ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၈ )
Chapter-219
သာမန်ကမ္ဘာငယ်လေးမှ လူများအတွက် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူများမှာ နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် လူသားတိုင်းပြည်များတွင် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံကို ဆန့်ကျင်သော ကံကောင်းထောက်မမှုတစ်ခုကို ကြုံတွေ့ရခြင်းမရှိဘဲ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ ချိုးဖျက်တက်ရောက်ရန် မဖြစ်နိုင်ပေ။
ကျီးကန်းနက်အဖိုးကြီးက ကျီးကန်းနက်ယင်မီးလျှံကို ကံကောင်းထောက်မစွာဖြင့် မတော်တဆရရှိခဲ့၍သာ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ နောက်ဆုံး၌ တက်ရောက်သွားခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ဤအရာက ဥပမာတစ်ခုသာဖြစ်သည်။ ဤသို့သောဖြစ်ရပ်များဖြစ်ပေါ်လာရန် အခွင့်အရေးက မရှိသလောက်ပင် နည်းပါးလှပေ၏။
ထို့ပြင် ယခုယီယွမ်က ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ကို ဤကဲ့သို့လေသံမျိုးဖြင့် ပြောဆိုခဲ့၏။ သူကလူအများကို စကားများဖြင့် သေလောက်အောင် ထိတ်လန့်တုန်လှုပ်စေခဲ့ခြင်းများမှာ မကြာခဏပင်ဖြစ်သည်။
ရွယ်ချိန်က ယီယွမ်ကို အေးစက်စက်အကြည့်တစ်ချက်ကြည့်လိုက်ပြီး လေထဲမှနေ၍ အောက်သို့ အသာအယာဆင်းသက်လာခဲ့၏။
ယီယွမ်၏လက်ထဲမှ ထိုဓားကိုမြင်လိုက်သောအချိန်တွင် ရွယ်ချိန်၏ မျက်ဝန်းများက အလိုအလျောက် အေးခဲသွားခဲ့သည်။
“ကန်ဟွာဓားက ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်းတစ်ရာ ရှိနေခဲ့ပြီ… ဘာလို့ဒီဓားက မင်းလက်ထဲကို ရောက်နေရတာလဲ…..”
“ဟီးဟီး… ကျွန်တော်က ဒန်ဝူအကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက်ပဲလေ… အဲဒီဓားက ကျွန်တော့်လက်ထဲမှာရှိနေတာ ဘာကြောင့်လို့ထင်လဲ…..”
ရွယ်ချိန်က အချိန်အနည်းငယ်ကြာ စဉ်းစားခဲ့ပြီးနောက် ဖြစ်နိူင်ရန်သေချာသလောက်ဖြစ်သော အချက်တစ်ချက်ကို တွေးတောခဲ့မိသည်။ သူကအံ့ဩစွာဖြင့် မေးမြန်းလိုက်၏။ “မင်းကဒီဓားကို ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကနေ ရရှိလာခဲ့တာလား…..”
ယီယွမ်ကပြုံးလိုက်သော်လည်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။ သူက မိုးကောင်းကင်တာအိုကို တိုင်တည်၍ သစ္စာဆိုထားခဲ့ရပြီဖြစ်၍ ရွယ်ချိန်၏ မေးခွန်းကို ဖြေဆိုနိုင်မည်မဟုတ်ပေ။
ရွယ်ချိန်၏မျက်နှာက ဆိုးရွားစွာ ပျက်ယွင်းသွားခဲ့သည်။ အကယ်၍ယီယွမ်ကသာ ကောင်းကင်ဘုံကိုးခုလျှောက်လမ်းတွင် ကန်ဟွာဓားကို အမှန်တကယ် ရရှိခဲ့သည်ဆိုပါက ကိစ္စများကို ကိုင်တွယ်ရန်မှာ လွယ်ကူတော့မည်မဟုတ်ပေ။
