Chapter-200
“မင်းတာဝန်ထားရမယ်ဟုတ်လား…..” ဂျင်ယွန်ဟီက ထိုစကားများကိုကြားချိန်တွင် ပြောစရာစကားမရှိတော့သလို ဖြစ်သွားခဲ့သည်။
“ဟုတ်ပါတယ်… အပြင်ဘက်အလုပ်တာဝန်တွေရဲ့ ရည်ရွယ်ချက်က အဖွဲ့အတွက် အရည်အချင်းရှိတဲ့သူတွေကို မွေးထုတ်ပေးမလို့လား… ကျွန်တော်က လက်ရွေးစင်တပည့်ဖြစ်လာတာနဲ့ ဌာနမှူးရဲ့ အမှတ်အရေအတွက်က ပြည့်သွားပြီနော်… ဟုတ်တယ်မလား…..” ယီယွမ်ကပြောဆိုလိုက်၏။
“အဲဒါကမှန်တယ်… ဒါပေမဲ့ လက်ရွေးစင်တပည့်ဖြစ်လာဖို့က အလွန်ခက်ခဲတယ်… တော်တော်လေးခက်ခဲတယ်… မင်းရဲ့အရည်အချင်းက ပြိုင်ဖက်ကင်းတယ်ဆိုတူ ငါသိပါတယ်… ဒါပေမဲ့ အဖွဲ့က လက်ရွေးစင်တပည့်တွေမှာ လူတိုင်းရဲ့အရည်အချင်းက မင်းရဲ့အရည်အချင်းထက် နိမ့်ကျခြင်းမရှိဘူး…..” ဂျင်ယွန်ဟီက သူ၏ခေါင်းကိုညိတ်၍ ပြောခဲ့သည်။
ယီယွမ်က ပြုံးလိုက်ပြီး ရှင်းမပြခဲ့တော့ပေ။ သို့ရာတွင် ထိုအချိန်၌ ဟုရန်ယွမ်ဆီမှ အသံထွက်ပေါ်လာခဲ့၏။ “ဌာနမှူး… ကျွန်တော့်အမြင်အရတော့ ယီယွမ်က လက်ရွေးစင်တပည့်တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်… ယီယွမ်ရဲ့ခွန်အားက အလွန်နိမ့်ကျနေတယ်ဆိုပြီး ရွယ်ချိန်က ထပ်တလဲလဲပြောဆိုနေပေမဲ့ မကြာခင်မှာပဲ ယီယွမ်က အတွင်းစည်းတပည့်တွေကို သူ့ခြေထောက်အောက်ရောက်ရှိအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ကြိုသိနေပါတယ်…..”
ဂျင်ယွန်ဟီက ထူးဆန်းသော မျက်နှာအမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဟုရန်ယွမ်က ဤတစ်ကြိမ်မတိုင်မီအထိ ကျောင်းသားတစ်ယောက်အား ဤသို့မြင့်မားစွာ မျှော်လင့်ယုံကြည်ထားခြင်းကို တစ်ကြိမ်တစ်ခါမှ မြင်ဖူးခြင်းမရှိခဲ့ပေ။
. . . . . .
ဂျင်ယွန်ဟီ၏ စံအိမ်မှ ထွက်လာခဲ့ပြီးနောက် ယီယွမ်ကချက်ချင်းပင် နန်ဖိန်လျှိုချင်ကို သွားရှာခဲ့၏။
“ဒေါ်လေး ဒါကဘယ်လိုလဲ… ဒါကဘယ်လိုအခြေအနေရှိလဲ… ကျွန်မက ပိုပြီးလှပလာတယ်မဟုတ်လား…..” နန်ဖိန်ဇီရိုက နန်ဖိန်လျှိုချင်ကို အလောတကြီးမေးမြန်းလိုက်သည်။
ယီယွမ်က သူမနှင့် နန်ဖိန်လျှိုချင်တို့ကို ကူညီပြီး အလှအပထိန်းသိမ်းရေးဆေးလုံးကို ဖော်စပ်ပေးခဲ့ပြီးဖြစ်၏။ ထိုဆေးကို စားသုံးလိုက်ပြီးသည်နှင့် ပြောပြ၍မရသော ခံစားချက်တစ်ခုက သူမ၏သွေးကြောများကို ဖြတ်သန်းသွားပေသည်။ သူမ၏ခန္ဓာကိုယ်တွင် ဖော်ပြ၍မရသည့် ပြောင်းလဲမှုအချို့တွေ့ကြုံနေရသည်နှင့် တူလှပေ၏။
နန်ဖိန်လျှိုချင်က နန်ဖိန်ဇီရိုကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်ပြီးနောက် သူမ၏ပါးပြင်လေးများကို ဆိတ်ဆွဲကြည့်လိုက်ပြီးနောက် အံ့ဩထိတ်လန့်စွာ ပြောဆိုလိုက်သည်။ “နင့်ရဲ့ဒီအရေပြားက ရေစက်လေးတွေကျနေတာပဲ… အရေပြားကိုထိတွေ့ရတာ မွေးကင်းစကလေးလေးကို ကိုင်တွယ်နေရသလို ခံစားရတယ်… ဒီအလှအပထိန်းသိမ်းရေးဆေးလုံးက တကယ်ပဲ ဒီလောက်ထိ လျှို့ဝှက်ဆန်းကြယ်နေတာလား…..”
