ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၈ )
Chapter-220
“ဒုတိယညီလေး…..”
စူးယူလင်က စူးယူဘိုင်၏ ဆိုးရွားလှသောအခြေအနေကို မြင်သော် ဒေါသပေါက်ကွဲသွားခဲ့သည်။
“ယီယွမ်… တကယ်လို့ငါ စူးယူလင်က မင်းကိုမသတ်နိုင်ခဲ့ဘူးဆိုရင် ငါကလူမဟုတ်တော့ဘူး…..”
စူးယူလင်က ထိန်းမနိုင်သိမ်းမရအောင်ပင် ဒေါသထွက်လာခဲ့ပေ၏။
စူးမိသားစုတွင် သူနှင့်အရင်းနှီးဆုံးပုဂ္ဂိုလ်သုံးဦးက ယီယွမ်ကြောင့် သေဆုံးသွားခဲ့ရ၏။ စူးယူလင်၏ ရင်ဘတ်ထဲမှ သတ်ဖြတ်လိုစိတ်က ကောင်းကင်အထိ ပျံ့လွင့်လုနီးပါးဖြစ်လာခဲ့ပေသည်။
“ယီယွမ်… သေစမ်း… သိမ်မွေ့ငြိမ်သက်သောရေခဲလက်ဝါး…..”
အဆင့်(2)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုက ခန်းမကျယ်ကြီး၏ အပူချိန်ကို ရုတ်တရက်ကြီး ကျဆင်းသွားစေခဲ့၏။
ယီယွမ်က အကန့်အသတ်မဲ့ အေးစက်နေသော တိုက်ခိုက်မှုတစ်ခုဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ်အေးခဲလာခဲ့သည်။
ယီဟန်၏မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး ပြင်းထန်သောမီးတောက်အသွင်ပြောင်းလဲခြင်းနဂါး ပညာရပ်ကိုချက်ချင်းထုတ်ဖော်လိုက်ပေ၏။
သို့သော် ယောင်ချမ်၏ လက်များက အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး အဆုံးအစမဲ့သော သဘာဝစွမ်းအင် အလုံးများက သူ၏လက်ဝါးထဲ၌ စုစည်းလာခဲ့သည်။
ဝုန်းးးးး…..
မီးနဂါးကြီးက သဘာဝစွမ်းအင်အလုံးများနှင့် လေထဲတွင် တိုက်မိသွားခဲ့သည်။ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုကြောင့် ယီဟန်ကလွင့်စင်လာခဲ့ပြီး နံရံကို ပြင်းထန်စွာတိုက်မိသွားခဲ့၏။
ဤအရာက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်နှင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်တို့အကြားရှိ စစ်မှန်သောကွာခြားမှုတစ်ခုပင်ဖြစ်သည်။
ယောင်ချမ်၏ လှုပ်ရှားမှုများက အားစိုက်ထုတ်ရမှုလုံးဝမရှိခဲ့ဘဲ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သော်လည်း ယီဟန်က ထိုရိုက်ချက်ကိုပင် ရင်ဆိုင်ခုခံနိူင်စွမ်းမရှိခဲ့ပေ။
“တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ဦးမယ်ဆိုရင် နောက်တစ်ကြိမ်က ဒီလိုရိုးရှင်းတော့မှာမဟုတ်ဘူး…..” ယောင်ချမ်က အေးစက်စွာပြောဆိုလိုက်၏။
သူ၏သံတမန်ရာထူးကြောင့် ယောင်ချမ်က ယီယွမ်ကို တိုက်ခိုက်၍မရပေ။ သို့သော် စူးယူလင်က ယီယွမ်အားသတ်ခဲ့လျှင် အခြားသူများက စောဒကတက်နိုင်မည်မဟုတ်တော့ပေ။
ယီဟန်က ဒဏ်ရာရသွားသည်ကို မြင်လိုက်ရပြီးနောက် ယီယွမ်၏မျက်နှာက နက်မှောင်သွားခဲ့သည်။
သူကအမှန်တကယ်ပင် ဒေါသထွက်သွားခဲ့ပေပြီ။
စူးယူလင်၏ သိမ်မွေ့ငြိမ်သက်သောရေခဲလက်ဝါးက နီးကပ်လာခဲ့ပြီဖြစ်သော်လည်း ယီယွမ်က ရှောင်တိမ်းမည့်အမူအရာ အနည်းငယ်မျှပင် မရှိခဲ့ပေ။
“သွားသေလိုက်တော့… ယီယွမ်…..” စူးယူလင်က ရက်စက်ချင်သောအမူအရာတစ်ခုရှိနေခဲ့ပြီး ယီယွမ်၏ခန္ဓာကိုယ်ပေါ်သို့ လက်ဝါးတစ်ချက်ရိုက်ချခဲ့၏။
“ဂရုစိုက်…..” ယောင်ချမ်၏မျက်နှာက ပြောင်းလဲသွားခဲ့ပြီး သတိပေးပြောဆိုလိုက်သည်။
“ဟမ့်… တော်တော်လေးနောက်ကျသွားပြီ…..”
