.
.
.
မေးခွန်း :
ချစ်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးခဲ့ဖူးပါသလား..?
.
.
.
.
.
.
" ဗိုလ်ကြီးလုဟန် နဲ့ ဒုဗိုလ်ဝမ်ရိပေါ်ကို တပ်ရင်းမှူးက ခေါ်ခိုင်းလို့ပါ "
သတင်းပို့တပ်သားလေးဆီက စကားကြောင့် အိမ်ပြန်ဖို့ ပြင်ဆင်နေတဲ့ ဗိုလ်ကြီးလုဟန် နဲ့ ဒုဗိုလ်ဝမ်က သိမ်းလက်စအထုတ်အပိုးတွေကို ရပ်လိုက်ပြီး တန်းလျားဆောင်ထဲကနေ ထွက်လာတယ်၊ တဆက်တည်းမှာပဲ မျက်နှာချင်းဆိုင်ဆေးခန်းကနေ ထွက်လာတဲ့ ရှောင်းကျန့်ကိုလည်း မြင်လိုက်ရတာကြောင့် ဂျစ်ကားပေါ်မှာ နေရာယူနေတဲ့ လုဟန်က မျက်မှောင်ကြုံ့ရင်း လှမ်းမေးတယ်၊
" မင်းကိုရော.. ခေါ်ထားတာပဲလား "
" အေး၊ နိုင်ငံတော်လျို့ဝှက် အဖွဲ့အစည်းက ငါတို့ကို စကားပြောချင်နေတယ်တဲ့ "
" hmm... "
လျို့ဝှက်အဖွဲ့အစည်းဆိုရင်.. အီမင်ဟျောင်းနဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်းပဲ ဖြစ်ရမယ်လို့ တွေးလိုက်တဲ့ လုဟန်က နားထင်ကို လက်နဲ့ကုတ်လို့ စိတ်ရှုပ်ထွေးတဲ့ အမူအယာမျိုးဖြစ်သွားတယ်၊
ပြီးခဲ့တဲ့ အီဟယ်ချန်းတို့ အမှုအခင်းဟာ သူတို့ကာကွယ်ရေးစစ်သားတွေကို မကြာခဏ ရစ်ပတ်လို့လာခဲ့တယ်၊ ဟွန်းငယ်ရဲ့ဘေးမှာ အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့ပြီး၊ တရားခံနဲ့ ရင်းနှီးခဲ့တဲ့ သူတို့ကို တရားရုံးက သက်သေအဖြစ် တင်သွင်းခဲ့တာကြောင့် စစ်ဆေးထွက်ဆိုမှုပေါင်းများစွာကို စိတ်ပျက်ဖို့ ကောင်းလောက်အောင် ကြုံရတာတော့ အမှန်ပါပဲ..၊
စစ်ဆေးမှုက ရှုပ်ထွေးခဲ့သည့်အပြင် ဟိုဟိုသည်သည်လွှဲချမှုများလည်း ရှိခဲ့ပြီး၊ နောက်ဆုံးmission မှာ Yellow kid ကို ကယ်တင်ပေးခဲ့တဲ့ ဗိုလ်ကြီးကျန်းရီရှင်းအထိ ဂယက်ရိုက်တာမျိုး ရှိခဲ့တာကြောင့်၊ ဗိုလ်ကြီးကျန်း တစ်ယောက် အစီရင်ခံစာတွေ မနည်းမနောရေးတင်လို့ တိုင်ပတ်ခဲ့ရသေးတယ်၊
ကိုရီးယားဘက်မှာတော့ တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်ကြီးဂျုံအင်ဖြစ်တာမို့ အမှုအခင်းတစ်ခုလုံးကို တာဝန်ယူ၊စစ်ဆေးမေးမြန်းခံပေးခဲ့ရတာလည်း ဗိုလ်ကြီးဂျုံအင်ပဲ ဖြစ်ခဲ့တယ်၊
ပုံမှန်အခြေအနေဆိုလျှင်တော့ ..
ဒုဗိုလ်ရာထူးအထိ စစ်ဆေးခြင်းများ လုပ်တတ်ပေမဲ့လည်း၊
ဒဏ်ရာပြင်းထန်ပြီး မှတ်ဥာဏ်ပျောက်ဆုံးသွားတဲ့ ဒုဗိုလ်ဒိုဂျောင်ဆူးရဲ့ အခြေအနေကြောင့်ရော..၊
"အဖြစ်အပျက်အားလုံးမှာ ကျွန်တော်တစ်ယောက်တည်းကသာ တာဝန်ရှိပါတယ်" ဆိုပြီး တရားရုံးမှာ ရဲရဲဝင့်ဝင့် ထွက်ဆိုပြီး ဒုဗိုလ်ဒိုကို ကာကွယ်ပေးခဲ့တဲ့ ဗိုလ်ကြီးဂျုံအင်ကြောင့်ရော.. ဒုဗိုလ်ဂျောင်ဆူးက ဒီအရှုပ်အထွေးတွေကနေ ကင်းလွတ်ခဲ့တာဖြစ်တယ် ၊
ဗိုလ်မှူးကြီးရိဖန်က တတ်နိုင်သမျှ ကူညီခဲ့ပေမဲ့လည်း၊ ကောင်စီမှာတော့ လက်အောက်ငယ်သားတွေကို မကာကွယ်နိုင်၊မဦးဆောင်နိုင်တဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတဲ့ ဗိုလ်ကြီးဂျုံအင်က ဗိုလ်မှူးလျာထားခံရခြင်းတွေလည်း ပျက်စီးခဲ့ရသလို၊ ကိုရီးယားလျို့ဝှက်အဖွဲ့အစည်း Light Team ရဲ့ ခေါင်းဆောင် ရာထူးကိုလည်း ဖြုတ်ချခံခဲ့ရတယ်၊
" ဗိုလ်ကြီးဂျုံအင်ကို ရှေ့တန်းမှာ တစ်နှစ်တာဝန်ထမ်းဆောင်ခိုင်းတယ်ဆို.. "
" အေး၊ ငါလည်း တပ်ရင်းမှူးဆီက အဲ့လိုကြားတာပဲ၊
မနေ့ကပဲ ဆုံးဖြတ်ချက်ထွက်လာတယ်လို့ပြောတယ် ၊ တစ်လအတွင်း သွားရမယ်တဲ့.."
" အန္တာရာယ်များလိုက်တာ.. "
သက်ပြင်းချလိုက်တဲ့ လုဟန်က ကားဘေးဘောင်ကို မေးထောက်ရင်း ငြိမ်သက်သွားတယ်၊ ကားမောင်းနေတဲ့ ဒုဗိုလ်ဝမ်ရဲ့ မျက်လုံးအိမ်တွေက လေးနက်တည်ကြည်နေခဲ့ပြီး စိတ်မကောင်းစရာ သတင်းကို ထပ်တူခံစားနေပုံပဲ၊ နောက်ခုံမှာ ထိုင်နေတဲ့ ရှောင်းကျန့်ကတော့ " ဒါက မတရားဘူးမလား " လို့ ခပ်ဖွဖွရေရွတ်ရင်း မှုန်ကုတ်လို့နေတယ်၊
" သိပြီးသားဖြစ်မယ်ထင်ပါတယ်၊ ကျွန်တော်တို့ SME အဖွဲ့ချုပ်က အီမင်ဟျောင်းနဲ့ပတ်သတ်ပြီး မေးခွန်းလေးတွေ မေးချင်ပါတယ်.."
အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး မျက်နှာထားတင်းတင်းနဲ့ ခပ်မာမာမေးလာတဲ့ လူကြောင့် လုဟန်က ခေါင်းမော့လာတယ်၊ မျက်လုံးကို ဝေ့ကြည့်လိုက်ရင်း အသံဖမ်းစက်နဲ့ CCTV အပြည့် တပ်ဆင်ထားတဲ့ အခန်းရဲ့အပြင်အဆင်မှာ သူ မျက်ခုံးပင့်မိတယ်၊ ဒီအခန်းငယ်ရဲ့ အပြင်ဘက်မှာ သူတို့ရဲ့ စကားဝိုင်းကို စောင့်ကြည့်နေတဲ့လူတွေလည်း မနည်းမနော ရှိနေလိမ့်မယ်၊
သူတို့သုံးယောက်ကို တစ်ခန်းစီခွဲလို့ ခေါ်သွားကြပြီး အကျည်းသားတစ်ယောက်ကို ဖမ်းချုပ်ပြီး မေးနေသလို ခံစားချက်ကြီးကြောင့် မအီမသာ ခံစားရပေမဲ့လည်း နှုတ်ခမ်းတွန့်အောင် ပြုံးလိုက်တဲ့ လုဟန်က ထိုလူရဲ့ မေးခွန်းနဲ့ လုံးလုံးလျားလျားမှ မဆိုင်တဲ့ စကားကို ထပြောလာတယ်၊
"အဲ့ဒီ့တော့ ကျွန်တော် ကော်ဖီတစ်ခွက်လောက် ရနိုင်မလား "
တစ်ဖက်လူရဲ့ မျက်နှာထားက ထူးဆန်းတဲ့အရိပ်အငွေ့တွေ ဖြတ်သန်းသွားပြီး ဘာတုံ့ပြန်ရမှန်းမသိတဲ့အချိန်မှာ နှစ်ခြိုက်ချိုမြတဲ့ အသွင်အပြင်နဲ့ တဟက်ဟက်ရယ်လိုက်တဲ့ လုဟန်က သူ့ရဲ့ ရွှတ်နောက်နောက်မျက်နှာထားနဲ့ စကားကို လိုရာဆက်တယ်၊
"ဒီလိုမျိုး အင်တာဗျုးတွေဆို တအားစိတ်လှုပ်ရှားတတ်လို့ဗျ၊ အမှန်တကယ်ဆိုရင် ကော်ဖီတစ်ခွက်နဲ့ စိတ်ငြိမ်အောင် အရင်လုပ်ပေးသင့်တာပေါ့၊ အိုး... ဒါက ကျွန်တော့်အမြင်ကို ပြောပြတာပါ..၊
ဘယ်လိုပြောရမလဲ? ဆက်ဆံပုံက တအားစုတ်ချာတယ်လေ၊နယ်ပယ်မတူပေမဲ့လည်း တစ်ဖက်လူကို လေးလေးစားစားရှိသင့်တယ်လို့ မထင်ဘူးလား၊ အပြစ်သားမှ မဟုတ်တာပဲ.. "
စကားအဆုံးသတ်မှာ ပြုံးရွှင်နေရာကနေ ဖြည်းဖြည်းချင်း တည်ကြည်သွားတဲ့ မျက်နှာအသွင်အပြင်ကို ကူးပြောင်းသွားတဲ့ ဗိုလ်ကြီးလုဟန်က သူ့ရဲ့စူးရဲတောက်ပနေတဲ့ မျက်လုံးတွေနဲ့ တစ်ဖက်လူကို စိုက်ကြည့်လာတယ်၊ အဲ့သည့်တစ်ခဏချင်းမှာပဲ ဟိတ်ဟန်ရှိပြီး အာဏာပြည့်ဝတဲ့ အရှိန်အဝါက အဖွဲ့ခေါင်းဆောင် Eliott ဆိုတဲ့ ဂုဏ်ပုဒ်ကို ထင်ဟပ်လို့ လာစေတယ်၊
" ဒီလိုပြောရတာ အားနာပေမဲ့၊ ကျွန်တော် ဘာမှသိထားတာမျိုး မရှိပါဘူးဗျ "
ရှောင်းကျန့်ဆီက ရိုးရှင်းတဲ့ အဖြေစကားကြောင့် တစ်ဖက်ကမေးမြန်းသူက ခဏတော့ ငြိမ်သွားတယ်၊ ပြီးမှ ဖိုင်တွဲတစ်ခုထဲက ထုတ်လာတဲ့ ပုံတစ်ပုံကို သူ့အနားထိုးပေးတယ်၊
ပြတ်သားကြည်လင်တဲ့ ဓာတ်ပုံထဲမှာ အီဟယ်ချန်း၊ မင်ဟျောင်းနဲ့ ဟွန်းငယ်တို့ သုံးယောက်က စကားပြောရင်း ရယ်မောနေကြပြီး သူတို့ရဲ့နောက်ကျောဘက်မှာတော့ ဂျုံအင်နဲ့ လုဟန်နဲ့က မတ်မတ်ရပ်လို့ ကလေးတွေကို လှမ်းကြည့်နေတယ်၊ ပုံကို ငုံ့ကြည့်လိုက်တဲ့ ရှောင်းကျန့်က နားမလည်ဟန်နဲ့ ခေါင်းမော့လာတယ်၊
" လူကြီးမင်းတို့ကတော့ ဘယ်လိုမြင်သလဲမသိပေမဲ့၊ အဲ့ဒီအချိန်က ကျွန်တော်တို့ဘက်က အမြင်မှာတော့ အီဟယ်ချန်းရော အီမင်ဟျောင်းရောက ၁၈ နှစ်အရွယ် ကျောင်းသားတွေပါ "
သူ့စကားကြောင့် မျက်နှာတည်သွားတဲ့ တစ်ဖက်လူက အဆင်သင့်ပြင်ဆင်ထားပုံပေါ်တဲ့ ဆေးမှတ်တမ်းစာရွက်တစ်ချို့ကို ထုတ်ပြလာပြန်တယ်၊
" အခင်းနေရာမှာ နောက်ဆုံးရှိခဲ့တာက ဆေးဗိုလ်ကြီးရှောင်းကျန့် နဲ့ ဒုဗိုလ်ဝမ်ရိပေါ်လို့ သိရပါတယ်၊ အဲ့တာကြောင့်. အခင်းဖြစ်စဉ်ကို ပြန်ပြောပြနိုင်မလား "
" အခင်းဖြစ်နေရာမှာတုန်းက ဒီဘက်က တစ်ယောက်က.. ကားနဲ့ ဂိုထောင်ကို တိုက်ပြီး ဝင်လာခဲ့ပါတယ်၊ "
ပုံထဲက အီမင်ဟျောင်းကို ထောက်ပြလိုက်တဲ့ ရိပေါ်က တည်ငြိမ်နေတဲ့ မျက်လုံးတွေနဲ့ ဖြည်းဖြည်းချင်းပြောလာတယ်၊ တစ်ဖက်မေးမြန်းသူက သူ့စကားကို note စာအုပ်တစ်အုပ်နဲ့ လိုက်မှတ်တယ်၊ ဒုဗိုလ်ဝမ်က ဆက်ပြောလာတယ်၊
"ပြီးတော့၊ အစီရင်ခံစာထဲမှာ ရေးခဲ့တဲ့အတိုင်း အီမင်ဟျောင်းက သူ့ပြစ်မှတ်ဖြစ်တဲ့ အီဟယ်ချန်းကို သတ်ဖို့ကြိုးစားရင်းနဲ့ မီးထဲမှာ ကျန်ခဲ့တာပါ၊ သူ့တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်ဖို့အတွက် အသက်နဲ့လဲခဲ့တာပါ "
အနည်းငယ်အလိမ်အညာစကား ပါဝင်တဲ့ ဝန်ခံချက်ကြောင့် တရွေ့ရွေ့သွားနေတဲ့ ဘောပင်လေးက တုန့်ခနဲရပ်သွားပြီးမှ တစ်ဖက်လူက သူ့ကို ပြန်ကြည့်လာတယ်၊
" အဲ့အချိန်မှာ ဗိုလ်ကြီးက ဘာလုပ်နေတာပါလဲ "
" မီးထဲပြေးဝင်ပြီး အီမင်ဟျောင်းကို ကယ်ဖို့ ကြိုးစားခဲ့တာပေါ့၊ ဒါပေမဲ့ ခင်ဗျားတို့ သိတဲ့အတိုင်း မအောင်မြင်ခဲ့ဖူးလေ "
ရှောင်းကျန့်က သူမူပိုင်ဖြစ်တဲ့ ခပ်အေးအေးလေသံနဲ့ ဆိုရင်း စိတ်မကောင်းဖြစ်ဟန် ခေါင်းတရမ်းရမ်းပြုတယ်၊ လက်ထဲက note စာအုပ်ကို ချလိုက်တဲ့ မေးမြန်းသူက စိတ်ရှုပ်ထွေးတဲ့ အမူအရာမျိုးဖြစ်သွားတယ်၊
" ကျွန်တော် နားမလည်ဘူး၊ အီမင်ဟျောင်းက တရားခံကို တကယ်ပဲ သတ်ဖို့ ကြိုးစားခဲ့တာလား၊ "
" ခင်ဗျားတို့လူရဲ့ လုပ်ရပ်ကို ခင်ဗျားတို့တောင်.. နားမလည်တာ ကျွန်တော်တို့က ပိုဆိုးမှာပေါ့..၊ ကျွန်တော်တို့လည်း ထပ်တူထပ်မျှ နားမလည်ပါဘူး "
လုဟန်ဆီက ရှင်းလင်းပြတ်သားတဲ့စကားကြောင့် တစ်ဖက်လူက မျက်မှောင်ကုတ်သွားတယ်၊ စစ်ဆေးမေးမြန်းမှုက အဆုံးသတ်သွားတဲ့အခါ ညောင်းညာနေတဲ့ ခန္ဓာကိုယ်ကို အကြောအချဉ်ပြေအောင် ဟိုလှည့်သည်လှည့်လုပ်ရင်း မတ်တတ်ထရပ်လိုက်တဲ့ လုဟန်က ငြိမ်သက်တွေဝေနေတဲ့ စစ်ဆေးမေးမြန်းသူဘက်ကို စောင်းငဲ့ကြည့်လာတယ်၊
" ဒါနဲ့ တစ်ခုလောက်မေးလို့ရမလား"
တစ်ဖက်လူက ခေါင်းကိုဆတ်ပြလိုက်တဲ့အခါ.. ခပ်ဖွဖွလေးပြုံးလိုက်တဲ့ ဗိုလ်ကြီးလုဟန်ရဲ့ မျက်လုံးအိမ်တွေက လေးလေးနက်နက်အဓိပ္ပါယ်တစ်ခုကို ဖော်ဆောင်နေသလိုမျိုး မှိုင်းညို့ရီဝေနေခဲ့တယ်၊
_________________________________________
" အိုက်ရိုး.. ကိုယ့်လူတွေက အထုတ်အပိုးတောင်ပြင်ပြီးပြီလား "
လက်ထဲမှာ ဖိုင်တွဲတစ်ခုကို ကိုင်ရင်း တန်းလျားထဲကို ဝင်လာတဲ့ ဗိုလ်ကြီးကျန်းရီရှင်းက အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ တပ်သားတွေနဲ့ လုဟန်တို့ကို မြင်တော့.. အားကျနေတဲ့ လေသံကြီးနဲ့ ပြောလာတယ်၊ ကံထူးရှင်လိုမျိုး ခံစားသွားရတဲ့ ဗိုလ်ကြီး Eliott က မာန်တက်နေတဲ့ မျက်နှာကြီးနဲ့ လက်ဖျောက်တီးပြတော့ ဒုဗိုလ်ဝမ်ရိပေါ်က သူ့အထက်လူကြီးကို မျက်စိနောက်ဟန်နဲ့ ခေါင်းတဆတ်ဆတ်ခါတယ်၊
" အဲ့ဒီ့တော့ ကိုရီးယားကို ဘယ်တော့သွားမလဲ.. "
ရီရှင်းက သူယူလာတဲ့ဖိုင်တွဲကို လုဟန်ဆီကမ်းပေးပြီး ချွေးရွဲနေတဲ့ အပေါ်ဝတ် ယူနီဖောင်းကို ဆွဲချွတ်လိုက်တယ်၊ ထင်းခနဲ ပေါ်လာတဲ့ လက်မောင်းကြွက်သားစိုင်တွေက ဒီရက်တွေမှာ လေ့ကျင့်ရတဲ့ ပြင်းထန်လှတဲ့ လေ့ကျင့်ခန်းတွေကြောင့်လားမပြောတတ်၊ ခန္ဓာကိုယ်က အရင်ကထက်ပိုကျစ်လစ်ပြီး သန်မာလာတာများ ဆိုးလ်မြို့သားလေးကို လက်တစ်ဖက်တည်းနဲ့ ပွေ့ချီနိုင်လောက်တဲ့အထိပဲ..။
" အိမ်မှာ တစ်ပတ်၊နှစ်ပတ်လောက်နားပြီးမှ သွားရမှာပဲ၊ ဖြစ်နိုင်ရင်တော့ ချက်ချင်းသွားချင်တာဗျ.. ဆေးရုံအုပ်ရှောင်းက ဆောင့်ကန်မှာ ကြောက်လို့သာ.. "
ဖိုင်တွဲကို ဖွင့်လို့ လတ်မှတ်ထိုးလိုက်တဲ့ လုဟန်က သူ့အဖေဆေးရုံအုပ်ကြီးရဲ့ ဒေါသထွက်နေမဲ့ မျက်နှာကို ပြန်မြင်ယောင်မိသလိုနဲ့ ပုခုံးနှစ်ဖက်တွန့်တယ်၊ သူ့ပုံစံကြောင့် ဗိုလ်ကြီးကျန်းက ပါးချိုင့်တစ်ဖက်ပေါ်လာတဲ့အထိ ဟက်ခနဲ ရယ်ရင်း သူ့ခန္ဓာကိုယ်က ချွေးစက်တွေကို စစ်စိမ်းရောင်တဘတ်နဲ့ သုတ်တယ်၊
" အဲ့တာပြောတာ အိမ်မပိုင်ရင် ဘဲ မထားနဲ့လို့..
ကျွန်တော်ကတော့ test ပြီးပြီးချင်း တန်းဒိုးမှာဗျိုး..
ဒီလိုဆို ခင်ဗျား နဲ့ ကျွန်တော်.. ကိုရီးယားကို အတူတူလောက်ရောက်မှာပဲ "
တက်ကြွနေတဲ့ ရီရှင်းက ဒေသိယစကားလေသံစကားနှောလို့ပြောတဲ့အခါ နားစိုက်ထောင်နေတဲ့ လုဟန်က သူ့လက်ထဲက ဖိုင်တွဲကို ရိပေါ်ကို ကမ်းလိုက်ပြီး " အဲ့လိုများ ဖြစ်တော့မလားမသိဘူးဗျာ.. " လို့ စိတ်ပျက်လက်ညည်းတွားတယ်..၊
" ဒါနဲ့ အဲ့တစ်ယောက်က ဘာလို့ မှုန်ကုတ်နေတာလဲ "
ဗီရိုအကန့်လေးထဲမှာ ချိတ်ထားတဲ့ ယူနီဖောင်းကို လှမ်းယူရင်း ဝတ်ဖို့ပြင်နေတဲ့ ရီရှင်းက မျက်နှာထားတည်တင်းနေတဲ့ ဒုဗိုလ်ဝမ်ရဲ့ ပုံစံကို မေးဆတ်ပြတယ်၊ အဲ့ကျမှ ဖိုင်တွဲကို လတ်မှတ်ထိုးနေတဲ့ ဒုဗိုလ်ဘက်ကို လှည့်ကြည့်တဲ့ လုဟန်က သူ့လက်အောက်ငယ်သားရဲ့ မှောင်မိုက်မှုန်ကုတ်နေတဲ့ မျက်နှာကို ကြည့်ပြီး စုတ်တစ်ချက်သပ်တယ်၊
" ဘာဖြစ်ရမှာလဲဗျာ၊ ဆေးဗိုလ်ကြီးရှောင်းနဲ့ မခွဲချင်လို့နေမှာပေါ့... "
" အော.. "
အဲ့တော့မှ နားလည်သဘောပေါက်သွားပုံရတဲ့ ဗိုလ်ကြီးရီရှင်းက အင်္ကျီကြယ်သီးကို တပ်ရင်း ပြုံးစိစိနဲ့ငြိမ်သွားတယ်၊ တခြားတပ်သားတွေက နားရက်စောစောရပေမဲ့ ဗိုလ်ကြီးရှောင်းနဲ့ ဗိုလ်ကြီးကျန်းက ရာထူးတိုးရှိသေးတာမို့ နှစ်ပတ်ကျော်လောက် ကျန်နေခဲ့ရတာဖြစ်တယ်၊ ဒါပေမဲ့ အဲ့ကိစ္စက ဝမ်ရိပေါ်အတွက်တော့ သိပ်အဆင်မပြေလှ၊ သူ့ယုန်ကလေးရှောင်းနဲ့ နှစ်ပတ်ကျော်ကြီးတောင် ခွဲနေရမယ်မလား။
" အားလုံးလတ်မှတ်ထိုးပြီးပြီလား "
" ဟုတ်ကဲ့ခင်ဗျ.. "
သူ့မေးခွန်းကြောင့် တပ်သားတစ်ယောက်က ဖိုင်တွဲကို ကျန်းရီရှင်းဆီ ပြန်ကမ်းပေးလာတယ်၊ အဲ့တော့မှ ဖိုင်တွဲကို ဖွင့်ပြီး လတ်မှတ်စာရင်းကို သေသေချာချာ ပြန်စစ်ဆေးတဲ့ ဗိုလ်ကြီးကျန်းက အောက်ဆုံးက တာဝန်ခံနေရာမှာ သူ့လတ်မှတ်ကို ထိုးလိုက်ပြီး ဖိုင်တွဲကိုပြန်ပိတ်လိုက်တယ်၊
" ဟုတ်ပြီ၊ အားလပ်ရက်ပြီးရင် ပြန်တွေ့ကြတာပေါ့..