လုယန်ကထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာရှိနေပြီဖြစ်၏။ သူကအမှန်တကယ်ပင် ချင်နိုင်ငံ၏ ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို လာရောက်ပြီး အစောင့်အရှောက်တာဝန်ကို ထမ်းဆောင်နေခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ပို၍ကြောက်စရာကောင်းသောအချက်မှာ ကန်ဟွာဓားကို လုယန်က ယီယွမ်ဆီသို့ အမှန်တကယ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ငြိမ်သက်တိမ်တိုက်အဖွဲ့ စတင်တည်ထောင်ခဲ့ပြီးချိန်မှစ၍ ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို ကျော်ဖြတ်နိုင်ခဲ့ကြသော လူများက နည်းပါးခြင်းမရှိပေ။ သို့သော် လျှောက်လမ်းကိုကျော်ဖြတ်နိုင်ခဲ့ကြပြီး အစောင့်အရှောက်၏ အမွေကို ရရှိခဲ့ကြသော လူများမှာ နည်းပါးလှပေ၏။
ယီယွမ်က ကန်ဟွာဓားကို ရရှိခဲ့ခြင်းမှာ လုယန်၏အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းအား ကိုယ်စားပြုပေသည်။
ကောင်းကင်ဘုံကိုးခုလျှောက်လမ်းတွင် ယီယွမ်၏လှုပ်ရှားမှုများကို မည်သူမှမသိခဲ့ကြပေ။ သို့သော် လုယန်၏ အသိအမှတ်ပြုမှုက လူတိုင်းမြင်နိုင်သည်အထိ သိသာလှပေ၏။
လုယန်ထွက်ခွာပျောက်ဆုံးသွားသည်မှာ နှစ်တစ်ရာရှိနေပြီဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုပါက လူသေတစ်ယောက်၏ အသိအမှတ်ပြုမှုကို ယီယွမ်က ရရှိခြင်း မရရှိခြင်းကို မည်သူမှဂရုစိုက်မည်မဟုတ်ကြပေ။
သို့သော် လုယန်တွင်အခြားအဆင့်အတန်းတစ်ခုရှိပြီး ထိုအဆင့်အတန်းမှာ လက်ရှိသိုင်းပညာခန်းမ၏ ခန်းမခေါင်းဆောင် ရှောင်ကျန့်၏ဆရာ ဖြစ်ပေ၏။
ဤဆက်သွယ်မှုက ငြိမ်သက်တိမ်တိုက်အဖွဲ့၏ လူငယ်မျိုးဆက်များအကြားတွင် လူသိများထင်ရှားခြင်းမရှိပေ။ သို့သော်ယောင်ချမ်(ရွယ်ချိန်နေရာမှာ ယောင်ချမ်ဆိုပြီး ပြောင်းလဲသုံးစွဲသွားပါမည်) နှင့် ရှောင်ကျန့်တို့က ခေတ်တစ်ခေတ်တည်းမှ ပုဂ္ဂိုလ်များဖြစ်ကြပေရာ သူကထိုအချက်ကို သိရှိထားပေသည်။
အကယ်၍ရှောင်ကျန့်ကသာ ကန်ဟွာဓားကို ယီယွမ်က ပိုင်ဆိုင်ထားသည်ကို သိရှိသွားခဲ့ပါက သူကသေချာပေါက်ပင် ယီယွမ်အား အထူးအခွင့်အရေး ပေးပေလိမ့်မည်။
ဆေးပညာခန်းမ၏ ခန်းမခေါင်းဆောင် အိုးရန်မင်ကိုယ်တိုင်ပင် ရှောင်ကျန့်အား ရန်စရဲခြင်းမရှိပေရာ ယောင်ချမ်ဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။
ထိုအချက်ကို တွေးတောမိပြီးနောက် ယောင်ချမ်က ယီယွမ်နှင့်ငြင်းခုန်ခြင်းမပြုတော့ပေ။.ထိုအစားသူကလူအများကို ကြည့်၍ ပြောဆိုခဲ့၏။ “ဒီပုဂ္ဂိုလ်က ငြိမ်သက်တိမ်တိုက်အဖွဲ့က ဆေးလုံးခန်းမရဲ့အကြီးအကဲ ယောင်ချမ်ပဲ… ငါကဒီနေ့အဖြစ်အပျက်ကို ဖျန်ဖြေပေးသူတစ်ယောက်အဖြစ် လုပ်ဆောင်မယ်… ဒါကြောင့် နန်ဖိန်မိသားစုနဲ့ စူးမိသားစုတို့ကြားက တင်းမာမှုတွေဖယ်ရှားလိုက်ကြဖို့ မျှော်လင့်ပါတယ်… လူတိုင်းရဲ့အယူအဆကရော ဘယ်လိုလဲဆိုတာ ငါသိချင်တယ်…..”
