ငြိုး.....(episode 17)
-------------------
ဥက္ကာပေးသည့်ဝေဒနာကို သက်ပိုင်ခင်မျာ သုံးလေးရက်ခံစားရ၏။
ပါးကြီးသည် ယောင်ကိုင်းနေပြီး စကားပင်ကောင်းကောင်းမပြောနိုင် လေသံများနှင့် လက်ဟန်ခြေဟန်ဖြင့်သာ ပြောနိုင်ရှာသည် ။ အစာပင်ဝါးမရကာ စွတ်ပြုတ်အရည်များသာ သောက်ရလေ၏။
ထိုအခါ ဥက္ကာကပင် ပြုစုရပြန်သည်။
ပြန်ကောင်းတော့လည်း သက်ပိုင်ကအငြိမ်မနေ နောက်တစ်ခုထပ်၍ပူဆာပြန်သည်။
ရပ်ကွက်အလိုက် ဆွမ်းကြီးလောင်းလှူပွဲတွေရှိလျှင် သက်ပိုင်တို့ငယ်ငယ်လေးကတည်း ပျော်ရွှင်ရမြဲပင်။
သူငယ်ချင်းတွေနဲ့ ပွဲဈေးတန်းလျှောက်ပတ်၊ စားချင်တာစား၊ ရဟတ်တွေစီး၊ ချားတွေစီး၊ ဂလုတ်ဂလုတ်ဆွဲ၊ ပွဲကြည့်။ အဲ့ဒီအမှတ်တရတွေက ခုချိန်ထိ ပြန်တွေးတိုင်း ပျော်စရာကောင်းနေတုန်းပင်။
ခုလည်း နတ်မှော်တန်းပွဲရှိသည်ဟု မေမေ့ဆီကကြားလိုက်ရသည်နှင့် သက်ပိုင်သွားချင်ဇောတွေပြည့်နေသည်။ ကြုံဖူးသည့်ဆွမ်းကြီးလောင်းပွဲများတွင် နတ်မှော်တန်း ပွဲဈေးတန်းကအရှည်ဆုံးဖြစ်မည်ဟုထင်ရသည်။ ရပ်ကွက်လေးခုလောက်ပေါင်းလုပ်တော့ ပွဲဈေးတန်းကတော်တော်ရှည်သည်။ ပွဲဈေးတန်းရှည်၍ စားဆိုင်သောက်ဆိုင်များနှင့် ချားရဟတ်တွေ ဂလုတ်ဂလုတ်ဝိုင်းတွေကပိုပေါသည်။ ထို့ကြောင့် ပိုပျော်ရမည်မှာကျိန်းသေ၍ ပိုသွားချင်မိနေသည်။
"ဟေး...ယူရေ....ဒီနေ့ညနတ်မှော်တန်းမှာ ပွဲရှိတယ်တဲ့....ယူမသွားချင်ဘူးလား....."
သက်ပိုင်သည် ဥက္ကာအခွံနွှာပေးထားသော နေကြာစေ့များကို တမြုံ့မြုံ့ဝါးရင်း စကားခေါ်လိုက်ခြင်းဖြစ်သည်။
ဥက္ကာက နေကြာစေ့ကို သွားကြားတွင်ညှပ်၍ သဘောမတူဟန်ဖြင့် ခပ်တင်းတင်းကြည့်လိုက်သည်။ ဥက္ကာ၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး အလွယ်တကူစကားခေါ်၍ရမည်မဟုတ်မှန်း သက်ပိုင်အတတ်သိလိုက်သည်။
"ရှုပ်ရှုပ်ရှပ်ရှပ်တွေလာပြန်ပြီ...."
"ယူကမသွားချင်လို့လား...."
ဥက္ကာက ခပ်ပြတ်ပြတ်ပြန်ပြော၏။
"အင်း..."
"တို့က သွားချင်တယ်ဆိုရင်ရော..."
ဥက္ကာပြန်မဖြေ။
"ဖြေလေ...ဘာလို့မဖြေတာလဲ..."
"......."
သက်ပိုင် ထိုင်နေရာမှထရပ်လိုက်သည်။ ဖြန့်ထားသော ဥက္ကာလက်အတွင်းမှ နေကြာစေ့များကို အကုန်ကျုံးနှိုက်လိုက်၏။ ပြီးနောက်
မြစ်ရှိရာသို့တစ်ရွေ့ရွေ့လျှောက်ကာ ရေထဲသွန်ပစ်လိုက်သည်။
ထို့နောက် နှုတ်ခမ်းကိုအနည်းငယ် ဆူလျက်ပြန်လှည့်လာရင်း ဥက္ကာရှေ့၌ငိုင်ငိုင်ကြီးရပ်လေသည်။ ဥက္ကာကလည်း ခပ်မှိုင်းမှိုင်းလေးပြန်ကြည့်နေ၏။
"သိလိုက်ပြီ....ယူကကျုပ်ကိုပျော်အောင်မထားနိုင်ဘူးပဲ....."
"အို...အဲ့လိုမဟုတ်ပါဘူး....ပျော်စေချင်တာပေါ့သက်ပိုင်ရယ်၊ ဘယ်လိုပြောလိုက်တာလဲ...၊ အရင်တစ်ခါလို အပျော်ကနေ အပျက်တွေဖြစ်မှာဆိုးလို့..."