အားလုံးဂရုစိုက်ကြပါ.. "
အလေးပြုနှုတ်ဆက်လာတဲ့ တပ်သားတွေ အားလုံးကို ပြန်အလေးပြုလိုက်တဲ့ ဗိုလ်ကြီးကျန်းက သူ့ရဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ အဆောင်ထဲက ထွက်သွားတယ်၊ ကျန်ခဲ့တဲ့ တပ်သားတွေကတော့ သူတို့ရဲ့ လတ်လတ်ဆတ်ဆတ် အားလပ်ရက်ရှည်အတွက် စိတ်တက်ကြွနေဟန်နဲ့ တဟေးဟေး တဟားဟား အော်ဟစ်ကြတော့တာပဲ၊
" ဟေ့.. ဟေ့.. အောင်ပွဲခံတဲ့ အသံတွေက ဒီဘက်ထိ လွင့်လာလို့မရဘူးလား၊ ကျွန်တော် မနာလိုတယ်ခင်ဗျ "
ဆေးခန်းအပေါက်ဝမှာ လက်ပိုက်ပြီး မတ်တပ်ရပ်နေတဲ့ ဆေးဗိုလ်ကြီးရှောင်းက မျက်နှာချင်းဆိုင်အဆောင်က တပ်သားတွေကို လှမ်းအော်တယ်၊ ဗိုလ်ကြီးရဲ့အသံကြောင့် ဖွင့်ထားတဲ့ ပြတင်းတံခါးမှာ ခေါင်းလေးတွေ ပြူကြည့်လာတဲ့ တပ်သားလေးတွေက စပ်ဖြဲဖြဲရုပ်တွေဖြစ်သွားရင်း ရှောင်းကျန့်ကို တစ်ယောက်တစ်ပေါက်နှုတ်ဆက်တော့တယ်၊
" ဘာလဲ.. သူတို့ဟာသူတို့ အောင်ပွဲခံပါစေ၊ စိတ်ပုတ်မနေနဲ့ "
ပြင်ဆင်ပြီးတဲ့ ကျောပိုးအိပ်ကို ကျောမှာလွယ်လိုက်တဲ့ လုဟန်က အဆောင်ထဲကနေ ထွက်လာရင်း သူ့အစ်ကို အနားကို လျှောက်သွားတယ်၊ နှာခေါင်းရှုံ့ပြီး ဝေဖန်လိုက်တော့ မကျေနပ်ဟန် မျက်လုံးလေးဝေ့သွားတဲ့ ရှောင်းကျန့်က လုဟန့်ပုခုံးကို တွန်းတိုက်ပြီး မကျေနပ်ကြောင်း ဖော်ပြတယ်၊
" ဟုတ်ပ၊ ဒီကောင် တအားစိတ်ပုတ်တယ်၊ ကလေးတွေ ပျော်နေတာကို ဖျက်လိုဖျက်စီးနဲ့.. လာ.. လာ.. ငါတို့ တူတူပျော်ကြမယ်.. "
လုဟန်လိုပဲ အထုတ်အပိုးပြင်ဆင်ပြီးပြီဖြစ်တဲ့ Jackson က ခုန်ပေါက်အော်ဟစ်ရင်း ဆေးခန်းထဲက ထွက်လာတယ်၊ ဒါပေမဲ့၊ ရှောင်းကျန့်နား မရောက်ခင်မှာပဲ လျှပ်စီးတွေပစ် သူ့ခြေထောက်သူ ခလုတ်တိုက်မိတာကြောင့် အရှိန်တွေလွန်ပြီး ရှောင်းကျန့်ဘေးမှာ ရပ်နေတဲ့လုဟန်ကို ခုန်ဖက်မိသလိုဖြစ်သွားတယ်၊
" သောက်ပလုတ်တုတ်! "
" ဘာဖြစ်တာတုန်း "
အားကြီးနဲ့ ခုန်ဖက်လိုက်တဲ့ Wang Jackson ကြောင့် လုဟန်က ထူပူသွားတဲ့ ပုခုံးတွေကို လက်နဲ့ပွတ်ရင်း သူ့ကို အတင်းတွယ်ကပ်နေတဲ့ ဆေးဗိုလ်ကြီးကို တွန်းလိုက်တယ်၊
" ခလုတ်တိုက်တာ "
" အေး.. လုပ်နေလိုက်တော့ "
စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားတဲ့ လုဟန်ရဲ့ အသံကြောင့် ရှောင်းကျန့်က တဟက်ဟက်ရယ်တယ်၊ အတွန်းထုတ်ခံရတဲ့ ဆေးဗိုလ်ကြီး Jackson က အတွန်းခံရတာကို ကျေနပ်နေတဲ့ ရုပ်ကြီးနဲ့ လုဟန်ကို အတင်းပြန်ဖက်တယ်၊ ဟိုက ရုန်းလေလေ.. သူက စပ်ဖြဲဖြဲဖြစ်လာလေလေပဲ..
" ဟိတ်! ငါတို့ဗိုလ်ကြီးကို လွှတ်လိုက်! "
" ကွီးဂျက်က သိပ်ဆိုးတာပဲကွားး.. "
သူတို့ရဲ့ ရုန်းလိုက်၊ ဖက်လိုက် အမူအယာကြီးကို simon က နောက်ခံအသံထည့်ပေးလာတာမို့ အားလုံးပွဲကျသွားပြန်တယ်၊ စူပုတ်နေတဲ့ လုဟန်က အဘိုးကြီးလို ခါးကိုထောက်ရင်း သူ့ဂျူနီယာကို အဆောင်ထဲက ထွက်လာဖို့ လက်ဟန်ပြတယ်၊ simon က သွားလေးဖြဲပြီးနောက်ဆုတ်သွားတော့ တခြားတပ်သားတွေက တဝါးဝါးတဟားဟားနဲ့ ရယ်ကြတော့တယ်၊
" ဗိုလ်ကြီး.. ကျွန်တော် မှားပါတယ်ဗျ "
အဲ့သည်လို ဆူပွက်နေတဲ့ တပ်သားတွေနဲ့ မတူပဲ တစ်ယောက်တည်း ရာသီဥတုမကောင်းနေတာကတော့ ဒုဗိုလ်ဝမ်ရိပေါ်ပဲ ဖြစ်လေတယ်၊ အဆောင်ထဲကနေ ထွက်လာပြီး မှုန်ကုတ်နေတဲ့ သူ့ညီရဲ့ အမူအယာကြောင့် စပ်ဖြဲဖြဲဖြစ်နေတဲ့ Jackson က ရှောင်းကျန့်ကို တံတောင်နဲ့တွက်တယ်။
ပြီးတော့ အခြေအနေကို နားလည်သဘောပေါက်သွားဟန်နဲ့ လုဟန်ရဲ့ ပုခုံးကို ဆွဲပြီး ဆေးခန်းထဲ ပြန်ဝင်ဖို့လုပ်တဲ့ J.son က မျက်နှာချင်းဆိုင်က တပ်သားတွေကို လက်ဟန်ခြေဟန်နဲ့ ပြတင်းတံခါးတွေ ပိတ်ခိုင်းလိုက်သေးတယ်၊ ဒီနှစ်ယောက်အတွက် စကားပြောဖို့ အချိန်ပေးရဦးမယ်လေ.. ဟုတ်တယ်မလား..
အဲ့ဒီလို အားလုံးဆိတ်ငြိမ်သွားမှပဲ ..
အဆောင်ရှေ့မှာ ဝေ့လည်ကြောင်ပတ်နဲ့ ဟိုဟိုသည်သည်လုပ်နေတဲ့ ဒုဗိုလ်ဝမ်က သူ့လက်ထဲက အထုတ်အပိုးကို မြေပြင်ပေါ် ပစ်ချလိုက်ရင်း ရှောင်းကျန့်အနားကို ခြေလှမ်းကျဲကြီးတွေနဲ့ ရောက်လာတယ်၊ ပြီးတော့ သတိစွဲလို့ရပ်ရင်း သူ့အထက်လူကြီးလေးကို အလေးပြုတယ်၊
"Victor..
ကျွန်တော် ဒုဗိုလ်ဝမ်ရိပေါ် အစီရင်ခံပါတယ်၊
ခွဲခွာရမယ့် နှစ်ပတ်တာအချိန်ကာလအတွက်..
ကျွန်တော့်နှလုံးသားတွေ ဆိုးဆိုးဝါးဝါး နာကျင်နေရပါတယ်၊
ကျွန်တော် ဘာလုပ်သင့်လဲ..။"
ရင်ဆိုင်ကြည့်လာတဲ့ မျက်ဝန်းညို့ညို့မှာ စစ်မှန်တဲ့ လွမ်းဆွတ်တမ်းတခြင်းတွေ တသိမ့်သိမ့် ဝေ့သီလို့ နေတယ်၊ သူ့ချစ်သူရဲ့ ချစ်စဖွယ်ကြေကွဲခြင်းကို သဘောကျနှစ်ခြိုက်သွားပုံရတဲ့ ဒေါက်တာဆိုးဆိုးလေးက လက်ကို နောက်ပစ်လိုက်ရင်း ဒုဗိုလ်ဝမ်အနားကို တစ်လှမ်းချင်းတိုးကပ်လာတယ်၊
"အဲ့ဒီ့အတွက် စိတ်မပူပါနဲ့..
မင်းအထက်လူကြီးက ဆရာဝန်ပဲလေ..
မင်းရဲ့ ဒဏ်ရာတွေကို ကုသပေးမှာပေါ့.. "
နှုတ်ခမ်းပါးလေးတွေ တွန့်ကွေးလာတဲ့အထိ ပြုံးရယ်တဲ့ ဆရာဝန်လေးက ရိပေါ်ကို ရည်ရွယ်တဲ့ မျက်ဝန်းအကြည့်တွေမှာ ချစ်ခြင်းမေတ္တာလေးတွေ ထည့်ထည့်ပြီး ကြည့်လေ့ရှိတယ်၊ အဲ့ဒီလို အကြည့်ချိုချိုတွေကို နူးညံကြင်နာစွာ ပြန်တုံ့ပြန်တဲ့ ဒုဗိုလ်ဝမ်က ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေဆီကနေ အကြည့်မခွာတော့ဘူး၊
ဟုတ်တယ်..၊
အပြင်းအထန် ချစ်မြတ်နိုးမိကြလာတဲ့အခါ ချစ်ရသူကို ကြည့်နေမိတာကို မရပ်တန့်နိုင်ကြဘူး၊ သူ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီမှာ.. ကိုယ့်ရဲ့အနာဂတ်တွေကို တစ်ခုချင်း ဆောက်တည်မိလာတယ်၊
ကိုယ့်ရဲ့ တာဝန်တွေ၊ လုပ်ရိုးလုပ်စဉ်တွေကို မေ့လျော့ပစ်မိတဲ့အထိ သူနဲ့အတူ ရှိနေခွင့်ရတာကို ပျော်ရွှင်လို့လာတယ်၊ သူ့အနားမှာ အကြောင်းပြချက်မျိုးစုံနဲ့ အချိန်နည်းနည်းလေးထပ်ပြီးတော့ အတူရှိချင်နေမိတယ်၊ ကော်ဖီအတူသောက်ချင်တယ်၊ လက်ကလေးကို တွဲထားချင်တယ်၊ မျက်နှာနုနုလေးကိုသာ တစ်နေကုန် တစိမ့်စိမ့် ငေးကြည့်ချင်နေတယ်၊
ချစ်ခြင်းနယ်မြေမှာ သူ့အတွက်နဲ့ အညံ့ခံပြီး လုံးဝ လက်နက်ချမိလိုက်ခဲ့တဲ့အခါ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို ရိုက်ချိုးမိနေမှန်းသတိမထားမိလောက်အောင်ထိ သူ့ကို ရူးရူးမူးမူး ချစ်မိနေခဲ့ကြောင်းကို နားလည်သဘောပေါက်ခဲ့ရတယ်၊
" မတွေ့ရမဲ့ရက်တွေမှာ..
မောင့်ကို လွမ်းနေမှာလား.. "
အကြည့်မလွှဲပဲ စကားဆိုလာတဲ့ ရိပေါ်ရဲ့ လေသံက ယောက်ျားပီသပြီး လှိုက်ခါနွေးထွေးနေခဲ့တယ်၊ "လွမ်းနေပါ့မယ်" လို့ အဖြေပေးချင်ပေမဲ့လည်း ဒါက ထူးဆန်းရာကျနေမလား၊ အကဲပိုလွန်းမလားလို့ အတွေးများနေတဲ့ အထက်လူကြီးလေးက နှုတ်ခမ်းဖျားကို ဖိကိုက်ရင်း အင်တင်တင်ဖြစ်လို့ ငြိမ်သွားတယ်၊
"huh..? "
ဟိုဟိုသည်သည် ပျာလောင်ခတ်လို့ ရွေ့လျားနေတဲ့ မျက်ဆံနက်နက်လေးတွေရဲ့ အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းရှိတဲ့ ဒုဗိုလ်ဝမ်က ရှေ့ကို ခြေတစ်လှမ်း၊နှစ်လှမ်းလောက် တိုးကပ်လာတယ်၊ နမ်းမိတော့မလိုမျိုးထိ မျက်နှာချင်းနီးကပ်သွားတဲ့ နှစ်ယောက်သားကြောင့် ကိုယ်လေးယို့သွားတဲ့ ရှောင်းကျန့်က ခေါင်းလေးမော့လို့ ရှက်ကိုးရှက်ကန်း ရှောင်တဲ့အခါ .. ဒုဗိုလ်ဝမ်ရဲ့ ဝင်လေ၊ထွက်လေက အထက်လူကြီးလေးရဲ့ မှည့်နက်ကလေးကို ရည်ရွယ်ချက်ရှိရှိ ခလုတ်တိုက်တယ်၊
" အကဲပိုတယ်လို့ မတွေးလိုက်ပါနဲ့၊ တခဏပဲ ဝေးရတာတောင် "အထက်လူကြီးလေးနဲ့ အတူမရှိရဘူး"ဆိုတဲ့ စိတ်ခံစားချက်တွေက လောင်မီးကျသလိုမျိုး ပူလောင်နေရလို့ မောင် ရူးမှာပဲ.. "
အကြင်နာစကားဆုံးတဲ့အခါ.. လူဆိုးလေးလို ပြုံးတဲ့ ရှောင်းကျန့်က ရှက်စိတ်တွေမရှိတော့ပဲ ရိပေါ်ရဲ့ ပုခုံးနှစ်ဖက်ပေါ် လက်နှစ်ဖက်တင်ရင်း နှာခေါင်းလေးရှုံ့လို့ ခပ်ချွဲချွဲလေးမေးတယ်၊
" ဒုဗိုလ်ဝမ်က ကျွန်တော့်ကို ဘယ်လောက်ထိ ချစ်နိုင်တာများလဲနော်... "
သူ့ ချစ်သူလေးရဲ့ ချစ်စဖွယ်အမူအယာကြောင့် အူယားသွားတဲ့ ဒုဗိုလ်လေးက ရှောင်းကျန့်ရဲ့ ခါးသွယ်သွယ်ကို ဖျစ်ညှစ်ပြီး ရုန်းလို့မရအောင် လက်မောင်းသားတွေနဲ့ ထိန်းချူပ်ကိုင်တယ်၊ ရုတ်တရက်မို့ လန့်သွားတဲ့ အထက်လူကြီးလေးက.. "ဟာ့" ခနဲ ခပ်တိုးတိုးညည်းတွားတဲ့အခါ ယုန်သွားလေးတွေက ထင်းခနဲပေါ်လာတယ်၊
" အဲ့ဒီ့ခေါင်းစဉ်အောက်မှာ
ကျွန်တော် ပြောစရာတွေများလွန်းလို့..
အပြုအမူနဲ့ပဲ သက်သေပြလိုက်လို့မရဘူးလားခင်ဗျ..."
ရိပေါ်ရဲ့ လက်တစ်ဖက်က ရှောင်းကျန့်ရဲ့မေးဖျားလေးကို တယုတယ ပင့်ကိုင်မော့စေလိုက်ပြီး၊ နှုတ်ခမ်းဖျားက မှည့်နက်လေးကို အကြင်နာဖွဖွပေးပြီးမှ ဦးတည်ရာဖြစ်တဲ့ နှုတ်ခမ်းလုံးလုံးလေးကို ဖြည်းဖြည်းချင်း ဖိကပ်လိုက်တယ်၊
သူ့ကို ပေးအပ်လာတဲ့ နှလုံးသားကို လိုလိုလားလားလက်ခံရင်း ဒုဗိုလ်ဝမ်ရဲ့ ပုခုံးပေါ်မှာ တင်ထားတဲ့ လက်တွေကို ဖြုတ်ချပြီး၊ ရိပေါ်ရဲ့ ခါးဆီ ပြန်လည်ထွေးယှက်လာတဲ့ ယုန်ကလေးရှောင်းက သူ့မျက်ဝန်းတွေကို ပိတ်ချလို့ အနမ်းပွင့်တွေကို နက်နက်ရှိုင်းရှိုင်း ခရီးဆက်တဲ့အခါ.. ရိပေါ်ရဲ့ လက်ချောင်းတွေက အားမလိုအားမရ ဖြစ်စွာနဲ့ ရှောင်းကျန့်ရဲ့ ပါးပြင်၊ မေးရိုးတစ်လျှောက်ကို စိတ်လှုပ်ရှားစွာ.. စုန်ဆန်ကူးလို့ နေတယ်၊
" မောင့်ကို လွမ်းနေမှာလား.. ဖြေပါ။ "
" အင်း.. နေ့တိုင်း လွမ်းနေမှာ.."
လေသံတိုးလေးနဲ့ ပြန်အဖြေပေးတဲ့ ရှောင်းကျန့်က ခပ်ပြင်းပြင်းအနမ်းပွင့်တွေအောက်မှာ စိတ်လှုပ်ရှားနေဟန်နဲ့ ရိပေါ်ရဲ့ ယူနီဖောင်းခါးစကို ဆွဲကိုင်ထားမိတယ်၊ အဲ့သည်လို ချစ်ရသူရဲ့ ရင်ခုန်တုန်လှုပ်မှုလေးတွေကို အနီးကပ်ဆုံးခံစားရတဲ့ ဒုဗိုလ်လေးက နှုတ်ခမ်းပါးတွေ ကွေးကော့လာတဲ့အထိ ပြုံးသွားရင်း သူ့အသည်းအသက်ကို ထပ်မံစနောက်ဖို့ ရည်ရွယ်တယ်..။
" မောင့်ကို ချစ်တယ်လို့ ပြောချင်လား.. "
" ဟင့်အင်း.. "
" အင်း.. အလိုလိုက်ထားတော့ သိပ်ဆိုးတယ်.. "
တကမ္ဘာလုံးရှိရှိသမျှ အရာအားလုံးကို ရှောင်းကျန့်သာ တောင်းဆိုမယ်ဆိုလျှင် ချက်ချင်းလက်ငင်း ပေးချင်စိတ်တွေ လိုက်လျောပြည့်ဝနေတဲ့ လေသံမျိုးနဲ့ ရိပေါ်က ဟန်ဆောင်အပြစ်တင်စကားကိုဆိုရင်း မှည့်နက်ကလေးရဲ့ အစွန်ဖျားမှာ အနမ်းချက်တွေကို အဆုံးသတ်တဲ့အခါ တလက်လက်တောက်ပနေတဲ့ မျက်လုံးအိမ်လေးက ဖြတ်ခနဲ ပြန်ပွင့်လာတယ်၊
ပြီးတော့ ရိပေါ်ရဲ့ မျက်နှာပြင်ကို ခတ္တမျှ ငေးကြည့်ပြီး ရှက်ကိုးရှက်ကန်းဖြစ်ဟန်နဲ့ မျက်နှာလွှဲသွားတယ်၊ ရိပေါ်က ကြင်နာတတ်တဲ့ မျက်နှာမျိုးနဲ့ ခပ်ပြုံးပြုံးလေး လုပ်လို့ သူ့ကြောင့် စိုစွတ်သွားတဲ့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းသားတွေကို လက်မလေးနဲ့ ခပ်ဖွဖွပင့်သုတ်ပေးတယ်။
"အနမ်းပေးပြီးတိုင်း ဘာလို့ ကျွန်တော့်ကို မကြည့်တာလဲ.. "
" ဟင်.. "
" တကယ်နှမြောရတယ်.. "
" ဘာကိုလဲ.. "
" Victor ရဲ့ မျက်ဝန်းအိမ်လေးတွေက ရှေးဟောင်းတော်ဝင်အမွေနှစ်လိုမျိုး ခမ်းနားသိမ်မွေ့လွန်းလို့ အကြည့်လွှဲပစ်ရမှာတောင် နှမြောရတယ်.. လို့..ပြောတာ"
စကားဆုံးတဲ့အခါ.. ရှောင်းကျန့်က ခပ်ချိုချိုရယ်ရင်း "ကျွန်တော့်ဝမ်ရိပေါ်က တကယ်ကို အကဲပိုတာပဲ " လို့ ရယ်သံလေးနှောရင်း ညည်းတွားလေရဲ့..။
အချစ်ရနံ့တွေ ထုံမွှန်းနေတဲ့ အဲ့သည်လို အဖြစ်အပျက်တွေကို ပြတင်းပေါက်လေးကို ခပ်သေးသေးဟပြီး ချောင်းကြည့်နေတဲ့ တပ်သားတွေက သွားကြီးတွေဖြီးပြီး ကျေနပ်နေကြသလို၊ ဆေးခန်းထဲကနေ ဝေ့လည်ကြောင်ပတ် အတွဲချောင်းနေတဲ့ Jackson wang ကတော့ နှာခေါင်းကို ရှုံ့လို့ တံခါးဝကနေ ခွာသွားရင်း လူနာကုတင်ပေါ်မှာ ထိုင်နေတဲ့ လုဟန်ကို လှည့်ပြောတယ်။
" ငါသိပြီ၊ ဒီအတွဲကို မိုးမမြင်လေမမြင်အတွဲ လို့ နာမည်ပေးရင်မကောင်းဘူးလား၊ ဝမ်မိုးမမြင် နဲ့ ရှောင်းလေမမြင် လို့ခေါ်ရရင် မဆိုးဘူး.. "
" ကောင်းသားပဲ၊ "
ခေါင်းတဆတ်ဆတ်ငြိမ့်လို့ ထောက်ခံလာတဲ့ လုဟန်က သူကိုယ်တိုင်လည်း သဲသဲကဲကဲအတွဲကို အတော်ကြီး မျက်စိနောက်နေခဲ့ဟန်တူလေရဲ့..။ လက်ဝါးချင်းရိုက်ပြီး မနာလိုနေကြတဲ့ ဗိုလ်ကြီးနှစ်ယောက်ကြောင့် သူနာပြုလေးတွေနဲ့ ဆေးဗိုလ်လေးက ခေါင်းတရမ်းရမ်းနဲ့ ရယ်နေကြတယ်၊
အဲ့ဒီလိုနဲ့ပဲ သူတို့ဆေးခန်းငယ်လေးမှာ ကြည်နူးစရာ အငွေ့အသက်လေးတွေ လွှမ်းခြုံနေတော့တာပဲ..။
_________________________________________
" အဆင်ပြေပြေရှိရဲ့လား.. "
လက်ထဲက ပန်းစည်းလေးကို မြေမို့မို့ပေါ်မှာ အသာအယာချလိုက်တဲ့ လုဟန်က မျက်လုံးစုံမှိတ်လို့ အရိုအသေပြုပြီးမှ သင်ပြင်းတစ်ချက်ရှိုက်လိုက်တယ်၊
" ဗိုလ်ကြီးဂျုံအင်က မင်းကို မကယ်နိုင်လိုက်တဲ့အတွက် နောင်တရနေတယ်၊ သူ.. အင်း.. သူ ခက်ခဲနေမှာပဲ၊ မင်းကပါ သူ့အပေါ် အမုန်းတွေချန်ထားခဲ့တယ်မလား..
အီဟယ်ချန်း.. ဒါက တစ်သက်လုံးအတွက် လက်စားချေလိုက်တာပဲနော် "
အပြစ်တင်စကားဆိုပေမဲ့လည်း လုဟန်ရဲ့ အသံက လှိုက်ခါနွေးထွေးလို့နေတယ်၊ သူက ဘေးချင်းယှဉ်လျက်သားဖြစ်နေတဲ့ မြေမို့မို့နှစ်ခုကို ငေးမောနေရင်း တွေးတောစရာအများကြီးရှိပုံနဲ့ ခဏတာ ငြိမ်သက်သွားတယ်၊ ပြီးတော့မှ မျက်တောင်တဖျတ်ဖျတ်ခတ်လို့ ခပ်ညည်းညည်းစကားဆိုတယ်၊
" မင်ဟျောင်း..
မင်းကတော့.. ရူးသွပ်ရာကျတယ်..၊ ဒါပေမဲ့ "
သူ့အတွေးတွေက လွန်ခဲ့တဲ့ အတိတ်နေ့ရက်တွေဆီကို အလည်အပတ် ပြန်ရောက်လို့သွားခဲ့တယ်၊ ငယ်ရွှယ်မှု နဲ့ ပျော်ရွှင်တက်ကြွခြင်းတွေ ပြည့်ဝနေတဲ့ စာသင်ခန်းငယ်လေးကို စောင့်ကြပ်နေတဲ့ ဗိုလ်ကြီးဂျုံအင်က အတန်းထဲက ဟွန်းငယ်ကို လှမ်းကြည့်နေခဲ့တယ်၊
" ကလေးတို့..
ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ချရေးကြမယ် "
အတန်းပိုင်ဆရာမဆီက စကားကြောင့် အပြာရောင် စာရွက်တိုလေးပေါ်မှာ စိတ်ကူးဆန္ဒတွေကို ချရေးကြတဲ့ ကလေးတွေက သွက်လက်ပြီး စိတ်အားထက်သန်နေကြတယ်၊ အတန်းဆင်း ခေါင်းလောင်းသံ မြည်လာတဲ့အခါ ဟေးခနဲ ထအော်တဲ့ ကျောင်းသားတွေက ကိုယ်စီစာရွက်အပြာလေးတွေကို စာအုပ်ကြားထဲ ညှပ်ထည့်ပြီး ကန်တင်းကို ပြေးသွားကြတယ်၊
ဟွန်းငယ်ရဲ့ အနောက်ကနေ လိုက်သွားတဲ့ ဒုဗိုလ်ဒိုဂျောင်ဆူးကို ခေါင်းတစ်ချက်ဆတ်ပြရင်း အသိအမှတ်ပြုလိုက်တဲ့ ဗိုလ်ကြီးဂျုံအင်က အတန်းထဲကို ဝင်ပြီး ကလေးတွေရဲ့ ဆန္ဒတွေကို စပ်စုဖို့ ကြိုးစားတဲ့ လုဟန်ကို မကြည်မလင်ကြည့်တယ်၊
" ကလေးတွေရဲ့ စာစောင်ကို ခိုးကြည့်နေတာလား "
" ဘာလဲ.. စိတ်ဝင်စားဖို့ကောင်းတယ်လေ "
ပုခုံးတွန့်ပြီး တုံ့ပြန်တဲ့ လုဟန်က ဟိုစာအုပ်လိုက်လှန်၊ သည်စာအုပ် လိုက်လှန်လုပ်ရင်း အကြံဆိုးကြီးနဲ့ လူယုတ်မာကြီးလိုမျိုး တဟင်းဟင်းရယ်တယ်၊
" ဆယ်ဟွန်းရဲ့ကောင်မလေးဖြစ်ချင်တယ်တဲ့ ..