ချင်နိုင်ငံတွင် အလှအပထိန်းသိမ်းရေးဆေးလုံးများ မရှိ၍မဟုတ်ပဲ ထိုဆေးလုံးများ၏ စွမ်းရည်များက အလွန်ဆုံးအနေဖြင့် အိုမင်းခြင်းကို ထိန်းသိမ်းထားနိုင်ခြင်းသာ ဖြစ်ပေသည်။ အချိန်ကြာမြင့်လာသည်နှင့် ထိုဆေးလုံးများက လူအများ၏မျက်နှာပေါ်တွင် ဇရာ၏အရေးအကြောင်းများ ဖြစ်ပေါ်လာစေခဲ့၏။
ထို့ပြင် ထိုဆေးလုံးများမှာ အနည်းနှင့်အများ ဘေးထွက်ဆိုးကျိုးများ ရှိနေသေး၏။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆေးစွမ်းထိရောက်မှု နှေးကွေးလာလေ့ရှိသည်။
ထိုသို့ဆိုလျှင်ပင် ဤဆေးလုံးများက မြင့်မြတ်သောမိသားစုများမှ အမျိုးသမီးများကို ဆေးလုံးများဝယ်ယူအားပေးသောအုပ်စုကြီးတစ်ခု ဖြစ်ပေါ်စေခဲ့၏။ ထိုဆေးလုံးများကို ငွေကြေးအမြောက်အမြားဖြင့်ပင် ပေးဝယ်မည့်သူ ရှိသော်လည်း အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းမရှိပေ။
ယီယွမ်ဖော်စပ်ခဲ့သော အလှအပထိန်းသိမ်းရေးဆေးလုံးက ဤသို့သော ဆေးစွမ်းမျိုးရှိနေပေရာ စျေးကွက်အတွင်းသို့ရောက်ရှိသွားပါက ဤဆေးလုံး၏စျေးနှုန်းက မိုးအထိပင်မြင့်တက်နေမည့် တန်ဖိုးတစ်ခုသို့ ရောက်ရှိသွားမည်မှာ သေချာလှပေသည်။
“အာ… ဒေါ်လေး ကြည့်လိုက်ပါဦး… ကျွန်မရဲ့လက်က အသားမာတက်နေတာတွေလည်း ပျောက်ကွယ်သွားခဲ့ပြီ…..” နန်ဖိန်ဇီရိုက ထိုသို့ပြောဆိုနေရင်း သူမ၏လက်များကို ဝှေ့ယမ်း၍ ပြောလိုက်ပေ၏။
နန်ဖိန်လျှိုချင်က တစ်ချက်ကြည့်လိုက်သော် ထိုအရာက အမှန်တကယ်ပင်ဖြစ်ပေသည်။
နန်ဖိန်ဇီရိုက အပြုအမူအားလုံးတွင် မင်းသမီးတစ်ဦးအဖြစ် နူးညံ့သိမ်မွေ့စွာ နေထိုင်ပြုမူခြင်းမရှိပေ။ သိုင်းပညာလမ်းစဉ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန်အတွက် သူမကြုံတွေ့ခဲ့ရသော အခက်အခဲများမှာ နည်းနည်းနောနော မဟုတ်ပေ။ သူမက ဓားတစ်ချောင်းကို အသုံးပြုသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ဤမျှနှစ်ပေါင်းများစွာ ကြာလာသည့်အချိန်တွင် သူမ၏လက်များက အသားမာတက်ခြင်းကို ရှောင်လွဲ၍ မရနိုင်တော့ပေ။