"အရင်တစ်ခါလိုမလုပ်တော့ပါဘူး၊ ဒီမှာ.... ဂျီကျရမှာ ကျုပ်တာဝန်၊ အလိုလိုက်ရမှာ ယူ့တာဝန်မဟုတ်လား၊ ရည်းစားထားပြီး ဒါလေးတောင် နားမလည်ဘူးလား၊ မြင်ယောင်သေး...ရည်းစားသာဖြစ်ရင် ကျုပ်လည်း ဒူးနဲ့မျက်ရည်သုတ်ရမလားမသိဘူး"
သက်ပိုင်က 'ချွဲ´လုံးရော 'ကဲ´လုံးများကိုပါ တစ်လိမ့်ပြီးတစ်လိမ့် လှိမ့်၍သုံးတော့သည်။ ကဲ ဘာများတတ်နိုင်သေးသလဲ။
ဥက္ကာ၏မျက်နှာပေါ် အပြုံးရိပ်လေးသန်းလာ၏။
"ကဲဟုတ်ပါပြီ....ခုသွားမလား...."
"အို မိုးမှမချုပ်သေးတာ ခဏထိုင်ပြီး ဟိုးနားမှာ ဇင်ယော်အစာကျွေးမယ် မှောင်မှသွားကြမယ်လေ နော်...."
သက်ပိုင် စိတ်အလိုကျအတိုင်း ဇင်ယော်အစာကျွေးပြီးသည်နှင့် မိုးချုပ်သည့်အခါ ပွဲဈေးတန်းသို့ထွက်လာခဲ့သည်။
ပွဲဈေးတန်းက ကြက်ပျံမကျစည်ကားနေ၍ ကားဖြင့်ပတ်ရန်အဆင်မပြေ။ သက်ပိုင်ကလည်း ကားဖြင့်ပတ်ချင်ပုံမပေါ်။ ထိုအခါ ပွဲဈေးတန်းအစွန်တစ်နေရာရှိ လမ်းဘေးတွင်သာ ထိုးရပ်ထားခဲ့ရ၍ ခြေလျင်သာ လျှောက်လည်ဖြစ်ကြသည်။
ရပ်ကွက်အလိုက် ဇာတ်ပွဲက ငါးဇာတ်လောက်ရှိမည်။ ဇာတ်ပွဲမှ ဆိုင်းသံဗုံသံများနှင့် ပွဲဈေးတန်းရှိဈေးဆိုင်များမှ ဆောင်းဘောက်အကြီးကြီးများဖြင့်ဖွင့်သော သီချင်းသံများကခြိမ့်ခြိမ့်ညံနေ၏။ လမ်းတစ်ဖက်တစ်ချက်ဆီတွင် ဈေးဆိုင်၊ မုန့်ဆိုင်၊ အရုပ်ဆိုင်များက အစီစီအရီရီပလူပျံလျက်။ အရွယ်အစားဆုံညီလှသော ခြားရဟတ်များကလည်း နေရာကွက်ကြား၊ ပင်လယ်ဓားပြနှင့် ကားရုပ်လေးတွေပေါ်တွင် တက်စီးရသော ဝိုင်းကြီးပတ်ပတ်ဒူဒူဝေဝေလှည့်သည့် ရဟတ်သေးများလည်း ရှိသေးသည်။
ဥက္ကာသည် သက်ပိုင်၏လက်ဖဝါးလေးကို တင်းတင်းကြီးဆုပ်ကိုင်လျက် လူကြားထဲပျောက်သွားမည်ကို စိုးရိမ်ရင်း ရင်တမမဖြင့်သာ လာခဲ့ရသည်။ ဒီလိုပွဲလမ်းသဘင်တွေသိပ်မနှစ်သက်။ ဓလေ့ရိုးရာဆိုသော်လည်း ဥက္ကာသဘောကျခြင်းသိပ်မရှိပါ။
သက်ပိုင်ကတော့ ဟိုငေးဒီငေးဖြင့် သူစားချင်သော မုန့်ဆိုင်များတွေ့လျှင် မျက်စပစ်ပြတတ်သည်။ သို့ရာတွင် ဥက္ကာကခွင့်မပြုပေ။
မသန့်ရှင်းဘူး ဟူသည့် အကြောင်းပြချက်နှင့်ပင် သက်ပိုင်တင်သွင်းသောအဆိုကို ရှုံ့ချလေ၏။
တစ်ချီတွင်တော့ သက်ပိုင်သည်ဘယ်လိုမှသည်းမခံနိုင်တော့ပဲ ဥက္ကာဆွဲတားနေသည့်ကြားမှ မာမူပဲလိပ်ဆိုင်အတွင်းသို့ ဇွတ်ဝင်သွားလေသည်။
"သက်ပိုင်......"
ဥက္ကာတားချိန်မရ....သက်ပိုင်က လူကြားထဲတိုးဝင်၍ ထိုင်သည်။ ဥက္ကာခင်မျာ သက်ပိုင်လက်ကိုဆွဲထားရင်းမှ ထိုင်ရမလို ထပဲနေရမလို။ သက်ပိုင်ကလည်း အလျော့မပေး ပေကပ်ထိုင်နေရာမှ စားချင်သည်များကိုပါမှာချလိုက်သည်။
"ပဲလိပ်တစ်ပွဲ ဆိတ်သားကင် နှစ်ချောင်းထည့်ပေးနော်၊ ပြီးရင် အာလူးကြာပတေ တစ်ပွဲ စမူဆာသုပ်တစ်ပွဲ...."