ဝါး.. ဝါး.. ငါတို့ Yellow kid က စွံလှချည်လား "
တုတ်ထိုးချိုချဉ်ကို ပါးစပ်ထဲငုံရင်း ပြောလိုက်တဲ့ လုဟန်ရဲ့လေသံက မကျေနပ်တဲ့ပုံစံပေါက်ပြီး ခပ်ဝါးဝါးဖြစ်နေတယ်၊ ပြီးတာနဲ့ ချက်ချင်းပဲ ဘောပင်ကို ကောက်ယူလိုက်ရင်း " ဆောတီးပဲ၊ ဆယ်ဘ၀ကြိုးစားလည်း မဖြစ်နိုင်ဘူး " လို့ ဘေးကနေ ခပ်သော့သော့ရေးလိုက်တယ်၊ သူ့ဟာသူ အကျင့်ယုတ်ပြီး တခွီခွီဖြစ်နေတဲ့ လုဟန်ကြောင့် ဂျုံအင်က နံရံကို ကျောမှီရပ်နေရင်းကနေ စိတ်ပျက်လက်ပျက် ကြည့်တယ်၊
" ကဲ.. ငါတို့ရဲ့ စံပြကျောင်းသား မင်ဟျောင်းလေးက ဘာများရေးမလဲ၊ ဒီတစ်ခေါက်စာမေးပွဲမှာ အမှတ်ပြည့်ရပါစေလား ? hmm--- "
အပြာနုရောင်စာရွက်ခေါက်ကလေးကို ဖွင့်ကြည့်တဲ့ လုဟန်က ရှင်းရှင်းလင်းလင်းရေးထားတဲ့ စာကိုကြည့်ပြီး ငြိမ်သွားတယ် ၊ ထူးဆန်းတဲ့ခံစားချက်မျိုးရပေမဲ့ ဘယ်သူ့ကို ဆိုလိုမှန်းနားမလည်နိုင်တာကြောင့် စာရွက်ကို ပြန်ပိတ်ပြီး ချလိုက်တယ်၊ ဂျုံအင်ကတော့ ပါးစပ်ပိတ်သွားတဲ့ လုဟန်ကို ထူးထူးဆန်းဆန်းကြည့်ရင်း မေးတစ်ချက်ဆတ်ပြတယ်၊
" ကာကွယ်ပေးချင်တယ်.. တဲ့"
တွေတွေဝေဝေ ရေရွတ်ရာကနေ တစ်စုံတစ်ရာကို သတိရသွားတဲ့ လုဟန်က လက်ဖျောက်တစ်ချက်တီးပြီး ဂျုံအင့်နား လျှောက်သွားတယ်၊ ပြီးတော့ ဂျုံအင့် ပုခုံးပေါ်လက်တင်လိုက်ရင်း စိတ်ဝင်စားစရာကောင်းတဲ့ သတင်းစကားကို ဝေမျှတယ်၊
" မင်း သိလား၊ ငါ့အထင်တော့ မင်ဟျောင်းက ဟယ်ချန်းကို သဘောကျနေတယ်ထင်တယ် "
" ပေါက်ကရတွေ.. "
သူ့ပုခုံးပေါ်ကို ပိုင်စိုးပိုင်နင်းတင်ထားတဲ့ လက်ကို ဖြုတ်ချလိုက်ရင်း မယုံသင်္ကာလေသံနဲ့ ငြင်းဆိုရင်း ထွက်သွားတဲ့ ဗိုလ်ကြီးဂျုံအင်ကြောင့် လုဟန်က မကျေမနပ်အော်ရင်း ကော်ရစ်တာတစ်လျှောက်ပြေးလိုက်လာတယ်၊
" အတည်ပါဆို.. ငါမှန်းရင် လွဲခဲတယ်ဟ! "
" မယုံဘူး "
" ဟာ..! "
ကော်ရစ်တာတစ်လျှောက်ဆီက ဆူပွက်နေတဲ့အသံတွေ တဖြည်းဖြည်း ဝေးကွာသွားတဲ့အချိန်မှာ.. အထီးကျန်နေတဲ့ စာသင်ခန်းငယ်လေးဟာ.. ပြတင်းတံခါးကနေ တိုးဝင်လာတဲ့ လေတွေကြောင့် ဟယ်ချန်းရဲ့ စာအုပ်လေးက ပွင့်ဟလာတယ်၊ လေအပင့်ကြောင့် လွင့်စင်သွားတဲ့ စာရွက်အပြာလေးမှာ လုဟန် မဖတ်ဖြစ်လိုက်တဲ့ ဆုတောင်းတစ်ခုဟာ.. ဒီလိုမျိုးဖြစ်ခဲ့တယ်..၊
" နောင်ဘ၀ဆိုတာမျိုးသာရှိခဲ့မယ်ဆိုရင်..
ကြင်နာတတ်တဲ့ဗိုလ်ကြီးဂျုံအင်လိုလူမျိုး အဖြစ် ရှင်သန်ချင်တယ်.. " တဲ့..
_________________________________________
" ကြိုဆိုပါတယ် "
ကိုရီးယားလေဆိပ်ကို ခြေချချချင်းမှာပဲ စောင့်ဆိုင်းသူနေရာမှာ ကြိုဆိုနေတဲ့ ဗိုလ်မှူးကြီးရိဖန်နဲ့ ဗိုလ်ကြီးဂင်ဂျုံအင် နှစ်ယောက်ကို တွေ့လိုက်ရတာမို့ ဆေးဝန်ထမ်းအဖွဲ့ထဲကနေ ခွဲထွက်လာတဲ့ ဂျွန်မြောင်က ခပ်ဖွဖွလေး ပြုံးလိုက်ပေမဲ့ ဂျုံဒေးကတော့ မျက်မှောင်လေးကြုတ်လို့ ခေါင်းလေး လည်နေတဲ့အထိ သူ့ကိုကို ကို ရှာတယ်၊
" ခရီးပန်းခဲ့သေးလား "
ဒေါက်တာလေးဂျွန်မြောင်ကို ပုခုံးကို ဖက်ပြီး ကြင်ကြင်နာနာမေးတဲ့ ရိဖန်က သူ့အစ်ကို လက်ထဲကအထုတ်အပိုးတွေ အားလုံးကို သူကပဲ လွှဲပြောင်းလို့ ယူလိုက်တယ်၊ ဂျုံအင်ကလည်း ထိုနည်းတူ သူ့ညီရဲ့အိတ်တွေကို မင်ဟို့ဆီက လွှဲယူလိုက်ပေမဲ့ မျက်မှောင်လေးကုတ်လို့ တစ်ဦးတည်း အလုပ်များနေတဲ့ ဂျုံဒေးက အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး သူ့ကိုကိုဆီ စာပို့ဖို့လုပ်တယ်၊
" ကိုကိုက အရေးပေါ်အစည်းအဝေးရှိလို့ လာမကြိုဖြစ်ဘူး..တဲ့ "
ငါးမိနစ်လောက် ဖုန်းနဲ့အလုပ်ရှုပ်ပြီးတဲ့နောက်မှာ မျက်နှာငယ်လေးနဲ့ သနားစဖွယ်ပြောလာတဲ့ သူ့ညီကြောင့် ချစ်စနိုးပြုံးတဲ့ ဂျုံအင်က ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပုတ်တယ်၊
" ဗိုက်ဆာပြီလား "
" အွန်း.. "
"ဒီလိုလုပ်.. ဂျုံဒေးရဲ့ မေမေက ဟင်းတွေအများကြီးချက်ထားပြီး စောင့်နေတာဆိုတော့ ကိုကြီးတို့ အရင်ဆုံး ထမင်းသွားစားကြမယ်လေ၊ စားပြီးရင် ဒေါက်တာမင်ဆော့ဆီ လိုက်ပို့ပေးမယ်၊ ဟုတ်ပြီလား "
" ဟုတ်.."
အဲ့တော့မှ လိမ်လိမ်မာမာ စကားနားထောင်သွားတဲ့ ပေါက်စလေးက သူ့အစ်ကိုရဲ့ လက်မောင်းကို ပါးလေးအပ်ပြီး သွားလေးစေ့လို့ရယ်ရင်း ငြိမ်သွားတယ်၊ မင်ဟိုကတော့ သူတိုကို မနှောင့်ယှက်ချင်ဟန်နဲ့ အနောက်ကနေ ခပ်လှမ်းလှမ်းလိုက်လာတယ်၊
" အငယ်လေးရော.. "
" လေဆိပ်ကို လာကြိုဖို့အဆင်မပြေလို့ ဂင်အိမ်တော်မှာပဲ စောင့်နေမယ်တဲ့ "
ဂျွန်မြောင့်ရဲ့ မေးခွန်းကို ပြန်အဖြေပေးတဲ့ ရိဖန်က ခရီးဆောင်အိတ်တွေကို ကားနောက်ခန်းထဲကို ထည့်ရင်း အလုပ်များလို့နေတယ်၊ မင်ဟိုက ကားမောင်းသူနေရာကို ဝင်ထိုင်ဖို့လုပ်ပေမဲ့ ခရီးပန်းနေမဲ့ မင်ဟိုကို နားစေချင်တဲ့ ဂျုံအင်က သူကိုယ်တိုင်ပဲ ကားမောင်းဖို့ပြင်တယ်၊
နာရီဝက်ကျော်လောက် မောင်းနှင်ပြီးတဲ့နောက်မှာ သူတို့ကားလေးက ဂင်အိမ်တော်ရဲ့ ခြံဝန်းကျယ်ကြီးထဲကို ဖြည်းဖြည်းချင်း ဝင်လာတယ်၊ အရိပ်အာသဝပြည့်ဝစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် တောအုပ်ငယ်လေးလို အလှဆင်ထားတဲ့ အိမ်တော်က ကြီးကျယ်ခမ်းနားတဲ့အပြင် ဧကပေါင်းမြောက်များစွာ ကျယ်ဝန်းတာကြောင့် ခြံတံခါးကနေ အိမ်ထိရောက်ဖို့ တော်တော်လှမ်းလှမ်းလောက် မောင်းယူရတယ်၊
" ကြိုဆိုပါတယ်.. ကြိုဆိုပါတယ်.. "
ဆင်ဝင်အောက်ကို ထိုးစိုက်လာတဲ့ ကားသံကိုကြားတာမို့ အိမ်တံခါးဝကို ပြေးထွက်ပြီး လက်ကလေးဝှေ့ယမ်းလို့ ကြိုဆိုတဲ့ ဟွန်းငယ်က ဂျုံဒေးမေမေနားကို ကပ်ပြီး မီးဖိုချောင်မှာ ဖျက်ဆီးရေးဆင်းနေခဲ့တာဖြစ်တယ်၊
" ကိုကြီး.. "
ကားပေါ်က ဆင်းလာတဲ့ ဂျွန်မြောင့်ကို မြင်မြင်ချင်း ခုန်ပေါက်ပြီး ပြေးဖက်တဲ့ အိုဟွန်းငယ်ကြောင့် ဒေါက်တာလေးက ပြုံးရွှင်လို့ နေတယ်၊ မမြင်ရတဲ့ နေ့ရက်အတွက်မှာ ထွားလာတဲ့ ဆယ်ကျော်သက်ကလေးက သူ့ထက်တောင်အရပ်ရှည်လာတာမို့ ဂျွန်မြောင့်မှာ အထူးတဆန်းဖြစ်ရတာအမှန်ပါပဲ၊
" အငယ်လေး.. အရပ်တွေတောင် ရှည်လာသလိုပဲ "
" သူများတွေများ ကောင်းလိုက်တာ..
လေတိုက်တိုင်း ကြီးနေတာပဲ.. "
ပိုထွားလာတဲ့ ဟွန်းငယ်ကို ကြည့်ရင်း မျက်နှာလေးမဲ့လို့ ဝေဖန်တဲ့ ဂျုံဒေးကြောင့် သူ့အစ်ကိုကို ဖက်ထားရာကနေ လျှာထုတ်ပြီး ပြောင်ပြတဲ့ ငှက်ပေါက်လေးကလည်း ပြန်စွာတယ်၊
" ကိုကြီးဂျုံဒေးလည်း လေတိုက်တိုင်း သေးနေတာပဲနော်.. "
" ကဲ.. တွေ့တာနဲ့ ကိုက်မနေကြနဲ့၊ အထဲဝင်ကြမယ် "
တစ်ယောက်ကို တစ်ယောက် ရှုတည်တည်ကြည့်နေကြတဲ့ ကလေးနှစ်ကောင်ကြောင့် စိတ်မရှည်တော့တဲ့ ရိဖန်က ဂျုံဒေးကို လည်ဂုတ်ကနေ ညှစ်လို့ ဆွဲခေါ်ပြီး အိမ်ထဲဝင်လာတယ်၊ အဲ့ဒီ့အချိန်မှ သူ့မားမားကို နှုတ်ဆက်ဖို့ သတိရသွားတဲ့ ပေါက်စကောင်က ရိဖန်လက်ထဲကနေ ရုန်းပြီး ထမင်းဟင်းပြင်ဆင်နေတဲ့ သခင်မဂင်မ် ဆီကို ပြေးသွားတယ်၊
" မားမား! "
" အဆိုးလေး.. အခုမှပဲ မျက်နှာမြင်ရတော့တယ် "
ဂျုံဒေးကို မြင်မြင်ချင်း ဝမ်းသာအားရပွေ့ဖက်လို့ ကျောပြင်လေးကို ခပ်ဖွဖွပုတ်တဲ့ သခင်မဂင်မ်က သူ့သားငယ်လေးကို အင်မတန် လွမ်းဆွတ်နေပုံပါပဲ..၊ ဂျွန်မြောင်နဲ့ ရိဖန်က ဦးညွှတ်လို့ နှုတ်ဆက်တော့ ပြုံးရွှင်နေတဲ့ ဂျုံဒေးရဲ့မားမားက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ဟင်းပွဲတွေ အမြန်ပြင်ဆင်ပေးတယ်၊
စားပွဲပေါ်အပြည့်ဖြစ်နေတဲ့ ဟင်းလျာတွေကြောင့် ဂျွန်မြောင်က မျက်လုံးလေးဝိုင်းလို့နေပေမဲ့ အသွက်ကလေး ဆယ်ဟွန်းကတော့ သူလည်း ဟင်းချက်ကူခဲ့ကြောင်း ကြက်ပေါက်ပိစိလေးလို တစာစာ ကြွားဝါလို့နေတယ်၊ မင်ဟိုက ထမင်းစားဝိုင်းမှာ သူရှိနေလို့ မသင့်တာကြောင့် ထွက်သွားဖို့လုပ်ပေမဲ့ သခင်မဂင်မ်က လှမ်းမြင်ပြီး ထမင်းအတူစားဖို့ ခေါ်တယ်၊
" မင်ဟို.. သားလည်း ဝင်စားလေ၊ ခရီးပန်းလာမှာ.. "
" ကျွန်တော်က တော်ပါပြီခင်ဗျ၊ အားလုံးပြီးမှပဲ.. "
" ကဲပါ.. ထိုင်ပါ သားရယ်၊ "
အားတုံ့အားနာမျက်နှာပေးနဲ့ မင်ဟိုက သခင်မဂင်မ်ရဲ့ စကားကို မလွန်ဆန်နိုင်ပုံနဲ့ ဂျုံဒေး ဘေးမှာ ဝင်ထိုင်တဲ့အခါ မျက်လုံးတွေမှိတ်နေအောင် ရယ်ပြလာတဲ့ ဆရာဝန်ပေါက်စက မင်ဟို့ ပန်းကန်ထဲကို ဟင်းထဲထည့်ပေးတယ်၊ လူလိမ်မာလေးလို့ ထင်ချင်စရာရှိပေမဲ့ အသီးအရွက်တွေကို တောင်လိုပုံအောင် များများစားစားထည့်ပေးနေတဲ့ ဒိုင်နိုဆောကောင်ကြောင့် မင်ဟိုက နုတ်နုတ်စင်းချင်တဲ့ ရုပ်နဲ့ ဘုကြည့်ကြည့်တယ်၊
ဒီစာကလေးကောင်ကတော့ အမွှေးနှုတ်ခံရတော့မယ်..
" များများစားနော်.. ဟိဟိ "
လူယုတ်မာဇာတ်ခင်းပြီး ကျေနပ်သွားတဲ့ ဂျုံဒေးက ငါးကင်ကို ခရင်းနဲ့ ထိုးဆွနေတော့ ဟင်းရည်ငုံ့သောက်နေတဲ့ ဂျုံအင်က ငါးပန်းကန်ကို သူ့ဘက်ဆွဲယူပြီး သူ့ညီလေး စားဖို့အတွက် အရိုးနွှင်ပေးတယ်၊ ဂျွန်မြောင်ကတော့ အလည်မှာထိုင်ရင် ဆယ်ဟွန်းနဲ့ ဂျုံဒေးကို အသားကင်လေးတွေ တစ်လှည့်စီထည့်ပေးတယ်..၊ ရိဖန်ကတော့ ဂဏန်းလက်မ နှစ်ခုကို အသားထွင်ပြီး ဂျွန်မြောင့် ပန်းကန်ထဲ ထည့်ပေးတယ်၊
" ကိုကြီး.. အာ~~ "
အရိုးဖယ်နေရင်းကနေ ပါးစပ်ဟပေးလိုက်တော့ ပေါက်စက အသားကို ဆလပ်ရွက်နဲ့ထုတ်ပြီး လာခွံ့တယ်၊ တမြုံ့မြုံ့ဝါးရင်းကနေ လက်မထောင်ပြတော့ ဒိုင်နိုဆောပေါက်စက သဘောတွေကျပြီး ပြုံးသွားတယ်၊ သခင်မဂင်မ်ကတော့ မြိန်ရေယှက်ရေ စားသောက်နေကြတဲ့ ကလေးတွေကို ကြည့်ရင်း ကျေနပ်လို့နေတယ်၊ ဒီလိုကလေးတွေကို မမြင်ရဘဲ အထီးကျန်နေခဲ့ရတာ ဘယ်လောက်တောင်ကြာပြီလဲလေ..၊
စားပြီးသောက်ပြီးတော့ ပြတင်းပေါက်မှန်နားကပ်သွားကြပြန်တဲ့ ဆယ်ဟွန်းနဲ့ ဂျုံဒေးက အပြင်ဘက်မှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေကို ဘလင်းဘလင်းဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်၊
" ဝါး.. နှင်းတွေ အများကြီးဖြစ်နေတာပဲ.. "
" ဟျောင့်.. နှင်းရုပ်လုပ်တိုင်း ကစားကြမလား "
ပုခုံးကို တွန်းတိုက်ပြီး မေးလာတဲ့ ဂျုံဒေးကြောင့် ဆယ်ဟွန်းက သဘောမတူချင်ဟန်နဲ့ မျက်မှောင်လေးကြုတ်ပြီး ပြန်တွန်းတယ်၊
" ဟွန်းငယ်က ကလေးမှမဟုတ်တော့တာကို.. "
" အဲ့တော့ မကစားဘူးလား "
" ကစားကြမယ်လေ.."
ပုခုံးချင်းတိုက်လို့ အူမြူးပျော်ရွှင်ပြီး အိမ်ထဲကနေ ခပ်သုတ်သုတ် ပြေးဆင်းသွားတဲ့ နှစ်ယောက်ကြောင့် မင်ဟိုက အနောက်ကနေ ခပ်မြန်မြန် လိုက်သွားရပြန်တယ်၊ ဒီကလေးတွေက တစ်စက်လေးမှတောင် ငြိမ်ငြိမ်လေးနေချင်စိတ်တွေ မရှိဘူးထင်တယ်၊ ဘာတွေစားပြီးကြီးလာလို့ ဆယ့်နှစ်ရာသီလုံး စပ်စလူးဖြစ်နေကြလဲမသိဘူး၊
" ရိဖန်.. ငါတို့လည်း လမ်းလျှောက်သွားကြမယ်လေ.. "
တက်ကြွနေတဲ့ ဂျွန်မြောင့်စကားကြောင့် ရိဖန်က အချိုပွဲစားနေရာကနေ မညီးမညူပဲ ထလိုက်လာတယ်၊ ဂျုံအင်ကတော့ မားမားဂင်မ် အလုပ်မရှုပ်ရအောင် ဟင်းပွဲတွေ ကူသိမ်းပေးရင်း ကျန်ခဲ့တယ်၊
" ဟပ်ချိုး.. "
" ကျွတ်! ၀တ်ထားတာက ပါးလျပ်နေတာပဲ ၊ ရာသီဥတုက အေးနေတာကို! လူကြည့်တော့ဖြူဆုတ်ဆုတ်နဲ့ ကိုယ့်ကိုယ့်ကိုယ် ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး"
အဘိုးကြီးလို ပွစိပွစိပြောတဲ့ ရိဖန်က သူ့အိပ်ကပ်ထဲက အနွေးအိတ်လေးကို နှိုက်ပြီး ဂျွန်မြောင့်လက်ထဲ ထည့်ပေးမယ်၊ နီသွားတဲ့ နှာခေါင်းလေးကို ပွတ်သပ်နေတဲ့ ဂျွန်မြောင်က အူကြောင်ကြောင်နဲ့ ယူလိုက်တဲ့အချိန်မှာ ရိဖန်က သူဝတ်ထားတဲ့ ကုတ်ကို ချွတ်လို့ ဂျွန်မြောင့် ပုခုံးပေါ်တင်လိုက်တယ်၊
" နွေးလား.. "
" အင်း.. "
" လက်ပေး.. "
ဘယ်ဘက်လက်ကို မြှောက်ပေးလိုက်တော့ အင်္ကျီကိုဖြန့်ပြီး အင်္ကျီလက်ထဲကို လျှိုစေတယ်..၊
" အင်း.. ညာဘက်လက်.. "
လက်နှစ်ဖက်လုံး လျှိုပြီးတဲ့အချိန်မှာ သေးငယ်တဲ့ ကိုယ်ပိစိက ရိဖန်ရဲ့ ကုတ်အင်္ကျီအရှည်ကြီးထဲမှာ ကလေးပေါက်စလို မြုပ်သွားတော့ ဟက်ခနဲ ထရယ်ပြီး ရင်ဘတ်ကို စေ့ပြီး ကြယ်သီးတပ်ပေးလိုက်သေးတယ်၊ ပြီးတော့ သူ့လည်ပင်းက မာဖလာကို ဖြုတ်ပြီး ဂျွန်မြောင့်ကို သေချာပတ်ပေးလိုက်သေးတယ်၊
ဂျွန်မြောင့်ခမျာ ခြေဖမိုးထိရောက်နေတဲ့ ကုတ်အင်္ကျီအထူကြီးနဲ့ လှုပ်မရ ပြုမရ၊ သူ့ကို ကျောခိုင်းပြီး ရှေ့က ထွက်သွားတဲ့ ညီကြောင့် အနောက်က ဖြည်းဖြည်းချင်းလိုက်ပေမဲ့ မလွတ်မလပ်ဖြစ်နေတဲ့ သူ့ပုံစံက ပင်ကွင်းလေးလို ကားယားကားယား ဖြစ်နေတာမို့ ဂျွန်မြောင်က စိတ်ရှုပ်လာတယ်၊
" ရိဖန်.. "
" ပြော.. "
" မင်းအင်္ကျီကြီးက လေးတယ် "
စူပုတ်ပုတ်ပြောနေတဲ့ အစ်ကိုပေါက်စကြောင့် ရိဖန်က လှည့်ကြည့်ပြီး ရယ်တယ်၊ ပြီးတော့ အိပ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ရှုံ့မဲ့နေတဲ့ ယုန်ပင်ကွင်းကို ဓာတ်ပုံရိုက်လိုက်သေးတယ်၊၊ စွာတေးနေတဲ့ ယုန်ပုက ကပ်ကပ်လန်အောင် အော်ပြီး ရှေ့တိုးလာတော့ ဖုန်းထဲက ပုံတွေကို ကြည့်ရင်း ဝေဖန်လိုက်သေးတယ်၊
" ဘာလုပ်တာလဲ.. "
" ရုပ်ဆိုးလိုက်တာ "
" ပြန်ဖျက်ပေး! "
" ကိုယ့်ဟာကိုယ် လာဖျက်လေ.. "
ဖုန်းကိုထောင်ပြတော့ ခုန်ပြီး လုလာတာမို့ လက်ကို ဘတ်ခနဲ ပြန်ဆန့်ရင်း အရှိန်လွန်လဲတော့မယ့် သူ့အစ်ကိုကိုလည်း လှမ်းထိန်းလိုက်တယ်၊
"ဘယ်လိုပဲပြောပြော.. စာအကျက်လွန်ပြီး မဖွံ့ဖြိုးတော့တာများလား၊ ဟွန်းငယ်တောင် အရပ်ရှည်လာပြီ ဘယ်လိုဖြစ်ရတာလဲ၊ မွေးတုန်းက တစ်ခုခုများ မှားသွားတာလား.. အာ.. ဇာတ်ကားတွေထဲကလို ကလေးချင်း မှားပါလာတာဖြစ်မယ်။
ဘယ်လိုလဲ၊ မိဘအရင်းကို ရှာချင်သေးလား "
" Ya! "
သေးညှပ်နေတဲ့ ခန္ဓာကိုယ်လေးကို အမြဲနှိုင်းယှဉ်ရင်း စနောက်လေ့ရှိတဲ့ ရိဖန်က ဒီနေ့လည်း မခံချင်လောက်အောင် စနောက်နေပြန်တာကြောင့် တဖြည်းဖြည်းစူပုတ်လာတဲ့ ဒေါက်တာလေးဂျွန်မြောင်က သူ့ညီရဲ့ ခြေထောက်ကို ဖြတ်ကန်ရင်း အော်တယ်၊
ရိဖန်က ပြန်လုပ်ဖို့ရွယ်တော့ အရှေ့ကနေပြေးရင်း နှင်းပုံထဲ ဘုတ်ခနဲ ပစ်လဲပြန်တယ်၊ အဲ့တော့မှပဲ အရှိန်ရပ်လိုက်တဲ့ ရိဖန်က မျက်မှောင်ကြုတ်ပြီး သူ့အစ်ကိုအနားကို ဖြည်းဖြည်းချင်း လျှောက်လာတယ်၊
" ထ.. အေးတယ်.. "
လေသံပျော့သွားတဲ့ သူ့ညီကို ဂျွန်မြောင်က မျက်စောင်းပင့်ထိုးပြီး ခြေကိုဆန့်ထုတ်လိုက်တော့ အနည်းငယ်တိုတဲ့ ဘောင်းဘီလေးက လှစ်ဟသွားတာကြောင့် ခြေအိပ်အပေါ်က အသားဖြူဖြူလေးတွေ ပေါ်လာတယ်၊ လေအဝှေ့မှာ ဖြန်းခနဲ ကွက်အေးသွားပေမဲ့လည်း ရိဖန်ကို စိတ်ကောက်ခြင်းအမှုက မပြီးမြောက်သေးတာမို့ စူပုတ်ပြီး ပေပေတေတေနဲ့ ဆက်ထိုင်နေလိုက်တယ်၊
"အေး! အဲ့တိုင်းနေရင် နှင်းကိုက်မယ်..
