အချိန်အတိုင်းအတာတစ်ခုအထိမရောက်မချင်း သူ၏ခံစားချက်များအား တဖက်လူမသိအောင် ဖုံးကွယ်သိုဝှက်ထားမည်ဖြစ်သည်။ သူကိုယ်တိုင်သည်လည်း အခုမှစ၍ခင်မင်သောသူအား ချစ်ရေးမဆိုချင်ပေ။ သူ၏ခံစားချက်များအား တဖက်လူမည်သို့တုံ့ပြန်မည်ကိုမသိသောကြောင့်လည်းဖြစ်လေသည်။
အတွင်းသိ၊ အဆင်းသိ လူတစ်ယောက်မဟုတ်လေသောကြောင့် စိတ်နေသဘောထားများအားခန့်မှန်းရခက်လေသည်။ တစ်ရက်ခွဲအတွင်းအခြေအနေအရတွင်တော့ ယွန်းဂျောင်ဟန်သည် ပေါင်းသင်းရလွယ်ကူသော လူတစ်ယောက်ဖြစ်ပါသော်လည်း သူ့အား ယခုမှခင်မင်သောလူတစ်ယောက်ဆီမှ ချစ်ရေးဆိုခဲ့သော် လက်ခံခြင်းမရှိနိုင်သည်မှာ ရာခိုင်နှုန်းများလေသည်။
ထို့အပြင် ယွန်းဂျောင်ဟန်၏လိင်စိတ်တိမ်းညွှတ်မှုကိုလည်း သူမသိပေ။ အကယ်၍များ ထိုသူသည် တူညီသောလိင်အပေါ်တွင်စိတ်ဝင်စားမှုမရှိပါက သူ၏အချစ်အားတစ်ဖက်သတ်အဖြင့်ပင် အဆုံးသတ်လိုက်မည်ဖြစ်သည်။ ဖွင့်ပြောပြီး မိမိကိုယ်ကိုယ် အရှက်ကွဲစေမည့်အလုပ်မျိုး လုပ်မည်မဟုတ်ပေ။အဆုံးတွင်တော့ သူအတွေးလွန်နေပြီမှန်းကိုလည်း သတိထားလိုက်မိပြန်ပါသည်။ ယခုချိန်တွင် ပုံမှန်သူငယ်ချင်းဆက်ဆံရေးသည်သာအဓိကပေမို့ ပိုမိုခင်မင်လာသောအချိန်တွင်မှ ထိုအကြောင်းများအား အလေးအနက်ထားထပ်မံစဉ်းစားတော့မည်။
ဤသို့ဖြင့် ချွဲဆွန်းချောလ်အိမ်သို့အရင်ပို့ပေးပြီးနောက် နောက်နေ့တွင်မှကျောင်းတွင်ဆုံကြမည်ဖြစ်ကြောင်း နှုတ်ဆက်စကားပြောကာ ထွက်လာခဲ့လိုက်တော့သည်။ ယခုအခါတွင်တော့ ကားထဲတွင် ဂျိုရှုအာနှင့် ယွန်းဂျောင်ဟန်နှစ်ယောက်သာရှိနေတော့သည်။ ကားတွင်းလေထုသည်တိတ်ဆိတ်သွားလေရာ ကြောင်အမ်းအမ်းခံစားချက်အားအနည်းငယ်ခံစားနေမိနေလေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ယွန်းဂျောင်ဟန်သည်ရယ်လျက် စကားစပြောလာလေသည်။
"ငါကကိုက်စားမှာလည်းမဟုတ်ပဲနဲ့ မင်းကြည့်ရတာ ကြောက်နေပုံကြီးနော်"
