အခန်း_(၈)
"ရပ်စောင့်နေသော ရထားလေး ..."
ဧသာန့်ရဲ့ ပထမဆုံး ရည်းစားထားခြင်း သက်တမ်းက သုံးလတာ အချိန်ကာလ တစ်ခုကိုပင် ရောက်လာခဲ့လေပြီ။ ထိုကာလတွေမှာ သူတို့အချစ်ရေး၊ သမီးရည်းစားအရေး၊ ဘာအကြောင်း ညာအကြောင်းကိုမှ ဧသာန့်ဆီကနေ နွေရိပ် မကြားခဲ့ဖူးပါ။ အေးချမ်းစွာ ရှိနေသည့် အချစ်ရေး တစ်ခုလို့ပဲ နွေရိပ်ကတော့ ထင်နေခဲ့မိသည်။
သူ့နှလုံးသားမှာ အဆင်မပြေလှသော်လည်း ချစ်ရသူရဲ့ အချစ်ရေး အဆင်ပြေနေတာကိုတော့ သူဝမ်းသာမိ၏။ လွတ်လပ်ပေါ့ပါးနေသည့် ဧသာန့်ကို ကြည့်နေရခြင်းက သူ့အတွက် စိတ်ချမ်းသာခြင်း တစ်မျိုးပါပဲ။
အရာရာဟာ သူမြင်နေရသလို သူထင်ထားသလို မဟုတ်ခဲ့ကြောင်း သိခဲ့ရသည့်တစ်နေ့။ နားလည်ရခက်သည့် ဧသာန်အဖြစ်ကနေ လျှို့ဝှက်တတ်သည့် ဧသာန်အဖြစ်ပါ ထပ်ပေါင်း သတ်မှတ်လိုက်ရလေတော့သည်။
ထိုနေ့က စနိုးပွင့် သူ့ဆီကို ရောက်လာခဲ့ပါသည်။
ကျောင်းဝင်းထဲက ပန်းခြံနဲ့ မြက်ခင်းပြင်ကြီးကို မျက်နှာမူထားသည့် ခုံတန်းလေးတစ်ခုတွင် နွေရိပ်တစ်ယောက်တည်း ထိုင်နေမိ၏။ မနက်ပိုင်းသူတက်ရမည့် အတန်းချိန်တွေ ပြီးသွားပြီမို့ အေးအေးလူလူ လာထိုင်နေခြင်းသာ။
သစ်ပင်တန်းကြီးတွေအောက်မှ ခုံတန်းငယ်တွေက တစ်ခုံကို နှစ်ယောက်လောက်တော့ ကောင်းကောင်းထိုင်လို့ရနေသည်။ မလှမ်းမကမ်းက တခြားထိုင်ခုံတွေမှာလည်း လူတချို့ ရှိနေကြသေး၏။ သစ်ပင်တွေကြားကနေ နေရောင်ခြည် အချို့ကလည်း ဖြာကျနေသေးသည်။ နွေး၍ အေးချမ်းနေခဲ့ပါသည်။
ထိုအချိန်မှာပဲ သူ့အနားကို မအေးချမ်းလှသည့် မျက်နှာအမူအရာတွေနဲ့ မိန်းကလေး တစ်ယောက် ရောက်လာခဲ့ပါ၏။ သူ(မ)က စနိုးပွင့်ပါပဲ။
အနည်းငယ် ချောင်ချနေသည့် မျက်နှာလှလှလေးက အလှပျက်လောက်တဲ့အထိ မဖြစ်နေသော်လည်း နွမ်းလျနေခြင်းကိုတော့ သိသာစွာ ဖော်ဆောင်နေလေရဲ့။
"စနိုး ..."
"ငါနင့်ကို လာတွေ့တာ နွေရိပ် ..."
"ထူးထူးဆန်းဆန်းပါလား ...ရည်းစားရသွားပြီးတည်းက ငါ့ဆီ မလာနိုင်တော့တဲ့သူက တကူးတကကြီး ရောက်ချလာတယ်ပေါ့ ..."
"မစစမ်းပါနဲ့ ..."
နှုတ်ခမ်းလေးစူပြီး စနိုးပွင့်က သူ့အနားမှာ ဝင်ထိုင်လိုက်၏။
"နင်ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား ...မျက်နှာက ကြည့်ရတာ အဆင်မပြေသလိုဘဲ ...ဘာလဲ နင်တို့ သမီးရည်းစားတွေ ရန်များဖြစ်ထားကြလို့လား ..."
ဧသာန့်ကို ပိုင်ဆိုင်ရလို့ ပျော်ရွှင်နေတဲ့သူက ဒီလိုညှိုးငယ်နေတဲ့ ပုံစံပေါက်နေတော့ နွေရိပ်လည်း သူခန့်မှန်းမိတာကိုသာ မေးလိုက်သည်။ စနိုးပွင့်ကတော့ သူ့ကို မျက်လုံးလေး အဝိုင်းသားနဲ့ အံ့ဩသလို ပြန်ကြည့်နေရှာသည်။
"နင့် သူငယ်ချင်းကြီးဆီကနေ နင်ဘာမှ မကြားဘူးလား ..."
