွန်ရဲတစ်ကောင်ပဲ… သိုင်းပညာလမ်းစဉ်ရဲ့ အဆင့်တစ်ဖြစ်တဲ့ လောင်ထန်တောင် သူ့ရှေ့မှာ တိုက်ကွက်တစ်ကွက်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး… တကယ်လို့သူကသာ အဖွဲ့ကို မဝင်ရောက်ရဘူးဆိုရင် အကယ်ဒမီတည်ရှိနေတာက လုံးဝကိုအဓိပ္ပါယ်မရှိတော့ဘူးလေ…..” ဂျင်ယွန်ဟီက အသာပြုံး၍ ပြောခဲ့၏။
ယီယွမ်က ဝူလျှိုချန်ကိုကြည့်၍ အားပါးတရပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းတူအစ်ကိုကြီးဝူရဲ့ တာအိုနှလုံးသားက ခိုင်မာနေတာပဲ… တကယ်ကို ချီးကျူးစရာကောင်းပါတယ်… စောစောလေးက အဲဒီလက်ချောင်းမှာ ကျွန်တော်က ဂိုဏ်းတူအစ်ကိုကြီးဝူကို လက်ဆောင်ပေးတဲ့ အစိတ်အပိုင်းလေးအချို့ ပါဝင်နေတယ်နော်…..”
ယီယွမ်၏စောစောကလက်ချောင်းမှာ ခွန်အားပြည့်ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။ အသိဥာဏ်ပွင့်လင်းစေရန်အတွက် သူကဝူလျှိုချန်ကို သရုပ်ပြခဲ့ခြင်းသာဖြစ်ပေ၏။
ယီယွမ်၏ကျင့်စဉ်နယ်ပယ်က ဝူလျှိုချန်၏ အမြင့်ဆုံးစဉ်းစားနိူင်စွမ်းထက် ပိုလွန်နေခဲ့ပြီဖြစ်သည်။ မိုးကောင်းကင်တာအိုကို သူ၏နားလည်သဘောပေါက်မှုမှ အနည်းငယ်မျှသော ပမာဏကို ဤလက်ချောင်းအတွင်း ပေါင်းစပ်ပေးထားခဲ့ခြင်းဖြစ်၏။ ဝူလျှိုချန်က မည်မျှနားလည်သဘောပေါက်မည်ဆိုခြင်းမှာ သူ၏ကံတရားအပေါ်တွင်သာ မူတည်နေသည်။
ဤအရာက အနည်းငယ်မျှသော အစိတ်အပိုင်းလေးသာဖြစ်သော်လည်း ဝူလျှိုချန်အတွက်မူ သူ၏တစ်ဘဝလုံးစာအတွက် လုံလောက်သွားပြီဖြစ်၏။
ဝူလျှိုချန်၏ ခန္ဓာကိုယ်က ထိုစကားကို ကြားချိန်တွင် တုန်ယင်သွားခဲ့သည်။ သူ၏စိတ်ထဲမှနေ၍ အလိုအလျောက်ပင် ယီယွမ်၏စောစောက လက်ချောင်းကို ပြန်လည်တွေးလိုက်ပြီးနောက် သူကတစ်စုံတစ်ခုကို ယောင်ယောင်လေး ဆုပ်ကိုင်နိုင်မိသလိုလိုခံစားလိုက်ရ၏။ သို့သော်ရေကန်အတွင်းမှ လရိပ်ကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ မည်သည့်အရာကိုမှ ဆုပ်ကိုင်မိခြင်းမရှိသလိုလည်း ခံစားခဲ့ရသည်။
ယီယွမ်က အသာအယာပြုံး၍ ဝူလျှိုချန်ကို နှောင့်ယှက်ခြင်းမပြုတော့ပေ။ ထိုအစား သူကလောင်ထန်ဘက်သို့လှည့်၍ ပြောဆိုလိုက်၏။ “ဂိုဏ်းတူအစ်ကိုကြီးလောင် ကျွန်တော်တို့တိုက်ခိုက်ရမဲ့အလှည့်ပဲ…..”
လောင်ထန်က သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုမည်ဟု မည်သူကထင်ခဲ့မည်နည်း။
“တိုက်ခိုက်စရာမလိုတော့ပါဘူး… ငါတို့ကြားက ကွာခြားမှုကြီးကို ငါသေချာသိပါတယ်… စောစောလေးက အဲဒီလက်ချောင်းကို ဖြိုခွဲနိုင်တဲ့နည်းလမ်းငါ့ဆီမှာမရှိဘူး… ပြီးတော့ မင်းကအဲဒါကို ခွန်အားပြည့်ထုတ်သုံးခဲ့တာမဟုတ်ဘူးဆိုတာလည်း ငါသိတယ်… ဒါပေမဲ့ စောစောလေးက အဲဒီလက်ချောင်းမှာ ငါကောင်းကင်ဘုံကိုးခုလျှောက်လမ်းမှာ နားလည်ရရှိခဲ့တဲ့ အသိပညာထက်ကို အများကြီး အစွမ်းထက်တယ်… ငါရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေက နည်းနည်းနောနောမဟုတ်ဘူး…..”
