ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၈ )
Chapter-213
ယီဟန်နှင့် စူးယူလင်တို့က ဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးကို တက်ရောက်လာခဲ့ကြသော်လည်း အာရုံစိုက်ခံရခြင်းကို မလိုချင်၍ သူတို့၏အော်ရာများကို အသာအယာ ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။
ယခုထိုအော်ရာများက ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ထိုအကြောင်းအရာကြောင့် လူအားလုံး၏ ထိတ်လန့်တုန်လှုပ်မှုကို ကောင်းစွာသိမြင်နိုင်ပေ၏။
သို့ရာတွင် ယီဟန်က စူးယူလင်၏ အဆင့်တက်ရောက်မှုကို အံ့အားသင့်နေချိန်တွင် ယီဟန်၏ အဆင့်တက်ရောက်မှုကို စူးယူလင်ကလည်း မည်သည့်အတွက်ကြောင့် အံ့သြခြင်းမရှိဘဲ နေမည်နည်း။
မူလက သူ၏အဆင့်(2)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ခွန်အားဖြင့် ယနေ့အခြေအနေကို ထိန်းချုပ်ထားရန် လုံလောက်နေပြီဟု စူးယူလင်က ထင်မြင်ထားခဲ့သည်။ သို့သော် ထိုယီဟန်က အခြေအနေကို ပြောင်းလဲပစ်ပြီး အဆင့်မြင့်တက်နေခဲ့မည်ဟု သူလုံးဝထင်မထားခဲ့ပေ။
ထို့ပြင် ယီဟန်၏ စောစောကလေးက တိုက်ခိုက်မှုကိုကြည့်လျှင် သူ၏တိုက်ခိုက်မှုစွမ်းရည်က ပုံမှန်မှော်ဆေးပညာရှင်များကဲ့သို့ အားနည်းခြင်းမရှိပေ။
သို့ဖြစ်၍ သူက ယီယွမ်ကို သတ်ဖြတ်ရန်အတွက် ယီဟန်၏ အလောင်းပေါ်တွင် နင်းချေ၍ သွားမည်ဟူ၍ အခြေအမြစ်မရှိပြောကြားခဲ့ခြင်း မရှိဘဲ စူးယူဘိုင်ဆီသို့ တာဝန်လွှဲအပ်ခဲ့ခြင်းဖြစ်၏။
“ယီယွမ်… မင်းကငါ့လက်ထဲမှာ သေဆုံးသွားရလိမ့်မယ်လို့ မင်းကတွေးမထားခဲ့ဘူးမလား… ဒီနေ့ ကောင်းကင်ဘုံက စူးရီရှန်းရဲ့ ဝိညာဉ်ကို စိတ်ကျေနပ်မှုရရှိသွားစေဖို့ မင်းရဲ့လတ်ဆတ်တဲ့သွေးနဲ့ ယဇ်ပူဇော်မယ်…..” စူးယူဘိုင်က အေးစက်စွာပြောလိုက်သည်။
“ခင်ဗျားက အတွေးလွန်နေတာပဲ… အကယ်ဒမီမှာ ရှိခဲ့တဲ့အဲဒီအချိန်က ခင်ဗျားရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ… အဲဒီအခွင့်အရေးကို ခင်ဗျားက လွဲချော်သွားပြီးပြီဖြစ်လို့ နောက်ထပ်တစ်ကြိမ် အခွင့်အရေးထပ်မရနိုင်တော့ဘူး…..” ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့၏။
“အဲဒီလိုဆိုရင်ရော ဘာဖြစ်လဲ… ငါပါဝင်လာပြီဆိုရင် မင်းကငါ့ကိုအနိုင်ယူနိုင်ပါ့မလား…..” ယန်ဟွာကဝင်ရောက်ပြောဆိုလိုက်သည်။
“နင့်ရဲ့ ပြိုင်ဖက်က ငါပဲ… ယီယွမ် နင်ကစူးယူဘိုင်နဲ့ ရင်ဆိုင်ရမှာ အဆင်ပြေရဲ့လား…..” နန်ဖိန်လျှိုချင်က ယန်ဟွာကို ရပ်တန့်ရန်ပိတ်ထားလိုက်ပြီး ယီယွမ်ဆီသို့ စိတ်ပူပန်စွာဖြင့် မေးမြန်းခဲ့၏။