"ဘာကို ကြားရမှာလဲ ..."
"ငါတို့အကြောင်းလေ ..."
"မကြားပါဘူး ...ဘာဖြစ်လို့လဲ နင်တို့ ..."
စနိုးပွင့် မျက်နှာက ငိုချင်ရဲ့လက်တို့ ဆိုသလိုမျိုး ဖြစ်သွားပြီး အဝေးတစ်နေရာကို လှမ်းငေးကြည့်ရင်း ပြန်ဖြေလေသည်။
"ကိုဧသာန်နဲ့ငါ လမ်းခွဲလိုက်ပြီ ..."
"ဘာရယ် ...နင်တို့ တွဲနေတာ သုံးလလောက်ပဲ ရှိသေးတာလေ ...ဘယ်လောက်မှ မကြာသေးဘဲနဲ့ ...ဘယ်လိုဖြစ်ရတာလဲ ..."
"ငါ့ဘက်က လမ်းခွဲမယ်လို့ ပြောခဲ့တာ မဟုတ်ဘူး ...ကိုဧသာန်က စခဲ့တာ ..."
"ဘာ ...ဧသာန်က ..."
"အင်း ..."
"ဘာလို့လဲ ..."
"ငါမသိဘူး ...လွန်ခဲ့တဲ့ နှစ်ရက်က သူငါ့ကို ပြောလာတာ ...ဒိတ်လုပ်မယ်ဆိုပြီး ငါ့ကို အပြင်လှမ်းခေါ်တယ်ဟာ ...ညနေပိုင်း အိမ်ပြန်လိုက်ပို့ရင်းနဲ့ နှုတ်ဆက်တော့ လမ်းခွဲကြရအောင်ဆိုတဲ့ စကားကြီးနဲ့ ..."
စနိုးပွင့်က ပြောနေရင်းနဲ့ အားပါလာသလိုမျိုး သူ့ဘက်ကို ကိုယ်တစ်ခြမ်းစောင်းလာလေသည်။
"သူက အဲ့လိုကြီး ရုတ်တရက်ထပြောတော့ ငါက အိမ်အပြန် လမ်းခွဲနှုတ်ဆက်တယ်ပဲ ထင်လိုက်တာ ...နောက်မှ သူထပ်ပြောတယ် ...ကိုယ်တို့ ဆက်မတွဲကြတော့ဘဲ လမ်းခွဲကြရအောင်တဲ့ ..."
"နင်သူ့ကို မမေးကြည့်ဘူးလား ...အကြောင်းအရင်းကို ..."
"မေးတာပေါ့ဟယ် ..."
"သူဘာပြောလဲ ..."
"ဒီအတိုင်းပဲ ...သူ့စိတ်သူ သိလိုက်ရလို့ပါတဲ့ ...ငါက အရာရာ အဆင်ပြေပြီး ကောင်းမွန်တဲ့ မိန်းကလေးပါတဲ့ ...ဒါပေမဲ့ ငါ့ကို ချစ်ကြည့်ဖို့ ကြိုးစားပေမဲ့ မချစ်နိုင်ဘူးဆိုတာ ပိုသေချာလာလို့တဲ့ဟာ ..."
"နင်တို့က တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားပြီး ချစ်တယ်လို့ပြောပြီးမှ တွဲကြတာ မဟုတ်ဘူးလား ...ငါက အဲဒီလိုပဲ ထင်နေတာလေ ..."
"နင်သူနဲ့ တစ်အိမ်တည်း နေနေပြီးတော့ ဘာတစ်ခုမှ မသိတာဘဲ ...နင်တို့ အရမ်းခင်ကြတော့ ဘာမဆို ပြောပြဖြစ်ကြမယ်ပဲ ထင်နေတာ ...နင့်ရဲ့ သူငယ်ချင်းကြီးက စတွဲတည်းက ငါ့ကိုပြောတယ် ...သူက အချစ်ဆိုတာကို ဘာမှန်း သေချာမသိတဲ့ကောင်တဲ့ ...တွဲကြည့်ရင်း ချစ်ချင်လည်း ချစ်လာနိုင်မှာပဲဆိုပြီး သူက ပြောခဲ့တာ ...ငါလည်း နားလည်ပေးနိုင်ခဲ့တယ် ...တစ်ယောက်ကို တစ်ယောက် ချစ်မိလာဖို့ အချိန်တစ်ခုတော့ လိုမှာပဲလေ ...ငါတို့ တွဲဖြစ်ကြရင်း အချိန်ကြာလာရင် သူငါ့ကို ချစ်လာနိုင်မှာပဲလို့ ထင်ခဲ့မိတာ ..."
