ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၈ )
Chapter-214
လူတိုင်းက မှင်တက်အံ့ဩသွားခဲ့ကြသည်။
အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နှင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ တိုက်ပွဲက အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက်စလုံး ဒဏ်ရာရရှုံးနိမ့်သွားခဲ့ကြပေ၏။
“ဘယ်လိုတောင်ဖြစ်သွားတာလဲ… ယီယွမ်က ဘယ်လိုလုပ်ပြီး အဲဒီလောက် သန်မာနေရတာလဲ… စူးယူဘိုင်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ရောက်နေတာ တော်တော်ကြာပြီ… သူကတကယ်ပဲ လက်မောင်းတစ်ဖက် ပြတ်သွားခဲ့တာလား…..”
“ဟုတ်တယ်… အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ဂျူနီယာလေးတစ်ယောက်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို သိုင်းကွက်အနည်းငယ်အတွင်း အမှန်တကယ် အသာစီးရယူသွားခဲ့တာလား… ဟာသတစ်ခုများ ဖြစ်နေတာလားဟ…..”
“ဒီတစ်ယောက်က တကယ်ပဲ အမှိုက်ကောင်ယီယွမ်လား… မကြာသေးခင်အချိန်ကတောင် သူက နာမည်ကြီးတာ ရွေးစိတစ်စိလောက်တောင် မရှိသေးဘဲနဲ့(ရေသည်ပြဇာတ်ထဲကလို ငွေကြေးတစ်မျိုးပေါ့) အခု ငါတို့လို ပိုပြီးအသက်ကြီးတဲ့ မျိုးဆက်တစ်ခုနဲ့ တစ်တန်းတည်း ရပ်တည်နေနိုင်ခဲ့ပြီလား…..”
လူတိုင်းက ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြောစရာစကားမရှိတော့သလို ဖြစ်သွားခဲ့သည်။ ယီယွမ်၏အသက်အရွယ်ဖြင့် ဆိုပါက သူတို့၏ သားများ၊ တူများနှင့် မျိုးဆက်တစ်ခုတည်း ဖြစ်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ယီယွမ်က သူတို့၏သားများ၊တူများနှင့် လုံးဝခြားနားသော အဆင့်တစ်ခုတွင် ရှိနေပြီဖြစ်ကြောင်း သူတို့လက်ခံရပေလိမ့်မည်။ ယီယွမ်က သူတို့ကို ခြိမ်းခြောက်နိုင်သော ခွန်အားရှိနေပြီဖြစ်ပြီး စီနီယာမျိုးဆက်မှထူးချွန်သူများဖြစ်ကြသော သူတို့ထဲမှ အချို့ကိုပင် သတ်ဖြတ်နိုင်ကြပေ၏။
အသက်ဆယ့်ငါးနှစ် အရွယ်လူငယ်လေးတစ်ယောက်က သူတို့နှင့် အဆင့်တူသောနေရာတွင် အမှန်တကယ်ရောက်ရှိနေခဲ့ပေ၏။ ထိုလူများမှာ အတော်ကလေး ကမောက်ကမ ဖြစ်နေသည်ကို ခံစားနေခဲ့ရသော်လည်း ထိုသို့ဖြစ်နေခဲ့ပင်လျှင် ဤအရာက သူတို့၏ ခွန်အားမလုံလောက်သောကြောင့်သာ ဖြစ်ပေသည်။
ယီဟန်က ဘယ်လိုသားကောင်းရတနာမျိုးကို မွေးထားခဲ့တာလဲ…..
