ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၈၁ ..... မင်း အဲ့ဒီအခွင့်အရေးကို ရမှာမဟုတ်တော့ဘူး
ရှောင်လုံက သူ့စကားဆုံးသည်နှင့် နောက်တစ်ကြိမ် ထပ်နင်းလိုက်ပြန်သည် ။ သို့သော် ထိုမျှနှင့်ပင် မကျေနပ်သေးသည်မို့ နတ်တောင် ရွှမ်းမီကိုပါ ဆင့်ခေါ်လိုက်လေသည် ။ ရှောင်လုံက နတ်တောင် ရွှမ်းမီကို သူ့လက်နှစ်ဖက်နှင့် ကိုင်နိုင်သည်အထိ ကျုံ့သွားစေလိုက်သည်။ ထိုနောက် ရွှမ်းမီနတ်တောင်ကိုကိုင်ပြီး လီကျားယုံ၏ မွေးရာပါ ညီငယ်လေးအပေါ်သို့ အားကုန် ဆောင့်ချလိုက်၏။
လီကျားယုံသည် သေခြင်းနှင့် ရှင်ခြင်းကြား အခြေအနေတွင် ရပ်တန့်နေသည် ။ သူ့ပါးစပ်မှ အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာနေပြီး ကျယ်လောင်သည့် အော်ဟစ်သံနှင့် အားနည်းသော ညည်းညူသံများက ကျောက်တုံးခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်နေသည်။
ထိုအသံကို ကြားလိုက်ကြရသည့် အပြင်ဘက်မှ အထူးတပည့်များမှာ ကြက်သီးမွေးညင်း များပင် ထောင်ကုန်ကြရသည်။
အထူးတပည့် အနည်းငယ်ကမူ သူတို့စိတ်ထဲရှိ သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ အတွင်းဘက်ခန်းမနားဆီသို့ ခိုးကြောင်ခိုးဝှက် သွားလိုက်ကြသည် ။ ထို့နောက် သူတို့လည်ပင်းကို ဆန့်၍ ကျောက်တုံးခန်းမထဲသို့ တစ်ချက် ခိုးကြည့်လိုက်သည်။
လီကျားယုံ၏ ငယ်ပါကို ရွှေရောင်တောင်ကုန်းငယ်လေးက အကြိမ်ကြိမ် ထုရိုက်နေသည်ကို မြင်လိုက်ရချိန်မှာတော့ သူတို့အားလုံး၏ အမူအရာများက အေးစက် တောင့်တင်း သွားကြသည်။
ခဏကြာပြီးနောက် ရှောင်လုံလည်း သူ ရပ်တန့်ရ မည့် အချိန်ရောက်ပြီဟု ခံစားမိလိုက်သည်။ ရှောင်လုံက နတ်တောင်ရွှမ်းမီကို ပြန်လည် သိမ်းဆည်း လိုက်ပြီး ထွက်မသွားခင်တွင် လီကျားယုံအား အေးစက်စက် စိုက်ကြည့်လိုက် သည်။
" စုန်းမအိုကြီး ဝမ်နာက တက္ကသိုလ်ကျောင်းအုပ်ကြီး နေရာကို အောင်အောင်မြင်မြင် ရလာလိမ့်မယ်လို့ တသမတ်တည်း တွေးမနေနဲ့ ...သူမအလှည့် မရောက်သေးဘူး... ခင်ဗျားမျက်နှာကို နောက်တစ်ကြိမ် ထပ်မတွေ့ရစေနဲ့ ...မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို တွေ့တိုင်း ခင်ဗျား ငယ်ပါကို အမှုန့်ကြိတ်ပြစ်မယ် "
ရှောင်လုံ၏ စကားများကြောင့် လီကျားယုံရင်ထဲမှာ ဒေါသထွက်လွန်းသဖြင့် သွေးများဆူပွက်လာပြီး လည်ချောင်းထဲသို့ ပူနွေးနွေးသော အရည်များ ဆောင့်တက်လာသည် ။ ထို့နောက် သူက ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်ထုတ်ကာ မေ့လဲသွားတော့သည်။
ရှောင်လုံက ထိုအဖြစ်အပျက်ကို မမြင်သည့်နှယ် ကျောက်တုံးခန်းမဆောင်ထဲမှ အပြင်သို့ လှည့်ထွက် သွားလိုက်သည်။
ရှောင်လုံ ခန်းမထဲမှ အပြင်သို့ ရောက်လာသည့်အခါ ပတ်ဝန်းကျင်ရှိ အထူးတပည့်များသည် ကြောက်ရွံ့မှု ကြောင့် အနောက်သို့ ကမန်းကတန်း ဆုတ်ခွာသွားကြသည်။ သူတို့ပုံစံက ရှောင်လုံနှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် နေချင်နေကြဟန် ရှိသည်။
ရှောင်လုံက ပတ်ဝန်းကျင်မှ ထိတ်လန့်နေကြသော အမူအရာများကို လျစ်လျူရှု၍ အနီရောင်မျောလွင့် တောင်ထိပ်မှ အဝေးဆီသို့ ပျံသန်းသွားလေသည်။
အနီရောင်မျောလွင့်ခန်းမဆောင်မှ ရွှေရောင်နဂါး တောင်ထွတ်ဆီသို့ ပြန်ရောက်သည်နှင့် ရှောင်လုံက သူ့မိဘများရှိသည့် ခြံဝန်းဆီသို့ သွားလိုက်သည်။
ရှောင်ဖေးနှင့် တွေ့ရန် မြောက်ဘက်ရေခဲကမ္ဘာဆီသို့ သွားမည်ဖြစ်ကြောင်း ရှောင်လုံက ပြောပြလိုက် သည်။ ထိုနေ့တစ်နေ့လုံးကိုလည်း သူ့မိဘများနှင့် အချိန်ကုန်ပေးလိုက်လေသည်။
နောက်တစ်နေ့ မနက်စောစောတွင် ရွှေနဂါးတောင်ထွတ်မှလူများက ရှောင်လုံကို အသီးသီး နှုတ်ဆက်ကြသည်။
ထို့နောက် ရှောင်လုံလည်း မြောက်ဘက် ရေခဲကမ္ဘာဆီသို့ ထွက်ခွာလာခဲ့သည်။
မြောက်ဘက် ရေခဲကမ္ဘာဆီသို့ရောက်ရှိရန် အနက်ရောင်သူရဲကောင်း မြို့တော်၏ ကူးပြောင်းခြင်းအစီအရင်ကို ဖြတ်သန်း၍ တန်ဂူကမ္ဘာသို့ ရောက်သည်အထိ များပြားလှသည့် ကူးပြောင်းခြင်းအစီအရင်များကို ရှောင်လုံ ဖြတ်သန်းခဲ့ရသည် ။ ထို့နောက် တန်ဂူကမ္ဘာမှ မြောက်ဘက်ရေခဲကမ္ဘာဆီသို့ ပျံသန်းသွားလိုက် သည်။
အနက်ရောင် လေဟာနယ် ထဲတွင် ရှောင်လုံ၏ အရိပ်သဏ္ဍာန်က မြန်ဆန်လှသည့်နှုန်းဖြင့် ပျံသန်းလျက်ရှိသည်။
ပြီးခဲ့သည့်တစ်ခေါက် ရှောင်လုံ မြောက်ဘက်ရေခဲကမ္ဘာသို့ လာစဉ်အချိန်က သူအတွင်းအားများသည် နတ်ဘုရားအဆင့်၅ နောက်ပိုင်း၏ အထွတ်အထိပ်အဆင့် ၌သာ ရှိနေသေးသည် ။
ယခုအခါ ရှောင်လုံ၏အတွင်းအားများက နတ်ဘုရားအဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ပြီးခဲ့သည့်တစ်ခေါက်နှင့် နှိုင်းယှဉ်လျှင် သူ့၏ အမြန်နှုန်းက အကြီးအကျယ် တိုးတက်လာသည် ။
သို့သော်လည်း ရှောင်လုံက သူသွားလိုသည့် နေရာသို့ ရောက်ရှိရန် အလျှင်လိုနေခြင်းမရှိပေ ။ လေဟာနယ်ကြီးကို ဖြတ်သန်းနေစဉ် ရှောင်လုံက လေဟာနယ်အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် ပုန်းကွယ်နေသည့် မိုးကြိုးစွမ်းအားကို လောဘတကြီး စုပ်ယူကာ သူ့စိတ်ဝိညာဉ်၏ သန့်စင်မှုနှုန်းကို တိုးမြှင့်နေသည်။
အလောတကြီး ခရီးမနှင်သော်လည်း ရှောင်လုံက တန်ဂူကမ္ဘာမှ မြောက်ဘက်ရေခဲကမ္ဘာဆီသို့ ဆယ်ရက်အတွင်း ရောက်ရှိသွားလေသည်။
မြောက်ဘက်ရေခဲကမ္ဘာတွင် အဆုံးအစမဲ့သော နှင်းလွင်ပြင်များဖြင့် ဖုံးလွှမ်းနေပြီး နူးညံ့လှသည့် ဆီးနှင်းပွင့်ဖြူများကလည်း တသွင်သွင် ကျဆင်းလျက်ရှိသည်။
ရင်းနှီးပြီး ချစ်ခင်တွယ်တာသည့် ခံစားချက်တစ်ခုက ရှောင်လုံရင်ကိုကိုင်လှုပ် သွားသည်။
ရှောင်ဖေးနှင့် မကြာခင် တွေ့ဆုံရတော့မည့်အပြင် ရှောင်ဖေးကလည်း လမင်းဆင့်ခေါ်ခြင်းကာရန် တတိယကျင့်စဉ်ကို အောင်မြင်ပြီးလောက်ပြီ ဖြစ်ကြောင်း တွေးလိုက်မိချိန်တွင် ရှောင်လုံ၏ နှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက် သွားလေသည်။
ရှောင်လုံလည်း အချိန်ဆွဲမနေတော့ဘဲ ပိုးစာပင်ဓားပေါ် တက်စီးကာ လမင်းသစ်နယ်မြေဆီ သို့ လျင်မြန်စွာ ပျံသန်းလိုက်သည်။
သိပ်မကြာမီ သူယခင်က ရောက်ခဲ့ဖူးသည့် ဝူကျိမြို့တော်သို့ ရောက်ရှိသွားသည်။
အပေါ်ဘက်မှ ငုံ့ကြည့်လိုက်ချိန်တွင် ဝူကျိမြို့တော်သည် အိမ်မက်နှင့်ပင် တူနေသည်။
ခဏအကြာတွင် ဝူကျိမြို့တော်က သူ့နောက်တွင် အစက်ကလေးအဖြစ်သာ ကျန်ရှိနေခဲ့ပြီး တဖြည်းဖြည်းနှင့် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည် ။
ရှောင်လုံ၏ လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင် လမင်းသစ်နယ်မြေသို့ ရောက်ရှိရန် အချိန်သုံးနာရီခန့်သာ ကြာမြင့်နိုင်သည်။
ရှောင်လုံ လမင်းသစ်နယ်မြေဆီသို့ ပျံသန်းနေစဉ် နဂါးအင်ပါယာ အောင်းတိုင်ရီ၏ အသံက သူ့စိတ်ထဲတွင် ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။
" လမင်းသစ်နယ်မြေကနေ အင်အားပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေ ဘာလို့ ထွက်ပေါ်လာရတာလဲ .... အဲဒီမှာ တိုက်ခိုက်နေကြတဲ့ လူတွေရှိနေတယ် "
ထိုစကားကို ကြားပြီးနောက် ရှောင်လုံ မျက်နှာပျက် သွားသည်။
" နဂါးအိုကြီး...ခင်ဗျား ပြောတာ သေချာလား "
ရှောင်လုံ လွှတ်ခနဲ မေးလိုက်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီက လေးလေးနက်နက်ပင် ပြန်ဖြေလိုက်သည်။
" ဟုတ်တယ် အဲ့ဒီမှာ လူတွေ တိုက်ခိုက်နေကြတယ် ...ကြည့်ရတာ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ "
ရှောင်လုံက ထိုစက္ကန့်ပိုင်းလေးအတွင်းမှာ သူ့ဒန်ထျန်ထဲရှိ စစ်မှန်သော အင်မော်တယ် အဆီအနှစ်စွမ်းအားကို အဆုံးစွန်အထိ နှိုးဆွကာ လမင်းသစ်နယ်မြေသို့ လေးညို့မှထွက်လာသည့် မြားတစ်စင်ပမာ ပျံသန်းသွားသည် ။
ရှောင်လုံ၏ လမ်းကြောင်းတွင် တသွင်သွင် ကျဆင်းလျက်ရှိသော ဆီးနှင်းစက်များလည်း အဝေးသို့ တွန်းပို့ခံလိုက်ရသည် ။ အဆုံးတွင် ရှောင်လုံနှင့် မီတာတစ်ရာ ပတ်လည်မှ နှင်းထုမှန်သမျှ မြူမှုန်များအဖြစ် အငွေ့ပျံကာ လေထုနှင့်အတူ မျောပါသွားကြသည်။
.......
ထိုအချိန် လမင်းသစ်နယ်မြေတွင်...