တိုက်ပွဲကြီးတစ်ခုကို ကြည့်ရတော့မည်ဟု အားခဲစောင့်ကြည့်နေခဲ့ကြသော ကျောင်းသားများမှာ ဤဖြစ်ရပ်က ထိုသို့ပုံစံမျိုးဖြင့် အမှန်တကယ် အဆုံးသတ်သွားမည်ဟု ထင်မထားခဲ့ကြပေ။
အစမှအဆုံးထိ ယီယွမ်က လက်ချောင်းတစ်ချောင်းသာ ထုတ်ဖော်ခဲ့ပြီး သူတို့ကြားမှ ကိစ္စက အဆုံးသတ်သွားခဲ့ကြပေပြီ။
သို့ရာတွင် ကျောင်းသားများလူစုခွဲ ထွက်သွားကြပြီဖြစ်သော်လည်း ဝူလျှိုချန်က မြေကွက်လပ်ထဲတွင် ရုပ်ထုတစ်ခုကဲ့သို့ မလှုပ်မရှားဘဲ ရပ်တန့်ကျန်ရစ်ခဲ့သည်။
နေ့စဉ်နေ့တိုင်း လူအများက ဤနေရာသို့ ဖြတ်လျှောက်သွားလေ့ရှိကြပြီး ဝူလျှိုချန်ကို စပ်စုလိုသော အကြည့်များဖြင့် ကြည့်ကြလေ့ရှိသည်။ သို့သော်ဌာနမှူးက မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝူလျှိုချန်အားနှောင့်ယှက်ခွင့်မပြုကြောင်း.အမိန့်ထုတ်ထားခဲ့၏။ သို့ဖြစ်၍ မည်သူတစ်ဦးတစ်ယောက်ကမှ ဝူလျှိုချန်အနီးသို့လာရောက်ပြီး စကားပြောဆိုခြင်းမပြုခဲ့ကြပေ။
ဤသို့ဖြင့် ဝူလျှိုချန်က မြေကွက်လပ်တွင် အချိန်ခုနှစ်ရက်ကြာ ရပ်တန့်နေခဲ့သည်။
အချိန်ခုနှစ်ရက်ကြာပြီးနောက် ဝူလျှိုချန်က ရုတ်တရက်ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ရှည်လျားစွာအော်ဟစ်လိုက်သည်။ သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် လက်သီးတစ်ချက် ထွက်ပေါ်လာခဲ့ပြီး ထိုလက်သီးချက်တွင် နဂါးတွန်သံများနှင့် ကျားဟိန်းသံများ အမှန်တကယ်ပါဝင်နေခဲ့၏။
“ဘုန်း”ဟူသောအသံတစ်ခုဖြင့် မြေကွက်လပ်အတွင်းမှ ကျောက်ခြင်္သေ့ရုပ်ကြီးတစ်ခုက သူဖော်ထုတ်လိုက်သော လက်သီးချက်ကြောင့် တစ်စစီဖြစ်သွားခဲ့ကာ
အမှုန်အမွှားများအဖြစ် ရောက်ရှိသွားခဲ့သည်။
ဖြတ်သွားဖြတ်လာပြုလုပ်နေကြသော ကျောင်းသားများက ဤမြင်ကွင်းကို ရုတ်တရက်မြင်လိုက်သွားခဲ့ကြပြီး ထိုအရာကြောင့် မှင်တက်သွားခဲ့ကြ၏။
ဤနေ့မှစ၍ အငြင်းပွားဖွယ်ရာမရှိအောင်ပင် ဝူလျှိုချန်က လျှိုဘူးရီကို အသာစီးရရှိသွားပြီဖြစ်ပြီး သိုင်းပညာလမ်းစဉ်၏ အဆင့်တစ် နေရာကိုရရှိသွားခဲ့ပြီဖြစ်သည်။
အမှန်တကယ်တွင်လည်း ဤအရာက နောက်ဆက်တွဲကိစ္စရပ်များဖြစ်ကြ၏။