အေးခဲနေခဲ့သောယီယွမ်က ရုတ်တရက်ပင် အဝါရောင်မီးတောက်အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး စူးယူလင်၏ လက်ဝါးကို စတင်လောင်ကျွမ်းသွားစေခဲ့၏။
“သဘာဝမီးလျှံ…..”
စူးယူလင်က ထိုအရာကို ရှင်းလင်းစွာ သိရှိသွားခဲ့ပြီး ကူရာကယ်ရာမဲ့စွာဖြင့် ဒယိမ်းဒယိုင်ဖြစ်သွားခဲ့သည်။ သူကအလျင်အမြန်ပင် သူ၏လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း ထိုအရာက အလွန်အမင်းနောက်ကျနေခဲ့ပေပြီ။
သဘာဝမီးလျှံက သူ၏လက်ဝါးမှတစ်ဆင့် အပေါ်သို့ချက်ချင်းတက်ရောက်လာခဲ့ပေသည်။ ကြောက်စရာကောင်းသော မီးတောက်တစ်ခုက သူ၏လက်ဝါးကို ပြာကျသွားသည်အထိ လောင်ကျွမ်းသွားခဲ့၏။
သို့ရာတွင် ထိုမျှနှင့်ရပ်တန့်သွားခြင်းမရှိသေးပေ။ သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံက စူးယူလင်၏ခန္ဓာကိုယ်တစ်ခုလုံးကို အရိုးများ၌တွယ်ကပ်နေသော လောက်ကောင်ကဲ့သို့ စွဲကပ်သွားကာ တဖြည်းဖြည်း လောင်ကျွမ်းသွားခဲ့ပေသည်။
လူအများ၏ရှေ့မှောက်မှာပင် စူးယူလင်က မီးလောင်ကျွမ်းသွားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားခဲ့၏။
စူးယူလင်က အဆင့်(4)သဘာဝမီးလျှံတစ်ခု၏ စွမ်းအားကို မည်သို့ခုခံနိုင်မည်နည်း။
ခန်းမကျယ်ကြီးတစ်ခုလုံးက အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့၏။ စူးယူလင်၏ နာနာကျင်ကျင်ဖြင့် အော်ဟစ်လိုက်သံသာ ထွက်ပေါ်လာခဲ့သည်။
စောစောလေးက ယီယွမ်သည် သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံ၏ အစစ်အမှန်ခန္ဓာကိုယ်ကို အသုံးပြု၍ ကိုယ်ပွားခန္ဓာကိုယ်တစ်ခုတည်ဆောက်လိုက်ခြင်းသာဖြစ်ပြီး သူ၏သွေးကြောများမှတစ်ဆင့် မီးလျှံကို ထုတ်လွှတ်ပေးလိုက်ခြင်းမဟုတ်ပေ။
ဤအရာက သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံ၏ ခွန်အားအကြီးမားဆုံး အခြေအနေဖြစ်၏။
စူးယူလင်၏ လက်ဝါးက ယီယွမ်၏ခန္ဓာကိုယ်ပေါ်သို့
ဆင်းသက်လာခဲ့သော်လည်း သူကိုယ်တိုင်ပင် မီးတွင်းတစ်တွင်းထဲသို့ ခုန်ဆင်းလိုက်ခြင်းဖြစ်သည်။
