ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၆၆ ..... လူတိုင်းအတွက် ဝေစု
လမင်းဆင်းသက်ခြင်းအဘိုးအိုက အချိန်အတော်ကြာမှသာ ချောင်းဆိုးခြင်း ရပ်တန့်သွားလေပြီး ရှုပ်ထွေးနေသောအမူအရာဖြင့် ရှောင်လုံကိုကြည့်လိုက်လေသည်။အချိန်များစွာကြာပြီးနောက် အဘိုးအိုက ဖြေးဖြေးချင်းပြောလိုက်လေသည်။
"ငါပြောမယ် ... မင်း... အစုတ်ပလုတ်ကောင်တပည့်လေး.... ဒီအဘိုးကြီးရဲ့ နှလုံးကမကောင်းမှန်း မင်းသိတာပဲ ... မင်းကြောင့်ငါ သေလုမတတ် ထိတ်လန့်သွားရပြီ"
အဘိုးအိုက ဆူငေါက်နေသော်လည်း ရှောင်လုံက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"အဘိုးသာတကယ်ကြီး သေလုမတတ် ကြောက်လန့်သွားမယ်ဆိုရင် ... အဘိုးကို လမင်းဆင်းသက်ခြင်း အဖိုးအိုလို့ သတ်မှတ်လို့မရတော့ဘူး "
နတ်ဘုရားအဆင့် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်သောင်းအလွန်က သတ်မှတ်ချက်၏ ပထမနေရာချိတ်သူသည် နှလုံးအားနည်းနေပြီတဲ့လား။ မည်သူကယုံကြည်မည်နည်း။
ထို့ပြင်ရှောင်လုံက အဘိုးအို၏ အစစ်အမှန်ခွန်အားကို သိချင်နေပေသည်။လွန်ခဲ့သည့် နှစ်ပေါင်းခြောက်သောင်းခန့်က လမင်းဆင်းသက်ခြင်းအဘိုးအို ပထမနေရာကို ရယူခဲ့ချိန်တွင် အဘိုးအိုသည် အနည်းဆုံး မဟာနတ်ဘုရားအဆင့်၃ ရှိပေလိမ့်မည်။ယခုနှစ်ပေါင်းခြောက်သောင်းကြာမြင့်ပြီးနောက်တွင် မည်သည့်အဆင်သို့ ရောက်ရှိနေပြီနည်း။
မဟာနတ်ဘုရားအဆင့်၄သို့မဟုတ် အဆင့်၅ဖြစ်သည်လော။
လမင်းဆင်းသက်ခြင်း အဘိုးအိုက စပ်ဖြဲဖြဲရယ်မောလိုက်သည်။
"အရင်ကငါမပြောခဲ့ဘူးလား... ရှန်းမင်ကျီတောင်မှ မိုးပြာရောင်နဂါးနတ်မီးတောက်ကို ရရှိနိုင်တယ်ဆိုရင် မင်းကဘာဖြစ်လို့ တခြားနတ်မီးတောက်သုံးခုကို မရနိုင်ရမှာလဲ ... မြင်လား ...ငါပြောတာ မှန်နေတာပဲ ... မင်းက လိပ်နက်နဲ့ ဟင်္သာပြဒါးငှက်နတ်မီးတောက်တွေကို ပေါင်းစပ်ပြီးသွားပြီလေ"
ထိုသို့ပြောလိုက်ရင်း အဘိုးအိုက မနာလိုအားကျစွာ သက်ပြင်းချလိုက်လေသည်။
"ကောင်စုတ်လေး... မင်းရဲ့ကံတရားကကောင်းလွန်းလို့... ဒီအဘိုးကြီးတောင်မနာလိုဖြစ်လာပြီ"
လမင်းဆင်းသက်ခြင်း အဘိုးအိုသာမက ဤအကြောင်းကို သိလိုက်ရသူတိုင်း သေလုမတတ်မနာလိုဖြစ်သွားပေလိမ့်မည်။
ဒဏ္ဍာရီလာမဟာနတ်မီးတောက် လေးမျိုး ... ။
နတ်မီးတောက်လေးမျိုးထဲမှ တစ်မျိုးကို ရရှိပိုင်ဆိုင်နိုင်လျှင်ပင် ကံကောင်းလွန်းနေပြီ ဖြစ်သည်။သို့သော် ဤကောင်လေးကမူ နတ်မီးတောက်နှစ်မျိုးကို ရရှိလာခဲ့ပေသည်။
ထို့နောက် အဘိုးအို၏ အာရုံသည် နဂါးအင်ပါယာအောင်းတိုင်ရီ၊ဇာမဏီဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ပန်ညီအကိုသုံးယောက်၊နှင့် မြေခွေးဖြူတို့အပေါ်သို့ ရောက်ရှိသွားလေသည်။
"မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခုနှစ်ယောက်ပါလား"
လမင်းဆင်းသက်ခြင်း အဘိုးအိုက အကြည့်တစ်ချက်ဖြင့် လူတိုင်း၏ ကျင့်စဥ်ကို သိရှိသွားလေသည်။သူက စိတ်ရှုပ်ထွေးစွာဖြင့် သူ့၏တပည့်ကို ကြည့်လိုက်သည်။
"ကောင်စုတ်လေး... ဒီမဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် ခုနှစ်ယောက်က ဘယ်သူတွေလဲ ... သူတို့က မင်းရဲ့မိတ်ဆွေတွေလား "
ရှောင်လုံ ရှင်းပြမလာခင်မှာပင် အဘိုးအိုက သူ့ခေါင်းသူယမ်းကာ ငြင်းဆိုလိုက်လေသည်။
"မင်းရဲ့ကံက အဲလောက်ထိ မကောင်းနိုင်ဘူး ... ဟုတ်တယ်မလား ...မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တွေကတောင် မင်းနဲ့မိတ်ဆွေဖြစ်ချင်နေကြပြီလား ... မင်းမသိပါဘူးကွာ ...မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တွေရဲ့ မျက်လုံးထဲမှာ နတ်ဘုရားအဆင့်ကျင့်ကြံသူတွေက ပုရွတ်ဆိတ်လေးပဲ"
အဆုံး၌ အဘိုးအို၏အသံက ဟာသတစ်၀က်နှင့် လေးနက်ခြင်းတစ်၀က် ရောယှက်နေပေသည်။
သဘာ၀ကျကျပင် အဘိုးအိုသည် နဂါးအင်ပါယာအောင်းတိုင်ရီမှလွဲ၍ ကျန်သောမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက်သည် ရှောင်လုံ၏ နောက်လိုက်များဖြစ်ကြောင်းကို ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။သို့မဟုတ် ရှောင်လုံ၏ကျေးကျွန်များဖြစ်မည်ကို ပို၍ပင် ခန့်မှန်းထားမိလိမ့်မည်မဟုတ်ပေ။
မဟာနတ်ဘုရားအဆင့် ကျေးကျွန်များ ....။
ရှောင်လုံက ထူးရှားဆန်းကြယ်စွာပြုံးလိုက်လေပြီး မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်ကို လှည့်ကြည့်လိုက်လေသည်။
"မင်းတို့ ခြောက်ယောက် ဒီကိုလာပြီးတော့ ငါ့ဆရာကိုနှုတ်ဆက်လိုက်ကြ"
ဇာမဏီကလန်ဘိုးဘေးနှင့် ကျန်သည့်ငါးယောက်သည် ရိုသေလေးစားစွာပြန်ဖြေလိုက်လေသညိ။
"ဟုတ်ကဲ့ သခင်လေး"
ထို့နောက် လမင်းဆင်းသက်ခြင်းအဘိုးအို၏ တုန်လှုပ်နေသော မျက်နှာရှေ့တွင် သူတို့က တပြိုင်နက်တည်း နှုတ်ဆက်လိုက်လေသည်။
"ဟောင်ရီရှောင်း၊ဟောင်ဟုန်ထျန်း၊ပန်တာ့ဖေး၊ပန်အာဖေး၊ပန်ရှောင်ဖေး၊ဟူရှောင်ရှန်းတို့က ဆရာကြီးလမင်းဆင်းသက်ခြင်းကို ဂါရ၀ပြုပါတယ်"
ထိုခြောက်ယောက်က ဂါရ၀ပြုလိုက်ချိန်တွင် သူတို့၏နာမည်ရင်းများကိုသာ သုံးပြီး ဘွဲ့ထူးဂုဏ်ထူးများကို ထုတ်မပြောရဲကြပေ။
လမင်းဆင်းသက်ခြင်း အဘိုအို၏ ဦးနှောက်က တုန်ခါသွားလေပြီး မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်လိုက်လေသည်။
"မင်းတို့.... မင်းတို့အားလုံး ဘာပြောလိုက်ကြတာလဲ ...မင်းတို့ ဒီကောင်စုတ်လေးကို ဘယ်လိုခေါ်လိုက်ကြတာလဲ ...ငါ နားကြားမှားနေတာလား "
လမင်းဆင်းသက်ခြင်းအဘိုးအိုက စိတ်အနှောက်ယှက်ဖြစ်ဖွယ်ကောင်းအောင် ထပ်တလဲလဲမေးမြန်းနေပြီး သူ့၏နားကြားထဲ သို့ ထိုးကလော်လိုက်ကာ တီးတိုးရေရွတ်လိုက်လေသည်။
"မကောင်းတော့ဘူး ... ဒီအဘိုးကြီးက တကယ့်ကို အိုနေပြီပဲ... ငါ့ရဲ့အကြားအာရုံက ဒီလောက်ထိတောင် ဆိုးရွားနေပြီလား "
ရှောင်လုံက ဤသည်ကို ကြည့်ရင်းဆွံ့အသွားသောကြောင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်ကို အဘိုးအိုထံ ထပ်မံဂါရ၀ပြုစေလိုက်ပြီး နားကြားလွဲခြင်းမဟုတ်ကြောင်း သက်သေပြလိုက်ရပေသည်။
လမင်းဆင်းသက်ခြင်း အဘိုးအိုက တခဏမျှ ကြောင်အသွားလေသည်။
"ဒီတော့ ... ဒီအဘိုးကြီးရဲ့နားတွေက ပြဿနာဖြစ်နေတာမဟုတ်ဘူးပေါ့...မင်းခေါ်လာတဲ့ လူတွေရဲ့ ခေါင်းကသာ ပြဿနာဖြစ်နေတာ"
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်က နတ်ဘုရားအဆင့်ကျင့်ကြံသူကို သခင်လေးဟု ခေါ်နေပေသည်။ဤသည်မှာ သူတို့ခေါင်းထဲ၌ ပြဿနာရှိနေခြင်းမဟုတ်လျှင် မည်သို့ဖြစ်မည်နည်း။
အဘိုးအို၏ တုန့်ပြန်မှုကိုကြည့်ရင်း ရှောင်လုံက သူ့ကိုလျစ်လျူရှုလိုက်ပြီး ထပ်မံရှင်းပြရန် စိတ်မ၀င်စားတော့ပေ။နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် အဘိုးအို၏ အကျင့်စရိုက်ကို ရှောင်လုံ အတော်လေးနားလည်နေပြီဟု ဆိုရပေမည်။သူက အဘိုးအိုကို အဓိပ္ပာယ်မရှိသည့် အရာများအား ပြောခွင့်ပေးထားလေလေ အဘိုးအို၏ပါးစပ်မှထွက်လာသော စကားများသည် ပိုမိုရယ်ချင်စဖွယ်ကောင်းလာလေလေဖြစ်သည်။
ရှောင်လုံက လေထဲသို့ ခုန်တက်လိုက်ပြီး ဟောင်မိသားသုအိမ်တော်ဆီသို့ နဂါးအင်ပါယာအောင်းတိုင်ရီနှင့် အခြားသူများနှင့်အတူ ဦးတည်ပျံသန်းလိုက်လေသည်။
"ငါပြောမယ် ... ကောင်စုတ်လေး ဒီလိုမျိုး ခေါင်းထဲမှာ ပြဿနာရှိနေတဲ့ မဟာနတ်ဘုရားအဆင့် သိုင်ပညာရှင်တွေကို မင်းဘယ်နေရာကနေ ကောက်ရလာတာလဲ "
လမင်းဆင်းသက်ခြင်း အဘိုးအိုက ရှောင်လုံကို အမှီလိုက်ကာ မေးလိုက်လေသည်။
"ဒီအဘိုးကြီးကို မြန်မြန်ပြောပြစမ်းပါ... ငါလည်း နည်းနည်းလောက်သွားရှာခဲ့မယ် "
ဤသည်ကိုကြားလိုက်ရချိန်တွင် ဟောင်ဟုန်ထျန်းနှင့် အခြားသူများသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ်ဖြစ်သွားကြပြီး ရီရမလို ငိုရမလို ဖြစ်သွားကြသည်။ထိုပိန်ပါးလှသော အဘိုးအိုသည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်သောင်းခန့်က နတ်ဘုရားအဆင့် သတ်မှတ်ချက်ပေါ်ရှိ ဂန္ဓ၀င်အမြောက်ဆုံးသော နေရာကို ဆုပ်ကိုင်ထားသော လမင်းဆင်းသက်ခြင်း အဘိုးအိုဖြစ်ကြောင်း သူတို့ သိထားကြပေသည်။
ထိုကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်သည် အနည်းငယ်ရူးသွပ်၊အရှက်မရှိ၊စနောက်တတ်ပြီး ကောလဟာလအရ အနည်းငယ် နှာဘူးကျသည်ဟုလည်း ပြောကြပေသည်။အမြီးကိုးချောင်း မြေခွေးဖြူက သူမ၏ စွဲမက်ဖွယ်ရာ ရွှေရင်အစုံကိုတိတ်တဆိတ် ဖုံးကွယ်ထားလိုက်သည်။
"သူတို့ကို သွားမေးကြည့်လိုက်"
အဘိုးအိုက အရူံးပေးရန် အစီအစဥ်မရှိသည်ကို ကြည့်ရင်း ရှောင်လုံသည် ဇာမဏီကလန်ဘိုးဘေးနှင့် အခြားသူများဆီသို့ လက်ညိုးထိုးပြလိုက်ပြီး အဘိုးအို နှောင့်ယှက်မှုကို သူတို့ထံသို့ လွှဲပေးလိုက်လေသည်။
မျှော်လင့်ထားသကဲ့သို့ပင် လမင်းဆင်းသက်ခြင်းအဘိုးအိုက သူတို့ကို မေးခွန်းပေါင်းမြောက်များစွာ သွားမေးလေသည်။ပထမဆုံးသော ဒုက္ခသည်မှာ ဇာမဏီကလန်ဘိုးဘေး ဟောင်ရိရှောင်းဖြစ်သည်။
ဇာမဏီကလန်ဘိုးဘေးက မည်သည်ကိုမှ ဖုံးကွယ်မထားရဲဘဲ သူ့၏သွားကိုကြိတ်ကာ ဖြေလိုက်လေသည်။
"ဆရာကြီး လမင်းဆင်းသက်ခြင်းကို ပြန်ဖြေပါတယ် ... ကျုပ်က ဟင်္သာပြဒါးငှက် ကြယ်စင်စုရဲ့ မီးကမ္ဘာမှာရှိတဲ့ ဇာမဏီမီးတောင်က ဇာမဏီကလန်ဘိုးဘေးပါ"
"ဟင်္သာပြဒါးငှက် ကြယ်စင်စု ... မီးကမ္ဘာရဲ့ ဇာမဏီမီးတောင်လား "
လမင်းဆင်းသက်ခြင်းအဘိုးအိုက ခဏမျှကြောင်အသွားပြီးနောက် တတွတ်တွတ်ရေရွတ်လိုက်လေသည်။
"ငါ ဟင်္သာပြဒါးငှက် ကြယ်စင်စုရဲ့ မီးကမ္ဘာကို သွားခဲ့တုန်းကနေ အခုဆိုရင် နှစ်ပေါင်းငါးသောင်းတေု် ကျော်သွားပြီပဲ ... ဒီလိုသာဆိုရင် နောက်ကျငါ ထပ်သွားဦမှာပဲ "
သိပ်မဝေးသည့် နေရာ၌ ပျံသန်းနေသော ရှောင်လုံက သူ့မျက်လုံးကို လှန်လိုက်လေပြီး အကြားအာရုံကို ပိတ်ဆို့ထားလိုက်လေသည်။
ခဏကြာပြီးနောက် သူတို့သည် ဟောင်မိသားစုအိမ်တော်သို့ ရောက်ရှိသွားလေသည်။
"အစ်ကိုကြီး ..."