မည်သို့ပင်ဖြစ်စေကာမူ စူးယူဘိုင်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်၍ သူ၏ခွန်အားက ယီယွမ်၏ခွန်အားထက် အလွန်မြင့်မားနေခဲ့သည်။
“ကိတ်မုန့်ခွဲရသလိုပါပဲ…..” ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။
“ဟမ့်… အမြင်မရှိတော့ဘဲ အကြောက်အလန့်မရှိတဲ့ အရူး… သွားသေလိုက်တော့…..” စူးယူဘိုင်က ယီယွမ်ကို မိုးကြိုးပစ်လိုက်သလို အင်အားတစ်ခုဖြင့် တိုက်ခိုက်ခဲ့သည်။
ယီဟန်၏ မျက်နှာက အေးစက်သွားခဲ့၏။ ယီဟန်က လှုပ်ရှားလိုက်မည့်အချိန်တွင် စူးယူလင်က ဟန့်တားလိုက်သည်။ ကူရာကယ်ရာမဲ့စွာဖြင့် ယီဟန်က စူးယူလင်ဘက်သို့ လှည့်၍ တိုက်ခိုက်ခဲ့ရ၏။
“ယွမ်အာ… မင်းကဂရုစိုက်လိုက်ဦး… စူးယူလင်နဲ့ရင်ဆိုင်ဖြေရှင်းပြီးသွားပြီဆိုရင် ငါကမင်းကို ကူညီဖို့လာခဲ့မယ်…..” ယီဟန်က ယီယွမ်ကို စကားတစ်ခွန်းသာ ပြောရန် အချိန်ရခဲ့သည်။
“အဖေက စူးယူလင်နဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ထားပါ… ဒီအဖိုးကြီးက ကျွန်တော့်ကို သတ်ချင်တာက ထင်သလောက်မလွယ်ပါဘူး…..”
ယီယွမ်ကလည်း စကားတစ်ခွန်းသာ ပြောခဲ့၏။ ထို့နောက် ဝိညာဉ်ဟင်းလင်းပြင်ဖျက်ဆီးခြင်း ပညာရပ်ကို စတင်အသက်ဝင်လာစေရန် ထုတ်ဖော်လိုက်ပြီးနောက် စူးယူဘိုင်၏တိုက်ခိုက်မှုကို လျှောတိုက် ရှောင်တိမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ခန်းမကျယ်ကြီးက အကြီးအကျယ် ဝရုန်းသုန်းကား ဖြစ်နေခဲ့ပြီဖြစ်သည်။ နှစ်ဖက်စလုံးက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့ကြပြီဖြစ်၏။
သို့ရာတွင် တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များ၏ တိုက်ပွဲက အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိနေခဲ့ကြသည်။
တိုက်ပွဲ၏ အရှုံးနှင့် အနိုင်ကို ယီဟန်နှင့် စူးယူလင်တို့၏ တိုက်ပွဲမှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ရာ အနိုင်ရရှိသူက သူ၏ဘက်သို့ အောင်ပွဲချိန်ခွင်လျှာ အသာရယူသွားနိုင်ပေမည်။
စူးယူဘိုင်၏ တိုက်ခိုက်မှုက လွဲချော်သွားခဲ့ပြီး သူကအေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ “ငါ့ကိုခြိမ်းခြောက်ဖို့ ဒီခြေလှမ်းသိုင်းပညာရပ်ကို အားကိုးနေတာလား… အ,လိုက်တာကွာ… စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တွေက အဆင့်(3)သိုင်းပညာရပ်တွေကို လေ့ကျင့်နိုင်နေပြီဆိုတာ မင်းမသိဘူးလား…..”
“စိတ်ဝိညာဉ်ငြိမ်သက်ခြေလှမ်း…..”