ကုလားပဲဟင်းရည်ထဲ ပဲလိပ်လေးကိုညှပ်၍ အပေါ်မှ ဆလပ်ရွက်အုပ်ကာ ဆိတ်သားကင်နှင့်တွဲစားရသည်ကို သက်ပိုင်ကသိပ်ကြိုက်သည်။ ပြီးလျှင် ဆင်ခေါင်းပဲဟင်းရည်ကျဲကျဲထဲ အာလူးဖက်လေးတွေပလုံဆီနေသည့် ချဉ်ပြုံးပြုံး ခပ်စိမ့်စိမ့် အာလူးကြာပတေကလည်း ဆယ့်ခါတစ်ခါ စားရဖို့ကမလွယ်ပေ။
ပဲလိပ်တို့ အာလူးကြာပတေ တို့က ခုလို ဆွမ်းကြီးလောင်းပွဲနှင့်ကြုံကြိုက်မှ ကောင်းကောင်းစားရသည်။ အပြင်ဆိုင်တွေမှာ သိပ်မရှိ။ ထို့ကြောင့် ဥက္ကာလို ဇီဇာကြောင်ကြောင်နှင့် သန့်၏လော မသန့်၏လော သက်ပိုင်မတွေးနိုင်ပါ။
နောက်ဆုံးတော့ ဥက္ကာလည်း စိတ်လျော့ပေးလိုက်ရသည်ထင်ပါရဲ့ သက်ပိုင်၏ဘေးနေရာတွင် ဝင်၍ထိုင်သည်။ ပြီးနောက် ခေါင်းမဖော်တန်း လွေးနေသည့် သက်ပိုင်ကို သဘောကျစွာ ငေးကြည့်နေမိ၏။
"ဟေးယူ...ဘာတွေဒီလောက်ကြည့်နေတာလဲ၊ စားချင်လို့လား...စားချင်ရင် ကိုယ့်ဘာသာမှာစားနော်၊ ကျုပ်ဟာတော့ လာမထိနဲ့...."
ထိုအခါကျ ဥက္ကာသည် အသံထွက်အောင်ကို လှိုက်ခနဲရယ်၏။
"မဟုတ်ပါဘူး သက်ပိုင်ကလေ အရင်ကနဲ့မတူတော့ဘူးလို့တွေးနေတာ..."
"ဘာမတူတာလဲ...."
"တွေ့စတုန်းကနဲ့လေ...အရင်တုန်းက သက်ပိုင်ဟာ မာနကြီးပြီးချစ်ဖို့ကောင်းတယ်၊ ခုကျ အပြစ်ကင်းပြီးချစ်ဖို့ကောင်းတယ် သိလား..."
စားနေရင်းမှ သက်ပိုင်က တစ်ချက်ပြုံး၏။
"ဘာလဲ မာနကြီးတာ ယူကမကြိုက်လို့လား၊ အဲ့ဒီတုန်းကများ ယူ့ကိုကျုပ် အားကြီးမုန်းတာနော်...အဲ့ဒီကတည်းက မဟုတ်ဘူး အလျင်ကတည်းကကိုမုန်းတာ ကျုပ်က"
ဥက္ကာ၏မျက်ဝန်းလေး အံ့သြ ဝိုင်းစက်သွား၏။
"သက်ပိုင်က ကိုယ့်ကို အရင်ကတည်းကသိနေတာလား..."
"သိတာပေါ့ ယူကစတားပဲဟာ၊ အကုန်လုံးကို ပတ်ချေနေလို့ကြည့်မရတာ သိလား...ဟီးဟီး...အို ပြီးပြီ ယူရေ ရှင်းလိုက်တော့"
ပဲလိပ်ဆိုင်မှ ထွက်လာပြီးသည့်အခါ သက်ပိုင်က နှုတ်ခမ်းပေါ်လက်ညိုးလေးထောက်လျက် ဘာလုပ်လျှင်ကောင်းမလဲဟု တွေးနေပြန်သည်။
"ဘာတွေစားမို့ တွေးနေတာလဲ...သက်ပိုင်.."
"မစားသေးပါဘူး ဗိုက်ချောင်အောင်လိုက်ပတ်ကြည့်ဦးမယ်၊ ဂလုတ်ဂလုတ်ဆွဲမလားဟင် အပျော်ပေါ့၊ အို ခဏလေး ဟိုမှာ ကြည့်ဦး ပန်းကန်ပြားမယ်တဲ့ ဝင်ကြည့်ရအောင်...."