"ဦးလေး"
ရှောင်လုံ ဟောင်မိသားစုအိမ်တော်သို့ ရောက်ရှိသွားချိန်တွင် သူ့အားအသံနှစ်ခုကလှမ်းခေါ်လိုက်လေသည်။လှည့်ကြည့်လိုက်ချိန်တွင် သူ့၏ညီလေး ဟောင်ရှောင်ဟိုင်နှင့် တူလေးဖြစ်သော ဂိုရှောင်ဖန်တို့ကို မြင်လိုက်ရသည်မို့ သူ့မျက်နှာထက်၌ အပြုံးတစ်ခုပျံ့နှံ့သွားလေသည်။
သူပြန်လာသည့်အချိန်တိုင်း ထိုနှစ်ယောက်က သု့ကို အမြဲတမ်းအရင်ဆုံး သတိထားမိကြသူများဖြစ်သည်။
ရှောင်လုံက ချက်ခြင်း ခေါင်းညိတ်ပြလိုက်သည်။ ဒီတစ်ခေါက်ပြန်လာချိန်တွင် သူတို့နှစ်ယောက်၏ ကျင့်စဥ်သည် အဆင့်တစ်ဆင့်မြင့်တက်သွားကြောင်း သူသတိထားမိလိုက်ပေသည်။
သူ့မိသားစု၀င်များ အားလုံးကို သူတို့၏ ကျင့်စဥ်တိုးတတ်ရန်အတွက် အထွတ်အမြတ်နှင့် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ဆေးလုံးများ ထောက်ပံ့ပေးပြီး မဟာအဆင့်ဖြစ်သောစိတ်ဝိညာဥ်စွမ်းအင် စုစည်းခြင်းအစီအရင်ကို စုစည်းပေးထားသော်လည်း သူတို့သာအားထုတ်မှုမရှိတော့လျှင် သူတို့၏ကျင့်စဥ်သည် ထိုမျှလျင်မြန်စွာ တိုးတတ်လာလိမ့်မည်မဟုတ်ပေ။
ထို့ပြင် သူ့မိသားစု၏ အရည်အချင်းသည် များစွာကောင်းမွန်လာခြင်းမရှိပေ။
အိမ်တော်ထဲတွင် ဟောင်ပန်၊စုယန်နှင့် အခြားသူများသည် ဟောင်ရှောင်ဟိုင်နှင် ဂိုရှောင်ဖန်တို့၏ ခေါ်သံများကို ကြားလိုက်သည်မို့ ပျော်ရွှင်နေသည့် မျက်နှာများဖြင့် ပြေးထွက်လာကြလေသည်။
ရှောင်ဖေးက စုယန်ဘေးမှာပါလာပေသည်။သူမ၏ လှပသော မျက်လုံးလေးများက ရှောင်လုံ့ပေါ်သို့ကျရောက်သွားချိန်တွင် နူးညံ့ညင်သာစွာ တောက်ပသွားလေသည်။
"ရှောင်လုံ .."
"ဂိုဏ်းချုပ်"
"အရှင်သားရဲ နတ်ဘုရား"
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ခေါ်လိုက်လေသည်။
ရှောင်လုံက စပ်ဖြဲဖြဲပြုံးလိုက်ပြီး သူတို့ကို ခေါင်းညိတ်ပြလိုက်ကာ ဟောင်ပန်နှင့် စုယန်ဘေးသို့ လျှောက်သွားလိုက်လေသည်။
"အဖေ ... အမေ..."
"ကိုကြီး ... ဒီတစ်ခေါက်ရော ညီမတို့ဖို့ ဘာယူလာခဲ့သေးလဲ"
သူ့၏ညီမ ဟောင်မင်းက တောက်ပစွာပြုံး၍မေးလိုက်လေသည်။
ရှောင်လုံက အားပါးတရရယ်မောလိုက်သည်။
"ပါတာပေါ့ ... လူတိုင်း ဝေစုတစ်ခုဆီရမယ် "
လူတိုက်းက ကြောင်အသွားကြပြီး 'တကယ်လား'ဟု တွေးလိုက်မိကြလေသည်။
ရှောင်လုံက ရွှမ်းမီနတ်တောင်ကို ဆင့်ခေါ်လိုက်ပြီးနောက် မိစ္ဆာသားရဲများနှင့် ဇာမဏီကလန်ကို နယ်မြေထဲမှ ထုတ်ယူလိုက်လေသည်။
ချက်ချင်းဆိုသလို ဟောင်မိသားစုအိမ်တော်ထဲမှ ဇာမဏီအော်ရာများထွက်ပေါ်လာပြီး နတ်ဘုရားအဆင့် မိစ္ဆာသားရဲများ၏ အော်ရာသည်လည်း ကောင်းကင်ဆီသို့မြင့်တက်သွားပေသည်။
ဟောင်မိသားစု၀င်များသည် နတ်ဘုရားအဆင့် မိစ္ဆာသားရဲတစ်သောင်းကျော်ရှိသော မြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်သွားကြလေသည်။
"မင်းတို့ကြိုက်တဲ့သားရဲကိုသာ ရွေးယူလိုက်ကြ"
ရှောင်လုံက ခပ်တိုးတိုးရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
သို့သော် ဟောင်မိသားစု၀င်များသည် ကြောင်အနေကြဆဲဖြစ်သည်။
ဟောင်ရှောင်ဟိုင်နှင့် ဂိုရှောင်ဖန်တို့က ဦးစွာအသိစိတ်၀င်သွားသည့် နှစ်ယောက်ဖြစ်ပြီး အလွန်အမင်း ပျော်ရွှင်သွားကြသည်။ထို့နောက် သူတို့နှစ်ယောက်သည် မိစ္ဆာသားရဲအုပ်ကြီးထဲသို့ပြေး၀င်သွားကြပြီး သူတို့ကြိုက်သည့်မိစ္ဆာသားရဲကို ရှာဖွေလိုက်ကြသည်။
ထို့နောက်မှသာ ဟောင်မင်းနှင့် ကျန်သူများသည် အသိ၀င်လာကြပြီး မိစ္ဆာသားရဲအုပ်စုထဲသို့ ပျော်ရွှင်စွာအော်ဟစ်ကာ ပြေး၀င်သွားကြလေသည်။
......
ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၆၇ .....လမင်းဆင်းသက်ခြင်း အဘိုးအို၏ အစစ်အမှန် စွမ်းအား
လူတိုင်းက သူတို့နှစ်သက်ဆုံးမိစ္ဆာသားရဲကို စီးတော်ယာဥ်အဖြစ် အလျင်အမြန် ရွေးယူလိုက်ကြတော့သည်။ဟောင်ပန်နှင့် စုယန်တို့သည် မီးအကြေးခွံသားရဲစုံတွဲကို ရွေးယူလိုက်ကြသည်။ရှောင်ဖေးနှင့် ဟောင်မင်းတို့ကမူ ဇာမဏီတစ်ကောင်စီ ရွေးယူလိုက်ကြလေသည်။
'မိန်းကလေးတွေက ယောကျ်ားလေးတွေ နတ်နဂါးကိုကြိုက်သလိုပဲ ဇာမဏီတွေကို စီးနင်းချင်ကြတယ် ထင်တယ် '
သံသယရှိစရာမလိုလောက်အောင်ပင် ရှောင်ဖေးနှင့်ဟောင်မင်းတို့ ရွေးယူလိုက်ကြသည့် ဇာမဏီငှက်များသည် အမများဖြစ်သည်။သို့မဟုတ်ပါက ရှောင်ဖေး လိုချင်နေလျှင်ပင် ရှောင်လုံက သူမ၏ဆုံးဖြတ်ချက်ပို လုံး၀ပယ်ချပစ်လိမ့်မည် ဖြစ်သည်။မိမိချစ်ခင်နှစ်သက်သော မိမိ၏ချစ်သူမိန်းကလေးက ဇာမဏီထီးတစ်ကောင်ပေါ်၌ စီးနင်းနေသည်ကို မည်သူက ခွင့်ပြုနိုင်လိမ့်မည်နည်း။မည်သူမဆို ဒေါသထွက်သွားပေလိမ့်မည်။
ဂိုတိုင်၊ကျို့ရှု၊ကျန့်ဖူနှင့် တခြားသူများသည်လည်း သူတို့စီးနင်းရန်အတွက် သားရဲတစ်ကောင်ဆီ ရရှိသွားကြပေသည်။
ဟောင်ရှောင်ဟိုင်နှင်ဂိုရှောင်ဖန်တို့နှစ်ယောက်သည် အကြေးခွံ လိပ်နဂါးတစ်ကောင်စီ ရွေးယူလိုက်ကြသည်ကို ကြည့်ရင်း ရှောင်လုံက ရယ်မောလိုက်လေသည်။အကြေးခွံနဂါးလိပ်များသည် နဂါးကလန်၏မျိုးစပ်များဖြစ်သောလည်း သူတို့၏ အပြင်ပန်းအရ လိပ်များသာဖြစ်ပေသည်။သူတို့၏ အသွင်အပြင်သည် ပင်လယ်လိပ်တစ်ကောင်ထက် အစပိုင်းများစွာ ကြီးမားသည်မှ လွဲ၍ ကွာခြားမှုများမရှိပေ။
အကြေးခွံနဂါးလိပ်များပေါ်၌ ထိုင်နေသည့် သူတို့နှစ်ယောက်၏ ရယ်စရာပုံစံကိုကြည့်ရင်း ဟောင်မင်းနှင့်ရှောင်ဖေးအပါအ၀င် ကျန်လူများအားလုံးသည် အားပါးတရရယ်မောလိုက်ကြလေသည်။
လူတိုင်းက သူတို့၏ စီးတော်ယာဥ်များကို စိတ်ကြိုက်ရွေးချယ်ပြီးသွားချိန်တွင် ရှောင်လုံက ဇာမဏီကလန်နှင့် မိစ္ဆာသားရဲများကို ဟောင်မိသားစုအိမ် ပတ်ပတ်လည်၌ စောင့်ကြပ်နေရန် အမိန့်ပေးလိုက်လေသည်။
ဤသည်က ဟောင်မိသားစုအိမ်တော်ကို ပိုမိုကြီးမားသွားမည်ဟု ဆိုလိုပေသည်။မိစ္ဆာသားရဲများနှင့် ဇာမဏီကလန်တို့ ဟောင်မိသားစုအိမ်တော်တွင် ရှိနေရန် မလိုအပ်သော်လည်း နတ်ဘုရားအဆင့်၁၀နှင့် အထက် မိစ္ဆာသားရဲများသည် ဤနေရာ၌ မဖြစ်မနေရှိနေရန် လိုအပ်ပေသည်။အကြောင်းအရင်းမှာ ဟောင်မိသားစုအိမ်တော်၏ ခုခံကာကွယ်ခြင်း အစီအရင်များသည် ရှောင်လုံခန့်မှန်းထားသည်ထက် အားနည်းနေသောကြောင့် ဖြစ်သည်။
ရှောင်လုံက ချက်ချင်းဆိုသလို နဂါးအင်ပါယာအောင်းတိုင်ရီ၊ဇာမဏီကလန်ဘိုးဘေး ၊ဟောင်ဟုန်ထျန်း ၊ပန်တာ့ဖေးနှင့်သူ့၏ညီအကိုများ၊အမြီးကိုးချောင်းမြေခွေးတို့ကို လူတိုင်းအား မိတ်ဆက်ပေးလိုက်လေသည်။
ထိုခုနှစ်ယောက်လုံက မဟာနတ်ဘုရားအဆင့်သိုင်ပညာရှင်များဖြစ်ကြောင်း ရှောင်လုံမိသားစုနှင့် သူ့၏နောက်လိုက်များ သိသွားချိန်တွင် လူတိုင်းသည် ကြောင်အသွားကြလေသည်။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သည် မည်သည်ကို ကိုယ်စားပြုသနည်း။
တိမ်ပင်လယ်ကုန်းမြေကြီးနှင့် အနက်ရောင်သူရဲကောင်းတက္ကသိုလ်တွင် နေထိုင်ခဲ့သော သူတို့၏ အတွေ့အကြုံကအရ ဟောင်မိသားစုအိမ်တော်ရှိ လူတိုင်းသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်၏ တည်ရှိမှုမှာ မည်မျှအင်အားကြီးလှကြောင်းကို နားလည်ထားကြပေသည်။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သည် ထိပ်တန်းအင်းအားစုတစ်စုကို ကိုယ်စားပြုပေသည်။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သည် ကြယ်စင်စုတစ်ခု၏ အမြင့်မားဆုံးတည်ရှိမှုကို ကိုယ်စားပြုပေသည်။
သေမျိုးဟု သတ်မှတ်၍ရသော နတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက်နှင့် ကွဲပြားစွာ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သည် သူကိုယ်တိုင်ကပင် နတ်ဘုရားတစ်ပါးဟု သတ်မှတ်၍ရနေပြီဖြစ်သည်။
နတ်ဘုရားဦးခေါင်းနှင့် နတ်ဘုရားတစ်ပါး ...။
လမက်းဆင်းသက်ခြင်းအဘိုးအိုနှင့် ယန်ယီတို့သည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ ဖြစ်သော်လည်း သူတို့က ထိုနှစ်ယောက်၏ နောက်ခံကြောင့် ကွဲပြားစွာ မြင်နေကြပေသည်။တစ်ယောက်က ရှောင်လုံ၏ဆရာဖြစ်ပြီး ကျန်တစ်ယောက်သည် ရှောာင်ဖေး၏ ဆရာဖြစ်သည်။
ထို့ကြောင့် တိတိကျကျပြောရလျှင် လမင်းဆင်းသက်ခြင်း အဘိုးအိုနှင့် ယန်ယီတို့သည် ဟောင်မိသားစုအိမ်တော်၏ အင်အားစုများမဟုတ်ကြပေ။
သို့သော်ယခုမှစကာ ဟောင်မိသားစုအိမ်တော်သည် သူတို့၏ကိုယ်ပိုင် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခခုနှစ်ယောင်ကို ရရှိလာတော့မည်ဖြစ်သည်။
ဇာမဏီကလန်ဘိုးဘေးနှင့် အခြားသူများသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များဖြစ်ကြောင်း သိလိုက်ရသည်နှင့် ဟောင်မိသားစုများသည် ရိုသေလေးစားမှုများဖြင့် အလွန်အမင်းရိုသေလေးစားသွားကြကာ ထိုခုနှစ်ယောက်ကို ဆရာကြီးများဟု ခေါ်လိုက်ကြလေသည်။ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ပန်ညီအကိုသုံးယောက်နှင့် ဟူရှောင်းရှန်းတို့သည် လက်များကိုသာ ယမ်းခါပြလိုက်ကြပြီး မည်သို့တုန့်ပြန်ရမည်မသိဖြစ်သွားကြသည်။
