Chapter-201
ယီမိသားစု၏ စံအိမ်ဝင်းအတွင်း၌ ယီဟန်နှင့် ယီယွမ်က တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍ ထိုင်နေခဲ့ကြသည်။
“ယွမ်အာ… မင်းကိုမတွေ့ရတာ တစ်လလောက်ပဲရှိသေးတာကို မင်းကအဆင့်(2) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်အထိ တက်ရောက်သွားခဲ့ပြီပဲ…..”
ယီဟန်က ယီယွမ်ကို ဂုဏ်ယူစွာဖြင့် ကြည့်နေခဲ့သည်။ သူ၏သားက နတ်ဘုရားကဲ့သို့ အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်ကို မြင်ရခြင်းသည် သူကိုယ်တိုင် အဆင့်တက်ရသည်ထက် ပို၍ပျော်ရွှင်စရာကောင်းနေခဲ့၏။
“ဟားဟား… အဖေကလည်း အဆင့်(2)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်အဆင့်ကို အခြေခိုင်အောင် လုပ်ဆောင်သွားနိုင်ခဲ့ပြီလေ… ပြီးတော့ အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်ဂရန်းမာစတာ အဖြစ်အဆင့်တက်သွားနိုင်ခဲ့ပြီ… ဒီတစ်ကြိမ်မှာ ဝမ်ဒွန်ဟိုင်စီစဉ်ထားတဲ့ ဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးက သူ့ခြေထောက်ပေါ်ကို သူ့ဘာသာကျောက်တုံးတစ်တုံး ပစ်ချလိုက်သလိုဖြစ်သွားလိမ့်မယ်…..” ယီယွမ်က ရယ်မော၍ပြောဆိုလိုက်သည်။
“ဟားဟား… ဒါတွေအားလုံးက မင်းကြောင့်ပဲလေ… တကယ်လို့များ မင်းကငါ့ကို ဒီကျင့်ကြံခြင်းပညာရပ်နှစ်ခု မပေးခဲ့ဘူးဆိုရင် ငါတို့သင်းရနံ့ဆေးဂေဟာက ဒီအဆုံးအဖြတ်အခြေအနေမှာ ရှောင်တိမ်းဖို့တစ်ခုပဲ လုပ်နိုင်တော့မှာ…..”
“ဟမ့်… ရှောင်တိမ်းဆုတ်ခွာရမယ်ဟုတ်လား… ဒီအချိန်မှာ ကျွန်တော်က ဝမ်မိသားစုနဲ့ စူးမိသားစုကို အမြစ်ကနေဆွဲထုတ်ပြီး သုတ်သင်ပစ်မယ်… ကျွန်တော်က အသက်ပြင်းတဲ့အတွက်သာ မဟုတ်ခဲ့ဘူးဆိုရင် အဲဒီမိသားစုနှစ်ခုရဲ့ အနိုင်ကျင့်ရက်စက်ညှင်းပန်းခြင်းအောက်မှာ မကြာခဏသေဆုံးသွားခဲ့လောက်ပြီ…..” စူးမိသားစုနှင့် ဝမ်မိသားစုအကြောင်း ပြောနေစဉ်တွင် ယီယွမ်၏လေသံက အေးစက်နေခဲ့၏။
သူ၏ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ အခြေအနေကို ထည့်တွက်လျှင် ဝမ်မိသားစုနှင့် စူးမိသားစုက သူ့အားအန္တရာယ်ပေးရန် အကွက်ချစီစဉ်ထားခဲ့သည်မှာ သုံးလေးကြိမ်မကတော့ပေ။
အထူးသဖြင့် စူးယူဘိုင်က လှုပ်ရှားခဲ့သောအချိန်တွင် ဟုရန်ယွမ်က ရဲရဲဝံ့ဝံ့ရှေ့ထွက်ရင်ဆိုင်ပေးခြင်း မရှိခဲ့လျှင် သူကထိုလက်ဝါး၏ တိုက်ခိုက်မှုအောက်တွင် အသက်ထွက်သွားခဲ့မည်မှာ ကြာမြင့်နေခဲ့ပေလိမ့်မည်။
သို့သော်ယီဟန်က ခေါင်းခါ၍ သက်ပြင်းချလိုက်၏။ “ငါ့ရဲ့ခွန်အားက အဆင့်တက်မှုအချို့ ရှိခဲ့တယ်ဆိုပေမဲ့ အဲဒီမိသားစုနှစ်စုကို အမြစ်ကနေဖယ်ထုတ် ဖျက်ဆီးပစ်ဖို့ဆိုတာက ငါလုပ်နိုင်တာထက် ပိုသွားမယ်ဆိုတာကို စိုးရိမ်နေမိတယ်…..”
