Chapter-203
“စွန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်ကြီး စွန်းထန်ယင်ရောက်ရှိလာပါပြီ…..”
“ဆေးလုံးဖွဲ့စည်းခြင်းဂေဟာသခင်ကြီး ဂျန်ရှင်းရောက်ရှိလာပါပြီ…..”
“ဝမ်းမိသားစုရဲ့ မိသားစုခေါင်းဆောင်ကြီး
ဝမ်းကျီရောက်ရှိလာပါပြီ…..”
. . . . . .
ကြယ်တာရာယစ်မူးဂေဟာ၏ ဝင်ပေါက်ရှေ့တွင် ကြီးကြပ်ရေးအရာရှိတစ်ယောက်က ကျယ်လောင်သောအသံဖြင့် ထပ်ကာထပ်ကာ သတင်းပေးအကြောင်းကြားနေခဲ့၏။
မိသားစုကြီးများ၏ မိသားစုခေါင်းဆောင်များ၊ မှော်ဆေးပညာလောက၏ နာမည်ကြီးပုဂ္ဂိုလ်များ၊ လက်ရှိအချိန်တွင် နာမည်ကျော်ကြားနေကြသော သိုင်းပညာရှင်များနှင့် မြို့တော်မှ အရေးပါသော မြို့မျက်နှာဖုံးပုဂ္ဂိုလ်များအားလုံးက ကြယ်တာရာယစ်မူးဂေဟာသို့ စုဝေးရောက်ရှိလာကြသည်။
“”ဟားဟား… စွန်းမိသားစုခေါင်းဆောင်ကြီးက ကျွန်တော်တို့
ဖိတ်ကြားထားတာကို လက်ခံပြီးကြွရောက်တာက ကျွန်တော်တို့လို နိမ့်ကျတဲ့လူတွေအတွက် သနားကြင်နာခြင်းကို ပြသပေးလိုက်တာပါပဲ… အထဲကိုမြန်မြန်ကြွရောက်ပြီး ထိုင်ပါဦးနော်…..”
“အားရိုး… ဒါက ဂျန်ဂေဟာသခင်မဟုတ်လား… မတွေ့ရတာကြာပြီနော်… မတွေ့ရတာကြာပါပြီ… ကျေးဇူးပြုပြီးအထဲကိုကြွရောက်ပေးပါ… အထဲကို ကြွရောက်ပေးပါ…..”
ဝမ်ဒွန်ယန်က ကြယ်တာရာယစ်မူးဂေဟာ၏ ဝင်ပေါက်၌ ဧည့်သည်များကို ကြိုဆိုနေခဲ့ရာ အလွန်တရာ အလုပ်များနေခဲ့၏။
ဝမ်ဒွန်ယန်၏ မျက်နှာတွင်ပေါ်ပေါက်နေသော ဝမ်းသာပီတိဖြစ်နေမှုများကို လူတိုင်းမြင်တွေ့နိုင်ပေသည်။
ဝမ်ဒွန်ယန်က ချိုချိုသာသာပြုမူကြိုဆိုနေခဲ့သော်လည်း ထိုလူတန်းစားခွဲခြားဆက်ဆံသော လေသံနှင့်အပြုအမူများက လူအများကို အတော်ကလေး မကျေမနပ်ဖြစ်စေခဲ့၏။
သို့ရာတွင် သူတို့က မည်သို့ပင် မပျော်မရွှင် ဖြစ်နေစေကာမူ ရွေးချယ်စရာလုံးဝမရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ယနေ့မှစ၍ ကြယ်တာရာယစ်မူးဂေဟာမှာ ချင်နိုင်ငံ၏ မှော်ဆေးပညာလောက၌ ပြိုင်ဖက်မရှိကြီးစိုးချုပ်ကိုင်တော့မည့်အတွက် ဖြစ်သည်။