တခြားသူများက သူတို့ကို ဆရာကြီးများဟု ခေါ်သည်မှာ ကိစ္စမရှိသော်လည်း ဟောင်ပန်နှင့်စုယန်တို့သည် မည်သူများဖြစ်ကြသနည်း။သူတို့သခင်၏ မိဘများဖြစ်သည်။အခြားစကားဖြင့်ပြောရသော် သူတို့၏ သခင်များဖြစ်သည်။
သို့သော်လည်း ဟောင်ပန်၊စုယန်နှင့် တခြားသူများက အတင်းအကြပ်တောင်းဆိုနေကြသောကြောင့် ဇာမဏီကလန်ဘိုးဘေးနှင့် တခြားသူများသည် ရှောင်လုံ ခေါင်းညိတ်ပြလာမှသာ လက်ခံကြသည်။
ရှောင်လုံ့အတွက်မူ ဤသည်မှာ ဂါရ၀ပြုရုံမျှသာဖြစ်သည်။သူ့၏မိသားစုက ထိုသို့လုပ်ဆောင်လိုသည်ဆိုလျှင် သူ့၌ငြင်းပယ်နိုင်စရာမကြောက်းမရှိပေ။အကြောင်းမှာ ဇာမဏီကလန်ဘိုးဘေးနှင့် တခြားသူများသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များဖြစ်ကြသောကြောင့် ရိုသေလေးစားမှု အချို့ပြသရန် လိုအပ်သောကြောင့်ဖြစ်သည်။
ထို့နောက် လူတိုင်းသည် အဓိကခန်းမဆောင်ဆီသို့ ဦးတည်သွားလိုက်ကြပြီး ထိုင်လိုက်ကြလေသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုကဲ့သို့ပင် ယန်ယီ၊ရှောင်ဖေးနှင့် သူတို့အားလုံးသည် ရှောင်လုံက ဇာမဏီကလန်နှင့် များစွာသော မိစ္ဆာသားရဲများကို မည်သို့ သိမ်းသွင်းလာခဲ့ကြောင်းအား သိချင်နေကြသည်။
ပထမဆုံး မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလာသူမှာ ယန်ယီဖြစ်သည်။
ရှောင်လုံက ပြုံးလိုက်လေပြီး အဖြစ်အပျက်အားလုံးကို ပြန်လည်ရှင်းပြလိုက်လေသည်။
ယန်ယီ၊ရှောင်ဖေးနှင့် ခန်းမထဲရှိ လူများအားလုံးသည် ရှောင်လုံက လိပ်နက်နှင့် ဟင်္သာပြဒါးငှက် နတ်မီးတောက် နှစ်မျိုးလုံးကိုရရှိလာခဲ့ကြောင်း ကြားလိုက်ရချိန်တွင် အံ့သြမှင်သက်ကာ စိတ်လှုပ်ရှားသွားကြသည်။
ထို့နောက် ရှောင်လုံသည် ကျောင်းမိသားစုသို့မဟုတ် မိုးပြာရောင်နဂါးတက္ကသိုလ်တို့မှ ပြဿနာရှာရန် လူများ လွှတ် မလွှတ်ကို သိရှိလို၍ သိုင်းဝိညာဥ်ကမ္ဘာ၏ လက်တလောအဖြစ်အပျက်များကို မေးမြန်းလိုက်လေသည်။လမင်းဆင်းသက်ခြင်းအဘိုးအိုက မောက်မာဟန်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
"ဒီအဘိုးကြီး ဒီမှာရှိနေသ၍ ... အဲဒီမိမစစ်ဖမစစ်ကောင်တွေ... ဒီနေရာကိုလာပြီးတော့ ....ချီးတောင် လှည့်ပေါက်ရဲမှာမဟုတ်ဘူး "
ဟောင်မင်းက သူမ၏နှုတ်ခမ်းကို စေ့ပြီး ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ရလေသည်။
ယန်ယီက လှောင်ပြောင်ပြောဆိုလိုက်လေသည်။
"တော်တော်နောက်တတ်တဲ့ အဘိုးကြီးပဲ"
ရှောင်လုံက ပြုံးလိုက်လေသည်။
သို့သော်လည်း ဤသည်မှာ အမှန်တရားဖြစ်ပေသည်။အဘိုးအို ဤနေရာ၌ရှိနေသည်မို့ မိုးပြာရောင်နဂါးတက္ကသိုလ်နှင့် ကျောင်းမိသားစုတို့သည် သိုင်းဝိညာဥ်ကမ္ဘာကို ပြဿနာရှာရန် လူများ မစေလွှတ်ရဲခြင်း ဖြစ်သည်။
ထိုညတွင် ဟောင်မိသားစုအိမ်တော်၌ အလင်းရောင်များဖြင့် တောက်ပနေပြီး စားသောက်ပွဲကျင်းပနေပေသည်။
နဂါးအင်ပါယာအောင်းတိုင်ရီနှင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်တို့ ရောက်ရှိလာခြင်းကပင် စားသောက်ပွဲကျင်းပရန် ထိုက်တန်လေပြီဖြစ်သည်။ယခုအခါ ရှောင်လုံကလည်း နတ်မီးတောက်နှစ်မျိုးကို ရရှိခဲ့သည်မို့ ပို၍ပင် ကျင်းပသင့်ပေသည်။
ဂုဏ်ပြုစားသောက်ပွဲသည် ၃ရက်၃ညတိုင် ကြာမြင့်ခဲ့ပေသည်။
၃ရက်ကြာပြီးနောက် လမင်းဆင်းသက်ခြင်း အဘိုးအိုက ရှောင်လုံ့ကို သူသည် ဟင်္သာပြဒါးငှက်ကြယ်စင်စုရှိ မီးကမ္ဘာဆီသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောလိုက်လေသည်။
ရှောင်လုံက လုံး၀ဥဿုံ ကြောင်အသွားလေသည်။သူသည် ဇာမဏီကလန်ဘိုးဘေးနှင့် အခြားသူများကို မီးကမ္ဘာမှ ကောက်ရလာခဲ့သည်ဟု အဘိုးအိုက အမှန်တကယ်တွေးတောနေသည်လား။
ရှောင်လုံမျက်နှာထက်ရှိ အမူအရာကို သတိထားလိုက်မိသည်နှင့် လမင်းဆင်းသက် အဘိုးအိုက မကျေမနပ်ညည်းညူလိုက်လေသည်။
"မင်းခေါင်းထဲမှာ ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတာတွေ စဥ်းစားနေရတာလဲ ... ငါကမင်းကမ္ဘာဆီကို ပစ္စည်းတစ်ခုရှည်ဖို့သွားမှာ "
ရှောင်လုံက သူ့ခေါင်းကို ရှက်ရွံ့ဟန်ဖြင့် ကုတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်တော့်ကိုပါ ဆရာနဲ့ ခေါ်သွားရင်ရော ဘယ်လိုလဲ "
အဘိုးအိုက သူ့ခေါင်းကို ယမ်းခါလိုက်လေပြီး ...
"အဲဒီရှေးဟောင်းအစီအရင်တွေက အားကောင်းတယ်ဆိုပေမယ့် ...ငါ လမင်းဆင်းသက်ခြင်း အဘိုးအိုက ...ငါ့တပည့်ကို ကာကွယ်ပေးခိုင်းရလောက်တဲ့အထိ ...အားမနည်းပါဘူးကွာ"
ရှောင်လုံက တုန့်ဆိုင်းသွားပြီးနောက် မေးလိုက်လေသည်။
"အဘိုး ... အခု အဘိုးက မဟာနတ်ဘုရားအဆင့် ၄လား ဒါမှမဟုတ် အဆင့်၅လား "
လမင်းဆင်းသက်ခြင်း အဘိုးအိုက ရုတ်တရက်အားပါးတရရယ်မောလိုက်လေသည်။
"ကောင်စုတ်လေး... မင်းက မင်းဆရာရဲ့ တကယ့်ခွန်အားကို သိချင်နေပြီလား "
အဘိုးအိုက အမှန်အတိုင်းဖြေလာလိမ့်မည်ဟု ရှောင်လုံ တွေးလိုက်မိသော်လည်း သူ့၏ အသံနှုန်းက ချက်ခြင်းပြောင်းလဲသွားလေသည်။
"မင်း မဟာနတ်ဘုရားအဆင့်ကို ချိုးဖြတ်၀င်ရောက်သွားတာနဲ့... ငါမင်းကို ပြောပြမယ်"
ရှောင်လုံက ထိုအဖြေကြောင့် စိတ်ကသိကအောက်ဖြစ်သွားရသည်။
လမင်းဆင်းသက်ခြင်း အဘိုးအိုက ရှောင်လုံကို အကြည့်တစ်ချက်ပေးလိုက်သည်။
"မင်းက လုံလောက်အောင်မသန်မာသေးဘူး... မင်းမဟာနတ်ဘုရားအဆင့်ကို ရောက်သွားပြီဆိုတာနဲ့ ...ဆရာမင်းကို ပြောစရာတစ်ခုရှိတယ် "
အဘိုးပိုက လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ အဘိုးအိုသည် ရှောင်လုံ့မြင်ကွင်းရှေ့မှ ချက်ချင်းပျောက်ကွယ်သွားပေသည်။
ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအို ရပ်သွားခဲ့သော နေရာကိုကြည့်ရင် အတွေးနက်နေမိသည်။ရှောင်လုံ မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ပြီးနောက်မှသာ အဘိုးအိုက ပြောပြမည်ဆိုသော ကိစ္စသည် မည်သည့်ကိစ္စဖြစ်မည်နည်း။ထို့ပြင် သူ၏လက်ရှိခွန်အားက အားမနည်းသော်လည်း လုံလောက်မှု မရှိသေးသည်လား။
ရက်အနည်းငယ်ကြာပြီးနောက် ယန်ယီသည်လည် လသစ်နယ်မြေကို တစ်ချက်မျှသွားကြည့်ရန် ထွက်ခွာလိုကြောင်း ပြောလာလေသည်။
ယန်ယီထွက်ခွာသွားမည့်ချိန်တွင် ရှောင်ဖေးက အလွန်အမင်းတုန့်ဆိုင်းနေလေပြီး သူမ၏လှပသောမျက်၀န်များသည် နီရဲကာ မျက်ရည်များဖြင့် ဝေ့သီနေပေသည်။
ယန်ယီက ရှောင်ဖေးကို ချစ်ခင်နှစ်သက်စွာ ပြုံးပြလိုက်သည်။
"အရူးမလေး ... ဆရာမက နတ်ဘုံကမ္ဘာကို တတ်ရောက်သွားတာမှ မဟုတ်တာ ...ဆရာမဆီကို ရှောင်လုံနဲ့ မကြာခဏလာလည်လို့ရတာပဲလေ... ဟုတ်တာပေါ့... ဆရာမက မင်းတို့ရဲ့ မင်္ဂလာပွဲကျရင် သေချာပေါက်လာခဲ့မှာပါ"
ရှောင်ဖေး၏ အမူအရာက ရှောင်လုံ့အားကြည့်ရင်း ရှက်သွေးဖြာသွားလေသည်။
ဟောင်မိသားစုနှင့် နှုတ်ဆက်ခွဲခွာလိုက်ပြီးနောက် ယန်ယီသည် သိုင်းဝိညာဥ်ကမ္ဘာထဲမှ မြောက်ဘက်ရေခဲကမ္ဘာ၏ လသစ်နယ်မြေသို့ ပျံသန်းသွားလေသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုနှင့် ယန်ယီတို့ ထွက်ခွာသွားပြီးနောက် ရှောင်လုံသည် ဇာမဏီကလန်မိစ္ဆာသားရဲအုပ်စုကို ဟောင်မိသားစုအိမ်တော်အား စတင်ချဲ့ထွင်ရန် အမိန့်ပေးလိုက်သည်။တစ်ချိန်ထဲမှာပင် ရှောင်လုံက အိမ်တော်ပတ်ပတ်လည်ရှိ ခုခံကာကွယ်ခြင်း အစီအရင်များကို အဆင့်တိုးမြှင့်လိုက်လေသည်။
ထို့သို့ဖြင့် မူလကစီစဥ်ထားသည့်အတိုင်း သူသည် သိုင်းဝိညာဥ်ကမ္ဘာတစ်ခွင်ရှိ အင်ပါယာများနှင့် နိုင်ငံများ စိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်း အစီအရင်ကြီးငယ်များကို စတင်ခင်းကျင်းလိုက်ပေသည်။ထိုကိစ္စများကို ရှောင်လုံကိုယ်တိုင်လုပ်ရန်မလိုအပ်ဘဲ ဇာမဏီဘိုးဘေး၊ဟောင်ရှောင်ထျန်း၊ပန်ညီအကိုသုံးယောက်နှင့် အမြီးကိုချောင်းမြေခွေးဖြူတို့ကို အစီအရင်ခင်းကျင်းခြင်း နည်းစနစ်အား သင်ကြားပေးကာ စေခိုင်းလိုက်လေသည်။
ထိုအချိန်၌ အနက်ရောင် သူရဲကောင်းတက္ကသိုလ်၏ ဝူဟွမ်တောင်ထိပ်ရှိ တက္ကသိုလ်လက်ထောက်ကျောင်းအုပ် ၀မ်နာသည် လမင်းဆင်းသက်ခြင်းအဘိုးအိုနှင့် ယန်ယီတို့ သိုင်းဝိညာဥ်ကမ္ဘာမှ ထွက်ခွာသွားသည့် သတင်းကို ရရှိလိုက်လေသည်။
၀မ်နာ၏ မျက်စောင်းထိုးနေရာ၌ ထိုင်နေသော မဟာအကြီးအကဲ ချန်ရှီက လှောင်ပြောင်ပြောဆိုလိုက်လေသည်။
"ရွှေရောင်ဦးချိုသားရဲ ဘုရင်နဲ့မိုးပြာရောင်နဂါးတက္ကသိုလ်ကလူတွေကို သတင်းသွားပေးလိုက် ... လမင်းဆင်းသက်ခြင်း အဘိုးအိုနဲ့ ယန်ယီတို့ သိုင်းဝိဘာဥ်ကမ္ဘာက ထွက်သွားပြီလို့ သွားပြောလိုက်ချည်... ရွှမ်ကျီးရတနာသိုက်ကို သူတို့ယူလို့ရတယ် ... မိုးသီးကျောက်တုံး ရတနာသိုက်ကတော့ ငါတို့အတွက်ပဲ "
.....
ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၆၈ .....သူက ငါ့လက်ဝါးချက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြံစည်နေတာလား
သိုင်းဝိညာဥ်ကမ္ဘာနှင့် သိပ်အဝေးသော နီလာနွေဦး ကမ္ဘာ၏ မြို့တော်ကြီးတစ်ခုထဲ၌ ရွှေရောင်၀တ်စုံနှင့် သက်လတ်ပိုင်း လူတစ်ယောက် ရှိလေသည်။သူ့၏ရှည်လျားသော မျက်လုံးများ၏ ထောင့်စွန်း၌ အရေးအကြောင်း လက္ခဏာများ ရှိနေပြီး ထိတ်လန့်ခြောက်ခြားဖွယ် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကို ပေးစွမ်းပေသည်။
ထိုသက်လက်ပိုင်းလူကြီးသည် အနက်ရောင်လိပ်ကြယ်စင်စု၏ ရွှေရောင်ဦးချိုသားရဲ ဘုရင်ဖြစ်ပေသည်။
လက်ထောက်ကျောင်းအုပ်၀မ်နာထံမှ သတင်းကို ရရှိပြီးနောက် သူသည် နှာခေါင်းရှုံ့လိုက်လေသည်။
"လောဘကြီးတဲ့ ဒီ အောက်တန်းစားမိန်းမ၀မ်နာက တော်တော်ကို လောဘကြီးတာပဲ... သူမက မိုးသီးကျောက်တုံးရတနာသိုက်ကို တစ်ယောက်ထဲလိုချင်နေပြီးတော့ ....ငါနဲ့ မိုးပြာရောင်နဂါး တက္ကသိုလ်တို့ အတွက် ရွှမ်ကျီးရတနာသိုက်ကိုပဲ ချန်ထားခဲ့တယ်"
"အရှင်သားရဲဘုရင် ... လမင်းဆင်းသက်ခြင်းအဘိုနှင့် ယန်ယီတို့ သိုင်းဝိညာဥ်ကမ္ဘာမှ ထွက်ခွာသွားပြီဆိုတော့ ...ကျွန်တော်တို့စပြီး လှုပ်ရှားသင့်ပြီလား"
ရွှေရောင်ဦးချိုသားရဲဘုရင်၏ နောက်လိုက်တစ်ယောက်ဖြစ်သော မိစ္ဆာသားရဲကလန်သိုင်းပညာရှင်တစ်ယောက်သည် သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။
"ဒါက မဟာအရှင်သခင်ရဲ့ အမိန့်ပဲ ... ငါတို့ ဒီတာ၀န်ကို စောစောပြီးမြောက်လေ... ပိုကောင်းလေပဲ"
ရွှေရောင်ဦးချိုသားရဲဘုရင်က လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။
"မင်းတို့ အားလုံးငါနဲ့ လိုက်ခဲ့ ... ငါတို့မိုးပြာရောင်နဂါးတက္ကသိုလ်ရဲ့လူတွေနဲ့ပူးပေါင်းပြီးတော့ သိုင်းဝိညာဥ်ကမ္ဘာကို သွားကြမယ်"
"ဟုတ်ကဲ့ .... အရှင်သားရဲဘုရင်"
ထိုမိစ္ဆာသားရဲကလန် နောက်လိုက်က ပြန်ဖြေလိုက်ပြီးနောက် မျက်နှာချိုသွေးလိုက်လေသည်။
"အမှန်တောင်ပြောရရင် ... မိုးပြာရောင်နဂါးတက္ကသိုလ်ကလူတွေနဲ့ သွားနေစရာတောင်မလိုပါဘူး ... အရှင်သားရဲဘုရင်ကိုယ်တိုင် သွားရုံနဲ့တင် အဲ့ဒီ ဟောင်ရှောင်လုံသေဖို့ သေချာနေပြီ"
သားရဲဘုရင် ကျင်းယိတုံက ပြန်ပြောလိုက်သည်။
"ဒါက မဟာအရှင်သခင်ရဲ့ အမိန့်ဆိုမှတော့ ...ပြောတဲ့အတိုင်း လုပ်ရုံပဲပေါ့"
မိစ္ဆာသားရဲကလန် သိုင်းပညာရှင်က နာခံကြောင်း ပြလိုက်လေသည်။
ရွှေဦးချိုသားရဲဘုရင် ကျင်းယိတုံက မတ်တပ်ထရပ်လိုက်သည်။ထို့နောက်သူက နီလာနွေဦးကမ္ဘာဆီမှ သူ့၏နောက်လိုက်များနှင့် ပျံသန်းထွက်ခွာလိုက်လေသည်။တိမ်ပင်လယ်ကုန်းမြေကြီးသို့ ရောက်ရှိသွားသည်နှင့် သူတို့က အဇူရာနဂါးတက္ကသိုလ်မှ လူများဖြစ်သောလက်ထောက်ကျောင်းအုပ် ကျားရှင်းထျန်းနှင့်မဟာအကြီးအကဲများကို တွေ့ဆုံလိုက်လေသည်။
သူတို့နှစ်ဖွဲ့တွေ့ပြီးချိန်တွင် ၀တ္တရားအရ ဂါရ၀ပြုလိုက်ကြပြီးနောက် သိုင်းဝိညာဥ်ကမ္ဘာကိုရောက်ရှိမည့် ကူးပြောင်းခြင်း အစီအရင်ဆီသို့ ဦးတည်လိုက်လေသည်။
နေ့ရက်များက ကုန်လွန်သွားပြီးနောက် အုပ်စုနှစ်ခုသည် သိုင်းဝိညာဥ်ကမ္ဘာနှင့် အနီးဆုံး ကူးပြောင်းခြင်း အစီအရင်ရှိသည့် မူလသံမဏိကမ္ဘာသို့ ရောက်ရှိသွားလေသည်။ကူးပြောင်းခြင်း အစီအရင်ထဲမှ လှမ်းထွက်လိုက်ပြီးနောက် သူတို့ အုပ်စုသည် အမြန်ဆုံးနှုန်းဖြင့် သိုက်းဝိညာဥ်ကမ္ဘာဆီသို့ ပျံသန်းလိုက်ကြသည်။၁၅မိနစ်မျှကြာပြီးနောက် သူတို့သည် သိုင်းဝိညာဥ်ကမ္ဘာ၏ အပြင်ဘက် လေဟာနယ်သို့ ရောက်ရှိသွားလေသည်။
ကျားရှင်းထျန်းက သူ့၏အရှေ့၌ လည်ပတ်နေသော ကမ္ဘာကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"အဲဒီဟောင်ရှောင်လုံကို... ငါတို့မဟာနတ်ဘုရားသိုင်းပညာရှင် နှစ်ယောက်က ကိုယ်တိုင်သတ်ဖြတ်ပေးတာနဲ့တင်...သူ ဂုဏ်ယူသင့်နေပြီ"
မိုးပြာရောင်နဂါးတက္ကသိုလ်၏ ထန်နင်းကရယ်မောလိုက်လေသည်။
"အဲဒီ ဟောင်ရှောင်လုံက လက်ထောက်ကျောင်းအုပ်ကြီး ကျား နဲ့ ရွှေဦးချိုဘုရင်တို့ကို သာ မြင်လိုက်ရမယ်ဆိုရင် ...သူက ကြောက်ဒူးတုန်ပြီးတော့... သူ့ရဲ့ဘိုးဘေးတွေကိုတောင် မှတ်မိနိုင်တော့မှာ မဟုတ်ဘူး"
ထိုအုပ်စုက ကျယ်လောင်စွာရယ်မောလိုက်ကြလေသည်။
"သွားကြစို့ "
ကျားရှင်းထျန်းက ရွှေရောင်ဦးချိုသားရဲဘုရင်ကို ပြောလိုက်သည်။တစ်ဖက်လူက တုန့်ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
နှစ်ဖွဲ့လုံးရှိ လူများသည် အကာအကွယ်ကိုထိုးဖောက်ကာ သိုင်းဝိညာဥ်ကမ္ဘာ၏လေထုထဲသို့ ၀င်ရောက်လိုက်လေသည်။
"ဒါကဘာဖြစ်တာလဲ ...သိုင်းဝိညာဥ်ကမ္ဘာရဲ့ စိတ်ဝိညာဥ်စွမ်းအင်က ဘာလို့ဒီလောက်တောင် ပေါများကြွယ်၀နေရတာလဲ "
သိုင်းဝိညာဥ်ကမ္ဘာထဲသို့၀င်ရောက်လိုက်သည်နှင့် ထူးကဲကောင်းမွန်လှသော စိတ်ဝိညာဥ်စွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသောကြောင့် ကျားရှင်းထျန်းသည် တုန်လှုပ်သွားလေသည်။တခြားသူများသည်လည်း သူ့ကဲ့သို့ပင် ဖြစ်သည်။
"ဒီလောက်တောင် အလျှံပယ်ဖြစ်နေတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေ ...ဒါက တိမ်ပင်လယ်ကုန်းမြေကြီးနဲ့တောင် နှိုင်းယှဥ်နိုင်လုနီးပါးဖြစ်နေပြီ"
ရွှေရောင်ဦးချိုသားရဲဘုရင်ကျင်းယိတုံ၏ မျက်လုံးထဲ၌ အလင်းတစ်ချက်လက်သွားပေသည်။
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ... များပြားလှတဲ့ အင်အားစုတွေ သိုင်းဝိညာဥ်ကမ္ဘာကိုလာပြီး ဟောင်ရှောင်လုံရဲ့နှစ်နှစ်သန်းကြာပန်းနတ်ကို လုယူဖို့ကြံခဲ့တုန်းကဆိုရင် ... သိုင်းဝိညာဥ်ကမ္ဘာရဲ့ စိတ်ဝိညာဥ်စွမ်းအင်က သာမန်လောက်ပဲရှိတယ် ... ဆယ်စုနှစ် သုံးခုမကြာသေးခင် ဒီနေရာရဲ့ ပတ်၀န်ကျင်အနေအထားက ဒီလောက်ထိတိုးတက်သွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး"
ကျားရှင်းထျန်း၏ မျက်လုံးထဲ၌လည်း တူညီသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။
"စိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်း အစီအရင်တွေအများကြီးမရှိပဲနဲ့တော့... သိုင်းဝိညာဥ်ကမ္ဘာရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို နှစ်၃၀ဆိုတဲ့ အချိန်တိုလေးအတွင်း... ဒီလောက်ထိ တိုးတတ်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး...အဲဒီဟောင်ရှောင်လုံမှာ သေချာပေါက် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးအများကြီးရှိနေလိမ့်မယ် "
ကျင်းယိတုံ၏မျက်နှာထက်၌ တောက်ပသော အပြုံးကြီးပေါ်ပေါက်လာလေသည်။
"အဲဒီနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတွေ ရှိနေလို့ ... ငါက အဲဒီကောင်လေးကို သက်သက်သာသာသေခွင့် ပြုလိုက်မယ်"
ဤသည်ကိုကြားလိုက်သည်နှင့် လူတိုင်းက ရယ်မောလိုက်ကြသည်။
ခဏကြာပြီးနောက် သူတို့အုပ်စုသည် နှင်းလေတိုက်ကြီးဆီသို့ ဦးတည်ပျံသန်းလိုက်ကြလေသည်။သူတို့ကနှင်းလေတိုက်ကြီးနှင့် ပိုမိုနီးကပ်လာလေလေ ပိုမိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။သူတို့နှင်းလေတိုက်ကြီးထက်၌ ပျံသန်းလိုက်ကြချိန်တွင် ကျင်းယိတုံက ထပ်မံအံ့သြသွားရလေသည်။နှင်းလေတိုက်ကြီးပေါ်ရှိ စိတိဝိညာဥ်စွမ်းအင်သည် သူတို့ဖြတ်သန်းလာခဲ့သော အခြားနေရာများထက်ပင် ပိုမိုပေါများကြွယ်၀နေပေသေးသည်။
"ဒီမြို့က ပိုများတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို တကယ်ကြီး ထုတ်ပေးနေတာပဲ"
သူတို့ ဒေါင်ရမ်းအင်ပါယာထက်မှ ပျံသန်းလာကြချိန်တွင် ကျားရှင်းထျန်းက စိတိလှုပ်ရှားစွာ ပြောလိုက်လေသည်။
ရွှေရောင်ဦးချိုသားရဲဘုရင်နှင့် အခြားသူများသည်လည်း သူ့ကဲ့သို့ပင်ဖြစ်သည်။
"စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်ပေးနိုင်တယ် ... ဒါက စိတ်ဝိညာဥ်စွမ်းအင် စုစည်းခြင်းအစီအရင်ထက် ပိုပြီး နက်ရှိုင်းတဲ့ အစီအရင်တစ်ခုများလား"
ရွှေရောင်ဦးချိုသားရဲဘုရင်၏မျက်လုံးထဲ၌လောဘများဖြင့် တောက်ပသွားလေသည်။
"ငါတို့သာ အဲဒီအစီအရင်ခင်းကျင်းတဲ့ နည်းလမ်းကို ရနိုက်ခဲ့မယ်ဆိုရင်..."