ဂျိုရှုအာသည်လည်းမိမိအဖြစ်အားတွေးမိကာကိုယ့်ကိုယ်ကို ပြန်ရယ်လိုက်မိလေသည်။ အမှန်တကယ်တွင်တော့ သူသည် ရင်ခုန်နေ၍ သူ့ရင်ခုန်သံအားတဖက်လူကြားသွားမည်ကိုစိုးထိတ်နေခြင်းသာ။ သို့သော်လည်း သူ၏မိမိကိုယ်ကိုယ် ရယ်လိုက်ခြင်းအမှုသည် ယွန်းဂျောင်ဟန်ကိုလည်း သက်တောင့်သက်သာဖြစ်သွားစေပုံရသည်။ ပေါ့ပေါ့ပါးပါးရယ်သံလွင်လွင်လေးပင်ထွက်လာလေသည်။ကားတွင်းရှိလေထုသည် နူးညံ့ပေါ့ပါးနေလေသည်။
"တောင့်တင်းနေဆို အေ့လေ မင်းကိုက်စားမှာကြောက်လို့"
"ဟဟား ဟုတ်ပြီလေ ကြောက်ရမှာပေါ့ ငါကအဲလိုကြောက်စရာကြီးလေ"
'တကယ်တော့မင်းကချစ်စရာကြီး'ဟူသောစကားကိုတော့ ဂျိုရှုအာစိတ်ထဲတွင်သာရေရွတ်လိုက်ပြီး နှုတ်မှတော့-
"မင်းထက်ကြောက်စရာကောင်းတာကိုမရှိတော့ဘူး"
ဂျိုရှုအာကဆိုသော် ယွန်းဂျောင်ဟန်သည်သဘောကျဟန်ရယ် ရယ်မောလာပြန်ပါသည်။ ကားမောင်းနေရ၍သာ အကြည့်သေချာမရောက်နိုင်သော်လည်း စောင်းငဲ့ကြည့်ခြင်းများသည်တော့ ခဏတိုင်းပင်ဖြစ်သည်။ ဖြစ်နိုင်ပါက ကားပင်ဆက်မမောင်းတော့ပဲ ဘေးတွင်ထိုင်နေသောအလှတရားလေးကိုသာ သူကြည့်ရှုချင်လေသည်။
"ငါတို့လည်း ပါးစပ်ဟတာနဲ့ရယ်စရာတွေပဲဖြစ်နေတာနဲ့ အဓိကကိုတောင်မေ့နေတာ ငါ့ကိုမင်းဖုန်းနံပါတ်ပေးဦးလေ မင်းသုံးတဲ့အကောင့်တွေကောအပ်လိုက်မယ်လေတခါတည်း၊ သတိရတုန်းပြောထားတာ အိမ်ရှေ့ရောက်ရင်ငါမေ့သွားမဆိုးလို့"
ယွန်းဂျောင်ဟန်ကဆိုလေသည်။
"အေဟုတ်သားပဲ ငါလည်းမေ့နေတာ နောက်နေ့တွေကောဝင်ခေါ်ရဦးမှာမလား ဖုန်းနံပါတ်မရှိလို့မှမရပဲကိုကွာ မေ့နေတာတကယ်"
"မင်းကအဲတာပဲမေ့တာ ငါဆိုနောက်နေ့တွေမင်းလာခေါ်မှာပါမေ့သွားပြီ"
"အဲလောက်ကြီး ဉာဏ်ကောင်းနေတော့လည်း A+++တွေနှစ်တိုင်းရကုန်ရင်ဒုက္ခ"
"တော်ရုံရွဲ့ တော်ရုံရွဲ့"
နှစ်ယောက်သားသည် ခဏချင်းပင်ပို၍ ရင်းနှီးသွားပြန်ပါသည်။ ပြောပြောဆိုဆိုရယ်ရယ်မောမောဖြင့်ပြောလာရင်းပင် ယွန်းဂျောင်ဟန်၏အိမ်သို့ရောက်လာလေ၏။ ယွန်းဂျောင်ဟန်ကားပေါ်မှဆင်းသော် ဂျိုရှုအာသည်လည်းလိုက်၍ဆင်းလာလေသည်။ ထိုအခါ အူကြောင်ကြောင်မျက်နှာပေးလေးဖြင့် ပြန်ကြည့်လာသော ယွန်းဂျောင်ဟန်သည် အလွန်တရာချစ်ဖို့ကောင်းနေပါသော်လည်း ထိုချစ်စရာလေး၏ မေ့တတ်ပုံကိုလည်း သူဩချနေမိသည်။ သူဖုန်းထုတ်ပေးမှသာ သတိရသွားဟန်ဖြင့် သူ့ကိုယ်သူအော်ရယ်နေပြန်ပါသည်။ တကယ်ကိုကိုက်စားချင်စရာလေးပင်။