နန်ဖိန်ဇီရိုက သူမကိုယ်သူမ မကျေမနပ်ဖြစ်နေသည့် နေရာတစ်ခုကို ပြောရမည်ဆိုပါက ဤလက်တစ်စုံဟု ပြောရပေလိမ့်မည်။ ထို့ပြင် ယခုသူမ၏လက်များက နူးညံ့ပြီး ချောမွတ်လာသည့်အပြင် အလွန်ကြည်လင်တောက်ပလာခဲ့၏။ ထိုအရာက အမျိုးသမီးအလှအပထိန်းသိမ်းရေးအခန်းထဲတွင် ကြီးပြင်းလာခဲ့သော အမျိုးသမီးငယ်လေးတစ်ဦးနှင့်တူနေခဲ့ပြီး သိုင်းပညာရှင်တစ်ယောက်၏ အသားအရည်နှင့် လုံးဝပင်တူညီခြင်းမရှိခဲ့ပေ။
“ယီယွမ်က ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ ဆေးလုံးတစ်လုံးကို အမှန်တကယ်ဖော်စပ်နိုင်မယ်လို့ ငါမထင်ခဲ့ဘူး… ပြီးတော့ သူပြောခဲ့တာက ဒီအလှအပထိန်းသိမ်းရေးဆေးလုံးမှာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘူးတဲ့… ပြီးတော့ ဒီဆေးလုံးက ဒီလိုအခြေအနေမျိုးထိ ရောက်ရှိအောင် အစွမ်းထက်လွန်းတယ်...အဆင့်(2)ဆေးလုံးတစ်လုံးက ဒီလိုရလဒ်မျိုး ရရှိနိုင်ဖို့ ဖြစ်နိုင်ပါ့မလား…..” နန်ဖိန်လျှိုချင်၏ လေသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
သူမကအမြဲတမ်း သူမ၏ မှော်ဆေးပညာတာအို အဆင့်အတန်းကို ဂုဏ်ယူနေခဲ့သည်။ သို့သော် သူမက ယီယွမ်နှင့် တွေ့ခဲ့ရသည့်အချိန်မှစ၍ သူမကိုယ်သူမ ရေတွင်းအောက်ခြေကဖားတစ်ကောင်ကဲ့သို့ အမြဲတမ်း ခံစားနေခဲ့ရ၏။
“အာ...ဒေါ်လေး…..” နန်ဖိန်ဇီရိုက နောက်တစ်ကြိမ် အံ့သြတကြီး ရေရွတ်လိုက်သည်။
“နင်ကနောက်တစ်ခါ ဘာလို့ ထပ်အော်လိုက်တာလဲ… နင့်ရဲ့ခန္ဓာကိုယ်ကနေ သွေးထွက်နေလို့လား…..” နန်ဖိန်လျှိုချင်က ဗျစ်တောက်ဗျစ်တောက် ပြောဆိုခဲ့၏။
နန်ဖိန်ဇီရိုက နန်ဖိန်လျှိုချင်၏မျက်နှာအနီးသို့ ပို၍နီးကပ်လာအောင် တိုးလာခဲ့ပြီး ရေရွတ်ပြောဆိုလိုက်သည်။ “ဒေါ်လေး အရင်တုန်းက ကျွန်မရဲ့ဒေါ်လေးနဲ့ မတူခဲ့ဘူး… အခုတော့ ပိုပြီးတော့တောင် မတူတော့ဘူးလေ…..”
“ခွေးစုတ်မလေး… ငါကနင့်အဒေါ်မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်ရဦးမှာလဲ…..”