ထိုအကြောင်းကို တွေးလိုက်သည်နှင့် လူတိုင်း၏မျက်နှာသည် လောဘကြောင့် နီရဲလာပေသည်။
"မြန်မြန် ... ဟောင်မိသားစုကလန်ကို သွားကြစို့...ငါတို့ဟောင်ရှောင်လုံကို လုံ၀လွတ်မြောက်ခွင့်ပေးလိုက်မဖြစ်ဘူး "
ကျားရှင်းထျန်းက ရုတ်တရက်စိတ်လှုပ်ရှားစွာ အလျင်အမြန်ပြောလိုက်လေသည်။
"မစိုးရိမ်ပါနဲ့ ... အဲဒီကောင်စုတ်လေးက သေချာပေါက် လွတ်မြောက်နိုင်စွမ်းရှိမှာမဟုတ်ဘူး "
ရွှေရောင်ဦးချိုသားရဲဘုရင်က လွှမ်းမိုးနိုင်စွမ်းရှိသော အမူအရာဖြစ်ပြောလိုက်ရလေသည်။
"သူက ငါတို့လာမှာကို ကြိုသိထားပြီးတော့ ပုန်းမနေခဲ့ဘူးဆိုရင်ပေါ့"
လူတိုင်း၏ အမြန်နှုန်းက ပြောစရာမလိုဘဲ ပိုမိုမြန်ဆန်သွားကြပေသည်။
"ဟောင်မိသားစုအိမ်တော်၏ ပုံရိပ်ကို မြင်တွေ့ရရန်သိပ်မကြာလိုက်ပေ။
ကြီးမားကျယ်ပြန့်လှသော ဟောင်မိသားစုအိမ်ကို အဝေးမှ လှမ်းကြည့်ရင်း ကျားရှင်းထျန်းက လှောင်ပြောလိုက်လေသည်။
"အဲဒီမျိုးမစစ်လေးက ဘ၀ကို ဘယ်လိုမျိုး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမလဲ တကယ်သိတာပဲ ..
ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ကောင်းမွန်လှတဲ့ ဘ၀လေးက သက်တမ်းတိုတိုနဲ့ပဲ အဆုံးသတ်ရဖို့ ကံပါလာခဲ့တယ်လေ"
"အမှန်ပဲ ...အိုက်ယား... သူရဲ့ပါရမီက အရမ်းကို တုန်လှုပ်ဖို့ကောင်းလွန်းလို့ မဟာအရှင်သခင်တောင်မှစိုးရိမ်ထိတ်လန့်မှုကို ခံစားသွားရတယ်လေ"
ရွှေရောင်ဦးချိုသားရဲဘုရင်က သနားဟန်ဖြင့် ပြောလိုက်သည်။
"အဲလိုမှ မဟုတ်ရင် ...သူကအသက်ရှည်ရှည် နေနိုင်ဦးမှာ "
ကျားရှင်းထျန်းက ဟိတ်ဟန်အပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"အဲဒီမျိုးမစစ်လေးက... သူ့ကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ လမင်းဆင်းသက်ခြင်း အဘိုးအိုတို့က ကာကွယ်ပေးထားတာနဲ့ပဲ ဘယ်သူကမှ မထိရဲဘူးလို့ထင်နေတာလေ ... မဟာအရှင်သခင်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း လောကရဲ့ အရေးကိစ္စတွေကနေ သူ့ကိုယ်သူ ရှောင်ကြဥ်နေတာကြောင့်သာ မဟုတ်ခဲ့ရင် ... သူက လမင်းဆင်းသက်ခြင်း အဘိုးအိုနဲ့ ဟောင်ရှောင်လုံတို့ကို တစ်ချက်ထဲနဲ့ အလဲထိုးပြစ်နိုင်လိမ့်မယ်"
"နောင်လာမယ့် နတ်ဘုရားအဆင့် သတ်မှတ်ချက်တိုက်ပွဲက အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီးရဲ့ အဆုံးသတ်ပဲ"
ရွှေရောင်ဦးချိုသားရဲဘုရင်က ကောက်ကျစ်ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။
"အဲအချိန်ကျရင် သူတို့ဆရာတပည့်နှစ်ယောက်လုံး ငရဲမှာ ပြန်လည်ဆုံတွေ့ကြလိမ့်မှာပေါ့ "
"ထူးဆန်းလိုက်တာ ... ဒီနေရာမှာ အရင်ကမရှိဖူးတဲ့ နတ်ဘုရားအဆင့်မိစ္ဆာသားရဲတွေက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ "
မိုးပြာရောင်နဂါးတက္ကသိုလ်မဟာအကြီးအကဲ ထန်နင်းက အံ့အားသင့်စွာဖြင့် ကျယ်ကျယ်လောင်လောင်ပြောလိုက်လေသည်။
ဤသည်ကို ကြားလိုက်သည်နှင့် ကျားရှင်းထျန်းက ကောက်ချက်ချလိုက်သည်။
"သူတိုကို လမင်းဆင်းသက်ခြင်း အဘိုးအိုကဖမ်းထားပြီး သူမသွားခင် ချန်ထားခဲ့တာဖြစ်မယ်... သူက ဒီလောက်များတဲ့ မိစ္ဆာသားရဲတွေကို ဖမ်းထားပြီးတော့ ဟောင်မိသားစုအိမ်တော်ရဲ့ အမိန့်တွေကို နာခံအောင် ဘယ်လိုနည်းစနစ်မျိုးနဲ့ လုပ်ထားလဲဆိုတာတော့ ငါလည်းမသိဘူး ...ဒါပေမယ့် အဲဒီနတ်ဘုရားအဆင့် မိစ္ဆာသားရဲတွေရှိနေတာနဲ့ပဲ သူ့ရဲ့ ဟောင်မိသားစုအိမ်တော်က လုံခြုံလိမ့်မယ်လို့ ဟောင်ရှောင်လုံထင်နေတာလား"
သူကထိုသို့ပြောပြီးသည်နှင့် သူက လေထဲသို့ဆုပ်ကိုင်လိုက်သည့်ပုံစံတစ်ခု လုပ်လိုက်လေသည်။
ချက်ချင်းဆိုသလို အနည်းငယ်ဝေးကွာသည့်နေရာရှိ နတ်ဘုရားအဆင့်၁၀မိစ္ဆာသားရဲနှစ်ကောင်သည် အသားစများအသွင် ပေါက်ကွဲသွားလေသည်။
"ဘာမဟုတ်တဲ့ ပုရွတ်ဆိတ်အုပ်စုပါကွာ"
ကျားရှင်းထျန်းက လှောင်ရီလိုက်လေသည်။
ကျားရှင်းထျန်းနှင့် အခြားသူများက ဟောင်မိသားစုအိမ်တော်၏ ခုခံကာကွယ်ခြင်း အစီအရင်ကို တိုက်ခံရန် ပြင်ဆင်လိုက်ချိန်တွင် အလင်းတစ်ချက်လက်သွားပြီး သူတို့ရှေ့ရှိ လေဟာနယ်က ကွဲအက်သွားလေသည်။ထို့နောက် သူတို့၏ ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။
"ဟောင်ရှောင်လုံ "
ထိုသူ၏ မျက်နှာကို မြင်လိုက်ချိန်တွင် ကျားရှင်ထျန်း၏ မျက်နှာထက်၌ ကောက်ကျစ်ယုတ်မာသော အပြုံးတစ်ခု ဖြတ်ပြေးသွားလေသည်။
"ဟမ့် ...ငါတို့ဒီနေရာကို ရောက်လာမှန်းသိလို့ မင်းက ထွက်ကြိုနေတာလား "
ရှောင်လုံက ခံစားချက်မဲ့နေသည့် အမူအရာဖြင့် ထိုလူအုပ်စုကို ဝေ့ဝဲကြည့်လိုက်လေသည်။သူက ကျားရှင်းထျန်းကို မြင်ဖူးပြီးဖြစ်သည်။
အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ အတွင်းစည်းတပည့်ရွေးချယ်သည့်နှစ်က ရှန်းမင်ကျီတို့အုပ်စုကို ဦးဆောင်လာသူသည် ကျားရှန်းထျန်းဖြစ်သည်။
"ကြိုဆိုတာတဲ့လား "
ရှောင်လုံက သူ့ခေါင်းကို ခါယမ်းလိုက်လေပြီး လှောင်ပြုံးပြုံးလိုက်သည်။
"ကျားရှင်းထျန်း... ခင်ဗျားက ကြိုဆိုခံရဖို့အတွက် အရည်အချင်းမရှိသေးဘူး "
လူတိုင်းက ကြောင်အသွားလေသည်။
ကျားရှင်းထျန်းက ဒေါသဖြင့် အော်ဟစ်လိုက်လေသည်။
"ဟောင်ရှောင်လုံ ... လမင်းဆင်းသက်ခြင်း အဘိုးအိုနဲ့ အနက်ရောင်သူရဲကောင်း တက္ကသိုလ်ကျောင်းအုပ်ကြီးတို့က မင်းကို ကာကွယ်ပေးထားတာနဲ့ပဲ ...ငါတို့က မင်းကို မသတ်ရဲဘူးလို့ ထင်မနေနဲ့ အခု လမင်းဆင်းသက်ခြင်း အဘိုးအိုနဲ့ ယန်ယီတို့နှစ်ယောက်လုံး သိုင်းဝိညာဥ်ကမ္ဘာကနေ ထွက်သွားကြပြီ... ဒီနေ့ မင်းကို ဘယ်သူလာကယ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
သူ့၏ စကားဆုံးသည်နှင့် ကျားရှင်းထျန်း၏ လက်ဝါးရိုက်ချက်သည် ရှောင်လုံ့ဆီသို့ ကျဆင်းသွားလေသည်။ ကျားရှင်းထျန်း၏ မျက်လုံးထဲ၌ ရှောင်လုံ၏ ခွန်အားသည် အားမနည်းလျှင်ပင် သူ့၏ လက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်စွမ်းရှိရန် ဝေးကွာနေပေသေးသည်။သူက ရှောင်လုံကို ချက်ချင်းသတ်ဖြတ်မည် မဟုတ်ပေ။သူက ရှောင်လုံကို စိတ်ဝိညာဥ်စွမ်းအင်များ ထုတ်ပေးနိုင်စွမ်းရှိသော အစီအရင်အကြောင်းသိသမျှမေးရန်နှင့် ရွှမ်ကျီးရတနာသိုက်၊မိုးသီးကျောက်တုံးရတနာသိုက်တို့နဲ့အတူ နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးများကို ထုတ်ပေးခိုင်းရန် လုပ်ဆောင်ရဦးမည်ဖြစ်သည်။
ရှောင်လုံ ဒဏ်ရာများစွာရကာ လွှင့်ထွက်သွားလိမ့်မည်ဟု ကျားရှင်းထျန်းနှင့် မိုးပြာရောင်နဂါးတက္ကသိုလ်မဟာအကြီးအကဲများက တွေးလိုက်ကြချိန်တွင် ရှောင်လုံက သူ့၏ လက်ဝါးဖြင့် ကျားရှင်းထျန်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်လေသည်။
ဤသည်ကိုကြည့်ရင်း ကျားရှင်းထျန်းက အားပါးတရရယ်မောလိုက်လေသည်။
"အဲဒီမျိုးမစစ်လေးက ဘာလုပ်နေတာလဲ...သူက ငါ့ရဲ့ လက်ဝါးရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြံနေတာလား "
သူကရွှေရောင်ဦးချိုသားရဲဘုရင်ကို ပြောလိုက်လေသည်။
ရွှေရောင်ဦးချို သားရဲဘုရင် ကျင်းယိတုံကလည်း ခေါင်းကိုခါယမ်းကာ ရယ်မောလိုက်လေသည်။
......
ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၆၉ .....ကျားရှင်းထျန်းလေထဲ လွင့်ပျံသွားခြင်း
မိုးပြာရောင်နဂါးတက္ကသိုလ် မဟာအကြီးအကဲများနှင့်ရွှေရောင်ဦးချိုသားရဲဘုရင်၏ နောက်လိုက်များတို့သည် ရှောင်လုံက ကျားရှင်းထျန်း၏ တိုက်ခိုက်မှုကို လက်ဝါးဖြင့် ပြန်လည် ခုခံလိုက်ပုံကို ကြည့်ရင်း ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။
လူတိုင်း၏ မျက်နှာက အရယ်လွန်ပြီး နီရဲသွားကြချိန်တွင် ကျားရှင်းထျန်း၏ ဘ၀င်မြင့်နေသော အမူအရာသည် ချက်ချင်းပြောင်းလဲသွားလေပြီး ရှောင်လုံ့၏ လက်ဝါးဆီမှ ရောက်ရှိလာသော အင်အားကို စိုက်ကြည့်လိုက်မိသည်။တစ်ခဏအတွင်း ရှောင်လုံ၏ လက်ဝါးအင်အားသည် သူ့၏လက်ဝါးချက်ကို ကွဲအက်သွားစေကာ ရှေ့သို့ ဆက်လက်တိုး၀င်လာပြီး သူ့ဆီသို့ ဦးတည်လာပေသည်။
ကျားရှင်းထျန်းက ကြောက်လန့်တကြားဖြင့် ထပ်မံတိုက်ခိုက်လိုက်လေသည်။
"မိုးပြာရောင်မီးတောက် နဂါးရစ်ခွေခြင်းလက်ဝါးချက်"
မိုးပြာရောင်မီးတောက်တို့၏ အလယ်တွင် မိုးပြာရောင်နဂါးတစ်ကောင်က ဒေါသတကြီး ရစ်ခွေလျှက် ပေါ်ထွက်လာပေသည်။
မိုးပြာရောင်မီးတောက် နဂါးရစ်ခွေခြင်းလက်ဝါးသိုင်းသည် မိုးပြာရောင်နဂါးတက္ကသိုလ်၏ အဆင့်အမြင့်ဆုံး သိုင်းကျမ်းများထဲမှ တစ်ခုဖြစ်သည်။ထိုသိုင်းပညာကို ကျင့်ကြံနိုင်ရန်အတွက် မိုးပြာရောင်နဂါးရေကန်ထဲ၌ ရက်ပေါင်းများစွာ ၀င်စိမ်ပြီး မိုးပြာရောင်နဂါးချီကို စုပ်ယူရန်လိုအပ်ပေသည်။ထိုသိုင်းပညာကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ရန် အနည်းဆုံး နှစ်ပေါင်းတစ်ထောင် ကြာမြင့်မည်ဖြစ်သည်။
ထိုသိုင်းပညာကို ကျင့်ကြံအောင်မြင်သွားသည်နှင့် လက်ဝါးချက် ထုတ်လိုက်ချိန်တိုင်း ခန္ဓာကိုယ်ထဲ၌ရှိနေသော မိုးပြာရောင်နဂါးချီသည် ကမ္ဘာပြိုကွဲစေသည့် အင်အားကို ပိုင်ဆိုင်ထားသော အင်အားကြီးမားသည့် မိုးပြာရောင်နဂါးအသွင် ရစ်ခွေ ထွက်ပေါ်လာပေသည်။
ထို့ပြင် ကျားရှင်းထျန်းက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ဖြစ်ကာ သူ့၏ တိုက်ခိုက်မှုတွင် နတ်ဘုရားဦးခေါင်းဆီမှ အင်အားကိုအသုံးပြုထားသည်မို့ သူ့၏ မိုးပြာရောင်မီးတောက်နဂါးရစ်ခွေခြင်းလက်ဝါးသည် ပိုမို အင်အားကြီးမားပေသည်။
မိုးပြာရောင်နဂါးမီးတောက်ရစ်ခွေခြင်းလက်ဝါးသည် ရှောင်လုံ၏ လက်ဝါးနှင့် ထိပ်တိုက် တွေ့သွားပေသည်။
မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံက လေထုထဲ၌ ပဲ့တင်ထပ်သွားလေသည်။
ရွှေရောင်ဦးချိုသားရဲဘုရင်နှင့် အခြားသူများသည် မိုင်ပေါင်းများစွာ အဝေးရှိ မြေပြင်ပေါ်သို့ ဒရွတ်တိုက် လွင့်စင်သွားသော ကျားရှင်းထျန်းကိုကြည့်ရင်း ကြောင်အသွားလေသည်။
သူတို့သည် ထိုမြင်ကွင်းကြောင့် အံ့သြမှင်သက်သွားကြလေသည်။
ရှောင်လုံက ကျားရှင်းထျန်း၏ လက်ဝါးရိုက်ချက်ကို ဖျက်ဆီးပစ်လိုက်နိုက်ရုံသာမက အသာစီးရယူပြီး လေထဲသို့ လွင့်စင်သွားစေခဲ့သည်။
'ဒါက ...'
သူတို့သည် သူတို့မျက်လုံးများရှေ့ရှိ အဖြစ်အပျက်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။
မိုးပြာရောင်နဂါးတက္ကသိုလ်၏ မဟာအကြီးအကဲ ထန်းနင်းသည်လည်း အကြီးအကျယ်တုန်လှုပ်သွားပေသည်။သူက သူတို့၏ လက်ထောက်ကျောင်းအုပ် ကျားရှင်းထျန်း၏ ခွန်အားကို ကောင်းကောင်းသိပေသည်။ကျားရှင်းထျန်းသည် မဟာနတ်ဘုရားအဆင့် ၁အလယ်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး မဟာနတ်ဘုရားအဆင့်၁ အလယ်အလတ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အလွန်အမင်းနီးကပ်နေသူဖြစ်သည်။
သို့သော် ထိုသူကို ဟောင်ရှောင်လုံက အဝေးသို့ လွင့်ပျံစေခဲ့ပေသည်။
ဟောင်ရှောင်လုံ ...။
ထိုအချိန်၌ ထန်နင်း၏အတွေးများသည် လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ရှောင်လုံ့ကို ကြည့်ရင်း သူ့စိတ်ထဲရှိ တုန်လှုပ်မှုလှိုင်းများသည် မျက်လုံးပေါ်သို့ထင်ဟပ်လာလေသည်။
'ဒါကတကယ်ပဲ ဟောင်ရှောင်လုံလား'
ထိုသူသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာခန့်က အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ အပြင်စည်းတပည့်သစ် ရွေးချယ်ပွဲကို အောင်မြင်ခဲ့သော ဟောင်ရှောင်လုံဖြစ်သည်လား။
သိပ်မကြာခင် မဟာဆေးပညာရှင်ပြိုင်ပွဲ၌ ရှောင်လုံ ပထမနေရာကိုရရှိခဲ့ချိန်တွင် သူသည် နတ်ဘုရားအဆင့်၈ သိုင်းပညာရှင် တစ်ယောက်မျှသာ ရှိသေးပေသည်။
ယခုအခါတွင် သူ့၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့်၁ အလယ်ပိုင်းအဆင့်နှင့် နှိုင်းယှဥ်နိုင်သည်အထိ ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေပြီတဲ့လား။
ရွှေရောင်ဦးချိုသားရဲဘုရင်ပင် အလွန်တရာတုန်လှုပ်နေပေသည်။
"နတ်ဘုရားအဆင့်၁၀နောက်ပိုင်းအဆင့် "
ရွှေရောင်ဦးချိုသားရဲဘုရင်က ရှောင်လုံကိုပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ရင်း ပါးစပ်မှ လွှတ်ခနဲထွက်သွားလေသည်။
ဟောင်ရှောင်လုံ၏ ကျင့်စဥ်သည် နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အဆင့်သို့ ရောက်ရှိသွားပြီလား။သို့သော်လည်း ကြောက်မက်ဖွယ်ရာကောင်းသော အချက်သည်ဟောင်ရှောင်လုံက နတ်ဘုရားအဆင့်၁၀နောက်ပိုင်း ခွန်အားဖြင့် မဟာနတ်ဘုရားအဆင့်၁ အလယ်အလတ်ဖြစ်သော ကျားရှင်းထျန်းကို အနိုင်ယူလိုက်နိုင်ခြင်းကြောင့်ဖြစ်သည်။
မဟာနတ်ဘုရားအဆင့်အောက် လယ်ဗယ်များကို ပိုးမွှားပမာတည်ရှိမှုဟု ဆိုရိုးရှိပေသည်။ ဤသည်မှာ ရှေးခေတ်ကာလတည်းက သိရှိခဲ့သော သံမဏိစည်းမျဥ်းဖြစ်သည်။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်က မည်သည့်နတ်ဘုရားအဆင့် ကျင့်ကြံသူကိုမဆို လက်တစ်ချက်ယမ်းရုံဖြင့် ဖျက်ဆီးပစ်လိုက်နိုင်ပြီး မည်သည့်နတ်ဘုရားအဆင့် သိုင်းပညာရှင်ကမှ မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက်ကို စိန်ခေါ်ရဲကြမည်မဟုတ်ပေ။သို့သော် ယခုမူ ဟောင်ရှောင်လုံသည် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မာခဲ့သည့် သံမဏိစည်းမျဥ်းကို ချိုးဖြတ်လိုက်လေသည်။
ရွှေရောင်ဦးချိုသားရဲဘုရင်က ရှောင်လုံကို လေးနက်စွာ စိုက်ကြည့်လိုက်လေပြီး သူ့စိတ်ထဲရှိ တုန်လှုပ်မှုများကို ထိန်းချုပ်လိုက်ပေသည်။အချိန်အတော်ကြာပြီးနောက် သူကပြောလိုက်သည်။
"ဟောင်ရှောင်လုံ ... ကြည့်ရတာ ငါတို့က မင်းရဲ့ ပါရမီနဲ့ တိုးတတ်မှုနှုန်းကို လျော့တွက်ခဲ့မိပြန်ပြီထင်တယ် ... မင်းက ဒီလောက်ထိ သန်မာလာလိမ့်မယ်လို့ ...ငါမမျှော်လင့်ထားခဲ့မိဘူး ...ဒါပေမယ့် ...မင်းဒီနေ့ သေကိုသေရမယ် "
မည်သို့ပင်ဖြစ်ပါစေ ဟောင်ရှောင်လုံကို အသက်ရှင်ခွင့် မပြုနိုင်ပေ။
ချက်ချင်းဆိုသလို ရွှေရောင်ဦးချိုသားရဲဘုရင် ကျင်းယိတုံသည် သူ့၏အော်ရာကို အပြည့်အ၀ထုတ်လွှတ်လိုက်လေသည်။သူ့ထံမှ မိစ္ဆာချီများသည် ကြီးမားလှသော လှိုင်းလုံးကြီးသဖွယ် ပြေးထွက်လာပြီး ပတ်ပတ်လည်သို့ ပြန့်နှံ့သွားပေသည်။
သန်မာလှသောလေပြင်းများတိုက်ခိုက်လာကာ ကောင်းကင်ကမှောင်မဲသွားပေသည်။
ရွှေရောင်ဦးချိုသားရဲဘုရင်က မဟာနတ်ဘုရားအဆင့်၁နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်ဖြစ်ပြီး မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်၀င်ရောက်ရန် အချိန်တစ်ခုသာ လိုတော့ကာ ဇာမဏီကလန်၏ ဘိုးဘေးနှင့် အဆင့်တူဖြစ်သည်။
ရှောင်လုံက ပြန်ပြောလိုက်သည်။
"ဒီလောက်ပဲလား ..."
ထို့နောက်သူက ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ထဲသို့ကြည့်လိုက်လေသည်။
"အကုန်လုံး ထွက်လာခဲ့ကြ "
"ဟုတ်ကဲ့ သခင်လေး "
ထိုအသံများထွက်ပေါ်လာသည်နှင့် လေဟာနယ်ကကွဲထွက်သွားလေပြီး ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ပန်ညီအကိုသုံးယောက်နှင့် အမြီးကိုးချောင်းမြေခွေးတို့သည် ဟင်းလင်းပြင်တို့မှထွက်ပေါ်လာလေသည်။
ထို့နောက် ကျင်းယိတုံ၊သူ၏နောက်လိုက်များနှင့် မိုးပြာရောင် နဂါးတက္ကသိုလ်မှ လူများကို ၀န်းရံလိုက်ကြလေသည်။
"ခြောက် ... မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်တောင် "
ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်းနှင့် အခြားသူများပေါ်ထွက်လာသည်ကို ကြည့်ရင်းရွှေရောင်ဦးချိုသားရဲဘုရင်၏ မျက်နှာသည် တင်းမာသွားပေသည်။
မိုးပြာရောင်နဂါးတက္ကသိုလ်၏ မဟာအကြီးအကဲ ထန်နင်းနှင့် ကျန်သူများသည် သေလုမတက်ဖြူဖျော့သွားကြလေပြီး အကြီးအကျယ်တုန်လှုပ်သွားကြလေသည်။
ဟောင်ရှောင်လုံ၏ဘေး၌ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ ရှိနေပေသည်။
တစ်ယောက်ထဲမဟုတ်ဘဲ ခြောက်ယောက်ပင် ဖြစ်နေပေသည်။
ယခုပင် ထိုမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက်က ရှောင်လုံ့ကို 'သခင်လေး'ဟု ခေါ်လိုက်ကြသည်လား။
သခင်လေး ...။
ထိုအချိန်၌ ကျားရှင်းထျန်းသည် မြေပြင်မှ ညစ်ပတ်စုတ်ပြတ်နေသော ခန္ဓာကိုယ်ဖြင့် ထရပ်လာလေပြီး မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်ခြောက်ယောက်က ရှောင်လုံကို သခင်လေးဟု နှုတ်ဆက်လိုက်သံအား ကြားလိုက်ချိန်တွင် ဒူးထောက်ကျသွားလေသည်။
"သူတို့ကို ကောင်းကောင်းဆက်ဆံလိုက် ... ငါတို့ဟောင်မိသားစု အိမ်တော်က ဧည့်၀တ်မကျေဘူးလို့ ခံစားမသွားရစေနဲ့ "
ထိုသူများ၏ အမူအရာများကို လျစ်လျူရှုလိုက်ပြီးနောက် ရှောင်လုံသည် သူ့၏ သိုင်းပညာရှင် ခြောက်ယောက်ကို ပြောလိုက်လေသည်။
"ဟုတ်ကဲ့ ... သခင်လေး "