နှုတ်ဆက်ခွဲခွာခြင်း စုဝေးပွဲကြီးအပြီး၌ ယီယွမ်က မြို့တော်သို့ ပြန်သွားခဲ့ပြီး သူ၏မိဘများကို နှုတ်ဆက်စကားပြောဆိုရန် ပြင်ဆင်ခဲ့သည်။
သို့သော် မြို့တော်သို့ပြန်သွားခဲ့ပြီး၌ ယီယွမ်က သူ့ဖခင်နှင့်မိခင်တို့ကို တွေ့ခဲ့ရခြင်းမရှိပေ။ ထိုအစား မန်နေဂျာဖုန်းစန်းက သူ့အားစာတစ်စောင်ပေးအပ်ခဲ့သည်။ ထိုစာကို ယီဟန်၏လက်ရေးဖြင့် ရေးသားထားခြင်းဖြစ်ပေ၏။
ယီယွမ်က သိချင်စိတ်ပြင်းပြစွာဖြင့် ထိုစာကို ဖောက်ဖတ်လိုက်သည်။
ယွမ်အာ… နှုတ်မဆက်ဘဲ ထွက်သွားလိုက်တဲ့အတွက် အဖေတို့ကို ခွင့်လွှတ်ပါ… တကယ်တမ်းကျ အဖေက သားကိုတစ်ချိန်လုံး မပြောပြထားခဲ့ပေမဲ့ မင်းရဲ့အမေနဲ့အဖေက တောင်ပိုင်းကုန်းမြေက လူတွေမဟုတ်ကြဘူး… ဒါပေမဲ့မြောက်ပိုင်းကုန်းမြေကပါ… ဒီနှစ်အနည်းငယ်အတွင်း ငါ့သားရဲ့ကြီးပြင်းမှုကို အဖေကအမြဲတမ်းစိုးရိမ်နေခဲ့တဲ့အတွက်ကြောင့် မြောက်ပိုင်းကုန်းမြေကို ပြန်လည်သွားရောက်ချင်တဲ့ အတွေးကို ထိန်းချုပ်ထားခဲ့ရတယ်… အရင်တစ်ကြိမ်က အဆိပ်မိခဲ့ရတာကနေ အကျိုးအမြတ်ရယူနိုင်ခဲ့ပြီး လအနည်းငယ်အတွင်း ရှေ့ကိုမြန်မြန်ရောက်လာတဲ့အထိ အဆင့်မြင့်လာခဲ့ပြီဖြစ်လို့ ကြီးပြင်းလာခဲ့ပြီလို့ သတ်မှတ်လို့ရပြီလေ… အဖေကစိတ်ကျေနပ်သွားခဲ့ပါပြီ…..
အခုငါ့သားက အဖွဲ့ကိုဝင်ရောက်သွားခဲ့ပြီး ချင်နိုင်ငံရဲ့ ကိစ္စတွေကလည်း အဆုံးသတ်သွားခဲ့ပြီဆိုတော့ မြောက်ပိုင်းကုန်းမြေကို ပြန်သွားဖို့အတွက် စိတ်ဖြောင့်လက်ဖြောင့်ထားခဲ့နိုင်ပြီ… မင်းအမေနဲ့အဖေက ကိစ္စလေးအချို့ရှိလို့ မြောက်ပိုင်းကုန်းမြေကို ပြန်သွားခဲ့ပြီနော်… အဖေက သင်းရနံ့ဆေးဂေဟာကို အင်ပါရီယာမိသားစုဆီမှာ စီမံခန့်ခွဲပေးဖို့ အပ်နှံထားခဲ့ပြီ… ဝင်ငွေအားလုံးရဲ့ခြောက်ဆယ်ရာခိုင်နှုန်းကို သားရဲ့နာမည်နဲ့ ထားပေးခဲ့တယ်… ဒီထက်ပိုပြီး ငါ့သားကလိုချင်တယ်ဆိုရင် အရှင်မင်းကြီးနဲ့ ဆွေးနွေးလိုက်ပါ… သူကငါ့သားတောင်းဆိုတာကို ပေးအပ်လိမ့်မယ်… သားကငြိမ်သက်တိမ်တိုက်အဖွဲ့မှာ စိတ်အေးလက်အေးနဲ့ ကျင့်စဉ်ကျင့်ကြံပါ… အနာဂတ်မှာ ငါတို့ရဲ့ကိစ္စတွေ ပြီးပြတ်သွားတာနဲ့ အဖေနဲ့မင်းအမေက ဒီကိုပြန်လာပြီး သားကိုလာရှာပါမယ်…..