အသက်ရှူချိန်ဒါဇင်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီးနောက် မီးသွေးတုံးနှင့်တူနေသော စူးယူလင်က မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး လှုပ်ရှားခြင်းမရှိခဲ့ပေ။ သူ၏ရုပ်သွင်က မှတ်မိသိရှိရန်ပင် မဖြစ်နိုင်တော့ပေ။ လူတစ်ယောက်၏ပုံစံပေါ်သည်ဆိုရုံမျှသာ လူတိုင်းမြင်နိုင်ခဲ့ကြ၏။
ရောက်ရှိနေကြသောသူများက အကြည့်ချင်းဖလှယ်ခဲ့ကြကာ သူတို့၏မျက်လုံးများတွင် တွေဝေနေသော အမူအရာများပါဝင်နေခဲ့ကြသည်။ သူတို့ကမည်သည့်စကားများပြောရမည်ကို မသေချာခဲ့တော့ပေ။
ယနေ့ ယီယွမ်က သူတို့ကိုပေးစွမ်းခဲ့သော တုန်လှုပ်အံ့ဩမှူများမှာ အတော်ကလေးလွန်ကဲနေခဲ့ပြီဖြစ်သည်။ သူကစူးမိသားစုကို ဦးတည်၍ တိုက်ခိုက်ခဲ့ပြီး သူ၏တိုက်ခိုက်မှုများကြောင့် စူးမိသားစုက ပျက်စီးသွားခဲ့ရပြီဖြစ်၏။
ထို့ပြင်ယခုသူက အဆငိ့(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်၌ သာ ရှိနေခဲ့သေးသည်။
“စောစောက ဘယ်လိုဖြစ်သွားတာလဲ… စူးယူလင်က အဆင့်(2)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်လေ… သူကဘာလို့ဒီလိုမျိုးဖြစ်သွားရတာလဲ…..”
“အလွန်ကြောက်စရာကောင်းတယ်… အဲဒါကသဘာဝမီးလျှံပဲ… အဲဒီပုံစံကိုကြည့်ရတာ အနည်းဆုံး အဆင့်(3)သဘာဝမီးလျှံဖြစ်လိမ့်မယ်… မဟုတ်သေးဘူး… ပိုပြီးတော့တောင် အဆင့်မြင့်လိမ့်မယ်…..”
“ဒါပေမဲ့… ယီယွမ်က အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သာရှိသေးတာလေ… ဒီလိုအဆင့်မြင့်သဘာဝမီးလျှံတစ်ခုကို သူကဘယ်လိုလုပ်ပြီး သိမ်းသွင်းနိုင်ခဲ့တာလဲ…..”
“မင်းကရူးနေတာလား… ယီယွမ်ရဲ့စွမ်းရည်တွေကို သာမန်အမြင်နဲ့တိုင်းတာလို့ ရပါ့မလား.. ဒီတစ်ကြိမ်မတိုင်ခင် အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်တာ မင်းမြင်ဖူးလို့လား… လူငယ်လေးတစ်ယောက်ကို ပြည့်ရှင်မင်းက ဒီလောက်ထိ လေးလေးစားစား ဂါရဝပြုတာ မင်းကမြင်ဖူးလို့လား… ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ရဲ့ ရှေ့မှာ သူကာကွယ်ထားတဲ့သူကို သတ်ရဲတဲ့တစ်စုံတစ်ယောက်ကို မင်းကမြင်ဖူးလို့လား…..”
“. . . . . .”