စူးယူဘိုင်က အသံတိုးတိုးလေးဖြင့် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကလည်း လေထုထဲ၌ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့၏။
ယီယွမ်က သူ၏ဦးရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်ကို ရုတ်တရက်ခံစားလိုက်ရ၏။ ပြင်းထန်၍ အရိုးထိအောင်ထွင်းဖောက်နိုင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက သူ၏ကျောဘက်မှ ဝင်ရောက်လာခဲ့သည်။
တွေးတောနေခြင်းပင် မပြုတော့ဘဲ သူကဓားကိုးချောင်းဓားကွက်ကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် ယီယွမ်ကိုးယောက်က ပေါ်ပေါက်လာခဲ့၏။
ဘုန်း…..
ခန်းမကျယ်ကြီး၏ ကြမ်းပြင်က စူးယူဘိုင်၏ လက်ဝါးချက်ကြောင့် ကွဲကြေလွင့်စင်သွားခဲ့၏။ ယီယွမ်က ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည်ဆိုရုံမှသာ ရှောင်တိမ်းနိုင်ခဲ့သည်။
“ဟမ့်… နောက်တစ်ခါ ဒီသိုင်းကွက်ပဲထုတ်သုံးပြန်ပြီ… ငါကမင်းကို နောက်ထပ်ဘာမှမလုပ်နိုင်တော့ဘူးလို့ မင်းတကယ်ထင်နေတာလား…..”
စူးယူဘိုင်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ပုံရိပ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့၏။
“ကောင်းကင်ခွဲလက်ဝါး….. ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲခြင်း… ငရဲကိုသွားလိုက်တော့…..”
စူးယူဘိုင်၏ ပုံရိပ်က ဤတစ်ကြိမ်တွင် ယီယွမ်၏နံဘေး၌ ပေါ်ပေါက်လာခဲ့ပြီး ဧရိယာကျယ်ကြီးကို သက်ရောက်စေသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပေသည်။
လက်ဝါးချက်မှ လေလှိုင်းဖြတ်သန်းသွားသော နေရာများက ဗလာကျင်းသွားခဲ့၏။ ယီယွမ်က ပုံရိပ်ကိုးခုရှိနေသည်ကို အသာထားဘိ တစ္ဆေဆယ့်ရှစ်ကောင်ပင် ဤနေရာတွင် ရှိနေခဲ့ပါက သူတို့ကလည်း စူးယူဘိုင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်မဟုတ်တော့ပေ။
ဤတိုက်ခိုက်မှုက ယခင်တိုက်ခိုက်မှုကဲ့သို့ အင်အားပြင်းထန်ခြင်း မရှိတော့သော်လည်း ယီယွမ်၏ ပုံရိပ်ကိုးခုအတွက် ပုန်းအောင်းတိမ်းရှောင်ရန် နေရာမရှိခဲ့တော့ပေ။
ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲခြင်း သိုင်းကွက်မှာ ကောင်းကင်ခွဲလက်ဝါး၏ အန္တိမသိုင်းကွက်(နောက်ဆုံး/အဆုံးစွန်လို့ ပြောတာပါ) ဖြစ်၏။ ထိုသိုင်းကွက်ကို အောင်မြင်မှုကြီးမားသည့်အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးမှသာ ထုတ်ဖော်အသုံးပြုနိုင်ပေသည်။
စူးယူဘိုင်က ထိုသိုင်းကွက်ကို ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူ၍ တဖြည်းဖြည်း လေ့ကျင့်အောင်မြင်လာခဲ့ခြင်း ဖြစ်၏။ ထိုသိုင်းကွက်ကို ထုတ်ဖော်အသုံးပြုခြင်းအတွက် အင်အားကြီးမားစွာ ထုတ်ဖော်ရန်မလိုအပ်တော့ပေ။
အန္တရာယ်၏ ကြီးမားသောအာရုံအငွေ့အသက်တစ်ခုက ရှေ့တည့်တည့်မှ ပြေးဝင်လာခဲ့သည်။
“ဂရုစိုက်ဦး ယွမ်အာ…..” ယီဟန်က စူးယူလင်နှင့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေခဲ့ရသော်လည်း သူ၏အာရုံကို ယီယွမ်၏အခြေအနေအပေါ် လျစ်လျူရှုထားရန် လုံးဝမတတ်နိုင်ခဲ့ပေ။
သူ၏သားက စူးယူဘိုင်နှင့် ယှဉ်လျှင် အရည်အချင်းအလွန်မြင့်မားသော်လည်း လက်ရှိအချိန်တွင် သူ၏ကျင့်စဉ်အဆင့်က အလွန်နိမ့်ကျနေခဲ့၍ ယှဉ်ပြိုင်နိုင်မည်မဟုတ်သေးကြောင်း သူကသိရှိပေ၏။
“ဟမ့်… မင်းကိုယ်မင်း ဂရုစိုက်တာ ပိုကောင်းပါတယ်…..” စူးယူလင်က လက်ဝါးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်ပြီး ယီဟန် ခြေလှမ်းမည့်နေရာကိုလည်း သူ၏လက်ဝါးချက်များဖြင့် တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။
ယီယွမ်က ဤတိုက်ခိုက်မှုကို ရှောင်တိမ်းစရာနေရာမရှိတော့ပေ။
“သဘာဝစွမ်းအင် လောင်ကျွမ်းခြင်း… ဓားကိုးချောင်းဓားကွက်…..”