မချစ်ကြည့်နိုင်တော့လို့ လမ်းခွဲခံရခြင်း။ ဒါက နည်းနည်းတော့ ခံစားရခက်လှသည်။ စနိုးပွင့်အတွက် သူကိုယ်ချင်းစာမိပါ၏။ သူ(မ)ဘယ်လောက်ထိ ဝမ်းနည်းနေလိမ့်မလဲ။
"ငါသူ့ကို ဖွင့်ပြောတော့ ...သူကပြောတယ်ဟာ ...ငါနဲ့တွဲကြည့်ဖို့ သူလည်း စိတ်ဝင်စားပါတယ်တဲ့ ...ဒီတစ်ချက်နဲ့တင် ငါတို့ကြားမှာ အဆင်ပြေနိုင်လောက်မယ်လို့ ထင်ခဲ့တာလေ ...ငါက တွေ့ဖို့ခေါ်ရင် သူဘယ်တော့မှ မငြင်းဘူး ...သူက စကားအများကြီး မပြောတတ်ပေမဲ့ တကယ့် Gentleman type မျိုးပဲ ...ငါတို့ တွဲလာတဲ့ သုံးလလုံးလုံး လက်ကိုင် ပုခုံးဖက်တာကလွဲရင် ငါ့ကိုတောင် သူတစ်ခါမှ နမ်းခဲ့ဖူးတာ မဟုတ်ဘူး ...အဲ့လောက်ထိ ရိုးသားတဲ့ ယောက်ျား ..."
ဧသာန့်ရဲ့ First Kissက တကယ်ပဲ သူနဲ့ ဖြစ်ခဲ့သည်ပဲ။ စနိုးပွင့်ဆီမှာ မဟုတ်ခဲ့တာ သေချာသွားလေပြီ။ ရုတ်တရက် ဝင်လာသည့် အတွေးက နွေရိပ်ခေါင်းထဲကို ဖျတ်ခနဲ ခဏတာ။
"သူမကြိုက်တာ တစ်ခုခုများ နင်လုပ်လိုက်မိသေးလား ...ဧသာန်က သူသဘောမကျတာ တစ်ခုခုလုပ်ရင် မကြိုက်ဘူးဟ ..."
"ငါမလုပ်မိပါဘူးဟယ် ...ငါတို့တွဲနေတဲ့ အချိန်တုန်းကလည်း သူမကြိုက်ဘူးလို့ ထင်ရတာ မှန်သမျှ ငါရှောင်ပေးခဲ့တယ် ...ငါ့ကို နင်နဲ့တောင် မတွဲခိုင်းလို့ ငါနင့်ဆီတောင် မလာဖြစ်တော့တာ ကြည့် ...သူမကြိုက်ဘူးဆိုလို့လေ ..."
"ဘယ်လို ...ငါနဲ့ မတွဲခိုင်းဘူး ဟုတ်လား ..."
"ဟုတ်တယ် ..."
"အဲ့ဒါကြောင့် နင်ငါနဲ့ မတွေ့ဖြစ်တော့တာပေါ့လေ ..."
"အင်းလေ ...သူ့ရည်းစားကောင်မလေးက သူ့သူငယ်ချင်းနဲ့ အရမ်းရင်းနှီးပြီး တတွဲတွဲလုပ်နေတာကို သူမကြိုက်ဘူးတဲ့ ...ငါက မေးလိုက်တယ် ...ကိုဧသာန် Jဝင်လို့လားဆိုတော့ ...သူက ဟုတ်တယ်တဲ့လေ ...သူ့သူငယ်ချင်းနဲ့ ရင်းနှီးလွန်းတာက သူ့ကို သဝန်တိုစေတယ်တဲ့ ...ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မနေပါနဲ့ သူ့ကိုပဲ အာရုံစိုက်ပေးလို့ ရမလားဆိုပြီး ..."
နွေရိပ် အံ့ဩသွားရသည်။ ဧသာန်က စနိုးပွင့်နဲ့သူ့ကို Jဝင်နေသည်တဲ့လား။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧသာန့်ဆီကနေ ဘာတစ်ခုမှ သူမကြားခဲ့မိပါ။ ရိပ်လည်း မရိပ်မိခဲ့ပါ။ စနိုးပွင့်ကို ကြိုက်နေတာလားလို့ သူ့ကို တစ်ခါသာ မေးခဲ့ဖူးတာပဲ ရှိသည်။ တစ်ခါဆိုမှ အဲဒီတစ်ခါမှ လွဲ၍ ...။
"လမ်းခွဲစကားပြောတော့လည်း ငါမေးကြည့်ခဲ့ပါသေးတယ် ...ကိုဧသာန်မကြိုက်တာ စနိုးဘာများ လုပ်မိလို့လဲ ဆိုပြီး ...ဘာမှမလုပ်ပါဘူးတဲ့ ...သူ့အပေါ် အရမ်းကောင်းတဲ့ မိန်းကလေးကို သူက ပြန်မကောင်းပေးနိုင်ခဲ့လို့ ခွင့်လွှတ်ပါတဲ့ ...ဒီအတိုင်းပဲ ငါ့ကို တောင်းပန်ပြီး တိကနဲ ဖြတ်သွားတာ ...ငါ ငါ အဆင်မပြေဘူး နွေရိပ် ...အရမ်းခံစားနေရတယ် ..."