ယီဟန်၏စာကို ဖတ်ရှုပြီးနောက် ယီယွမ်၏မျက်ခုံးများက ဆက်စပ်လုမတတ်တွန့်ကွေးသွားခဲ့ကြ၏။
ယီဟန်ကစာထဲတွင် မြောက်ပိုင်းကုန်းမြေသို့ မည်သည့်ကိစ္စပြုလုပ်ရန်သွားရောက်ကြောင်း ထည့်မရေးထားသော်လည်း ယီဟန်သွားရောက်လုပ်ဆောင်သည့် ကိစ္စက ထင်သလောက်မရိုးရှင်းနိုင်ကြောင်း ယီယွမ်သေချာပေါက်သိရှိပေသည်။
ထိုသို့မဟုတ်ပါက သူ၏ဖခင်နှင့်မိခင်တို့က သူ့အားဤနည်းလမ်းသုံး၍ နှုတ်ဆက်ခဲ့ကြမည်မဟုတ်ပေ။
နန်ဖိန်ရီဆီမှ သူကြားထားသော သတင်းများကို ဆက်စပ်စဉ်းစားကြည့်လိုက်မိ၏။ အတိတ်က ယန်နိုင်ငံတွင် ယီဟန်နှင့် ရန်ဟုန်လင်တို့က အမဲလိုက်သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။ ဤအချက်ကိုကြည့်လျှင် သူတို့နှစ်ဦး၌ အလွန်အစွမ်းထက်သော ရန်သူတစ်ဦးရှိနေကြောင်း ကောင်းစွာသိရှိနိုင်ပေ၏။ ထိုသို့မဟုတ်ပါက သူ၏ဖခင်နှင့်မိခင်တို့က အလွန်ဝေးကွာသော မြောက်ပိုင်းကုန်းမြေမှ ဤတောင်ပိုင်းကုန်းမြေသို့ လာရောက်ကြမည်မဟုတ်ပေ။
“သခင်လေး… သခင်ကြီးတစ်ခုခုဖြစ်လို့လား… သူကဘယ်အချိန်မှာ ပြန်လာမှာလဲ…..” ယီယွမ်ကတိတ်ဆိတ်နေသည်မှာ ကြာမြင့်နေခဲ့၍ ဖုန်းစန်းက သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ ဖွင့်ဟမေးမြန်းလိုက်သည်။
“အဆင်ပြေပါတယ်… သူတို့ကတစ်စုံတစ်ရာကို လုပ်စရာရှိတဲ့အတွက် ခရီးရှည်ကြီးတစ်ခုထွက်သွားခဲ့တာပါ… သူတို့က အချိန်အနည်းငယ်အတွင်း ပြန်လာနိုင်မှာမဟုတ်ဘူး… အနာဂတ်မှာ ကျွန်တော်တို့ယီမိသားစုက သင်းရနံ့ဆေးဂေဟာမှာ တစ်ယောက်မှရှိတော့မှာမဟုတ်ဘူး… ဂေဟာကိုဂရုစိုက်ဖို့အတွက် ကျွန်တော်တို့က မန်နေဂျာဖုန်းစန်းကိုပဲ ဒုက္ခပေးရဦးမယ်…..” ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့၏။
“သခင်လေး ဘယ်လိုစကားမျိုးပြောလိုက်တာလဲ… သင်းရနံ့ဆေးဂေဟာက ကျွန်တော်ဖုန်းစန်းအတွက် အိမ်လိုပါပဲ… သခင်ကြီးပြန်လာပြီဆိုရင် ကျွန်တော်က ပိုပြီးကြီးပွားတိုးတက်နေတဲ့ သင်းရနံဆေးဂေဟာအဖြစ် သေချာပေါက် ပြန်လည်အပ်နှင်းပါမယ်…..” ဖုန်းစန်းက ပြောဆိုလိုက်သည်။
“ဟားဟား… ဒါဆိုရင် မန်နေဂျာဖုန်းစန်းကို ကျေးဇူးအများကြီးတင်ပါတယ်… အဖေနဲ့အမေကလည်း ထွက်ခွာသွားကြပြီ… ကျွန်တော်ကလည်း ဒီမှာနေလို့မရတော့ဘူး… အခုချက်ချင်း ကျွန်တော်က ငြိမ်သက်တိမ်တိုက်အဖွဲ့ကို ခရီးထွက်ရတော့မယ်… ပြန်လည်ဆုံတွေ့ကြရမဲ့အချိန်အထိ ခွဲခွာကြရဦးမယ် မန်နေဂျာဖုန်းစန်း…..” ယီယွမ်က ဖုန်းစန်းကို လက်ပြ၍ နှုတ်ဆက်ထားခဲ့၏။
တဖြည်းဖြည်းဝေးကွာသွားသော ယီယွမ်၏ကျောပြင်ကို ကြည့်၍ ဖုန်းစန်း၏အသက်အရွယ်ကြီးရင့်နေသော မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာခဲ့ကြ၏။
မျက်စိတစ်မှိတ်အချိန်အတွင်း၌ ယီမိသားစု၏ စံအိမ်တော်က လူသူကင်းမဲ့သွားခဲ့ပေတော့သည်။
Chapter 4 is coming…..