Chpater 216 : ခြိမ်းခြောက်ငွေညစ်ဖို့ အခွင့်ကောင်းယူနေတာလား
ကျင်းယွင်ကျောင်းက သူမ၏ လက်ကောက်ဝတ်ကို ပွတ်ပစ်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှုထုတ်၍ ရှန်းကျင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဒါရိုက်တာရှန်း၊ ကျွန်မက အသက်မပြည့်သေးဘူး။ ဒီလိုရွံစရာကောင်းတဲ့ အငွေ့အသက်တွေရှိတဲ့ နေရာမျိုးနဲ့ ဝေးဝေးနေတာ ကျွန်မတို့အတွက် ပိုကောင်းမယ်ထင်တယ်"
လျို့သန်းချင်းက မှင်သက်သွား၏။
ဒီမိန်းကလေးက ဘာလို့ ရှန်းကျင်ကို ဒါရိုက်တာရှန်းလို့ ခေါ်လိုက်တာလဲ။
အစောပိုင်းက သူမ၏ပါးစပ်မှ ရှန်းကျင်ကို ဒါရိုက်တာရှန်းဟု ခေါ်လိုက်သည့်အခါတိုင်းသည် လေးစားသမှုဖြင့် မဟုတ်ဘဲ ရှန်းကျင်အား ရန်စ၍ လှောင်ပြောင်လိုသောကြောင့်သာ ဖြစ်သည်။ သို့သော် ဤမိန်းကလေးက ....
ထိုခဏမှာပင် ရှန်းကျင်က ခေါင်းငြိမ့်ပြလိုက်၍ ကျင်းယွင်ကျောင်းနှင့်အတူ စားသောက်ဆိုင်ထဲမှ ထွက်သွား၍ ကားတစ်စီးပေါ်သို့ အတူတက်သွားကြ၏။ ၎င်းမှာ ကုမ္ပဏီပိုင်ကားဖြစ်ပြီး အရောင်းအဝယ်စာချုပ်များကို ချုပ်ဆိုညှိနှိုင်းရာ၌ အဆင်ပြေပြေသွားလာနိုင်စေရန် ဖြစ်သည်။ ကား၏တန်ဖိုးက အလွန်စျေးမကြီးသော်လည်း အနည်းဆုံး ယွမ်သန်းနှင့်ချီ၍ တန်သေး၏။
လျို့သန်းချင်းသည် ထိုကားကို မြင်သောအခါ မှင်သက်ဆွံ့အသွားသည်။ အကြောင်းမှာ သူမ၏ ဘေးတွင်ရှိသော လူ၏ကားမှာ ယွမ်သောင်းဂဏန်းသာ တန်၍ ကုမ္ပဏီပိုင်ကားပင် ဖြစ်၏။ သူသည် သူဌေးကြီးတစ်ယောက် မဟုတ်သော်လည်း သူ၏ အခြေအနေမှာမူ သူမ,လောက် မဆိုးဟူ၍ မှတ်ယူ၍ ရသည်။
သူမသည် အသက်မငယ်တော့သောကြောင့် ငယ်ရွယ်၍ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသောသူများကို ရှာရန်မှာ သူမအတွက် မဖြစ်နိုင်ပေ။ ထိုအချက်ကိုမူ သူမကိုယ်သူမ နားလည်သဘောပေါက်သေးသည်။
သို့သော် ရှန်းကျင်က အဘယ်နည်း။
သူမရဲ့ခင်ပွန်းက သူမကို ငွေကြောင့် သစ္စာဖောက်ပြီး ကွာတောင် ကွာရှင်းခဲ့ပြီမဟုတ်လား။ သူမဆီမှာ ဘယ်လိုများ ဒီလိုကားကောင်းတစ်စီး ရှိနေရတာလဲ။
"မင်း ဘာတွေ အာရုံများနေတာလဲ။ ငါ့ကို ဆေးရုံလိုက်မပို့သေးဘူးလား"
လျို့သန်းချင်းသည် မောင်းထွက်သွားသည့် ကား၏ ပုံရိပ်ကို ငေးကြည့်နေစဥ်မှာပင် သူမ၏ဘေးရှိလူက အော်လိုက်သည်။