ထိုခြောက်ယောက် ရိုသေလေးစားစွာပင် ပြန်ဖြေလိုက်ကြသည်။ကျားတစ်ကောင်က ဝံပုလွေအုပ်စုထဲသို့ ရောက်ရှိသွားသည့်နှယ် သူတို့သည် ရွှေရောင်ဦးချိုသားရဲဘုရင်ကို ဝိုင်း၀န်းတိုက်ခိုက်လိုက်ကြလေသည်။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက်၏ တပြိုင်နက်တိုက်ခိုက်မှုကို ခံယူလိုက်ရချိန်တွင် ရွှေရောင်ဦးချိုသားရဲဘုရင်၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများ ထွက်ပေါ်လာပြီး စိတ်ထဲမှ အကြိမ်ပေါင်းထောင်ချီ ကျိန်ဆဲနေမိသည်။ခွန်အားချင်း ယှဥ်လျှင် သူသည် ထိုမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ရှင်ခြောက်ယောက်၏ မည်သူထက်မဆို အားနည်းခြင်းမရှိဘဲ တစ်ယောက်ခြင်းတိုက်ခိုက်ရန် ကြောက်ရွံ့မနေပေ။သို့သော် အုပ်စုဖွဲ့တိုက်ခိုက်လာလျှင်မူ သေလမ်းတစ်လမ်းသာရှိပေသည်။
ထို့ပြင် ဇာမဏီကလန်ဘိုးဘေး၊ ပန်တာ့ဖေးနှင့်အမြီးကိုးချောင်း မြေခွေးဖြူတို့သည် သူနှင့် ခွန်အားခြင်းတူနေပေသည်။
အကြိမ်အနည်းငယ်မျှတိုက်ခိုက်ပြီးနောက် ရွှေရောင်ဦးချိုသားရဲဘုရင်သည် ၀မ်းနည်းဖွယ်ရာ အခြေအနေသို့ ကျဆင်းသွားပေသည်။မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်ကြောင့် ဆိုးဆိုးရွားရွား ခံစားသွားရရန် သိပ်မလိုတော့ပေ။သူ့၏နောက်လိုက်များသည်ပင် ဖောင်းကားနေသော ၀က်ခေါင်းကြီးသည် သူတို့၏ မြင့်မြတ်လှသော အရှင်ရွှေရောင်ဦးချိုသားရဲဘုရင်ဟု မယုံကြည်နိုင်ဖြစ်သွားကာ စိုက်ကြည့်နေကြပေသည်။
ရွှေရောင်ဦးချိုသားရဲဘုရင်က လွတ်မြောက်ရန်ကြိုးပမ်းသော်လည်း ရှောင်လုံက ပတ်ပတ်လည်လေဟာနယ်ကို နတ်ဘုရားချုပ်နှောင်ခြင်း ရွှေပိုးကြိုးဖြင့် ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။သူကမည်သို့ လွတ်မြောက်နိုင်စွမ်းရှိတော့မည်နည်း။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက်က ရွှေရောင်ဦးချိုသားရဲဘုရင်ကို ၀န်းရံတိုက်ခိုက်နေကြချိန်တွင် ကျားရှင်းထျန်းက အခွင့်အရေးကို အမိအရဆုတ်ကိုင်လိုက်ပေသည်။သူကမြေပြင်ဆီမှ ရုတ်ချည်းပျောက်ကွယ်သွားပြီး ရှောင်လုံ့ရှေ့၌ ပေါ်လာလေကာ အရူးအမူးတိုက်ခိုက်လိုက်လေသည်။
ကျားရှင်းထျန်းက သူသေကိုယ်သေတိုက်လိုက်မှုကို ကြည့်ရင်း ရှောင်လုံသည် နှာခေါင်း ရှုံ့လိုက်လေသည်။
ကျားရှင်းထျန်း၏ တိုက်ခိုက်မှုက သူ့ပေါ်သို့ ကျဖောက်တော့မည့် အချိန်တွင် ကြီးမားလှသော နဂါးလက်သည်းကြီးတစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ရိုက်ချလိုက်လေသည်။ကျားရှင်းထျန်းသည် ကြယ်ကြွေတစ်ခုနှယ် လွင့်စင်သွားပြီး မြေကမ္ဘာအတွင်းရှိ နက်ရှိုင်းလှသောနေရာဆီသို့ ထိုးဖောက်၀င်ရောက်သွားပေသည်။သူ့ထံမှ မည်သည့်အသံကိုမှ မကြာရတော့ပေ။
မီတာ ၃၃၀၀ရှည်သော ရွှေရောင်နဂါးကြီးသည် လူတိုင်း၏ ရှေ့မှောက်၌ ပေါ်လာလေသည်။
ရွှေရောင်နဂါးကြီးဆီမှ သန်မာအားကောင်းလှသော ဖိအားသည် ရွှေရောင်ဦးချိုသားရဲဘုရင် ဇာမဏီကလန်ဘိုးဘေးနှင့် အခြားသူများကို ချက်ချင်းဖိနှိပ်လိုက်လေသည်။
သေလုနီးပါးထိုးနှက်ခံထားရသော ရွှေရောင်ဦးချိုသားရဲဘုရင်သည် နဂါးအင်ပါယာအောင်းတိုင်ရီ၏ အစစ်အမှန်ခန္ဓာကိုယ်ကို မြင်လိုက်ရချိန်တွင် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
"မဟာနတ်ဘုရားအဆင့်၂ ရှေးဟောင်းသားရဲ ရွှေရောင်နဂါး"
မဟာနတ်ဘုရားအဆင်နှင့် ရှေးခေတ်ရွှေရောင်နဂါးဖြစ်သည့်အပြင် အဆင့်နှစ် အစောပိုင်းအဆင့်ထက်ပင် သန်မာနေပေသေးသည်။
သူ့၏ နှလုံးသားထဲမှ မျှော်လင့်ချက်ရောင်ခြည်တန်းလေးသည် လုံး၀ပျောက်ကွယ်သွားလေပြီး စိတ်ပျက်အားလျော့ခြင်း အဖြစ်သို့ ပြောင်းလဲသွားလေသည်။
မိုးပြာရောင်နဂါးတက္ကသိုလ်၏ မဟာအကြီးအကဲများအတွက်မူ ရှောင်လုံက ပတ်ပတ်လည်ရှိ နတ်ဘုရားအဆင့် မိစ္ဆာသားရဲများအား 'နွေးထွေးစွာ ဧည့်ခံ 'ရန် အမိန့်ပေးထားပေသည်။
နှစ်နာရီကြာပြီးနောက် လုံလောက်ပြီဟု ခံစားလိုက်ရသည်မို့ ဇာမဏီကလန်ဘိုးဘေးနှင့် ကျန်လူများ အားလုံးကို ရပ်တန့်ရန် အမိန့်ပေးလိုပ်လေသည်။
ရှေးဟောင်းဦးချိုသားရဲဘုရင်က ရှောင်လုံကို မုန်းတီးစွာစိုက်ကြည့်လိုက်သော်လည်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟောင်ရှောင်လုံ ... သိပ်မကြာတော့တဲ့ အနာဂတ်မှာ မင်းက ဒီနေ့ဖြစ်သွားတဲ့ ငါ့အခြေအနေထက် ပိုပြီး ဆိုးဆိုးရွားရွားအဆုံးသတ်ရလိမ့်မယ် "
ရုတ်တရက်ဆိုသလို ရွှေရောင်ဦးချိုသားရဲ ဘုရင်၏ ခန္ဓာကိုယ်ထဲမှ ကြမ်းတမ်းလှသော အင်အားတစ်ခု ထွက်ပေါ်လာလေသည်။
နဂါးအင်ပါယာအောင်းတိုင်ရီ၏ မျက်နှာက တင်းမာသွားလေပြီး အော်ဟစ်လိုက်လေသည်။
"မကောင်းတော့ဘူး ... သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်တော့မယ် ထင်တယ်"
နဂါးအင်ပါယာအောင်တိုင်းရီ၏ ခန္ဓာကိုယ်ထံမှ နဂါးအင်အားထွက်ပေါ်လာလေပြီး ရှောင်လုံကို ကာကွယ်လိုက်ကာ ချက်ချင်းဆုတ်ခွာလိုက်လေသည်။
ဇာမဏီကလန်ဘိုးဘေးနှင့် ကျန်သူများသည်လည်းအသည်းအသန် ဆုတ်ခွာလိုက်ကြသည်။
ကောင်းကင်ကိုပင်တုန်လှုပ်စေသော ပေါက်ကွဲသံကြီးက လေထုကို တုန်ခါသွားစေသည်။
ရွှေရောင်ဦးချိုသားရဲဘုရင်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစဖြင့် ပေါက်ကွဲသွားလေပြီး မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှုအင်အားသည် အရပ်မျက်နှာအနှံ့သို့ ဖုံးလွှမ်းသွားလေသည်။
ဖျက်ဆီးမှုအင်အား၏ ကြီးမားလှသော စွမ်းအားကြောင့် နတ်ဘုရားချုပ်နှောင်ခြင်း ရွှေပိုးကြိုးသည် လေဟာနယ်ပိတ်ဆို့ခြင်း စွမ်းရည်ကို ဆုံးရှုံးသွားရပြီး ဖျက်ဆီးမှုအင်အားကို အဝေးသို့ ပျံ့နှံ့သွားစေမိပေသည်။
......
ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၇၀ ..... ထူးခြားဆန်းကြယ်သော မဟာအရှင်သခင်
ရွှေဦးချိုသားရဲဘုရင်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုဆီမှ ဖျက်ဆီးမှုအားလှိုင်းများက သူ့၏နောက်လိုက်များနှင့် မိုးပြာရောင်နဂါးတက္ကသိုလ်၏ မဟာအကြီးအကဲများဆီသို့ တိုးဝင်သွားသည်။ ထို့နောက် အားလုံးကို အစိတ်အမွှာမွှာဖြစ်သွားစေကာ အနီရောင် သွေးမြူများသာ ကျန်ရစ်ခဲ့လေသည်။
ကျားရှန်းထျန်းသည် လေထဲသို့ လွင့်စင်သွားပြီးနောက် တုန်ယင်သွားကာ ဝေးကွာသော မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားလေသည်။ သူ လိမ့်နေရာမှာ ရပ်သွားချိိန်တွင် သူ့၏ ခန္ဓာကိုယ်သည် သွေးသံများဖြင့် ဖုံးလွှမ်းသွားပြီး အရိုးဖြူများကိုပင် မြင်နေရပြီဖြစ်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီ၏ အစောပိုင်း ရိုက်ချက်က သူ့၏ အသက်တစ်ဝက်ကို ယူဆောင်သွားသည်။ ရွှေဦးချိုသားရဲဘုရင်ဆီမှ ဖောက်ခွဲမှုအားလှိုင်းများကို ပေါင်းထည့်လိုက်လျှင် ကျားရှင်းထျန်းသည် ယခုအခါ၌ အသက်မဲ့နေသော အလောင်းကောင်နီးပါး ဖြစ်နေပေပြီ။
သို့သော်လည်း မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် သူတို့၏ နတ်ဘုရားဦးခေါင်းနှင့် စိတ်ဝိညာဥ် အကောင်းပကတိ ဖြစ်နေသေးသရွေ့ အမှန်တကယ် မသေဆုံးသွားနိုင်သည်မို့ ကျားရှင်းတျန်းသည် အသက်ရှင်နေသေးပေသည်။
အချိန်အတော်ကြာပြီးနောက် ရွှေဦးချိုသားရဲဘုရင်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုဆီမှ ဖျက်ဆီးမှုအားလှိုင်းများသည် အားနည်းလာပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ဖုန်မှုန့်မုန်တိုင်း ကျဲပါးသွားပြီးနောက် ပတ်ဝန်းကျင်သည် ငြိမ်သက်တိတ်ဆိတ်သွားပေသည်။
ပတ်ပတ်လည်ရှိ မြေပြင်သည် ယခုအခါတွင် မူလကထက် မီတာအနည်းငယ် နိမ့်ဆင်းသွားသည်။ ရွှေရောင်ဦးချိုသားရဲဘုရင် ရပ်နေခဲ့သည့်နေရာ၌ မီတာရာပေါင်းများစွာ ကြီးမားလှသော ကျင်းကြီး ဖြစ်သွားပြီး နက်မှောင်ကာ အဆုံးအစမဲ့ နက်ရှိုင်းနေလေသည်။
ရှောင်လုံ က ပတ်ပတ်လည်ကို နတ်ဘုရားချုပ်နှောင်ခြင်းရွှေပိုးကြိုးဖြင့် ပိတ်ဆို့ထားသည်မှာ ကံကောင်းသွားပြီး ပေါက်ကွဲမှုဆီမှ ဖျက်ဆီးမှုအားလှိုင်း တစ်ဝက်ကျော်ကို တားမြစ်နိုင်ခဲ့သည်။
ထို့ပြင် ရှောင်လုံက ဟောင်မိသားစုအိမ်တော်၏ အကာအကွယ်အစီအရင်များကို အဆင့်မြင့်တင်ပေးထားပြီး ဖြစ်သောကြောင့် ဟောင်မိသားစုအိမ်တော် ကို တစ်ခုတစ်လေမှ ထိခိုက်သွားခြင်း မရှိပေ။ ထိုသို့မဟုတ်ပါက ဟောင်မိသားစုအိမ်တော်သည် မြေပြင်ပေါ် လဲပြိုပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း မိုင်တစ်ရာကျော်အတွင်းရှိ မြို့များကိုမူ တုန်လှုပ်မှုအားလှိုင်းများ ရိုက်ခတ်သွားသည်။ မြို့တော် နံရံတစ်ခုလုံး ပြိုလဲသွားရပြီး အထဲရှိ အဆောက်အဦများအားလုံး ဖုန်မှုန့်အသွင် ပြောင်းလဲသွားရသည်။ မြို့တော်ထဲ၌ အသက်ရှင်သူ တစ်ယောက်မျှပင် ရှာမတွေ့ပေ။
ဤသည်ကို ကြည့်ရင်း ရှောင်လုံ၏ မျက်နှာက မဲမှောင်သွားလေသည်။ ရွှေရောင်ဦးချိုသားရဲဘုရင် က သူ့ကိုယ်သူ ဖောက်ခွဲပစ်လိမ့်မည်ဟု ရှောင်လုံ တွေးမထားခဲ့မိပေ။
"ဒီကိစ္စက တစ်ခုခုတော့ ထူးဆန်းနေပြီ"
နဂါးအင်ပါယာအောင်းတိုင်ရီက မျက်နှာမဲမှောင်ကာ ပြောလိုက်သည်။
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။
ရွှေရောင်ဦးချိုသားရဲဘုရင် က သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် မလိုအပ်ပေ။ သူ့၏ လှုပ်ရှားမှုများသည် အလောင်းကောင်အစောင့်အရှောက်နှင့် တူနေပေသည်။
ရှောင်လုံ၏အကြည့်က သတိလစ်နေသော ကျားရှင်းထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။ သူ့၏ လက်ဝါးဆီမှ စုပ်အားတစ်ခု ထွက်ပေါ်လာပြီး ကျားရှင်းထျန်း၏ ခန္ဓာကိုယ်ကို သူ့ဆီ ဆွဲယူလိုက်သည်။