“ဒါက…..” နန်ဖိန်ရီက ယောင်ချမ်၏စကားကို ကြားလိုက်ချိန်တွင် သူ၏မျက်နှာ၌ ခက်ခဲနေသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ဘယ်လိုလဲ… ဒီပုဂ္ဂိုလ်ရဲ့စကားတွေက အကျိုးသက်ရောက်မှုမရှိဘူးလို့ မပြောနဲ့နော်…..” ယောင်ချမ်၏မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး ဒေါသထွက်သွားခဲ့ပုံရ၏။
လူတိုင်း၏နှလုံးသားများက တုန်ယင်သွားခဲ့ပြီး သူတို့ကချက်ချင်းပင် ကပျာကယာ ပြန်ပြောလိုက်ကြသည်။ “မလုပ်ရဲပါဘူး…..”
“မလုပ်ရဲဘူးဆိုရင်ကောင်းတယ်… အဖွဲ့က သာမန်ကမ္ဘာငယ်လေးရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လေ့မရှိဘူးဆိုပေမဲ့ ငါတို့က ဒီလိုမိသားစုလိုက် သတ်ဖြတ်ခံရတာမျိုး ဖြစ်လာမှာကို
မမြင်ချင်ဘူး… မင်းတို့အားလုံးက သာမန်ကမ္ဘာငယ်လေးတစ်ခုရဲ့ လက်ရွေးစင်တွေဖြစ်ကြတဲ့အတွက် မင်းတို့အတူတူ လက်တွဲလုပ်ဆောင်ပြီး အဖွဲ့အတွက် ကြိုးစားလုပ်ဆောင်သင့်တယ်… မင်းတို့ကဘယ်လိုလုပ်ပြီး ဒီလို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတဲ့အပြုအမူမျိုး လုပ်နေကြတာလဲ…..” ယောင်ချမ်က အေးစက်စွာဖြင့် ပြောဆိုခဲ့၏။
စူးမိသားစုအတွက် ယောင်ချမ်က ရယ်တည်ပေးမည့်ရည်ရွယ်ချက်ရှိနေမှန်း နန်ဖိန်ရီကသိရှိခဲ့သော်လည်း အမှန်တကယ်ဖြစ်လာသောအခါ သူ၏စိတ်ထဲ၌ လက်မခံချင်သော်လည်း မည်သည့်အရာမှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။
ယောင်ချမ်၏ အလွန်မြင့်မားသော အဆင့်အတန်းကို ထည့်မတွက်လျှင်ပင် သူ၏ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ခွန်အားဖြင့်ဆိုပါက လက်ရှိနေရာတွင် ရောက်ရှိနေကြသော လူအားလုံးကို အလွယ်တကူရှင်းလင်းပစ်နိုင်ပေသည်။ သူကမည်သည့်အရာကို ပြုလုပ်နိုင်မည်နည်း။
ယောင်ချမ်က အိုးရန်မင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိနေ၍ စူးမိသားစုရပ်တည်နိူင်အောင် ကူညီပေးနေခြင်းဖြစ်ကြောင်း နန်ဖိန်ရီကလည်း တိတိကျကျ ခန့်မှန်းခဲ့မိပြီးဖြစ်၏။ သူအမြဲတမ်းစိုးရိမ်နေခဲ့သောအချက်က ထိုအချက်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤကိစ္စက အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်၏။
ဤအချိန်တွင် မြွေတစ်ကောင်ကို သေအောင်မသတ်ခဲ့ဘဲ ဒဏ်ရာများနှင့် ထားခဲ့ခြင်းက အနာဂတ်တွင် မဆုံးနိုင်တော့သော ဒုက္ခများစွာ ဖြစ်ပေါ်လာပေလိမ့်မည်။
နန်ဖိန်ရီက အံကိုတင်းတင်းကြိတ်၍ ပြန်ဖြေရန်ကြံလိုက်ချိန်တွင် ယီယွမ်က သူ့ကိုဤကိစ္စ၌ လက်ရှောင်ထားရန် အချက်ပြလိုက်၏။ သူကဖြစ်လာမည့်အကျိုးဆက်များ မကောင်းမွန်တော့ကြောင်း တိတ်တဆိတ် ခံစားမိခဲ့ရပြီး သတိပြန်ဝင်လာချိန်တွင် ထိုအရာကိုရပ်တန့်ရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။
“အကြီးအကဲယောင်က တကယ်ကို စကားပြောကောင်းတာပဲ… ခင်ဗျားရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အဖွဲ့ရဲ့အမိန့်ဆိုတဲ့အရာအောက်ကို တွန်းပို့ဖုံးကွယ်လိုက်တာကိုး… လူတိုင်းက မျက်စိကန်းနေတယ် ဒါမှမဟုတ် ရူးနေတယ်လို့များ ခင်ဗျားကထင်နေတာလား…..” ယီယွမ်က လှောင်ပြောင်ပြောဆိုလိုက်၏။
ယောင်ချမ်က ထိုစကားကိုကြားချိန်၌ အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောခဲ့သည်။ “မင်း… ဂျူနီယာလေးက တော်တော်လေးကို မောက်မာရိုင်းစိုင်းတာပဲ… ငါကမင်းကို ဘာမှမလုပ်နိူင်ဘူးလို့ မင်းတကယ်ထင်နေတာလား… မင်းကအဖွဲ့ရဲ့ဆေးလုံးဖော်မြူလာတွေကို ခိုးယူခဲ့ပြီး သာမန်ကမ္ဘာငယ်လေးမှာ ထုတ်ဖော်ပြသခဲ့တယ်… အခုအချိန်မှာ ငါကမင်းကို သေဒဏ်ပေးနိုင်တယ်ဆိုတာ မင်းယုံလား…..”