ရှောင်ဖေးက သူမ၏ ဓားကို ဝှေ့ယမ်း၍ ဓားချီ ကန်လန့်ကာတစ်ခု ဖြစ်တည်စေကာ သူမအနားသို့ ကပ်ရန် ကြိုးစားနေသော ကျန်းမိသားစု၏ သိုင်းပညာရှင်များကို အနောက်ဆုတ်သွားရန် တွန်းအားပေးလိုက်သည် ။ ထိုနောက် သူမနှင့် မလှမ်းမကမ်းနေရာမှ ကျန်းဟန်ကို ဒေါသတကြီးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည် ။
"ကျန်းဟန်... ငါ နင့်ကို သတ်ပစ်မယ် "
ရှောင်ဖေးက လေထဲသို့ ခုန်တက်လိုက်ပြီး ကျန်းဟန်ဆီသို့ ဓားဖြင့် လှမ်းထိုးလိုက်သည် ။
သို့သော် ရှောင်ဖေး၏ တိုက်ခိုက်မှုကို ကျန်းဟန် ဘေးရှိ ချန်းယွမ်က ရိုက်ထုတ်ပစ်လိုက်သည်။
ချန်းယွမ်က ရှစ်ဆင့် ကြယ်ခြွေလက်သီးဖြင့် ထိုးနှက်လိုက်သည်မို့ သူ့လက်သီးမှ ကြယ်စင်တန်းများစွာ ပေါက်ကွဲထွက်လာပြီး ရှောင်ဖေးကို ပုံပျက်ပန်းပျက်ဖြင့် အနောက်ဆုတ် သွားစေသည် ။
ကျန်းဟန်က အေးစက်စက် ခနဲ့အပြုံးဖြင့် ရှောင်ဖေးကို စိုက်ကြည့်လိုက်လေသည်။
" အပျက်မလေး...ဒီလိုနေ့မျိုး မင်းဆီ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူးမလား...... အခုဆို အရူးသိုင်းဆရာမကြီး ယန်ယီကလည်း ဒီမှာရှိမနေဘူး...နင့်ကို ဘယ်သူလာကယ်မလဲ အုံးဆိုတာ ကြည့်ကြသေးတာပါ့...ဒါပေမယ့် မစိုးရိမ်ပါနဲ့လေ ... ငါ နင့်ကို မသတ်ပါဘူး... ယောကျာ်းတစ်ယောက်ရဲ့အရသာကို နင်သိလာအောင် ဖြည်းဖြည်းချင်း သင်ပေးမယ်...မကြာခင် ငါက ဘယ်လောက်ထိ စွမ်းဆောင်ရည်ကောင်းတယ် ဆိုတာ နင်သိလာမှာပါ "
ကျန်းဟန်က ကြမ်းတမ်းရက်စက်စွာ ရယ်မောလိုက်သည်။
ချန်းယွမ်က နောက်မှ လိုက်ပြောသည်။
" ရှီရှောင်ဖေး... ငါတို့ သခင်လေးနဲ့ နေပြီးရင် နင် သေချာပေါက် ကျေနပ်အားရသွားလိမ့်မယ် "
သူ့စကားဆုံးသည်နှင့် ချန်းယွမ်က ဒယီးဒယိုင်ဖြင့် အနောက်သို့ ဆုတ်သွားသော ရှောင်ဖေးကို ထပ်မံ တိုက်ခိုက်လိုက်သည် ။
" ရွံစရာကောင်းတဲ့ အကောင် "
ရှောင်ဖေးလည်း ဒေါသထွက်သွားသည်။
သို့သော် ချန်းယွမ်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်၌ ရှောင်ဖေးဆီမှာ ခုခံနိုင်စွမ်းများ ကင်းမဲ့နေသည် ။
ရှောင်လုံပေးထားသည့် နတ်ဘုရားအဆင့် ချပ်ဝတ်တန်ဆာကိုသာ ဝတ်ဆင်မထားခဲ့လျှင် ရှောင်းဖေးတစ်ယောက် အစောကြီးကတည်းက လဲကျနေလောက်ပြီ ဖြစ်သည် ။
ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီးသည့်တိုင် ချန်းယွမ်ကရှီရှောင်ဖေးကို ဖမ်းမမိသေးပေ ။ သို့သော် ကျန်းဟန်က ထိုအဖြစ်အပျက်အပေါ် စိုးရိမ်နေခြင်းလည်း မရှိသလို အလျင်လိုခြင်းလည်း မရှိပေ ။ သူက ရင်ဘတ်ရှေ့တွင် လက်ကို ပိုက်၍ ပြပွဲတစ်ခုကို ကြည့်နေသည့်နှယ် ပေါ့ပေါ့ပါးပါးပင် မတ်တပ် ရပ်နေသည်။
ခဏမျှကြာပြီးနောက် သူ့နောက်ရှိ ကျန်းမိသားစု သိုင်းပညာရှင်များထဲမှ တစ်ယောက်အား ရှောင်ဖေးကို ဖမ်းရန် အချက်ပြ စေခိုင်းလိုက်သည်။
ရှောင်လုံ သူမကို ပေးထားသည့် နတ်ဘုရားအဆင့် ချပ်ဝတ်သည် ကာကွယ်ပေးနိုင်စွမ်း တစ်ချို့ရှိသော်လည်း နတ်ဘုရားအဆင့် ၈ သိုင်းပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်လိုက်ရချိန်မှာတော့ အချည်းအနှီး ဖြစ်သွားသည် ။ ထိုအကြီးအကဲက ရှောင်ဖေးကို မျက်စိတမှိတ်အတွင်း ဖမ်းချုပ်လိုက်ရသည်။
သူ့ရှေ့တွင် ရှိနေသော အကူအညီကင်းမဲ့နေသည့် ရှောင်ဖေး၏ ပုံရိပ်ကို ကြည့်ရင်း ကျန်းဟန်၏ မျက်နှာထက်တွင် ကောက်ကျစ်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ကျန်းဟန်က ရှောင်ဖေးအနားသို့ တဖြည်းဖြည်း တိုးကပ်သွားလိုက်သည်။ သူ့အကြည့်က ရှောင်ဖေး၏ ဖွံ့ထွားလှသော ရွှေရင်မို့မို့ထက်သို့ ကျရောက်သွားလေသည်။
" ကျစ် ကျစ်... ရှီရှောင်ဖေး နင့်ရဲ့ စနေနှစ်ခိုင်က အရင်ကထက်ကို ပိုကိတ်လာပါလား "
ရှောင်ဖေး၏ မျက်ဝန်းလှလှလေးထဲတွင် အေးစက်စိမ်းကားမှုများသာ ပြည့်နှက်နေသည် ။
" ငါ့ဆရာမ ပြန်လာရင် သူက နင့်ကို သေချာပေါက် သတ်ပြစ်လိမ့်မယ် "
ကျန်းဟန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
" အဲ့ဒီအချိန်ကျရင် ငါကလည်း ကျန်းမိသားစုရဲ့ တားမြစ်နယ်မြေထဲမှာ ပုန်းပြီးနေလောက်ပြီ ...နင့်ဆရာမက ငါ့ကို ဘာလုပ်နိုင်မှာလဲ "
ထိုအချိန်၌ ကျန်းဟန်၏ နောက်ကျောမှ အေးစက်မာကျောသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
" စိတ်မကောင်းစရာတစ်ခုက...... မင်း အဲ့ဒီအခွင့်အရေးကို ရမှာ မဟုတ်တော့ဘူး "
အသံက ရုတ်ချည်းထွက်ပေါ်လာသည်မို့ လူတိုင်းက စက္ကန့်အနည်းငယ်မျှ မှင်တက်သွားကြသည် ။
ထိုနောက် အားလုံး၏ ရှေ့မှောက်တွင် တသွင်သွင်ကျဆင်းနေသော နှင်းများ တန့်ရပ်သွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည် ။
ပေါ်လာသည့် ပုံရိပ်ကို ကြည့်ပြီး ရှောင်ဖေး၏ မျက်ဝန်းလှလှလေးက မျက်ရည်စများဖြင့် နီရဲလာသည် ။
အသစ်ရောက်လာသူ၏ မျက်နှာကို မြင်လိုက်သည့်အခါ ကျန်းဟန် ဝမ်းသာအားရ ရယ်မောလိုက်သည်။
" လတ်စသတ်တော့ ကလေကချေကောင် ရောက်လာတာပဲ ..ဟီးဟီး... မင်းက အချိန်ကိုက် ရောက်လာတာပဲကွ ..ငါက ဒီမှာ ပြပွဲကောင်းကို ကြည့်ပေးမယ့် မရှိဘူးဆိုပြီး ဝမ်းနည်းနေတာ... မင်း ပေါ်လာတဲ့ အတော်ပဲ ..."
သူ့၏အသံက အေးစက်စက် သွားသည် ။
" ခွေးကောင်...ဟို သောက်ရှက်မရှိတဲ့ လူအိုကြီး ငါ့ကို လုပ်ခဲ့တဲ့အပြစ်ကို မင်းအကြိမ်တစ်ထောင်မက ပြန်ပြီးပေးဆပ်ရမယ် "
နှင်းလမင်းမြို့ထဲ၌ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများက ကျန်းဟန်၏ စိတ်ထဲတွင် တံဆိပ်ခတ်ထားသည့်နှယ် စွဲထင်နေဆဲပင် ။ ၎င်းသည် သူ့ဘဝတွင် အကြီးမားဆုံး အစော်ကားခံရခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်ကို သူဘယ်တော့မှ မေ့ဖျောက်ပစ်နိုင်မည် မဟုတ်ပေ။
ဤနှစ်ကာလများအတွင်း တောဝက်ထီး၏ အလွန်တရာ ကြီးမားလှသော ဖင်ကို တွေးမိချိန်တိုင်း ကျန်းဟန်က ကယောင်ချောက်ချားဖြင့် အော်ဟစ်ကာ သူ့ရှေ့ရှိ လူတိုင်းကို သတ်ပြစ်ချင်နေမိသည် ။ သူ အလုပ်ချင်ဆုံးအရာသည်ကား ဟောင်ရှောင်လုံနှင့် ရှီရှောင်ဖေး ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ကာ ကြွက်အစာလုပ်ပစ်လိုခြင်းပင် ဖြစ်သည်။
၎င်းတောဝက်ထီးသည်လည်း အသားစများ အလွှာခံလိုက်ရပြီး အရိုးများလည်း တစ်စစီ ချိုးဖဲ့ခံလိုက်ရသည် ။
" အဲ့လိုလား "
ရှောင်လုံက လှောင်ပြောင်လိုက်သည် ။ ထိုနောက် သူ့ပုံရိပ်က မှုန်ဝါး ပျောက်ကွယ်သွားပြီး ရှောင်ဖေးအနီးတွင် ပြန်ပေါ်လာသည် ။ ရှောင်လုံက လက်သီးတစ်ချက်ထဲနှင့် ကျန်းမိသားစု၏ သိုင်းပညာရှင် ကို လေထဲလွင့်ပျံသွားစေသည်။
ကျန်းမိသားစုသိုင်းပညာရှင်သည် သူဘာဖြစ်သွားမှန်း သေချာမသိခင် ရှောင်လုံ လက်သီးချက်ကြောင့် လေထဲသို့ လွင့်ပျံသွားချေပြီ ။
.....
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၈၂..... မြောက်ဘက်ရေခဲကမ္ဘာကို ပိတ်ဆို့ခြင်း
ကျန်းဟန်၊ ချန်းယွမ်နှင့် အခြားသူများသည် ကြောင်အမ်းသွားကြသည်။ ရှောင်လုံ၏ လက်သီးတစ်ချက်ထဲနှင့် လေထဲလွင့်သွားသည့် ကျန်းမိသားစုသိုင်းပညာရှင်ကို ကြည့်ပြီး မယုံကြည်နိုင်စွာဖြင့် သူတို့အားလုံး မျက်လုံးများ ပြူးကျယ်ကုန်ကြသည် ။ အထူးသဖြင့် ကျန်းဟန် နှင့် ချန်းယွမ်တို့ ဖြစ်ပြီး သူတို့နှစ်ယောက်မှာ နှလုံးခုန်သံများပင် မှားယွင်းသွားကြသည် ။
သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ ယခင်တစ်ခေါက်က သူတို့ ရှောင်လုံနှင့် တွေ့ဆုံခဲ့စဉ် ရှောင်လုံ၏အတွင်းအားမှာ နတ်ဘုရားအဆင့် ၅တွင်သာ ရှိနေသေးသည်။
ယခု အချိန်မည်မျှထိ ကြာသွားပါသေးသနည်း!
ရှောင်လုံက လက်ဖျောက်တီးလိုက်ပြီး ကျန်းမိသားစု အကြီးအကဲ ပိတ်လှောင်ထားသည့် ရှောင်ဖေး ပတ်ပတ်လည်ရှိ လေဟာနယ် အဟန့်အတားကို ခြေမွပြစ်လိုက်သည်။
ထိုအချိန်၌ ကျန်းဟန်၊ ချန်းယွမ်နှင့်အခြားသူများသည် တုန်လှုပ်နေရာမှ အသိပြန်ဝင်လာကြသည် ။ ကျန်းဟန် စိတ်ထဲမှာ မည်သည့်ကိစ္စကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ပထမဆုံး လှည့်ထွက်ပြီး ထွက်ပြေးသွားချင်နေသည် ။
သို့သော် ကျန်းဟန်၊ ချန်းယွမ်နှင့် အခြားသူများက ထွက်ပြေးရန် လေထဲသို့ ခုန်တက်လိုက်ချိန်၌ ရှောင်လုံ၏ ညာဘက်လက်က စွန်ကုတ်သဏ္ဍာန် ကွေးသွားပြီး ကောင်းကင်ကို စုတ်ဖြဲလိုက်လေသည် ။ နတ်ဆိုးလက်သည်း ကုတ်ချက်က မြေပြင်ကို အရိပ်အသွင် အုပ်မိုးသွားပြီး ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးပေါင်း ထောင်ချီက အော်မြည်ရင်း ပျံသန်းထွက်ပေါ်လာ ကြသည်။
ကျန်းဟန်၊ချန်းယွမ်နှင့်အခြားသူများသည် နတ်ဆိုးလက်သည်းချက် ဖြင့် တိုက်ခိုက်ခံလိုက်ရပြီး လေထုအလယ်မှ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်။
ထို့နောက် ရှောင်လုံက ရှောင်ဖေးဘက်သို့ လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ သူ့အသံက ကြည်ရှင်း ခိုင်မာလှသည်။
" အခု အားလုံး အဆင်ပြေသွားပါပြီ...ကိုယ်..."
သူ့စကား မဆုံးခင်မှာပင် ရှောင်ဖေးက သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာပြီး သူ့ကို တင်းတင်းကြပ်ကြပ် သိုင်းဖက်လိုက်သည်။ထိုနောက် သူမ၏ မျက်နှာလေးဆီမှ ပုလဲလုံးလေးများနှင့်တူသော မျက်ရည် စက်များ ကြွေကျလာလေတော့သည် ။
ရှောင်လုံ၏ ဝတ်စုံသည် ရှောင်ဖေး၏ မျက်ရည်များဖြင့် ရေကွက်သဏ္ဍာန်များ ဖြစ်ပေါ်လာသည်။
ရှောင်ဖေးကို ပြန်လည် ထွေးဖက်လိုက်လေရင်း ရှောင်လုံ စိတ်ထဲမှာ အပြစ်ရှိစိတ်ဖြင့် ဆို့နင့်သွားရသည် ။ထိုကြောင့် ရှောင်လုံက ရှောင်ဖေးကို ကြည့်ပြီး တောင်းပန်စကားဆိုလိုက်သည်။
" အားလုံး ...ကိုယ့်အမှားတွေပါကွာ... "
ရှောင်ဖေးက သူမခေါင်းလေးကို တတွင်တွင် ခါယမ်းပြလာပြီးနောက် ရှောင်လုံ့ နှုတ်ခမ်းကို ရုတ်တရက် နမ်းရှိုက်လိုက်သည် ။ ထိုတစ်ခဏတွင် ရှောင်လုံတစ်ကိုယ်လုံးက တုန်လှုပ်စွာဖြင့် တောင့်ခဲသွားသည်။ ထိုနောက် ရှောင်လုံက အနမ်းကို ချက်ချင်းပင် တုန့်ပြန်လိုက်သည်။
သူတို့၏ လျှာနှစ်ခုသည် တွယ်ငြိရစ်ပတ်လျက်ရှိပြီး အနမ်းကို ပိုမိုနက်ရှိုင်းနေစေကာ အချိန်အတော်ကြာသည်ထိ ခွဲခြားမရနိုင်အောင် ယှက်နွယ်နေကြလေသည် ။
အချိန် အနည်းငယ် ကြာပြီးနောက် ဘေးဘက်မှ ထွက်ပေါလာသော ဆူဆူညံညံအသံကြောင့် အချစ်ဆိပ်တက်နေသော သူတို့နှစ်ယောက်လည်း လက်ရှိအခြေအနေကို သတိရသွားကြသည်။
ရှောင်လုံက မြေပြင်ပေါ်မှ ကုန်းထနေသည့် ကျန်းဟန်၊ချန်းယွမ်နှင့်အခြားသူများကို စိုက်ကြည့်လိုက်သည် ။ အင်အားကောင်းလှသည့် လူသတ်လိုစိတ်က သူ့မျက်လုံးထဲမှ ပေါ်ထွက်လာသည် ။ သို့သော် ရှောင်ဖေး၏ မျက်လုံးထဲရှိ မကောင်းဆိုးဝါးတမျှ သတ်ဖြတ်လိုစိတ်က ရှောင်လုံထက် ပိုမို ပြင်းထန်နေပေသည်။
ရှောင်လုံ နှင့် ရှောင်ဖေးသည် လူချင်းခွာလိုက်ကြပြီး ကျန်းဟန်ရှိရာသို့ အတူတူ လျှောက်သွားလိုက် ကြသည်။
" မင်း...မင်းတို့ ဘာလုပ်ချင်တာလဲ ...."