လူအများအပြားက သူတို့၏စိတ်ထဲ၌ ခံစားချက်ပေါင်းများစွာဖြင့် သက်ပြင်းချလိုက်၏။
ယီယွမ်က မြေပြင်နှင့် ထိရိုက်မိသွားသည်နှင့် “ပွက်” ဟူသော အသံဖြင့် နီရဲနေသော သွေးများကို ပါးစပ်အပြည့်အန်ထုတ်လိုက်သည်။
သူကလက်ဝါးချက်၏ လေလှိုင်းကို အင်အားကုန်ခုခံရင်ဆိုင်ခဲ့ရသည်။ သူ၏အင်္ဂါအစိတ်အပိုင်းအားလုံးကလည်း ကနောင်းကသင်းဖြစ်နေခဲ့ကြကာ နေရာများရွေ့လျားကုန်ကြ၏။
ကံကောင်းထောက်မစွာဖြင့် စူးယူဘိုင်က သူ့ကို ထိခိုက်ရန်အတွက်
လက်ဝါးချက်၏ ခွန်အားကို ပျံ့ကျဲသွားစေခဲ့သည်။ ထိုသို့မဟုတ်ပါက လက်ဝါးချက်၏လေလှိုင်းပင် ဖြစ်စေကာမူ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်၏ အင်အားပြည့်တိုက်ခိုက်မှုက လက်ရှိအချိန်၌ ယီယွမ်ခုခံနိုင်သော အရာမဟုတ်ပေ။
အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ မြေပြင်နှင့်ထိရိုက်မိပြီးနောက် ယီယွမ်က ဆေးလုံးတစ်လုံးကို ထုတ်ယူသောက်သုံးလိုက်ပြီး သူ၏ဒဏ်ရာများကို စတင်ကုသလိုက်ပေ၏။
သို့ရာတွင် သူကအားအင်ပြန်လည်ပြည့်ဖြိုးလာရန်အတွက် ကုသရဲခြင်းမရှိသေးပေ။ ယခုလက်ရှိအချိန်မှာ တိုက်ပွဲကွင်းပြင်ဖြစ်သည်။ သူ့အားတိုက်ခိုက်ရန်အတွက် အခွင့်အရေးရရှိရန် စောင့်ဆိုင်းနေသော တစ်စုံတစ်ယောက် ရှိနေခဲ့လျှင် သူကအရူးလုပ်ခံရပြီး အမြတ်ထုတ်သွားခြင်းခံရပေလိမ့်မည်။
“ငါမင်းကို အသေသတ်ပစ်မယ် ယီယွမ်…..”
စူးယူဘိုင်၏ ဒေါသတကြီး အော်ဟစ်သံက ခန်းမကျယ်ကြီး၏ အမိုးပွင့်ထွက်သွားတော့မတတ် ခါယမ်းသွားစေခဲ့သည်။ ဤအခိုက်အတန့်၌ သူကမည်မျှအထိ ဒေါသထွက်နေပြီဖြစ်ကြောင်း ထင်ရှားနေခဲ့၏။
စူးယူဘိုင်က အနာမှသွေးထွက်နေသည်ကို သဘာဝစွမ်းအင် အသုံးပြု၍ ထိန်းချုပ်လိုက်ပြီးနောက် ယီယွမ်ဆီသို့ ချက်ချင်းပြေးဝင်သွားခဲ့သည်။
စူးယူဘိုင်က လက်မောင်းတစ်ဖက်ကိုသာ ဆုံးရှုံးလိုက်ရ၍ သူ၏လှုပ်ရှားမှုများအပေါ် သက်ရောက်မှုမရှိပေ။ သို့သော်လက်ရှိအချိန်တွင် ယီယွမ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရနေခဲ့ပြီဖြစ်၏။ သဘာဝစွမ်းအင် လှည့်ပတ်ရာတွင် အရင်ကလောက် ချောမွေ့စေရန် လုံးဝမဖြစ်နိုင်တော့ပေ။
သို့ရာတွင် ဤအချိန်၌ သူ၏ဒဏ်ရာများကို အာရုံစိုက်နေ၍မရတော့ပေ။ စူးယူဘိုင်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် သူကသဘာဝစွမ်းအင်များကို အကုန်အစင် ထုတ်သုံးရန်သာ တတ်နိုင်ခဲ့ပေသည်။
လက်မောင်းတစ်ဖက်တည်းရှိတော့သော စူးယူဘိုင်က အလွန်ကြီးမားသော အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ကာ ယီယွမ်၏ရှေ့သို့ အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး သူ၏ပုံရိပ်ကလည်း နောက်တစ်ကြိမ်ပျောက်ကွယ်သွားခဲ့၏၊
စိတ်ဝိညာဉ်ငြိမ်သက်ခြေလှမ်း…..