ပြောရင်းနဲ့ မျက်ရည်လေးပင် ဝဲလာသော သူ(မ)။ အကြောင်းရင်း မယ်မယ်ရရ မရှိပါဘဲ လမ်းခွဲခံလိုက်ရခြင်း။ ချစ်လာနိုင်မည်ဟု ခန့်မှန်းထားသော်လည်း စောစောစီးစီး အဆုံးသတ်ခံလိုက်ရခြင်း။ ဒါက အတော်လေး နာကျင်စေနိုင်လောက်ရဲ့။
"စနိုးရယ် ...ငါစိတ်မကောင်းပါဘူး ..."
သူ(မ) ပုခုံးလေးကို ခပ်ဖွဖွပုတ်ပေးရင်း နွေရိပ် နှစ်သိမ့် ပေးလိုက် မိသည်။ အနီးအနားက လူတွေကတော့ သူတို့အဖြစ်ကို ဂရုထားမိသွားကြသည် ထင်ရဲ့။ ကွက်ကြည့် ကွက်ကြည့် လုပ်လာကြလေသည်။ ကြည့်မယ်ဆိုလည်း ကြည့်လောက်စရာပင်။ မိန်းကလေး တစ်ယောက်က ယောက်ျားလေး တစ်ယောက်နဲ့အတူ ထိုင်ရင်း မျက်ရည်ကျနေသည့် မြင်ကွင်းဖြစ်နေသည်မို့။
"နင့်သူငယ်ချင်းက အရမ်းအသည်းမာသလိုပဲ..."
နှစ်သိမ့်ခံလိုက်ရတော့ ပို၍ ဝမ်းနည်းလာသည်ထင်၏။ နွေရိပ် ပုခုံးပေါ်မှာ သူ(မ)နဖူးလေး လာတင်ပြီး ရှိုက်ငိုပါလေတော့သည်။ ကျောကိုပွတ်ပြီး နှစ်သိမ့်ပေးရုံမှလွဲပြီး သူလည်း စကားတွေ အများကြီး မပြောနိုင်ခဲ့ပါ။ သူလည်း လမ်းခွဲခြင်း အကြောင်းရင်းကို အခုထိ အံ့ဩနေဆဲပင်။
"ငါနင့်အတွက် သူ့ကို ပြောပေးရလား စနိုး ...
သူမေးလိုက်တော့ စနိုးပွင့် ဦးခေါင်းလေး မော့လာခဲ့သည်။
"ဟင့်အင်း မမေးနဲ့ ...မပြောနဲ့ ...ငါ့ကို ပြန်မချစ်လာနိုင်တာ သေချာနေတဲ့ ယောက်ျားတစ်ယောက်ကို ငါအတင်းတွယ်ကပ်နေမှာ မဟုတ်ဘူး ...အစတုန်းက အချိန်တစ်ခု ယူဖို့ စဉ်းစားခဲ့လို့ ငါတို့တွဲဖြစ်ခဲ့ကြတာ ...အခု သူ့ဘက်က သူ့ခံစားချက်တွေက ဒီလိုပါဆိုပြီး အတိအလင်း ပြောပြီး လမ်းခွဲလိုက်တာလေ ...ငါက ဘာကို မျှော်လင့်နေရဦးမှာလဲ ...တော်ပါပြီဟာ ..."
"ဒါပေမဲ့ နင်အရမ်း ခံစားနေရတာဆိုတော့ ...သူ့ကိုငါ ပြောကြည့်ပေးရင်ရော ..."
"ငါခံစားရတာက မျှော်လင့်ထားသလို ဖြစ်မလာလို့ ...ထင်မထားတဲ့အချိန်မှာ ရုတ်တရက်ကြီး လမ်းခွဲစကား အပြောခံလိုက်ရလို့ ...သူ့ကို တွယ်ကပ်ချင်တဲ့ စိတ်မျိုး ငါ့မှာ မရှိနေဘူး ...ကိုယ့်ကို မချစ်ပါဘူးဆိုတဲ့ လူတစ်ယောက်အနားမှာ ငါ့အတွက် နေရာ ရှိနိုင်မယ်မထင်ပါဘူး ...ငါက ဘာကို ထပ်ပြီး တွယ်ကပ်နေရဦးမှာလဲ ...ကိုယ့်ကိုယ်ကိုယ် နာကျင်သထက် နာကျင်အောင် ညှင်းဆဲနေသလိုပဲ ဖြစ်နေမှာပေါ့ ..."