လူအများအပြားက ယီယွမ်အကြောင်းတိုးတိုးတိတ်တိတ်ဆွေးနွေးနေခဲ့ကြ၏။ ဤဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးသို့ မလာရောက်ကြခင်က ဖြစ်လာနိုင်သောအချက်များစွာကို သူတို့ကကြိုတင်တွေးတောထားခဲ့ကြသော်လည်း ဤသို့သော အခြေအနေတစ်ရပ်ဖြစ်ပေါ်လာမည်ဟု သူတို့လုံးဝထင်မထားခဲ့ကြပေ။
သူတို့၏ရှေ့မှောက်မှ အခြေအနေက အထိန်းအကွပ်မဲ့သွားခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေကို ထိန်းချုပ်နိုင်သောလူ တစ်စုံတစ်ယောက်မှ မရှိတော့ပေ။
ထိုပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူပင် ဤအခြေအနေကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် စူးမိသားစုက အဆုံးသတ်သွားခဲ့ပြီဖြစ်သောကြောင့် ဖြစ်ပေ၏။
“ကြီးမြတ်သောစန္ဒကူးမီးလျှံကြာပန်း… သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံ… မင်း… မင်းကဒီလောက်အထိ ကံကောင်းထောက်မမှုကြီးနဲ့ ကြုံတွေ့ခဲ့ရတာပဲ…..” ယီယွမ်ကို ယောင်ချမ်က
ဆွံ့အနေသောမျက်ဝန်းများဖြင့်ကြည့်နေခဲ့၏။ သူ၏ဦးနှောက်က အချိန်အနည်းငယ်ကြာအောင် အလုပ်မလုပ်နိုင်တော့ဘဲ ရပ်တန့်သွားခဲ့သည်။
သို့ရာတွင် ယီယွမ်ကိုကြည့်နေခဲ့သော သူ၏မျက်ဝန်းများက ထိတ်လန့်အံ့အားသင့်နေရာမှ လောဘကြီးသောအမူအရာသို့ လျင်မြန်စွာပြောင်းလဲသွားခဲ့၏။
သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံ…..
ဤအရာက အဆင့်(4)သဘာဝမီးလျှံတစ်ခုဖြစ်သည်။ အကယ်၍ သန့်စင်သောစန္ဒကူးကြာပန်းမီးလျှံကိုသာ သူကရရှိခဲ့ပါက ဤဘဝသက်တမ်းတွင် မှော်ဆေးပညာရှင်ဘုရင်အဖြစ်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက်ရှိလာပေလိမ့်မည်။
သို့သော် ထိုအရာကတွေးမိရုံတွေးမိသော အတွေးတစ်ခုသာဖြစ်၏။ ဤမျှများပြားသောလူအများရှေ့မှောက်တွင် သူကယီယွမ်ကို သတ်ဖြတ်ရဲခြင်းမရှိပေ။
ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို ဖြတ်ကျော်နိုင်ခဲ့ကြသော တပည့်များကို အဖွဲ့ကအလွန်အရေးပါသည်ဟု သတ်မှတ်ပေသည်။ ထိုသို့မဟုတ်ပါက ထိုတပည့်များကို အတွင်းစည်းတပည့်ဟူသော အဆင့်အတန်းအား ချက်ချင်းပေးအပ်ခဲ့မည်မဟုတ်ပေ။
လက်ရှိအချိန်တွင် ယီယွမ်ကအဖွဲ့ထဲသို့ ဝင်ရောက်ရခြင်းမရှိသေးပေ။ သို့သော် အမှန်တကယ်တွင် သူ့ကိုအဖွဲ့က အသိအမှတ်ပြုထားခဲ့ပြီဖြစ်၏။
ငြိမ်သက်တိမ်တိုက်အဖွဲ့၏ စည်းကမ်းများတွင် အဖွဲ့ဝင်အချင်းချင်း ထိခိုက်အောင်လုပ်ဆောင်မှုကို ခွင့်ပြုထားခြင်းမရှိပေ။ ဤစည်းကမ်းက သံမဏိစည်းမျဉ်းဖြစ်သည်။ အကြီးအကဲတစ်ဦးဖြစ်သော ယောင်ချမ်ပင် တပည့်များကို ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် အပြစ်ပေးခွင့်မရှိပေ။
သို့သော် ယီယွမ်ကယောင်ချမ်၏စကားကို ပြန်လည်တုံ့ပြန်ပြောဆိုခြင်းမပြုခဲ့ပေ။ ထိုအစားသူက အေးစက်စွာပြောဆိုခဲ့၏။ “ယောင်ချမ်… ခင်ဗျားက တော်တော်လေးတော်တာပဲ… ဒီနေ့ကျွန်တော့်အဖေကို ခင်ဗျားကဒဏ်ရာရအောင် လုပ်ခဲ့တဲ့ကိစ္စကို ကျွန်တော်သေချာမှတ်ထားမယ်…..”