သက်ပိုင်သည် တာလပတ်စတွေ ကာရံအုပ်မိုးထားသော လှောင်အိမ်ပုံစံတဲကြီးတစ်လုံးကိုလက်ညိုးထိုး၍ပြသည်။ ထိုတဲရှေ့တွင် ပိုစတာ အကြီးကြီးဖြင့် ပန်းကန်ပြားမယ်ဟုလည်းကြေညာထားသေးသည်။ ပိုစတာထဲတွင်တော့ ပန်းကုံးများဖြင့် စည်းဝိုင်းထားသောအလယ်တွင် သစ်သားတိုင်လေးတစ်တိုင်ထောင်၍ထားသည်။ ထိုသစ်သားတိုင်ပေါ်တွင် ပန်းကန်ပြားတစ်ချပ်တင်ထားပြီး ထိုပန်းကန်ပြားပေါ်တွင်တော့ ကောင်မလေးတစ်ဦး၏ ဦးခေါင်းက သီချင်းဆိုနေဟန် ဖော်ပြထားခြင်းဖြစ်လေသည်။ တစ်ကယ်တော့ မျက်လှည့်တစ်မျိုးသာဖြစ်သည်။ တစ်ချို့ကျလည်း အောက်လမ်းနည်းဖြင့် လုပ်ထားကြသည်ဟုဆိုကြ၏။
အတွင်းထဲကို အပြင်မှမမြင်ရသော်လည်း လူကြီးတစ်ယောက်က ပန်းကန်ပြားမယ်ဟုထင်ရသော ကောင်မလေးတစ်ယောက်ကို မေးနေသည့် စကားသံများကိုတော့ အမိုးထိပ်တွင် တင်ထားသော လော်မှတစ်ဆင့်ကြားနေရလေသည်။
"အဲ့ဒါက မျက်လှည့်တစ်မျိုးပါပဲ သက်ပိုင်ရယ်၊ အဲ့ထက်ကောင်းတဲ့ မျက်လှည့်တွေ သက်ပိုင်ကြည့်ချင်ရင် ကိုယ်လုပ်ပြမယ်နော်...တစ်ခြားစိတ်ဝင်စားစရာကောင်းတာတွေပဲလိုက်ကြည့်ရအောင်..."
သက်ပိုင်နှုတ်ခမ်းလေး အနည်းငယ်ဆူသွား၏။
"အဲ့ဒါဆို ပွဲတော့ကြည့်မယ်မို့လား...."
"အမ်....ဒါပေမဲ့ ညနက်တဲ့ထိမကြည့်ရဘူး..."
"အို...အဲ့ပွဲကြည့်တာကိုပြောတာမဟုတ်ဘူး....မင်းသားမင်းသမီးတွေ နေတဲ့ ဇာတ်စင်နောက်ကနေရာကို သွားကြည့်မှာ...."
"သက်ပိုင်ရယ်.....ပေါက်ပေါက်ရှာရှာ....."
"လာ......"
သက်ပိုင်၏ ဦးဆောင်မှုဖြင့် အနီးဆုံးဇာတ်ပွဲနေရာသို့ ဥက္ကာတိုးရပြန်သည်။ ဒီဟာလေးက မလွယ်ကြောလေး။ ဘယ့်နှယ် သူများနားတဲ့နေရာကို သွားကြည့်မယ်တဲ့ မကြုံဖူးပေါင်။
သက်ပိုင်သည် လူတွေအုံကြွနေသည့် ပွဲဇာတ်စင်ရှေ့မှနေ၍ ဥက္ကာ၏ လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ကာ ဇာတ်စင်အနောက်သို့ အတင်းတိုးဝင်သည်။
ဇာတ်စင်အနောက်တွင် ပိတ်စများကို လေးထောင့်ကျကျလေးတွေကာရံပြီး အခန်းသဖွယ် မင်းသားမင်းသမီးတို့ကနေကြသည်။
လမ်းမီးရောင်နှင့် တစ်ခန်းချင်းဆီတိုင်းရှိ ခြောက်ဆယ်ဝပ်မီးလုံးရောင်တို့ကြောင့် မြင်ကွင်းအားလုံးကို ကောင်းစွာမြင်နိုင်ပေသည်။
သက်ပိုင်က ခြေလှမ်းကို ခပ်ဖွဖွလှမ်း၍ ရှေ့မှဦးဆောင်သည်။ ဥက္ကာက ဟိုဟိုသည်သည် ငေးကာ ကုတ်ကုတ်ရုတ်ရုတ်ကလေး သက်ပိုင်၏နောက်မှလိုက်ပါလာသည်။
သက်ပိုင်သည် မည်သူမည်ဝါနေသည့်အခန်းမှန်းမသိသော ဇာတ်စင်ထောင့်ကျကျနေရာမှ ကာထားသော ပိတ်စနှစ်ခုဆုံရာကို အနည်းငယ်ဟကာ လှပ်၍ချောင်းကြည့်သည်။ အတွင်းတွင် ယိမ်းသမဟု ထင်ရသည့် ညိုညိုညစ်ညစ်ကောင်မလေးတစ်ယောက်က ထမိန်ရင်လျားလျက်ဖြင့် သေတ္တာပေါ်တွင်ထိုင်ကာ ပေါင်ကြီးလှန်လျက် ပွေးဆေးလိမ်းနေ၏။
"ဟောတော်...ဟီးဟီး...."
သက်ပိုင်သည် အံ့သြသဘောကျစွာဖြင့် ခိုးခိုးခစ်ခစ်ရယ်နေသည်။
ဥက္ကာက သက်ပိုင် ကျောကိုကျော်ကာ အတွင်းတွင်ဘာများမြင်ရမလဲဟု စူးစမ်းလိုစိတ်ဖြင့် သက်ပိုင်လိုပင်ချောင်းကြည့်၏။
"ဟာ..."