စနိုးပွင့် စကားက သူ့အသိတရားတွေကို တပ်လှန့်လိုက်သလိုပင်။ သူ(မ)စကားတွေက အမှားအရှိ။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်သာ ပိုချစ်ကြသည် မဟုတ်လား။ ကိုယ် နာကျင်မခံစားရစေဖို့ ကိုယ်တိုင်ပဲ လွတ်မြောက်ရာလမ်းကို ရှာဖွေရမည်သာ။
"လူတစ်ယောက်ကို ချစ်ရတာက အရမ်းကို ခက်ခဲတာပဲ နွေရိပ်ရယ် ..."
မျက်ရည်တွေ စဲသွားပြီး တည်ငြိမ်သွားသော မျက်နှာလေးနဲ့ စနိုးပွင့်က သူ့ကို ပြောလာသည်။ ဒီစကားကို ကြားမိတော့ အထက်တန်းကျောင်းတုန်းက ဧသာန်ပြောဖူးသည့် စကားတစ်ခွန်းကို သွားသတိရမိ၏။
"မင်းတစ်ဘဝလုံး ပျော်ရွှင်ချင်ရင် ဘယ်တော့မှ သူများကို သွားမချစ်မိစေနဲ့ နွေရိပ် ..."
ဟုတ်သည်။ ဧသာန် ပြောခဲ့သည့်စကားက မှန်နေခဲ့သည်။ အခု သူမပျော်ရွှင်ရပါ။ ဒါပေမဲ့လည်း လွတ်မြောက်ရာလမ်းကိုတော့ အခုထိ ရှာမတွေ့နိုင်သေး။ တစ်ဖက်သတ်ချစ်ခြင်းဟူသည် ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲခြင်း နည်းတစ်မျိုးပဲ ဖြစ်ပုံရ၏။
စနိုးပွင့်ကတော့ ဆင်ခြင်နိုင်သွားခဲ့ပေမဲ့ သူကရော ဘယ်တော့များမှလဲ ...။
**********
ဧသာန် တစ်ယောက် ဘွဲ့ရခါနီး နောက်ဆုံးနှစ်မှာ သူတို့ကျောင်းက မိန်းကလေးတစ်ယောက်နဲ့ ထပ်တွဲဖြစ်လိုက်သေး၏။ ဒီတစ်ခါတော့ စနိုးပွင့်ထက် ပို၍ ရည်းစားသက်တမ်း ကြာခဲ့သည်။ ခြောက်လလောက် ရည်းစားဖြစ်လိုက်ပြီးနောက် ဧသာန့်ဘက်ကနေ စပြီး ဖြတ်လိုက်ပြန်လေသည်။
စနိုးပွင့်နဲ့ လမ်းခွဲတုန်းကလည်း ဧသာန့်အား နွေရိပ် မေးခဲ့မိသေးရဲ့။
"စနိုး ငါ့ကို ဒီနေ့ ကျောင်းမှာလာရှာပြီး ပြောပြတယ် ...မင်းတို့ လမ်းခွဲလိုက်ပြီဆို ..."
"အင်း ..."
ညနေခင်းမှာ နှစ်ယောက်သား public ပန်းခြံတစ်ခုထဲ လမ်းလျှောက်ထွက်ဖြစ်ရင်း မေးမိတာဖြစ်သည်။ နေတဲ့အိမ်နဲ့လည်း နီးနေတာမို့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေနဲ့သာ ထွက်လာဖြစ်ကြ၏။ အရောင်မတူသော ဟူဒီအင်္ကျီနဲ့ ဘောင်းဘီအပွတွေ ဝတ်ထားကြသည်။ နွေရိပ်က အဖြူရောင်ဟူဒီနဲ့ ခဲရောင်ဘောင်းဘီ၊ ဧသာန်ကျတော့ အပေါ်ရော အောက်ရော အနက်ရောင်တွေနှင့်။
"ငါ့ကို ဘာလို့မပြောပြတာလဲ ..."
"ငါမေ့နေလို့ပါ ..."
လမ်းလျှောက်ရင်း လက်တွေကိုပါ လေ့ကျင့်ခန်းလုပ်နေသည့် ဧသာန်က သာမန်လိုပဲ ပြောလာသည်။
"ဒါမေ့စရာကိစ္စ မဟုတ်ဘူးလေ ...ပြီးတော့ ငါတို့က တစ်အိမ်တည်းနေနေတဲ့ သူငယ်ချင်း အရင်းကြီးတွေ ...မင်းသူ့ကို လမ်းခွဲလိုက်တာ နှစ်ရက်လောက် ကြာသွားပြီးတာတောင် ဒီအကြောင်းအရာကို ငါမသိရသေးဘူး ...သူများက ကိုယ်တိုင်လာပြောပြမှ ငါသိရတာ ...သူသာ မပြောပြရင် ငါဘာမှ သိမှာမဟုတ်ဘူး ..."