အင်ပါရီယာမိသားစုပင် ကြယ်တာရာယစ်မူးဂေဟာကို မှီခိုနေရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အင်ပါရီယာမိသားစုက အရည်အချင်းရှိသူများကို ပြုစုပျိုးထောင်ရန်လိုအပ်နေသေးရာ သူတို့ကရွေးချယ်စရာမရှိတော့၍ ကြယ်တာရာယစ်မူးဂေဟာ၏ ဆေးလုံးများကို ဝယ်ယူအားပေးရန်လိုအပ်ပေသည်။ ထိုသို့မဟုတ်ခဲ့ပါက သူတို့၏လူငယ်မျိုးဆက်သစ်များမှာ အခြားမိသားစု၏မျိုးဆက်သစ်များနောက်တွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။
ပို၍အရေးကြီးသောအချက်မှာ ထိုအရာက စူးမိသားစု၏ နောက်သို့ကျန်ရစ်ခဲ့ပေလိမ့်မည့်အချက်ပင် ဖြစ်သည်။
ယခုအချိန်မှစ၍ သင်းရနံ့ဆေးဂေဟာမှာ မြို့တော်မှကွယ်ပျောက်သွားလိမ့်မည်ဟု လူတိုင်းကယူဆထားခဲ့ကြ၏။ ကြယ်တာရာယစ်မူးဂေဟာကို ယှဉ်ပြိုင်ရန် အင်ပါရီယာမိသားစုက ထောက်ပံ့ပေးခဲ့သော အင်အားက လုံးဝပျောက်ကွယ်သွားခဲ့ရပေပြီ။
သို့သော် သူတို့မှာလည်း ရွေးချယ်စရာမရှိခဲ့ပေ။ တစ်ပြိုင်တည်းတွင် ဆေးလုံးအသစ်သုံးမျိုးကို ထုတ်ဖော်ပြသမည်ဆိုခြင်းက သင်းရနံ့ဆေးဂေဟာကို အလွန်ပြင်းထန်စွာ ထိခိုက်ဆိုးရွားသွားစေခဲ့သည်။
ထို့ကြောင့် ဝမ်ဒွန်ယန်က မာနကြီး၍ ဝင့်ကြွားစွာပြုမူနေခဲ့ခြင်းမှာ ဖြစ်သင့်သောအရာတစ်ခုဖြစ်၏။
“သင်းရနံ့ဆေးဂေဟာသခင် ယီဟန်ရောက်ရှိလာပါပြီ… အင်ပါရီယာဦးရီးတော် နန်ဖိန်လွေနဲ့ ဒေဝီထိပ်ထားမင်းသမီး နန်ဖိန်လျှိုချင်တို့ ရောက်ရှိလာပါပြီ…..” ကြီးကြပ်ရေးအရာရှိက နောက်တစ်ကြိမ် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထိုသို့အော်ဟစ်လိုက်မှုက နန်ဖိန်မိသားစုကို ကိုယ်စားပြုလာရောက်ကြသောလူများနှင့် ယီဟန်တို့က တစ်ပြိုင်တည်း အတူရောက်ရှိလာကြသည်မှာ တိုက်ဆိုင်မှုတစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။
ထိုသို့ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်တစ်ခုက ဖြစ်ပျက်လာခဲ့ချိန်တွင် မည်သူကအရင်ရောက်လာခဲ့ပြီး မည်သူကနောက်ကျမှရောက်လာခဲ့သည်ဆိုခြင်းမှာ တွေးတောနေစရာကိစ္စတစ်ခု မဟုတ်တော့ပေ။