သက်ပိုင်လိုပင် ဥက္ကာလည်း တစ်ချက်အံ့သြသွားကာ ပြုံးပြုံးရယ်ရယ်ဖြစ်လာသည်။
အတွင်းက ယိမ်းသမက သူတို့ချောင်းနေသည်ကို သတိပြုမိသွားသည်ထင် ထမိန်ကို ပြန်ပြင်ဖုံးပြီး အယုတ္တအနတ္တများဖြင့် ဆဲဆိုကြိမ်းမောင်းတော့သည်။
သက်ပိုင်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် လှပ်ထားသော ပိတ်စကို ပြန်စေ့ကာ ကလေးတစ်ယောက်လို တခစ်ခစ်ဖြင့် အူလှိုက်သည်းလှိုက်ရယ်လေ၏။ သက်ပိုင် ဝမ်းသာအားရ ရယ်နေသည်ကို ဥက္ကာက ကြည့်ရင်းကြည့်ရင်းမှ သဘောကျလာကာ ထပ်တူ ပြုံးရယ်မိပြန်သည်။ သည်ကောင်လေးကို ချစ်မိမှာပဲ ဘဝတွင် အထူးအဆန်းအဖြစ်အပျက်များနှင့်သာကြုံနေရသည်။
"သက်ပိုင်ရယ်...မင်းဟာ တကယ်မလွယ်တဲ့ ကောင်လေးပဲ......"
သက်ပိုင်သည် ရယ်နေရာမှ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း ဥက္ကာအားမျက်စောင်းလေးခဲလေ၏။
"ယူရော မရယ်လို့လား....၊ လာ တစ်ခြားအခန်းသွားချောင်းမယ်..."
ပြောပြောဆိုဆိုဖြင့် သက်ပိုင်သည် အနောက်ဘက်ခပ်ကျကျကိုထပ်တိုးသွားတော့ ဥက္ကာကလည်း လိုက်ရပြန်သည်။
အနောက်ဘက်ရှိ တစ်သီးတစ်သန့်ဖြစ်နေသော တစ်နေရာတွင် ပိတ်စကြီးကာက တစ်ထီးတည်းဖြစ်နေသော အခန်းတစ်ခုကိုတွေ့ရ၏။ ထိုအခန်းက အများသူငါလိုမဟုတ် နည်းနည်းပိုသားနားသလိုရှိကာ အီကြာကွေးမီးလုံးကိုထွန်းထားသည်။
"လာလာ...ယူ...အဲ့ဒါ မင်းသမီးအခန်းဖြစ်ရမယ်...."
သက်ပိုင်သည် ထိုနေရာသို့ ဦးတည်သွား၏။ ပြီးနောက် ဘေးဘယ်ညာကို တစ်ချက်အကဲခတ်ကာ ကာထားသောပိတ်စကို လှပ်၍ခေါင်းပြူ၍ ချောင်းသည်။ သက်ပိုင်ချောင်းသလို ဥက္ကာကလည်းချောင်း၏။ သို့ရာတွင် သူတို့ထင်မှတ်ထားသလို မင်းသမီးအခန်းမဟုတ်။ မင်းသားတစ်ဦး၏အခန်းဖြစ်နေသည်။
အတွင်းမှမင်းသားသည် အခုမှရေချိုးပြီးပုံနှင့်တူသည်။ အသားအရောင်က ခပ်ညိုညိုဖြင့် ပုဆိုးကိုဒူးအပေါ်ထိ ဝတ်ထားကာ တစ်ကိုယ်လုံးကို ရေသုတ်ရင်း သီချင်းလေးညီးနေ၏။ ကျောခိုင်းထားသည့်အတွက် သက်ပိုင်တို့ ချောင်းကြည့်နေသည်ကို သတိပြုမိပုံမပေါ်။
ထို့နောက်ထိုမင်းသားက သက်ပိုင်တို့ချောင်းကြည့်နေသည့်ဘက်သို့ လှည့်ကာ ခပ်တိုတိုဝတ်ထားသော ရေလဲပုဆိုးကို ကွင်းလုံးချွတ်ချပစ်လိုက်သည်။
"အို...ဘုရားရေ...မဲမဲကြီး...."
သက်ပိုင်ခင်မျာ ဘုရားပင်တမိသည်။ သို့ရာတွင် ချောင်းနေမှုကိုမရပ်။ ဥက္ကာက အူနုကျွဲခတ်သလို မခံမရပ်ဖြစ်ကာ သက်ပိုင်၏ မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ဖုံးအုပ်ပြီး အနောက်သို့ ဆွဲခေါ်လေသည်။
"ဟာ...လာလာ...ဘာတွေကြည့်နေမှန်းမသိဘူး..."
သက်ပိုင်သည် ဥက္ကာမျက်လုံးပိတ်ထားသောကြောင့် စမ်းတဝါးဝါးလက်ကားယားခြေကားယားဖြင့် ဥက္ကာနောက်ပြန်ပါလာသည်။
"အို...ယူရေ ဖယ်ပါဦး"
ဥက္ကာ လက်ဖယ်လိုက်သည့်အခါ သက်ပိုင်က ကိုယ်ကိုပြန်ထိန်းလျက် ဝရုန်းသုန်းကားရယ်လေသည်။ ဥက္ကာခင်မျာတော့ သက်ပိုင်လိုမရယ်နိုင်အား မျက်နှာတစ်ပြင်လုံးညိုမဲလျက် ရှုံ့မဲ့မဲ့ဖြင့် သက်ပိုင်ကိုကြည့်နေသည်။
"ယူ...မြင်လိုက်လား...မဲမဲကြီးနော်...ဟားဟား...."
"တော်ပြီကွာ...."
