Chapter 62

13.4K 1.5K 111
                                    

(Unicode)

"အဲ့မှာ ခင်ဗျား လိုချင်တဲ့ ခွဲစိတ်မှတ်တမ်းပုံတွေ။”

ဖုန်းထဲရောက်လာသော file ကို ခပ်သွက်သွက် ဖွင့်ကြည့်ရင်း ဇေယျာသော် နှုတ်ခမ်း တွန့်ကွေးရုံမျှ ပြုံးလိုက်မိသည်။

Mr. Wen အမည်နှင့် မျက်နှာ ပြုပြင်ခွဲစိတ်ထားကြောင်း မှတ်တမ်းတွေ...

ထိုအရာတွေထဲမှာမှ သိပ်ထင်ထင်ရှားရှား မဖြစ်တော့သော အဖြူအမဲ ဓာတ်ပုံ တစ်ပုံက သူ့ကို အများဆုံး အထောက်အကူ ပြုပေးနိုင်သည်။

ပျက်စီးနေသော မျက်နှာတစ်ခြမ်းက အတော်ကြီး ကြည့်ရဆိုးသော်လည်း အကောင်းကျန်သည့်တစ်ခြမ်းက ထွဋ်ခေါင်ဟိန်းဆိုတာ သက်သေထူထားသကဲ့သို့ပင် မဟုတ်ပါလား။

ခုမှ အသက်ရှူချောင်သွားသလို ခံစားရကာ သူ ဟူးခနဲ သက်ပြင်းချမိတော့သည်။

ဘဲဥ အစတော့ ကောင်းကောင်းကြီး ရှာလို့တွေ့ခဲ့ပြီ။

ဘယ်နေရာတွင် ဘာကို စုံစမ်းရမည်ဆိုတာကို သိလျှင် အဆက်အသွယ်ဆိုတာ မရှား။
လုံလောက်သော ငွေကြေးပမာဏနှင့် တိကျသော အချက်အလက်တို့ကို ပေးနိုင်လျှင် အရာအားလုံးက လွယ်ကူ မြန်ဆန်သည်။

ဒီကိစ္စတွင်တော့ တရုတ်စကား ပြောတတ်ခြင်းကလည်း အရေးပါသွားသည်။

မနေ့က အကျိုးအကြောင်း အကုန် သိရချင်းချင်း သူ တော်တော်လေး အံ့သြသွားမိသေးသည်။
ဦးထွဋ်ခေါင်ဟိန်းနှင့် ခန့်ညားရှိန်တို့က ဆွေးမျိုးရင်းချာ ဖြစ်နေသည်ဆိုတာ တစ်စက်ကလေးမှ ယုံနိုင်ဖွယ်မရှိ။

ဘာနေနေ အထောက်အကူ ရလာတာပဲ မဆိုးဘူးဟု ပြောရမလိုလို....

သို့သော်လည်း မာန် အမြဲလိုလို သတိရနေတတ်သည့် ကလေးငယ်က ခန့်ညားရှိန်ပဲဆိုတာ တွေးမိပြန်တော့ သူ ရင်ထဲ တနုံ့နုံ့ နာကျင်ရပြန်သည်။

အဲ့ကောင်လေးက မာန့်ရဲ့ အချစ်ဦးလည်း ဟုတ်တယ်။
အချစ်ဆုံးလည်း ဟုတ်တယ်။

သူက ဘယ်လိုများ ယှဉ်နိုင်မှာတဲ့လဲ။

"အာ...ခင်ဗျားရဲ့ လုပ်အားခအပြည့်အစုံကို ကျွန်တော် လွှဲပေးလိုက်ပါပြီ။
အလုပ် မြန်ဆန်တဲ့အတွက် ကျွန်တော် 20% ထပ်ပေါင်းပေးထားတယ်။”

OH...My Beloved BadassWhere stories live. Discover now