လူသတ်ချင်စိတ်အပြည့်ဖြင့် သူ့ဆီသို့ လျှောက်လာနေသည့် ရှောင်လုံ ကို ကြည့်ရင်း ကျန်းဟန်၏ မျက်လုံးများက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားပြီး နောက်သို့ပက် လဲကျသွားသည် ။ ထိုသို့ ဖြစ်နေသည်ကိုပင် သူက ရှောင်လုံကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သေးသည်။
" ငါ့အဖေက ကျန်းမိသားစုရဲ့ ခေါင်းဆောင်နော် ... ပြီးတော့ ဒါက မြောက်ဘက်ရေခဲကမ္ဘာ ... မင်း လုပ်ရဲ...!!! "
ကျန်းဟန် စကားမဆုံးခင် ရှောင်လုံက သူ့ရင်ဘတ်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည် ။ ကျန်းဟန် နောက်သို့ လွင့်စင်သွားပြီး အဝေးရှိ ကျောက်နံရံကို ဝင်တိုက်မိသွားသည်။
"သခင်လေး!"
ချန်းယွမ်နှင့်အခြားသူများသည် ထိတ်လန့်သွားကြပြီး ကျန်းဟန် နံဘေးသို့ အလျှင်အမြန် ပြေးသွားလိုက်ကြသည်။
ရှောင်လုံ၏ လက်သီးအားက ကျန်းဟန်၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး မထိန်းချုပ်နိုင်လောက်သည်ထိ သွေးများ အန်ထွက်သွားစေသည်။
ဤသည်ကို မြင်လိုက်ရချိန်၌ ချန်းယွမ်နှင့်အခြားသူများသည် သူတို့၏ အသိစိတ်များ လွတ်ထွက်သွားသလို ခံစားလိုက်ကြရသည်။
ကျန်းဟန်က နတ်ဘုရားအဆင့် ၄ သိုင်းပညာရှင် ဖြစ်သော်လည်း အရေးအကြီးဆုံးမှာကား သူသည် ခန္ဓာကိုယ် ကို သန်မာလာစေရန် နှစ်ထောင်ပေါင်း များစွာကြာသည်ထိ အဖိုးတန် ဆေးမြစ်များဖြင့် ဆေးစိမ်ခဲ့သူ ဖြစ်သည် ။ထိုအပြင် နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်၏ ခန္ဓာကိုယ်သည် အလွန်တရာ ခိုင်ခံ့မာကျောလှသည်။ ထိုကြောင့် သာမန်နတ်ဘုရားအဆင့် လက်နက်များသည်ပင် ကျန်းဟန်၏ ရင်ဘတ်အား ထိုးဖောက်နိုင်ရန် ခက်ခဲပေသည်။
သူတို့အားလုံး၏ မျက်လုံးများ ရှေ့မှောက်၌ ဖြစ်နိုင်ချေမရှိသည့်အရာတစ်ခု ဖြစ်သွားရခြင်းပင် ။
လူသတ်လိုစိတ်များ ဖြာထွက်နေသည့် ရှောင်လုံက ကျန်းဟန်ကို ဤအတိုင်း လွှတ်ပေးမည်မဟုတ်ပေ။
ရှောင်လုံ ရှေ့တိုးလာသည်ကို မြင်လိုက်ရချိန်၌ ကျန်းမိသားစုမှ ပညာရှင်များ၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။
ကျန်းဟန်က ကျန်းမိသားစုမှ လူများ၏ အကူအညီယူပြီး တုန်တုန်ရီရီဖြင့် မတ်တပ်ထရပ် လိုက်သည်။ သို့သော် သူ့ပါးစပ်ကို ဖွင့်ပြီး စကားပြောရန် ပြင်နေစဉ် ပါးစပ်မှ သွေးများသာ အန်ထွက်လာသည် ။ ကျန်းဟန်က ကြောက်ရွံ့မှုပြည့်နှက်နေသော မျက်လုံးများဖြင့် ရှောင်လုံကို စိုက်ကြည့်နေလေသည်။ ရှောင်လုံကိုယ်မှ ထွက်ပေါ်နေသော အရေပြားကို တဆစ်ဆစ်ကိုက်ခဲနေသည့် လူသတ်လိုစိတ်အား သူ ခံစားမိနေသည် ။
ဟောင်ရှောင်လုံသည် သူ့ကို အလွတ်ပေးမည့်ပုံမပေါ်ပေ ။
" မင်း ငါ့ကို သတ်ရင်...မင်းလည်း သေရလိမ့်မယ် "
ကျန်းဟန်၏ မျက်နှာကလည်း ကြောက်ရွံ့ဒေါသထွက်မှု ကြောင့် အကျည်းတန်နေပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" မင်းက ငါ့ကိုယ်စား စိုးရိမ်ပေးနေစရာ မလိုဘူး "
ရှောင်လုံက လှောင်ပြောင်လိုက်လေသည်။
ထိုနောက် အလင်းတစ်ချက် လက်သွားပြီး ရှောင်လုံ၏ လက်ထဲသို့ ပိုးစာပင်ဓား ရောက်ရှိလာသည်။
" သတ်! သူ့ကို သတ်ကြ!!! "
ကျန်းဟန်က ပတ်ပတ်လည်ရှိ ကျန်းမိသားစုသိုင်း ပညာရှင်များကို ဟိန်းဟောက်ကာ စေခိုင်းလိုက် သည် ။
သို့သော် ရှောင်လုံက သူ့သိုင်းဝိညာဉ်၏ မွေးရာပါစွမ်းရည်တစ်ခုဖြစ်သော တစ္စေအရိပ်ကိုယ်ပျောက်စွမ်းရည်ကို ထုတ်သုံးလိုက်သည်မို့ သူ့ပုံရိပ်က အားလုံးအရှေ့မှ ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည် ။ ထိုနောက် သူ့၏ အရိပ်များက ကျန်းမိသားစုသိုင်းပညာရှင်များကြား တွင် ကွေ့ပတ်သွားလိုက်ပြီး ပိုးစာပင်ဓားဖြင့် လေထဲတွင် ရစ်ဆွဲချလိုက်လေသည် ။ ဓားရောင် တစ်ချက်လက်တိုင်း ကျန်းမိသားစု၏ သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားလေသည်။ သူတို့ ခန္ဓာကိုယ်ထဲသို့ အကန့်သတ်မရှိသော ဓားချီအလင်းတန်းများက ဖောက်ထွက်သွား ကြသည်။
ကျန်းဟန် ဤတစ်ခေါက်ခေါ်လာသည့် ဒါဇင်ချီ သိုင်းပညာရှင်များထဲတွင် နတ်ဘုရားအဆင့် ၈ သိုင်းပညာရှင် အကြီးအကဲ တစ်ယောက်အပြင် နတ်ဘုရားအဆင့် ၃၊ ၄ နှင့် ၅ အဆင့် သိုင်းပညာရှင်များ ပါလာကြသည်။ သို့သော် ထိုအဆင့် စွမ်းအားပိုင်ရှင်သည် ရှောင်လုံ၏ အရှေ့တွင် အနည်းငယ်မျှပင် တောင့်ခံနိုင်စွမ်း မရှိကြပေ ။
မကြာမီ ကျန်းဟန်နှင့် ချန်းယွမ်တို့နှစ်ယောက်သာ အသက်ရှင်လျက် ကျန်ရှိတော့သည်။
သူတို့ ပတ်ဝန်းကျင်မှ မြေပြင်ပေါ်သို့ လဲကျနေသော အလောင်းများကို ကြည့်ရင်း ကျန်းဟန်နှင့်ချန်းယွမ် တို့လည်း ကြောက်ရွံ့မှုဖြင့် ကြက်သေသေသွား ကြသည် ။
ရှောင်လုံက သူ့လက်ထဲမှ ပိုးစာပင်ဓားအား နောက်တစ်ကြိမ် လွှဲခုတ်လိုက်လေသည်။ နတ်ဓားချီစွမ်းအားလှိုင်းတစ်ခုက ချန်းယွမ်၏ နဖူးဆီသို့ တိုးဝင်သွားသည်။ ချန်းယွမ်လည်း မချိမဆန့်နာကျင်မှုကို ခံစားလိုက်ရပြီး ကြမ်းတမ်းစွာ အော်ဟစ်ညည်းညူလိုက်သည် ။
နတ်ဓားစွမ်းအားလှိုင်းတစ်ခုက ချန်းယွမ်၏ ကိုယ်ထဲရှိ အစိတ်အပိုင်းများကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်ပစ်နေသည် ။
သေဆုံးသွားကြသည့် ကျန်းမိသားစုသိုင်းပညာရှင်များ ကဲ့သို့ပင် ချန်းယွမ်၏ ကိုယ်သည်လည်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည် ။
" အခု မင်း အလှည့်ပဲ "
ရှောင်လုံ၏ အေးစက်စက်အကြည့်က ကျန်းဟန် အပေါ်သို့ ကျရောက်သွားသည် ။
" မဟုတ်ဘူး...ငါ့ကို မသတ်နဲ့! ငါ့ကို မသတ်ပါနဲ့! "
ကျန်းဟန်က အထိတ်ထိတ် အလန့်လန့် သူ့လက်များကို ယမ်းရင်း အော်ပြောလိုက်သည်။
" ငါ မင်းကို အခွင့်အရေး နှစ်ခါတောင် ပေးခဲ့ပြီးပြီ! "
ရှောင်လုံက မတုန်မလှုပ်ပင် ရှိနေသည်။ ထိုနောက် သူ့လက်ထဲရှိ ပိုးစာပင်ဓားက အရှေ့သို့ တိုးလာပြီး ကျန်းဟန်၏ ရင်ဘတ်မှ တစ်ဆင့် နှလုံးအထိ ထိုးဖောက်သွားသည် ။ တစ်စက္ကန့်အတွင်းမှာ ပိုးစာပင်ဓား၏ ထိပ်ဖျားဆီမှ အင်မော်တယ်အဆီအနှစ်မီးတောက်များ စတင် လောင်ကျွမ်းလာသည် ။
ရှောင်လုံက သူ့၏ ပိုးစာပင်ဓားကို ပြန်လည် ဆွဲထုတ်လိုက်သည် ။ ကျန်းဟန်၏ ကိုယ်ထဲတွင် အင်မော်တယ်အဆီအနှစ်မီးတောက် ကို ထားရစ်ခဲ့ပြီး နှလုံးမှ တဆင့် အခြားအစိတ် အပိုင်းများကို တဖြည်းဖြည်းချင်း လောင်ကျွမ်း ပြာကျစေလိုက်သည် ။
လေထုထဲ၌ ချက်ချင်းဆိုသလို အသားညှော်နံ့တစ်ခု ပျံ့နှံ့လာသည် ။
ကျန်းဟန်၏ အဆုံးမရှိသော အော်ဟစ်သံများက လမင်းသစ်နယ်မြေ တစ်ခွင် ပဲ့တင်ထပ်သွားသည်။
ကျန်းဟန်က သူ့၏ နတ်ဘုရားအတွင်းအားချီကို အသုံးပြု၍ ဘေးသို့ ခုန်ကာ ရှောင်လုံ၏ အင်မော်တယ်အဆီအနှစ် မီးတောက်များကို ဖိနှိပ်ရန် ကြိုးစားတော့သည် ။
သို့သော်လည်း သူ့၏ ကြိုးစားမှုအားလုံးက သဲထဲရေသွန် ဖြစ်သွားရသည် ။ သူ မည်သို့ပင် ကြိုးစားသည်ဖြစ်စေ သူ့ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်အဆီအနှစ်မီးတောက်များက ဆက်လက်၍ လောင်ကျွမ်းနေဆဲသာ ဖြစ်သည်။
" ငါ့ကို ကယ်... ငါ့ကို ကယ်ပေးပါ "
ကျန်းဟန်က အလွန်တရာကြောက်ရွံ့သွားပြီး ရှောင်လုံ ဆီသို့ အကူအညီရလိုရငြား ပြေးဝင်လာသည်။
သို့သော် ရှောင်လုံက ပိုးစာပင်ဓားကို တစ်ချက်ယမ်းလိုက်ပြီး ကျန်းဟန်၏ ခြေထောက်များကို ဖြတ်တောက်ပစ်လိုက်သည်။ ကျန်းဟန်လည်း ပြင်းပြသော နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်ညည်းညူ နေသည်။
အင်မော်တယ်အဆီအနှစ်မီးတောက်များက ကျန်းဟန်၏ နှလုံးမှ စတင်ကာ အဆုတ်ကို ပျံ့နှံ့သွားပြီးနောက် ခန္ဓာကိုယ်အတွင်းပိုင်း တစ်ခုလုံးကို လောင်ကျွမ်းပြစ်လိုက်သည်။ ခန္ဓာကိုယ် အပြင်ဘက်မှ အစိတ်အပိုင်းများကို လည်း ဆက်လက်လောင်ကျွမ်းနေပြီး ကျန်းဟန်၏ ခန္ဓာကိုယ်အား မီးတောက်များစွာက ပတ်ရံနေသည်။
ထိုအချိန်၌ ရှောင်လုံက ကျန်းဟန်ကို အာရုံစိုက်မနေတော့ဘဲ ရှောင်ဖေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
" အကိုတို့ သွားကြစို့..."