ဝုန်း…..
ထိုအချိန်တွင် ယီယွမ်၏ခန္ဓာကိုယ်က မလှုပ်မရှားနိုင်တော့သည်နှင့် တူနေခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကိုယ်တွင်းစွမ်းအင်များက ပွက်ပွက်ထနေခဲ့၏။
ထိုအခိုက်အတန့်၌ ယီယွမ်က အမှန်တကယ်ပင် ရှောင်တိမ်းခြင်းမပြုတော့ဘဲ ဓားကိုးချောင်းဓားကွက်ကို အင်အားပြည့်ထုတ်ဖော်လိုက်ပေသည်။
လျင်မြန်စွာပင် ဓားအလင်းကိုးခုက စူးယူဘိုင်ဆီသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားခဲ့၏။
စောစောကလေးက အနိုင်ရမည့်ခံစားချက်တစ်ခုကို စူးယူဘိုင်က ခံစားနေခဲ့ရသော်လည်း ယခုအချိန်တွင်မူ သူ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပေသည်။
ကြောက်စရာအလွန်ကောင်းသည့် ဓားအလင်းကိုးခုက သူ၏လက်ဝါးချက်လေလှိုင်းကို အသာအယာထွင်းဖောက်လာခဲ့သည့်ပုံဖြင့် အမှန်တကယ် ကျော်ဖြတ်လာခဲ့၏။
ဘုန်း….. ဘုန်း….. ဘုန်း…..
ရွှီး….. ရွှီး….. ရွှီး…..
စူးယူဘိုင်၏ လက်ဝါးချက်ကို အပြည့်အဝ အထိခံလိုက်ရ၍ ယီယွမ်၏ ခန္ဓာကိုယ်က ကြိုးမဲ့စွန်တစ်ကောင်ကဲ့သို့ လွင့်ပျံသွားခဲ့သည်။
ယီယွမ်က ထိုသို့ကြောက်စရာကောင်းလှသော တိုက်ခိုက်ခြင်းပညာရပ်တစ်ခုကို အသုံးပြုလိမ့်မည်ဟု စူးယူဘိုင်က မည်သည့်အချိန်ကမှ တွေးမိခဲ့ခြင်းမရှိပေ။ လက်ရှိအချိန်တွင် သူ၏ခြေလှမ်းသိုင်းပညာရပ်ကို ထုတ်ဖော်အသုံးပြုရန်ကြိုးစားလိုက်သော်လည်း အချိန်က နောက်ကျသွားခဲ့ပြီဖြစ်၏။
စူးယူဘိုင်က နေရာမှ လူးလှိမ့်ရှောင်တိမ်းရန်သာ တတ်နိုင်ခဲ့ပေသည်။
သို့ရာတွင် ဤဓားအလင်းကိုးခုက နှိုင်းယှဉ်၍မရလောက်အောင်ပင် သိပ်သည်းလှပေ၏။ သူကထိုဓားအလင်းများကို လူးလှိမ့်ရှောင်တိမ်းရန် မည်သည့်အတွက် လွယ်ကူတော့မည်နည်း။
ဒဏ်ရာကြီးများနှင့် လက်မောင်းတစ်ဖက်က ရုတ်တရက် လွင့်ထွက်သွားခဲ့သည်။