ထို့ကြောင့် လျို့သန်းချင်းသည် ထိုလူအား ဆေးရုံပို့ပြီးသည့်နောက်တွင် ငေးမှိုင်နေ၏။ နောက်ဆုံး၌ သူမသည် ကွန်ပျူတာကို ဖွင့်လိုက်ပြီး အလွန်အရေးကြီးသည့် အလုပ်ကိစ္စတစ်ခုအလား ရှန်းကျင်၏ နာမည်ကို အင်တာနက်ပေါ်၌ ရိုက်ရှာလိုက်သည်။ မူလက သူမသည် မည်သည့်ဆက်စပ်သတင်းကိုမှ ရှာနိုင်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း သတင်းဆောင်းပါးတစ်ပုဒ်က စခရင်ပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့၏။
ထိုဆောင်းပါးအား ဖတ်ပြီးနောက် သူမသည် အံ့သြခြင်းနှင့် ရှက်ရွံ့ခြင်းနှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။
အစောပိုင်းက သူမ ဘာပြောပြော ရှန်းကျင်က သူမအား မျက်လုံးထဲ မထည့်သည်မှာ အံ့သြစရာမရှိတော့ပေ။ ရှန်းကျင်၏ ဘဝအခြေအနေပြောင်းလဲသွားခြင်းက သူမ မျှော်လင့်ထားသကဲ့သို့ မဆိုးဝါးခဲ့။ လွန်ခဲ့သော ဆယ်စုနှစ်က တောက်ပခဲ့သော ဘဝနှင့်ပင် ညီမျှနေသေးသည်။
ရှန်းကျင်သည် ယခု ဝိုင်စျေးကွက်နယ်ပယ်ထဲရှိ နောက်ဆုံး ရေပန်းအစားဆုံးဖြစ်သည့် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ဒုတိယ အထွေထွေမန်နေဂျာဖြစ်၏။
ဤသည်မှာ စကားလုံးအနည်းငယ်သာဖြစ်၍ ကျောက်စိမ်းဝိညာဥ်ကုမ္ပဏီ၏ ခမ်းနားကြီးကျယ်မှုများက ကျန်ရှိနေသေးသည်။ သို့သော် ဤစကားလုံးအနည်းငယ်ကပင် သူတို့ကြားရှိ ကွာခြားမှု မည်မျှကြီးမားကြောင်းကို သူမအား လုံးဝနားလည်သွားစေ၏။
သူမသည် ကုမ္ပဏီ၏ အခြေအနေများကို တစ်ခေါက်ပြန်၍ ဖတ်ကြည့်လိုက်ပြီးနောက် ကုမ္ပဏီတည်ထောင်ချိန်မှာ မကြာသေးသော်လည်း စျေးကွက် မျှော်မှန်းချက်မှာမူ အဆမတန်မြင့်မားကြောင်းကို တွေ့လိုက်ရသည်။ ထို့အပြင် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များကလည်း ထူးခြားလှ၏။ သူတို့သည် ဝိုင်ကုမ္ပဏီအသစ်စက်စက်အား အနာဂတ်၌ အကြီးမားဆုံးကုမ္ပဏီဖြစ်လာမည်ဟု အတော်လေး မျှော်လင့်ထားကြသည်။
လျို့သန်းချင်းသည် ရုတ်တရက် နောင်တရမိသွား၏။ အကယ်၍ ခုနကသာ သူမသည် မောက်မောက်မာမာ မပြောခဲ့ဘဲနှင့် ရှန်းကျင်အား လေးလေးစားစား ဆက်ဆံခဲ့လျှင် လွန်ခဲ့သော ဆယ်နှစ်ကအတိုင်း ရှန်းကျင်၏ဘေးတွင် အလုပ်လုပ်ရန် ဖြစ်နိုင်ဦးမည်လား။
သူမသည် မကြာခဏ အဆူအငေါက် ခံခဲ့ရသော်လည်း အမှန်အတိုင်းပြောရလျှင် ဆက်ဆံရေးမှာ အလွန်ကောင်းနေဆဲပင်။ ထို့အပြင် သူမသည် ထိုရုံးငယ်လေးမှ ဝန်ထမ်းများထက် ရာထူးပိုမြင့်ခဲ့သည်။
လျို့သန်းချင်းသည် တစ်ညလုံးနီးပါး မနာလိုစိတ်ကြောင့် အိပ်မရဘဲ အိပ်ယာထဲ၌ လူးလိမ့်နေခဲ့၏။