ဤခြေလှမ်းသိုင်းပညာရပ်က တဒင်္ဂဟုပြော၍ရသည်အထိ အချိန်ခဏလေးသာဖြစ်သော်လည်း အသုံးပြုသူ၏ တည်နေရာကို ရှာဖွေရန် အလွန့်အလွန် ခက်ခဲပေသည်။
ယီယွမ်က အံကိုတင်းတင်းကြိတ်၍ ဝိညာဉ်ဟင်းလင်းပြင်ဖျက်ဆီးခြင်း ပညာရပ်ကို အဆင့်အမြင့်ဆုံးအထိ ထုတ်သုံးလိုက်ပြီး စူးယူဘိုင်၏ ထိုတိုက်ခိုက်မှုကို ရှောင်ကြဉ်ရန်ကြိုးစားလိုက်၏။
သို့ရာတွင် သူကအလွန်ပြင်းထန်သော ဒဏ်ရာတစ်ခုကို ခံစားနေခဲ့ရသည်။ ထို့ကြောင့် သူ၏လှုပ်ရှားမှုများက ယခင်ကလောက် မြန်ဆန်သွက်လက်ခြင်းမရှိတော့ပေ။
“ငါမင်းကို နုပ်နုပ်စဉ်းပစ်မယ် ယီယွမ်…..”
ယီယွမ်၏ နားအနားမှ ဒေါသတကြီးကြုံးဝါးသံက ထွက်ပေါ်လာခဲ့၏။ ဤငနဲကြီးက ယီယွမ်၏နောက်သို့ နောက်တစ်ကြိမ် ရောက်ရှိနေခဲ့ပေသည်။
ဘန်း…..
လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ပုံရိပ်တစ်ခုက လွင့်စင်သွားခဲ့၏။
သို့သော် ယီယွမ်မဟုတ်ဘဲ စူးယူဘိုင်လွင့်စင်သွားခြင်းဖြစ်သည်။
လူတိုင်းက သူတို့၏မျက်လုံးများ မှုန်ဝါးသွားသည်ဟုသာ ခံစားခဲ့ရသည်။ အနက်ရောင်သိုင်းဝတ်စုံဝတ် သိုင်းပညာရှင်တစ်ယောက်က ယီယွမ်၏ရှေ့တွင် ပိတ်ရပ်ထားခဲ့ပြီး စောစောကလွင့်စင်သွားခဲ့သော စူးယူဘိုင်ကို မထူးခြားသည့်ပုံစံဖြင့် ကြည့်နေခဲ့၏။
“အဆင်ပြေရဲ့လား…..”
“အဆင်ပြေပါတယ်… မသေသေးပါဘူး… ကံကောင်းထောက်မစွာနဲ့ ဆရာက အချိန်မီရောက်လာခဲ့တာပဲ…..”
“မင်းပြောခဲ့ဖူးတဲ့ ရည်မှန်းချက်ကြီးတစ်ခုက ရက်တွေသိပ်မကြာသေးပဲ ဒီလောက်မြန်မြန်လုပ်ဆောင်နိုင်မယ်လို့ ငါတကယ်ကို မျှော်လင့်မထားခဲ့ဘူး… တကယ်ကိုထူးခြားပြောင်မြောက်လွန်းလှပါတယ်…..”
“ဟားဟား… ကျွန်တော့်ကို နောက်ထပ်အချိန်တစ်လပဲ ထပ်ပေးပါ… အဲဒီအချိန်ကျရင် ကျွန်တော့်ရဲ့ပုံစံက ဒီလောက်အထိ ကြည့်ရဆိုးမှာမဟုတ်တော့ဘူး…..”
“အင်း… ငါလည်းအဲ့လိုထင်ပါတယ်… ဒါပေမဲ့ ဒီလိုလူမျိုးတွေနဲ့ အချိန်ကုန်ခံနေစရာမလိုပါဘူး… မင်းကအခြားကြီးကျယ်တဲ့အရာတွေ လုပ်ရမဲ့ လူတစ်ယောက်ပဲလေ…..”
“ဟားဟား… တကယ်လို့ သူမသေသေးဘူးဆိုရင် ကျွန်တော်က ကြီးကျယ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူး… အို ဟုတ်သားပဲ… ဆရာဟုရန်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်ကို
ချိုးဖျက်တက်ရောက်သွားတဲ့အတွက် ကျွန်တော်က ဂုဏ်ပြုစကားမပြောရသေးဘူးနော်…..”
“ဟားဟား… ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးတွေကြောင့် မဟုတ်ဘူးလား… မင်းရဲ့စွမ်းအားတွေကို ပြန်ရအောင်လေ့ကျင့်လိုက်ဦး… ငါကဒီနေရာမှာရပ်ပြီး မင်းကိုကာကွယ်ပေးထားမယ်…..”
“ဟုတ်ကဲ့…..”