“ဒေါ်လေးက အလှအပထိန်းသိမ်းရေးဆေးလုံးကို သောက်သုံးပြီးတဲ့အချိန်မှာ ကျွန်မရဲ့ အမြွှညီအစ်မတစ်ယောက်နဲ့ တူနေခဲ့ပြီ… ဒေါ်လေးရဲ့အသက်က သိပ်ပြီးမကြီးသေးပေမဲ့ အခုဒေါ်လေးက ပိုပြီးငယ်ရွယ်သွားတာနဲ့ တူနေတယ်…..” နန်ဖိန်ဇီရိုက အံ့အားသင့်စွာဖြင့် အော်ဟစ်ခဲ့၏။
ယီယွမ်က အလှအပထိန်းသိမ်းရေးဆေးလုံးကို အနည်းငယ်ခန့်ဖော်စပ်သန့်စင်ခဲ့ပြီးနောက် နန်ဖိန်လျှိုချင်တို့ တူဝရီးနှစ်ဦးကို တစ်လုံးစီပေးခဲ့၏။ ထို့နောက် သူ၏မိခင်နှင့် လျူအာအတွက် နောင်ထပ်ဆေးတစ်လုံးစီ ချန်ထားပေးခဲ့သည်။
“အာ… အဲဒါအမှန်ပဲလား…..” နန်ဖိန်လျှိုချင်က သူမ၏မျက်နှာကို ထိတွေ့ကြည့်လိုက်ပြီး မှင်တက်သွားခဲ့ပြီးမှ သတိပြန်ဝင်လာခဲ့ကာ ပြောဆိုလိုက်၏။
“အဲဒါအမှန်ပဲ… ရွှေသားအစစ်ထက်တောင် ပိုပြီးစစ်မှန်သေးတယ်...ဒီမှာ ကြေးမုံတစ်ချပ်ပါ… မြန်မြန်လေး ပြန်ကြည့်လိုက်ပါလား ဒေါ်လေး…..” နန်ဖိန်ဇီရိုက ထိုသို့ပြောဆိုနေရင်း ကြေးမုံတစ်ချပ်ကို ထုတ်ယူ၍ နန်ဖိန်လျှိုချင်ဆီသို့ ပေးအပ်ခဲ့သည်။
နန်ဖိန်လျှိုချင်က ကြေးမုံကိုကိုင်၍ အကြည့်တစ်ချက်ပို့လိုက်ပြီး အံ့အားတကြီး ရေရွတ်လိုက်၏။ “ဒါအမှန်ပဲပါလား… လက်ရှိငါက အရင်နှစ်နှစ် သုံးနှစ်လောက်အချိန်ကို ပြန်ရောက်သွားတာနဲ့တူတယ်… ပြီးတော့ အခု နင်နဲ့ငါက အသက်အရွယ်တူတူလောက်ပဲ ပုံစံမျိုး ဖြစ်နေတာကိုး…..”
နန်ဖိန်လျှိုချင်က ပုံမှန်အချိန်များတွင် တည်တည်ငြိမ်ငြိမ်နေထိုင်တတ်သော်လည်း ယခုအချိန်တွင်တော့ သူမက အလွန်စိတ်လှုပ်ရှားနေခဲ့ပေသည်။ တစ်စုံတစ်ဦးက အမျိုးသမီးဖြစ်နေသရွေ့ ပို၍လှပလာခြင်းကို မပျော်မရွှင်ဘဲနေမည်မဟုတ်ပေ။
“ဟီးဟီး… ကျွန်မတို့နှစ်ယောက် အပြင်ကိုနောက်တစ်ကြိမ်ထွက်မယ်ဆိုရင် ဒေါ်လေးကို ကျွန်မရဲ့အစ်မအဖြစ် အခြားသူတွေက ထင်ကြလိမ့်မယ်…..” နန်ဖိန်ဇီရိုက ထိုမြင်ကွင်းကို ကြိုတွေးမိလိုက်ပြီး နန်ဖိန်လျှိုချင်၏ နားအနားသို့ကပ်၍ တိုးတိုးလေးပြောဆိုလိုက်၏။
“ခွေးမလေး… ငါကဘယ်လိုပဲဖြစ်လာ ဖြစ်လာ နင့်ရဲ့ဒေါ်လေးပဲလေ… ဘာမှပြောင်းလဲသွားတာမှ မဟုတ်တာ... တကယ်လို့ အင်ပါရီယာအစ်ကိုတော်က ဒီစကားတွေကို ကြားသွားခဲ့ရင် အပြင်ကိုမထွက်ဖို့
နင့်ကိုနောက်တစ်ခါတားဆီးချုပ်ချယ်မှာ သေချာတယ်…..” နန်ဖိန်လျှိုချင်က စူးရှတောက်ပစွာ ကြည့်၍ ပြောဆိုခဲ့၏။.