သို့ရာတွင် ကျင်းယွင်ကျောင်းနှင့် ရှန်းကျင်တို့အတွက်မူ သူမသည် ချက်ချင်း မေ့မေ့ပျောက်ပျောက်သွားဖြစ်သွားသည့် အသေးအဖွဲ့ဖြစ်ရပ်လေးတစ်ခုသာ ဖြစ်သွားခဲ့သည်။
နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် နာတာရှည်ရောဂါဌာနတွင် ရှန်းကျင်၏ မိခင်ဖြစ်သူကို သွားတွေ့ခဲ့၏။ သွေးခုန်နှုန်းစမ်း၍ အခြားလိုအပ်သည်များကို ကြည့်ရှုပြီးသည့်နောက်တွင် သူမသည် ထိုအမျိုးသမီးကြီးအား အောင်အောင်မြင်မြင် ကုသနိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ် ၁၂၀ ရာခိုင်နှုန်း ယုံကြည်မှုရှိသွားသည်။ သူမသည် သောက်ဆေးနှင့်တွဲ၍ အပ်စိုက်မှတ်နေရာများကို အချိန်တစ်ခုကြာအောင် နှိပ်နယ်ပေးရန်သာ လိုအပ်၏။ သို့သော် တစ်ရက်အတွင်း၌ ပိုကောင်းလာရန်တော့ မဖြစ်နိုင်သေးပေ။
ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သောက်ဆေးအတွက် ဆေးစာရေးပေးခဲ့၍ ရှန်းကျင်အား နှိပ်နည်းသင်ပေးပြီးသည့်နောက်တွင် သူမ နောက်ဆုံး၌ ဟွားနင်ခရိုင်သို့ စိတ်ချလက်ချ ပြန်နိုင်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
နောက်ဆုံး၌ နွေရာသီအားလပ်ရက် ကုန်ဆုံးသွားပြီဖြစ်၏။
သူတို့၏ပထမဆုံး ကျောင်းပြန်တက်သောနေ့တွင် ကျင်းယွင်ကျောင်း၊ စူးချူနှင့် ကန်ကျင်းချန်တို့သည် အတူတကွ လမ်းလျှောက်၍ ကျောင်းသို့ လာခဲ့ကြသည်။ သူတို့သည် တိုက်ခန်းအိမ်ယာမှ ထွက်လာသည့်အခိုက်မှာပင် ဆန္ဒစောစွာဖြင့် စောင့်ဆိုင်းနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ကြရ၏။
ထို့နောက် ဝမ်ရှင်းဖန်းက သူတို့ဆီသို့ စိုးရိမ်တကြီး လျှောက်လာ၍ ...
"ရှောင်ယွင်၊ မင်းရဲ့အဖေနဲ့ ငါက မင်း ကျောင်းပြန်တက်တော့မှာကို သိလို့ မင်းအတွက် အဝတ်အစားအသစ်တစ်စုံ ဝယ်လာပေးတယ်။ အစက ငါ မင်းကိုပါ အတူခေါ်သွားချင်ပေမယ့် မင်းက ဘယ်အခန်းမှာနေမှန်း မသိလို့"
သူမသည် စကားဆုံးသောအခါ ကျင်းယွင်ကျောင်း၏ လက်ထဲသို့ အိတ်တစ်အိတ် ထိုးထည့်ပေးလိုက်သည်။
စူးချူနှင့် ကန်ကျင်းချန်တို့သည် ဝမ်ရှင်းဖန်းအား အံ့သြတကြီးကြည့်နေကြ၍ ထူးဆန်းသည်ဟု တွေးနေကြ၏။
ဒါက ချောင်ဝေ့မင်ရဲ့ ဇနီးအသစ်လား။ ဒါပေမယ့် ချောင်ဝေ့မင်က ကျင်းယွင်ကျောင်းကို အဝတ်အစားအသစ်တွေ ဝယ်ပေးတဲ့အထိ ဘယ်လိုလုပ်ပြီး သဘောကောင်းမှာလဲ။ သူက ကျင်းယွင်ကျောင်းကို ထပ်ပြီးတော့များ ခြိမ်းခြောက်ငွေညစ်ဖို့ ကြိုးစားချင်နေတာလား။