ဥက္ကာသည် စိတ်ဆိုးမာန်ဆိုးဖြင့် သက်ပိုင်အားကျောခိုင်းလိုက်၏။ ဥက္ကာစိတ်ကောက်သွားပြီကို သက်ပိုင်အတတ်သိလိုက်ပါသည်။
"ကိုဥက္ကာ....ဘာဖြစ်သွားတာတုန်း....ညီက သဘောကျလို့ရယ်တာ ပါ...."
သက်ပိုင်သည် ဥက္ကာဆီသို့အလျင်သွား၍ ဘေးမှနေကာ လက်မောင်းကြီးကိုဆုပ်ကိုင်၍ ချိတ်လိုက်သည်။ သက်ပိုင်ချိတ်ထားသော လက်ကို ဥက္ကာကဆွဲဖြုတ်၏။ ဥက္ကာသည် နှုတ်ခမ်းကြီး ဆူလျက် တရှူးရှူးတရှဲရှဲဖြစ်နေလေသည်။
"မင်း...သူ့ကိုသဘောကျတာမို့လား နေခဲ့လေ...ကိုယ့် အနားလာမကပ်နဲ့...."
ဥက္ကာ ခုလောက်ထိ သဝန်တိုသွားလိမ့်မည်ဟု သက်ပိုင်မထင်ထားခဲ့။ သက်ပိုင်မှာ ဘာစိတ်မှမပါ သရော်ချင်စိတ်ဖြင့်သာ ရယ်မိခြင်းဖြစ်လေသည်။
"အို...အဲ့လိုမဟုတ်ပါဘူး ကိုဥက္ကာရယ်...ညီက ဒီအတိုင်းသရော်ချင်လို့ပါနော်....စိတ်မဆိုးပါနဲ့....."
ဥက္ကာစကားမပြန် နှာကိုသာ ပြင်းပြင်းမှုတ်နေ၏။ ဥက္ကာ ခုလိုစိတ်ဆိုးသွားပြန်တော့လည်း သက်ပိုင်မနေတတ်ရှာ။ သို့ရာတွင် ဘယ်လိုချော့၍ချော့ရမည်မှန်းမသိပေ။
"..........."
သက်ပိုင်၏ မျက်နှာလေး သိမ်ငယ်သွား၏။ ပြီးနောက် ဥက္ကာ၏ပါးနှစ်ဖက်ကို ကိုင်ကာ သူ့ဘက်သို့လှည့်သည်။ သို့ရာတွင် ဥက္ကာက တင်းခံနေ၍ တော်တော်နှင့်လှည့်မရ...။
"ကိုဥက္ကာ ညီ့ကို ကြည့်ပါဦး..."
"........"
"ညီအော်ငိုလိုက်မှာနော်၊ အဲ့လိုမနေပါနဲ့ ကိုဥက္ကာ အဲ့လိုစိတ်ဆိုးရင် ညီမနေတတ်လို့ပါ...."
ဥက္ကာက သက်ပိုင်အားစောင်းငဲ့ငဲ့လေးကြည့်လာသည်။ မျက်ရည်တွေဥနေသည့် နွမ်းလျလျသက်ပိုင်မျက်နှာလေးကို ကြည့်ရင်း သနားလာမိသလိုလိုဖြစ်လာသည်။
"အဲ့ဒါဆို သက်ပိုင်က ကိုယ်မခံချိမခံသာဖြစ်အောင် ဘာလို့လုပ်သလဲ....."
"မဟုတ်ပါဘူး...ညီ သူ့ကိုသဘောကျလို့ရယ်တာမဟုတ်ဘူး ဟိုဥစ္စာကိုတွေးမိလို့ပါ..."
ဥက္ကာ မျက်ဝန်းများပြူးကျယ်သွား၏။
"ဘယ်ဥစ္စာလဲ...."
သက်ပိုင်သည် မျက်လွှာလေးအောက်ချလျက် လက်ညိုးကို ဟိုထိုး ဒီထိုးဖြင့် မယောင်မလည် စကားပြန်လာသည်။
"ဟို...ဟိုလေ...သူက ကိုဥက္ကာနဲ့မတူဘူးလို့ ကိုဥက္ကာလိုမဖြူဘူး ညစ်တီးညစ်ပတ်ကြီးဆိုပြီး တွေးမိလို့ပါ..."
သက်ပိုင် စကားကြောင့် ရယ်ချင်စိတ်ကို ဥက္ကာမနည်းထိန်းထားရသည်။ သက်ပိုင်ဟာ ဘယ်လိုပုံစံပဲပြုမူပြုမူ ချစ်ဖို့ကောင်းသွားတာပဲလား။
"ကိုဥက္ကာ စိတ်ဆိုးမယ်မှန်းသိရင် ညီ နောက်အဲ့လိုဖြစ်အောင်မနေတော့ပါဘူး....."
ဒီတစ်ခါတော့ သက်ပိုင်သည် အပြစ်သားတစ်ယောက်လို ခေါင်းကိုငိုက်ကာ တောင်းပန်ရှာသည်။ ဥက္ကာ ဆက်၍ တင်းမထားနိုင်တော့ပါ။
"မင်းဟာလေ...တတ်လဲတတ်နိုင်တယ်၊ အသည်းယားအောင်လာလုပ်နေပြန်ပြီ၊ အဲ့ဒါကဘာပုံစံလေးဖြစ်သွားတာလဲ....."