ဤတစ်ကြိမ်တွင် စောစောက ရောက်ရှိလာခဲ့ကြသော ပုဂ္ဂိုလ်များက မြို့တော်တွင် အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ယခုလက်ရှိ လာရောက်ကြသော ပုဂ္ဂိုလ်များနှင့်ယှဉ်လျှင် သူတို့ကနိမ့်ကျနေပေသေးသည်။
ပြော၍ရသည့်အချက်မှာ စောစောရောက်ရှိလာခဲ့သော လူများက ခွန်အားပိုမိုအားနည်းသောသူများ ဖြစ်ကြသည်။ နောက်မှရောက်ရှိလာသော လူများက ပို၍ခွန်အားကြီးမားလာလေဖြစ်၏။
ယေဘုယျအားဖြင့်ပြောဆိုရမည်ဆိုလျှင် အင်ပါရီယာမိသားစုကို ကိုယ်စားပြုသောလူများက နောက်ဆုံးရောက်ရှိလာသူ ဖြစ်သင့်ပေ၏။ သို့သော် နန်ဖိန်လွေက နောက်ဆုံးရောက်ရှိလာခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စူးမိသားစုကို ကိုယ်စားပြုသောလူများက ရောက်ရှိလာခြင်းမရှိကြသေး၍ဖြစ်သည်။
ဝမ်ဒွန်ယန်က နန်ဖိန်လွေနှင့် နန်ဖိန်လျှိုချင်တို့ကို မြင်တွေ့လိုက်သောအချိန်တွင် ကပျာကယာ ပြေးလာ၍ အရိုအသေပေးလိုက်၏။ “ဝမ်ဒွန်ယန်က အင်ပါရီယာဦးရီးတော်ကို အရိုအသေပေးပါတယ်… ဒေဝီထိပ်ထားမင်းသမီးကိုလည်း အရိုအသေပေးပါတယ်…..”
နန်ဖိန်လွေက မျက်မှောင်ကုတ်၍ မကျေမနပ်ပြောဆိုခဲ့သည်။ “ဝမ်ဒွန်ဟိုင်ဘယ်ရောက်နေတာလဲ… ငါကအင်ပါရီယာမိသားစုကို ကိုယ်စားပြုပြီး ရောက်ရှိလာတာလေ… ပိုင်ရှင်ဖြစ်တဲ့သူက အပြင်ကိုထွက်လာပြီး လူတွေကိုကြိုဆိုရမယ်ဆိုတာ မသိဘူးလား…..”
နန်ဖိန်လွေ၏ မကျေမနပ်ဖြစ်နေမှုကို မြင်လိုက်ရသော်လည်း ဝမ်ဒွန်ယန်က ထိုအမူအရာကို မမြင်ခဲ့သလို ပြုမူနေခဲ့၏။
သူကတောင်းပန်သောအပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး ပြောဆိုလိုက်၏။ “ဒေါသမထွက်ပါနဲ့ အင်ပါရီယာဦးရီးတော်… ဒီနေ့မှာ လာရောက်ကြတဲ့ ဧည့်သည်တော်တွေက အလွန်များပြားတယ်လေ… အစ်ကိုကြီးက လက်မလည်အောင်အလုပ်ရှုပ်နေရတဲ့အတွက် တကယ်ကို မအားလပ်ပါဘူး… ဒါကြောင့် သူကကျွန်တော့်ကို ဒီနေရာကိုလာရောက်စေပြီး အင်ပါရီယာဦးရီးတော်နဲ့ ဒေဝီထိပ်ထားမင်းသမီးကို လာရောက်ကြိုဆိုစေခဲ့တာပါ…..”
“ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်တာလဲ… ချင်နိုင်ငံက နန်ဖိန်မိသားစုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသေးတာပဲလေ… မင်းတို့ဝမ်မိသားစုက ဒီလိုအပြုအမူမျိုးကို တကယ်ပဲလုပ်ဆောင်ရဲတယ်ပေါ့…..” ထိုစကားကိုကြားသော် နန်ဖိန်လွေက ဒေါသထွက်သွားခဲ့သည်။
“ဟားဟား… အင်ပါရီယာဦးရီးတော်လည်း မြင်တဲ့အတိုင်းပဲလေ… ဒီဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးမှာ ဒီလောက်အထိကို လူတွေများပြားနေတယ်… ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ကြယ်တာရာယစ်မူးဂေဟာက ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်ကြီးတစ်ခုကို ပထမဦးဆုံးအကြိမ် တာဝန်ယူကျင်းပတာလေ… ဒါကြောင့် ကျွန်တော်တို့က ဒီလိုဖြစ်ရပ်မျိုးကို အတွေ့အကြုံမရှိသေးပါဘူး… တကယ်လို့ ကျွန်တော်တို့က အင်ပါရီယာမိသားစုကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ်ဆိုရင် နားလည်ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်… အင်ပါရီယာဦးရီးတော်… ကျွန်တော် ဝမ်ဒွန်ယန်က ကြယ်တာရာယစ်မူးဂေဟာရဲ့ ဂေဟာသခင်မဟုတ်ပေမဲ့ ကျွန်တော့်အစ်ကိုကြီးနဲ့ မိခင်တစ်ဦးတည်းက အတူတူမွေးဖွားလာခဲ့ကြတဲ့ ညီအစ်ကိုတွေပဲလေ… ပြီးတော့ ကြယ်တာရာယစ်မူးဂေဟာရဲ့ ဒုတိယဂေဟာသခင်ပါ… အင်ပါရီယာဦးရီးတော်ကို ဒီနေရာမှာ ကျွန်တော်ကလာကြိုနေတာ သင့်တော်တဲ့ ကိစ္စတစ်ခုမဟုတ်ပေဘူးလား…..”
ဝမ်ဒွန်ယန်၏ စိတ်ကြီးဝင်နေသော အကြည့်ကိုမြင်သော် နန်ဖိန်လွေက အလွန်ဒေါသထွက်သွားခဲ့ပေရာ သူ၏နားများမှ အခိုးအငွေ့များထွက်ပေါ်လာလုနီးပါး ဖြစ်သွားခဲ့၏။
သာမန်ကမ္ဘာလေးတစ်ခုတွင် အင်ပါရီယာပြည့်ရှင်မင်း၏ စွမ်းအားက အလွန့်အလွန်အစွမ်းထက်ပေသည်။
နန်ဖိန်လွေသည် အင်ပါရီယာပြည့်ရှင်မင်း,နန်ဖိန်ရီ၏ သွေးရင်းဦးရီးတော်ဖြစ်၏။ သူကအင်ပါရီယာမိသားစုတစ်ခုလုံးကို ကိုယ်စားပြုလာရောက်ခဲ့ခြင်းဖြစ်သည်။ ဝမ်ဒွန်ဟိုင်ကမည်မျှပင် အလုပ်များနေစေကာမူ သူကဤနေရာသို့လာရောက်၍ နန်ဖိန်လွေကို ကြိုဆိုနှုတ်ဆက်ရန်လိုအပ်ပေ၏။
သို့ရာတွင် ဝမ်ဒွန်ဟိုင်က သူ့အားတွေ့ဆုံခြင်းမရှိဘဲ ရှောင်တိမ်းနေခဲ့၏။ ဤအရာက အင်ပါရီယာမိသားစုကို မခန့်လေးစားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဤတစ်ကြိမ် ဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးက အခြားရည်ရွယ်ချက်များ ရှိနေခဲ့ပုံရပေသည်။
“ဟမ့်… ကြည့်ရတာ ကြယ်တာရာယစ်မူးဂေဟာက အင်ပါရီယာမိသားစုကို တကယ်ပဲဆန့်ကျင်လိုက်ပြီပေါ့… ဒီလိုဆိုမှတော့လည်း ချင်အာရေ သွားကြစို့ဟေ့…..” စကားအဆုံး၌ နန်ဖိန်လွေက သူ၏အင်္ကျီလက်စကို ခါယမ်း၍ ထွက်ခွာသွားခဲ့၏။
သို့သော် ဝမ်ဒွန်ယန်က သူတို့ကိုရပ်တန့်ရန် တားဆီးမည့်ရည်ရွယ်ချက်အနည်းငယ်ပင်မရှိခဲ့ပေ။ သူကအသာအယာပြုံး၍ နန်ဖိန်လွေ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပေသည်။
“ခဏနေပါဦး အင်ပါရီယာဦးရီးတော်…..”