ဤအနက်ရောင်သိုင်းဝတ်စုံဝတ် သိုင်းပညာရှင်မှာ စိတ်သလင်းဖြစ်တည်ခြင်းဆေးလုံးကို သောက်သုံးပြီးနောက် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ တက်ရောက်သွားခဲ့သည့် ဟုရန်ယွမ်မှလွဲ၍ အခြားမဖြစ်နိုင်ပေ။
အတိတ်က စူးယူဘိုင်၏ တိုက်ကွက်တစ်ကွက်ကြောင့် သွေးအန်သွားရသည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပေသည်။ သို့သော် ယနေ့အချိန်တွင် ဟုရန်ယွမ်က တိုက်ကွက်တစ်ကွက်တည်းနှင့် စူးယူဘိုင်ကို လွင့်စင်သွားစေနိုင်ခဲ့၏။ ထိုအရာက အလွန်ကျေနပ်စရာကောင်းသော လက်စားချေလိုက်နိုင်မှုတစ်ခုဟု သတ်မှတ်၍ ရပေသည်။
ယီယွမ်၏ စိတ်သလင်းဖြစ်တည်ခြင်းဆေးလုံးကို ရရှိခဲ့ပြီးနောက် သောက်သုံးခဲ့ကာ ဤရက်အနည်းငယ်အတွင်း အပြင်သို့လုံးဝမထွက်ခွာခဲ့ဘဲ တံခါးပိတ်လေ့ကျင့်ခန်းဝင်နေခဲ့ကာ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ တက်ရောက်ရန် အင်အားပြည့်သုံး၍ ကြိုးစားလိုက်ပေသည်။ ယမန်နေ့က ကျင့်ကြံခြင်းတံခါးဝကို နောက်ဆုံးတွင် ဖြတ်ကျော်အဆင့်တက်သွားနိုင်ခဲ့ပြီး စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက် ဖြစ်လာခဲ့ပေ၏။
သူ၏ကျင့်စဉ်နယ်ပယ်ကို တည်ငြိမ်ရန်အတွက် ဟုရန်ယွမ်က အချိန်တစ်ရက်လုံးယူ၍ လုပ်ဆောင်ခဲ့ပြီး တံခါးပိတ်လေ့ကျင့်နေရာမှ ထွက်လာခဲ့သည်နှင့် ချက်ချင်းပင် ဂျင်ယွန်ဟီကို သွားရှာခဲ့ပေသည်။
ဟုရန်ယွမ်ကို မြင်လိုက်ရချိန်တွင် ဂျင်ယွန်ဟီ၏ မျက်လုံးများက အပြင်သို့ထွက်လာတော့မတတ် ပြူးကျယ်သွားခဲ့၏။
ဟုရန်ယွမ်က တံခါးပိတ်လေ့ကျင့်မည်ဟုသာ ပြောကြားခဲ့သော်လည်း တံခါးပိတ်လေ့ကျင့်ရာမှ ပြန်ထွက်လာပြီးနောက် သူကစိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ အမှန်တကယ် ချိုးဖျက်တက်ရောက်သွားခဲ့၏။ ဂျင်ယွန်ဟီက ကူရာကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားရန်သာ တတ်နိုင်ခဲ့ပေသည်။
ဟုရန်ယွမ်က တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်ခြင်းမပြုသေးခင်အချိန်တွင် အဆင့်(9)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်၌သာ ရှိနေခဲ့သေး၏။
ပုံမှန်အားဖြင့်ဆိုပါက ဤအတားအဆီးကို ဖြတ်ကျော်ရန်မှာ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်၌ အနည်းဆုံး ဆယ်နှစ်ခန့် အတွေ့အကြုံရှိပြီးမှသာ နောက်ထပ်ခြေလှမ်းတစ်လှမ်း လျှောက်လှမ်းနိုင်ပြီး ဤမိုးကောင်းကင်တမျှ ကွာခြားမှုကြီးကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
သို့သော် ယခုဟုရန်ယွမ်က တစ်ဆင့်ကျော်၍ ပေါ့ပေါ့ပါးပါး ချိုးဖျက်တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။ ဤအရာက အလွန်တရာပင် ယုံကြည်နိုင်စရာမရှိသောအရာဖြစ်၏။
သို့ရာတွင် ဟုရန်ယွမ်က ဂျင်ယွန်ဟီအား များစွာရှင်းပြခဲ့ခြင်းမရှိပေ။ သူကဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးသို့ သွားရောက်လိုကြောင်းသာ ဂျင်ယွန်ဟီအားပြောဆိုခွင့်တောင်းခဲ့ပေသည်။