ဥက္ကာစိတ်ဆိုးပြေပြီမှန်းသိ၍ သက်ပိုင်သည်ခေါင်းလေးမော့ကာ အပြုံးများပြန်ဝေလာ၏။ ပြီးနောက် ဥက္ကာ၏ခါးကိုတအားညှစ်ဖက်လိုက်သည်။
"အမယ်...အမယ်...လာချွဲနေပြန်ပြီ..."
"အို ကိုဥက္ကာကိုမချွဲရင် ညီက ဘယ်သူ့ကိုချွဲရဦးမှာလဲ ပြောပါဦး...."
"အံမာလေး...ဟဟ...ဒီအတိုင်းတောင် ဒီကအရည်ပျော်နေသူပါကွာ...ရုတ်တရတ်ကြီးလာလာချွဲတော့ ကိုယ့်ခင်မျာ အသက်ရှူဖို့တောင် မေ့မေ့သွားတယ်၊ ကဲပါ စိတ်မဆိုးတော့ပါဘူး ဘယ်သွားကြဦးမလဲ..."
"ဟင့်အင်း...ပြန်တော့မယ်...နော်.."
ထိုသို့နှင့် နှစ်ယောက်သား ပွဲခင်းထဲမှ ပြန်ထွက်ကာ ကားရှိရာသို့ပြန်လာခဲ့ကြသည်။
ပြန်လာသည့်လမ်းတစ်လျှောက်လုံးလည်း ဥက္ကာခင်မျာ သူ၏လက်ကို ရှေ့နောက်လွှဲရင်း မြူးတူးနေသည့် သက်ပိုင်ကိုကြည့်ကာ ကြည်နူးရပြန်သည်။ သက်ပိုင်နှင့် ပတ်သက်လျှင် ဥက္ကာဘဝမှာ ဘယ်တော့မှ ကြည်နူးပျော်ရွှင်၍ ဆုံးနိုင်တော့မည်မဟုတ်ပါ။
တီ....တီ....တီ
ဖုန်းဝင်လာသည်ဖြစ်၍ ဥက္ကာက ဆုပ်ကိုင်ထားသော သက်ပိုင်၏လက်ကို တစ်ချက်လွှတ်ကာ ဖုန်းကိုနှိုက်လိုက်သည်။
"အို...ဖိုးဖိုး ဆီကပဲ...သက်ပိုင် ဒီမှာ ခဏစောင့်နော်....ဆူနေလို့ ဟိုဘက်ခဏသွားပြီးပြောလိုက်ဦးမယ်....."
ဥက္ကာသည် ဆူညံနေသည့် ပွဲဈေးတန်း၏ တစ်ဖက်သို့ တိုးထွက်ကာ နည်းနည်းအသံဆိတ်သည့် နေရာကို ရွေး၍ ဖုန်းကိုကိုင်လိုက်၏။
"ဟဲလို....ဖိုးဖိုး....."
"အော်...ဖိုးဖိုး ဖုန်းမှန်းသိသေးတာပေါ့လေ ငါ့မြေးက၊ ဘယ်တွေပျောက်နေတာတုန်း ဖိုးဖိုးဆီလည်းမလာ၊ ဖုန်းလည်းမဆက်နဲ့ အဆက်အသွယ်ဖြတ်ထားနိုင်လိုက်တာ..."
"ဟို...စာတွေပိနေလို့...ဖိုးဖိုးရဲ့...."
"ဟဟ...ဖိုးဖိုးကို မလိမ်ပါနဲ့၊ ချစ်သူရနေပြီဆို ကျော်စွာဆီက သတင်းကြားပါတယ်...."
ဥက္ကာရင်ထဲဒိန်းခနဲဖြစ်သွားသည်။ သက်ပိုင်နှင့်အခြေအနေကို ဖိုးဖိုးသာသိသွားရင် လက်ခံနိုင်ပါ့မလား။
"ချစ်သူမဖြစ်သေးပါဘူးဗျာ...၊ မြေးက လိုက်နေတုန်း....."
"ဟုတ်လား...ဟဟ...ငါ့မြေးလိုလူကိုတောင် ချက်ချင်းပြန်မချစ်ဘူးလားသူက ....."
ဥက္ကာ၏အတွေးထဲ သက်ပိုင်၏မျက်စောင်းလေးကို ခပ်ရေးရေးမြင်တွေ့လိုက်ရသည်။
"အင်း...ချစ်နေသလိုပါပဲ...."
"ဟုတ်ပါပြီ....ငါ့မြေးစိတ်ချမ်းသာရင်ပြီးတာပါပဲ၊ အသံကိုက ပြောင်းလဲနေရော၊ တစ်ခါလောက် ဖိုးဖိုးဆီခေါ်လာဦးလေ"
"ဟုတ်ခေါ်လာခဲ့မယ်၊ မြေး ဟိုတယ်ပြန်ရောက်မှ ပြန်ဆက်လိုက်မယ် ဖိုးဖိုး ခုအပြင်ရောက်နေလို့...."
"အေးအေး...သတိရလို့ခေါ်လိုက်တာ၊ မဆက်ပါနဲ့တော့ ဖိုးဖိုးတရားထိုင်ဦးမယ်...."
"ဟုတ်....ဒါပဲနော် ဖိုးဖိုး...."