ထိုအချိန်၌ အနည်းငယ်နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုစကားကိုပြောလိုက်သူမှာ ယီဟန်၏ဘေး၌ တစ်ချိန်လုံး ရပ်နေခဲ့သော ယီယွမ်ပင်ဖြစ်သည်။ နန်ဖိန်လွေက ထိုစကားကိုကြားချိန်၌ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပေ၏။
နန်ဖိန်လွေက မှော်ဆေးပညာကိုရူးသွပ်သောသူတစ်ဦးဖြစ်သည်မှာ သိသာလှပေသည်။ ပုံမှန်အားဖြင့် သူ့တွင် ဤသို့သောအခြေအနေမျိုးကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုခြင်းအား အတွေ့အကြုံလုံးဝမရှိပေ။
ဤအခြေအနေက အပေါ်ယံတွင် သင်းရနံ့ဆေးဂေဟာကို တိုက်ရိုက်ပစ်မှတ်ထားသည်ဟု ထင်မြင်နေရသော်လည်း အမှန်တကယ်တွင်မူ ထိုအရာက အင်ပါရီယာမိသားစုကို ဦးတည်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ဤအချက်ကို ကောင်းမွန်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်လျှင်ပင် ထင်ရှားစွာမြင်တွေ့နိုင်ပေ၏။
အကယ်၍ ယနေ့အချိန်တွင် အင်ပါရီယာမိသားစုမှ တစ်ဦးတစ်ယောက်မှ ရောက်ရှိလာခြင်း မရှိပါက တိုက်ခိုက်လိုခြင်းမရှိဘဲ နောက်သို့ဆုတ်ခွာရှောင်ဖယ်လိုက်သည်နှင့် အတူတူပင်ဖြစ်သည်။
အတွင်းတွင်ရှိသော ထိုပုဂ္ဂိုလ်များမှာ အင်ပါရီယာမိသားစုအတွက် သစ္စာခံထားသော နောက်လိုက်များမဟုတ်ကြပေ။ သို့သော် လူသားကမ္ဘာကြီးတွင် “အကျိုးအမြတ်”ဟူသောစကားက အမြဲတမ်းအရေးပါအရာရောက်သော ကိစ္စတစ်ခုဖြစ်၏။ သူတို့အတွက်ကမူ မည်သူက အင်ပါရီယာပြည့်ရှင်မင်း ဖြစ်လာပါစေ များစွာကွာခြားခြင်းမရှိလှပေ။
ထို့ကြောင့် အကယ်၍ ဝမ်မိသားစုက သူတို့အားနေရာချအလေးပေးခြင်း မရှိလျှင်ပင် နန်ဖိန်လွေက ထွက်သွား၍မရပေ။
ဤဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးတွင် အင်ပါရီယာမိသားစုကို ကိုယ်စားပြုသော တစ်စုံတစ်ဦးက သေချာပေါက်ရှိနေရပေမည်။ ထိုသို့မဟုတ်ခဲ့ပါက အမှောင်ထဲတွင် ပုန်းကွယ်၍ လေ့လာစောင့်ကြည့်နေကြသော အင်အားစုများက စူးမိသားစုဘက်သို့ ရောက်ရှိသွားပေလိမ့်မည်။
နန်ဖိန်လျှိုချင်က ယီယွမ်ကိုမြင်လိုက်ရသောအချိန်တွင် သူမကလည်း ကူရာကယ်ရာကင်းမဲ့စွာဖြင့် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူမ၏မျက်စိရှေ့တွင်ဖြစ်ပျက်သွားသော အခြေအနေကို သူမကသေချာကြည့်ရှုနေခဲ့သော်လည်း မည်သို့ပြုလုပ်ရမည်မှန်း မသိရှိခဲ့ပေ။ သူမက ထွက်သွားရမည်လား၊ ဆက်လက်နေထိုင်ရမည်လား ဝေခွဲမရဖြစ်နေချိန်တွင် ယီယွမ်ကအချိန်ကိုက် ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မင်းဘာများပြောစရာရှိလို့လဲ ကလေးငယ်လေး…..” နန်ဖိန်လွေက မျက်မှောင်ကုတ်၍ မေးမြန်းခဲ့၏။
ယီယွမ်က နန်ဖိန်လွေ၏ မေးခွန်းကို လျစ်လျူရှုထားခဲ့၏။ ထိုအစားသူက ကြီးကြပ်ရေးအရာရှိ၏ အသံကိုတုပ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ “စူးမိသားစုရဲ့မိသားစုခေါင်းဆောင် စူးယူလင်ရောက်ရှိလာပါပြီ…..”