ယီယွမ်ကပြုံး၍ ပြောလိုက်၏။ “ကောင်းပြီလေ… ကျွန်တော့်ကို မြန်မြန်သတ်လိုက်တော့ အကြီးအကဲယောင်… အဖေ… ကျွန်တော်သေသွားပြီဆိုရင် ငြိမ်သက်တိမ်တိုက်အဖွဲ့ကို ဒီဓားနဲ့အတူသွားပြီး အဖွဲ့ရဲ့ခေါင်းဆောင်နဲ့ အရှင်သခင်တွေကို အကြောင်းစုံပြောပြပြီး ဘယ်သူကမှန်တယ် မှားတယ်ဆိုတာ ဆုံးဖြတ်ခိုင်းလိုက်ပါ… လောကကြီးမှာ တရားမျှတတဲ့နေရာတွေ ရှိနေဦးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်…..”
“မင်း…..” ယောင်ချမ်က အသက်ရှူရပ်မတတ်ဖြစ်သွားခဲ့ကာ
သေလုမျောပါးဖြစ်သွားခဲ့သည်။
သူကယီယွမ်ကို သတ်ဖြတ်နိုင်ပေ၏။ သို့သော် သူကယီဟန်နှင့် နန်ဖိန်ရီကို မသတ်နိုင်ပေ။ အကယ်၍သူတို့ကိုသာသတ်ခဲ့လျှင် သာမန်ကမ္ဘာငယ်များတွင် အဖွဲ့၏နာမည်ဂုဏ်သတင်းက အကြီးအကျယ် ကျဆင်းသွားပေလိမ့်မည်။ ဤအရာမျိုးကို သူကတာဝန်ယူနိုင်စွမ်းမရှိပေ။
ကန်ဟွာဓားက အဖွဲ့တွင်ပေါ်ပေါက်လာသည်နှင့် ရှောင်ကျန့်က ထိုအကြောင်းကို သေချာပေါက်မေးမြန်းပေလိမ့်မည်။ အကယ်၍ ယောင်ချမ်ကသာ သူ့ဆရာ၏နောက်ဆုံးဆက်ခံသူကို သတ်ဖြတ်ခဲ့ခြင်းအား သိရှိသွားပါက ရှောင်ကျန့်က သူ့အားမည်သည့်အတွက် အလွတ်ပေးတော့မည်နည်း။
သူကကန်ဟွာဓားကို မြင်လိုက်ရသည်နှင့် အချိန်အနည်းငယ်ခန့်သာ အံ့အားသင်းခဲ့ခြင်းဖြစ်ပြီး သာမန်ကာလျှံကာမျှသာ မေးမြန်းခဲ့ခြင်းဖြစ်၏။ သို့သော်ဤငချွတ်ကလေးက ကန်ဟွာဓားတွင် အံ့မခန်းသမိုင်းကြောင်းရှိနေကြောင်း ချက်ချင်းသိရှိသွားသည်အထိ အလွန်ပါးနပ်လှပေသည်။
ယီယွမ်၏မျက်နှာက ရေခဲတမျှအေးစက်သွားခဲ့ပြီး ပြောဆိုခဲ့၏။ “သာမန်ကမ္ဘာငယ်လေးမှာ သာမန်ကမ္ဘာငယ်လေးရဲ့ ဥပဒေတွေရှိတယ်… စူးမိသားစုက သူတို့ရဲ့အုပ်ချုပ်သူ ဘုရင်မင်းမြတ်ကို ဆန့်ကျင်ပြီး ပုန်ကန်ဖို့ကြံစည်ခဲ့တယ်… တကယ်လို့ဒီလိုပုန်ကန်မှုကြီးကို ကြံစည်ခဲ့သူတွေက ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရသွားမယ်ဆိုရင် ဘယ်သူက ပြည့်ရှင်မင်းနေရာမှာ ထိုင်နေရဲတော့မှာလဲ…..”