ထိုစကားကိုကြားသော် နန်ဖိန်ဇီရိုက စိုးရိမ်သွားခဲ့သော်လည်း
သူမ၏လျှာကိုထုတ်၍ ကျီစယ်နောက်ပြောင်လိုက်၏။
“အမ်… ဒေါ်လေး မြန်မြန်ကြည့်လိုက်ပါဦး… လျူအာကစပြီးလှုပ်ရှားလာပြီ…..” နန်ဖိန်ဇီရိုက ရုတ်တရက် ပျော်ရွှင်စွာ အော်ဟစ်ခဲ့သည်။
နန်ဖိန်ဇီရို၏အော်ဟစ်သံကိုကြားပြီးနောက် သူတို့နှစ်ဦးစလုံးက အိပ်ရာနားသို့ အလျင်အမြန် ပြေးသွားခဲ့ကြပေရာ လျူအာ၏မျက်ခွံများက အနည်းငယ်လှုပ်ရှားနေခဲ့ပြီး သူမကအမှန်တကယ်ပင် နိုးထလာတော့မည့်ဟန် ပေါ်ပေါက်နေခဲ့၏။
လျူအာ၏ရေခဲအဆိပ်က အလွန်ပြင်းထန်အစွမ်းထက်လှပေသည်။ ထိုအဆိပ်ကြောင့် သူမတစ်ကိုယ်လုံးပျက်စီးသွားရလုမတတ် ဖြစ်နေခဲ့၏။ သို့ဖြစ်၍ ယန်စွမ်းအင်ဆေးလုံးကို သောက်သုံးပြီးသည့်တိုင် သူမက ယာယီအားဖြင့် သတိပြန်လည်လာခြင်းမရှိခဲ့ပေ။
ယီယွမ်က စောစောလေးတွင် နောက်ထပ်လေးငါးရက်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းထားခဲ့၏။ ယခုနှစ်ရက်ဟူသော အချိန်ကလေးဖြင့် လျူအာကအမှန်တကယ် နိုးထလာခဲ့သည်။
လျူအာ၏အသက်ရှူသံက တည်ငြိမ်လာခဲ့ပြီး သူမ၏မျက်လုံးများက တဖြည်းဖြည်းပွင့်လာခဲ့သည်။ သူမ၏မျက်ဝန်းများတွင် အတော်ကလေး စိတ်ရှုပ်ထွေးနေခဲ့ပုံ ပေါ်လွင်နေခဲ့၏။
“ကျွန်မ...ကျွန်မဘယ်ရောက်နေတာလဲ… ကျွန်မသေသွားခဲ့တာဖြစ်နိူင်လား…..”
“ဟဲ့ ကောင်မလေး ဒီနေရာမှာရောက်နေတဲ့ ငါတို့ကဘယ်သူတွေလဲ သေချာကြည့်ပါဦး… နင်ကငါတို့ကို ဒီနေရာမှာသေခိုင်းနေတာလား…..”နန်ဖိန်ဇီရိုက ဒေါသတကြီး ပြောဆိုလိုက်သည်၊
နန်ဖိန်လျှိုချင်က နန်ဖိန်ဇီရို၏အင်္ကျီကိုကိုင်၍ ရပ်တန့်ရန်အကြည့်တစ်ချက်ဖြင့် တားဆီးလိုက်ပြီး လျူအာအား ပြောခဲ့၏။ “လျူအာ… ငါကနန်ဖိန်လျှိုချင်ပဲ… မင်းငါ့ကိုမှတ်မိရဲ့လား…..”
လျူအာက နန်ဖိန်လျှိုချင်ကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ရုတ်တရက် အံ့အားတကြီး ရေရွတ်လိုက်သည်။ “အာ… ရှင်က ဆရာမဖိန်မဟုတ်လား… ဘယ်လိုဖြစ်သွားတာလဲ… အရင်ကနဲ့ ဆရာမက ဘာလို့မတူတော့တာလဲ… ဆရာမက ပိုပြီးတော့… ပိုပြီးတော့ အသက်ငယ်လာတဲ့ပုံပေါက်နေတယ်… တောင်းပန်ပါတယ်… ကျွန်မ… ကျွန်မ…..”