ယီယွမ်၏ ဓားအလင်းက စူးယူဘိုင်၏ လက်မောင်းတစ်ဖက်ကို အမှန်တကယ်ပင် ဖြတ်တောက်သွားနိုင်ခဲ့ပေပြီ။
စူးယူဘိုင်က ဓားအလင်းရှစ်ခုကို ပွတ်ကာသီကာရှောင်တိမ်းနိုင်ခဲ့သော်လည်း ဤကိုးခုမြောက်ဓားအလင်းကို လူးလှိမ့်ရှောင်တိမ်းရန် မစွမ်းဆောင်နိုင်ခဲပေ။
သူ၏ခန္ဓာကိုယ်မှ သဘာဝစွမ်းအင်အားလုံးကို အသုံးပြု၍ ဤဓားအလင်းကို ခုခံရန်ကြိုးစားခဲ့သော်လည်း ဤကိုးခုမြောက်ဓားအလင်းက သူ၏စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်၏ သဘာဝစွမ်းအင်အကာအကွယ်ကို ဖြတ်ကျော်လာပြီး သစ်ပင်မှခြောက်သွေ့သွားသော သစ်ကိုင်းတစ်ခုကို ချိုးဖျက်ပစ်လိုက်သည့်အတိုင်း သူ၏လက်မောင်းတစ်ဖက်ကို အမှန်တကယ် ဖြတ်တောက်ပစ်နိုင်ခဲ့ပေ၏။
“အား…..”
အလွန်စိတ်မချမ်းမြေ့စရာကောင်းသောအသံဖြင့် စူးယူဘိုင်က နာကျင်စွာ အော်ဟစ်လိုက်သည်။
“ယွမ်အာ…..” စောစောက ယီယွမ်လွင့်စင်သွားသည်ကို သေချာမြင်တွေ့လိုက်သည်။ စူးယူလင်ကို လက်ဝါးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်ပြီး နောက်ဆုတ်သွားစေခဲ့ကာ ယီယွမ်ဆီသို့ ပြေးသွားရန် ပြင်ဆင်ခဲ့၏။
“ထွက်သွားချင်တယ်လား… အဲဒီလောက်မလွယ်ဘူးလေ… ခဏစောင့်ဦး ဒုတိယညီလေး… ယီဟန်ကို ဂရုစိုက်ကိုင်တွယ်ပြီးရင် ငါကချက်ချင်းလာခဲ့မယ်…..”
စူးယူလင်က ယီဟန်အပေါ်တွင်သာ ဇွဲကောင်းကောင်းနှင့် အာရုံစိုက်ထားခဲ့ပြီး စူးယူဘိုင်ဆီသို့ သွားရောက်ရန်ရည်ရွယ်ချက် မရှိခဲ့သေးပေ။
မူလကတည်းက စူးယူလင်နှင့်တိုက်ခိုက်ရာတွင် ယီဟန်ကနိမ့်ကျသောအခြေအနေတွင် ရောက်ရှိနေခဲ့သည်။ စူးယူလင်က သူ့ကိုထွက်မသွားစေရန် ရည်ရွယ်ချက်ဖြင့် တားဆီးထားခဲ့ချိန်တွင် ယီဟန်က သူ့ကိုနောက်ဆုတ်သွားစေရန် လုပ်ဆောင်နိုင်စွမ်းမရှိတော့ပေ။
“ငရဲကိုသွားလိုက်တော့ စူးယူလင်…..”