ဖုန်းချပြီးသည်နှင့် သက်ပိုင်ရှိရာသို့ ဥက္ကာအလျင်ပြန်လာခဲ့လိုက်သည်။ သို့ရာတွင် ခုနကနေရာ၌ သက်ပိုင်ရှိမနေ...။ ဘေးနားက ဆိုင်တစ်ဆိုင်မှာများရှိနေမလားဟု ဥက္ကာဝေ့ဝိုက်၍ ရှာကြည့်မိသည်။ သို့သော်လည်း အရိပ်အယောင်ပင် မတွေ့ရပါ။
"ရော်...ဒီကောင်လေး ဘယ်တွေသွားနေပြန်ပြီလဲမသိ...."
ကားဆီများရောက်နေပြီလား အထင်ဖြင့် ဥက္ကာသည် လျှောက်လာရင်း သက်ပိုင်ဆီဖုန်းခေါ်၏။ သက်ပိုင်က ဖုန်းမကိုင်။
စိတ်ထဲနည်းနည်းထင့်လာကာ စိုးရိမ်စပြုလာသည်။
ဖုန်းကို ထပ်၍ ခေါ်သည်။ သက်ပိုင် မကိုင်ပါ။ မစ်ကော ဆယ်ကောလောက်ရောက်သည့်အခါမှ သက်ပိုင်ဆီက ဖုန်းဝင်လာ၏။
"ကလေးငယ်ရယ်...ဘယ်တွေသွားနေတာလဲ....ကိုယ်စိတ်ပူနေတာကွာ....."
ဥက္ကာ စိုးရိမ်တကြီး ပြောလိုက်သော်လည်း သက်ပိုင်ထံမှ စကားသံချက်ချင်းထွက်မလား။ တိုးတိုးညှင်းညှင်း ရှိုက်သံများကို ခပ်သဲ့သဲ့သာကြားနေရသည်။
"သက်ပိုင် ညီ ခုဘယ်မှာလဲ...."
ခနအကြာမှ သက်ပိုင်ဆီမှ တုန်တုန်လှုပ်လှုပ်စကားသံထွက်ပေါ်လာသည်။
"ကို...ကိုဥက္ကာ ညီ ကြောက်တယ်...."
ဒိန်းခနဲဆို ဥက္ကာ၏စိုးရိမ်စိတ်များ ငယ်ထိပ်သို့တက်ဆောင့်လေ၏။
"သက်ပိုင်....."
တစ်ဖက် မှ သက်ပိုင်၏အသံထွက်မလာတော့ပါ။
"ဟဟ....မင်းရဲ့ ဟာလေး ခုငါ့လက်ထဲမှာဆို မင်းဘာလုပ်မလဲ ဥက္ကာ...."
ဥက္ကာသည် ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဟိန်းခနဲ အော်ဟစ်မေးမြန်းလိုက်သည်။
"မင်းဘယ်သူလဲ....မင်းဘယ်သူလဲ"
"....မိတ်ဆွေဟောင်းကြီးအသံတောင် မမှတ်မိတော့ဘူးလားကွ၊ မင်းကြောင့် လက်လည်းကျိုးခဲ့ဖူးတယ်၊ မျက်ခုံးမှာဒဏ်ရာနဲ့လေကွာ....."
"ထွဋ်ခေါင်....မင်း..."
ဥက္ကာ၏ အသံများသည် စိုးရိမ်စိတ်များကြောင့် စို့နင့်နေ၏။
"..သိပ်စိတ်မပူနေပါနဲ့....မင်းဟာလေးကို ဒီညနတ်ပြည်ရောက်အောင်ပို့ပေးမို့ပါ....မင်းထပ် ငါ့ကို ပိုစွဲသွားအောင် လုပ်ပေးလိုက်မယ်....."
"မင်း....အေး...မင်း...သူ့ကိုထိရဲထိကြည့် ထိတဲ့ကောင် ငါအကုန်သတ်ပစ်မယ်...မင်းတို့အခု ဘယ်မှာလဲ....
"ဆယ်မြို့နယ်ဆောင်ကို မင်းတစ်ယောက်တည်းလာခဲ့၊ ညဆယ်နာရီထိုးလို့မှ မရောက်ရင် မင်းရဲ့ပန်းလေးဘဝမတွေးရဲစရာပဲ...ဟဟ..."
တစ်ဖက်မှဖုန်းချသွား၏။
"တောက်.....ဒီညမင်းအသက်ကို ဖက်နဲ့ထုပ်ထားတော့ ထွဋ်ခေါင်"
ထွဋ်ခေါင်အပေါ်ထားရှိသော ဒေါသနှင့် သက်ပိုင်အပေါ်ထားရှိသည့် စိုးရိမ်မှုများ ရောပြွန်းကာ ဥက္ကာ၏ရင်တစ်ခုလုံး နင့်နင့်သီးသီး စို့နင့်နေရသည်။ ဒီအချိန်ဆို သက်ပိုင် ဘယ်လောက်တောင်များ ကြောက်လန့်နေမလဲ ဟု ဥက္ကာမတွေးရက်။ သူပျိုးထားသော ပန်းလေး သူများလက်ထဲနွမ်းကြေရတော့မည့် ထင်ယောင်ထင်မှား အတွေးများကလည်း ဥက္ကာရင်ကို မခံမရပ်နိုင်အောင်ပူလောင် စေပါသည်။
အရောင်မဲ့
ဆက်ရန်