“ဟမ့်… ဒီအဖိုးကြီးက မင်းဆီကနေ ဘာလုပ်ရမလဲဆိုတာ သင်ရဦးမှာလား…..” ယောင်ချမ်က အေးစက်စက်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“အကြီးအကဲယောင်က မှားနေပါပြီ… ကျွန်တော်ကခင်ဗျားကို ဘာလုပ်ရမလဲဆိုတာ သင်ပေးနေတာမဟုတ်ဘူး… ဒါပေမဲ့ ခင်ဗျားသိသင့်တဲ့ကိစ္စတစ်ခုကို ပြောပြနေတာပါ… ဝမ်မိသားစုရဲ့ သားအဖနှစ်ယောက်နဲ့ စူးညီအစ်ကိုတွေက သေချာပေါက်သေရလိမ့်မယ်… တကယ်လို့ မအေ-ိုးသိကြားမင်းကြီးဆင်းလာပြီး ဒီနေ့ကိစ္စကို တားဆီးမယ်ဆိုရင်တောင် ဝမ်မိသားစုကသားအဖနှစ်ယောက်နဲ့ စူးမိသားစုက ညီအစ်ကိုနှစ်ယောက်ကို မကယ်ဆယ်နိုင်ဘူး…..” ယီယွမ်ကအေးစက်စွာဖြင့် ပြောဆိုခဲ့၏။
ထိုစကားများ ထွက်ပေါ်လာခဲ့သည်နှင့် ပရိသတ်များက အကြီးအကျယ် ပွက်လောရိုက်သွားခဲ့ကြသည်။
အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သိုင်းပညာရှင်တစ်ယောက်က ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်၏ရှေ့တွင် ဤသို့သောစကားမျိုးကို ပြောဆိုနေခဲ့ခြင်းမှာ ဟာသတစ်ခုပင်မဟုတ်ပေလော။
အမှန်တကယ်တွင် ယီယွမ်က ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း သူတို့သိရှိခဲ့ရလျှင်ပင် များသောအားဖြင့် သူတို့ကထိုနည်းလမ်းကို တွေးမိခဲ့ကြမည်မဟုတ်ပေ။
နန်ဖိန်ရီနှင့် ယီဟန်က အသက်ကိုခက်ခက်ခဲခဲ ရှူသွင်းခဲ့ရသည်။ ယီယွမ်က ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ကို သူကျေနပ်သလိုနည်းလမ်းမျိုးဖြင့် အမှန်တကယ်ဆက်ဆံနေခဲ့၏။
ယီဟန်က တစ်စုံတစ်ခုကို ပြောလို၍ သူ၏ပါးစပ်ကိုဟခဲ့သော်လည်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။
သို့သော် နန်ဖိန်ရီက ဝင်ရောက်ပြောဆိုခဲ့ပေသည်။ “ညီငယ်လေးယီ… အကြီးအကဲယောင်က အဆင့်မြင့်အဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်လေ… ပြီးတော့ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်နော်… မစဉ်းစားဘဲဗရမ်းဗတာမလုပ်ရဘူး…..”
ယီယွမ်ကသူ့အား လျစ်လျူရှုထားခဲ့၏။
“ဟားဟား… မောက်မာလိုက်တဲ့ကလေးလေး… ဒီအဖိုးကြီးရဲ့ရှေ့မှာ သူတို့ကို မင်းကဘယ်လိုသတ်မလဲဆိုတာ ငါသိချင်တယ်… တကယ်လို့မင်းက သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကနေ ဆံပင်မွေးတစ်ပင်လောက်ကို ထိခိုက်အောင်လုပ်နိုင်ပြီဆိုတာနဲ့ ဒီအဖိုးကြီးက ချက်ချင်း ဖုန်ခါလိုက်ပြီး ငါ့ဘာသာငါ ထွက်သွားပေးလိုက်မယ်…..”