ဧသာန့်မျက်နှာက သူ့ဘက်လှည့်လာ၏။ မျက်ဝန်းတွေကို မှေးစင်းကြည့်လာရင်း ပြုံးပြနေသည်။ ဒါကရော ဘာအထာလဲ။ ဘာကြောင့် ရုတ်တရက်ကြီး ပြုံးပြနေရသည်လဲ။
"အဲ့တော့ မင်းက စိတ်ဆိုးသွားတာလား ..."
"ငါက ဘာကို စိတ်ဆိုးရမှာလဲ ..."
"ငါတို့က တအားရင်းနှီးတော့ ငါတို့ကြားမှာ ဘာမှလျှို့ဝှက်ထားစရာ မလိုဘူး မဟုတ်လား ...အခု စနိုးပွင့်နဲ့ ငါ့အကြောင်း ငါ့ဆီက မဟုတ်ဘဲနဲ့ သူလာပြောမှ သိလိုက်ရလို့ မင်းစိတ်ခုသွားတယ်ပေါ့ ...ဒီလိုလား ..."
"တစ်ဝက်ဟုတ်ပေမဲ့ တစ်ဝက်မဟုတ်ဘူး ...ငါတို့ ရင်းနှီးကြတာ မှန်ပေမဲ့ ဘာမဆို မဖြစ်မနေ ပြောပြနေစရာတော့ မလိုဘူးလေ ...လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရမှာပဲ ...ဒါပေမဲ့ စနိုးပွင့်ကိစ္စကတော့ မင်းငါ့ကို ပြောကို ပြောပြသင့်တဲ့ အရာပဲ မဟုတ်ဘူးလား ..."
"ငါပြောပြီးပြီလေ ...ငါမေ့နေလို့လို့ ...မင်းကို တမင်မပြောဘဲနေတာမှ မဟုတ်တာ ..."
"မေ့တယ် ..."
ဉာဏ်ကောင်းလွန်းလှသည့် ဧသာန့်လိုလူက ဒီကိစ္စမျိုးကို မေ့သည်တဲ့။ ဒါက ဖြစ်နိုင်လို့လား။
"ထားပါတော့ မေ့တယ်ပဲ ...ဒါဆို ငါမေးမယ် ...မင်းဘာလို့ သူ့ကိုဖြတ်လိုက်တာလဲ ..."
"ဆက်မတွဲချင်တော့လို့ ..."
သူတို့ ဘေးကနေ ဖြတ်သွားသည့် ကလေးစက်ဘီးလေးပေါ်က ကလေးတစ်ယောက်ကို လှမ်းကြည့်ပြီး ဧသာန်က ရယ်ပြနေသေးသည်။ ပတ်ဝန်းကျင်ကို လိုက်ငေးကြည့်ရင်း၊ လမ်းလျှောက်ရင်းနဲ့သာ မေးသမျှကို ပြန်ဖြေနေသည့် ဧသာန်။
"အကြောင်းရင်းက ဒါပဲလား ..."
"စနိုးပွင့်က မင်းကို အကုန်မပြောပြဘူးလား ..."
"ပြောပြသားပဲ ...သူငါ့အရှေ့မှာ ငိုတောင် ငိုတယ် ..."
ဧသာန့်အကြည့်က သူ့ဆီကို ရောက်လာပြန်သည်။ ဒီတစ်ခါတော့ အပြုံးအရယ်တွေ မရှိတော့ဘဲ ဒီအတိုင်း မျက်နှာတည်နှင့်။
"မင်းရှေ့မှာ သူက တငိုငို တရယ်ရယ်နဲ့ ရင်လာဖွင့်တယ်ပေါ့ ..."
"ဘယ်လို ပြောလိုက်တာလဲကွာ ...သူက တငိုငို တရယ်ရယ် မလုပ်ပါဘူး ...မင်း သူ့ကို ဖြတ်သွားတဲ့အကြောင်း ပြောပြရင်း ခဏလောက် ဝမ်းနည်းသွားတာမျိုးပါ ..."
နွေရိပ် ရှင်းပြရသေး၏။
"အဲ့တော့ မင်းက သူ့ကို သနားသွားတယ်ပေါ့ ..."
"စိတ်မကောင်းတော့ ဖြစ်သွားတာပေါ့ဟ ...သူက ငါ့သူငယ်ချင်းပဲလေ ..."
"သူငယ်ချင်း ...အင်း ဟုတ်တာပေါ့ ...သူငယ်ချင်းပဲ ဖြစ်ရတော့မှာပေါ့ ..."
ဘာကို ဆိုလိုမှန်း မသိသော စကား။ သူ့ဟာသူ ပြောရင်း သူ့ဟာသူပဲ ခေါင်းတညိတ်ညိတ် လုပ်နေသော ဧသာန်။
"ပြီးတော့ ငါမေးပါဦးမယ် ...မင်းက ငါနဲ့သူ့ကို တွဲတာ မကြိုက်ဘူးလို့ ပြောတယ်ဆို ...ငါသူ့ကို စိတ်မဝင်စားတာ သိသိကြီးနဲ့ မင်းက ဘာလို့ ငါတို့ကို သဝန်တိုနေရတာလဲ ..."