"ဆောတီးကွာ ဆောတီး ဆောတီး ငါကမေ့ရင်လည်းတဆုံး မှတ်မိတာဆိုလည်း မေ့ချင်တောင်မရဘူးလေ ဟဲဟဲ ပေး ပေး"
ဖုန်းနံပါတ်နှင့် အကောင့်များ အချင်းချင်းဖလှယ်ပြီးသည့်အချိန်တွင်တော့ ယွန်းဂျောင်ဟန်အိမ်ထဲအဝင်သို့သူစောင့်လိုက်လေသည်။ သို့သော် ယွန်းဂျောင်ဟန်သည်မဝင်သေးပဲ ဂျိုရှုအာအားအရင်ပြန်ခိုင်းလေသည်။ သူပြန်မှအထဲဝင်မည်ဟုဆိုလေသည်။ ထို့ကြောင့် ဂျိုရှုအာလည်း ကားထဲသို့ဝင်လိုက်ရလေသည်။ ထို့နောက်မှန်ချကာ ယွန်းဂျောင်ဟန်အားနှုတ်ဆက်လေသည်။
"အဲဆိုလည်း ငါသွားတော့မယ်နော် ချက်ချင်းအထဲဝင်လိုက်နော်"
"ဟုတ်ပါပြီကွာ အဲလိုပြောနေတာ ငါကနုနုနယ်နယ်လေးမဟုတ်ဘူးကွ အရမ်းတွေစိတ်ပူနေရင် အိမ်မှာအိပ်သွားလေ"
ကျီစယ်နေဟန်မျက်နှာပေးသည် ဂျိုရှုအာ၏နှလုံးအိမ်အားကိုင်လှုပ်နေပြန်သည်။ သူသည်လည်းခေါင်းငုံ့ရယ်လိုက်မိကာ မနိုင်ဘူးဆိုသည့်ဟန် ခေါင်းခါလိုက်မိလေသည်။
"ငါလည်းကျင့်သားရအောင်လုပ်ဦးမှကွာ မင်းအမြဲနော် စကားတွေကအတည်ပေါက်တွေချည်း"
"ဟားး ဆောတီးကွာ ငါကတော့အကျင့်ပါနေလို့ပြင်လို့မရတော့ဘူး မင်းပဲခံနိုင်ရည်ရှိအောင်လုပ်ထားတော့"
"ငါတို့လည်းအခုမှသိလို့သာပဲ ငါ့ကိုကတုန်ကယင်ဖြစ်အောင်တအားလုပ်တာနော် မင်း"
"ဟဲဟဲ ငါ့အပေါ်တအားပြိုလဲမသွားနဲ့ဦးနော် နှစ်ရက်လောက်ပဲခင်လိုက်ရပြီး မင်းနှလုံးသားလေအက်ကွဲသွားမှာ စိုးရိမ်လို့ပါ"
စိုးရိမ်နေဟန်ပိုပိုကဲကဲလုပ်ပြနေသော ယွန်းဂျောင်ဟန်အားကြည့်ရတာ တကယ်ကိုရယ်ရတာပဲဟု ဂျိုရှုအာတွေးလိုက်မိလေသည်။ ချစ်စရာလည်းကောင်းလှပေသည်။
"ကျေးဇူးဟုတ်ပြီလား၊ တော်ပြီကွာ ပြန်တော့မယ် မနက်မှတွေ့မယ်ဟျောင့်"
"အိုကေရှုအာ ဘိုင့်ဘိုင့်"
"ဘိုင့်ဘိုင်"
အချင်းချင်းနှုတ်ဆက်ပြီးနောက် လေထဲအနမ်းလေးပင် ယွန်းဂျောင်ဟန်ကရယ်မောကာပေးလိုက်လေသည်။ အပြင်ပန်းတွင်တော့ ဂျိုရှုအာရှုံ့မဲ့ပြလိုက်သော်လည်း စိတ်ထဲတွင်တော့ ထိုအနမ်းလေးကိုတောင် သူအမှတ်တရ သူ၏ဦးနှောက်မှတ်ဉာဏ်ရော၊ ရင်တွင်းတနေရာတွင်ပါ သိမ်းထားလိုက်လေသည်။