“စိတ်အေးအေးထားပါ အဖေ… အဖေကအင်ပါရီယာမိသားစုနဲ့အတူပေါင်းပြီး ရန်သူကိုရင်ဆိုင်ရမဲ့နေရာမှာပဲ အာရုံစိုက်ထားပါ… တကယ့်တကယ် အရေးကြီးတဲ့ အချိန်ရောက်ပြီဆိုရင် ကျွန်တော်က သူတို့ကို အံ့အားသင့်စရာ အကြီးကြီးတစ်ခု ပေးရလိမ့်မယ်…..”
“ဝိုး… အဲဒါကို ဘယ်လိုလုပ်မှာလဲ…..” ယီဟန်ကအံ့အားသင့်သွားခဲ့ပြီး မေးမြန်းလိုက်သည်။
ချင်နိုင်ငံတွင် စူးမိသားစုက အလွန့်အလွန် အစွမ်းထက်ပေသည်။ အင်ပါရီယာမိသားစုကပင် သူတို့အား အလွန်အမင်း စိုးရိမ်နေခဲ့ရပေ၏။
ပို၍အရေးကြီးသောအချက်မှာ ငြိမ်သက်တိမ်တိုက်အဖွဲ့၌ စူးမိသားစုက ကျောထောက်နောက်ခံတစ်ခု ရှိနေခဲ့သည်။ နန်ဖိန်မိသားစုမှာ မည်သည့်အချိန်တွင်မှ သတိလက်လွတ် အပြုအမူတစ်ခုကို ပြုလုပ်ရဲခြင်းမရှိခဲ့ပေ။
အဖွဲ့တစ်ဖွဲ့၏ စွမ်းအားမှာ သာမန်အင်ပါရီယာမိသားစုတစ်စု ခုခံရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။ အိုးရန်မိသားစုကပင် အဆင့်(7)သို့မဟုတ် အဆင့်(8)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ဦးကို စေလွှတ်လိုက်ရုံဖြင့် အင်ပါရီယာမိသားစုကို အလွယ်တကူ လက်စသတ်ဖျက်ဆီးလိုက်နိုင်ပေ၏။
အဖွဲ့၏ ထူးချွန်သူများတွင် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်များက အားအနည်းဆုံးသူဖြစ်နေလျှင်ပင် ပြဿနာတစ်စုံတစ်ရာမရှိနိုင်ပေ။
“နောက်ကလိုက်ခဲ့ပါ အဖေ…..” ယီယွမ်က မတ်တတ်ထရပ်ခဲ့ပြီး ယီဟန်၏ ကိုယ်ပိုင်ဆေးဖော်စပ်ခြင်းအခန်းသို့ ဦးတည်သွားရောက်ခဲ့သည်။
ယီဟန်က ယီယွမ်၏ အလျှို့ဝှက်ဆုံး အမူအရာကို ကြည့်၍ ကူရာကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားခဲ့ကာ နောက်မှလိုက်ပါသွားခဲ့၏။
ဆေးဖော်စပ်ခြင်းအခန်းသို့ ရောက်ချိန်တွင် ယီယွမ်က အခန်းထဲ၌ ကန့်သတ်စည်းများ ချထားခဲ့ပြီး ယီဟန်ကို ပြောလိုက်သည်။ “ကြည့်လိုက်ပါ အဖေ…..”