အခု မထရင် နှစ်ခါထပ်မပြောပဲ ထမ်းခေါ်သွားတော့မှာနော်.. "
ရိဖန်အသံက ကလေးတစ်ယောက်ကို ဆူပူနေသလိုမျိုး ခပ်ဆောင့်ဆောင့်ဖြစ်လာတယ်၊ ဂျွန်မြောင်က နှုတ်ခမ်းပိုစူပြီး မျက်ခုံးပင့်တယ်၊ လက်ပိုက်ကြည့်ရင်း စိတ်မရှည်တော့တဲ့ ဗိုလ်မှူးကြီးက ပွေ့ချီဖို့ လက်လှမ်းတော့ အတင်းရုန်းကန်ရင်းအော်ပြန်တယ်၊
" ကျစ်.. ကလေးစိတ်နဲ့.. "
" အား.. ထမှာ ထမှာ .. "
ကုန်းရုန်းထဖို့ လုပ်ပေမဲ့ ရိဖန်ရဲ့ ကုတ်အထူကြီးအောက်မှာ ကို့ယို့ကားယားဖြစ်နေတဲ့ ဂျွန်မြောင်က ကြာတော့မနေနိုင်တဲ့ ရိဖန်ကပဲ လက်ဆွဲလို့ ထူရတယ်၊သူ့ပုံစံက မှုန်ကုတ်ကုတ်ဖြစ်နေပေမဲ့လည်း ဂျွန်မြောင့်မျက်နှာက နှင်းမှုန်စလေးတွေကို သေသေချာချာပွတ်ခါပေးရင်း ရွဲ့စောင်းသွားတဲ့ မာဖလာအနီလေးကို သေချာပြန်ပတ်ပေးတယ်၊
" ရာသီဥတုဆိုးတယ်၊ အအေးမမိစေနဲ့ "
" သိပါတယ်.. "
လူတတ်လေးလို ပြန်ခံပြောတဲ့ ဂျွန်မြောင့်ကြောင့် ရိဖန်က တဟက်ဟက်ရယ်တယ်၊ ပြီးတော့ နှင်းတွေထဲ မလွတ်မလပ်သွားနေတဲ့ သူ့အစ်ကိုရဲ့ဖြစ်အင်ကို သတိထားမိပြီး လက်ကမ်းပေးလာတယ်၊
"အဲ့လိုနဲ့.. နှင်းတွေထဲ ကျွံသွားဦးမယ်..
လာ.. ကျွန်တော့်လက်ကို ကိုင်၊ ဖြည်းဖြည်းလျှောက်.. ချော်လဲမယ်.. "
ခါတိုင်းဆို ခြေလှမ်းကျဲကြီးတွေနဲ့ ခပ်မတ်မတ်၊ ခပ်မြန်မြန်လျှောက်လေ့ရှိတဲ့ ရိဖန်က ဒီကနေ့မှာတော့.. သူ့အစ်ကိုရဲ့ လက်ကို သေချာဂရုတစိုက်ဆုတ်ထွေးထားရင်း မလဲကျအောင် ဂရုစိုက်ပေးလို့နေတယ်၊
" နေ့လည်စာ.. ဘာစားခဲ့သေးလဲ "
" ပေါင်မုန့် နဲ့ နွားနို့ "
" အဲ့တာပဲလား၊ ထမင်းရော.. "
" မဆာလို့လေ.. "
" ကျစ်! "
စကားအဆုံးမှာ Angry bird ကြီးလို မျက်မှောင်ကြီးကြုတ်သွားတဲ့ ရိဖန်ကို ဂျွန်မြောင်က သတိမထားမိပဲ နှင်းပုံထဲမြုပ်နေတဲ့ သူ့ခြေထောက်ကိုသူ ငုံ့ကြည့်ပြီးမှ မော့လာတယ်၊
" ရိဖန်.. "
" အင်း.. "
" အေးတယ်..
ငါ့ခြေထောက်တွေ ခဲတော့မယ်ထင်တယ်"
" ခုနက အနွေးအိတ်ရော.. "
မေးလိုက်တော့ အိပ်ကပ်ထဲက ဟာကို ထုတ်ပြရင်း လူက တစ်ကိုယ်လုံးတုန်နေပြီ၊ အိမ်တော်ဆီ ပြန်လှည့်မယ်လုပ်တော့ ခေါင်းမာတတ်တဲ့ ဒေါက်တာလေးက ဆယ်ဟွန်းတို့ ဆော့နေတဲ့ဆီကို သွားကြည့်ချင်နေသေးတယ်၊ စကားနားမထောင်တဲ့ သူ့အစ်ကိုကို မကြည်မလင်ကြည့်လာတဲ့ ရိဖန်က တင်းမာနေတဲ့မျက်နှာပြင်က အပြောင်းအလဲမရှိပဲ ဂျွန်မြောင့်ရှေ့မှာ ထိုင်ချလာတယ်၊
" လာ.. ကျောပေါ်တက် "
နှစ်ခါမပြောရပဲ ကျောပေါ်ကို ခုန်တတ်လာတဲ့ ယုန်တစ်ကောင်ကြောင့် ရိဖန်က ခပ်တိုးတိုးစုပ်သပ်လိုက်ပေမဲ့ အော်ဟစ်ပျော်ရွှင်နေကြတဲ့ ဆယ်ဟွန်းတို့ဆီမှာသာ စိတ်ရောက်နေတဲ့ ဂျွန်မြောင်က ကြားမယ်မထင်..။
" မင်းက မအေးဘူးလား.. "
" ယုန်ပေါက်စတွေပဲ ချမ်းတတ်တာ.. "
ရိဖန်ဆီက အဖြေစကားကြောင့် တဟီးဟီးရယ်သံလေးနဲ့ လည်ဂုတ်ကို သိုင်းဖက်လို့ ငြိမ်သွားတယ်၊
" ငါက လေးလား.. "
" ၀က်လိုပဲ.. တအားလေးတယ် "
ဒီစကားကိုတော့ ကျေနပ်ပုံမပေါ် မြှောက်လာတဲ့ လက်ချောင်းတွေက ရိဖန်ရဲ့ ပါးပြင်နှစ်ဖက်ဆီရောက်လာပြီး အတင်းဆွဲဖဲ့တယ်၊ စူးခနဲနာသွားတာမို့ ခြေလှမ်းတွေရပ်လိုက်တဲ့ ရိဖန်က ခေါင်းကို ယမ်းခါလို့ သူ့အစ်ကိုလက်တွေဆီကနေ ရုန်းတယ်၊
" အား.. အ.. နာတယ်၊ ယုန်ဂျပုရ.. ငါ ပစ်ချမှာနော် "
ခြိမ်းခြောက်တဲ့ လေသံနဲ့ပြန်ပြောလိုက်မှ လူကို မနာ၊နာအောင် အနိုင်ကျင့်နေတဲ့ လက်ကလေးတွေက ငြိမ်သွားတယ်၊ အဲ့ကျမှပဲ လမ်းပြန်လျှောက်လို့ရသွားတဲ့ ရိဖန်က ဂျွန်မြောင့်ခန္ဓာကိုယ်ကို သေချာထိန်းလို့ ဖြည်းဖြည်းချင်းသွားတယ်၊
" ကျန်းရီရှင်းနဲ့ အဆင်ပြေလား "
"အင်း၊ မင်းက ကျန်းရီရှင်းကို သဘောမကျလို့လား..
သဘောမတူဘူးလား"
ဂျွန်မြောင့်ဆီက တန်ပြန်မေးလာတဲ့ စကားကြောင့် ရိဖန်က ခဏငြိမ်သွားတယ်၊ လွန်ခဲ့တဲ့ရက်တွေတုန်းက မားမားက ဖုန်းဆက်ပြီး သူ့သားအကြီးကို ဘယ်သူ့ကိုမှ မပေးနိုင်တဲ့ အကြောင်းပြောသွားတာကို သတိရမိသေးတယ်၊ ကိုယ်ကတော့ ဂျွန်မြောင့်ကို ရီရှင်းနဲ့ သဘောမတူတာတော့ မဟုတ်ပေမဲ့လည်း.. ဂျွန်မြောင် ပျော်ရင် အဆင်ပြေတာပါပဲ..၊ လက်ထပ်ရမဲ့အရွယ်လည်း ရောက်ပြီမလား..
" သူ့ကို ချစ်လား.. "
" အင်းပေါ့.. "
" သူနဲ့ နေရတာပျော်လား.. "
" အင်း.. ပျော်တယ် "
"မင်းပျော်ရင် ပြီးတာပဲ၊
အဲ့ဒီ့ကောင်ကြောင့် စိတ်ထိခိုက်ရတဲ့နေ့ရှိလာရင်.. ပြော..
တစ်စက္ကန့်တောင် အရှင်မထားပဲ သတ်ပစ်မယ် "
" အယ်.. "
ရိဖန်ဆီက လူမိုက်လိုစကားကြောင့် သဘောကျပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်တဲ့ ဂျွန်မြောင်က ခေါင်းကိုစောင်းငဲ့ပြီး သူ့ညီရဲ့ ပါးကို နောက်တစ်ချက်ဆွဲလိုက်သေးတယ်၊
" မင်း ပြောတော့ ငါ့ကို မြန်မြန်လက်ထပ်စေချင်တယ်ဆို..၊ ရောင်းမထွက်တဲ့ ရှေးဟောင်းပန်းအိုးကြီးဆို..၊ အခုကျ သူများကို မပေးချင်ပြန်ဘူး "
" အရူးလား! ဒီလောက်ထိ အဖိုးတန်တာကို..
ဘယ်သူက ပေးချင်တယ်လို့ ပြောမိလို့လဲ..
တစ်ယောက်တည်း အထီးမကျန်စေချင်လို့လေ.. "
အဆုံးသတ်စကားမှာ အနည်းငယ်တိုးသွားပေမဲ့ ဂျွန်မြောင်က ကြားဖြစ်အောင် ကြားလိုက်သေးတယ်၊ သူ့အတွက်တွေးပေးနေတဲ့ ညီငယ်ကြောင့် ခပ်ဖွဖွလေး ပြုံးလိုက်ရင်း တိုးတိုးလေး ပြန်ဖြေတယ်၊
" ကျန်းရီရှင်းက လူကောင်းပါ၊ "
" ငါသိတယ်! အခုကတည်းက သူ့ဘက်ပါမနေနဲ့၊
လူကောင်းဆိုတာ အမြဲတမ်းကောင်းနေတာမဟုတ်လို့ သူ့ကို အရမ်းလည်းမယုံနဲ့..၊ တစ်ခုခုဆို ကျွန်တော့်ကိုပြော၊ ချက်ချင်းလာခဲ့မယ် "
" ရိဖန် "
" အင်း.. "
"မင်းစိတ်ထဲမှာ ငါ့ကို ငါးနှစ်သားလေးလို့ မြင်နေတာလား "
" မြင်စရာလား! စိတ်ရှုပ်လို့ပြောတာ!
မင်း တစ်ခုခုပြသနာဖြစ်ရင် ငါ့ခေါင်းပေါ်ပဲရောက်လာမှာ ! "
ပွစိပွစိနဲ့ ရှက်ရမ်းတွေရမ်းပြီး ပိတ်အော်သွားတဲ့ ရိဖန်ကြောင့် ဂျွန်မြောင်က ခိုးရယ်တယ်၊ " အင်းပါ ၊ အင်းပါ " လို့ ခပ်တိုးတိုး ထောက်ခံလိုက်တော့ ရိဖန်က သူ့ကို အရွဲ့တိုက်နေတာလား ဆိုတဲ့ ပုံစံနဲ့ မျက်မှောင်ကြီး ကြုတ်ပြီး လှည့်ကြည့်လာသေးတယ်၊
" ကိုကြီးတို့!!! ဒီမှာ ဂျုံဒေး နှင်းရုပ်လုပ်ထားတယ်!! "
အာဗြဲအောင် လှမ်းအော်လိုက်တဲ့ ဆရာဝန်ပေါက်စရဲ့ အသံကြောင့် ရိဖန်ရော ဂျွန်မြောင်ပါ ကလေးတွေဆီ အာရုံပြန်ရောက်လာတယ်၊ အဲ့တော့မှပဲ ဂျွန်မြောင်က ရိဖန်ကို ရပ်ခိုင်းလိုက်ပြီး ကျောပေါ်ကနေ ခုန်ဆင်းလို့ မင်ဟို ရပ်နေတဲ့နားထိ လျှောက်သွားတယ်၊
" ဟွန်းငယ်ရဲ့ နှင်းရုပ်က ပိုလှတယ်!
ဒေးဒေးဟာက ရုပ်ဆိုးချက် "
" ယား!!!! အိုဟွန်းငယ်! "
သူ့အရုပ်ကို မလှဘူးလို့ပြောလို့ ဆရာဝန်ပေါက်စ ခါးကိုထောက်၊ ခေါင်းမော့ပြီး ရန်စောင်တယ်၊ မတွေ့ရတဲ့ အချိန်အတွင်းလေးမှာ ဆယ်ဟွန်းက အရပ်တော်တော်ရှည်လာတာမို့ ဂျုံဒေးက ခေါင်းမော့ပြီး ကြည့်နေရတယ်၊
" ဘာလဲ ရန်ဖြစ်မလား! "
" လာလေ! "
စွာတေးလန်နေတဲ့ ဂျပုလေးက ဟွန်းငယ်ရဲ့ ခြေထောက်ကို ဘတ်ခနဲ ဆောင့်ကန်ပြီး လှစ်ခနဲ ထွက်ပြေးတယ်၊ အားခနဲ အကျယ်ကြီး ထအော်တဲ့ ဆယ်ဟွန်းက ဂျုံဒေးရဲ့ အနောက်ကနေ ဖတ်ဖတ် ဖတ်ဖတ်နဲ့ ပြေးလိုက်တယ်၊
" ဂင်ဂျုံဒေး!! ဒီကိုလာ!! "
ဆူပွက်နေတဲ့ အော်သံက ဟိန်းခနဲပဲ၊
ဆရာဝန်ပေါက်စကို အနောက်ကနေ ခုန်အုပ်လိုက်တဲ့ ဆယ်ဟွန်းက ဂျုံဒေးရဲ့ ခန္ဓာကိုယ်ကို အတင်းဖိထားပြီး မျက်နှာကို နှင်းတွေနဲ့ ပေါက်တယ်၊ ဟိုစွာစိလန်အသေးလေးကလည်း နည်းနည်းလေးမှ ငြိမ်မခံ ၊ ဆယ်ဟွန်းရဲ့ ပုခုံးကို ဆောင့်ဆွဲပြီး တွန်းချတယ်၊ ပြီးတာနဲ့ လည်ပင်းကို နှင်းတွေနဲ့ သိပ်ထည့်တော့တာပဲ၊
" အိုမား! အေးတယ်ဟ "
" မင်းကို နှင်းလူသားလုပ်ပစ်မယ် ၊ အိုဟွန်းငယ်ရေခဲချောင်းလုပ်ပစ်မယ်၊ "
" ဂင်ဂျုံဒေးရေခဲမုန့် လုပ်ပစ်မယ် "
" Yarr!! ငါ့ဆံပင်ကို မဆွဲနဲ့!! "
တစ်ယောက်ကို တစ်ယောက် နှင်းတွေနဲ့ ပက်နေရာကနေ မနိုင်လို့ ဆံပင်ပါ ထဆွဲတဲ့ အိုဟွန်းငယ်ကို ဂျုံဒေးကလည်း ချစ်ခင်စွာနဲ့ ကုန်းကိုက်လို့ တုံ့ပြန်တယ်၊
" ကိုကြီးရိဖန်ရေ! ဒီမှာ သားကို အနိုင်ကျင့်နေတယ်!! "
" ကိုကြီးဂျွန်မြောင်!!! ဒေးဒေးကို ဟွန်းငယ်က ဆံပင်ဆွဲတယ်!! "
ဆိုင်ရာပိုင်ရာတွေအော်ဟစ်ရင်း နှစ်ယောက်သား နှင်းတွေပေါ် လူးလိမ့်ပြီး ရန်သတ်နေတာကို ဂျွန်မြောင်၊ ရိဖန်နဲ့ မင်ဟိုက လက်ပိုက်ပြီး ကြည့်နေတယ်၊ ကျန်တဲ့လူနဲ့ ရန်ဖြစ်ရင် ၀င်ဆွဲရမှာက မင်ဟို့တာဝန်ဆိုပေမဲ့ သခင်လေးအိုဆယ်ဟွန်းနဲ့ ရန်ဖြစ်ရင်တော့ ၀င်ဆွဲစရာမလို၊
" သူတို့က ဘယ်အချိန်မှ တည့်ကြမှာလဲ "
ရိဖန်က ခေါင်းတယမ်းယမ်းပြုရင်း ပြောတော့ မင်ဟိုက တဟက်ဟက်ရယ်တယ်၊
" ငယ်ငယ်လေးကတည်းက နပန်းသတ်ပြီး ရန်ပွဲအချီချီဖိုက်လာတာ၊ ဒီတစ်သက်တည့်မဲ့ပုံမပေါ်ဘူး "
မင်ဟိုပြောတဲ့စကားက မှားတော့မမှား၊ ငယ်ငယ်လေးကတည်းက တွေ့တာနဲ့ ဖက်ကိုက်တယ်၊ ရန်ဖြစ်ရင် အနားက ရှိတဲ့ပစ္စည်းနဲ့ တစ်ယောက်ကို တစ်ယောက် ထုတယ်၊ ကုတ်တယ်၊ ကိုက်တယ်၊ တစ်ယောက်ငိုရင် နောက်တစ်ယောက်ကလည်း အာဗြဲကြီးနဲ့လိုက်ငိုရော.. ဟွန်းငယ်က ထွားပြီး ဂျုံဒေးက သေးတော့ ရွယ်တူလိုဖြစ်နေကြရောပဲ၊
"မင်းလည်း ချစ်သူလေး ဘာလေးထားတော့၊
တစ်နေ့တစ်နေ့ ဂင်ဂျုံဒေးကို လိုက်ထိန်းရင်း အသက်ကြီးသွားတော့မယ် "
ဂျွန်မြောင့်ရဲ့စကားကြောင့် မင်ဟိုက ခပ်ဖွဖွလေး ပြုံးသွားတယ်၊ ပြီးတော့ ဆယ်ဟွန်းနဲ့ ရန်ဖြစ်နေတဲ့ ဂျုံဒေးကို တစ်ချက်လှမ်းကြည့်ပြီးမှ.. " ကျွန်တော်လည်း အားလပ်ရက်ယူပြီး အချစ်ကို ရှာဖို့ တွေးထားပါတယ် " လို့ ခပ်တိုးတိုးပြန်ဖြေတော့ ဂျွန်မြောင်က အံ့အားသင့်ဟန် မျက်လုံးဝိုင်းလေးတွေနဲ့ ပင့်ကြည့်လာပြီး ခေါင်းတဆတ်ဆတ်ငြိမ့်တယ်..၊ သူတို့ကို အာရုံရှိဟန်မတူတဲ့ ရိဖန်ကတော့ လုံးသတ်နေတဲ့ ကလေးတွေကိုသာ မျက်မှောင်ကျုံ့လို့ လက်ပိုက်ကြည့်လို့နေခဲ့တယ်၊
ဒါကတော့ ဂင်ဂျုံဒေးရေခဲမုန့် နဲ့ အိုဟွန်းငယ်ရေခဲချောင်းလေးပါ။
_________________________________________
" အဲ့တာဆို ကျွန်တော်တို့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့.. "
အစည်းအဝေးပြီးသွားတာမို့ လက်ဆွဲအိတ်ထဲကို စာရွက်စာတမ်းတစ်ချို့ကောက်ထည့်နေတဲ့ ဒေါက်တာဂင်မင်ဆော့က တဂျီဂျီမြည်လာတဲ့ ဖုန်းကို တစ်ချက်ကြည့်ပြီးမှ တခြားလုပ်ဖော်ကိုင်ဖက်တွေကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ပြီး အခန်းထဲကနေ အရင်ဆုံးထွက်လာခဲ့လိုက်တယ်၊
" ဟယ်လို.. "
" အင်း.. ကိုကို့ကလေးလေး.. "
လေဆိပ်ကို လာမကြိုဖြစ်လို့ စိတ်ကောက်နေမယ်ထင်ထားပေမဲ့ ကလေးပိစိဆီက လန်းဆန်းနေတဲ့ အသံလေးကြောင့် မင်ဆော့ရဲ့ နှုတ်ခမ်းတွေက ကွေးကော့လို့သွားတယ်၊ ကိုယ်ပိုင်အခန်းဆီပြန်မသွားတော့ပဲ တစ်ခါတည်းအလုပ်ဆင်းဖို့ ဆုံးဖြတ်လိုက်တဲ့ ဒေါက်တာမင်ဆော့က သူ့အသည်းအသက်ကို တွေ့ချင်လှပြီဖြစ်တယ်၊
" ကိုကို.. ကိုကိုးး.. "
" ဗျာ.. ဗျ.. "
" ဂျုံဒေးကို မလွမ်းဘူးလား၊ "
" ကိုကို့အသည်းကို လွမ်းတာပေါ့ဗျာ၊
အခု ဘယ်မှာလဲ ကလေး၊ ကိုကို လာခေါ်မယ်လေ.. "
ခပ်မြန်မြန်လျှောက်နေတဲ့ ခြေလှမ်းတွေနဲ့အတူ ကော်ရစ်တာတစ်လျှောက် သူ့ကိုနှုတ်ဆက်နေကြတဲ့ ဒေါက်တာတွေ၊ သူနာပြုတွေကို ပြန်နှုတ်ဆက်ရင်း တစ်ဖက်က ဆည်းလည်းသံလေးကို အာရုံစိုက်တယ်၊
" အွန်း.. လာခေါ်၊
ဂျုံဒေးက ကိုကို့ရုံးခန်းမှာ.. "
" ဟင်.. "
" surprise!
ကိုကို လာကြိုနေရင် ပင်ပန်းမှာစိုးလို့၊ ဘယ်လိုလဲ?
ဟော့ဒီဂင်ဂျုံဒေးလေးကို ကိုကို ပိုချစ်မိသွားပြီမဟုတ်လား?"
မင်ဆော့ရဲ့ အမောပြေလေးဆီက တီတီတာတာစကားလေးက ချစ်ဖို့ကောင်းလွန်းတာမို့ ရုတ်တရက် ဘာတုံ့ပြန်ရမှန်းမသိတော့တဲ့ မင်ဆော့က နေရာမှာတင် တုန့်ခနဲ ရပ်လိုက်မိတယ်၊ နောက်တော့ ထွက်ကျလုမတက် တရစပ်ခုန်လှုပ်လာတဲ့ နှလုံးသားငယ်ရှိရာ ဘယ်ဘက်ရင်အုံကို အုပ်ကိုင်ရင်း ဟားခနဲ ခပ်တိုးတိုးရယ်လိုက်မိတယ်..၊ သူ့မှာ စကားလေးတစ်ခွန်းနဲ့တင် ခြေထောက်တွေ ခွေယိုင်ကျလုမတက်ပဲ..
တကယ်ပဲ.. တကယ်ပဲ..
ဒီအဆိုးအသွမ်းလေးက.. လူကို ရူးအောင်လုပ်နေတဲ့နေရာမှာ ပါရမီ ပါတယ်ထင်ပါရဲ့.
" ကိုကို.. ကိုကိုလို့.. "
" ချစ်တယ်..
ချစ်တယ် ကိုကို့အသည်းလေးရဲ့ .."
စကားဆုံးတဲ့အခါ ဖုန်းချလိုက်တဲ့ ဒေါက်တာမင်ဆော့က ဆေးရုံပြင်ပကို ဦးတည်နေတဲ့ သူ့ခြေလှမ်းတွေကို ဆန့်ကျင်ဘက်အရပ်ဆီ ချက်ချင်းပြောင်းလဲပစ်ပြီး သူ့ရုံးခန်းရှိတာကို ခပ်သွက်သွက်ပြေးတော့တာပဲ၊
အဲ့သည်လို အလျင်အမြန်ပြေးသွားတဲ့ မင်ဆော့ကို သတိထားမိသွားတဲ့ သူနာပြုမလေးတွေကတော့ အချင်းချင်းတွန်းတိုက်လို့ အသိပေးရင်း မျက်စိဒေါက်ထောက်လိုက်ကြည့်တယ်၊
" ငါတို့ဒေါက်တာမင်ဆော့က အလျင်လိုနေပါလား၊
ဘာဖြစ်လို့ပါလိမ့် "
သူနာပြုလေးတွေဆီ ထူးထူးဆန်းဆန်းစကားကြောင့် ကောင်တာကို လက်ထောက်ပြီး ရပ်နေတဲ့ ပတ်ချန်းယောလ်က လူနာမှတ်တမ်းကို ဖတ်နေရာကနေ မင်ဆော့ရှိရာကို ခေါင်းမော့လို့ကြည့်တယ်၊ တည်ငြိမ်အေးချမ်းတဲ့ ဒေါက်တာမင်ဆော့ရဲ့ ပြာယာခတ်နေတဲ့ ပုံစံအသစ်ကို မြင်တဲ့အခါ မျက်မှောင်ကြုတ်သွားရင်း သူ့မေးဖျားကို သူပွတ်လို့ စဉ်းစားဟန်ပြုတယ်၊
" ဖြစ်နိုင်တာက.. "
ခက်ခဲတဲ့ပုစ္ဆာတစ်ခုကို အချိန်ယူတွက်ချက်နေသလိုမျိုး ရုပ်တည်ကြီးနဲ့ မျက်မှောင်ကုတ်စဉ်းစားနေတဲ့ ဒေါက်တာချန်းယောလ်ကြောင့် မင်ဆော့သွားရာကို လှမ်းကြည့်နေကြတဲ့ သူနာပြုလေးတွေက ချန်းယောဘက်ကို စိတ်ဝင်တစား ပြန်လှည့်လာပြီး အဖြေစကားကို မျှော်လင့်တကြီး စောင့်ဆိုင်းလို့နေကြတယ်၊
" အိမ်သာတက်ချင်လို့များလား.. "
" ဒေါက်တာကလည်း.. ဖြစ်နိုင်တာပြောပါ.. "
" ဘာလဲ? အဲ့တာက ဖြစ်နိုင်ချေအရှိဆုံးပဲကို.. "
ခေါင်းလေးတွေ ခါရမ်းလိုက်တဲ့ သူနာပြုလေးတွေက ချန်းယောစကားကို မထောက်ခံဟန်နဲ့ အပြည့်အဝငြင်းဆိုတယ်၊ ဒါပေမဲ့လည်း သူ့အဖြေမှာ ယုံကြည်စိတ်အပြည့်အဝရှိနေတဲ့ ချန်းယောလ်က လုံးဝလက်မလျော့ပဲ သူနာပြုမလေးတွေနဲ့ ဆက်ငြင်းပြန်တယ်၊
" ဖြစ်နိုင်ပါတယ်ဆို.. "
" မဖြစ်နိုင်ပါဘူးဆို.. "
အဲ့သည်လိုနဲ့ သူတို့ရဲ့ စကားဝိုင်းကြီးက လူနာမှတ်တမ်းတွေ အကြောင်းမဟုတ်တော့ပဲ "ဒေါက်တာမင်ဆော့ အိမ်သာသွားတာ ဟုတ်သလား၊ မဟုတ်ဘူးလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားနိုင်လုပွဲအဖြစ် ပြောင်းလဲသွားတော့တယ်၊
"ဘာတွေကို အဲ့လောက်ထိ အကြီးအကျယ်အငြင်းပွားနေကြတာလဲ.. "
သူတို့ အသားကုန်ငြင်းနေတုန်းမှာ စကားဝိုင်းထဲ ဝင်လာတဲ့ ရင်းနှီးတဲ့အသံကြောင့် အားလုံးရဲ့အာရုံက ထိုလူစိမ်းဆီကို ပြုံကျသွားတယ်၊ ထိုလူက လူစိမ်းမဟုတ်ပဲ မုန့်ထုတ်တွေကို မနိုင်မနင်းသယ်လာတဲ့ ဂျွန်မြောင်ပဲဖြစ်တယ်၊ သူနာပြုမလေးက သူတို့ရဲ့ကိုလူချောဒေါက်တာလေးကို မြင်တော့ ဝမ်းသာအားရ ထအော်ကြတယ်၊ လုပ်အားပေးသွားတဲ့ ဒီဆရာဝန်လေးကို မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ...