အခန်းသို့ပြန်ရောက်သော် ရေထပ်ချိုး၍ ညအိပ်ဝတ်အားလဲဝတ်လိုက်လေသည်။ ထို့နောက် အိပ်ရာပေါ်တက်ကာ ဖုန်းထုတ်ကြည့်လိုက်လေသည်။ ဂျောင်ဟန်ဟုမှတ်ထားသော contactအားကြည့်ရင်းသူအလိုလိုပြုံးလိုက်မိ၏။ တဆက်တည်းမှာပင် မိမိကိုယ်ကိုယ်လည်းရယ်မိ၏။မနေ့ကတင်သူ့ကိုယ်သူပြောခဲ့သည်။ တဖက်သတ်အချစ်ဟုခေါင်းစဉ်မတပ်၊ကြိုက်သည်ဟုမတွေးသေးရန်၊ သူကိုယ်တိုင်သည်လည်းမထင်မှတ်ခဲ့ပါချေ။ ယခုကဲ့သို့ နှစ်ရက်တာအတွင်းတွင် ယွန်းဂျောင်ဟန်အပေါ် ချစ်မိသွားသည်ဆိုသည့်အတိုင်းအတာအထိ သူရောက်ရှိသိမြင်သွားလေသည်။
ဖုန်းထုတ်ကြည့်နေရင်းပင် မနေ့ရိုက်ခဲ့သော ယွန်းဂျောင်ဟန်၏မူးပြီးအိပ်ပျော်နေသည့်ပုံအား သူဖွင့်ကြည့်လိုက်မိသည်။ သူနေရင်းထိုင်ရင်းလွမ်းလာသလိုပင်။ စိတ်အတွေးထက်ပိုပြီး လက်ကပိုမြန်သွားလေသည်။ ယွန်းဂျောင်ဟန်အားဖုန်းခေါ်လိုက်မိခြင်းဖြစ်သည်။သို့သော် ချက်ချင်းသတိထားလိုက်မိသဖြင့် ချက်ချင်းပြန်ချလိုက်လေသည်။
"ဖာ့ခ် ရူးနေလား ဟုန်းဂျီဆူးရေ လက်ကငြိမ်ငြိမ်လေးနေစမ်းပါ ဖုန်းခေါ်ပြီးမင်းက ဘာပြောမလို့တုန်း"
မိမိကိုယ်ကိုယ်ပင်ထပ်၍ရယ်မောမိပြန်ပါသည်။ ယွန်းဂျောင်ဟန်နှင့်မှသူသည်လည်း အလွဲလွဲအချော်ချော်ပင်။ သူ့အဖြစ်ကိုသူရယ်မိနေတုန်း ဖုန်းဝင်လာလေသည်။ အဝင်ခေါ်ဆိုမှုကိုကြည့်လိုက်သည့်အခါ ခေါ်ဆိုလာသူမှာ ယွန်းဂျောင်ဟန်ဖြစ်နေလေသည်။ လန့်ပြီးလက်ထဲမှဖုန်းကိုပင်အိပ်ရာပေါ်သို့လွှတ်ချမိကာ မိမိကိုယ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်လုပ်၍ ဖုန်းကိုင်လိုက်လေသည်။
"Hello"
"အင်း ရှုအာ ဖုန်းကိုဘာလို့ချက်ချင်းပြန်ချလိုက်တာလဲ ဘေလ်မရှိလို့လား"
"အာ မဟုတ်ဘူး ဂျောင်ဟန် ငါမှားနှိပ်မိတာ"
မတတ်နိုင်၊လိမ်မှဖြစ်မည်လေ။
"ဪအဲလိုလား အေအေ တော်ကြာနေ ကိစ္စရှိတာဖြစ်နေမှာဆိုးလို့ ပြန်ဆက်ပေးတာ၊ ဒါနဲ့ မအိပ်သေးဘူးပေါ့"
"မအိပ်သေးဘူး အခုမှအိပ်ရာပေါ်လှဲခါစရှိသေး၊ ဖုန်းခဏသုံးရအောင်လို့လေ"