ထိုသို့ပြောနေရင်း ယီယွမ်က လက်ကို အသာအယာလှုပ်ရှားလိုက်၏။ အဖြူရောင်မျောက်ဝံကြီးတစ်ကောင်က လေထဲမှထွက်ပေါ်လာခဲ့သည်။ထိုမျောက်ဝံက ယွမ်ဖန်းပင်ဖြစ်ပေ၏။
သို့ရာတွင် ယွမ်ဖန်း၏အခြေအနေများက ကောင်းမွန်နေခြင်းမရှိပေ။ သူက ကျီးကန်းနက်အဖိုးကြီးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး ယခုအချိန်အထိ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။
သူ၏ဒဏ်ရာများက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိသော်လည်း အပြည့်အဝ ပြန်လည်ကျန်းမာလာရန်မှာ အနည်းဆုံး အချိန်တစ်လခန့် ယူရပေလိမ့်မည်။
ထို့ပြင် လက်ရှိအချိန်၌ ယီယွမ်က အဆင့်(3)ဆေးလုံးများကို ဖော်စပ်နိုင်စွမ်းမရှိသေးပေရာ ယွမ်ဖန်းကို ကူညီ၍ သူ၏ဒဏ်ရာများကို ပြန်လည်သက်သာသွားစေရန် နည်းလမ်းမရှိခဲ့ပေ။
သို့ရာတွင် ယွမ်ဖန်း၏ပေါ်ထွက်လာမှုက ယီဟန်အား အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။ စောစောကသာ သူ့သားက အာရုံစိုက်ကြည့်ရှုရန် ပြောကြားထားခြင်းမရှိပါက လက်ရှိအချိန်တွင် ယွမ်ဖန်းအားသူက တိုက်ခိုက်ခဲ့ပြ ဖြစ်ပေလိမ့်မည်။
“အာ… အဆင့်(3)မိစ္ဆာသားရဲ… အခုလေးတင်ပေါ်လာတာ… ဖြစ်နိုင်တာက… နယ်မြေဝိညာဉ်မှော်ရတနာလား…..” ယီဟန်၏ မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။ သူကယီယွမ်ကိုကြည့်နေသော အကြည့်တွင် မယုံသင်္ကာမှုများ ပါဝင်နေခဲ့၏။
ယီယွမ်က ပြုံး၍ပြောလိုက်သည်။ “ဟုတ်တယ်… ဒါက အဆင့်(3)မိစ္ဆာသားရဲတစ်ကောင်နဲ့ နယ်မြေဝိညာဉ်မှော်ရတနာတစ်ခုပဲ… လက်မောင်းရှည်ကျောက်တုံးမျောက်ဝံကို ယွမ်ဖန်းလို့ခေါ်တယ်… သူက အဆုံးမဲ့တောအုပ်အတွင်း ကျွန်တော်သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ရရှိလာခဲ့တဲ့ အစေခံတစ်ယောက်ပဲ… နယ်မြေဝိညာဉ်မှော်ရတနာကိုလည်း ယွမ်ဖန်းက ပိုင်ဆိုင်ထားခဲ့တာ… ဒါပေမဲ့ ကျွန်တော့်ကိုကာကွယ်ပေးဖို့အတွက် သူကထူးချွန်သူတစ်ယောက်နဲ့တိုက်ခိုက်ပြီး ဒဏ်ရာတွေရလာခဲ့တာကနေ အခုအချိန်ထိ ပြန်လည်ကျန်းမာလာခြင်းမရှိသေးဘူး…..”
ဒီတစ်ကြိမ်တွင် ယီဟန်က တုန်လှုပ်သွားခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှသာ အသံထွက်လာခဲ့၏။ “အဆင့်(3)မိစ္ဆာသားရဲတစ်ကောင်ကို အမှန်တကယ်ဒဏ်ရာရသွားစေခဲ့တာ ဘယ်လိုထူးချွန်သူမျိုးဖြစ်နိုင်လဲ… မင်းက ဒီအဆုံးမဲ့စစ်ဆေးခြင်းမှာ ပါဝင်ဆင်နွှဲခဲ့တာ ဒီလောက်ကြောက်စရာကောင်းတဲ့ထူးချွန်သူနဲ့ဆုံတွေ့ခဲ့ပြီး ဒုက္ခတွေရောက်ခဲ့ရတာပေါ့…..”
အကယ်၍ယီယွမ်ကသာ သူ့သားမဟုတ်ခဲ့ပါက တစ်ဖက်လူမှာ အဓိပ္ပါယ်မရှိသောစကားများကို ပြောဆိုနေခြင်းဖြစ်သည်ဟု သူကသေချာပေါက် ထင်မြင်ခဲ့ပေလိမ့်မည်။
ထို့အတူပင် ယီယွမ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်မှာ အချိန်မကြာသေးပေ။ သူကအဆင့်(3)မိစ္ဆာသားရဲတစ်ကောင်ကို မည်သို့သိမ်းသွင်းနိုင်မည်နည်း။
ဒါက… ဒါက တော်တော်လေးကို မယုံကြည်နိုင်စရာကောင်းတာပဲ…..