" ဒေါက်တာဂင် !! "
" မတွေ့ရတာကြာပြီနော်၊
အားလုံးအတွက် ကော်ဖီ နဲ့ ကိတ်လေးတွေ ဝယ်လာပါတယ်.. "
ချိုချိုသာသာလေး ပြုံးရယ်လိုက်တဲ့ ဒေါက်တာလေးက သူ့လက်ထဲက မုန့်ထုတ်တွေကို ကောင်တာပေါ်တင်ပေးလိုက်တာကြောင့် သူနာပြုမလေးတွေက သဘောတွေကျပြီး ကျေးဇူးတင်စကားဆိုကြတယ်၊ လူနာမှတ်တမ်းဖိုင်တွဲကို ပိတ်လိုက်တဲ့ ချန်းယောကတော့ မမြင်ရတာကြာပြီဖြစ်တဲ့ ဂျွန်မြောင့်ကို မျက်လုံးမှေးကြည့်ရင်း ပခုံးချင်းတိုက်တယ်..။
" ငါ့အတွက်ကရော.. "
" မပါဘူးလေ.. "
တုံ့ဆိုင်းချင်းမရှိပဲ ပြတ်ပြတ်သားသားဖြေလာတဲ့ သူငယ်ချင်းကြောင့် ချန်းယောလ်က နှုတ်ခမ်းကို မဲ့လိုက်တော့ ဂျွန်မြောင်က တဟက်ဟက်ရယ်လေတယ်၊
" ညစာစားပြီးပြီလား "
" အခုပဲ သွားစားမလို့.. လိုက်မလား "
" အေး၊ "
ညဂျူတီမို့ ဆေးရုံကန်တင်းမှာပဲ ထမင်းစားဖို့ကြံရွယ်လိုက်တဲ့ ချန်းယောလ်က သူ့အတွက်ငွေရှင်းရင်း ဂျွန်မြောင့်အတွက်ပါ အအေးတစ်ခွက် ပိုဝယ်လိုက်တယ်၊ ခုံမှာ အသင့်ထိုင်စောင့်နေတဲ့ ဂျွန်မြောင်က စားပွဲပေါ်လက်ထောက်ရင်း သူ မလာဖြစ်တာ ကြာပြီဖြစ်တဲ့ ဆေးရုံကို မျက်လုံးဝေ့ကြည့်လို့နေတယ်၊
" ငါတို့က မင်းတို့အလုပ်ဆင်းတဲ့နေ့မှ ကြိုဆိုပွဲလုပ်ဖို့ စီစဉ်ထားတာ၊ ရုတ်တရက်ကြီး ဘာအကြောင်းရှိလို့ ရောက်ချလာတာလဲ.. ခရီးက ပြန်လာတာကို နည်းနည်းပါးပါး နားတာမဟုတ်ဘူး "
အသင့်ဝယ်လာတဲ့အအေးကို ဂျွန်မြောင့်ဘေးနားချပေးလိုက်ရင်း ဆူပူသလိုပြောတဲ့ ချန်းယောက ခေါင်းတရမ်းရမ်းပြုပြီးမှ ထမင်းကို စစားတယ်၊ ဂျွန်မြောင်ကတော့ တွေဝေငေးနေရာကနေ မျက်စိရှေ့က အအေးကို ယူသောက်လိုက်ရင်း ချန်းကို တုံ့ပြန်တယ်၊
"မရောက်တာကြာလို့ မျက်နှာလာပြတာလေကွာ..
အိမ်မှာလည်း တစ်ယောက်တည်းရှိတာဆိုတော့ နည်းနည်းပျင်းစရာကောင်းလို့ ဒီကို ထွက်လာတာ.. ၊ ငါ အသက်ကြီးလာလို့များလားမသိဘူး.. အလုပ်မရှိရင် မနေနိုင်ဘူး ဖြစ်နေတယ် "
" မင်းလည်း အဲ့လိုခံစားနေရတာလား၊ အတူတူပဲ.. "
ဒီတစ်ခေါက် ဂျွန်မြောင့်စကားကိုတော့ ချန်းယောက သူ့လက်ထဲက ဇွန်းကိုထောင်လိုက်ရင်း ချက်ချင်းပဲ တက်တက်ကြွကြွထောက်ခံတယ်၊
" အပိုတွေ.. မင်းကတော့ ဘတ်ဟျွန်းနှင်ထုတ်လိုက်လို့ လုပ်စရာမရှိဖြစ်ပြီး အလုပ်ပြန်ဆင်းတာ မဟုတ်ဘူးလား"
" မဟုတ်ပါဘူး.. "
နှာခေါင်းရှုံ့ရင်း သူ့ကို မယုံမကြည်ပြန်မေးခွန်းထုတ်လာတဲ့ ဂျွန်မြောင်ကြောင့် ချန်းယောက လူမိသွားဟန် မျက်နှာမျိုးဖြစ်ပြီးမှ ခပ်နှေးနှေးငြင်းဆိုတယ်၊ အဲ့သည်လို အပြုအမူကြောင့် နှုတ်ခမ်းလေးမဲ့လိုက်တဲ့ ဂျွန်မြောင်က " မင်းအကြောင်းတွေ ငါသိပြီးသား " ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ခပ်ပြုံးပြုံးလုပ်တယ်၊
မကျေနပ်ဟန်ဖြစ်သွားတဲ့ ချန်းက ဂျွန်မြောင့်ကို ချေပဖို့ စကားရှာနေရင်းနဲ့မှ တစ်စုံတစ်ခုကို သတိရသွားဟန်အမူအယာမျိုးဖြစ်သွားတယ်၊
" ဒါနဲ့ တစ်ယောက်တည်းလာတာလား၊
ဟိုဂျစ်တူးကောင်ရော ပါတယ်မလား.. ခုနက မင်ဆော့ ပြာယာခတ်နေတာတွေ့တယ် "
" အော.. မင်း မသိဘူးထင်နေတာ.. "
ဂျွန်မြောင်က အံ့သြသလို နှုတ်ခမ်းလေးဟသွားတော့ ချန်းယောက ပါးချိုင့်ခွက်တွေ ပေါ်လာတဲ့အထိ ဂုဏ်ဆာစွာ ပြုံးတယ်၊ ပြီးတော့ ထမင်းကို ခပ်သွက်သွက် ငုံ့စားရင်းကနေ ပလုတ်ပလောင်း ဆက်ပြောလာတယ်
" ငါက ဘာလို့မသိရမှာလဲ... အဲ့လောက်ထိ မူပျက်နေတာကို..၊ ဂင်မင်ဆော့က ဂျုံဒေးကိုဆို သည်းသည်းလှုပ်ပဲလေ.. "
အားပါးတရကို ပြောနေတဲ့ ချန်းယောကြောင့် သူ့ဆီလွင့်ပျံလာတဲ့ ထမင်းစေ့တွေကို သိုင်းကွက်ထုတ်လို့ ရှောင်ရှားလိုက်တဲ့ ဂျွန်မြောင်က စားပွဲအလည်မှာ ဓားစာခံဖြစ်နေတဲ့ အအေးခွက်လေးကို အန္တာရယ်ကင်းအောင် အမြန်လှမ်းယူလိုက်ရင်း ခေါင်းတငြိမ့်ငြိမ့်ပြုတယ်၊
မင်ဆော့က ဂျုံဒေးကို သည်းသည်းလှုပ်တယ်ဆိုတာ အမှန်ပါပဲ...။
ဒေါက်တာမင်ဆော့က သူ့မူအတိုင်း အေးအေးလေးနေတတ်ပေမဲ့ ဂျုံဒေးအပေါ်တော့ အေးတိအေးစက်မဟုတ်ပဲ တွယ်တွယ်တာတာရှိလှတယ်၊ လူတိုင်းကို နွေးနွေးထွေးထွေးဆက်ဆံလေ့ရှိတဲ့ မင်ဆော့က ဂျုံဒေးကိုတော့ သာမန်ထက်ထူးကဲပြီး ကြင်နာချိုသာ မျက်နှာသာပေးလေ့စမြဲ၊
" ငါမှတ်မိသေးတယ်.. သူတို့ ပထမဆုံးစတွေ့တာက..
ဂျုံဒေး ဒုတိယနှစ်တုန်းကမလား.. "
ချိုမြိန်တဲ့ အမှတ်တရနေ့ရက်တွေကို လည်ပြန်သတိရသွားဟန်နဲ့ ကြည်ကြည်နူးနူးလေး ပြောလာတဲ့ ဂျွန်မြောင်ကြောင့် ချန်းယောက တခဏတာမျက်မှောင်ကုတ်လို့ စဉ်းစားနေပြီးတော့မှ ပြန်သတိရသွားပြီး စားပွဲခုံကို လက်ဝါးနဲ့ တဖုန်းဖုန်းရိုက်တယ်၊
" အား.. သိပြီ၊
ဂျုံဒေးက မင်းကို စာကြည့်တိုက်မှာ လာတွေ့တာလေ..၊ ပြီးတော့.. မင်ဆော့ကို မင်းလို့ ထင်ပြီး လူမှားဖက်လိုက်တာ.. "
" အင်း.. "
လက်ညိုးတရမ်းရမ်းနဲ့ ချန်းယောက အတိတ်ကတက္ကသိုလ်နေ့ရက်တွေကို အသည်းအသန်ပြန်စဉ်းစားတယ်၊ စပ်စလူးစိန်လေး ဂျုံဒေးက ဂျွန်မြောင်နဲ့ အရပ်၊ခန္ဓာချင်းဆင်တူတဲ့ မင်ဆော့ကို သူ့စီနီယာအမှတ်နဲ့ ပြေးဖက်လို့ နှုတ်ဆက်ခဲ့တဲ့နေ့တုန်းက မျက်နှာတစ်ခုလုံးနီရဲပြီး တစ်ကိုယ်လုံးတုန်ယင်သွားတဲ့ မင်ဆော့ရဲ့ပုံစံကို သူ အမှတ်ရနေတုန်းပါပဲ..၊
" ငါဖြင့် အဲ့ဒီနေ့က မင်ဆော့ စိတ်ဆိုးသွားတယ်လို့တောင် ထင်တာ.. "
ချန်းဆီက စကားကြောင့် ပြုံးသွားတဲ့ ဂျွန်မြောင်က ကုန်သွားပြီဖြစ်တဲ့ အအေးကြောင့် ရေခဲတွေကို တဂျွမ်းဂျွမ်းကိုက်ဝါးနေရင်းကနေ ချန်းယောမသိသေးတဲ့ အမှန်တရားတစ်ခုကို ခပ်တိုးတိုးပြောပြတယ်၊
" လျို့ဝှက်ချက်တစ်ခုပြောပြရမလား..
အဲ့ဒီ့နေ့မှာပဲ မင်ဆော့က မြင်မြင်ချင်းချစ်မိခဲ့တာတဲ့.. "
" What?! "
ဒီလိုမျိုးတော့ မထင်ထားခဲ့..၊
အရင်ဆုံးချစ်ခွင့်ပန်ခဲ့တာက ဂျုံဒေးပဲမို့ မင်ဆော့ဘက်က အရင်ဆုံး စိတ်ဝင်စားခဲ့တယ်ဆိုတဲ့ စကားက ချန်းယောကို စိတ်ဝင်စားမှုမြင့်တက်စေလေတယ်..၊
" ဝှိုင်း.. ဝှိုင်း..
ဘာလို့တဲ့လဲ.. ငါ့ကို ပြောပြ.. ပြောပြ... "
ဂျွန်မြောင့်ရဲ့ အင်္ကျီလက်ဖျားစကို လှမ်းဆွဲလိုက်တဲ့ ချန်းယောက သူ့ဂျူတီချိန်ကို သတိမရတော့ပဲ သတင်းနားထောင်ဖို့ အဆင်သင့်ဖြစ်လို့နေတယ်၊ ဂျွန်မြောင်ကလည်း သိပ်တော့ မပြောပြချင်ရှာ.. ပျင်းတိပျင်းရွဲထိုင်ရင်း ရေခဲတွေ တဂျွမ်းဂျွမ်းဝါးနေရာကနေ ချက်ချင်းပဲ ခန္ဓာကိုယ်ကို မတ်လိုက်ရင်း တက်တက်ကြွကြွ ဖောက်သည်ချလေသည်၊
" ဒီလိုကွာ.... "
လူသူရှင်းလင်းနေတဲ့ ဆေးရုံကန်တင်းမှာ သူများအချစ်ရေးအကြောင်းကို ခေါင်းနှစ်လုံး ပူးကပ်လုမတက် အသည်းအသန် ဆွေးနွေးနေကြတဲ့ ဒေါက်တာနှစ်ယောက်ကို ဖြတ်သွားဖြတ်လာ သူနာပြုလေးတွေကတော့ တစ်ချက်တစ်ချက် လှည့်ကြည့်ရင်း စိတ်ထဲက ချီးကျူးလိုက်ကြသေးတယ်၊
ဒေါက်တာတို့က တအားအလုပ်ကြိုးစားတာပဲ..
ထမင်းစားနေရင်းတောင် လူနာရောဂါအကြောင်းတွေ ဆွေးနွေးနေတာဖြစ်ရမယ်..၊ တော်လိုက်ကြတာ..
" ဝှါးးးး..."
အဲ့သည့်အချိန် မင်ဆော့အခန်းထဲမှာ စောင့်နေတဲ့ ဂျုံဒေးလေးကတော့ အိပ်ချင်ပြီး ပျင်းရိနေလှပြီဖြစ်တယ်၊ ငါးကြိမ်မြောက် ဟားသန်းပြီးတဲ့နောက်မှာ လက်ကိုမြှောက်ရင်း အကြောဆန့်လိုက်တဲ့ ဂျုံဒေးက မျက်ခုံးလေးတွန့်လို့ အသည်းအသန်စဉ်းစားလိုက်သေးတယ်.. ၊ ဟင်း.. ဘယ်သူကများ ငါ့အတင်းတုတ်နေပါလိမ့်...။
သူ့ကိုကိုရဲ့ ဆုံလည်ခုံမှာ ထိုင်ပြီး ခုံကို ဟိုလှည့်သည်လှည့်လုပ်လို့ ဆော့နေတဲ့ ဂျုံဒေးက မင်ဆော့ စားပွဲပေါ်က လူနာမှတ်တမ်း ဖိုင်တွဲတွေကို လှန်လိုက်၊ ပိတ်လိုက်လုပ်နေရာကနေ၊ မင်ဆော့ရဲ့ ပါဝါမျက်မှန်ကို မြင်တော့ အာရုံပြောင်းသွားဟန်နဲ့ ချက်ချင်းပဲကောက်ကိုင်ပြီး တပ်ကြည့်တယ်..
ဘယ်လိုလဲ..
ဂျုံဒေးလေးက ကိုကို့လို တည်ကြည်ခန့်ညားသွားပြီလား၊
ပါဝါကြောင့် ကြည့်ရအဆင်မပြေပေမဲ့လည်း လျှောကျလာတဲ့ မျက်မှန်ကို ဟန်ပါပါ ပင့်လိုက်တဲ့ ဂျုံဒေးက ဖုန်းကင်မရာကနေ တစ်ဆင့် သူ့ပုံစံသူ စစ်ဆေးပြီး သဘောကျလို့နေတယ်၊ ပြီးတာနဲ့ လူတတ်ကလေးက သူ့ခန္ဓာကိုယ်သေချာပြင်ထိုင်ရင်း မျက်စိရှေ့က ဖိုင်တွဲကို ဆွဲယူဖွင့်လို့ သူ့ကိုကို ပုံစံအတိုင်း ဟန်ထုတ်လို့ ဂိုက်ဖမ်းတယ်၊
" အဟမ်း.. လူနာက ဂင်ရှင်းနော်၊
ကျွန်တော်ကတော့ ဒေါက်တာ ဂင်မင်ဆော့ပါ၊ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ"
ဘာမှမရှိတဲ့ လေထုကြီးကို စိုက်ကြည့်ရင်း မင်ဆော့လေသံနဲ့ စကားပြောကြည့်နေတဲ့ ဂျုံဒေးက တကယ့်ကို ရှာရှာဖွေဖွေ ဆော့တတ်တဲ့ ကလေးလေးဖြစ်တယ်၊ လျှောလျှောကျလာတဲ့ မျက်မှန်ကို ပြန်ပင့်တင်လိုက်တဲ့ ဒေါက်တာပေါက်စက နောက်ဖိုင်တွဲတစ်ခုကို လှန်ပြီး မျက်မှန်ပါဝါကြောင့် ပြူးပြဲနေတဲ့ စကားလုံးတွေကို မျက်မှောင်ကြီးကြုတ်ပြီး ကုန်းရုန်းဖတ်တယ်..
"အင်း.. ဒီလူနာရဲ့ case က.. stress-induced cardiomyopathy.. "
"ဟော.. မျက်လုံးတွေထိခိုက်မယ်.. အဆိုးလေးရဲ့ "
ကော်ရစ်တာတစ်လျှောက် ခပ်သွက်သွက်လျှောက်လာခဲ့တဲ့ မင်ဆော့က အခန်းထဲဝင်ဝင်လာချင်းမှာပဲ သူ့ခုံမှာ ထိုင်လို့ ဆော့နေတဲ့ ဒေါက်တာပေါက်စလေးကြောင့်.. သွေးတက်ချင်ချင်ဖြစ်သွားရတယ်၊ အနားကိုအမြန်တိုးကပ်သွားရင်း မျက်မှန်ကို ချက်ချင်းဖြုတ်ယူလိုက်တဲ့ မင်ဆော့က ဂျုံဒေးမျက်နှာပြင်လေးကို မော့စေပြီး မျက်ခုံးလေးတွေကို ခပ်ဖွဖွနှိပ်နယ်ပေးတယ်...
"လျှောက်မဆော့ရဘူးလေ..
ကိုကို့ မျက်မှန်က ပါဝါတွေ အများကြီးပဲကို.. မမူးဘူးလား "
" ဟီး.. "
မေးတာကို မဖြေပဲ မျက်နှာလေးမော့လို့ သွားဖြူဖြူလေးတွေ ပေါ်လာတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက် ရယ်ပြနေတဲ့ ပေါက်စလေးက တကယ်ပဲ စိတ်အမောတွေကို ပြေလျစေတယ် ၊ အူယားလွန်းတာမို့ နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်တော့ "သူ့ကို အနိုင်ကျင့်ရဲတယ်ပေါ့" ဆိုတဲ့ မှုန်ကုတ်ကုတ်ရုပ်ကလေးဖြစ်သွားရင်း နှုတ်ခမ်းလေး တင်းတင်းစေ့လို့ မျက်မှောင်လေးကြုတ်သွားတယ်၊
" ကိုကို့ကလေးလေးကို ပိန်သွားမယ်ထင်နေတာ..
ပါးလေးတွေတောင် ပိုဖောင်းလာသလိုပဲ... "
" ကိုကိုနော်.. "
ဂျုံဒေးက နှုတ်ခမ်းလေးချွန်လို့ မကျေမနပ်လေသံလေးနဲ့ တုံ့ပြန်ပြောလာပေမဲ့ မင်ဆော့က အပြုံးမပျက်ပဲ သူ့ကလေးငယ်ရဲ့ မျက်နှာပြင်ကို အုပ်မိုးလို့ မရှုမလပ်ငုံ့ကြည့်လို့နေတယ်
ချစ်ရတဲ့ ကလေးလေးရဲ့ ပါးပြင်ငယ်ကို လက်ချောင်းတွေနဲ့ တယုတယ ထိတွေ့ရင်း၊ ကွေးကော့နေဆဲ.. နှုတ်ခမ်းထောင့်ဖျားလေးတွေ၊ မျက်တောင်ရှည်စိတ်စိတ်လေးတွေ..၊ စိန်ပွင့်လေးလို တဖျတ်ဖျတ်လက်နေတဲ့.. မျက်လုံးအိမ်လေးတွေကို တစိမ့်စိမ့်ငေးကြည့်နေခဲ့တဲ့ ဂင်မင်ဆော့က မတွေ့ရတဲ့ရက်တွေမှာ ဂျုံဒေးကို အင်မတန်လွမ်းဆွတ်နေခဲ့ပုံပါပဲ..။
" လူဆိုးလေး..
ကိုကို့ကို အကြာကြီး ပစ်ထားတယ်.. "
ဂျုံဒေးကို မြတ်မြတ်နိုးနိုး ငေးစိုက်ကြည့်နေတဲ့ မင်ဆော့ရဲ့ မျက်နှာပြင်က တဖြည်းဖြည်း ပူနွေးလာပြီးတဲ့နောက်မှာ.. သက်ပြင်းခပ်ဖွဖွချလို့ ဒေါက်တာပေါက်စလေးကို ပွေ့ဖက်မိတယ်..၊ နဖူးပြင်ကို ကြင်ကြင်နာနာ ငုံ့လင့်လို့ နမ်းမိတဲ့အခါ.. ဂျုံဒေးရဲ့ နှုတ်ခမ်းသားတွေက ပိုကွေးကော့လို့သွားတယ်၊
ဒီရက်တွေအတွင်း.. မင်ဆော့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အချိန်ကြာမြင့် အိုဟောင်းလှပြီဖြစ်တဲ့ အလွမ်းဓာတ်တွေချည်းသာ ဖြည့်တင်းပြီးရင်း ဖြည့်တင်းနေခဲ့ရတာဖြစ်တယ်၊
အလုပ်.. ထပ်ပြီး အလုပ်.. နောက်ထပ်အလုပ်ချိန်တွေ..၊
လွမ်းဖို့ မအားမလပ်တဲ့ထိ အလုပ်လုပ်နေခဲ့ပေမဲ့.. မနက်အိပ်ယာနိုးတိုင်း၊ ထမင်းစားချိန်ရောက်တိုင်း၊ ဂျုံဒေး သဘောကျတဲ့ အရောင်လေးတွေ မြင်ရတိုင်း၊ ဂျုံဒေး နှစ်သက်တဲ့ ပန်းပွင့်လေးတွေ မြင်တိုင်းမှာ.. သူ ရူးလောက်အောင် လွမ်းမိနေဆဲပါပဲ..၊
ဂျုံဒေးရဲ့ ခြေလှမ်းသံလေးတွေ မကြားရတဲ့နေရာ..
ဂျုံဒေးရဲ့ ရယ်သံတွေ ကြားဖို့ အလှမ်းဝေးလှတဲ့ ဒီနေရာ..
ဂျုံဒေးရဲ့ ပုံရိပ်ကလေးတွေကို မြင်ရဖို့ ခက်ခဲတဲ့နေရာမှာ တစ်ဦးတည်း ကျန်ရစ်ခဲ့ရတဲ့အဖြစ်က တကယ်ပဲ ခြောက်ခြားအေးစက်ဖို့ကောင်းတယ်၊
ညတိုင်း ညတိုင်း ဖုန်းဆက်ပြီး လွမ်းကြောင်း ဂျီကျတတ်တဲ့ ကလေးလေးကြောင့် မင်ဆော့မှာ တရုတ်ကို ညတွင်းချင်းပြေးလာချင်စိတ်တွေ ဖြစ်ရတာလည်း မကြာခဏပါပဲ..၊
အသံလေးကြားတော့.. မျက်နှာလေးမြင်ချင်တယ်..၊
မျက်နှာလေးမြင်ရတော့.. ပွေ့ဖက်ထားချင်ပြန်တယ်၊
နေ့ရက်တိုင်းမှာ.. တိုးပွားလာတဲ့ ဆန္ဒတွေကို ချုပ်ထိန်းလို့..
