Chapter 12

21.4K 2.3K 83
                                    

(Unicode)

ကော်ဖီဆိုင် အပြင်သို့ ထွက်လိုက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး နေ့အလင်းရောင် အလျှင်း ပျောက်ကွယ်ကာ အမှောင်ထု ကြီးစိုးနေပြီ ဖြစ်သည်။

ခန့်ညားရှိန်က နောက်မှ တစ်ခုခု ပြောရန် ကြိုးစားနေမှန်း သိသော်လည်း တမင် အဖက်မလုပ်ဘဲ ကားပေါ်သို့သာ အမြန်တက်ပြီး မောင်းထွက်လာလိုက်သည်။

တည်းမည့် ဟိုတယ်ရှေ့သို့ ရောက်တော့ မိုးစုန်းစုန်းချုပ်နေပြီ ဖြစ်သည်။
ကားပါကင်တွင် ခွန်းထက်မာန် ကားရပ်ပြီး ဆင်းမည့်ဆဲဆဲ ဘေးမှ ခန့်ညားရှိန်၏ ပါရာဒိုကြီးက ချက်ချင်း ရောက်လာကာ ခွန်းထက်မာန် ကားလေးဘေးက နေရာကျဥ်းကျဥ်းလေးတွင် မရမက မထော်မနန်း အတင်း ထိုးရပ်သည်။

ခွန်းထက်မာန် သက်ပြင်းချကာ ခေါင်းသာ ခါယမ်းလိုက်မိသည်။
ရယ်ချင်စိတ်တဝက်နှင့်ပင် Lover seat ပေါ်မှ တစ်ရက်စာ အထုတ်သေးလေးကို ယူကာ ဟိုတယ် အထဲသို့ လျှောက်သွားလိုက်တော့သည်။

ဧည့်ကြိုကောင်တာရှေ့သို့ ရောက်သည်နှင့် ထိုကောင်ကလည်း ခရီးဆောင်အိတ်ကြီး တစ်လုံးကို ဆွဲကာ နောက်မှ အမောတကော လိုက်ပြေးဝင်လာသည်။

"ဟူး ခင်ဗျားကလည်း ​ခြေလှမ်းသွက်လိုက်တာဗျာ။”

ခွန်းထက်မာန် သူ့ကို အဖက်လုပ် ဖြေကြားမနေတော့ဘဲ ကောင်တာက မိန်းကလေးကိုသာ စကားစလိုက်သည်။

"တည်းနေကြအခန်းပဲညီမလေး။”

ထိုမိန်းကလေးက ခန့်ညားရှိန်ကို တလှည့်၊ သူ့ကို တစ်လှည့် ကြည့်နေသည်။

"အမ်...အာ...တစ်ယောက်ခန်း နှစ်ခန်းလား။
နှစ်ယောက်ခန်း တစ်ခန်းလား။”

"တစ်ယောက်ခန်း နှစ်ခန်း။”

"နှစ်ယောက်ခန်း တစ်ခန်း။”

တပြိုင်နက် ထွက်သွားသော တခြားစီ အဖြေနှစ်ခုကြောင့် ထို မိန်းကလေးက ပို၍ပင် အူကြောင်ကြောင် ဖြစ်သွားသည်။

ခွန်းထက်မာန်လည်း ငကြောင်ကောင်ကို စောင်းခနဲ ကြည့်ပေးလိုက်သည်။
ထိုမိန်းကလေးကိုလည်း သူ တစ်ခါမှ မမြင်ဖူးပေ။
ကြည့်ရတာ ဝန်ထမ်းအသစ် ဖြစ်ပုံပေါ်သည်။

OH...My Beloved BadassWhere stories live. Discover now