ဝမ်ဒွန်ယန်၏မျက်နှာကပြောင်းလဲသွားခဲ့ပြီး အခြားသူများက မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဖြစ်နေချိန်တွင် ဝမ်ဒွန်ဟိုင်ကသူ၏မျက်နှာပေါ်တွင် အစွမ်းကုန်ပွင့်လန်းနေသော အပြုံးပန်းတစ်ခုရှိနေခဲ့ပြီး လျင်မြန်စွာပြေးထွက်လာခဲ့၏။
သို့ရာတွင် သူကပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏မျက်နှာမှ အပြုံးကလည်း ချက်ချင်းအေးခဲသွားခဲ့သည်။
နန်ဖိန်လွေနှင့် ယီဟန်ကိုမြင်လိုက်ရချိန်တွင် သူကထောင်ချောက်အတွင်းသို့ ကျရောက်သွားပြီဖြစ်ကြောင်း ဝမ်ဒွန်ဟိုင်ကချက်ချင်းသိရှိသွားခဲ့ပေ၏။
လူအားလုံး၏ မျက်နှာကို လှမ်းကြည့်လိုက်သောအချိန်တွင် ယီယွမ်ကသာ သူ့အားလှောင်ပြောင်လိုသော မျက်နှာထားဖြင့် ကြည့်ရှုနေကြောင်း တွေ့ခဲ့ရသည်။ ဝမ်ဒွန်ဟိုင်၏မျက်နှာက ပျက်ယွင်းသွားခဲ့၏။ ထိုအရာက ဤကလေကချေကောင်၏ အကြံအစည်ကြောင့် ဖြစ်လာပုံရပေသည်။
သူကအပြင်သို့ထွက်လာခဲ့ပြီးဖြစ်၍ အထဲသို့ပြန်ဝင်သွားခြင်းက ကောင်းမွန်သောအပြုအမူမဟုတ်တော့၍ သူ၏ခေါင်းကြိမ်းသွားခဲ့သလို ခံစားလိုက်ရပြီး အရိုအသေပေးရန် ရှေ့သို့ရောက်ရှိလာခဲ့၏။
“ဝမ်ဒွန်ဟိုင်က အင်ပါရီယာဦးရီးတော်ကို အရိုအသေပေးပါတယ်… ဒေဝီထိပ်ထားမင်းသမီးကိုလည်း အရိုအသေပေးပါတယ်… ဒွန်ယန် မင်းရူးနေတာလား… အင်ပါရီယာဦးရီးတော်နဲ့ ဒေဝီထိပ်ထားမင်းသမီးတို့ ရောက်လာတာကို ဘာလို့ငါ့ကိုလှမ်းမခေါ်လိုက်တာလဲ…..” ဝမ်ဒွန်ဟိုင်က အခြားသူများကို စကားပြောရန်ပင် အခွင့်အရေးမပေးခဲ့တော့ဘဲ ဝမ်ဒွန်ယန်ကို ချက်ချင်းငေါက်ငမ်းလိုက်သည်။
ဝမ်ဒွန်ယန်ကလည်း ချက်ချင်းနားလည်သဘောပေါက်သွားခဲ့၍ သူ့ကိုယ်သူအပြစ်တင်စကားပြောဆိုခဲ့၏။ “ဒါတွေအားလုံးက ကျွန်တော့်အပြစ်တွေပါ… ဂေဟာသခင်… ဒီနေ့ ဂေဟာသခင်အရမ်းအလုပ်ရှုပ်နေတာကို ကျွန်တော်တွေ့လိုက်ရတဲ့အတွက် ဧည့်သည့်တော်တွေကို ဧည့်ခံကြိုဆိုဖို့ အချိန်မရှိလောက်ဘူးလို့ထင်ပြီး ကျွန်တော်က…..”