ဂျင်ယွန်ဟီက အနည်းငယ်တွေဝေခဲ့ပြီးမှ သဘောတူလက်ခံခဲ့ပေ၏။
အမှန်တကယ်တွင် သူကလည်း အတူသွားရောက်ချင်ခဲ့၏။ သို့သော် သူ၏အဆင့်အတန်းနှင့် အဖွဲ့၏စည်းမျဉ်းစည်းကမ်းများအရ သူကိုယ်တိုင်လူလုံးထွက်ပြရန် သင့်တော်ခြင်းမရှိပေ။
ဟုရန်ယွမ်က ကြယ်တာရာယစ်မူးဂေဟာသို့ အလျင်အမြန်လာရောက်ခဲ့ချိန်တွင် စူးယူဘိုင်နှင့် ယီယွမ်တို့ နှစ်ဦးစလုံး ဒဏ်ရာရသွားသည့် တိုက်ခိုက်မှုကို မြင်လိုက်ရရုံသာဖြစ်သွားခဲ့ပြီး သူ၏မျက်လုံးများကလည်ယ အလိုအလျောက်ပင် ပြူးကျယ်သွားခဲ့သည်။ ယီယွမ်က ဤအဆင့်အထိ ခွန်အားမြင့်မားလာလိမ့်မည်ဟု သူကအမှန်တကယ်ပင် ထင်မှတ်မထားခဲ့ပေ။
“စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်ထူးချွန်သူတစ်ယောက်….. နောက်ထပ် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်က တကယ်ပဲ ရောက်ရှိလာခဲ့ပြီ… အဲ့ဒါဘယ်သူလဲ… ငါသူ့ကိုတစ်ခါမှ မမြင်ဖူးဘူး…..”
“အဖေ… သူကကျွန်တော်တို့ အကယ်ဒမီက ဆရာတစ်ယောက်ဖြစ်တဲ့ ဆရာဟုရန်ယွမ်ပဲ… ဒါပေမဲ့ ကျွန်တော် မြို့တော်ကိုပြန်လာခဲ့တဲ့ အချိန်မှာ ဆရာဟုရန်က အဆင့်(9)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်… ရက်အနည်းငယ်လောက်ပဲ မတွေ့ရသေးတာကို ဘယ်လိုလုပ်ပြီး ဆရာဟုရန်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်ကို တက်ရောက်သွားနိုင်ခဲ့တာလဲ.....”
“ဘာပြောလိုက်တာလဲ… မင်းပြောလိုက်တာက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သူကအဆင့်(9)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးတယ်လို့လား...စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်မဟုတ်ဘူးနော်… ဒါက...ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…..”
“လုံးဝကို မလွဲနိုင်ဘူး…..”
". . . . . ."
ဟုရန်ယွမ်ပေါ်ပေါက်လာမှုက လက်ရှိအခြေအနေကို ပြိုလဲပျက်စီးသွားစေခဲ့ပြီဖြစ်သည်။ စူးမိသားစု၏ဘက်မှ အင်အားစုများက စူးယူဘိုင်ကို ဟုရန်ယွမ်က လက်ဝါးတစ်ချက်တည်းဖြင့် လွင့်စင်သွားစေခဲ့သည်ကို မြင်တွေ့ရပြီးနောက် နောက်ဆုတ်သွားရန် တွေးတောနေခဲ့ကြပေ၏။
စူးယူဘိုင်က ဟုရန်ယွမ်၏ လက်ဝါးတစ်ချက်ကြောင့် လွင့်စင်သွားခဲ့ရပြီး သူ၏လက်ရှိဒဏ်ရာများကိုပါ ပို၍ဆိုးရွားသွားစေခဲ့ပေသည်။
သို့ရာတွင် သူကပို၍ ထိတ်လန့်တုန်လှုပ်နေခဲ့ရခြင်းမှာ ဟုရန်ယွမ်က အမှန်တကယ်ပင် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ တက်ရောက်သွားခဲ့၍ ဖြစ်သည်။ ထိုအချက်ကြောင့် သူကပို၍ ထိတ်လန့်တုန်လှုပ်အံ့အားသင့်သွားခဲ့ခြင်း ဖြစ်ပေ၏။
စူးယူဘိုင်အတွက် ဟုရန်ယွမ်က တစ်ဆင့်နိမ့်သော မျိုးဆက်မှ ဂျူနီယာတစ်ဦးဖြစ်သည်။ ယခုဤဂျူနီယာလေးက သူ့အားအမှန်တကယ်ယူသွားခဲ့၏။ ထိုအချက်က အလွန်တရာပင် ရှက်စရာကောင်းလှပေသည်။
“ဟုရန်ယွမ်… မင်း...မင်းကတကယ်ကိုပဲ အဆင့်တက်သွားခဲ့တယ်ပေါ့… ဒါကလုံးဝမဖြစ်နိုင်ဘူး…..”
“အကြီးအကဲစူးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်… ဟုရန်ယွမ်ဆိုတဲ့ ကျွန်တော်က ကံကောင်းထောက်မပြီး အဆင့်တက်သွားခဲ့တာပါ…..” ဟုရန်ယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။
“ဟုရန်ယွမ်… မင်းကဘယ်လောက်တောင်ရဲတင်းလိုက်သလဲ… အကယ်ဒမီရဲ့ ဆရာတစ်ယောက်ဖြစ်နေတာတောင် မင်းကသာမန်ကမ္ဘာငယ်လေးရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ရဲတယ်လား... မင်း… ဒါကအကယ်ဒမီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လိုက်တာပဲ… ငါကဒီအကြောင်းကို ဌာနမှူးဆီတိုင်ကြားပြီး မင်းကိုပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ တောင်းဆိုမယ်…..”
“စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအကြီးအကဲဖြစ်တဲ့ အကြီးအကဲစူးရဲ့ ရာထူးနဲ့အဆင့်အတန်းက ကျွန်တော့်ထက် အများကြီးပိုမြင့်ပါတယ်… အကြီးအကဲစူးက ဘာလို့ဒီနေရာကို ရောက်နေရတာလဲ… ပြီးတော့ ကျွန်တော့်ရဲ့တပည့်လေးနဲ့ တိုက်ခိုက်မှုတွေ ဘာလို့ပြုလုပ်နေတာလဲဆိုတာ အံ့သြမိပါတယ်…..”
“ဟမ့်… ငါကဒီနေ့ စူးမိသာစုဝင်တစ်ယောက်အနေနဲ့ ဒီကိုရောက်လာခဲ့တာပဲ… အကယ်ဒမီနဲ့ပတ်သက်တဲ့နေရာ ဘာမှမရှိဘူး…..”
“အဲဒီလိုလား… အကြီးအကဲစူးရဲ့ ဆင်ခြေကြီးက အတင်းလုပ်ယူထားရတာပဲ… ဒါပေမဲ့ ကျွန်တော်က ဒီနေ့ဒီနေရာကို ရောက်လာတာ ကျွန်တော့်ကျောင်းသားကို ကာကွယ်ပေးဖို့ပါ...အကယ်ဒမီရဲ့ ဆရာတစ်ယောက်အနေနဲ့ အကယ်ဒမီရဲ့ ဂျီးနီးယပ်ကျောင်းသားတစ်ယောက်ကို ကာကွယ်ပေးတာက သင့်တော်တဲ့အချက်မဟုတ်လား… ပြီးတော့ ယီယွမ်ရဲ့အဆင့်အတန်းက အခြားသူတွေနဲ့ မတူဘူးလေ… သူကမကြာခင်အချိန်အတွင်းမှာပဲ အဖွဲ့ကိုဝင်ရောက်ရတော့မှာလေ… တကယ်လို့ သူကဒီနေရာမှာ တစ်ခုခုများ ခြေချော်လက်ချော် ဖြစ်သွားခဲ့ရင် ဖြစ်လာမဲ့အကျိုးဆက်တွေကို ဘယ်သူကတာဝန်ခံရဲလဲ…..”
စူးယူဘိုင်က သူ၏မျက်နှာအစိမ်းရောင်ပြောင်းသွားသည်အထိဒေါသထွက်သွားခဲ့၏။ (MCU ရဲ့ Hulkလိုပဲနေမှာပါ…..)
ထိုစကားများက လူတိုင်းကို လှုပ်ရှားခြင်းမပြုကြရန် ခြုံငုံ၍ ပြောဆိုလိုက်သောအကြောင်းပြချက်ဖြစ်ကြောင်း သူသိသော်လည်း အကယ်၍ အဆင့်မြင့်အဖွဲ့ကသာ ဤအချက်ကြောင့် တုံ့ပြန်မှုပြုလုပ်လာပါက မည်သူကမှ ထိုအရာကို တာဝန်ယူနိုင်မည် မဟုတ်သည်မှာ သေချာလှပေသည်။
______________________