ရှောင်လုံ၏ မျက်လုံးထဲ၌ ခရမ်းရောင်အလင်း ဖြတ်ပြေးသွားပြီး မျက်လုံးသူငယ်အိမ်ထဲမှ ခရမ်းရောင် သင်္ကေတတစ်ခု ပျံသန်းထွက်လာကာ ကျားရှင်းထျန်း၏ နဖူးအလယ်တည့်တည့်သို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ် ရှာဖွေလိုက်လေသည်။ ခဏကြာပြီးနောက် စိတ်ဝိညာဥ်ရှာဖွေခြင်းက ပြီးဆုံးသွားသော်လည်း ရှောင်လုံ၏ အမူအရာက ပိုမို မဲမှောင်သွားသည်။
မဟာအရှင်သခင်...။
ရွှေဦးချိုသားရဲဘုရင်နှင့် ကျားရှင်းထျန်းတို့သည် 'မဟာအရှင်သခင်'ဟု ခေါ်သော လူငယ်၏ အမိန့်အတိုင်း သူ့ကို လာရောက် သတ်ဖြတ်ကြခြင်စ ဖြစ်သည်လား။
ထို့ပြင် ကျားရှင်းထျန်း၏ မှတ်ဉာဏ်များအရ အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ လက်ထောက်ကျောင်းအုပ် စုန်းမအိုကြီး ဝမ်နာ ၊ ကျောင်းမိသားစုခေါင်းဆောင် ကျောင်းဝူဟွမ် ၊ ဂုဒူမိသားစုဘိုးဘေးနှင့် မိသားစုခေါင်းဆောင်...ထိုသူများအားလုံးသည် မဟာအရှင်သခင်ဟု ခေါ်ကြသော လူငယ်၏ အမိန့်များကို နာခံကြသည်။
ကြယ်စင်စုလေးစုထဲ၌ မဟာအရှင်သခင် ကို အညံ့ခံထားသည့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် အရေအတွက်သည် သုံးဆယ်ကျော် ရှိပေသည်။
သို့သော် ကျားရှင်းထျန်းက မည်သည့် ထိပ်တန်းအင်အားစုများ ပါဝင်ကြောင်းကိုမူ အတိအကျ မသိရှိထားပေ။
"ဘာဖြစ်လို့လဲ"
နဂါးအင်ပါယာအောင်းတိုင်ရီက ရှောင်လုံ၏ အမူအရာကို ကြည့်ရင်း မေးလိုက်သည်။
ရှောင်လုံ က စိတ်ဝိညာဥ်ရှာဖွေခြင်းဆီမှ တွေ့ရှိသမျှ ကို နဂါးအင်ပါယာအောင်းတိုင်ရီအား ပြောပြလိုက်ပြီး နဂါးအင်ပါယာအောင်းတိုင်ရီသည်ပင် ထိုသတင်းကြောင့် အံ့အားသင့်သွားရလေသည်။ ကြယ်စင်စုလေးစုထဲ၌ ထို မဟာအရှင်သခင်၏ အမိန့်ကို နာခံသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်သည် အယောက်သုံးဆယ်ကျော်ပင် ရှိနေသည်လား။
ဤသည်မှာကား ကြောက်မက်ဖွယ်ရာဖြစ်သည်။
၎င်းသည် ထိပ်တန်းအင်အားစု သုံးဆယ်ကျော်ကို ထိန်းချုပ်ထားနိုင်ခြင်းနှင့် တူညီပေသည်။
ရှောင်လုံ ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်း နှင့် ကျန်သူများကို ထိန်းချုပ်နိုင်သည့် အကြောင်းရင်းသည် သူက စိတ်ဝိညာဉ်အမှတ်အသား ခတ်နှိပ်နိုင်သည့်အစွမ်းရှိသော ရှေးဟောင်းရုပ်သေးပညာရပ်နှင့် စိတ်ဝိညာဥ်ထိန်းချုပ်ခြင်း တို့ကို လေ့ကျင့်ထားသောကြောင့် ဖြစ်သည်။
ထူးခြားဆန်းကြယ်သော မဟာအရှင်သခင်သည်လည်း အခြားသူများ၏ စိတ်ဝိညာဥ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသော အခြားပညာရပ်များကို လေ့ကျင့်ထားခဲ့သည်လား။
နဂါးအင်ပါယာအောင်းတိုင်ရီကရှောင်လုံကို ထိုမေးခွန်း မေးလိုက်သော်ငြား သူက ခေါင်းကိုသာ ခါပြနိုင်လိုက်ပြီး မည်သည့်အဖြေမှ ရှာမရခဲ့ပေ။
သို့သော်လည်း ရွှေရောင်ဦးချိုသားရဲဘုရင်၏ လှုပ်ရှားမှုများအရ မဟာအရှင်သခင်သည် စိတ်ဝိညာဥ်ထိန်းချုပ်ခြင်း နှင့် စေခိုင်းခြင်း စွမ်းရည် ရှိနေပေလိမ့်မည်။
"အဲ့ဒီ နောက်ကွယ်က မဟာအရှင်သခင်...သူက မဟာသိုင်းပညာရှင်တွေအများကြီးကို ထိန်းချုပ်ဖို့ စီစဥ်နေတာလား"
နဂါးအင်ပါယာအောင်းတိုင်ရီ၏ အမူအရာက ပိုမို မဲမှောင်လာသည်။
"သူက ကြယ်စင်စုလေးစုလုံးကို ထိန်းချုပ်ချင်နေတာလား"
ရှောင်လုံသည်လည်း တည်ကြည်စွာ ကြည့်လိုက်သည်။
"ကျွန်တော်လည်း အဲ့တာကို တွေးမိတယ်...ကျားရှင်းထျန်းရဲ့ မှတ်ဉာဏ်အရဆိုရင် ထူးခြားဆန်းကြယ်တဲ့ မဟာအရှင်သခင် က နတ်ဘုရားအဆင့်သတ်မှတ်ချက်တိုက်ပွဲ မှာ ကျွန်တော့်ဆရာကို သတ်ဖို့ ကြိုးစားလိမ့်မယ်...အဲ့ဒီအခါရောက်လို့ ကျွန်တော့်ဆရာ သေသွားခဲ့ရင် ဝမ်နာက အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ်ကြီး နေရာကို ယူလိုက်လိမ့်မယ်...ဂမ်နာက တက္ကသိုလ် တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်သွားလိမ့်မယ်"
ရှောင်လုံ၏ ဆရာ ဖုယန်သာ မထိမခိုက်ဘဲ ရှိနေမည်ဆိုပါက ဝမ်နာသည် ကျောင်းအုပ်ရာထူး၌ ထိုင်ရန် စီစဥ်ထားလျှင်ပင် ဖုယန်၏ တည်ရှိမှုက အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကို သူမ လက်ဝါးထဲသို့ ထည့်မည့်ဘေးအန္တရာယ်မှ ကာကွယ်ထားနိုင်လိမ်မည်။
သို့သော် ဖုယန်သာ သေဆုံးသွားခဲ့လျှင် အခြေအနေများက ကွာခြားသွားပေလိမ့်မည်။
"ကျားရှင်းထျန်းက မဟာအရှင်သခင် ဆီမှာ အညံ့ခံထားတယ်ဆိုတော့...မိုးပြာရောင်နဂါးတက္ကသိုလ် ကျောင်းအုပ်ကြီး ချင်ယီ ကရော...သူရော အညံ့ခံထားသေးလား"
နဂါးအင်ပါယာအောင်းတိုင်ရီက သူ့အတွေးကို ထုတ်မေးလိုက်သည်။ ချင်ယီသာ မဟာအရှင်သခင် ထံ၌ အညံ့ခံထားမည်ဆိုလျှင် ကိစ္စများသည် သူတို့ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးလာပေလိမ့်မည်။
ရှောင်လုံက သူ့ခေါင်းကို ယမ်းပြလိုက်ပြီး...
"ဟင့်အင်း...ချင်ယီကတော့ အညံ့မခံထားဘူး...ဒါပေမယ့် ကျားရှင်းထျန်းအပြင်... မိုးပြာရောင်နဂါးတက္ကသိုလ် မှာ ဝူယွမ်လို့ ခေါ်တဲ့ မဟာအကြီးအကဲတစ်ယောက်ကလည်း...အညံ့ခံထားသေးတယ်"
ဤသည်ကို ကြားလိုက်ချိန်၌ နဂါးအင်ပါယာအောင်းတိုင်ရီသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။
ထိုအုပ်စုထဲ၌ ချင်ယီ မပါသေးသရွေ့ အခြေအနေသည် သိပ်မဆိုးဝါးသေးပေ။
မိုးပြာရောင်နဂါးတက္ကသိုလ်သည် မိုးပြာရောင်နဂါးကြယ်စင်စုထဲရှိ အင်အားကြီးမိသားစုများ အင်အားစုများ သုံးပုံတစ်ပုံခန့်နှင့် မဟာမိတ်ဖွဲ့ထားပေသည်။ အခြားနည်းလမ်းဖြင့် ပြောရသော် ချင်ယီ သည် မိုးပြာရောင်နဂါးကြယ်စင်စုထဲရှိ အင်အားစုများ၏ သုံးပုံတစ်ပုံကို ထိန်းချုပ်ထားပေသည်။
မြင်ယောင်ကြည့်မည်ဆိုလျှင် ရာပေါင်းထောင်ပေါင်းများစွာသော အင်အားစုများ၏ စုပေါင်းအင်အားသည် မည်မျှ တုန်လှုပ်ဖွယ်ကောင်းလိမ့်မည်နည်း။
"ဒါဆိုရင် ...မင်း ကျားရှင်းထျန်းကိုရော ဘယ်လို ကိုင်တွယ်မှာလဲ"
နဂါးအင်ပါယာအောင်းတိုင်ရီက မေးလိုက်သည်။
ရှောင်လုံက သတိလစ်နေဆဲ ဖြစ်သော ကျားရှင်းထျန်းကို ကြည့်ရင်း သူ့မျက်လုံးထဲ၌ လူသတ်ငွေ့များ ပေါ်ထွက်လာသည်။
"ရွှေရောင်ဦးချိုသားရဲဘုရင် က သေသွားပြီဆိုမှတော့...ကျားရှင်းထျန်းကိုလည်း သူ့နောက်ကို ထည့်ပေးရတာပေါ့"
တောက်ပသည့် အလင်းတစ်ချက် လက်သွားပြီး နှင်းဖြူရောင် ရေခဲမီးတောက်က သူ့၏ လက်ချောင်းထိပ်ကို ရစ်ပတ်လာသည်။
ကျားရှင်းထျန်းက မဟာအရှင်သခင်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသောကြောင့် ရှောင်လုံက ထိန်းချုပ်မှုကို လုယူ၍မရတော့ပေ။ ထို့ကြောင့် ကျားရှင်းထျန်းကို သတ်ပစ်ရန်သာ ရှိပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လိပ်နက်နတ်မီးတောက် က ကျားရှင်းထျန်း၏ စိတ်ဝိညာဥ် နှင့် နတ်ဘုရားဦးခေါင်း ကို ဝါးမြိုပစ်လိုက်သည်။
ထိုအချိန်၌ ကျားရှင်းထျန်းက နိုးထလာပြီး နာကျင်စွာ အော်ဟစ်လိုက်လေသည်။
သို့သော်လည်း သိပ်မကြာမီ၌ သူ့၏ အော်ဟစ်သံများက အားနည်းပျောက်ကွယ်သွားပြီး သူ့၏ ခန္ဓာကိုယ်က လှုပ်ရှားခြင်းကင်းမဲ့သွားကာ သူ့၏ မျက်လုံးများက အသက်ဓာတ်ကင်းမဲ့သွားလေသည်။
လိပ်နက်နတ်မီးတောက် က ကျားရှင်းထျန်း၏ စိတ်ဝိညာဥ်ကို အပြည့်အဝ လောင်ကျွမ်းသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှောင်လုံသည် သူ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်ပို့လိုက်သည်။ သူ့လက်ချောင်းကို အနည်းငယ် ကွေးညွတ်လိုက်သည်နှင့် စုပ်အားတစ်ခုက ကျားရှင်းထျန်း၏ နတ်ဘုရားဦးခေါင်းကို ရှောင်လုံ့လက်ထဲသို့ ဆွဲယူလိုက်သည်။
"အဆင့်လေးလား"
နတ်ဘုရားဦးခေါင်း၏ အဆင့်ကို လေ့လာစစ်ဆေးလိုက်ရင်း ရှောင်လုံက စိတ်ပျက်သွားရသည်။
"ဘယ်သူမဆို အဆင့်ငါး အဆင့်ခြောက် နတ်ဘုရားဦးခေါင်း ကို ဖွဲ့တည်နိုင်လိမ့်မယ်လို့များ မင်း ထင်နေတာလား...ဟမ်"
နဂါးအင်ပါယာအောင်းတိုင်ရီက ရှောင်လုံကို စနောက်လိုက်လေသည်။
ရှောင်လုံက ရှက်ပြုံးပြုံးလိုက်သည်။
"ဟီးဟီး...ဟုတ်သားပဲ"
ကျားရှင်းထျန်း၏ နတ်ဘုရားဦးခေါင်း က အဆင့်လေးမျှသာ ဖြစ်သည့်အပြင် နတ်ဘုရားအဆင့် ၁ အလယ်အဆင့် သာဖြစ်သော်လည်း အထဲ၌ ပါဝင်နေသော နတ်ဘုရားအင်အား နှင့် နတ်ဘုရားနိယာမများသည် သူ့၏ ကျင့်စဥ်ကို အနည်းငယ် တိုးတက်စေရန် လုံလောက်ပေသည်။
နတ်ဘုရားဦးခေါင်းကို အဇူရာလက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် မိစ္စာသားရဲများအား ပတ်ပတ်လည်ကို သန့်ရှင်းရန် အမိန့်ပေးလိုက်သည်။ သူကမူ နဂါးအင်ပါယာအောင်းတိုင်ရီ၊ ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်းနှင့် အခြားသူများနှင့်အတူ ဟောင်မိသားစုအိမ်တော်သို့ ပြန်လိုက်လေသည်။
ဟောင်မိသားစုအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ရှောင်လုံသည် ကျားရှင်းထျန်း၏နတ်ဘုရားဦးခေါင်း ကို ဦးစွာ စုပ်ယူသန့်စင်ရန် နှင့် စိတ်ဝိညာဥ်တစ်ရာသားရဲဘုရင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အရှာထွက်ရန် ဆုံးဖြတ်လိုက်သည်။ ယနေ့မတိုင်မီက ရှောင်လုံသည် သူ့ကိုယ်သူ အားမနည်း ဟု တွေးထားခဲ့မိသော်လည်း ထူးခြားဆန်းကြယ်သောမဟာအရှင်သခင်၏ ပေါ်ထွက်လာမှုက ရှောင်လုံကို ဖိအားများစွာ ပေးနေလေသည်။
သူက ပိုမိုကြိုးစားပြီး မဟာနတ်ဘုရားအဆင့် ကို ချိုးဖြတ်ဝင်ရောက်ရပေမည်။
ရှောင်လုံက ကိစ္စအချို့ကို ညွှန်ကြားထားခဲ့ပြီး နောက်တစ်နေ့တွင် ကျားရှင်းထျန်း၏ နတ်ဘုရားဦးခေါင်း ကို သန့်စင်စုပ်ယူရန် တံခါးပိတ်ကျင့်ကြံလိုက်ပေသည်။