လူနာတွေကို နှစ်သိမ့်ပေးရင်း.. ကိုယ့်ကိုယ်ကိုယ် လည်ပြန်နှစ်သိမ့်နေရတဲ့.. စိတ်ရောဂါကုဆရာဝန်တစ်ယောက်ရဲ့အကြောင်းကိုသာ အလုံးစုံပြောပြရင်.. ဂျုံဒေးကတော့ ရယ်မယ်ထင်တယ်..။
"... တီ... တီ... တီ.. "
တတီတီဝင်လာတဲ့ ဖုန်းသံကြောင့် ဂျုံဒေးကို ဖက်ထားရာကနေ ခွာလိုက်တဲ့ ဒေါက်တာမင်ဆော့က သူ့အိပ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ဖြေလိုက်တယ်၊ သူတို့ရဲ့ ကြည်နူးဖွယ်အချိန်လေးကို နှောင့်ယှက်လာတဲ့ ဖုန်းကို ဂျုံဒေးက မကျေနပ်ဟန်နဲ့ မျက်မှောင်လေးတွန့်သွားတာမို့ မင်ဆော့က သူ့ကလေးလေးရဲ့ ဦးခေါင်းကို ခပ်ဖွဖွပုတ်လို့ နှစ်သိမ့်တယ်၊
" ဟယ်လို.. "
" ဟုတ်ကဲ့၊
ကျွန်တော်က လက်ထောက်ဆရာဝန်ဂျောင်းယူပါ.. ဆရာ ၊
အခန်း၁၃၉က လူနာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လို့ပါ၊ "
" ဒဏ်ရာကိုတော့ အမြန်ကုသနိုင်လိုက်ပေမဲ့ စိတ်အခြေအနေပုံမှန်မဟုတ်လို့ပါ၊ ဆရာ မှာထားတဲ့အတိုင်း ဆေးကို level တိုးပေးလိုက်ပေမဲ့ အဆင်မပြေပါဘူးခင်ဗျ.. ၊ အဲ့တာ တစ်ချက်လောက် လာကြည့်ပေးလို့ ရမလားခင်ဗျာ..၊ နားချိန်ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်.. "
စိတ်လောလောနဲ့ တရစပ်ပြောသွားတဲ့ လက်ထောက်ဆရာဝန်လေးရဲ့ စကားသံကို မင်ဆော့က အာရုံစိုက်လို့ နားထောင်ရင်းကနေ စူပုတ်နေတဲ့ ဂျုံဒေးကို တစ်ချက်ငုံ့ကြည့်လိုက်တယ်၊ ပြီးမှ..
" ရတယ်လေ..
ကျွန်တော်က ဆေးရုံမှာပဲရှိသေးတယ်၊
ချက်ချင်းလာခဲ့ပါမယ်.. "
အဖြေပေးပြီးပြီးချင်း ဖုန်းချလိုက်တော့ ဂျုံဒေးက မှုန်ကုတ်ကုတ်လေးဖြစ်နေဆဲ.. ၊ စိတ်ရှိတိုင်းသာဆို အနားမှာ တစ်ဖဝါးမှ မခွာပဲနေပေးချင်ပေမဲ့ မဖြစ်မနေတာဝန်တွေက ရှိသေးပြန်တော့ သိပ်ခက်လှသည်..။
" ညစာစားပြီးပြီလား.. "
" အွန်း.. "
" အဲ့ဒါဆို.. ကိုကို လူနာကြည့်ပြီးရင်.. "
မင်ဆော့စကားမှ မဆုံးသေး၊ ဆေးရုံထဲကို အချက်ပေးဝင်လာတဲ့ လူနာတင်ယာဉ်ကားတွေရဲ့ အသံကြောင့် ဂျုံဒေးက ခုံကနေထပြီး ပြတင်းပေါက်ရှိရာကို သွားကြည့်တယ်၊ နှစ်ထပ်မြောက်မို့ အောက်ကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ အကွာအဝေးမှာ ဆက်တိုက်ဝင်လာတဲ့ လူနာတင်ယာဉ်တွေကြောင့် ဆူညံပွက်လောရိုက်နေတဲ့အပြင်.. ညဂျူတီကျနေတဲ့ ဒေါက်တာတွေ၊ သူနာပြုတွေကလည်း အလောတကြီး ပြေးလွှားလို့နေတယ်၊
ချက်ချင်းပဲ ဂျုံဒေးရဲ့ ဖုန်းက မြည်လာတာမို့ ခေါ်ဆိုသူကို ငုံ့ကြည့်တော့ စီနီယာချန်းယောလ်ဖြစ်လို့နေတယ်၊
"ဂျုံဒေးရေ..
မင်းကို နှောင့်ယှက်ရတာအားနာပေမဲ့.. TA (Tgraffic Accident) case ကို လူမနိုင်လို့ ခဏ လာကူပေးမလား.. "
" ဟုတ်ကဲ့.. စီနီယာ "
ဖုန်းချလိုက်ပြီးပြီးချင်း သူ့ကို မော့ကြည့်လာတဲ့ ဒေါက်တာပေါက်စလေးကြောင့် နားလည်သလို ပြုံးလိုက်တဲ့ မင်ဆော့က အံဆွဲထဲမှာ ထည့်ထားတဲ့ ဂျုံဒေးရဲ့ ဂျူတီကုတ်အပိုလေးကို ထုတ်ပေးလိုက်တယ်..၊
" အဲ့တာဆို ပြီးမှ.. ကော်ရစ်တာမှာ တွေ့ကြတာပေါ့.. "
" ဟုတ်၊ ကိုကို.. "
ခေါင်းတငြိမ့်ငြိမ့်နဲ့ အခန်းထဲကနေ ပြေးထွက်သွားတဲ့ ဒေါက်တာပေါက်စလေးကြောင့် မင်ဆော့လည်း လိုအပ်တာတွေကို ယူပြီး ဆေးကုသဆောင်ဘက်ကို ထွက်လာလိုက်တယ်၊ အရေးပေါ်ဌာနမှာ ပျာလောင်ခတ်နေကြတဲ့ ဒေါက်တာတွေရှိရာကို ကော်ရစ်တာမှာ လမ်းလျှောက်ရင်း လှမ်းကြည့်မိတော့
လူနာကြည့်ပေးနေတဲ့ ဂျွန်မြောင့်ကိုပါ တွေ့လိုက်ရတယ်၊
"ယာဉ်လေးစင်းဆင့်တိုက်မှုဖြစ်တာပါ၊
vital က ၇၀ ၄၀ လက်ရှိ နှလုံးခုန်နှုန်းက ၅၀ ပါ ၊
အခင်းမှာ တွေ့တုန်းက နှလုံးခုန်နှုန်း ၈၀ ရှိပေမဲ့ တဖြည်းဖြည်းကျလာပါပြီ "
"သူနာပြုဂျောင်.. လူနာကို အောက်ဆီဂျင်ပေးဖို့ ပြင်ဆင်ပေးပါ..၊ ကျွန်တော့်ကို Iv နဲ့ ဆားရည်ပေးပါ "
လူနာရဲ့ ရင်ဘတ်ကို နားကြပ်နဲ့ ဖိထောက်လို့ စမ်းသပ်နေတဲ့ ဂျွန်မြောင်က ဂျူတီကုတ်တောင် မဝတ်နိုင်ပဲ အလောတကြီးဖြစ်လို့နေတယ်၊ ချန်းယောနဲ့ ဒေါက်တာပေါက်စလေးတွေကလည်း ထိုနည်းတူ အလုပ်ရှုပ်နေကြပြီး ဂျုံဒေးကတော့ လူနာကို CPR ပေးဖို့ ကြိုးစားနေတယ်၊
" နှလုံးခုန်နှုန်းထိုးကျသွားပါပြီ!! "
" ကျွန်တော့်ကို Defibrillator ပေးပါ !!! "
အရေးပေါ်က ဆူပွက်နေတဲ့ အသံတွေကြားထဲမှာ ဂျုံဒေးရဲ့ အော်ဟစ်သံက ဟိန်းခနဲပဲ..၊ နှလုံးနဲ့ ချိတ်ဆက်ထားတဲ့ စက်ဆီက တတီတီမြည်ဟီးသံက ကျယ်လောင်လာတာနဲ့ အမျှ ဂျုံဒေးရဲ့ လုပ်ပုံကိုင်ပုံတွေက ပိုပြီး လျှင်မြန်လာတယ်၊
" အောက်စီဂျင် တိုးပေးပါ၊ "
" ဒေါက်တာ.. နှလုံးခုန်နှုန်းပြန်တက်လာပါပြီ !!! "
သူနာပြုမလေးဆီက ရွှင်လန်းတဲ့အသံကြားမှပဲ ရင်ဘတ်ထဲက အလုံးကြီးပြုတ်ကျသွားသလို ခံစားလိုက်ရတဲ့ ဂျုံဒေးက တဒီးဒီးစီးကျနေတဲ့ ချွေးစက်တွေကို ပင့်သုတ်ဖို့ မအားပဲ လူနာကို ဆက်လက်စစ်ဆေးပေးတယ်၊
"လူနာကို ဓာတ်မှန်ရိုက်ဖို့ ပြင်ဆင်ပေးပါ "
" ဟုတ်ကဲ့ရှင့် "
တစ်ဖက်မှာလည်း လူနာရဲ့ ဦးခေါင်းဓာတ်မှန်ကို အာရုံစိုက်လို့ သေချာ စစ်ဆေးနေတဲ့ ချန်းယောက သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့ဘေးက လက်ထောက်ဆရာဝန်လေးကို လှမ်းပြောလာတယ်၊
" ဝူမင်းရေ.. ဒီလူနာက ခွဲစိတ်ဖို့လိုလိမ့်မယ်..
ပါမောက္ခယူကို ဖုန်းဆက်ပြီး.. အမြန်လာခိုင်းလိုက်ပါ၊ "
" ဟုတ်ကဲ့ခင်ဗျ.. "
" ပြီးတော့.. သူနာပြုအို လူနာရှင်တွေကို ဆက်သွယ်ဖို့ လုပ်ပါဦး.. "
နောက်ထပ်လူနာတစ်ယောက်ကို ဆက်တိုက်ကြည့်ပေးနေတဲ့ ချန်းယောက ထပ်ပြီးဝင်လာတဲ့ လူနာတင်ယာဉ်ကားသံတွေကို ကြားလိုက်ရတာမို့ အမောဖောက်ချင်သလို ခံစားလိုက်ရတယ်၊ ဂျုံဒေးကတော့ သူ့လူနာရဲ့ အခြေအနေက တည်ငြိမ်သွားပြီဖြစ်တာကြောင့် ဝင်ပေါက်ရှိရာကို အမြန်ပြေးထွက်သွားတယ်၊
"ဒေါက်တာပတ်ခ်! လူနာက သွေးထွက်လွန်နေပါတယ်!!!! "
" ဒေါက်တာ.. ကျွန်မတို့ သားလေးကို ကယ်ပါဦး.. "
" ဆားရည်အနွေးပေးပါ... "
" ပြွန်သွင်းဖို့ ပြင်ဆင်ပါ့မယ်.. !! "
ဆေးရုံကြမ်းခင်းတွေအထိ ပေကျံကုန်တဲ့ သွေးစက်တွေနဲ့ ငိုကြွေးသံ ၊ ပူလောင်စွာဟစ်အော်သံတွေအကြားမှာ ပြေးလွှားနေကြတဲ့ ဆေးဝန်ထမ်းတွေဟာ ရှည်ကြာတဲ့ ကုသမှုကို လုပ်ဆောင်ပေးခဲ့ကြပြီး အခြေအနေအားလုံးတည်ငြိမ်သွားချိန်မှာတော့ ညဟာ အတော်မှောင်မိုက်နေခဲ့လေပြီ ၊
ကြမ်းပြင်မှာ ဖင်ထိုင်ချလို့ အမောဖြေလိုက်တဲ့ ဂျုံဒေးက သူ့ရဲ့ တစ်ကိုယ်လုံးမှာ ချွေးတွေ ရွှဲရွှဲစိုလို့နေတယ်၊ သူက သွေးတွေပေကျံနေတဲ့ သူ့လက်ချောင်းတွေကို ငေးစိုက်ကြည့်ရင်း တွေဝေလို့နေတယ်၊
လက်လွှတ်လိုက်ရတဲ့ လူနာတွေလည်းရှိသလို..
အချိန်မှီကယ်တင်နိုင်တဲ့ လူနာတွေလည်း ရှိခဲ့တယ်၊
ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုက တစ်ချိန်တည်း ရောထွေးနေချိန်မှာ သူ့မှာ ဘာတုံ့ပြန်ရမလဲတောင် မသိတော့သလိုပဲ၊ ဒီလိုခံစားချက်မျိုးကို မကြာခဏ တွေ့ကြုံရပေမဲ့ နေသားမကျသေးတာမို့ စိတ်ပင်ပန်းရတာတော့ အမှန်ပါပဲ..။
" ဂျုံဒေး.. "
လူနာကြည့်ပြီးသွားတာမို့ အရေးပေါ်ဌာနကို ဖြည်းဖြည်းချင်း လျှောက်လာတဲ့ မင်ဆော့က ကြမ်းပြင်မှာ ဖြစ်သလိုထိုင်ချနေတဲ့ ဂျုံဒေးကို ကြင်နာစွာ ငုံ့ကြည့်ပြီး လက်ကမ်းပေးလာတယ်၊ မော့ကြည့်လာတဲ့ မျက်ဝန်းအိမ်လေးက ပင်ပန်းနွမ်းလျနေပေမဲ့လည်း မင်ဆော့ကို မြင်မြင်ချင်း ခပ်ဖျော့ဖျော့ တုန့်ပြန်ပြုံးလို့ သွေးတွေပေနေတဲ့ လက်နဲ့ပဲ ပြန်ကမ်းလို့ ဖမ်းဆုတ်လိုက်တယ်..
" တာဝန်ကျေတယ်... ကလေးလေး "
သူ့ကလေးငယ်ရဲ့ အတွေးတွေကို သိနေခဲ့တဲ့ မင်ဆော့က ဂျုံဒေးရဲ့ ပုခုံးတွေကို ပွတ်လို့ နှစ်သိမ့်ပေးတယ်၊ အနားကို ရောက်လာတဲ့ ချန်းယောကလည်း မျက်နှာမကောင်းတဲ့ ဂျုံဒေးကြောင့် ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လို့ ချော့မော့တယ်၊
" ဒီနေ့ တော်တယ်..
ငါတို့ ဂျူနီယာလေးက ကောင်းကောင်းလုပ်ခဲ့တာပဲ၊
ပိုတိုးတက်လာတယ်.. "
" ဂျွန်မြောင်ရောပဲ.. ပင်ပန်းသွားပြီ၊ "
ချန်းယောရဲ့ စကားကို ပြုံးရုံလေး တုံ့ပြန်လာတဲ့ ဂျွန်မြောင်က.. ညောင်းညာနေတဲ့ အကြောတွေကို ဆန့်ထုတ်ရင်း သူ့လက်ထဲက နားကြပ်ကို ချန်းယောဆီ လွှဲပေးလိုက်တယ်၊
"မင်း အိမ်ပြန်မှာမလား..
မင်ဆော့တို့နဲ့ လိုက်သွားလေ..၊ ဒီအချိန် Taxi မရှိလောက်တော့ဘူး "
" ဟုတ်သားပဲ.. ငါတို့နဲ့လိုက်ခဲ့.. "
" အင်း.. "
ဂျွန်မြောင်တို့ ပြန်သွားတော့ ချန်းယောက ဆေးရုံဝင်ပေါက်ကို ငေးကြည့်ရင်း ကျန်ခဲ့တယ်၊ ပြီးမှ မပြီးပြတ်သေးအလုပ်တွေ ရှိသေးတာကို သတိရသွားပြီး အခြေအနေစိုးရိမ်ရတဲ့ လူနာအချို့ကို လှည့်ပတ်ကြည့်ရှုပေးတယ်၊ လူနာရှင်တွေကို ခွဲစိတ်မှုတွေအကြောင်း ဒဏ်ရာပြင်းထန်မှုရှိမရှိ ရှင်းလင်းပေးနေရင်းနဲ့ပဲ မနက် ၇ နာရီထိုးသွားတဲ့အချိန်မှာတော့ ချန်းယောလ်ရဲ့ ညဂျူတီက အဆုံးသတ်ပြီဖြစ်တယ်၊
" တာဝန်ကျေပါတယ်.. ဒေါက်တာချန်းရှင့်
ပိတ်ရက်မှာ ကောင်းကောင်းအနားယူပါ "
သူနာပြုမလေးရဲ့ စကားကို အသိအမှတ်ပြုသလို ခေါင်းလေးဆတ်ပြနေရာကနေ၊ ဟားခနဲ သန်းဝေရင်း အလုပ်ဆင်းဖို့ ပြင်ဆင်လိုက်တဲ့ ချန်းယောက ကျိန်းစက်နေတဲ့ မျက်လုံးတွေကို ဝေဝေဝါးဝါးပွတ်သပ်ရင်း ဘတ်ဟျွန်းရှိရာ တပ်ဆေးရုံသွားဖို့ စဉ်းစားနေခဲ့တယ်၊ ကားပါကင်ကို ဦးတည်ပြီး ဖြည်းဖြည်းချင်း လျှောက်နေတဲ့ သူ့ခြေလှမ်းတွေက ပင်ပန်းညောင်းညာနေပေမဲ့လည်း ဘတ်ဟျွန်းဆီ ဦးတည်နေတာမို့ ပေါ့ပါးသွက်လက်နေတာကတော့ အမှန်ပါပဲ..။
" ဟျွန်း.. ကျွန်တော် ဂျူတီပြီးပြီ "
" အင်း၊ ပင်ပန်းတယ်မလား
အိမ်မှာ တစ်ရေးအိပ်ပြီးမှ အစ်ကို့ဆီ လာခဲ့လေ.. "
" ဟင့်အင်း၊ လွမ်းနေပြီ.. "
.
.
.
.
ချစ်ခြင်းတရားဆိုတာ.. သိမ်မွေ့တဲ့အနုပညာတစ်ခုဖြစ်တယ်၊
တစ်ဦးတစ်ယောက်တည်းအပေါ်မှာ
အကြိမ်ဖန်ပေါင်းများစွာ ရစ်ပတ်တွယ်တာမိကြတဲ့အခါ..
သည်းသည်းထန်ထန် လွမ်းနေမိတာကလည်း.. ချစ်လို့..
တွေးမိရုံနဲ့တင် ပြုံးရယ်စေတာကလည်း.. ချစ်လို့..
သူ့ဆီကို ဦးတည်တဲ့ မိုင်ရာချီခရီးကြမ်းတွေမှာ..
မမောနိုင်မပန်းနိုင်ခဲ့တာကလည်း.. ချစ်လို့တဲ့...။
_________________________________________
" ကျွန်တော် အားလုံးမှတ်မိသွားပြီ၊ "
မနက်စာထမင်းဝိုင်းမှာ ပြတ်သားရှင်းလင်းတဲ့စကားကို ဆိုလာတဲ့ ဂျောင်ဆူးကြောင့် ပါးပါးက မျက်မှောင်ကြုတ်သွားတယ်၊ အေးစက်နေတဲ့ အခြေအနေကြောင့် မျက်နှာသိပ်မကောင်းတဲ့ မားမားကတော့ ဂျောင်ဆူးကို တားဖို့ လုပ်နေတုန်းမှာပဲလက်ထဲက ထမင်းစားဇွန်းကို ချလိုက်တဲ့ ဂျောင်ဆူးက ခေါင်းမာမာနဲ့ပဲ ဆက်ပြောလာတယ်၊
" ကျွန်တော် သူ့ကို ချစ်တယ်၊ ခွင့်ပြုပေးပါ "
ဒီလိုစကားမျိုးကို အခေါက်ပေါင်းများစွာ ကြားရခဲ့ပြီဖြစ်တဲ့ ဒိုဇနီးမောင်နှံက သက်ပြင်းခပ်ဖွဖွချတယ်၊
" ခွင့်မပြုပေးနိုင်ဘူး "
" ပါးပါး..! "
" သား.. မားတို့ နောက်မှ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့၊
ဟင်းတွေ အေးကုန်မယ်လေ.. အရင်စားရအောင် "
ခပ်ဆောင့်ဆောင့် အော်လိုက်တဲ့ သားငယ်ကြောင့် ဒိုအိမ်ရှင်မက ပြဿနာတွေ ကြီးမလာခင်မှာပဲ ခပ်လျော့လျော့ ဖြေရှင်းဖို့ လုပ်တယ်၊ ဒါပေမဲ့ ခေါင်းမာလွန်းတဲ့ ဂျောင်ဆူးက သူ့မျက်စိရှေ့က ထမင်းကို ထိတောင်မထိပဲ ကျောက်ရုပ်ကြီးလို ငြိမ်သက်စွာထိုင်ပြီး ဆန္ဒပြတယ်၊ အဲ့အချိန်မှ သက်ပြင်းတစ်ချက်ရှိုက်လိုက်တဲ့ ပါးပါးက နီရဲနေတဲ့ မျက်ဝန်းအိမ်တွေနဲ့ သူ့သားငယ်ကို ကြည့်လာတယ်၊
"သူ့ကြောင့် မင်း ဒုက္ခရောက်နိုင်တယ်၊ အရှက်ရနိုင်တယ် ၊ အဆိုးဆုံးအခြေအနေမှာ သေလည်းသေသွားနိုင်တယ်၊ အဲ့တာတောင်မှ မင်း သူ့ကို သဘောကျနေသေးတာလား? မင်း နောင်တမရဘူးလား.. သား "
ဒီစကားမျိုးကို ဖခင်ဆီက ကြားရချိန်မှာ ဂျောင်ဆူးရဲ့ မျက်ဝန်းအိမ်တွေက တဖျတ်ဖျတ်လင်းလဲ့လို့လာတယ်၊ အမှန်တိုင်းဝန်ခံရရင် ဒုက္ခရောက်မှာကို ကြောက်ခဲ့ဖူးတယ်၊ အရှက်ရမှာကို တွေးပူခဲ့ဖူးတယ်၊ ဒါပေမဲ့ အရာအားလုံးထက်ပိုပြီး.. အဲ့ဒီ့နေ့က ဂျုံအင့်ကို ဆုံးရှုံးလိုက်ရတာကို မျက်မြင်ကြုံတွေ့ပြီးတဲ့နောက်မှာ..သေရမှာထက်ပိုပြီး ပိုကြောက်ရွံ့နေမိခဲ့တာအရာကို သတိထားမိခဲ့တယ်၊ ဂျုံအင်သာ မရှိရင် သူ့ဘ၀တစ်ခုလုံးပြိုလဲသွားမဲ့ အဖြစ်မှန်ကို နားလည်ခဲ့ရတယ်၊
"ပါးပါး..
ကျွန်တော်.. နောင်တရဖူးချင်တယ်..
ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ သူ မဟုတ်တဲ့အရာတွေကို ထပ်တလဲလဲ ရွေးချယ်ရင်းနဲ့ပဲ နောင်တရဖူးတာ..၊ အဲ့ဒါကြောင့် သူ့ကို ချစ်မိလို့၊ သူ့လက်ကို တွဲထားမိလို့ နောင်တရမယ်ဆိုရင်တောင် အဲ့နောင်တကို ရဖူးချင်တယ်၊ "
"ဖြစ်လာသမျှ ဒုက္ခအားလုံး ခါးစည်းခံရရင်တောင်၊ ကျွန်တော့်ခန္ဓာတစ်ခုလုံးက ဒဏ်ရာတွေပြည့်နေရင်တောင်၊ ငရဲကို သွားရမယ်ဆိုရင်တောင်မှ.. အကြိမ်ပေါင်းထောင်ချီမက သူ့ကိုပဲ ရွေးချယ်ချင်တယ် ၊ "
ရှည်လျားတဲ့ စကားက အဆုံးသတ်သွားတဲ့အချိန်မှာ ဂျောင်ဆူးရဲ့ ပါးပါးက အနည်းငယ်ပြေလျော့သွားတဲ့ မျက်နှာထားမျိုးနဲ့ " မင်းသဘောပဲ၊ လုပ်ချင်ရာလုပ်.. " လို့ ခပ်မာမာတုံ့ပြန်တယ်၊
ဂျောင်ဆူးက နားမလည်နိုင်သေးတဲ့ အူလည်လည်မျက်လုံးတွေနဲ့ သူ့ဖခင်ကို လှမ်းကြည့်တဲ့အချိန်မှာ ဟင်းခနဲ ခပ်ကျယ်ကျယ် ညည်းတွားလိုက်တဲ့ ဖခင်က ဘာဆိုဘာမှ ဆက်မပြောတော့ပဲ ထမင်းကိုပဲ ဆက်စားနေခဲ့တယ်၊ သူကိုယ်တိုင်လည်း သူ့သားငယ် နာကျင်ပင်ပန်းနေတာကို ဆက်ကြည့်နိုင်စွမ်းတွေ မရှိနိုင်တော့ဘူးမလား..၊ ဘယ်လိုမိဘမျိုးမဆို အရှက်သိက္ခာထပ် သားသမီးကို ပိုချစ်ကြတာပါပဲလေ..
" ပါးပါး..
ကျေးဇူးတင်ပါတယ်.. "
.
.
.
.
.
ဒေါက်တာလေး ပြောသွားတဲ့ စကားကို သတိရမိတယ်..
"တစ်စုံတစ်ယောက်က မင်းကိုချစ်ပြီး
အဲ့ဒါက မင်းကို ပျော်ရွှင်စေတယ်ဆိုရင် အဆင်ပြေပါတယ်.." တဲ့...။
သားကို ဆုံးရှုံးရမှာကြောက်လို့..
ဂုဏ်သိက္ခာကို အရူးလို စောင့်ထိန်းရင်း..
သူချစ်တဲ့လူနဲ့ အတူရှိနေခွင့်မပေးနိုင်ဘူးဆိုရင်ရော
အဲ့တာက ဘာတွေများထူးခြားသွားလို့လဲ..
သားကမှ မပျော်ရွှင်ခဲ့ရတာ...။
_________________________________________
နှစ်ပတ်ကြာပြီးသည့်နောက်....