နန်ဖိန်လျှိုချင်က ရှက်သွေးဖြာသွားခဲ့ပြီး ပြောဆိုခဲ့၏။ “ဒါက မင်းတို့မိသားစုသခင်လေးရဲ့ ကျေးဇူးတွေကြောင့်ပါ… သူကငါတို့အတွက် ဆေးလုံးတစ်မျိုးဖော်စပ်ပေးခဲ့တယ်… ငါတို့ကအဲဒီဆေးလုံးကို သောက်သုံးပြီးတဲ့နောက် ဒီလိုပုံစံဖြစ်သွားကြတာပဲ… အိုး ဟုတ်သားပဲ… အခုမင်းဘယ်လို ခံစားနေရတာလဲ… မင်းကိုကယ်ဆယ်ဖို့အတွက် မင်းရဲ့သခင်လေးက ဒီတစ်လအတွင်း မီးပင်လယ်ကိုကျော်ဖြတ်ပြီး ခယောင်းလမ်းကို လျှောက်လှမ်းခဲ့ရတယ်လို့ ပြောလို့ရတယ်လေ…..”
လျူအာက ထိုစကားကိုကြားချိန်တွင် အကြီးအကျယ်စိတ်ပူစိုးရိမ်သွားခဲ့သည်။ “သခင်လေးက အဆင်ပြေရဲ့လား…..”
“ဟားဟား… တကယ်အဆင်ပြေတာပေါ့… မင်းရဲ့သခင်လေးအသက်က ငရဲပြည်လိုပဲ ခိုင်မြဲတယ်လေ… သူကဘယ်လိုလုပ်ပြီး ဒီလိုလွယ်လွယ်ကူကူ သေဆုံးနိုင်မှာလဲ…..”
ထိုအချိန်၌ အပြင်ဘက်မှ ရယ်မောပြောဆိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ယီယွမ်ပင်ဖြစ်ပေ၏။
လျူအာက ယီယွမ်၏အသံကိုကြားသော် ချက်ချင်းပျော်ရွှင်သွားခဲ့၏။ ယီယွမ်က အလျင်အမြန်လာရောက်၍ သူမကိုကူညီပေးလိုက်ပြီး ဒေါသထွက်စွာဖြင့် ပြောဆိုလိုက်သည်။ “ငါ့အတွက် အိပ်ရာထဲပြန်လှဲနေလိုက်… မင်းကဘာလို့ ထလိုက်တာလဲ… အခုအချိန်မှာ မင်းကတော်တော်လေးအားနည်းနေတယ်… ကောင်းကောင်းအနားယူလိုက်ဦး… အဲလောက်စိတ်လှုပ်ရှားစရာမလိုဘူးလေ…..”
လျူအာက ယီယွမ်ကိုမြင်လိုက်ရသော် မျက်ရည်များက ထိန်းမနိုင်သိမ်းမရအောင် ကျဆင်းလာခဲ့၏။ “သခင်လေး… ကျွန်မ… ကျွန်မက သခင်လေးကို နောက်ထပ်မမြင်ရတော့ဘူးထင်နေခဲ့တာ… အဟင့် အဟင့်…..”
ယီယွမ်က လျူအာ၏ဆံပင်ရှည်များကို အသာအယာပွတ်သပ်ပေးလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်ပေသည်။ “ငတုံးမလေး… မင်းရဲ့သခင်လေးက ဘေးမှာရှိနေရင် မင်းကဘယ်လိုလုပ်ပြီး သေနိုင်တော့မှာလဲ… တကယ်လို့ မင်းက ယမမင်းရဲ့ခန်းမထဲ ဝင်ရောက်သွားခဲ့ရင်တောင် သခင်လေးက မင်းကိုပြန်ပြီးခေါ်ထုတ်နိုင်တယ်… ကောင်းပြီ… မင်းရဲ့အတွေးတွေ လွဲချော်နေတာကို ရပ်တန့်လိုက်တော့… ငါကမင်းအတွက် အသက်ဓာတ်ဖြည့်တင်းရေး ဆေးလုံးအချို့ကို ပြင်ဆင်ပေးထားတယ်… မင်းက အချိန်အနည်းငယ်ယူပြီး အားအင်ပြန်လည်ပြည့်ဖြိုးလာအောင်လုပ်ဆောင်ပြီးတာနဲ့ ငါတို့က အိမ်ကိုပြန်ကြရအောင်…..”
Chapter 201 is coming…..