သူ၏ဖခင်ကို ဖုံးကွယ်ထားရန် ယီယွမ်က ရည်ရွယ်ချက်လုံးဝမရှိပေ။ သူက ဤတစ်ကြိမ် အဆုံးမဲ့တောအုပ်အတွင်းသို့ သွားရောက်ချိန်မှ အဖြစ်အပျက်များကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ပြောပြနေခဲ့ရာ ယီဟန်က အချိန်အတော်ကြာအောင် ပြောစရာစကားမရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ကို ကြုံတွေ့ရခြင်းအား ယီယွမ်ကထုတ်ဖော်ပြောပြခဲ့ခြင်းမရှိပေ။ အလယ်အလတ်အဆင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ဦးကို ဆုံတွေ့ခဲ့သည်ဟုသာ ပြောကြားခဲ့၏။ နှစ်ဦးနှစ်ဖက်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြခဲ့ရာတွင် ယွမ်ဖန်းက ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ခြင်းဖြစ်သည်ဟုသာ ပြောကြားလိုက်သည်။
သူကဘယ်တုန်းကမှမရှိခဲ့သော ဆရာတစ်ယောက်ကို ထည့်သွင်း၍ လုပ်ကြံပြောဆိုခဲ့ခြင်းဖြစ်သော်လည်း အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်အဆင့်တစ်ယောက်က ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ အလွန့်အလွန် သဘာဝမကျသောအရာတစ်ခု ဖြစ်နေခဲ့၏။
သူ၏သား အဆင့်မြင့်တိုးတက်လာမှုကို ယီဟန်က အမြဲတမ်း ကျေနပ်အားရနေခဲ့သော်လည်း ယီယွမ်က ထိုအဆင့်အထိ ရောက်ရှိနေပြီကို သူကမျက်မြင်ကြုံတွေ့ရခြင်းမရှိသေး၍ မည်သည့်အခါတွင်မှ သတိမထားမိခဲ့ပေ။
ထိတ်လန့်တုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီးနောက် ယီဟန်က စိတ်သက်သာရာရသွားခဲ့သည်။
သူ၏သားက သူ၏တောင်ပံများအောက်တွင် အကာအကွယ်ယူပြီး ကြီးထွားလာရန် မလိုအပ်တော့ပေ။ ယီယွမ်က အပြင်သို့မိုးထွက်နေပြီဖြစ်သော သစ်ပင်တစ်ပင်ဖြစ်နေခဲ့ပေပြီ။
“အဆုံးမဲ့တောအုပ်အတွင်းမှာ ဒီလောက်အထိ အတွေ့အကြုံတွေ အမှန်တကယ်ကြုံတွေ့ခဲ့ရမယ်လို့ ငါတကယ်မမျှော်လင့်ခဲ့ဘူး… ဒီလက်မောင်းရှည်ကျောက်တုံးမျောက်ဝံကလန် တစ်ခုလုံးရဲ့အင်အားနဲ့ဆိုရင် မင်းကချင်နိုင်ငံကို အလွယ်တကူဖယ်ရှားသုတ်သင်လိုက်နိုင်တယ်…..” ယီယွမ်က ခံစားချက်ပေါင်းများစွာဖြင့် သက်ပြင်းချလိုက်၏။
ထောင်ပေါင်းများစွာသော လက်မောင်းရှည်ကျောက်တုံးမျောက်ဝံများ… ဤအင်အားဖြင့်ဆိုလျှင် သာမန်ကမ္ဘာတစ်ခုလုံးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်နိုင်စွမ်းရှိပေသည်။