မည်သည့်အတွက်ကြောင့်မှန်းမသိရသော်လည်း ယီယွမ်၏ခြိမ်းခြောက်စကားနှင့် ရေခဲတမျှအေးစက်နေသည့်အကြည့်ကိုမြင်သော် ယောင်ချမ်က သူ့ကိုယ်သူထိန်းချုပ်၍မရခဲ့ဘဲ တုန်ယင်သွားခဲ့သည်။
ငါကြောက်များကြောက်နေတာလား….. ဒါကဘယ်လိုဟာသမျိုးလဲ….. တစ်ဖက်လူက အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ငချွတ်ကလေးပဲလေ…..
သူ၏ခန္ဓာကိုယ်မှ တုံ့ပြန်မှုကြောင့် ယောင်ချမ်က ဝေခွဲမရဖြစ်သွားခဲ့၏။
အခြားသူများအတွက် ယီယွမ်၏ ယောင်ချမ်အား ခြိမ်းခြောက်ခဲ့မှုက အလွန်ထူးဆန်းနေပြီး ဟာသမြောက်နေခဲ့သော်လည်း ဟုရန်ယွမ်အတွက်မူ ဤမြင်ကွင်းက အတော်ကလေး ရင်းနှီးနေခဲ့ပေသည်။
အတိတ်တုန်းက စူးယူဘိုင်၏အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ယီယွမ်ကသေလုမျောပါး ဖြစ်ခဲ့ချိန်ကလည်း ဤသို့ရယ်စရာကောင်းသော စကားလုံးများဖြင့် ယီယွမ်ကစူးယူဘိုင်ကို ခြိမ်းခြောက်ခဲ့ပေ၏။
ယီယွမ်က ထိုရယ်စရာကောင်းသည့် ခြိမ်းခြောက်သောစကားများကို အလွန်လျင်မြန်စွာ အကောင်အထည်ဖော်နိုင်သွားမည်ဟု စူးယူဘိုင်ကိုယ်တိုင်ပင် တွေးတောနိုင်ခဲ့မည်မဟုတ်ပေ။
ယောင်ချမ်က ယီဟန်အားယနေ့တိုက်ခိုက်ခဲ့မှုက သူ၏ဘဝတစ်လျှောက်လုံး ပြုလုပ်ခဲ့သည့်ကိစ္စများတွင် အမိုက်မဲဆုံးကိစ္စတစ်ခုဖြစ်သည်ဟု ဟုရန်ယွမ်က ခံစားခဲ့ရသည်။
ယီယွမ်က ယီဟန်၏ဘေးသို့သွား၍ ယီဟန်ကသူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုနိုင်အောင် ကူညီပေးခဲ့သည်။ သူ၏မျက်ခုံးများက အလွန်အမင်း တွန့်ကွေးသွားခဲ့၏။
ယီဟန်၏ဒဏ်ရာများက သေးငယ်ခြင်းမရှိပေ။ ယောင်ချမ်၏ စောစောကတိုက်ခိုက်မှုမှာ ပြင်းထန်မှုရှိကြောင်း ထင်ရှားနေပေ၏။ ဤအရာကြောင့် ယီယွမ်၏စိတ်ထဲမှ သတ်ဖြတ်လိုသောဆန္ဒများက ပွင့်ထွက်လာလုနီးပါး ဖြစ်လာခဲ့သည်။
သို့သော် ယနေ့ယောင်ချမ်အားသတ်ရန်မှာ မဖြစ်နိုင်ကြောင်း ယီယွမ်ကသိရှိပေ၏။
အရင်တစ်ကြိမ်က ကျီးကန်းနက်အဖိုးကြီးကို သူကသတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အချိန်၊ မြေအနေအထားနှင့် လူ၏စိတ်အခြေအနေတို့ အသာစီးရယူထားနိုင်မှုကြောင့်သာ ဖြစ်ပြီး ထိုအချက်များထဲမှ တစ်စုံတစ်ခုကသာ လွဲချော်သွားခဲ့လျှင် နောက်တစ်ကြိမ်တိုက်ခိုက်ခိုင်းပါက အနိုင်ရမည်မဟုတ်တော့ပေ။ အကယ်၍ယီယွမ်က ယောင်ချမ်၏ခန္ဓာကိုယ်တွင် သဘာဝမီးလျှံတစ်ခုရှိနေကြောင်း အာရုံခံမိလျှင်ပင် မီးတောက်ပေါက်ကွဲခြင်းကို ထပ်မံလုပ်ဆောင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