ဂျိုရှုအာ ပြန်ဖြေနေရင်းပင် နာရီကြည့်လိုက်လေရာ အချိန်ကား ၁၁နာရီခန့်ပင်ရှိသွားပြီဖြစ်လေသည်။
"မင်းကောမအိပ်သေးဘူးပေါ့"
"ဒီချိန်မအိပ်ပါဘူးကွာ ပျင်းနေတာ မင်းနဲ့ဖုန်းပြောလိုက်တော့လည်း အပျင်းတောင်ပြေသွားသလိုပါပဲ"
"ဖြစ်ရတယ် ဟုတ်ပါပြီ ငါကမင်းအပျင်းပြေစကားပြောပေးရတာပေါ့"
"အိပ်ချင်ရင်တော့အိပ်ပါ ငါကနှောင့်ယှက်သလိုဖြစ်နေပါဦးမယ်"
"မဖြစ်ပါဘူးကွာ မင်းနဲ့ပြောရတာပဲ အေးဆေးပေါ့"
"အမယ် စကားကအဟုတ်ကြီးပါလား ဟုတ်ပြီကွာမင်းအဲလိုဆိုတော့လည်းအဲလိုပေါ့"
ဂျိုရှုအာ ခပ်ဖွဖွရယ်လိုက်မိလေသည်။ထို့နောက် သူ၏စိတ်၌သိချင်နေသော အကြောင်းအရာအား မေးရနိုးမမေးရနိုး စိတ်ထဲလွန်ဆွဲရင်းဖြင့် အဆုံးတွင်တော့ ထုတ်မေးလိုက်လေသည်။
"ပျင်းရင် မင်းရည်းစားနဲ့ပြောလေ ရည်းစားရှိတယ်မလားမင်းမှာ"
"မင်းဘယ်လိုထင်လဲ မင်းထင်တဲ့အတိုင်းပဲပေါ့"
"မင်းကိုအဲလိုညစ်လို့ရတယ်လို့ဘယ်သူပြောလဲ တကယ်လို့မရှိဘူးပဲထားပါတော့ ငါကရှိတယ်လို့ထင်တာနဲ့မင်းမှာရုတ်တရက်ထရှိသွားရောလား"
" မင်းတကယ်ပြောတတ်တယ် အင်းးး ရှိလားဆိုတော့မရှိဘူးလို့ပြောလို့ရတယ်"
"မင်းဟာကဘာကြီးလဲကွာ ရှိရင်ရှိတယ် မရှိရင်မရှိဘူးပေါ့"
"ငါပြောတဲ့အဓိပ္ပာယ်ကို မင်းမနက်ဖြန်သိလိမ့်မယ်"
'ဒီကောင်ဘာတွေပြောနေတာလဲ'ဟူ၍ စိတ်ထဲတွေးလိုက်မိသော်ငြား ထုတ်တော့မပြောဖြစ်တော့။
"အေးကွာ ဒါလေးမေးတာကိုရှုပ်နေတာပဲ ထားလိုက်တော့မယ်"
"ဘာလဲ စိတ်ဆိုးသွားတာလား"
"ဘာမှမဟုတ်တာလေးကို ငါကဆိုးစရာလား ပြောရရင်ကွာ ဒီလောက်လေးကိုစိတ်ဆိုးတဲ့သူလို့ကောရှိလို့လား"
သူအဲလိုပြောတော့ ယွန်းဂျောင်ဟန်ကသဘောတကျအသံကျယ်ကျယ်ဖြင့် ရယ်မောလေတော့သည်။ သူပြောတဲ့ထဲဘာရယ်စရာပါသွားလဲတော့ သူမသိပေမယ့် ယွန်းဂျောင်ဟန်သူ့ကြောင့်ရယ်သည်ဟူသောအသိကတော့ သူ့အားပျော်ရွှင်စေပါသည်။ သို့သော်လည်း စိတ်တခြားနှုတ်တခြားပင်ပြန်ဖြေလိုက်လေသည်။
"ဘာရယ်တာလဲ ငါပြောတဲ့ထဲရယ်စရာပါလို့လား"
"ဘာမှမဟုတ်ပါဘူးကွာ ရယ်စရာပါလို့မဟုတ်ဘူး မင်းပြောတာကိုဒီတိုင်းပဲသဘောကျလို့ မင်းစကားပြောတာဘာလို့မှန်းမသိ ချစ်စရာကောင်းနေသလိုပဲ"