“အဖေ… ယွမ်ဖန်းရဲ့ ဒဏ်ရာတွေက တော်တော်လေးပြင်းထန်တယ်… ဒါပေမဲ့ အခုကျွန်တော့်ရဲ့ခွန်အားက အလွန်အားနည်းနေတဲ့အတွက် အဆင့်(3)ပြန်လည်အားပြည့်ဆေးလုံးတွေကို ဖော်စပ်နိုင်ခြင်းမရှိသေးဘူး… ကျွန်တော်က အဖေ့ကိုဒီကိုခေါ်လာတာ ယွမ်ဖန်းကို ကူညီပြီး ဆေးလုံးတွေဖော်စပ်ပေးနိုင်မလား မေးမြန်းချင်လို့ပါ…..” ယီယွမ်က ပြောလိုက်၏။
ယီယွမ်က ကြိုတင်ဖော်စပ်ထားခဲ့သော ဆေးလုံးများမှာ ဒဏ်ရာရရှိသွားသော အဆင့်(2)လက်မောင်းရှည်ကျောက်တုံးမျောက်ဝံများကို ကုသရန်အတွက် ဖော်စပ်ထားခြင်းဖြစ်၏။ ယွမ်ဖန်း၏ ဒဏ်ရာများကို သူကကူညီပေးနိုင်ခြင်းမရှိ၍ ယခုအချိန်ထိ နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်သည်။
ထိုစကားကိုကြားသော် ယီဟန်က အံ့အားသင့်သွားခဲ့၏။ သူက မိစ္ဆာသားရဲများအတွက် ဆေးလုံးများကို ဖော်စပ်သည့်နည်းလမ်းများကို မည်သည့်အခါတွင်မှ သင်ကြားခဲ့ဖူးခြင်းမရှိပေ။
“ဒါပေမဲ့ မိစ္ဆာသားရဲများအတွက် ဆေးလုံးတွေကို ဘယ်လိုဖော်စပ်ရလဲဆိုတာ ငါမသိဘူးလေ…..”
“မစိုးရိမ်ပါနဲ့… ဆရာကကျွန်တော့်ကို ဆေးလုံးဖော်မြူလာနဲ့ ဆေးဖော်စပ်ခြင်းနည်းလမ်းကို သင်ပေးထားခဲ့တယ်… အဲဒါတွေကို ကျွန်တော်က အဖေ့ကို အားလုံးသင်ပေးပါမယ်… ပြီးတော့ အဖေဆေးဖော်စပ်နေတာကို ဘေးကနေကူညီပေးပါ့မယ်… အဲဒီလိုဆိုရင် အလုပ်ဖြစ်လောက်ပါတယ်…..” ယီယွမ်ကပြောခဲ့သည်။
ပြန်လည်အားပြည့်ဆေးလုံးများမှာ ခက်ခဲရှုပ်ထွေးသောအရာများ လုံးဝမဟုတ်ပေ။ ယီဟန်က အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်ဂရန်းမာစတာ အဖြစ်သို့ ရောက်ရှိနေခဲ့သည့်အပြင် မှော်ဆေးပညာရှင်အင်ပါယာတစ်ဦးဖြစ်သော ယီယွမ်က ဘေးမှကြီးကြပ်နေခဲ့ပေရာ ထိုဆေးလုံးများကို ဖော်စပ်ခြင်းမှာ ပြဿနာမရှိတော့ပေ။
“မင်းရဲ့ဆရာက တကယ်ကို ထူးချွန်သူတစ်ဦးပဲ… သူကမိစ္ဆာသားရဲတွေအတွက် ဆေးလုံးတွေဖော်စပ်ရမဲ့ နည်းလမ်းတွေကိုတောင် အမှန်တကယ်သိရှိနေခဲ့တယ်… ကောင်းပြီလေ… မိစ္ဆာသားရဲတွေအတွက် ဆေးလုံးတွေ ဖော်စပ်ရမဲ့နည်းလမ်းတွေကို အဖေကအနည်းငယ်သင်ယူပါ့မယ်…..”
ယီဟန်ကလည်း မှော်ဆေးပညာကို ရူးသွပ်သူတစ်ဦးဖြစ်သည်။ သူကဆေးလုံးအသစ်တွေအတွက် ဖော်စပ်ရမည့်နည်းလမ်းများကို သင်ကြားရမည့်အကြောင်း ကြားလိုက်ရချိန်တွင် သူကချက်ချင်းပင် တက်တက်ကြွကြွ ဖြစ်သွားခဲ့၏။
“အိုကေ… ဒီဆေးလုံးကို အရိုးကြီးထွားခြင်းဆေးလုံးလို့ ခေါ်တယ်… လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ကျွန်တော်ပြင်ဆင်ပြီးသွားပြီ… အခု ကျွန်တော်က အဖေ့ကို ဆေးလုံးဖော်စပ်ခြင်းနည်းလမ်းကို ပေးအပ်ပါ့မယ်…..”