သူဒီအကြောင်းကို မေးဖြစ်သွားသည်။ တကယ်ကို နားမလည်နိုင်သည်မို့။
"မင်းကောင်မလေးကို ငါက ဘာလုပ်မှာမို့လို့လဲ ...ဒီလောက်တောင် စိတ်မချဖြစ်နေရအောင် ..."
အဖြေကို တော်တော်နဲ့ မဖြေဘဲ ဧသာန်က သူ့ကိုသာ ရပ်ကြည့်နေခဲ့သည်။
"ပြောလေ ...တပူးပူး တတွဲတွဲ မနေနဲ့လို့ ကန့်သတ် ထားရလောက်အောင်ထိ သဝန်တိုစရာ လိုလို့လားလို့ ...အဲ့လောက်ထိ သဝန်တိုနေပြီးမှ ဘာလို့ သူ့ကို မချစ်နိုင်လို့ပါဆိုပြီး ဖြတ်လိုက်သေးလဲ ..."
"မင်းက အရမ်းစကားများတာပဲ ...ငါနားငြီးလာပြီကွာ ..."
နွေရိပ် ပါးစပ်ကို ဧသာန်က လက်ဖဝါးတွေနဲ့ ပိတ်ကာထားလိုက်သည်။ ပါးစပ်ပေါက် အပိတ်ခံလိုက်ရသည်မို့ စကားလုံးတွေက ပီပီသသ မထွက်လာဘဲ တဝူးဝူး တဝါးဝါး အသံတွေသာ ထွက်လာရ၏။ နွေရိပ်က အတင်း ပြန်ရုန်းဖယ်လိုက်တော့မှ လွတ်မြောက်သွားရ လေသည်။
"မင်းရဲ့ အရေးမပါတဲ့ ကန့်သတ်ချက်ကြီးကို ငါမယုံနိုင်လို့ မေးနေတာကွ ...ဖြေ ငါ့ကို ..."
"ငါပိုင်သမျှကို ဘယ်သူမှ လာထိတာ မကြိုက်ဘူး ...ငါက မနာလို အူတိုစိတ်ကြီးတယ် ...သူငယ်ချင်း အရင်းကြီး ဖြစ်နေရင်တောင် မရဘူး ...သဘောမကျနိုင်ဘူး ..."
အဖြေရတော့ နွေရိပ် ငြိမ်သွားသည်။ စနိုးပွင့်ကို သူ့အပိုင်လို့ သတ်မှတ်ခဲ့ဖူးသည်ပဲ။ ကံကောင်းလွန်းသော စနိုးပွင့်ကို တဒင်္ဂလေးတော့ သူ မနာလို ဖြစ်မိသွားရသည်။ ဧသာန့်ရဲ့ ပိုင်ဆိုင်လိုခြင်း စိတ်အစဉ်အား ရရှိခဲ့သေးသော သူ(မ)။
"မင်းရဲ့ အပိုင်လို့ သတ်မှတ်ခဲ့ဖူးတာတောင် သူ့ကို မချစ်မိသေးတာ အံ့ဩစရာပဲ ..."
"ငါမင်းကို ပြောခဲ့ဖူးပါတယ် ခဏခဏ ...ငါ အချစ်ကို မယုံဘူးလို့ ...လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာက ထင်သလောက် မရိုးရှင်းဘူး ...အချိန်ဘယ်လောက်ထိ အကြာမှာ ငါတို့ တစ်ယောက်ကို တစ်ယောက် စိတ်ကုန်သွားကြနိုင်မလဲ ဆိုတာ မသိနိုင်ဘူးလေ ...တချို့အတွဲတွေဆိုရင် လက်ထပ်ပြီးကာမှ စိတ်ကုန်သွားကြသေးတာပဲ ...တချို့တွေဆိုရင် ကလေးတွေ ရသွားမှ ကွာရှင်းသွားကြတယ် ...ဒါက သူတို့ရဲ့ အချစ်ဆိုတာကြီးက မတည်မြဲနိုင်လို့ဘဲ မဟုတ်ဘူးလား ...ငါ စနိုးပွင့်ကို ဆက်တွဲချင်စိတ် မရှိတော့တာ အချိန်သုံးလပဲကြာတယ် ...ကြာရှည်မခံတဲ့ ဆက်ဆံရေးကို စောစောစီးစီး ရပ်တန့်လိုက်တာက သူ့အတွက် ပိုမကောင်းဘူးလား ..."