ကျန်းဟန်၏ သေဆုံးမှုကြောင့် ကျန်းမိသားစုမှ အဆင့်မြင့် သိုင်းပညာရှင်များ အလျင်အမြန် ရောက်ရှိလာနိုင်သည် ။
ထိုကြောင့် လမင်းသစ်နယ်မြေတွင် သူတို့နှစ်ယောက် ဆက်ရှိနေရန်အတွက် လုံခြုံမှု မရှိတော့ပေ။
ရှောင်ဖေးကလည်း ဤနေရာသည် သူတို ကိစ္စများစွာ ပြောဆိုရန်အတွက် အချိန်ကောင်း နေရာကောင်း မဟုတ်ကြောင်း နားလည်လိုက်သည်မို့ ခေါင်းညိတ်ပြလိုက်သည်။
ရှောင်လုံက ရှောင်ဖေး၏ လက်ကို ဆုပ်ကိုင်ကာ လေထဲသို့ ခုန်တက်ရင်း အတူတူ ပျံသန်းသွားလေသည်။
ရှောင်လုံနှင့် ရှောင်ဖေးတို့နှစ်ယောက် ထွက်ခွာသွားပြီး မကြာမီ များပြားလှသည့် လူရိပ်များက အခင်းဖြစ်ပွားရာနေရာသို့ လှစ်ခနဲ ရောက်လာကြသည် ။
ထိုလူများသည် ကျန်းမိသားစုမှ အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့ကို ဦးဆောင်လာသူ၏ကိုယ်မှ ထက်ရှသည့် အရှိန်အဝါများကို ထွက်ပေါ်နေသေည် ။
ထိုသူသည် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး မဟာနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် အလွန်တရာ နီးကပ်နေသော ကျန်းမိသားစု၏ အဓိကအိမ်တော်ထိန်း ကျန်းဟော့ ဖြစ်သည်။
ကျန်းဟော့တို့ လူစု ရောက်သွားချိန်၌ အင်မော်တယ် အဆီအနှစ်မီးတောက်က ကျန်းဟန်ကို အပြည့်အဝ ဝါးမြိုနေပြီ ဖြစ်သော်ငြား သူက မသေဆုံးသေးပေ။
ကျန်ဟန်က နာကျင်မှုပြင်းပြစွာဖြင့် အော်ဟစ် လူးလိမ့်နေသော်လည်း သူ့အသံနှင့် လှုပ်ရှားမှုများက အားနည်းနေလေပြီ ။
ကျန်းဟန်ကို ပိုးကောင်အိမ်နှယ် ရစ်ပတ်နှောင်ဖွဲ့ထားသော အင်မော်တယ်အရင်းအမြစ်မီးတောက်ကို ကြည့်ရင်း ကျန်းဟော့၏ မျက်နှာ အမူအရာက တင်းမာခက်ထန်သွားသည်။
ကျန်းဟော့က တုံ့ဆိုင်းကာ တွေဝေမနေတော့ဘဲ ချက်ချင်းလှုပ်ရှားလိုက်သည် ။ သူ့ လက်ဝါးနှစ်ချက်ကို အရှေ့သို့ရိုက်ထုတ်လိုက်ပြီး မရေမတွက်နိုင်သည့် ခရမ်းရောင် အေးခဲချီအမျှင်တန်းများက ကျန်းဟန် ပတ်ပတ်လည်ရှိ နေရာတစ်ခုလုံးကို အုပ်မိုးပေးသည် ။ ကျန်းဟန်နှင့် နီးကပ်နေသည့် မြေပြင်တစ်ခုလုံး အေးခဲသွားပြီး မြေမျက်နှာပြင်ထက်မှ ခရမ်းရောင်ရေခဲလွှာများ ထွက်ပေါ်လာသည်။
သို့သော် ကျန်းမိသားစု၏ အဆင့်မြင့်သိုင်းပညာရှင်များ အားလုံး အံ့သြမှင်သက်သွားစေသည်မှာ ကျန်းဟော့၏ ရေခဲချီသည် ကျန်းဟန်ကို လောင်ကျွမ်းနေသည့် မီးတောက်ကို မငြိမ်းသက်နိုင်ရုံသာမက ပို၍ပင် သန်မာစွာ လောင်ကျွမ်းသွားစေခြင်းကြောင့်ပင် ဖြစ်သည် ။
ထိုအချိန်တွင် ကျန်းမိသားစုမှ အဆင့်မြင့်သိုင်းပညာရှင် အားလုံးက ကျန်းဟန်ကို ကယ်တင်ရန်အတွက် အမျိုးမျိုး ကြိုးစားကြသော်လည်း အသုံးမဝင်တော့ပေ။
အဆုံးတွင် ကျန်းဟော့နှင့် အခြားပညာရှင်များသည် ကျန်းဟန် နာနာကျင်ကျင်အော်ဟစ်ပြီး အင်မော်တယ်အဆီအနှစ် မီးတောက် က သူ့ကို မီးခိုးရောင် ပြာပုံကြီး အဖြစ် ဖြည်းဖြည်းချင်း ဝါးမြိုလောင်ကျွမ်းသွားသည်ကိုသာ ကူရာကယ်မဲ့စွာ ရပ်ကြည့်နေရလေသည် ။
အင်မော်တယ်အဆီအနှစ်မီးတောက်၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံအား မျက်ဝါးထင်ထင်မြင်တွေ့ဘိုက်ရသောအခါ
ကျန်းမိသားစုမှ အဆင့်မြင့်သိုင်းပညာရှင်အားလုံး
မျက်နှာပျက်ကုန်ကြသည်။
" အမိန့်ကို နာခံကြ...မြောက်ဘက်ရေခဲကမ္ဘာကို အခုချက်ချင်း ပိတ်ဆို့လိုက် "
ကျန်းဟော့၏ မျက်လုံးများက မည်းမှောင်နေချေသည် ။
" ငါတို့ အဲ့ဒီ မမိ မိအောင်ကို လူသတ်သမားကို ဖမ်းရမယ်! "
ကျန်းမိသားစုခေါင်းဆောင်၏ သားသည် မြောက်ဘက်ရေခဲကမ္ဘာ၌ အသတ်ခံကြောင်း သတင်းသာ သိုင်းလောကအတွင်း ပျံ့နှံ့သွားလျှင် ၎င်းသည် ကျန်းမိသားစုအတွက် အကြီးမားဆုံးသော အရှက်ကွဲမှုကြီးတစ်ခု ဖြစ်လာနိုင်သည် ။
ကျန်းမိသားစု၏အဆင့်မြင့်သိုင်းပညာရှင်များသည် ကျန်းဟော့ ဆီမှ အေးစက်စက် အော်ရာကြောင့် တုန်ယင်သွားပြီး အမိန့်အတိုင်း ချက်ချင်းလုပ်ဆောင်လိုက်ကြသည် ။
သူတို့အားလုံးသည် ဤကိစ္စ၏ လေးနက်မှုနှင့် ဂယက်ရိုက်မှုများကို ကောင်းစွာ နားလည်ထားကြသည် ။ ကျန်းဟန် မြောက်ဘက်ရေခဲကမ္ဘာ၌ အသတ်ခံလိုက်ရခြင်းသည် သူတို့အပေါ်သို့ ကောင်းကင်ကြီး ပြိုကျလာသည်နှင့် အတူတူပင် ဖြစ်သည်။
အမိန့်ပေးလိုက်ပြီးနောက် ကျန်းဟော့လည်း ၎င်း နေရာမှ ပျောက်ကွယ်သွားသည် ။ ကျန်းဟော့သည် ဤအဖြစ်အပျက်အား ကျန်းမိသားစုခေါင်းဆောင် ဆီသို့ အစီအရင်ခံရန် ကျန်းမိသားစုအိမ်တော်သို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလိုက်တော့သည်။
.....
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၈၃ ..... ဒုက္ခတွေ့ခြင်း
ကျန်းမိသားစု အိမ်တော်၏ ခန်းမဆောင်ထဲတွင်ရှိနေသည့် ကျန်းမိသားစု ခေါင်းဆောင် ကျန်းတုန်ပိ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် မည်းမှောင်နေလေသည်။
သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပြင်းထန်လှသည့် လူသတ်ငွေ့များ စုစည်းနေပေသည် ။
ကျန်းတုန်ပိသည် သူ့အရှေ့မှ မီးခိုးရောင် ပြာပုံကြီးကို ကြည့်ရင်း သူ့ခန္ဓာကိုယ်က သိသိသာသာကို တုန်ယင်နေသည် ။
ဤ မီးခိုးရောင် ပြာပုံကြီးသည် သူသား ၏ ပြာပုံပင်.....
သူ အချစ်ရဆုံးသား ကျန်းဟန်၏ နောက်ဆုံးလက်ကျန် အမွေလည်း ဖြစ်သည်။
သူ့သားသည် အသတ်ခံခဲ့ရသည်မှာ အလောင်းပင် မကျန်ရစ်ခဲ့ပေ ။ ပြာပုံတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ဝမ်းနည်းကြေကွဲနာကျင်မှုနှင့် လက်စားချေလိုမှုများက သူ့မျက်လုံးထဲ၌ ပြည့်နှက်နေချေသည် ။
ထိုနောက် သူ့အကြည့်က မီးခိုးရောင်ပြာပုံကြီး ဆီမှ ကျန်းဟော့ဆီသို့ ရုတ်တရက် ရွေ့သွားသည်။ ကျန်းတုန်ပိ၏ အသံက အလွန်အမင်း အေးစက်နေသည်။
" ကျန်းဟန်ကို စောင့်ကြည့်ထားပါလို့ မင်းကို အမိန့်ပေးမထားဘူးလား .... သူ အနောက်ဘက် တောင်တန်းကနေ ဘယ်အချိန်တုန်းက ထွက်သွားတာလဲ ... သူက ဘာလို့ လမင်းသစ်နယ်မြေကို ရောက်နေတာလဲ .....
သူ ဘယ်လို သေသွားရတာလဲ ...."
အဆုံး၌ ကျန်းတုန်ပိ၏ မျက်နှာထက်တွင် နာကျင်မှုနှင့် ဒေါသတို့ပြည့်နှက်သွားပြီး ကျန်းဟော့ကို ဒေါသတကြီးဖြင့် ဟိန်းဟောက် လိုက်သည်။
ကျန်းဟော့က အဖြစ်အပျက်ကို ရှင်းပြရန်ပြင်နေစဉ် ကျန်းတုန်ပိ၏ ရိုက်ချက်ကြောင့် လေထဲသို့ လွင့်စင်သွားရသည် ။ ကျန်းဟော့၏ ခန္ဓာကိုယ်က ခန်းမဆောင်၏ တံခါးနှင့် ဝင်တိုက်မိသွားသည်။
ခန်းမထဲ၌ ရှိနေကြသည့် အခြား ကျန်းမိသားစုမှ သိုင်းပညာရှင်များလည်း တုန်လှုပ်ခြောက်ခြားသွားကြပြီး မည်သူကမှ စကားမပြောရဲကြတော့ပေ။
" မင်းရဲ့ သစ္စာရှိမှုနဲ့ ကျန်းမိသားစုကို နှစ်ပေါင်းများစွာ ပေးဆပ်လာတာကြောင့်သာ မဟုတ်ရင် ...ငါ မင်းကို ဒီတစ်ချက်ထဲနဲ့ သတ်ပစ်လိုက်ပြီ "
ကျန်းတုန်ပိ၏အသံက ခံစားချက်ကင်းမဲ့့ကာ အေးစက်နေပြီး နေသည်။ ကျန်းဟော့က ကျေးဇူးတင်ကြောင်းပြောပြီး အလျှင်အမြန်ပင် အရိုအသေပေးလိုက်သည်။
ကျန်းတုန်ပိက မီးခိုးရောင်ပြာပုံကြီး ကိုကြည့်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။
" ဟန်အာ...မစိုးရိမ်နဲ့တော့...သူက ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး ...မင်းအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အဖေ သူ့ကို သတ်ပေးမယ်...အဖေ သူတို့အားလုံးကို မင်းနဲ့အတူ အဖော်ပြုဖို့ ထည့်ပေးလိုက်မယ် ... ဒါဆိုရင် မြေအောက်ကမ္ဘာဆီ သွားတဲ့လမ်းမှာ သားလည်း အထီးမကျန်ရတော့ဘူးပေါ့ ..."
" မိသားစုခေါင်းဆောင်...ကျူပ်တို့ ဒီကိစ္စကို ဘိုးဘေးဆီ အစီအရင်ခံသင့်လား .."
ကျန်းဟော့က သူ့ကိုယ်သူ မရပ်တန့်နိုင်ဘဲ မေးလိုက်သည် ။ ဆိုရလျှင် ဤကိစ္စသည် သူတို့ပိုင်နက်ဖြစ်သော လမင်းသစ်နယ်မြေအတွင်း၌ ဖြစ်ပွားသွားခြင်း ဖြစ်သည်။
လမင်းသစ်နယ်မြေ၏ ပိုင်ရှင်က မည်သူ ဆိုသည်ကို ကျန်းမိသားစုရှိ အာဏာရှိသူများအားလုံး ကောင်းကောင်း သိထားကြသည်။
အရူးသိုင်းဆရာမကြီး ယန်ယီ .....
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက် ......
မည်သည့်ထိပ်တန်းအင်အားစု မဆို မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ ပါဝင်သည့် ကိစ္စများတွင် သတိထား၍ ဆောင်ရွက်ရပေသည် ။
"မလိုဘူး..."
ကျန်းတုန်ပိ က အေးစက်စွာ ပြောလိုက်သည်။
"ဘိုးဘေးက တံခါးပိတ်လေ့ကျင့်ပြီး နောက်တစ်ကြိမ် ကျင်းပမယ့် နတ်ဘုရား အဆင့်သတ်မှတ်ခြင်း တိုက်ပွဲအတွက် ပြင်ဆင်နေတယ် ... ဒီလိုကိစ္စလေးအတွက်နဲ့ ဘိုးဘေးကို ဒုက္ခသွားပေးစရာမလိုဘူး "
ဤသို့ ကြားလိုက်ရသည်နှင့် ကျန်းဟော့လည်း ထပ်မံ၍ အထွန့်တတ်စကား မပြောရဲတော့ပေ ။
သိပ်မကြာမှီ ကျန်းမိသားစု၏ သခင်လေး မြောက်ဘက်ရေခဲကမ္ဘာ၌ သတ်ဖြတ်ခံလိုက်ရသည့် သတင်းက သိုင်းလောကကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ကုန်ကြ သည် ။
ကျန်းမိသားစု၏ သခင်လေး ကျန်းဟန်ကို မြောက်ဘက်ရေခဲကမ္ဘာ၌ သတ်ဖြတ်ရဲသည့်သူ ရှိနေပေသည် ။ ချက်ချင်းဆိုသလိုပင် အဖြစ်အပျက်၏ ပုံစံကွဲမျိုးစုံပျံ့နှံ့လာလေသည်။
ကျန်းမိသားစုကမူ သူတို့မိသားစုမှ ထိပ်တန်း သိုင်းပညာရှင်များအားလုံးကို မြို့အားလုံးဆီ စေလွှတ်ကာ ပိတ်ဆို့ထားစေသည် ။ သူတို့က မြောက်ဘက်ရေခဲကမ္ဘာ ပတ်ပတ်လည်ရှိ အနီးအနားဂြိုဟ်များဆီသို့ပင် သွားကြပြီး ရှောင်လုံနှင့် ရှောင်ဖေးတို့အား ပိုက်စိပ်တိုက်ရှာ ဖွေကြသည်။
သို့သော် ကျန်းမိသားစု သိုင်းပညာရှင်များက ရှောင်လုံနှင့် ရှောင်ဖေးတို့ကို နေရာအနှံ့ရှာဖွေ ခဲ့ကြသည့်တိုင် သူတို့နှစ်ယောက် အား မတွေ့ခဲ့ပေ။ ရှောင်လုံတို့နှစ်ယောက်သည် မည်သူမျှ သတိမထားမိခင်ကတည်းက မြောက်ဘက်ရေခဲကမ္ဘာမှ ထွက်ခွာ၍ တန်ဂူကမ္ဘာ၌ရှိသော ကူးပြောင်းခြင်းအစီအရင်ရှိရာသို့ ဦးတည် သွားနေကြသည်။
သွားရာလမ်းတွင် ရှောင်ဖေး ပြောပြသည်များကို နားထောင်ပြီးနောက် ရှောင်လုံ ဇာတ်လမ်းတစ်ခုလုံးကို ဇတ်ရည်လည်သွားသည် ။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်အကြာက ဟင်္သာငှက် တက္ကသိုလ်မှ ဟူဖေးဖန်သည် ရှောင်ဖေး၏ ဆရာမ ယန်ယီ ဆီသို့ ထပ်မံရောက်ရှိလာခဲ့သည် ။
ရှောင်ဖေးက အကြောင်းရင်းကို သေချာ
မသိလိုက်ရသော်လည်း သူ့၏ ဆရာမက ဟူဖေးဖန်နှင့်အတူ လိုက်သွားပြီး လမင်းသစ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။
မထွက်သွားခင် ယန်ယီသည် နှစ်လကြာ ခရီးသွားရမည့်အကြောင်းကို ရှောင်ဖေးအား ပြောခဲ့သည် ။ ထို့နောက် လသစ်နယ်မြေ၌သာ သိုင်းကျင့်ကြံခြင်းကို အာရုံစိုက်ရန် နှင့် သူမ ပြန်အလာကို စောင့်နေရန် ရှောင်ဖေးအား ညွှန်ကြားထားခဲ့သည် ။
ယခုတွင်မူ ယန်ယီထွက်ခွာသွားသည်မှာ လဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ။ ကျန်းဟန်ကလည်း ယန်ယီ ထွက်ခွာသွားကြောင်း မည်သို့ အနံရသွားမှန်း မသိပေ ။ ထို့ကြောင့် သူက ကျန်းမိသားစု သိုင်းပညာရှင်များကို ဦးဆောင်ကာ လမင်းသစ်နယ်မြေဆီ ရောက်ရှိလာခြင်း ဖြစ်သည်။
ရှီရှောင်ဖေး၏ များပြားလှသည့် အစောင့်အရှောက်များနှင့် အစေခံများသည် ကျန်းမိသားစု သိုင်းပညာရှင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် ။ ရှောင်လုံသာ အချိန်မှီရောက်မလာပါက သူမသည်လည်း သူတို့ကဲ့သို့ အသတ်ခံရမှာ ဖြစ်သည်။ ရှောင်ဖေးက သူတို့ထက် ပို၍ပင် ဆိုးရွားသော အခြေအနေနှင့် လည်း ကြုံတွေ့သွား ရနိုင်သည် ။
ထို အစောင့်အရှောက်များနှင့် အစေခံများ အသတ်ခံရသည့် အကြောင်းကို ပြောပြနေချိန်၌ ရှောင်ဖေး၏ မျက်နှာလေးထက်တွင် ကြီးစွာသော ပူဆွေးဝမ်းနည်းမှုဖြင့် ပြည့်နေလေသည် ။ သူမ လမင်းသစ်နယ်မြေတွင် နေထိုင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူတို့နှင့် ရင်းနှီးခင်မင်မှုသည် အလွန်တရာ ကောင်းမွန်ခဲ့ပြီး မိန်းကလေးအစေခံများနှင့်ဆိုလျှင် ညီအစ်မသဖွယ် ရင်းနှီးခဲ့ကြသည် ။
ရှောင်လုံ မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ သူမကိုသာ တင်းကြပ်စွာ ပွေ့ဖက်ပေးလိုက်သည် ။
" အကိုရှောင်လုံ... ကျန်းဟန် သေသွားပြီဆိုတော့ ကျန်းမိသားစုက ဒီကိစ္စကို အသာတကြည်နဲ့ လွှတ်ပေးမှာ မဟုတ်တော့ဘူး "
ခဏကြာပြီးနောက် ရှောင်ဖေးက ပြောလိုက်သည်။ သူ့မ၏မျက်နှာလေးက စိုးရိမ်မှုကြောင့် အနည်းငယ် ညိုးငယ်သွားသည်။
ရှောင်လုံက ကျန်းဟန်ကို သတ်ဖြတ်လိုက်ခြင်းကြောင့် သူမ အလွန်တရာ ပျော်ရွှင်သော်လည်း ရှောင်လုံအပေါ် ကျန်းမိသားစုဘက်မှ လက်တုံ့ပြန်လာမှာကိုတော့ သူမ စိတ်ထဲမှာ စိုးရိမ်မိနေသည်။
" မစိုးရိမ်ပါနဲ့ကွာ...အဆင်ပြေသွားမှာပါ "
ရှောင်လုံက သူမကို နှစ်သိမ့်လိုက်သည်။ ကျန်းဟန်ကို သတ်ဖြတ်ခြင်းကြောင့် ပြဿနာတစ်ချို့ရှိလာနိုင်သော်လည်း ရှောင်လုံက အများကြီး ဂရုစိုက်မနေပေ ။
သူက ကျောင်းမိသားစုကိုပင် မျက်လုံးထဲ ထည့်ထားသူတစ်ယောက် မဟုတ်ပေ။
ကျန်းမိသားစုလောက်က ဘာအရေးနည်း။
စွမ်းအားချင်းယှဉ်ကြည့်လျှင် ကျန်းမိသားစုက ကျောင်းမိသားစုထက် များစွာ နိမ့်ကျနေသည်။
ထို့အပြင် သူ့၏ နောက်ခံကို ရှာတွေ့သည်နှင့် ကျန်းမိသားစုဘက်မှ တိတ်တဆိတ် နေရန်ကိုသာ ရွေးချယ်လိမ့်မည်ဟု ရှောင်လုံ ယုံကြည်ထားသည် ။
" ဒါနဲ့ ညီမ နတ်ဘုရားအဆင့်ကို ဘယ်အချိန်က ချိုးဖျက်နိုင်သွားတာလဲ ..."