ယောင်ချမ်က သူ့ဘဝတစ်ခုလုံးကြားနေခဲ့ရသော ဟာသများတွင် ဤအကြောင်းအရာက ရယ်စရာအကောင်းဆုံး ဟာသတစ်ခုဖြစ်ကြောင်း ခံစားခဲ့ရသည်။
“ကောင်းပြီလေ… ခင်ဗျားကအဲဒီစကားကို ပြောခဲ့တဲ့သူပဲနော်… အဲ့ဒါဆိုရင် ပြန်သွားဖို့ပြင်ဆင်လိုက်တော့… ဓားကိုးချောင်းဓားကွက်…..”
ယီယွမ်က သူ၏တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်ခဲ့သည်။ ပစ်မှတ်က စူးယူဘိုင်ဆီသို့ တည့်တည့်ကြီးပင် ဖြစ်၏။
“ဟမ့်… ဒီသိုင်းကွက်ကို နောက်တစ်ကြိမ်ထပ်သုံးလိုက်တာလား… ဒီတိုက်ကွက်က မဆိုးပေမဲ့ မင်းရဲ့ ခွန်အားက တော်တော်လေးနိမ့်ကျနေသေးတယ်…..” ယောင်ချမ်က အေးစက်စက်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
သူ၏လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်နှင့် ဓားကိုးချောင်းဓားကွက်၏ ဓားအလင်းကိုးခုက ချက်ချင်းပျောက်ကွယ်သွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်သော်လူတိုင်းက ကူရာကယ်ရာမဲ့စွာဖြင့် အသက်ကိုခက်ခက်ခဲခဲ ရှူသွင်းခဲ့ရသည်။ ဤအရာက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်၏ စွမ်းအားဖြစ်ပေလိမ့်မည်။
သို့သော် ပရိသတ်များ၏ အံ့သြမှုကုန်ဆုံးခြင်းမရှိသေးခင်အချိန်တွင် နာနာကျင်ကျင် အော်ဟစ်သံတစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ အသံထွက်ပေါ်လာရာနေရာဆီသို့ ကြည့်လိုက်ကြသောအချိန်တွင် စူးယူဘိုင်၏ ရင်ဘတ်တွင် ကြီးမားသောအပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သွေးများက မရပ်မနားစီးကျနေသည်ကို မြင်လိုက်ကြရပေ၏။
စူးယူဘိုင်၏ မျက်လုံးများမှ အလင်းရောင်က အသာအယာကွယ်ပျောက်သွားခဲ့သည်။ သေဆုံးသွားခဲ့ရချိန်အထိ သူ၏မျက်စိရှေ့တွင် ဖြစ်ပျက်သွားသောအရာအားလုံးကို သူလုံးဝမယုံကြည်နိုင်ခဲ့ပေ။
သူကပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်၏ အကာအကွယ်အောက်တွင် အမှန်တကယ် သတ်ဖြတ်ခြင်းခံခဲ့ရပေ၏။
လူတိုင်းကစူးယူဘိုင်၏ကျောဘက်ကို ရုတ်တရက်ကြည့်လိုက်ကြချိန်တွင် ယီယွမ်က သူ၏ဓားကို စွဲကိုင်၍ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေခဲ့သည်ကို မြင်လိုက်ရသည်။
ယောင်ချမ်၏ မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားခဲ့၏။ သူကယီယွမ်ဆီသို့ လက်ဝါးတစ်ချက်ကို အသာအယာရိုက်ထုတ်လိုက်ပေသည်။ နောက်ကွယ်မှခန္ဓာကိုယ်က ခုခံမှုအနည်းငယ်မျှပင် မရှိခဲ့ဘဲ အမြစ်ပြုတ်သုတ်သင်ဖယ်ရှားခြင်း ခံခဲ့ရ၏။
“ကိုယ်ပွားခန္ဓာကိုယ်… ငါတကယ်ပဲ မင်းကိုအထင်သေးခဲ့မိပြီ…..” ယောင်ချမ်က မုန်းတီးစိတ်အပြည့်ဖြင့် အံကိုတင်းတင်းကြိတ်၍ ပြောဆိုခဲ့သည်။
Chapter 220 is coming…..