စူးယူလင်၏ တားဆီးပိတ်ပင်ခြင်းကို ခံနေရ၍ ယီယွမ်၏ လုံခြုံရေးအတွက် ယီဟန်ကစိုးရိမ်နေခဲ့သည်။ သူတိုက်ခိုက်လိုက်သောတိုက်ကွက် တစ်ခုချင်းစီက သူသေကိုယ်သေ တိုက်ကွက်များဖြစ်နေခဲ့၍ စူးယူလင်ကို အချိန်အနည်းငယ်ခန့် ဖိအားပေးထားနိုင်ခဲ့၏။
“အား… ငါ့လက်မောင်း… ဘာဖြစ်သွားတာလဲ... ငါကသဘာဝစွမ်းအင် အကာအကွယ်ကို ထုတ်သုံးထားခဲ့တာလေ… ဒါကိုဘာလို့ ဒီလိုဖြစ်လာရတာလဲ…..”
အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုတစ်ခုက သူ၏သဘာဝစွမ်းအင် အကာအကွယ်ကို မည်သည့်အတွက်ကြောင့် တိုက်ရိုက်ထိုးဖောက်သွားနိုင်ခဲ့သည်ကို စူးယူဘိုင်က နားလည်နိုင်ခြင်းမရှိခဲ့ပေ။
ဒီဟာက ဓားအလင်းတစ်ခုပဲ မဟုတ်ဘူးလား…..
အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ထုတ်ဖော်လိုက်သော ဓားအလင်းတစ်ခုက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်၏ လက်မောင်းတစ်ဖက်ကို မည်သည့်အတွက် ဖြတ်တောက်သွားနိုင်ခဲ့ရသနည်း။
သူမသိခဲ့သောအချက်မှာ စောစောက ဓားကိုးချောင်းဓားကွက်ကို ယီယွမ်က ထုတ်ဖော်လိုက်ချိန်တွင် ဝိညာဉ်ဘရစ်စတယ်သိုင်းပညာရပ်၏ လူသားအခန်းမှ ဒုတိယမြောင်ပညာရပ် သဘာဝစွမ်းအင်လောင်ကျွမ်းခြင်းကိုပါ ဖြည့်စွက်အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
သဘာဝစွမ်းအင်လောင်ကျွမ်းခြင်းပညာရပ်က အလွန်အံ့အားသင့်စရာကောင်းသည့် ပညာရပ်များထဲတွင် မပါဝင်ပေ။ ထိုပညာရပ်က သိုင်းပညာရပ်များ၏ စွမ်းအင်ကို တိုးတက်စေပြီး သိုင်းပညာရှင်တစ်ယောက်က အသုံးပြုလိုက်သော သိုင်းပညာရပ်များကို မူလကထက် အဆပေါင်းများစွာ တိုးတက်မြင့်မားလာစေနိုင်၏။
ဓားကိုးချောင်းဓားကွက်က ပုံမှန်အားဖြင့် အလွန့်အလွန် အစွမ်းထက်သော သိုင်းပညာရပ်တစ်ခု ဖြစ်သော်လည်း ယီဟန်၏ ကျင့်စဉ်အဆင့်က ကန့်သတ်ထားခဲ့၍ ထိုပညာရပ်၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိခဲ့ပေ။
သို့သော်ယခု ဓားကိုးချောင်းဓားကွက်က အဆပေါင်းများစွာ ပိုမိုစွမ်းအားတိုးမြင့်လာခဲ့ပေရာ စူးယူဘိုင်ကဲ့သို့ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်ရန် လုံလောက်သွားခဲ့ပြီဖြစ်သည်။
ဤဓားအလင်းက သူ၏အရေးကြီးသော သေကွင်းသေကွက်နေရာများအား ထိမှန်းသွားခြင်းမရှိသည်ကို စူးယူဘိုင်က ကျေးဇူးတင်သင့်ပေသည်။ ထိုသို့မဟုတ်ပါက လက်ရှိကဲ့သို့ လက်မောင်းတစ်ဖက်ပြတ်သွားခြင်းသာ ဖြစ်ခဲ့မည်မဟုတ်ပေ။
“အား… ယီယွမ်… ငါမင်းကိုအသေသတ်ပစ်မယ်… သွားသေလိုက်တော့…..”
စူးယူဘိုင်က ဒေါသအိုးပေါက်ကွဲထွက်သွားပြီး ပြေးဝင်လာခဲ့ပေသည်။
________________________