ရှောင်လုံက စကားလမ်းကြောင်း ပြောင်းကာ ရှောင်ဖေးကို မေးလိုက်သည် ။
ရှောင်ဖေးတစ်ယောက် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူအစကတည်းက သတိထားမိလေသည် ။ ထို့အပြင် ရှောင်ဖေး၏အတွင်းအားများသည် နတ်ဘုရား အဆင့် ၁ အစောပိုင်း အဆင့် မဟုတ်ဘဲ နတ်ဘုရားအဆင့် ၁ အလယ်အဆင့် ရောက်ရှိနေသည် ။
ရှောင်လုံ၏ မေးခွန်းကို ကြားသည်နှင့် ရှောင်ဖေး၏ မျက်နှာထက်တွင် ကိုယ့်ကိုယ်ကို ကျေနပ်သွားသည့် အပြုံးလေးတစ်ခု ထွက်ပေါ်လာသည် ။
" လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ညီမ နတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာ ... ဘယ်လိုလဲ ... အံ့သြစရာမကောင်းဘူးလား...
နောက်ပြီး လမင်းဆင့်ခေါ်ခြင်းကာရန် သိုင်းကျမ်းမှာလည်း ညီမက တတိယကျင့်စဉ်ရဲ့ အလယ်အဆင့်ကို ရောက်နေပြီနော် ဟွန့် .."
လွန်ခဲ့သည့် နှစ်နှစ်က......
ရှောင်ဖေးသည် နတ်ဘုရားအဆင့်သို့ လွန်ခဲ့သောနှစ်နှစ်က ကျော်ဖြတ်ရောက်ရှိခဲ့သည့်အပြင် လမင်းဆင့်ခေါ်ခြင်းကာရန်၏ တတိယကျင့်စဉ် အလယ်အဆင့်သို့ပင် ရောက်နေကြောင်း သိလိုက်ရချိန်၌ ရှောင်လုံလည်း အနည်းငယ် အံ့အားသင့်သွားသည် ။ ပုံမှန် ကျင့်ကြံသည့် နှုန်းအတိုင်းသာ ဆိုပါက ရှောင်ဖေးအနေဖြင့် နတ်ဘုရားအဆင့်သို့ပင် ဤမျှ မြန်မြန်ဆန်ဆန် ချိုးဖျက်နိုင်မှာ မဟုတ်ပေ။
လမင်းဆင့်ခေါ်ခြင်းကာရန်၏ တတိယကျင့်စဉ် အလယ်အဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ အဝေးကြီးပင် ဖြစ်သည် ။
ရှောင်ဖေးတစ်ယောက် မထင်မှတ်ထားသည့် ကံကောင်းခြင်းတစ်ချို့ နှင့် ကြုံတွေ့လိုက်ရသည်လော ......
ရှောင်လုံ မှန်းဆထားသည့်အတိုင်းပင် ရှောင်ဖေးက လွန်ခဲ့သည့် နှစ်များစွာက သူ့ကြံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြောပြလာသည် ။ ရှောင်ဖေး အပြင်ဘက်သို့ ထွက်ခဲ့စဉ်က သဟဇာတ ရေခဲဒြပ်စင် စိတ်ဝိညာဉ်ရတနာကို ရေခဲကန်တစ်ခု၌ အမှတ်မထင် တွေ့ရှိခဲ့လေသည် ။ ထို ရေခဲဒြပ်စင် စိတ်ဝိညာဉ်ရတနာကြောင့် သူမ၏အတွင်းအား များက အလျှင်အမြန် တိုးတက်လာပြီး နတ်ဘုရားအဆင့် ၁ အလယ်အဆင့်ထိ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည် ။
ထို့အပြင် လမင်းဆင့်ခေါ်ခြင်းကာရန်သိုင်းကျမ်း၏ တတိယ ကျင့်စဉ်အလယ်အဆင့်သို့ ရောက်ရှိသွားပြီး သူမ၏ သန့်စင်သော ဗုဒ္ဓ ဉာဏ်အလင်းခန္ဓာကိုယ်ကိုလည်း နိုးထစေနိုင်ခဲ့သည် ။
၎င်းသတင်းကြောင့် ရှောင်လုံလည်း အလွန်ပင် ပျော်ရွှင်သွားသည် ။ ရှောင်ဖေးပိုင်ဆိုင်ထားသော သန့်စင်သောဗုဒ္ဓဉာဏ်အလင်းရခန္ဓာကိုယ် နှင့် ရွှေရောင်နဂါးတောင်ထွတ်မှ ကြွယ်ဝပေါများသော စိတ်ဝိညာဉ် စွမ်းအင်များ ပေါင်းစပ်လိုက်လျှင် သူမ၏ ကျင့်ကြံနှုန်းက တမဟုတ်ချင်း တိုးတက်လာနိုင်သည် ။
ဤအတိုင်းဆိုလျှင် ရှောင်ဖေးအနေနှင့် မဟာနတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ပင် မျှော်လင့်နိုင်ပေသည်။
ထိုအချိန်တွင် ရှောင်လုံနှင့် ရှောင်ဖေးတို့က နတ်ကမ္ဘာဆီသို့ အတူတူ တက်ရောက်သွားနိုင်မှာ ဖြစ်သည် ။
ရက်အနည်းငယ်ကြာပြီးနောက် ရှောင်လုံနှင့် ရှောင်ဖေးတို့သည် ရွှေရောင်နဂါးတောင်ထွတ်သို့ လုံခြုံဘေးကင်းစွာ ရောက်သွားကြသည်။ ရှောင်လုံ ခန့်မှန်းထားသည့်အတိုင်း ကျန်းမိသားစုဘက်မှ သတင်းများကို ဖိနှိပ်ကာ သူတို့၏ လှုပ်ရှားမှုများကို ရပ်ဆိုင်းလိုက်ကြသည် ။
ရွှေရောင်နဂါးတောင်ထွတ်ပေါ်ရှိ ဟောင်မိသားစုနှင့် တခြားလူများက ရှောင်ဖေးကို ပြန်တွေ့ရသဖြင့် ဝမ်းသာပျော်ရွှင်မဆုံး ဖြစ်နေကြသည် ။ ရွှေရောင်နဂါးတောင်ထွတ်တွင် ရှောင်ဖေးပြန်အလာကို နွေးထွေးစွာ ကြိုဆိုကြသည့် ပျော်ရွှင်ကြည်နူးသံများဖြင့် ပြည့်နှက်နေလေသည် ။
ဟောင်မင်းနှင့် တစ်ချို့ဆိုလျှင် ရှောင်လုံနှင့် ရှောင်ဖေးတို့ လက်ထပ်ပွဲ ကျင်းပကြရန် အတင်းအကြပ် တိုက်တွန်းဆော်သြနေကြသည်။ သူတို့ကြောင့် ရှောင်ဖေးလည်း ရှောင်လုံကို ရဲရဲပင် မကြည့်ရဲတော့ဘဲ တစ်နေကုန်လုံး ရှက်သွေးဖြာနေရလေသည် ။
အတိအကျဆိုရလျှင် လက်ထပ်ပွဲနှင့် ပတ်သတ်၍ ရှောင်လုံဆီမှာ ကိုယ်ပိုင် အစီအစဉ်များ ရှိနေသည် ။ ရှောင်လုံက သူတို့နှစ်ယောက်၏ လက်ထပ်ပွဲကို အဆင့်မြင့်နတ်ဘုရားသိုင်းပြိုင်ပွဲ အပြီးတွင် ကျင်းပရန် ကြံရွယ်ထားသည် ။ သူ မဟာနတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်သည့် နေ့သည် သူနှင့် ရှောင်ဖေး၏ လက်ထပ်ပွဲနေ့ပင် ဖြစ်ပေလိမ့်မည် ။
ထိုအချိန်ရောက်လျှင် ရှောင်လုံက စကြာဝဠာ တစ်ခွင်၌ အကြီးကျယ်ဆုံးဖြစ်လာမည့် မင်္ဂလာပွဲကြီးကို ကျင်းပရန် စီစဉ်ထားသည်။
ရွှေရောင်နဂါးတောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် ရှောင်လုံက သူ့မိဘများ ၊ ရှောင်ဖေးနှင့်အတူ အဓိက အချိန်ကုန်ဆုံးလိုက်သည် ။ တစ်ခါတစ်ရံမှာ ရှောင်လုံ သူ့၏ ဆေးဖော်စပ်ခြင်းနှင့် သိုင်းကွက်များကို လေ့ကျင့်သည် ။ ညဘက်တွင်မူ သူက ရွှေရောင်ဆင့်ကဲပြောင်းလဲခြင်း ဆေးလုံးသုံးလုံးကို စုပ်ယူ၍ အတွင်းအား ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသည်။
မဟာဆေးပညာရှင်ပြိုင်ပွဲ ကျင်းပရန်အချိန်သည် ငါးနှစ်သာ ကျန်ရှိတော့သည် ။ ဤငါးနှစ်အတွင်း သူ့၏ ဆေးဖော်စပ်ခြင်း စွမ်းရည်က သိသိသာသာကို တိုးတက်လိမ့်မည်ဟု ရှောင်လုံ ယုံကြည်ထားသည်။
သူနှင့် ရှောင်ဖေးတို့က ယန်ယီအတွက် စိတ်မပူကြပေ ။ လမင်းသစ်နယ်မြေသို့ ယန်ယီ ပြန်လည်ရောက်လာပြီး အခြေအနေမှန်ကို သိရှိသွားသည်နှင့် အနက်ရောင်သူရဲကောင်း တက္ကသိုလ်ဆီသို့ သေချာပေါက် ရောက်လာမှာဖြစ် သည် ။
အချိန်က ရေကဲ့သို့ တသွင်သွင်စီးဆင်းနေပြီး အချိန်နှစ်လတာကာလက အလျှင်အမြန်ပင် ကုန်ဆုံးသွားသည်။
ရှောင်ဖေး၏ ဆရာမ ယန်ယီက နှစ်လကြာပြီးသည် အထိ ရောက်ရှိမလာခြင်းကြောင့် ရှောင်လုံစိတ်ထဲမှာ အနည်းငယ် မသိုးမသန့် ခံစားနေရသည်။
နောက်တစ်လက ထပ်မံကုန်ဆုံးသွားသည့်တိုင် ယန်ယီတစ်ယောက် ပေါ်မလာခဲ့ချေ ။
" အကို ....ဆရာမ တစ်ခုခုများ ဖြစ်နေလား
မသိဘူး "
ရှောင်ဖေးက စိုးရိမ်ပူပန်စွာ မေးလာသည်။
ပုံမှန်အတိုင်းဆိုလျှင် သူ၏ ဆရာမသည် လမင်းသစ်နယ်မြေသို့ ပြန်ရောက်သည်နှင့် အဖြစ်အပျက်ကို သိပြီးနောက် အနက်ရောင်သူရဲကောင်းတက္ကသိုလ်ဆီသို့သေချာပေါက် ရောက်လာမှာ ဖြစ်သည်။ သို့သော် ယခုချိန်ထိတိုင် ယန်ယီတစ်ယောက် ပေါ်မလာသေးပေ ။
ယန်ယီတစ်ယောက် ယခုအချိန်ထိတိုင် လမင်းသစ်နယ်မြေသို့ ပြန်ရောက်မလာခြင်းသည်လော.......
.....