ယောင်ချမ်က မှော်ဆေးပညာရှင်တစ်ဦးဖြစ်သော်လည်း ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ဖြစ်ပေသည်။ သူ၏တိုက်ခိုက်မှုစွမ်းရည်က နိမ့်ကျနေခဲ့လျှင်ပင် ဤခန်းမရှိလူအများက အသက်ရှင်ရန်အတွက် ခုခံနိုင်သော အင်အားမျိုးမဟုတ်ပေ။
“ဆရာဟုရန်… ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို ဒီနေရာကနေ အဝေးကို အန္တရာယ်ကင်းကင်းနဲ့ ခေါ်ထုတ်သွားနိုင်မလား…..” ယီယွမ်ကပြောလိုက်၏။
“အိုကေ…..” ဟုရန်ယွမ်က တွေဝေနေခြင်းမရှိဘဲ ချက်ချင်းသဘောတူခဲ့သည်။
“ဟမ့်… မင်းကစူးမိသားစုရဲ့ ညီအစ်ကိုသုံးယောက်ကို သတ်ဖြတ်ခဲ့တာတောင် ဒီလိုမျိုးအလွယ်တကူ ထွက်သွားချင်တာလား… မင်းကငါ့ကို တော်တော်လေးအထင်သေးထားတာပဲ…..” ထိုမြင်ကွင်းကိုမြင်သော် ယောင်ချမ်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်၏။
ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်၏ အော်ရာကနောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပြီး လူတိုင်းက ထိုဖိအားကြောင့် အသက်ရှူရပ်မတတ်ခံစားလိုက်ရသည်။
“ဘာလဲ… အကြီးအကဲယောင်က အဲဒီညီအစ်ကိုသုံးယောက်အတွက် လက်စားချေဖို့ ကျွန်တော်တို့အားလုံးကို သတ်တော့မလို့လား… စူးမိသားစုရဲ့ညီအစ်ကိုတွေကို သူ့ရဲ့မျက်စိရှေ့မှောက်မှာ ဆံပင်မွေးတစ်ပင်ကို အန္တရာယ်ပေးနိုင်ရင်တောင် သူကဒီနေရာကနေ ချက်ချင်းထွက်သွားပေးမယ်လို့ သေချာပေါက်ပြောခဲ့ဖူးတဲ့ တစ်စုံတစ်ယောက် ရှိနေတယ်လို့ ကျွန်တော်သတိရမိတယ်… ကြည့်ရတာအဖွဲ့ရဲ့အကြီးအကဲစကားက လေလည်သလိုပျောက်ပျက်သွားတယ်နဲ့တူတယ်…..” ယီယွမ်ကလှောင်ပြုံးတစ်ခုဖြင့် ပြောဆိုခဲ့၏။
ယောင်ချမ်က ထိုစကားများကို ကြားချိန်တွင် ကူရာကယ်ရာမဲ့စွာဖြင့် အေးခဲသွားခဲ့၏။
သူကထိုအခြေအနေကို ရှောင်လွဲရန် ယခုလေးတင် ကြိုးစားလိုက်သော်လည်း ယီယွမ်ကထိုအကြောင်းကို မေ့သွားခြင်းမရှိဘဲ ထိုကိစ္စကိုထုတ်ဖော်ပြောဆိုခဲ့မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။
ဤတစ်ကြိမ်တွင် အဖွဲ့၏အကြီးအကဲဖြစ်သော သူ၏ဂုဏ်သိက္ခာက အကြီးအကျယ် ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။
Chapter 221 is coming…..