ဗိုလ်မှူးအဖြစ် ရာထူးတိုး ခန့်အပ်ခံရတဲ့ ကျန်းရီရှင်းက အခမ်းအနားပြီးပြီးချင်းမှာပဲ ကိုရီးယားကို ထွက်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအနည်းငယ်ကြောင့် သူနဲ့အတူ အားလပ်ရက်ရတဲ့ ရှောင်းကျန့်ထက်တောင် နောက်ကျပြီးရောက်လာခဲ့တာဖြစ်တယ်၊
ဂျူတီချိန်ဖြစ်နေတဲ့ ဂျွန်မြောင့်ကို ဆက်သွယ်လို့လည်းမရတာကြောင့် လေဆိပ်မှာ ဟိုကြည့်သည်ကြည့်နဲ့ တစ်ဦးတည်းယောင်လည်လည်ဖြစ်နေတုန်းမှာပဲ လုဟန်ဆီက ဖုန်းဝင်လာတာမို့ အားတက်သွားရတယ်။
" ဟယ်လို.. ငါ့ကို လာကြိုကြ-- "
"အေး၊ ရီရှင်းလား.. ကိုရီးယားရောက်ပြီဆိုရင် ငါတို့အတွက် မုန့်ဝယ်ပြီး လာပို့စမ်းပါ၊ လိပ်စာပြောလိုက်မယ် "
ပြုံးရယ်နေရာကနေ.. ဒိန်းခနဲ မိုးကြိုးပစ်ချလိုက်သလိုမျိုး မျက်နှာတစ်ခုလုံး မည်းမှောင်သွားတဲ့ ကျန်းရီရှင်းက လုဟန်ကို အခွံနွှာပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်၊
" မင်းမေလင်.. ငါက delivery သမားလား! "
" ဗိုလ်မှူးကလည်း.. "
အဲ့လိုနဲ့ပဲ.. ကျန်းရီရှင်းတစ်ယောက် လက်ထဲမှာ Pizza နှစ်ဗူး ၊ ကြက်ကြော်နှစ်ဗူးကို ကိုင်ရင်း ဆိုးလ်တပ်ဆေးရုံကြီးကို ရောက်လို့လာတယ်၊ လုဟန်ပြောပြထားတဲ့ အခန်းနံပါတ်ဆီကို ရောက်ဖို့ရာအတွက် ဟိုလူ့မေးလိုက်၊ သည်လူ့မေးလိုက်နဲ့ တစ်ယောက်တည်း တိုင်ပတ်ပြီး ၁၅မိနစ်အကြာမှ လိုရာအခန်းဆီကို ရောက်တော့တယ်။
လူနာ နာမည်မှာ "ဗိုလ်မှူးဗြောင်ဘတ်ဟျွန်း" လို့ ရေးထားတဲ့ အခန်းတံခါးကို သေချာစစ်ဆေးပြီးမှ အခန်းတံခါးခေါက်တော့ အထဲက "ဝင်ခဲ့လေ " ဆိုတဲ့ အသံကို ကြားလိုက်ရတယ်၊ ဝင်ခဲ့သာပြောတာ တံခါးလာမဖွင့်ပေးတဲ့ ကျေးဇူးရှင်တွေကြောင့် မုန့်တွေကို မနိုင်မနင်းသယ်ရင်းကနေ ကိုယ့်ဟာကိုယ် ခက်ခက်ခဲခဲ တံခါးလှည့်ဖွင့်နေရတယ်၊
ဘာလို့ ငါ့ကိုယ်ငါ ပစ္စည်းပို့သမားလေးလို သနားစရာ ခံစားနေရပါလိမ့်..
တံခါးဖွင့်ဖွင့်ချင်း တွေ့လိုက်ရတာကတော့ လူနာကုတင်ပေါ်မှာ ဖြဲကားပြီး အိပ်နေတဲ့ လုဟန်နဲ့ လုဟန်ရဲ့ပေါင်ပေါ်ကို ခေါင်းအုံးပြီး အိပ်နေတဲ့ သမ္မတသားလေး အိုဆယ်ဟွန်းကို ပါပဲ၊ ဆယ်ဟွန်းကို မြင်မြင်ချင်းမှာပဲ အထက်က တင်ပြခိုင်းဖူးတဲ့ last mission အစီရင်ခံစာပေါင်းများစွာကို ပြန်တွေးမိသွားတဲ့ ကျန်းရီရှင်းက အနည်းငယ် တွန့်ဆုတ်လို့သွားတယ်၊
" ဟေး "
အသံလာရာကိုလှည့်ကြည့်မိတော့ ဆိုဖာပေါ်မှာ ကန့်လန့်ကြီး လှဲရင်း တီဗီကြည့်နေတဲ့ ရှောင်းကျန့် နဲ့ ဒူးထောင်ထိုင်ပြီး ဖုန်းပွတ်နေတဲ့ ရိပေါ်က သူ့ကို လက်လှမ်းပြနေတာကို တွေ့လိုက်ရတယ်၊ အခန်းထောင့်က ဒေါက်တာပေါက်စဂျုံဒေးကတော့ သူဝင်လာတာကို မမြင်ပဲ ပြတင်းပေါက်မှာ မှီရပ်လို့ ဂိမ်းဆော့နေသလို သူ့ဘေးနားမှာရပ်နေတဲ့ အသားညိုညို ခပ်ဖြောင့်ဖြောင့်နဲ့ ဂင်ဂျုံအင်ဆိုတဲ့လူကတော့ သူ့ညီဆော့နေတာကို ငုံ့ကြည့်ပြီး ပြုံးနေတယ်၊
အဲ့ဒီလို.. အဲ့ဒီလို
ပြည့်သိပ်နေတဲ့ မြင်ကွင်းကြောင့် ကျန်းရီရှင်းခမျာ မူးမေ့ချင်သလိုတောင်ဖြစ်သွားတယ်၊ လုဟန်ကတော့ မုန့်တွေပိုက်ထားတဲ့ ကျန်းရီရှင်းကို မြင်တော့ ဝမ်းသာအားရနဲ့ ထထိုင်တယ်၊
" လာပြီလား၊ ဘာလုပ်နေတာလဲ
တအားနောက်ကျတယ် အိုင်းယိုး!! "
ကျေးဇူးမတင်ပဲ ပွစိပွစိရွတ်နေတဲ့ကောင်ရဲ့ လက်ထဲကို မုန့်တွေ အင့်ခနဲထိုးပေးရင်း ဟိုဟိုသည်သည် ဝေ့ကြည့်ပေမဲ့ ဗြောင်ဘတ်ဟျွန်းဆိုတဲ့လူနာကို မတွေ့ရသေးတာကြောင့် အူလည်လည်ဖြစ်နေတဲ့ ရီရှင်းက လုဟန်ရှိရာကို ပြန်လှည့်လာတယ်၊
" လူနာ ကရော ? "
" အော်.. မရှိသေးဘူး၊
ငါတို့အတွက် အသီးသွားခွဲပေးနေတယ် "
" ... "
လူနာက အသီးသွားခွဲပေးနေရတယ်..?
နားကြားမှားတာလားလို့ တွေးမိပေမဲ့လည်း ကုတင်ပေါ်ကနေ ခုန်ဆင်းပြီး ပီဇာဘူးတွေကို စားပွဲမှာ နေရာချနေတဲ့ လုဟန်ရဲ့ စပ်ဖြဲဖြဲပုံစံက နှစ်ခါမေးစရာမလိုလောက်အောင်ကို သေချာလို့နေတာကြောင့် ဘာမှဆက်မမေးတော့ပဲ ပါးစပ်ပိတ်လိုက်ရတယ်၊ တော်ကြာ.. ငါပါ အသီးသွားလှီးကူနေရဦးမယ်၊
" ဟျောင့်တွေ ဒါကလောက်ပါ့မလား၊
နောက်ထပ် ဘာရှိသေးလဲ ? "
" မသိဘူးလေ၊ ရေခဲသေတ္တာထဲ ကြည့်ကြည့်လိုက် "
လုဟန်နဲ့ ရှောင်းကျန့်ဆီက တွတ်တိုးစကားကြောင့် ရေခဲသေတ္တာပိစိလေးနဲ့ အနီးဆုံးဖြစ်တဲ့ ရိပေါ်က ခန္ဓာကိုယ်ကို လျော့တိလျော့ရဲထိုင်နေရာကနေ ပြင်ထိုင်လိုက်ရင်း၊ သူ့အနားက ရေခဲသေတ္တာလေးကို ဆတ်ခနဲ ဖွင့်ကြည့်ပြီး ပြန်ပိတ်လိုက်တယ်၊ ပြီးတော့ သူတို့ဘက်ကို ရုပ်တည်ကြီးနဲ့ ပြန်လှည့်လာရင်း အံ့အားသင့်ဟန်အမူအယာလုပ်ပြတယ်၊
" ၀ိုး! "
" ဘာလဲ.. ဘာရှိလို့လဲ "
ကောင်းမွန်တဲ့ တုံ့ပြန်မှုကြောင့် လုဟန်က ဘလင်းဘလင်းဖြစ်နေတဲ့ မျက်လုံးကြီးနဲ့ တက်တက်ကြွကြွမေးလာတယ်၊ ဒါပေမဲ့ မျက်နှာပြန်တည်သွားတဲ့ ဝမ်ရိပေါ်ဆီက အဖြေစကားက တစ်ခွန်းတည်း..
" ဘာမှမရှိလို့ "
" အဲ့တာကို ဘာဝိုးတာလဲ "
" သောက်စရာရေတောင်မရှိလို့ အံ့သြသွားတာလေ "
ဝမ်ရိပေါ်ရဲ့ အဖြေကို လုဟန်က စိတ်ပျက်ဟန်နဲ့ မျက်လုံးဝေ့လိုက်တယ်၊ ရှောင်းကျန့်ကတော့ သဘောတွေကျပြီး ရိပေါ်ကို လက်မတောင်ထောင်ပြလိုက်သေးတယ်၊ ဘာပြောရမှန်းမသိတဲ့ ရီရှင်းကတော့ အဲ့ဒီ့သုံးယောက်သားရဲ့ဘေးနား၊ ဆိုဖာခြေရင်းမှာ ကျုံ့ကျုံ့လေး ၀င်ထိုင်လိုက်တယ်၊
ပီဇာဘူးကို ဖွင့်တော့ ဂျုံဒေးနဲ့ ဂျုံအင်လည်း မုန့်လာယူစားကြရင်း ရီရှင်းကို နှုတ်ဆက်တယ်၊ ဆယ်ဟွန်းကတော့ diet လုပ်နေပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လူနာကုတင်ပေါ်မှာ လူးလိမ့်ရင်း ဂိမ်းဆော့နေတုန်းပါပဲ၊
" ဒါလူမစုံသေးဘူးမလား၊ ထပ်လာဖို့ ကျန်သေးတယ်မလား "
ကြက်ကြော်ကို သွားနဲ့ကိုက်ဖဲ့ရင်း ဝါးတားတားမေးတဲ့ လုဟန်ရဲ့စကားကြောင့် ဂျုံအင်က ပီဇာစားနေရာကနေ ဝင်ထောက်တယ်၊
" ဒိုဂျောင်ဆူးက အတိတ်မေ့နေတယ် "
" အိုင်း! ကောင်းရော..
ငါတို့ကိုရော မေ့သွားတာလား? ဒီလိုမှန်းသိ သူ့ဆီက ပိုက်ဆံချေးခဲ့ပါတယ် ၊ အကြွေးရစရာရှိတဲ့လူက ဆယ်ဘ၀ထိ မမေ့ဘူးတဲ့ "
လုဟန်ရဲ့ ပေါက်ကရ အပြောကြောင့် ဂျုံဒေးက ခွီးခနဲရယ်တယ်၊ ကြက်ကြော်ကို အမဲဖျက်နေကြတဲ့ လုဟန် နဲ့ ရှောင်းကျန့်ရဲ့ လက်တွေကြားကနေ ကြက်ကြော်တစ်တုံးကို အောင်မြင်စွာ လုနိုင်သွားတဲ့ ရီရှင်းက ဂျုံဒေးကို လှမ်းမေးတယ်၊
" ဂျွန်မြောင်က ဘယ်တော့လာမှာလဲ "
ရီရှင်းရဲ့အမေးကို ပီဇာမှာ စိတ်ရောက်နေတဲ့ ဂျုံဒေးက ကြားပုံမပေါ်ပေမဲ့ ကုတင်ပေါ်မှာ ဂိမ်းဆော့နေတဲ့ ဆယ်ဟွန်းက ကြားသွားဟန်နဲ့ ချက်ချင်းပဲ ခေါင်းထောင်လာတယ်၊ ပြီးတော့ ရီရှင်းတစ်ကိုယ်လုံးကို အကဲဖြတ်သလို ခြုံကြည့်သွားပြီး မျက်နှာပြန်လွှဲသွားတယ်၊
" ပတ်ခ်ချန်းယောနဲ့အတူလာမှာနေမှာပေါ့၊ ဟုတ်တယ်မလား ဂျုံဒေး! မင်း စီနီယာတွေက ဘာတဲ့လဲ "
လုဟန်က နောက်တစ်ခွန်းထပ်မေးလာမှ သူ့ကိုမေးနေမှန်း သိသွားပုံရတဲ့ ဂျုံဒေး သူ့လက်က နာရီကို ငုံ့ကြည့်တယ်၊ ဆယ်ဟွန်းဆီက အကဲဖြတ်မှုကို စိမ်းစိမ်းကားကားကြီးခံစားလိုက်ရတဲ့ ရီရှင်းကတော့ သီးလုနီးပါးဖြစ်သွားတာမို့၊ သူ့ရင်ဘတ်ကို သူထုရင်း ကြက်ကြော်ကို ဖြည်းဖြည်းချင်း ဝါးနေရတယ်၊
တစ်စုံတစ်ယောက်ကတော့ ငါ့ကို အတော်လေး ကြည့်မရဖြစ်နေသလိုခံစားရတယ်..၊ ဝှိုင်းးး
" စီနီယာတို့က.. ခွဲစိတ်ခန်းဝင်စရာရှိလို့ ဒီနေ့တော့ မအားဘူးထင်တယ် "
" အော.. "
ဂျုံဒေးစကားကို တုံ့ပြန်ဖို့ ရည်ရွယ်နေတုန်းမှာပဲ အခန်းထဲကို ဝင်လာတဲ့ ဘတ်ဟျွန်းက သေသပ်စွာ အခွံသင်ထားတဲ့ သစ်တော်သီးလေးတွေကို ပန်းကန်ပြားလေးနဲ့ထည့်ပြီး သူတို့နား လာချပေးတယ်၊
" အသီးရပါပြီ "
"အိုက်ရိုး.. ကြာလိုက်တာ..၊ "
ပတ်တီးပြည့်နေတဲ့ ဘတ်ဟျွန်းရဲ့ ခန္ဓာကိုယ်မှ အားမနာတဲ့ လုဟန်က ဝေဖန်ရင်း သစ်တော်သီးတစ်စိတ်ကို ပါးစပ်ထဲကောက်ထည့်လိုက်တာမို့ ရှောင်းကျန့်က သူ့ညီရဲ့ ခေါင်းကို ဂွတ်ခနဲခေါက်တယ်၊ အဲ့လိုမြင်ကွင်းကိုမြင်တော့ နဂိုကတည်းက လုဟန်ကို ဆော်ပလော်တီးချင်နေတဲ့ ရီရှင်းက သူ့လက်ထဲက ကြက်သားနှစ်တုံးကို လက်ခုပ်တီးသည့်ဟန်နဲ့ အချင်းချင်းရိုက်လို့ အားပေးလိုက်သေးတယ်၊
" ဒါနဲ့.. ဒီဘက်က.. ဘယ်သူ.."
" ကျန်းရီရှင်းတဲ့ ၊ ဒေါက်တာဂင်မ်ဂျွန်မြောင်းရဲ့ ချစ်သူ "
ဘတ်ဟျွန်းက သူ မရင်းနှီးသေးတဲ့ လူစိမ်းကို ဆိုလိုချင်ဟန်နဲ့ စကားစလိုက်တော့ ရှောင်းကျန့်ရဲ့လက်ဆကြောင့် နာကျင်သွားရတဲ့ လုဟန်က ကိုယ့်ခေါင်းကိုယ် ဆီမပေတဲ့လက်နဲ့ မမှီမကမ်း ပွတ်လိုက်ရင်း ရီရှင်းကို မိတ်ဆက်ပေးလိုက်တယ်၊
" အိုး.. တွေ့ရတာဝမ်းသာပါတယ်၊
ချန်းယောဆီကနေ ကြားပါတယ်.."
ဘတ်ဟျွန်းက သွက်လက်စွာပဲ တုံ့ပြန်ပေမဲ့ ချန်းယော ဆိုတဲ့ နာမည်ကို ခပ်ဖွဖွလိုက်ရွတ်တဲ့ ရီရှင်းကတော့ ဆက်စပ်မရဖြစ်နေဟန်မို့ ကြက်ပေါင်ကို ကိုက်နေတဲ့ ရှောင်းကျန့်က ရှင်းရှင်းလင်းလင်း ထောက်ပြလာတယ်၊
" ချန်းယောကိုသိတယ်မလား..
မင်းကို ကပ်ကြေးနဲ့ထိုးလိုက်တဲ့ တစ်ယောက်.. "
" အာ.. ဟိုရှည်တောက်တောက်ဆရာဝန်လေး "
အဲ့တော့မှပဲ သူ ကန်စွန်းဥဖုတ်ဝယ်တုန်းက ဂျွန်မြောင့်ဖုန်းနံပါတ်ပေးခဲ့တဲ့ အရပ်ရှည်ရှည် ဆရာဝန်လေးကို သတိရသွားတဲ့ ကျန်းရီရှင်းက ဘတ်ဟျွန်းကို လက်ဆွဲနှုတ်ဆက်လို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ကြက်ပေါင်လေးကိုင်လျက်သားကနေ ခေါင်းတစ်ချက်ဆတ်ပြီး အီလည်လည်ပြုံးပြလိုက်တယ်၊
" တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ "
" အဲ့တုန်းက ချန်းလေးကြောင့် ဒဏ်ရာရသွားမယ်ထင်တယ်၊
တကယ်အားနာမိပါတယ်.. ၊ "
" ရပါတယ်၊ ကျွန်တော် နားလည်ပါတယ်၊
ဒဏ်ရာကလည်း အသေးအမွှားရယ်ပါ၊ သက်သာသွားပါပြီ "
"အော.. ဒါနဲ့ မင်းတို့ ဒီကပြန်ရင် ဘယ်သွားကြမှာလဲ "
ပီဇာကို အားပါးတရစားနေတဲ့ ဂျုံအင်က ရီရှင်းနဲ့ ဘတ်ဟျွန်းရဲ့ အပြန်အလှန်ချိုသာနေကြတဲ့ ဆက်ဆံရေးကို စိတ်ဝင်စားသလိုကြည့်နေပြီးမှ လုဟန်ဘက်လှည့်ပြီး မေးလာတယ်၊ အဲ့အချိန်မှ လုဟန်က လက်ထဲက ကြက်ကြော်ကို ချရင်း သူ့အစီအစဉ်ကို ပြောလာတယ်၊
" လူစုံတော့ ဆိုဂျုသောက်ဖို့ ဒိုးမလို့ ၊ လိုက်မလား"
" ကောင်းသားပဲ.. "
ခေါင်းတဆတ်ဆတ်ငြိမ့်လို့ ထောက်ခံလာတဲ့ ဂျုံအင်က လုဟန်နဲ့ လက်ဝါးချင်းရိုက်လိုက်ရင်း အစီအစဉ်ကောင်းကြောင်း ချီးကျူးနေလိုက်ကြသေးတယ်၊ အဲ့သည်လို အတိုင်အဖောက်ညီနေမှုကို ခေါင်းတစ်ခါခါပြုတဲ့ ဘတ်ဟျွန်းက ဆယ်ဟွန်းနဲ့ ဂျုံဒေးကို သတိရသွားပြီး လှမ်းမေးတယ်၊ ကလေးတွေက ဒီအမူးသမားတွေနဲ့ လိုက်သွားလို့မဖြစ်ဘူးမလား။
" ကလေးနှစ်ယောက်ကရော.. "
" ဂျုံဒေးနဲ့ ဟွန်းငယ်က အတူတူပြန်မှာ၊ "
"အော... အဲ့လိုကိုး..
ဒါနဲ့ မင်းတို့တွေ.. ပြဿနာရှာမလာခဲ့နဲ့နော် "
" စိတ်ချစမ်းပါ.. "
ဂုဏ်ဆာတဲ့ မျက်နှာပေးမျိုးနဲ့ သူ့ရင်ဘတ်သူ ပုတ်ပြီး ပြောလာတဲ့ လုဟန်ကို ဘတ်ဟျွန်းက မယုံမကြည်ကြည့်လိုက်တယ်၊ ငါဖြင့် မယုံနိုင်ပါဘူး... နောက်ဆုံးသောက်တုန်းကတောင် ဖုန်းကို ဟင်းရည်အိုးထဲ ထည့်မွှေခဲ့တဲ့အထိ မူးပြဲနေတာကိုများ.. ။
" အေး၊ ငါက မင်းကို စိတ်မချဆုံးပဲ.. "
" ဟာ.. ဝှိုင်းရင်း..
အာယူ စော်ကား မီ?"
ဘိုလိုမှုတ်ပြီး ပါးစပ်ထဲရှိရာလျှောက်အော်နေတဲ့ လုဟန်ကို ဘတ်ဟျွန်းက မကြားဟန်ပြုပြီး လျစ်လျူရှုလိုက်တယ်၊ သူတွေးသလိုမျိုး ဒီအမူးသမားအဖွဲ့က အမှန်တကယ်ပဲ စိတ်ချစရာကောင်းသလားဆိုသည်ကတော့...။
.
.
.
.
.
" ရှီးဘား!!! ဘယ်ကောင်က သွားရန်စတာတုန်း!! "
ခေါင်းက တဆစ်ဆစ်နာကျင်နေပြီး မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ လက်နောက်ပြန်ကြိုးတုတ်လျက်သားဖြစ်နေတဲ့ ကိုယ့်အဖြစ်အပျက်ကို သတိထားမိပြီး ထအော်လိုက်တဲ့ လုဟန်ကြောင့် နံရံကို မှီအိပ်နေတဲ့ ရီရှင်းက ဖောင်းအစ်နေတဲ့ မျက်လုံးတွေကို အတင်းဖြဲဖွင့်ကြည့်လာတယ်၊ ပြီးတော့ သူလည်းပဲ လုဟန်လို ကြိုးတုတ်လျက်သားဖြစ်နေတာကြောင့် အူလည်လည်ဖြစ်သွားပြီး ဘေးဘီဝဲယာကို ခေါင်းလည်ကြည့်တယ်၊
ဘာလဲဟ.. ပြန်ပေးဆွဲခံရတာလား..
နှာခေါင်းထဲတိုးဝင်လာတဲ့ မြေသြဇာအနံ့နဲ့ ကောက်ရိုးတွေပြည့်နေတဲ့ ကြမ်းခင်းက သူတို့လုံးဝမရင်းနှီးတဲ့ နေရာဆိုတာ သိသာစေတယ်၊ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာတော့ ဂိုထောင်နံရံကို မှီပြီး အိပ်ပျော်နေဆဲဖြစ်ကြတဲ့ ရှောင်းကျန့်၊ ရိပေါ်နဲ့ ဂျုံအင်တို့ကို လက်နောက်ပြန်ကြိုးတုတ်လျက်သားနဲ့ တွေ့လိုက်ရတယ်၊
လုဟန်က သူ့လူတွေကို တကြိတ်ကြိတ်အသံပေးလို့ နှိုးဖို့ကြိုးစားနေပေမဲ့လည်း ဝှါးခနဲ သန်းဝေလိုက်တဲ့ ကျန်းရီရှင်းကတော့ အလွန်အကျွံသောက်ခဲ့တာမို့ ကိုက်ခဲနေတဲ့ ဦးခေါင်းက မကြည်မလင်ဖြစ်ဆဲမို့ သူ့ခန္ဓာကိုယ်ကို ကောက်ရိုးတွေပေါ် လှဲချလိုက်ရင်း ဆက်အိပ်ဖို့လုပ်တယ်၊
" ဘာလုပ်တာလဲဟ "
" အိပ်ချင်မပြေသေးလို့ ဆက်အိပ်မလို့.. "
" ချီး! ပြန်ပေးဆွဲခံရတာလား၊ အသတ်ခံရတော့မလားမသိတဲ့အခြေအနေမှာတောင် အအိပ်မက်နေသေးတယ်၊ "
လုဟန်က ပွစိပွစိရွတ်လို့ ရီရှင်းရှိရာကို ဖင်တရွတ်တွန်းသွားနေတုန်းမှာပဲ တံခါးက ဂျိမ်းခနဲအသံကျယ်ကြီးမြည်ပြီး ပွင့်လာတာမို့ ပြူးကြောင်ကြောင်ဖြစ်သွားရတယ်၊ အဲ့အချိန်မှ အိပ်ချင်မူးတူးနဲ့ နိုးလာကြတဲ့ ရှောင်းကျန့်၊ ရိပေါ်နဲ့ ဂျုံအင်က ဂိုထောင်ထဲကို ဝင်လာတဲ့ ဗလကြီးကြီးနဲ့လူကို အထူးတဆန်း မော့ကြည့်ကြတယ်၊
သူတို့က အမူးလည်းမပြေသေးသလို၊ သူတို့ကိုယ် သူတို့ ဘယ်ရောက်နေမှန်းတောင် သိပုံမပေါ်ဘူး၊
" အာ.. ဘာလဲ၊
အိုဟွန်းငယ်ရဲ့ ရိုက်ကွင်းလား? "
မမြင်ဖူးတဲ့ နေရာစိမ်းကြောင့် ဟိုဟိုသည်သည်ဝေ့ကြည့်နေရာကနေ အထာပေါက်သွားပုံရတဲ့ ဂျုံအင်က သူ့ရဲ့ကြီးကျယ်လှတဲ့ တစ်လွဲမေးခွန်းကြီးကို ရုပ်တည်ကြီးနဲ့ မေးလာတာကြောင့် ဗလကြီးကြီးနဲ့လူက " ဘာလဲဟ " ဆိုတဲ့ရုပ်မျိုးဖြစ်သွားသလို၊ လုဟန်ကတော့ အတော်ကြီးကို စိတ်လေသွားရတယ်၊
" မင်းတို့ကောင်တွေ ငပိန်းပဲ၊
ဒါဇာတ်လမ်းရိုက်နေတာ မဟုတ်ဘူးကွ! မင်းတို့ကို တကယ်ဖမ်းလာတာ "
" အော်.. တကယ်ဖမ်းလာတာကိုး.. "
ဗလကြီးဆီက ဟိန်းဟောက်လိုက်တဲ့ စကားကြောင့် နံရံကို မှီကပ်နေတဲ့ ဂျုံအင်က အသံခပ်လေးလေးနဲ့ သံယောင်လိုက်တယ်၊ ရှောင်းကျန့်နဲ့ ရိပေါ်ကတော့ အခြေအနေအားလုံးကို လိုက်မမှီဟန်နဲ့ ဟိုလူကြည့်လိုက်၊ သည်လူ့ကြည့်လိုက် လုပ်နေတုန်းပါပဲ၊
"ကဲ..အားလုံးပဲ ငါ ဘယ်သူလဲဆိုတာ မင်းတို့မသိချင်ဘူးလား "
" မသိချင်ပါဘူး "
ဗလကြီးက သူ့စကားကို ခေါင်းတဆတ်ဆတ်ခါလို့ ချက်ချင်း တုံ့ပြန်လိုက်တဲ့ ဂျုံအင့်ကို ဗို့အားသောင်းချီနဲ့ အကြည့်ခပ်စူးစူးတွေနဲ့ ပစ်ခွင်းပေမဲ့၊ ဂျုံအင်ကတော့ သူ မပြောလိုက်သလိုပဲ ခပ်တည်တည်မျက်နှာဘေးနဲ့ မကြောက်မလန့်မော့ကြည့်တယ်၊ အဲ့သည်လို အကြည့်ချင်းစစ်တိုက်နေတဲ့ကြားထဲမှာ ကိုဗလကြီးကို မြင်မြင်ချင်းမှာပဲ အချစ်ဦးကို မြင်တွေ့သလိုမျိုး ပြုံးပြုံးကြီး ကြည့်နေတဲ့ ရီရှင်းက လုဟန်ဘက်ကို လှည့်ပြီး တရုတ်လိုပြောလာတယ်၊
" ဒါနဲ့ !