စကားအဆုံးတွင် ယီယွမ်က ယီဟန်ဆီသို့ ကျောက်စိမ်းပြားတစ်ခု ပေးလိုက်၏။ ယီဟန်က ကျောက်စိမ်းပြားအတွင်းသို့ သူ၏နတ်ဘုရားစိတ်အာရုံကို ထည့်သွင်းပြီး အရိုးကြီးထွားခြင်းဆေးလုံးအတွက် ဖော်စပ်ရမည့်နည်းလမ်းကို လေ့လာလိုက်သည်။
ယီဟန်က ဆေးလုံးများဖော်စပ်ရန်အတွက် ယီယွမ်ကလိုအပ်သည့်အရာများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ အင်ပါရီယာနန်းတော်တွင် ရှိစဉ်က နန်ဖိန်လျှိုချင်ကို သူကအကူအညီတောင်းပြီး လိုအပ်သော ပါဝင်ပစ္စည်းများကို ရှာဖွေပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။
အဆင့်(3)ပါဝင်ပစ္စည်းများက အလွန်ရှားပါးသော်လည်း အင်ပါရီယာမိသားစုအတွက် ရှာဖွေရန်အခက်အခဲမရှိပေ။ အရိုးကြီးထွားခြင်းဆေးလုံးအတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများမှာ အလွန်တွေ့ရများသောပစ္စည်းများဖြစ်ကြ၍ နန်ဖိန်လျှိုချင်က အလွန်လွယ်ကူစွာဖြင့် ထိုပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့နိုင်ပေသည်။
ယီဟန်က အရိုးကြီးထွားခြင်းဆေးလုံးအတွက် လိုအပ်သော ဖော်စပ်ခြင်းနည်းလမ်းကို လေ့လာနေချိန်တွင် ယီယွမ်က ဆေးဖက်ဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးသွားခဲ့ပြီး ဆေးလုံးကနဦးအဆင့်ကို ဖော်စပ်ပေးခဲ့၏။ ယီဟန်က နောက်ဆုံးဖော်စပ်ရန်သာ လိုအပ်ပေသည်။ ဤနည်းဖြင့်ဆိုပါက သေချာပေါက်ပင် အောင်မြင်ရန်ရာခိုင်နှုန်း မြင့်မားလာခဲ့ပေ၏။
လေးနာရီကျော်ကြာပြီးနောက် ယီဟန်က သူ၏လေ့လာနေရာမှနိုးထလာခဲ့၏။ ယီယွမ်က ဆေးလုံးကနဦးအဆင့်ကို သန့်စင်ဖော်စပ်ခဲ့ပြီးဖြစ်သည်ကို မြင်လိုက်ရချိန်တွင် ယီဟန်က ကူရာကယ်ရာမဲ့စွာဖြင့် တိတ်တဆိတ် တုန်လှုပ်သွားခဲ့ပေသည်။
“ပြီးပြီ… စတင်ဖော်စပ်ကြစို့…..” ယီဟန်ကပြောလိုက်၏။
“အိုကေ… ကျွန်တော်က ဆေးဖက်ဝင်ပစ္စည်း ငါးစုံကို ပြင်ဆင်ထားခဲ့တယ်… အဲဒါက အဖေ အရိုးကြီးထွားခြင်းဆေးလုံးကို ဖော်စပ်နိုင်ဖို့ လုံလောက်မှာပါ… အဖေက စပြီးဖော်စပ်လိုက်တော့… အဓိကအရေးကြီးတဲ့ အခြေအနေရောက်ပြီဆိုရင် အဖေကဘယ်လိုဆက်လုပ်ရမလဲဆိုတာ ကျွန်တော်ပြောပြမယ်…..” ယီယွမ်က ပြောခဲ့၏။
ယွဟန်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာတွင် ဆေးလုံးကနဦးအဆင့်၏ အစိတ်အပိုင်းတစ်ခုက သူ၏လက်အတွင်းသို့ ရောက်ရှိလာခဲ့ပေသည်။
Chapter 202 is coming…..