“ပါးစပ်ပိတ်ထား… အင်ပါရီယာဦးရီးတော်နဲ့ ဒေဝီထိပ်ထားမင်းသမီးတို့က သာမန်လူတွေဟုတ်လို့လား…..” ဝမ်ဒွန်ဟိုင်က ဝမ်ဒွန်ယန်ကို ကြိမ်းမောင်းလိုက်ပြီး နန်ဖိန်လွေဘက်သို့ လှည့်၍ ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ညီငယ်လေးက ဘယ်လိုကိစ္စကို ပိုပြီးအလေးထားရမလဲဆိုတာ မသိသေးလို့ပါ… အင်ပါရီယာဦးရီးတော်က ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့…..”
နန်ဖိန်လွေက ပြန်လည်ပြောဆိုတော့မည့်အချိန်တွင် ယီယွမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ “ဂေဟာသခင်ဝမ်… ခင်ဗျားက သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်မလာတာ တကယ်ကို အလဟဿ ဖြစ်သွားတယ်… ဟားဟား… ခင်ဗျားက ကျုပ်ကိုရယ်ရလွန်းလို့ အူတက်သေအောင်လုပ်နေတာပဲ… ဟားဟား… ခင်ဗျားတို့ညီအစ်ကိုနှစ်ယောက် ဟန်ဆောင်ပြောဆိုနေတာတွေကြောင့် ကျွန်တော်တော့ တော်တော်လေး ရယ်မောနေရပြီ…..”
ဝမ်ဒွန်ဟိုင်၏မျက်နှာက နက်မှောင်သွားခဲ့သည်။ ဤကလေကချေကောင်က လျှာစွမ်းထက်သည်ကို သူကောင်းစွာသိရှိပြီးဖြစ်၏။ သူနှင့်စကားများများပြောလေလေ ဒုက္ခရောက်လာနိုင်လေဖြစ်ကြောင်း ဝမ်ဒွန်ဟိုင်က သိရှိနေခဲ့၍ သူ့ကိုလျစ်လျူရှုထားခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သတ်မှတ်ထားခဲ့သည်။
သို့ရာတွင် ယီယွမ်က သူ့အားအလွတ်ပေးမည့် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။ သူကဆက်လက်ရယ်မောခဲ့ပြီး ပြောဆိုလိုက်၏။ “ဂေဟာသခင်ဝမ်… ခင်ဗျားက ခွေးလိမ္မာလေးတစ်ကောင်နဲ့ အတူတူပဲ… ခင်ဗျားရဲ့အရှင်သခင် ရောက်လာပြီလို့ ကြားလိုက်တာနဲ့ ခင်ဗျားက ချက်ချင်းပဲ ရိုရိုကျိုးကျိုး ပြေးထွက်လာခဲ့တယ်… စောစောလေးက အထဲမှာ ခင်ဗျားရဲ့အရှင်သခင် ရောက်လာပြီဆိုတဲ့အသံကို သေချာနားစွင့်နေခဲ့တာပဲမဟုတ်လား…..”
“ယီယွမ်… အင်ပါရီယာဦးရီးတော်နဲ့ ဒေဝီထိပ်ထားမင်းသမီးတို့ အနားမှာရှိနေတယ်နော်… မင်းရဲ့စော်ကားမှုကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်တော့မှာလဲ…..” စကားအနည်းငယ်ပြောလိုက်ပြီးနောက် ဝမ်ဒွန်ဟိုင်၏ ဒေါသများက ပေါက်ကွဲပွင့်ထွက်လာတော့မတတ် ဖြစ်လာခဲ့ပေသည်။
Chapter 204 is coming…..