Chapter 28

16.8K 1.9K 164
                                    

(Unicode)

"ကျစ်...နာလိုက်တာကွာ...”

သတိထားနေသည့် ကြားထဲက ဂွမ်းကို အားနဲ့ ဖိမိသွား၍ ခန့်ညားရှိန် တုန်ခနဲ ပင် ဖြစ်သွားရသည်။

မနက် အိပ်ရာနိုးနိုးချင်း ရေမိုးချိုး၊ အဝတ်အစားလဲပြီးသည်နှင့် မျက်ခုံးထောင့်ကို ဆေးထည့်ရသည်က အလုပ်ကြီး တစ်ခုလို ဖြစ်နေသည်။

ထိုညက ကံဆိုးမိုးမှောင်ကျစွာဖြင့် အိမ်ပြန်ရောက်ရောက်ချင်း ဖေဖေနှင့် တည့်တည့်တိုးသည်။
ဖေဖေက ဒဏ်ရာရော၊ ကားရော အခြေအနေကို မြင်ကာ ဘာဖြစ်လဲ အသည်းအသန် မေးသည်။
Leo နှင့်ပတ်သတ်သည်ကို အမှန်အတိုင်း မဖြေလို၍ ကားပြိုင်မောင်းသည်ဟု လိမ်လိုက်ရာမှ ဖွတ်ဖွတ်ညက်ညက် ကြေအောင် အဆူခံရတော့သည်။

ဆေးခန်းသွားပြသည့် လမ်းတစ်လျှောက်လုံးလည်း ဆူသည်။
အသိ ဆရာဝန်ရှေ့မှာလည်း ဆူသည်။
အိမ်ပြန်ရောက်တော့လည်း အိပ်ခန်းထဲထိ လိုက်လာပြီး ထပ်ဆူသည်။

Leo ပတ်သတ်သည့် အမှတ်တရဟု တွေးကာ အမာရွတ် ထားရင် ကောင်းမလားဟု စဥ်းစားခဲ့သေးသော်လည်း ဖေဖေ၏ ဆေးပုံမှန် မထည့်လို့ ဒဏ်ရာ အလျှင်း မပျောက်ရင် မုန့်ဖိုး သုံးလစာ အပြတ်ဆိုသည့် စကားမာကြီးကြောင့် သူ မစွန့်စားရဲခဲ့။

အင်းလေ...
လက်မှာ တစ်ခု ရှိနေပြီပဲ တော်ပါပြီ...

မှန်ထဲမှ မြင်နေရသော ဒဏ်ရာလေးကို လက်နှင့် အသာလေး ထိကြည့်လိုက်သည်။
ပျောက်ကင်းလုပြီ ဖြစ်သော်လည်း ထိတိုင်း စပ်ဖျဥ်းဖျဥ်း ခံစားရဆဲပင်။

Leo ဆေးထည့်ပေးနေတုန်းကတော့ နာမှန်းတောင် မသိလိုက်ဘူး။
မေတ္တာတွေနဲ့ ညင်သာနေလို့များလား။

ကိုယ့်အတွေးနဲ့ကိုယ် သဘောကျကာ စပ်ဖြီးဖြီး ဖြစ်မိသွားသည်။
ထို့နောက် ဆေးဘူး ပြန်သိမ်းကာ မနက်စာ ဆင်းမစားခင် ကုတင်ပေါ် တက်ရင်း Facebook ဖွင့်လိုက်သည်။

Newsfeed တွင် စီးပွားရေးဆိုင်ရာ ဆောင်းပါးလေး တစ်ခုတွေ့တော့ သူ စိတ်ဝင်စားသွားမိသည်။

Leo နှင့် အလုပ်တွဲလုပ်ခွင့်ရပြီး သိပ်မကြာခင်မှာပဲ လေးနှစ်တာ သင်ခဲ့ရသော သူ့ပညာ အရည်အချင်းက တော်တော်လေး မှိုတက်နေပြီမှန်း သူကိုယ်သူ သဘောပေါက်ခဲ့ရသည်။
ထို့ပြင် လက်တွေ့ စီးပွားရေးလောကက ကျောင်းစာထဲကထက် အစပေါင်းမျာစွာ ပို ရှုပ်ထွေးသည်။
အဖေ့ခြေရာကို အမှီလိုက်ချင်ရင် အခုချိန်မှစ၍ တဖြည်းဖြည်း လေ့လာဖို့ လိုပြီ ဖြစ်ကြောင်း သူ နားလည်ခဲ့ရသည်။

OH...My Beloved BadassWhere stories live. Discover now