ငါ ဒီအချိန်မှာ ဒီလိုစကားမျိုးကို မပြောသင့်မှန်းသိပါတယ်၊ ဒါပေမဲ့ သည်းမခံနိုင်လို့ ပြောလိုက်ဦးမယ်၊ သူ့ဆံပင်ပုံစံက ရယ်ချင်စရာကြီးနော် "
" ခွီးးး "
ရီရှင်းပြောလည်း ပြောချင်စရာ.. စိမ်းဖန်နေတဲ့ မြက်တောက်ရောင် ဆေးဆိုးထားတဲ့ ဆံပင်တွေက မိုးကြိုးပစ်သလို ထောင်ထားပြီး တုတ်ခဲနေတဲ့ ကြွက်သားတွေကို ကြွားဖို့ရည်ရွယ်ဟန်တူတဲ့ ကိုဗလစိမ်းကြီးက အေးခဲနေတဲ့ ဆောင်းရာသီမှာတောင် စွပ်ကျယ်လက်ပြတ်နဲ့ အရမ်းမိုက်လို့နေတယ်၊
"အေး ငါလည်း အဲ့တာပြောမလို့ "
" ခွေးကောင်တွေ! ဒီအခြေအနေကြီးမှာတောင် သောက်ခွီတွေ လုပ်မနေနဲ့ဟ "
ရှောင်းကျန့်ကပါ ထောက်ခံပြီး တခွီးခီ်ွးနဲ့ ရယ်နေတာမို့၊ လုဟန်က စိတ်မရှည်နိုင်တော့ပဲ တရုတ်လို ထဆဲတော့ ဗလတောင့်တောင့်လူစိမ်းကြီးက အံအားသင့်သွားဟန်နဲ့ ဂိုထောင်အပြင်ဘက်က လူတစ်ယောက်ယောက်ကို လှမ်းအော်ပြောတယ်၊
" ဒါ တရုတ်တွေပဲဟ၊ ငါ့စကားကို နားလည်တယ်မထင်ဘူး၊ ဘယ်လိုလုပ်ရမှာလဲ.. မင်္ဂလာပါလို့ ပြောချင်ရင် နိဟောင်လို့နှုတ်ဆက်ရမှာလား "
" Aye! နိဟောင်မား "
" နိဟောင်.. အဲဗီးဘာဒီ "
" စောက်ခွက်ပြောင်မနေကြနဲ့ "
ဗလစိမ်းကြီးရဲ့ စကားကို လိုက်နောက်နေကြတဲ့ ရီရှင်းနဲ့ ရှောင်းကျန့်ကြောင့် လုဟန်က ပိတ်ဟောက်လိုက်ပြီး သူ့ခါးကြားမှာ ဆောင်ထားတတ်တဲ့ ဓားမြှောင်အသေးလေးကို မရမက ဆွဲထုတ်တယ်၊ အဲ့တာကို မြင်တဲ့ ရီရှင်းက သူ့ခေါင်းကိုစောင်းပြီး လှမ်းကြည့်တယ်၊
" ဘာလုပ်နေတာတုန်း "
" ကြိုးဖြေဖို့ကြိုးစားတာလေ.. "
" ဟေ့လူ! ဒီကောင်က ကြိုးဖြေနေတယ်တဲ့၊
ဂန်းစတားဖြစ်ပြီး မင်းကြိုးက မခိုင်ဘူးလား "
" ခွေးသား! "
တရုတ်လိုအော်ရင်း ရန်ဖြစ်နေကြတဲ့ စကားတွေကို ဗလစိမ်းကြီးက နားလည်ပုံမပေါ်၊ နောက်ထပ်ဝင်လာတဲ့ ပိန်ညှောင်ညှောင်ကလည်း သူတို့ဖမ်းထားတဲ့လူတွေကို မျက်လုံးဝေ့ကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်လို့နေတယ်၊ အိုက်ရိုး .. သူတို့ကြည့်ရတာ အတွေ့အကြုံလည်း ရှိပုံမပေါ်ဘူး၊ ပျော်ဖို့လည်းမကောင်းဘူး.. ပျင်းစရာကြီး.. ။
" မင်း!!.. မင်းက ကိုရီးယားမလား၊
ငါပြောတာကို သူတို့်ကို ဘာသာပြန်ပေးစမ်း!
မင်းတို့တွေ မသေခင် ဘာပြောစရာရှိလဲ.. လို့ "
ခုနက ဂျုံအင် စကားပြောတာကို ကြားလိုက်တဲ့ ဗလစိမ်းကြီးက နံရံကို မှီပြီးထိုင်နေတဲ့ ဂျုံအင့်ကို ခြေထောက်နဲ့ ပိတ်ကန်ပြီး ဟိန်းဟောက်တယ်၊ အားပါတဲ့ ကန်ချက်ဆိုပေမဲ့ အနည်းငယ်မှတောင် နေရာကနေ ရွေ့သွားခြင်းမရှိတဲ့ ဂျုံအင်က နံရံကို မှီလျက်ကနေ မလှုပ်မရှားပဲ.. ဗလစိမ်းကြီး ပြောလိုက်တဲ့ ကိုရီးယားစကားကို ကိုရီးယားလိုပဲ ပြန်ရွတ်ပြပြီး ဘာသာပြန်ပေးတယ်၊
" မင်းတို့တွေ.. မသေခင်.. ဘာစားချင်လဲတဲ့ "
" ပဲခေါက်ဆွဲကို မုန်လာချဉ်လေးနဲ့ စားသွားလို့ရလား "
"ဟေ.. အဲ့လိုရလား? ရရင် ငါက ပင်လယ်စာဟင်းရည်သောက်ချင်နေတာ"
" အရက်နာကျနေလို့ ပျားသံပုရာရည်လေးပဲ တိုက်ကြပါ ပလိစ့် "
"သတ်မယ်ဆိုလည်း မသတ်ခင် ကိုရီးယားအမဲသားလေးတော့ ကျွေးကြပါဦးကွာ "
အခုမှပဲ ကိုရီးယားလို တစ်ယောက်တစ်ပေါက် ထအော်တဲ့ တရုတ်ကောင်တွေကြောင့် ဗလကြီးရဲ့ မျက်နှာက နီတောက်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ထအော်တယ်၊
" ဟျောင့်တွေ!!! ငါက မင်းတို့ကို ဖမ်းထားတာ!!! လိုချင်တာတွေ တန်းစီတောင်းရအောင် မင်းတို့ ဖအေမဟုတ်ဘူးကွ !!! ဓားပြကွ!! ဓားပြ!! "
" ဓားပြဆိုတာ ဘာကိုပြောတာလဲ..
Hey.. ဝှက် အစ် ဓားပြ? "
ရီရှင်းက သူ မကြားဖူးတဲ့ စကားလုံးအသစ်ကို နားမလည်ဟန်နဲ့ ဗလစိမ်းကြီးကို မော့မေးတော့ ဂျုံအင်က ရှင်းရှင်းလင်းလင်းပဲ ဘာသာပြန်ပေးလိုက်တယ်၊
" သူ့နာမည်က ဂျက်စပဲရိုးတဲ့ "
" ဟျောင့်.. ဂျက်စပဲရိုးက ပင်လယ်ဓားပြလေ၊ ဒါက ကုန်းဓားပြဟ "
လုဟန်က ရီရှင်းရှိရာကို ဖင်တရွတ်တွန်းသွားလို့ တဖြည်းဖြည်း ကပ်ဖို့ကြိုးစားနေရင်းကနေ ဂျုံအင့်ကို ထောက်ပြလိုက်တဲ့ စကားကြောင့် မျက်မှောင်ကြုံ့ပြီး အကြီးအကျယ် စဉ်းစားဟန်ပြုတဲ့ ဘာသာပြန်ဂျုံအင်က စက္ကန့်ဝက်လောက်ကြာမှာ အသံလေးလေးကြီးနဲ့ ဆက်ပြောလာတယ်..၊
" ဂျက်စပဲရိုး on the land "
" အိုး.. အိုင်နိုး အိုင်နိုး.. သင့်ခရူး သင့်ခရူး... "
ဗလစိမ်းကြီးကတော့ သူ့ကို အဖက်မလုပ်ပဲ တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့ ဘာသာပြန်နဲ့ တရုတ်ကောင်ကြားမှာ သူတော့ ရူးချင်လာပြီ၊ သုံးစရာငွေမရှိလို့မှ မူးရူးနေတဲ့ လူခပ်သန့်သန့်အုပ်စုကို အနောက်ကနေ ချောင်းရိုက်ဖမ်းခေါ်လာပြီး ငွေညစ်မယ် ကြံကာမှ.. ကိုယ်ကတောင် သူတို့ကို မုန့်ပြန်ကျွေးရမဲ့ကိန်းဆိုက်နေတယ်၊
အဲ့သည်အချိန်ခဏလေးမှာပဲ လုဟန်က ကြိုးကို ဖြတ်နိုင်သွားပြီး သူ့လက်ထဲက ဓားမြှောင်ပေါက်စလေးကို ရီရှင်းလက်ထဲ ထည့်ပေးလိုက်တယ်၊ ပြီးတော့ နေရာကနေ ထပြီး ဗလကြီးရဲ့ ခန္ဓာကိုယ်ကို အားနဲ့ ဝင်တိုက်ပြီး တွန်းလှဲပစ်လိုက်တယ်၊ ဟိတ်ဟန်ပဲ ရှိပြီး ကိုယ်ခံပညာလုံလုံလောက်လောက်ရှိပုံမပေါ်တဲ့ ဗလစိမ်းကြီးက အထူးလေ့ကျင့်ရေးတပ်သား လုဟန်ကို မခုခံနိုင်၊
အနားက ပိန်ကပ်ကပ်နဲ့ လူက ကြောက်လန့်တကြားနဲ့ ပြေးထွက်သွားတာမို့ ရီရှင်းက သူ့ကို တုတ်နှောင်ထားတဲ့ ကြိုးတွေကို အမြန်ဖြတ်တောက်လိုက်ရင်း ပိန်ကပ်ကပ်လူကို ဖမ်းဖို့ ကြိုးစားတယ်၊ ရီရှင်းဆီက ဓားကို ပြောင်းလွှဲယူလိုက်တဲ့ ရိပေါ်က သူ့ခန္ဓာကိုယ်က ကြိုးတွေ အားလုံးကို ဖြတ်လိုက်ပြီးမှ ရှောင်းကျန့်နဲ့ ဂျုံအင့်ကို ကူညီပေးတယ်၊
" အဲ့ဒီ့တော့.. သူတို့ကို ဘာဆက်လုပ်ကြမလဲ.. "
ထိုးနှက်ပွဲအသေးစားလေးက အဆုံးသတ်သွားတဲ့ အချိန်မှာ.. လုဟန်က ဗလကြီးနဲ့ ပိန်ညှောင်ညှောင်လူကို ကြိုးနဲ့ ခပ်တင်းတင်းတုတ်နှောင်လိုက်ပြီး စဉ်းစားရကြပ်တဲ့လေသံမျိုးနဲ့ပြောလာတာမို့ ဂျုံအင်က အကြံပေးတယ်၊
" ငါ့အသိရဲတစ်ယောက်ရှိတယ်၊
သူ့ကို ဆက်သွယ်လိုက်ရမလား.. "
" ကောင်းတယ်.. "
ဂျုံအင့်ကို လက်မထောင်ပြလိုက်တဲ့ ရီရှင်းက သူ့ကို ဘုကြည့်ကြည့်နေတဲ့ ဗလစိမ်းကြီးအနားကို တိုးကပ်သွားပြီး စိမ်းဖန်နေတဲ့ ဆံပင်တွေကို လက်နဲ့ ထိကြည့်လို့ ကျေနပ်နေလိုက်သေးတယ်၊ တခွီးခီ်ွးနဲ့ သဘောကျနေတဲ့ ရီရှင်းကြောင့် လုဟန်နဲ့ ရိပေါ်က ခေါင်းတရမ်းရမ်းနဲ့ပဲ သူတို့အထက်လူကြီးကို ဂိုထောင်ထဲကနေ မနည်းဆွဲထုတ်လို့ ခေါ်လာရတယ်၊
ကိုရီးယားမြေဟာ.. သူတို့အတွက်တော့
အတွေ့အကြုံဆန်းတွေ တကယ်ပေါများလှတယ်၊
ပထမတစ်ကြိမ်လာတုန်းက နိုင်ငံတော်သမ္မတနဲ့ အရက်သောက်ဖြစ်တယ်၊ ဒုတိယအကြိမ်ကျ ဓားပြတိုက်ခံရတယ်..၊
ကောင်းလေစွ...။
......................................................................
ည ၄ နာရီ ၄၀ မိနစ်...
ဒုဗိုလ်ဒိုဂျောင်ဆူးရဲ့ တိုက်ခန်းရှေ့မှာ အချိန်အကြာကြီး ရပ်နေခဲ့တဲ့ ဗိုလ်ကြီးဂျုံအင်က မီးမှိတ်ထားတဲ့ အခန်းငယ်လေးကို ငြိမ်သက်စွာ မော့ကြည့်နေခဲ့တယ်၊ နောက်တစ်ပတ်ကျော်ရင် စစ်ဆင်ရေးသွားရတော့မှာဆိုပေမဲ့ ဒီကောင်လေးကို ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာကို သူ သေချာမသိဖြစ်လို့်နေတယ်၊
ပြန်လာခဲ့မယ်လို့ သေချာပေါက် ကတိပေးခဲ့ပေမဲ့လည်း..
လက်တစ်ကမ်းအကွာမှစလို့ ဝေးပြီးရင်းဝေးနေရတဲ့ ချစ်ခြင်းတရားတွေပဲမလား..၊ အချိန်တန်ရင် ဆုံးရှုံးပျောက်ကွယ်သွားမဲ့အရာတွေကို တစ်ဘ၀လုံးရင်းပြီး မြုပ်နှံမိခဲ့သလိုမျိုး.. ကိုယ် ပြန်လာခဲ့ရင်တောင်မှ ကြိုဆိုမဲ့လူမရှိမဲ့အဖြစ်ကို ကြိုတွေးပြီး ခြောက်ခြားမိခဲ့တယ်၊
" ဂျုံအင်.. "
ညနက်နေခဲ့ပြီမို့ လှည့်ထွက်သွားဖို့ ကြံရွယ်မိချိန်မှာ ချိုမြိန်နွေးထွေးတဲ့ အသံငယ်ကို ကြားလိုက်ရတာကြောင့် ဂျုံအင်ရဲ့ ခြေလှမ်းတွေက တုန့်ခနဲ ရပ်သွားတယ်၊ အစစ်အမှန်လို့ ခံစားရပေမဲ့..၊ ဘ၀မှာ ဒီလိုကြင်နာလှပမှုမျိုးကို တစ်ကြိမ်တစ်ခါသာ ကြုံကြိုက်နိုင်သလိုမျိုး.. ခံစားနေရပေမဲ့..
ဒါပေမဲ့..
ထပ်ပြီး ပုံရိပ်ယောင်ပဲလား၊
စိတ်ထင်ယောင်ထင်မှားမှုများလား..၊
" ဂျုံအင်.. "
နောက်တစ်ကြိမ် ပြတ်ပြတ်သားသားကြားရတဲ့ အသံလေးကြောင့် ခန္ဓာကိုယ်ကို အလှည့်မှာ ရင်ခွင်ထဲက လုံးခနဲပစ်ဝင်လာတဲ့ အငွေ့အသက်လေးက နီးကပ်လာတာမို့ ဂျုံအင်က သူ့နှုတ်ခမ်းတွေ ဟမရအောင်ထိ အံ့အားသင့်လို့သွားရတယ်၊
" မမှတ်မိခဲ့လို့ တောင်းပန်ပါတယ် ၊
အချိန်အကြာကြီး စောင့်နေခိုင်းမိလို့ တောင်းပန်ပါတယ်.. "
နွေးထွေးချိုမြိန်တဲ့ ထိုအသံဓာတ် ၊ ကြင်နာနူးညံ့တဲ့ အထိအတွေ့တွေ၊ ပင်မော့ကြည့်လာတဲ့ ရွှန်းလဲ့လဲ့ မျက်ဝန်းအိမ်တွေကတစ်ဆင့် ချစ်ရတဲ့ဂျောင်ဆူးက အတိတ်တွေအားလုံးကို ပြန်သတိရခဲ့ပြီဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားချိန်မှာ ကြီးမားကျယ်ပြန့်တဲ့ ပုခုံးကြီးတွေက စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ်တုန်ရီလာတယ်၊
" အချစ်.. "
" အင်း.. "
" ကိုယ့်ရဲ့ အချစ် "
" အင်း.. "
" တကယ်ပဲ မင်းလား "
ဒုဗိုလ်လေးရဲ့ မျက်နှာပြင်ကို လက်ချောင်းလေးတွေနဲ့ ထိတို့ကြည့်တဲ့ ဂျုံအင့်ရဲ့ ပုံစံက တွန့်ဆုတ်ဆုတ်၊ သူက ဂျောင်ဆူးကို ခပ်ကြမ်းကြမ်း ထိတွေ့မိလိုက်ရင်ကို ထပ်ပြီးပျောက်ကွယ်သွားမှာကို ကြောက်ရွံ့နေသလိုပဲ..
ဒုဗိုလ်ဒိုကို မေ့မေ့မောမော ငုံ့လင့်ကြည့်တဲ့ ဂင်မ်ဂျုံအင်းရဲ့ မျက်နှာပြင်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေက ပြည့်စုံစွာ ရိုက်ခတ်လို့နေခဲ့တယ်၊ ချစ်ခြင်း၊ မေတ္တာ၊ ပြီးတော့ နွေးထွေးမှုတွေ..၊ ဂျောင်ဆူးတစ်ဦးတစ်ယောက်တည်းအပေါ်သာ ထားရှိတဲ့ ကြင်နာခြင်းတွေဟာ သူ့အပြုအမူမှာ ကိန်းအောင်းလို့နေတယ်၊
"ပါးပါးနဲ့ မားမားကလည်း သဘောတူလိုက်ပြီ၊
အရာအားလုံး ပြီးဆုံးသွားပြီ..
ထပ်ပြီး နာကျင်စရာတွေ မရှိတော့ဘူး "
ဂျောင်ဆူးက ဂျုံအင့်ကို မလွတ်စတမ်း ခပ်တင်းတင်း ထွေးဖက်ထားရင်း တတွတ်တွတ်ရေရွတ်တယ်၊ သူ့အသံတွေ တုန်ယင်ဝေဝါးလို့နေခဲ့ပေမဲ့လည်း အလွန်အမင်း ပျော်ရွှင်နေခဲ့မှန်းသိသာတယ်၊ ဒါပေမဲ့ သူ့စကားကို ဂျုံအင်က ဘာမှမတုံ့ပြန်ပဲ တိတ်ဆိတ်နေတဲ့အခါမှာတော့ ခန္ဓာကိုယ်ချင်း ပြန်ခွာလာတဲ့ ဂျောင်ဆူးက ဂျုံအင့်ရဲ့ အညိုရောင်မျက်ဝန်းအိမ်တွေကို မြတ်မြတ်နိုးနိုး စူးစိုက်ကြည့်လာတယ်၊
"ငါက မင်းရဲ့ချစ်သူဖြစ်ခဲ့သလို မင်းရဲ့ ဒဏ်ရာဆိုလည်းဟုတ်ခဲ့တယ်၊ အတိတ်မှာ.. မင်းကို ထိခိုက်နာကျင်စေခဲ့ရတဲ့ အရာတွေက ဘယ်တော့မှ ဝေဝါးသွားမှာမဟုတ်ဘူး၊
အဲ့ဒါကို ငါ သိတယ်..
ဒါပေမဲ့ .. ဂျုံအင်.. ငါ့မျက်လုံးတွေကို ကြည့်ပါ၊
ငါ့ကို ယုံပါ ..၊ ဒီနေ့ဒီအချိန်က စတင်ပြီး ငါ မင်းရဲ့လက်ကို ဘယ်တော့မှ လွှတ်မချဘူးလို့ ကတိပေးတယ်၊
မင်းကို နာကျင်အောင် ထပ်မလုပ်တော့ဘူးလို့ သစ္စာဆိုတယ်၊ ပြီးတော့.. ငါ မင်းကို သိစေချင်တာက.. "
"ငါ မင်းမရှိပဲ အသက်မရှင်နိုင်ဘူး၊ မပြည့်စုံဘူး၊ မင်း မရှိလို့ မဖြစ်ဘူး၊ မင်းကို ချစ်တယ်၊ တကယ်ကို နက်နက်ရှိုင်းရှိုင်းချစ်နေတာပါ၊ "
ဘယ်တုန်းကမှ မပြောပြဖြစ်ခဲ့တဲ့ စကားလုံးတွေကို တောင်းပန်ရင်း၊ ဖွင့်ဟဝန်ခံလာတဲ့ ဒုဗိုလ်လေးကြောင့် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း မျက်ရည်ပူတွေ ကျဆင်းလာခဲ့တဲ့ ဂျုံအင်က ဂျောင်ဆူးကို လည်ပြန်ထွေးပွေ့လာတယ်၊
သူ့မှာ ချစ်သူ့အပေါ် အပြစ်တင်စိတ်တွေ ရှိမနေခဲ့ဘူး..၊
တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် အဲ့ဒါက မရပ်တန့်သွားဘူးလေ၊ အဲ့တာကြောင့်ပဲ သူက မျှော်လင့်ချက်တွေမဲ့လောက်အောင်ထိ ဂျောင်ဆူးကို ဆက်ချစ်နေမိခဲ့တယ်၊ အကြိမ်ပေါင်းများစွာ နာကျင်ဆင်းရဲခဲ့တာက မှန်ပေမဲ့လည်း.. ဂျောင်ဆူး ကိုသာ ပွေ့ဖက်ထားရရင် ဘယ်ဒုက္ခကိုမှ မခံစားရဘူးလို့ထင်မိတယ်..။
ဂျုံအင်က ဂျောင်ဆူးအတွက်တော့ အိမ်လို လူသားပဲ၊
သူ့ရဲ့ ရင်ခွင်၊ နှလုံးသား၊ လက်မောင်းရံ အရာအားလုံးက နွေးထွေးညင်သာလွန်းပြီး ဂျောင်ဆူးကို အမြဲတမ်းစောင့်ကြိုနေခဲ့တယ်၊ ခပ်ဖွဖွပြုံးလိုက်တဲ့ ဒုဗိုလ်လေးက သူ့ချစ်သူရင်ခွင်မှာ အားကိုးတကြီးမှီချလိုက်ပုံက သိမ်ငယ်အေးစက်နေခဲ့တဲ့ ပန်းပွင့်ငယ်က နေရောင်ကို တမ်းတမ်းတတ ပြင်းပြင်းပြပြ လွမ်းဆွတ်နေခဲ့သလိုမျိုးပဲ..၊
"ကိုယ်လည်း.. မင်းမရှိလို့ မဖြစ်ဘူး၊ ကိုယ့်မှာ အချစ်မရှိရင် အသက်ဆက်မရှင်နိုင်ဘူး ၊ ကိုယ်.. ကိုယ် ရူးသွားတော့မယ်လို့ ထင်ခဲ့တာ.. "
တိတ်ဆိတ်အေးမြတဲ့ညမှာ ဂျုံအင့်ရဲ့ မျက်ရည်စက်က တဖြည်းဖြည်း ပူလောင်စိုစွတ်လို့နေတယ်၊ သူက ဂျောင်ဆူးကို မလွတ်စတမ်း ခပ်တင်းတင်း ပွေ့ဖက်လို့ထားပြီး ယုံကြည်စိတ်တွေ ပြည့်ဝနေခဲ့တယ်၊ ဘယ်အရာမှ မတည်မြဲတဲ့လောကကြီးမှာ.. ဂျောင်ဆူးရဲ့ ကတိသစ္စာတွေကိုတော့.. သူ အကြွင်းမဲ့ ယုံကြည်ခဲ့တယ်၊ မှိန်ဖျော့တဲ့ ညမီးရောင်အောက်မှာ.. သူ့အချစ်ကို တွယ်တွယ်တာတာ ထွေးပွေ့ထားတဲ့ ဂျုံအင်က အချိန်အကြာကြီး ငြိမ်သက်နေခဲ့တယ်.. ၊
"မင်းနဲ့အတူ ရှိချိန်တိုင်းမှာ.. အမှန်တကယ်ကို ပျော်ရွှင်ခဲ့ရတယ်၊ ကျေးဇူးပြုပြီး ကိုယ့်ကို လက်မလွှတ်လိုက်ပါနဲ့ .. "
" အင်း.. "
အခုတော့..
သူများတွေလိုမျိုး ပုံမှန်ရှင်သန်နိုင်ပြီထင်တယ်
အခုတော့ အသက်ရှူလို့ရပြီထင်တယ်၊
နောက်ဆုံးတော့ မင်းကို ရူးလောက်အောင် သတိရနေခဲ့တယ် ဆိုတဲ့အကြောင်းတွေကို ပြောပြခွင့်ရပါပြီ၊ ခွဲခွာရတဲ့ နေ့ရက်တိုင်းမှာ မင်းနဲ့ အတူရှိချင်နေခဲ့ကြောင်း ၀န်ခံလို့ရခဲ့ပါပြီ..၊
ဟုတ်တယ်..၊
လူတွေက ဒီလိုစကားမျိုးကို ပြောကြတယ်..
စစ်မှန်တဲ့ ပျော်ရွှင်မှုကိုရဖို့အတွက်..
နောက်ကျတယ်ဆိုတာ မရှိပါဘူး... တဲ့..။
.
.
.
.
.
.
.
.
.
ဆင့်ကဲမေးခွန်း :
ချစ်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးခဲ့ဖူးပါသလား..?
အဲဒီ့နောက်..
အရာအားလုံး နောက်မကျသွားခင်အချိန်တိုလေးမှာ..
သူ့ကို ဖမ်းဆွဲထားခွင့်တွေ ရခဲ့ပါသလား..?