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၈၄ .....အဆင့်မြင့်နတ်ဘုရားများ၏ သိုင်းပြိုင်ပွဲ
" ညီမရဲ့ ဆရာမက ဟူဖေးဖန်နဲ့ ဘယ်ကို သွားမယ်ဆိုတာ ပြောမသွားဘူးလား "
ရှောင်လုံက လေးနက်စွာ မေးလိုက်သည်။
ရှောင်ဖေးက သူမခေါင်းကို ယမ်းပြလာသည်။
" မပြောသွားဘူး...ဆရာက နှစ်လနေရင် ပြန်လာမယ်လို့ပဲ ပြောသွားတာအကို "
ရှောင်လုံလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
ယခုဆိုလျှင် သုံးလပင် ကျော်လွန်သွားခဲ့လေပြီ ။ မမျှော်လင့်ထားသည့် အဖြစ်အပျက်မျိုးသာ မဖြစ်ခဲ့လျှင် လမင်းသစ်နယ်မြေ၌ ဖြစ်ပျက်ခဲ့သမျှကို ယန်ယီ မသိသေးသည်မှာ မဖြစ်နိုင်ပေ ။ ထို့ကြောင့် ဖြစ်နိုင်ချေ အရှိဆုံးမှာ ယန်ယီတစ်ယောက် လသစ်နယ်မြေသို့ ပြန်မရောက်သေးခြင်းသာ ဖြစ်ရပေမည်။
သို့သော် ယန်ယီက သူနှစ်လအကြာ၌ ပြန်လာမည်ဟု ပြောခဲ့သည်။
သူ တစ်ခုခု ဖြစ်နေခြင်းပေလော .....
" ရှောင်ဖေး...ညီမ ဆရာရဲ့ စွမ်းအားနဲ့သာဆိုရင် သူကိုထိခိုက်အောင်လုပ်နိုင်တဲ့လူ သိပ်မရှိပါဘူး သူ အဆင်ပြေမှာပါ "
ရှောင်လုံက နှစ်သိမ့်ပေးလိုက်ပြီး...
" ညီမဆရာမရဲ့ သတင်းကို စုံစမ်းဖို့ အကို လူလွှတ်ထားလိုက်မယ်...သတင်းရရင် အကို ညီမကို ချက်ချင်း ပြောပြမယ် ဟုတ်ပြီလား "
သူမ၏ဆရာမ စွမ်းအားကို တွေးမိလိုက်ချိန်၌ ရှောင်ဖေးရင်ထဲမှ စိုးရိမ်စိတ်များက အနည်းငယ် လျော့ကျသွားပြီး ရှောင်လုံကို ခေါင်းညိတ်ပြလိုက်သည်။
ဤသည်မှာ သူတို့လက်ရှိတွင် အကောင်းဆုံး လုပ်နိုင်သည့် အရာပင် ဖြစ်သည်။ ရှောင်လုံပြောသကဲ့သို့ ယန်ယီ၏ ခွန်အားနှင့်သာ ဆိုလျှင် မည်သည့် စိုးရိမ်စရာမှ ဖြစ်မလာနိုင်ပေ။
နောက်တစ်နေ့တွင် လျှိုယွင်နှင့် ချီဝမ်တို့က ရှောင်လုံနှင့် တွေ့ရန် ရွှေရောင်နဂါးတောင်ထွတ် ပေါ်သို့ ရောက်လာကြသည်။ ဝိုင်အိုး တစ်လုံးယူလာသော လျှိုယွင်က ရှောင်လုံ ကို မြင်သည်နှင့် တောက်ပစွာ ပြုံးလိုက်လေသည် ။
" ငါတို့ အပြင်ကနေ ပြန်လာတော့ မင်းက ခယ်မလေးကို ပြန်ခေါ်လာပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်လေ...အဲ့ဒါကြောင့်မိုလို့ ငါတို့ ဒီကို အလည်လာကြတာ...ဒါက ငါ နှစ်ထောင်ချီအောင် သိမ်းထားတဲ့ ထူးကဲတဲ့ ဝိုင်ပဲ... အခု ငါတို့ အဝသောက်ကြတာပေါ့"
၃ ချီဝမ်ကလည်း ပြုံးလိုက်သည်။
"နင့်ရဲ့ ဆရာတူအစ်ကိုကြီး က နင် အကြီးအကဲအဖြစ် ရာထူးတိုးသွားတဲ့အကြောင်း သိပြီးကတည်းက ဒီဝိုင်အိုးနဲ့ နင့်ဆီလာပြီး ဂုဏ်ပြုပေးချင်နေတာ...ဒါပေမယ့် နင်ကရာထူးတိုးပြီးတာနဲ့ လမင်းသစ်နယ်မြေကို ချက်ချင်း အပြေးသွားလိမ့်မယ်လို့ ဘယ်သူ ကြိုသိမှာလဲ...နင့်ရဲ့ ဆရာတူအစ်ကိုကြီးက ဝိုင်အိုးနဲ့ ပြန်လာရုံပဲ တတ်နိုင်တော့တယ်..."
ရှောင်လုံက ရှက်ပြုံးပြုံးလိုက်မိသည်။
သူ့ဘေးနားမှာရှိနေသည့် ရှောင်ဖေးကလည်း လျှိုယွင် ပြောလိုက်သည့် ခယ်မလေး ဆိုသည့် စကားကြောင့် ရှက်သွေးဖြန်းသွားလေသည်။
ရှောင်လုံက လျှိုယွင်နှင့်ချီဝမ်တို့ကို အထဲသို့ ဖိတ်ခေါ်လိုက်ပြီး လေးယောက်သားအတူတူ ဝိုင်းထိုင်လိုက်ကြသည်။
ရှောင်လုံက လျှိုယွင်နှင့် အရက်သောက်နေပြီး ချီဝမ်နှင့် ရှောင်ဖေးက စကားပြောနေကြလေသည်။
ရှောင်ဖေးသည် လမင်းဆင့်ခေါ်ခြင်းကာရန် တတိယကျင့်စဉ်အလယ်အဆင့်သို့ ရောက်သွားရုံသာမက နတ်ဘုရားအဆင့် ၁ အလယ်အဆင့်သို့ပင် ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရချိန်၌ လျှိုယွင်နှင့်ချီဝမ်တို့လည်း ရှောင်ဖေးအတွက် ဝမ်းသာပျော်ရွှင်သွားကြသည်။
ခဏအကြာတွင် လျှိုယွင်က ပြောလိုက်သည်။
" ငါ ကြားတာတော့ မင်း လသစ်နယ်မြေကို သွားတဲ့ခရီးမှာ ကျန်းမိသားစု ခေါင်းဆောင်ရဲ့သား ကျန်းဟန် ကို သတ်ခဲ့တယ်ဆို ..."
ရှောင်လုံက ၎င်းကိစ္စအား ဖုံးကွယ်ထားရန်စိတ်ကူးမရှိပေ ။ ထိုကြောင့် ဖြစ်ခဲ့သမျှအားလုံးကို လျှိုယွင်နှင့်ချီဝမ်တို့အား ပြောပြလိုက်သည်။
လျှိုယွင်က ခေါင်းညိတ်လိုက်လေသည်။
" အဲ့ဒီ ကျန်းဟန် ဆိုတဲ့ကောင်က ဒါနဲ့ပဲ တန်တယ်...ဒါပေမယ့် မင်းအနေနဲ့ ကျန်းမိသားစုကို ရင်ဆိုင်တဲ့အခါ သတိရှိဖို့တော့ လိုမယ်ကွ ...လတ်တလော သူတို့က ကျောင်း၊ ဝမ် ၊ ဂုဒူမိသားစုတွေနဲ့ တော်တော် ရင်းနှီးနေကြတယ်"
" ကျွန်တော် နားလည်ပါပြီ အကိုကြီး .. ဂရုစိုက်လိုက်ပါ့မယ်"
ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပြီး...
" ဒါနဲ့ ဆရာ ဘယ်ရောက်နေလဲ .... သူ ဒီရက်ထဲ ဘယ်လိုနေလဲ "
ချီဝမ်က ပြန်ဖြေလိုက်သည်။
"ဆရာက နောက်လာမယ့် အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ သုံးလကတည်းက တံခါးပိတ်ပြီး သိုင်းလေ့ကျင့်နေတာ "
"အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲ ဟုတ်လား အမ "
ရှောင်လုံက ခဏမျှ ကြောင်အမ်းသွားပြီး လျှိုယွင် ဘက်သို့ နားမလည်သည့်ဟန်ဖြင့် လှည့်ကြည့် လိုက်သည်။
လျှိုယွင်က ရှင်းပြလာသည်။
"ဒါက လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ဘူး...ဒါပေမယ့် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တွေပဲ ပါဝင်ခွင့်ရတဲ့ အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲလေ...အဲ့ဒါကြောင့် ငါတို့နဲ့တော့ မသက်ဆိုင်ဘူးကွ "
"မဟာနတ်ဘုရားတွေကြားက တိုက်ပွဲလား "
ရှောင်လုံက ပြန်မေးလိုက်မိသည်။
ချီဝမ်က သူမခေါင်းကို ညိတ်ပြကာ...
"မဟာနတ်ဘုရားတွေပဲ အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အဆင့်မီတယ်...ပြီးတော့ အဲ့ဒီပြိုင်ပွဲက နှစ်တစ်သောင်း မှ တစ်ကြိမ် ကျင်းပတာလေ...နောက်လာမယ့် အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲကလည်း မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ ပြီးတာနဲ့ စလိမ့်မယ် ...ပြီးခဲ့တဲ့ အဆင့်မြင့်နတ်ဘုရားသိုင်းပြိုင်ပွဲ တုန်းက မိုးပြာရောင်နဂါးတက္ကသိုလ် ကျောင်းအုပ်က ပထမနေရာ ရသွားပြီး ငါတို့ ဆရာက ဒုတိယချိတ်ခဲ့တယ် ... ဒါပေမယ့် အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်တွေအတိုင်း အမှန် ယူဆလို့တော့ မရဘူး...ဥပမာ ဆရာကြီး လမင်းဆင်းသက်ခြင်း ကိုကြည့် ... သူသာ ဝင်ပြိုင်မယ်ဆိုရင် ပထမနေရာက သေချာပေါက်သူ့ အတွက်ပဲ "
ရှောင်လုံ ခေါင်းညိတ်ပြလိုက်သည်။ အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲသည် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်များကိုသာ ယှဉ်ပြိုင်ခွင့်ပြုသည်မို့ သူက မေးခွန်းများ ထပ်မေးမနေတော့ပေ။
ထို့နောက် ရှောင်လုံက လျှိုယွင်တို့ကို ယန်ယီအကြောင်း ပြောပြလိုက်သည် ။ ယန်ယီ လသစ်နယ်မြေသို့ ပြန်ရောက်လာသည် မလာသည်ကို စုံစမ်းပေးရန်အတွက်လည်း လျှိုယွင်ကို အကူအညီ တောင်းလိုက်သည်။
သူ့အတွက်သေးငယ်သည့်ကိစ္စ ဖြစ်နေသည်မို့ လျှိုယွင်က တုံ့ဆိုင်းမနေဘဲ ကူညီရန် သဘောတူလိုက်သည်။
အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ မဟာအကြီးအကဲ တစ်ယောက်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီမို့ လျှိုယွင်မှာလည်း အထိုက်အလျောက်တော့ အာဏာ ရှိနေသည် ။
ထိုကြောင့် ယန်ယီ၏သတင်းကို စုံစမ်းရန်မှာ သူ့အတွက် ခက်ခဲခြင်း မရှိနေပေ။
နာရီ အနည်းငယ်အကြာ လျှိုယွင်နှင့်ချီဝမ်တို့ ပြန်သွားကြပြီးနောက် ရှောင်ဖေးက ရှောင်လုံ ခြံဝန်းရှိသို့ အတူတူ လိုက်ပါသွားသည်။
"တကယ်တော့...အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲက မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တွေပဲ ပါဝင်ခွင့်ရတာ မဟုတ်ဘူး"
နဂါးအင်ပါယာ အောင်းတိုင်ရီက ပြောလိုက်သည်။
ထိုစကားကြောင့် ရှောင်လုံလည်း အံအားသင့်သွားသည်။
" မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တွေ အတွက်ပဲ ကျင်းပတာ မဟုတ်ဘူးလား "
နဂါးအင်ပါယာအောင်းတိုင်ရီက ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်ကွ ... မင်းဝင်ပြိုင်ချင်ရင် မင်းမှာ မဟာနတ်ဘုရားအဆင့်နဲ့ ယှဉ်လို့ရတဲ့ စွမ်းအားမျိုး ရှိနေဖို့ပဲ လိုတယ်...မင်းရဲ့ ခွန်အားနဲ့ဆိုရင် နတ်ဘုရားအဆင့် ၁၀ နောက်ဆုံးရဲ့အထွတ်အထိပ် အဆင့်ကို ရောက်တာနဲ့ ဘယ်မဟာနတ်ဘုရား အဆင့် ၁ စဦးအဆင့် သိုင်းပညာရှင်ကိုမဆို ယှဉ်လို့ရပြီ ...ဒါပေမယ့် ငါ မင်းကို တစ်ခုတော့ သတိပေးလိုက်မယ်...အဆင့်မြင့်နတ်ဘုရား
သိုင်းပြိုင်ပွဲက တကယ့်ကို အန္တရာယ် များတယ် .... မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တစ်ယောက်တောင်မှ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ် ... အဲ့ဒါကြောင့် မဟာနတ်ဘုရားအဆင့်ကို ရောက်မှ မင်း ဝင်ပြိုင်သင့်တယ် "
"မဟာနတ်ဘုရားအဆင့် တစ်ယောက်တောင်မှ အသက်ဆုံးရှုံးသွားနိုင်တယ်ဆိုရင်...ဘာလို့ မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တွေ အများကြီးက ဝင်ပြိုင်နေကြတာလဲ ..... အဆင့်တစ်ခုအတွက်နဲ့ အသက်ပေးရလောက်တဲ့အထိ ထိုက်တန်လို့လား "
ရှောင်လုံ ဝေခွဲမရ ဖြစ်ပြီး မေးလိုကခသည်။
နဂါးအင်ပါယာအောင်းတိုင်ရီက ခေါင်းခါပြရင်း ပြန်ဖြေလိုက်သည်။
"မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တစ်ယောက်အတွက် အဆင့်သတ်မှတ်ချက်ဆိုတာ ဘာမှအရေးမကြီးဘူးကွ ... သူတို့ ဝင်ပြိုင်ချင်အောင် ဆွဲဆောင်နေတဲ့အရာက အဆင့်သတ်မှတ်ချက်ကြောင့် မဟုတ်ဘူး...ဘာကြောင့်သူတို့ဝင်ပြိုင်ကြသလဲ ဆိုတာကိုတော့ မင်း နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းရဲ့ အထွတ်အထိပ်အဆင့် ရောက်တဲ့အခါကျရင် ဆက်ပြောကြတာပေါ့ ... အဲ့ဒီချိန်ကျရင် မင်း အလိုလို သိလာပါလိမ့်မယ်"
ရှောင်လုံလည်း ဆွံ့အသွားရသည်။