ဧသာန် ပြောသွားသည့် မတည်မြဲသော အချစ်တွေအကြောင်းက သူ့မိဘတွေကို ရည်ရွယ်တာလည်း ဖြစ်နိုင်သည်။ သူ့မိဘတွေလိုပဲ လူတော်တော်များများသည်လည်း မတည်မြဲသော ချစ်ခြင်းတရားတွေနဲ့ ရင်ဆိုင်နေကြရသည်ပင်။ ဧသာန်ပြောနေတာတွေက မှားတော့မမှား။
သူက အချစ်ကို မယုံကြည်တဲ့သူ။ ပြီးတော့ လွယ်လွယ် မချစ်တတ်သည့်သူ။ ကြည့်ရတာ ဧသာန်က အစဉ်တည်မြဲနိုင်မဲ့ ချစ်ခြင်းတရားကို လိုက်ရှာနေသည်ထင်ရဲ့။
ဘွဲ့ရခါနီးမှာ ခြောက်လလောက် တွဲခဲ့သည့် မိန်းကလေးနဲ့ ပြတ်သွားတော့လည်း အလားတူပဲ ဧသာန် ထပ်ပြောလာသေးသည်။ ဒီတစ်ခါတော့ စတွဲတုန်းက တစ်ခါ နွေရိပ်ကို အသိပေးပြီး ပြတ်သွားတော့လည်း အသိပေးခဲ့ပါသည်။ သူ(မ)နာမည်နဲ့ ဓာတ်ပုံမှ လွဲပြီး လူချင်းတော့ နွေရိပ်တို့ မတွေ့ခဲ့ဖူးပါ။ စနိုးပွင့်တုန်းကလိုပဲ သူ့ရည်းစားအကြောင်း မေးမိတဲ့အခါမျိုးမှသာ ဧသာန်က ပြောပြတတ်ပါသည်။ ဒုတိယမြောက် ရည်းစားသည်လည်း အလှပဂေးစာရင်းထဲသို့ ဝင်ပါလေ၏။
သို့သော် သူ(မ)သည်လည်း ဧသာန် စိတ်ကုန်သွားသည့် ကာလအားဖြင့် ခြောက်လတာသာ ကြာခဲ့သည်။ တိုတောင်းသော အချိန်တစ်ခုမှာ ဒုတိယမြောက် ရည်းစားနဲ့ ပြတ်သွားတဲ့အခါ ဧသာန် သူ့ကို ရယ်ရယ်မောမောနဲ့ ရင်ထိပ်စရာ တစ်ခုကို ထုတ်ပြောလာခဲ့ပါ၏။
"ငါသာ မင်းဖွင့်ပြောတုန်းက ခေါင်းညိတ်လိုက်ပြီး ငါတို့နှစ်ယောက် တွဲကြည့်လိုက်စမ်း ...ဘာဖြစ်သွားမယ် ထင်လဲ ..."
အချိန်တွေကြာသွားပြီမို့ ဧသာန်က ရယ်ရယ်မောမောနဲ့ ပြောနေနိုင်ပေမဲ့ ကာယကံရှင် သူကတော့ အခုထိ နာကျင်စွာ ရှက်ရွံ့နေဆဲပင်။
"ငါ့ရည်းစားတွေလိုပဲ ...အချိန်ကြာကြာ မတွဲဖြစ်ဘဲ မင်းနဲ့လည်း ပြတ်သွားခဲ့မယ်ဆိုရင် ...ငါတို့ သူငယ်ချင်းတွေလို ပြန်နေလို့ မရနိုင်တော့ဘူး အခုချိန်မှာ ...ငါမင်းနဲ့ မတွဲခဲ့မိတာ အရမ်းကံကောင်းတယ် ...အခုထိ ငါတို့ သူငယ်ချင်းတွေလိုပဲ ဆက်နေလို့ ရနေသေးတယ်လေ ...ဘယ်လောက် ဝမ်းသာစရာ ကောင်းလိုက်သလဲ ..."
ဝမ်းသာစရာပါပဲ။ အရမ်းကို ကံကောင်းခြင်းပါပဲ။
သူတို့ မတွဲဖြစ်ခဲ့ကြတာက အခုချိန်ထိ မပြောင်းလဲသေးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက် လိုက်နိုင်ခြင်းပါပဲ။
ဧသာန် ပြောတာ မှန်ပါ၏။
ထိုအချိန်ကနေစပြီး နွေရိပ်ဆိုသော ရထားလေးသည် ဧသာန်ဆိုသော ဘူတာရုံလေးရဲ့ အနီးအနားမှာပဲ ရှိနေခဲ့မိပါတော့သည်။
ခုတ်မောင်းမသွားဘဲ၊ ဘယ်ခရီးသည်ကိုမှ သူ့ရင်ဘတ်ထဲ ထည့်ပြီး သယ်ဆောင် မသွားဘဲ၊ ရပ်မြဲ ရပ်နေခဲ့လိုက်ပါသည်။
မပြောင်းလဲသော တည်မြဲခြင်းတစ်ခုအား ပြသနိုင်ရန်အတွက် ဘူတာရုံလေးထဲမှာ ရပ်စောင့်နေခဲ့မိတော့၏။
/
/
/