ဤနဂါးအဘိုးကြီး ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ မထူးခြားတော့ပေ ။
သို့သော် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်များ အား သူတို့၏ အသက်အန္တရာယ်ကိုပင် ဂရုမစိုက်နိုင်အောင် မည်သည့်အရာက ဆွဲဆောင်နေသနည်း ဆိုသည့်အဖြေကို ရှောင်လုံ အလွန်ပင် သိချင်သွားသည်။
" ရှောင်လုံ ... မင်းရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်ကို ပိုပြီးတိုးတက်အောင် လေ့ကျင့်တာက ပိုကောင်းလိမ့်မယ် "
နဂါးအင်ပါယာအောင်းတိုင်ရီက အကြံပြုလိုက်သည်။
" နောက်ငါးနှစ်ကျ မဟာဆေးပညာရှင်ပြိုင်ပွဲမှာ ပထမအဆင့် ရယူဖို့ဆိုတာက မင်း ထင်သလောက် လွယ်ကူမနေဘူးနော် ...အဆင့်ခြောက် နတ်ဘုရား ဦးခေါင်းကိုသာ တကယ် ဆုအဖြစ် ပေးမယ်ဆိုရင် ... သိုင်းလောကမှာ နှစ်ထောင်ချီကြာအောင် ပျောက်ကွယ်နေကြတဲ့ မွန်းစတားအိုကြီးတွေပါ ဝင်ပြိုင်ကြလိမ့် မယ် ... အဲ့ဒီ ဆေးပညာရှင် အဘိုးကြီးတွေရဲ့ ဆေးဖော်စပ်နိုင်စွမ်းကလည်း မင်းဆရာ လမင်းဆင်းသက်ခြင်းထက် နိမ့်ကျနေမှာ မဟုတ်ဘူး "
ရှောင်လုံ သက်ပြင်းတစ်ချက်ရှိုက်သွင်းလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ"
ဤတစ်ခေါက် မဟာဆေးပညာရှင်ပြိုင်ပွဲ၏ ပထမနေရာကို သူ သေချာပေါက် ရရှိရမည်ဟု ရှောင်လုံက ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုအဆင့်ခြောက်နတ်ဘုရားဦးခေါင်းကို သူ ရရှိခဲ့လျှင် နှစ်သုံးဆယ်အတွင်း နတ်ဘုရားအဆင့် ၈ သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးက ပိုများလာနိုင် သည်။ ဤအခွင့်အရေးကိုသာ သူ လွဲချော်ခဲ့လျှင် နောက် နှစ်တစ်ရာ ကြာသည်တိုင် နတ်ဘုရားအဆင့် ၈ သို့ ရောက်ရှိရန် မသေချာပေ ။
ထို့ပြင် အဆင့်မြင့်နတ်ဘုရားသိုင်းပြိုင်ပွဲ ကျင်းပရန်မှာ နောက်ထပ်နှစ်ပေါင်း နှစ်ရာလောက်သာ လိုတော့သည် ။ သူ့အတွက် အချိန်က အလွန် ကျပ်တည်းနေပေသည် ။
ထို့ကြောင့် သူက နတ်ဘုရားအဆင့် ၁၀ အထွတ်အထိပ်သို့ ရောက်ရှိရန် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြုရပေမည်။
မကြာမီ နောက်ထပ် အချိန်နှစ်လ ထပ်မံကုန်ဆုံးသွားသည်။
ဤနှစ်လတာတွင် ရှောင်လုံက နေ့ဘက်တွင် သူ့၏ ဆေးဖော်စပ်သည့် စွမ်းရည် တိုးတက်လာရန် လေ့ကျင့်နေဆဲ ဖြစ်သည် ။ ယခုအချိန်တွင် ရှောင်လုံက သူ့၏ ဆေးဖော်စပ်ခြင်းကိုသာ အပြည့်အဝ အာရုံစိုက်ထားပြီး သိုင်းကျမ်းများ လေ့ကျင့်ခြင်း ခဏရပ်ဆိုင်းထားသည် ။
ညဘက်တွင် သူက သုံးကြိမ်ဆင့်ကဲပြောင်းလဲခြင်း ရွှေရောင်ဆေးလုံးများကို ဆက်လက်သောက်သုံး၍ အတွင်းအား တိုးတက်လာစေရန် ကျင့်ကြံလေသည် ။
ရှောင်လုံ ဆေးလုံးများ သန့်စင်နေချိန်တွင် ရှောင်ဖေး နှင့် ဟောင်မိသားစုဝင်များက သူ့ဘေးနားတွင် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ရှောင်လုံကလည်း လက်တွေ့ဖော်စပ်ပြရင်း သူတို့ကို ရှင်းပြပေးလိုက် သည်။
ထို့ကြောင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်းမှာ ရှောင်ဖေးနှင့် ဟောင်မိသားစုတို့၏ ဆေးဖော်စပ်သည့်စွမ်းရည်က အကြီးအကျယ် တိုးတက်လာသည် ။
လျှိုယွင်ကို ရှောင်လုံ စုံစမ်းခိုင်းထားသည့် ကိစ္စသည်လည်း သတင်းရလာသည်။ ရှောင်လုံ မှန်းဆထားသည့်အတိုင်း ယန်ယီက လမင်းသစ်နယ်မြေသို့ ပြန်ရောက်မလာသေးပေ။ လျှိုယွင် ရှာတွေ့ထားသည်မှာ ယန်ယီသည် ဟင်္သာငှက်တက္ကသိုလ်၏ ဟူဖေးဖန်နှင့် ဟင်္သာငှက် ကြယ်စင်စုဆီသို့ အတူတူ ထွက်သွားပြီးနောက်ပိုင်း ယခုအချိန်အထိ ပြန်ရောက်မလာသေးသည်ကိုပင်။
ဟင်္သာငှက် ကြယ်စင်စုသို့ ယန်ယီ ရောက်ရှိသွားပြီးနောက်ပိုင်း အဖြစ်အပျက် များကိုတော့ လျှိုယွင်လည်း ရှာဖွေနိုင်စွမ်း မရှိတော့ပေ။
လျှိုယွင်ဆီက သတင်းကိုကြားပြီးနောက် ရှောင်လုံက အတွေးနက်သွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည် ။ ဖြစ်နိုင်ခြေများသည် မှာ ဟင်္သာငှက်ကြယ်စင်စုသို့ ယန်ယီ ရောက်ရှိသွားပြီးနောက် အခက်အခဲ တစုံတရာနှင့် ကြုံတွေ့နေခြင်းပင် ။
သို့သော် ရှောင်လုံက မဟာဆေးပညာရှင်ပြိုင်ပွဲ အတွက် ပြင်ဆင်ထားရန် လိုအပ်နေသည်။ ထိုကြောင့် ဟင်္သာငှက်ကြယ်စင်စုသို့ သူကိုယ်တိုင် သွားရောက် စုံစမ်းနိုင်စွမ်းခြင်း မရှိပေ။
ထိုအပြင် သူ့၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်များကြားမှ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိကြောင်းကိုလည်း မေ့ထား၍ မရပေ။
အဆုံး၌ ယန်ယီ၏ အကြောင်း သတင်းများကို မျက်စိဒေါက်ထောက် စောင့်ကြည့်ထားပေးရန် လျှိုယွင်ကိုသာ တောင်းဆိုလိုက်ရသည်။
ရှောင်ဖေးလည်း ထိုသတင်းကို ကြားပြီးနောက် အလွန်ပင် စိုးရိမ် ပူပန်သွားသည်။ သို့သော် သူစွမ်းဆောင်နိုင်သည့်အရာက ရှိမနေပေ။ ထိုကြောင့် ရှောင်လုံတို့နှင့်အတူ ရွှေရောင်နဂါးတောင်ထွတ်တွင် နေထိုင်ပြီး သူ့ဆရာ သတင်းကိုစောင့်နေရန် တတ်နိုင်တော့သည်။
ဤသို့ဖြင့် ရှောင်လုံသည်လည်း ရွှေရောင်နဂါးတောင်ထွတ်၌သာ နေထိုင်ပြီး သူ့၏ ဆေးဖော်စပ်ခြင်းစွမ်းရည် ကိုသာ နေ့စဉ်နေ့တိုင်း တစ်နေ့ပြီးတစ်နေ့ လေ့ကျင့်လျက်ရှိသည် ။
နေ့ကို့လစား လကို နှစ်စားဖြင့် မျက်စိတမှိတ်အချိန်အတွင်းမှာ အချိန်လေးနှစ်နှင့် သုံးလခန့် ကုန်ဆုံးသွားခဲ့သည်။
မဟာဆေးပညာရှင်ပြိုင်ပွဲ ကျင်းပရန်မှာလည်း အချိန် သုံးလသာ လိုပေတော့သည် ။
......
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၈၅ ..... လမင်းဆင်းသက်ခြင်းအဘိုးအို ပြန်ရောက်လာပြီ
ရှောင်လုံက ကိုးနန်းတော်ကိုးခုကိုးခုခန်းမဆောင်ထဲတွင် ဆေးဖော်စပ်ခြင်းစွမ်းရည်ကို လေ့ကျင့်နေလေသည် ။ သူ့လက်များကို ဝှေ့ယမ်းလိုက်သည့်အခါ များပြားလှသော ဆေးပင်များသည် အသိစိတ်ရှိနေသည့်နှယ် လေထဲ၌ လှည့်လည် ပျံသန်းနေကြသည်။ ၎င်းတို့ အတူတကွ စုစည်းသွားကြပြီးနောက် မြောက်များစွာသော ရှေးဟောင်း နတ်ဘုရားသားရဲများ အဖြစ်သို့ ပြောင်းလဲသွားကြသည် ။
ဤ နတ်ဘုရားသားရဲများ၏ အရေအတွက်မှာ အကောင်တစ်ရာ အတိအကျပင် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်သည့်နှင့် မည်သည့် ဆေးပညာရှင် မဆို လုံးဝကို တုန်လှုပ်ဆွံ့အ သွားပေလိမ့်မည်။
လမင်းဆင်းသက်ခြင်းအဘိုးအို နှင့် ပထမဆုံး တွေ့ခဲ့စဉ်က ရှောင်လုံ အသုံးပြုခဲ့သည့် ရှေးဟောင်း နဂါးမျိုးနွယ်စု၏ လက်ပြောင်းသဏ္ဍာန်နှင့် ယှဉ်ကြည့်လျှင် နဂါး၏ လက်သဏ္ဍာန် ပြောင်းလဲခြင်းနှင့် နဂါးကိုးကောင် ကောင်းကင်သို့ မြင့်တက်ခြင်း နည်းစနစ်တို့သည် ကျွမ်းကျင်စွာ တတ်မြောက်ရန် အလွန်တရာ ခက်ခဲလှသည်။
ဆေးပါဝင်ပစ္စည်းများကို ရှေးဟောင်း နတ်ဘုရားသားရဲများ အသွင်သို့ ပြောင်းလဲရန် ကြိုးကိုင်ခြယ်လှယ်ရာတွင် ညင်သာရန် လိုအပ်သလို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်လည်း လိုအပ်ပေသည် ။ ထို့အပြင် ဤအဆင့်သို့ရောက်ရန် ဆေးအမယ်များအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် နားလည်ထားရပေမည်။
ဆေးအမယ်များကြားရှိ သဟဇာတ ညီညွတ်နေမှုပျက်စီးသွားလျှင် ၎င်းတို့ကို စုစည်း၍ ရှေးဟောင်းနတ်ဘုရားသားရဲများ အသွင် သဏ္ဍာန်ဖော်နိုင်ရန်ဝေးစွ ရိုးရှင်းသည့် ပုံရိပ်တစ်ခု ပုံဖော်ရန်ပင် မလွယ်ကူပေ။
ဆေးအမယ်များက ရှေးဟောင်းနတ်ဘုရား သားရဲအကောင်တစ်ရာအဖြစ် အသွင်ပြောင်းသွားပြီးနောက် လေထဲသို့ ပျံသန်းသွားပြီး ကြီးမားသည့် ပုံရိပ်အစီအရင်ကြီးတစ်ခု ဖြစ်တည်လာသည် ။
ရှေးဟောင်း စာလုံး တစ်လုံး နှင့် တူနေသော ဤပုံရိပ်ကြီးသည် လွန်ခဲ့သည့် ခေတ်ကာလဆီက ဆန်းကြယ်လှသော သက်ရှိ တစ်ကောင်နှင့်လည်း တူနေသည်။
ပုံရိပ် အစီအရင်က ပြည့်စုံသွားသည်နှင့် ၎င်း၏ မျက်နှာပြင်ထက်မှ အလင်းတန်းများ ပျံ့လွင့်လာသည် ။ ပထမတွင် အလင်းတန်းများက မှိန်ဖျော့နေသေးသော်လည်း အလွန်တရာ လျှင်မြန်စွာဖြင့် တောက်ပလင်းလက်လာကြသည်။
ဤတစ်ချိန်လုံး၌ ရှောင်လုံ၏ လက်လှုပ်ရှားမှုက ရပ်တန့်မသွားဘဲ ရှေးဟောင်းနတ်ဘုရားသားရဲ တစ်ရာမှ ဖြစ်ပေါ်လာသည့် ပုံရိပ်အစီအရင်ကို ထိန်းချုပ်ထားသည် ။ ထို့နောက် ရှောင်လုံက သူ့ ပါးစပ်ကို အကျယ်ကြီးဟလိုက်သည်။ ရှောင်လုံ ပါးစပ်ထဲမှ ဘောလုံးတစ်လုံးနှင့်တူသော စစ်မှန်သော အင်မော်တယ်အဆီအနှစ်မီးတောက်လုံးကြီး ပျံသန်းထွက်ပေါ်လာသည် ။ ၎င်းက ရှေးဟောင်းနတ်ဘုရားသားရဲများ ပုံရိပ်အစီအရင် ၏ အလယ်တည့်တည့်သို့ တိုက်ရိုက် ထိမှန်သွား သည်။
ပုံရိပ်အစီအရင်၏ အလယ်ဗဟို၌ရှိသော ရှေး နတ်ဘုရားသားရဲ ဆယ်ကောင်မှစတင်၍ အလင်းရောင် တောက်ပလာသည်။ ထိုနောက် ဖြည်းဖြည်းချင်း အပြင်ဘက်ရှိ ရှေး နတ်ဘုရားသားရဲများဆီသို့ ပျံ့နှံ့သွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရှေး နတ်ဘုရားသားရဲ တစ်ရာ သည် မီးတောက်များဖြင့် တောက်ပနေကြလေပြီ ။
အစစ်အမှန် အင်မော်တယ်အရင်းအမြစ်မီးတောက် နှင့် သန့်စင်ခံလိုက်ရပြီးနောက် ဆေးအမယ်အားလုံးသည် သန့်စင်သည့် အဆီအနှစ်ရည်များအဖြစ် ပြောင်းလဲသွားကြသည်။ အံ့အားသင့်ဖွယ်ကောင်းသည့်အချက်မှာ သန့်စင်ပြီးသည့် ဆေး အဆီအနှစ်ရည်များသည် လေထဲမှ ကျဆင်းမလာသလို ပြန့်ကျဲသွားခြင်း လည်း မရှိပေ။ ထိုအစား သူတို့က လေထဲ၌သာ ရစ်ဝဲ၍ လည်ပတ်နေကြသည်။
မကြာမီမှာပင် ရှေး နတ်ဘုရားသားရဲတစ်ရာ လုံးသည် သန့်စင်သော ဆေး အဆီအနှစ်ရည်များ အဖြစ် ပြောင်းလဲသွားသည်။
အတက်မပြတ် ပြောင်းလဲနေသော ရှောင်လုံ၏ လက်သဏ္ဍာန်ပြောင်းလဲမှုများနောက်တွင် လေထဲ၌ ရစ်ဝဲနေသော ဆေး အဆီအနှစ်ရည်များက တစုတစည်းတည်း ပေါင်းစည်းသွားကြသည် ။ ဤဖြစ်စဉ်မှာ အလွန်တရာပင် လှပလွန်းနေသည်။
ကောင်းကင်ထက်တွင် ပျံသန်းနေသည့် နတ်ဘုရားသားရဲများ ၊ ရေထဲ၌ မြူးထူးပျော်ပါးနေကြသည့် နတ်နဂါးအကောင်တစ်ရာ ၊ တောင်ပံ တဖျပ်ဖျပ် ခတ်နေသည့် ဇာမဏီငှက်များ စသဖြင့် အလွန်တစ်ရာ လှပသော ပန်းချီကားတစ်ချပ်နှင့်တူနေသည်။
မတူညီသည့် သန့်စင် ဆေးအဆီအနှစ်ရည်များ ပေါင်းစပ်နေသည်မို့ သူတို့၏ ပေါင်းစည်းမှုဆီမှ အလင်းဖျော့ဖျော့ တစ်ချက် ထွက်ပေါ်နေလေသည် ။ ပေါင်းစည်းမှု အဆုံး၌ ထိုအလင်းဖျော့ဖျော့က တောက်ပစွာဖြင့် လင်းထိန်သွားသည်။
တောက်ပသော အလင်းတန်းဆီမှ နဂါးဟိန်းသံများ ၊ ဇာမဏီငှက် မြည်ကြွေးသံများ၊ ကျားနှင့် ဝက်ဝံတို့၏ ဟောက်သံများ၊ သိန်းငှက်များ၏ အော်သံများနှင့် လူဝံတို့၏ ဟစ်ကြွေးသံများ စသဖြင့် ရှေးနတ်ဘုရားသားရဲ မျိုးစုံတို့၏ ဟိန်းဟောက်သံများကို ကြားနေရသည်။
ဤသို့သော ဆူညံသံများသည် ပရမ်းပတာထွက်ပေါ် နေခြင်းမဟုတ်ဘဲ စည်းချက်ညီနေသည် ။ သဘာဝ၏ သာယာနာပျော်ဖွယ် ဂီတသံနှင့် တူပြီး နားထောင်လိက်ြသူအား ကြယ်လင်အေးချမ်းသည့် ခံစားချက်များ ပေးစွမ်းနေသည်။
သာယာလှသည့် သီချင်းသံ ရပ်တန့်သွားသည်နှင့် တောက်ပသည့်အလင်းလည်း ပျောက်ကွယ်သွား သည် ။ထိုနောက် ချက်ချင်းဆိုသလိုပင် လုံးဝန်းသော စိတ်ဝိညာဉ် ဆေးလုံးများက အောက်ဘက်သို့ ကျဆင်းလာသည်။
နေရောင်ခြည်၏ အလင်းရောင်အောက်တွင် အနှီ စိတ်ဝိညာဉ် ဆေးလုံးများက ကျောက်စိမ်းရောင် အလင်းများဖြာထွက်နေသည် ။ ထိုအပြင် ရွှေကဲ့သို့ တောက်ပနေသလို ရောင်စုံ ပုလဲလုံးများကဲ့သို့လည်း ချောမွေ့တောက်ပြောင်နေ၏ ။
ကြည်နူးဖွယ်ရာ ရနံ့က ခန်းမထဲ၌ ပျံ့နှံ့သွားသည်။ ဆေးလုံး၏ မွှေးရနံ့က အနက်ရှိုင်းဆုံး လေဟာနယ် ဟင်းလင်းပြင်ထဲထိ ထိုးဖောက်နိုင်ဟန် ရပြီး လူတစ်ယောက်၏ စိတ်ဝိညာဉ်သို့တိုင် ရနံ့သင်းနေသည်။
ဆေးလုံးများက အလုံးတစ်ရာ အတိအကျ ဖြစ်ပြီး တစ်လုံးမှ မပိုသလို တစ်လုံးမှလည်း မလျော့ပေ ။
စိတ်ဝိညာဉ်ဆေးလုံးများကို ကြည့်ရင်း ရှောင်လုံ၏ မျက်လုံးထဲ၌ အလင်းတစ်ချက် လက်သွားသည်။
နောက်ဆုံးတော့ သူသည် ဒဏ္ဍာရီလာ ရှေး နတ်ဘုရားသားရဲတစ်ရာဆေးလုံးကို ဆေးမီးဖို မသုံးဘဲ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေပြီ ။ ထို့ပြင် ဆေးလုံးတစ်လုံးစီတိုင်းက ထိပ်တန်းအဆင့်ဆေးလုံးများ ဖြစ်ကြသည်။
ဤ နတ်ဘုရားသားရဲတစ်ရာဆေးလုံးသည် အင်မော်တယ်အဆင့် နတ်ဆေးလုံးများအနက် ဖော်စပ်ရန် အခက်ခဲဆုံး ဖြစ်သည်။ ထို့ပြင် ဤဆေးလုံးများက ရှောင်လုံ သောက်သုံးနေကျ သုံးကြိမ်ဆင့်ကဲပြောင်းလဲခြင်း ရွှေရောင်ဆေးလုံး ထက်လည်း များစွာ အဆင့်ပိုမြင့် သည်။
ရှောင်လုံက နတ်ဘုရားသားရဲတစ်ရာ ဆေးလုံးများကို ပုလင်းတစ်လုံးထဲသို့ ထည့်လိုက်ချိန်၌ အာကာပြင်ဆီမှ ကြီးမားလှသော လက်ကြီး ခွဲထွက်လာပြီး နတ်ဘုရားသားရဲတစ်ရာဆေးလုံးများကို တစ်ချက်ထဲဖြင့် အလစ်သုတ်သွားသည်။
ရှောင်လုံလည်း တုန်လှုပ်သွားလေသည်။ ထိုအချိန်တွင် ခန်းမဆောင်ထဲမှာ ဟက်ဟက်ပက်ပက် ရယ်မောသံအကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
" ကောင်းလိုက်တဲ့ ကံကြမ္မာဖန်တီးခြင်း လက်နည်းစနစ်ပါလား .... အဲ့ဒါက အရမ်းကောင်းတဲ့ နတ်သားရဲဆေးဖော်စပ်နည်း ပုံစံတစ်မျိုးပေါ့ ..."
၎င်းရယ်သံကို ကြားလိုက်သည့်အခါမှ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည် ရှောင်လုံလည်း စိတ်သက်သာရာရသွားလေသည် ။ ထိုနောက်
သူ့ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး...
" အဘိုးကြီး...ခင်ဗျား နောက်ဆုံးတော့ ပြန်လာဖို့ စိတ်ကူး ရှိသွားပြီပေါ့ "
အာကာပြင်ထဲတွင် အလင်းတစ်ချက် တောက်ပသွားပြီး ပိန်ခြောက်ခြောက်ကိုယ်နှင့် အဘိုးအိုတစ်ယောက် ရှောင်လုံ အရှေ့တွင် ပေါ်လာသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ လမင်းဆင်းသက်ခြင်းအဘိုးအို ပင် ဖြစ်သည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုသည် သူ ထွက်သွားစဉ်က အတိုင်းပင် စုတ်ပြတ်ပြတ် ဝတ်စုံနှင့်သာ ရှိနေဆဲ ဖြစ်သည် ။
လမင်းဆင်းသက်ခြင်းအဘိုးအိုက ဆူငေါက်ဟန်ဆောင်လိုက်သည်။
" ပါးစပ်ပုတ်နဲ့ ကောင်စုတ်လေး...ဘာ အဘိုးကြီးလဲ ... ငါ့ကို ဆရာကြီးလို့ခေါ် ...နားလည်လား ..... ထားလိုက်တော့... နတ်ဘုရားသားရဲတစ်ရာ
ဆေးလုံးတွေ ရဲ့ မျက်နှာကြောင့် ဒီအဘိုးကြီးက မင်းနဲ့ စကားမများတော့ဘူး"
သူ့စကားဆုံးသည်နှင့် လမင်းဆင်းသက်ခြင်း အဘိုးအိုက ရှောင်လုံ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ နတ်ဘုရားသားရဲတစ်ရာဆေးလုံးများကို သူ့သိုလှောင်လက်စွပ် ထဲသို့ အကုန် သိမ်းပစ်လိုက် သည်။
ရှောင်လုံက တစ်ခုခုပြောချင်ဟန်ဖြင့် ပါးစပ်ဟလိုက်မိသော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ပေ ။ ဤအဘိုးအိုသည် ယခင်ကလို မျက်နှာပြောင်နေဆဲပင် ဖြစ်သည်။ ရှောင်လုံက ဤနတ်ဘုရားသားရဲတစ်ရာဆေးလုံးများကို ဖော်စပ်ရန် အင်အား နှင့် စွမ်းအားများကို အကြီးအကျယ် သုံးစွဲခဲ့ရသည်။
ထို့အပြင် သူသည် ဤဆေးလုံးများကို အဘိုးအိုအား ပေးပါမည်ဟု မည်သည့်အချိန်က သဘောတူလိုက်မိသည်နည်း .......
" ပြောပါဦး...အဘိုးကြီး... ခင်ဗျားက ဆရာတစ်ယောက် ဖြစ်ပြီးတော့ နှစ်ပေါင်း နှစ်ဆယ်ကျော်တောင် ပျောက်သွားတယ်...
ပြန်ရောက်လာလာချင်းမှယလည်း တပည့်ဖြစ်သူရဲ့ နတ်ဆေးလုံးတွေကို အပိုင်စီးသွားတယ်...ခင်ဗျား မရှက်ဘူးလား "
ရှောင်လုံ သူ့၏ နတ်ဘုရားသားရဲတစ်ရာဆေးလုံး များကို ဤကဲ့သို့ ဆုံးရှုံးသွားရန် ဆန္ဒမရှိပေ။
လမင်းဆင်းသက်ခြင်းအဘိုးအိုက စပ်ဖြီးဖြီး ပြုံးပြလိုက်သည်။
" ဟေ့ကောင်လေး ... တပည့်တစ်ယောက် အနေနဲ့ မင်းမှာ ပစ္စည်းကောင်း ရှိရင် ဆရာကို ပေးအပ်ရမယ်လေ ...ဘာလဲ မင်းက ပစ္စည်းကောင်းကို အရှက်မရှိ မောင်ပိုင်စီးထားမလို့လား "
' ထားလိုက်ပါတော့ '
ရှောင်လုံက သူ့ပါးစပ်ကိုသာ ပိတ်လိုက်တော့သည်။ ဤနတ်ဘုရားသားရဲတစ်ရာဆေးလုံးများကို သူ နောက်ထပ်တစ်ဖန် ပြန်မမြင်ရတော့သည်မှာ သေချာသွားလေပြီ ။
သူ့ကို ကြည့်ရင်း လမင်းဆင်းသက်ခြင်းအဘိုးအိုက ပြောလိုက်သည်။
" ဟေ့ကောင်လေး မင်းမျက်နှာက အဲ့လိုကြီး ဆူပုတ်မနေနဲ့ ... ဆရာတစ်ယောက်အနေနဲ့ ငါက မင်းရဲ့ နတ်ဘုရားသားရဲတစ်ရာဆေးလုံးကို အလကား ယူပါ့မလား ... ဒီမှာကြည့် ... ဒီရတနာတွေက ဆရာ မင်းကို ပေးမယ့်အရာတွေပဲ"
လမင်းဆင်းသက်ခြင်းအဘိုးအိုက သူ့ သိုလှောင်လက်စွပ်ထဲမှ ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည် ။ လက်သီးဆုပ် တစ်ဝက်မျှသာ ရှိသော တောက်ပနေသည့် အဖြူရောင်ပုလဲတစ်လုံးက သူ့လက်ထဲတွင် ပေါ်လာသည် ။ သို့သော် ထိုအဖြူရောင်ပုလဲလုံးမှ အားကောင်းသည့် ဗုဒ္ဓစွမ်းအင်များ ထုတ်လွှတ်ပေးနေသည်။
"ဒါ ...ဒါက... "
ရှောင်လုံ မှင်တက်သွားသည်။
" ဒါက ဗုဒ္ဓဆာရီယာပဲ "
လမင်းဆင်းသက်ခြင်းအဘိုးအို၏ အမူအရာနှင့် စကားသံ က လေးနက်တည်ကြည်သွားသည်။
" ဗုဒ္ဓဆာရီယာ "
ရှောင်လုံနှင့် နဂါးအင်ပါယာအောင်းတိုင်ရီတို့က တစ်ပြိုင်တည်း ရေရွတ်မိလိုက်ကြသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို က ဆက်ပြောလိုက်သည်။
" ဒီ ဗုဒ္ဓဆာရီယာက ဆရာ့ဘဝနဲ့ရင်းပြီး တိုက်ခိုက်ပြီးမှ ရလာတဲ့အရာပဲ "
သူ့စကားဆုံးသည်နှင့် လမင်းဆင်းသက်ခြင်း အဘိုးအိုက ဒဏ်ရာရထားဟန်ဖြင့် အနည်းငယ် ချောင်းဆိုးလိုက်သည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုသည် အမှန်တကယ်ပင် ဒဏ်ရာရနေသည်။
ထိုအချက်ကြောင့် ရှောင်လုံနှင့် နဂါးအင်ပါယာအောင်းတိုင်ရီတို့ နှစ်ယောက်လုံး တုန်လှုပ်သွားကြသည် ။
လမင်းဆင်းသက်ခြင်းအဘိုးအိုကဲ့သို့ လူမျိုးကို ဒဏ်ရာရအောင် လုပ်နိုင်သည့်သူ ရှိနေသေးသည်လော .....
" အဘိုး...အဘိုး အဆင်ပြေရဲ့လား "
ရှောင်လုံက စိုးရိမ်ပူပန်စွာ မေးလိုက်လေသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုသည် သူ့လက်ကို ယမ်းပြလိုက်သည်။
" ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး... တစ်ယောက် တစ်ယောက်ချင်းသာဆိုရင် အဲ့ဒီ ကလေကချေကောင် အကုန်လုံးကို ငါပြုတ်သောက်ပြီးနေပြီကွ ...ဒါပေမယ့် အဲ့ဒီ ကောင်စုတ်တွေက ငါနဲ့ ငါးယောက် တစ်ယောက် လာချကြတာ ... သောက်ခြောက်လိုကောင်တွေတော့ ငါနဲ့တွေ့အုံးမယ် ... ငါ ဒဏ်ရာမရတော့တာ နှစ်ပေါင်း ခြောက်သောင်း ကျော် ကြာနေပြီ ... ဒါက အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတာပဲ "
ရှောင်လုံလည်း ဒဏ်ရာ ရသည်ကို ပျော်ရွှင်နေသော အဘိုးအိုကို ကြည့်ပြီး ဆွံ့အသွားသည်။
ဒီ အဘိုးကြီးကလည်း အသားနာရတာကို ကြိုက်တဲ့လူပဲလား .....
သို့သော် လမင်းဆင်းသက်ခြင်းအဘိုးအို၏ ပုံပန်းသွင်ပြင်ကို အကဲခတ်ကြည့်ရုံဖြင့် သူရထားသည့် ဒဏ်ရာက ပြင်းထန်မှု မရှိမှန်း သေချာနေသည် ။ ထိုသို့ မဟုတ်လျှင် သူက စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ဟာသလုပ်ပြနိုင်မှာ မဟုတ်ပေ။
ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအို၏ လက်ထဲမှ ဗုဒ္ဓဆာရီယာကို ဂရုတစိုက် ယူလိုက်သည် ။ ရှောင်လုံ လက်ထဲသို့ ရောက်သည်နှင့် ဗုဒ္ဓဆာရီယာသည် အလင်းဖျော့ဖျော့များဖြင့် တောက်ပလာပြီး ရှောင်လုံတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည် ။
ဗုဒ္ဓဆာရီယာက ရှောင်လုံကို ရင်းနှီးသည့် ခံစားချက်တစ်ခု ပေးစွမ်းနေသည်။
" ကြည့်ရတာ ဗုဒ္ဓဆာရီယာက မင်းကို မငြင်းပယ်ဘူးပဲ "
ဗုဒ္ဓဆာရီယာ၏ တုန့်ပြန်ပုံကို ကြည့်ရင်း လမင်းဆင်းသက်ခြင်းအဘိုးအိုက ပျော်ရွှင်သွားသည် ။
" အဲ့ဒါဆို ငါလည်း စိတ်အေးပါပြီလေ "
(ဗုဒ္ဓဆာရီယာ ..... မီးသဂြိုလ်လိုက်သော ရဟန္တာ ဗုဒ္ဓဘုန်းတော်ကြီးများတွင် တွေ့ရလေ့ရှိသည့် ဓတ်တော်မွေတော်များ...)